ပြိုင်ဘက်ကင်း သခင်ကြီး
Vol. 49 Ch. 686
“ဗိုက်ပြည့်ပြီဆိုတော့ အလုပ်စမယ်ဟေ့”
အားလုံး အသံလာရာဘက် စောင်းငဲ့ကြည့်လိုက်ကြသည်။
ယခုလိုအချိန်မျိုးတွင် ထိုစကားမျိုး ပြောနေသူမှာ ဘယ်သူပါနည်း ။
ထိုသူမှာ ... လောထျန်းပင် ....
သွေးနီစိတ်ဝိဥာဥ်သခင်ကြီးကလည်း လောထျန်းကိုကြည့်ကာ မျက်မှောင်အနည်းငယ် ကြုံ့သွား၏။
" မင်းရဲ့ စိတ်ဝိဥာဥ်အစွမ်းက နည်းနည်းထူးဆန်းတယ် .. ။ ဒါပေမယ့် အရေးမကြီးပါဘူးလေ ၊ မင်းကို သန့်စင်ပြီးသွားရင် အားလုံး ရှင်းသွားမှာပါ "
သူ လှောင်ပြုံးဖြင့် ဆိုသည်။
" ငါ့ကို သန့်စင်မယ်.. ဟုတ်လား "
လောထျန်းက တဖက်လူကိုကြည့်ရင်း နှုတ်ခမ်းမဲ့လိုက်၏။
ထိုစဥ် ရွှယ်လင်းလုံက ရုတ်တရကိ အံကြိတ်၍ ဝင်ပြောသည်။
" သခင်လေး လောထျန်း ၊ ကျွန်မ တောင်းပန်ပါတယ်ရှင် ။ အခြေအနေက ခုလို ဖြစ်သွားမယ်လို့ ကျွန်မတကယ် မထင်ခဲ့မိဘူး။ အဲ့လူကြီးက အစွမ်းထက်လွန်းတော့ ရှင့်ကို ပြဿနာထဲ ဆွဲခေါ်မိသလို ဖြစ်သွားခဲ့ပြီ "
သူမ ပြောနေစဥ်တွင်လည်း မျက်ရည်များ ကျလာ၏။
လောထျန်းက အစွမ်းထက်သည်ကို သူမ သိသည့်တိုင် ... မည်မျှ အစွမ်းထက်သည်ကိုမူ မသိပါချေ ။
ချီရွှယ်နန်းတော်သည် မြောက်ပိုင်းဒေသတွင် တည်ရှိသည်ဖြစ်ရာ ပျောင်ပိုင်မြို့က မြင့်မြတ်နယ်မြေတစ်ခုလောက် အစွမ်းထက်သည်ဟုသာ သူမတို့ သိထားပြီး ...
လောထျန်းတစ်ယောက် ကျုံ့ကျိုးဒေသ၌ ဘာလုပ်ခဲ့သည်ကို လုံးဝ မသိကြပေ။
လောထျန်းက ရွှယ်လင်းလုံအား မျက်မှောင်ကြုံ့ကြည့်ကာ ပြန်ပြောသည်။
" အစွမ်းထက်လွန်းတယ် ဟုတ်လား ၊ အဲ့ကောင်ကြီးကလေ.... "
သူ ထိုသို့ပြောပြီး ခန်းမအပြင်ရှိ သွေးနီစိတ်ဝိဥာဥ် သခင်ကြီးအား ရှုံ့မဲ့၍ကြည့်လိုက်၏။
ထိုသူ၏ သွေးစိတ်ဝိဥာဥ် ခန္ဓာကိုယ်မှာ ထူးဆန်းသည်မှန်သော်လည်း အစွမ်းထက်သည်ဟု ပြောရန်မှာ အဝေးကြီးလိုပါသေးသည်။
တဖက်မှ သွေးနီစိတ်ဝိဥာဥ်သခင်ကြီး မှာလည်း လောထျန်း၏ မျက်နှာထက်မှ အထင်သေးဟန် အမူအရာကြောင့် လူသတ်ချင်စိတ်များ တဖွားဖွား ပေါ်လာတော့သည်။
သူသည် ဝမ်ဟွန်းကွေ့ယီဂိုဏ်း၏ ပထမမျိုးဆက်မှ ဂုဏ်သိက္ခာရှိ လက်ထောက်ဂိုဏ်းချုပ်ကြီး ဖြစ်ပါသည်။
လူတစ်သောင်းတွင် ဒုတိယမြောက် အစွမ်းအထက်ဆုံး သူ့လိုလူတစ်ယောက်ကို ဆယ်ကျော်သက်အရွယ် လူငယ်လေးတစ်ယောက်က အထင်မြင်သေးနေသတဲ့လား ။
သူ မည်သို့ သည်းခံရပါမည်နည်း ။
" ကောင်လေး ၊ မင်းက လက်မခံချင်ဘူးပေါ့လေ .. ။ ကောင်းပြီလေ .. ဒါဆိုလဲ မင်းကို အခွင့်အရေးပေးပြီး မျှမျှတတ တိုက်ခိုက်မယ် ။ တကယ်လို့ မင်း ငါ့ကို အနိုင်ယူနိုင်တယ်ဆိုရင် တခြားသူတွေကိုပါ ချမ်းသာပေးမယ် "
သွေးနီစိတ်ဝိဥာဥ်သခင်ကြီး လှောင်ပြုံးဖြင့် ပြောလိုက်သည်။
အမှန်တွင်ကား မျှမျှတတတိုက်ခိုက်မည် ဆိုသော တိုက်ပွဲမှာ လောထျန်းအား အသေသတ်ရန်သာ ရည်ရွယ်ခြင်းပင် ။
သို့သော် လောထျန်းက သူ့အား တစ်ချက်ကြည့်ကာ ခေါင်းယမ်း၍ ပြောလာ၏။
" မင်းကို တိုက်ခိုက်ရမှာ မတန်ဘူး "
သူ့စကားကြောင့် သွေးနီစိတ်ဝိဥာဥ်သခင်ကြီး၏ မျက်နှာထက်မှ အပြုံး ကြက်ပျောက်ငှက်ပျောက် ပျောက်သွားသည်။
သူနဲ့ တိုက်ရမှာ မတန်ဘူးတဲ့လား ...
ဆယ်ကျော်သက် ကောင်လေးတစ်ယောက်က ထိုစကားမျိုး ပြောနေပါသလား...
ယန့ခေတ် လူငယ်များက ဤမျှ မောက်မာကြပါသလား ...
" မြေနိုးလေး ၊ မင်း ဘာပြောလိုက်တယ် "
သူ အံကြိတ်၍ သွားကြားထဲမှထွက်လာသော လေသံဖြင့် ပြောလိုက်သည်။
သူ လောထျန်းကို ကြည့်သောအကြည့်မှာလည်း အေးစက်လွန်းလှပြီး သေလူတစ်ယောက်ကို ကြည့်နေသည်နှင့် မခြားပေ ။
ချီရွှယ်နန်းတော်မှ လူများမှာ ထိုအကြည့်ဖြင့်ပင် တစ်
ကိုယ်လုံး တုန်သည်အထိ ကြောက်ရွံ့ကုန်ကြ၏။
သို့သော် လောထျန်းကမူ ဘာကိုမှ ဂရုစိုက်ဟန် မတူပါ ။
သူ စိတ်ဝိဥာဥ်စခန်းမှ ပိန်ပါးပါး အဘိုးအိုတစ်ယောက်ဆီ လျှောက်သွားကာ ပြောလိုက်သည်။
" ခင်ဗျားက ချီရွှယ်နန်းတော်က အစားသောက်ကို စားခဲ့တာဆိုတော့ သူတို့အတွက် တစ်ခုခုပြန်လုပ်ပေးရမယ်လေ ။ အဲ့တော့ ဟိုကောင်ကြီးကို သွားချလိုက်ဗျာ "
ထိုစကားကို ကြားသောအခါ အဘိုးအိုက ရှက်နေဟန်ဖြင့် ပြန်ပြော၏။
" သခင်လေး ..... ကျုပ် စားလို့ မဝသေးဘူးဗျ.. "
လောထျန်း မျက်မှောင်ကြီးကြုံ့သွားသည်။
" မြန်မြန်သာ သွားပါဗျာ ။ ခင်ဗျားပြန်လာရင် ကျုပ် စိတ်ဝိဥာဥ်သားရဲတစ်ကောင်ရဲ့ ခြေထောက်ကင် ပေးမယ် "
အဘိုးအို၏ မျက်လုံးများ ချက်ချင်းအရောင်လက်သွားတော့သည်။
" ကောင်းပါပြီ သခင်လေး "
သူ ပြောပြောဆိုဆိုပင် သွေးနီစိတ်ဝိဥာဥ်သခင်ကြီးဆီသို့ လျှောက်သွား၏။
" ဟိုကောင်ကြီး ၊ လာတိုက်ခိုက်ပါ၊ မြန်မြန်လုပ်ချေ၊ ကျုပ်ဗိုက်မပြည့်သေးဘူး "
သူ သွားနေရင်းလည်း ပြောလိုက်သည်။
သွေးနီစိတ်ဝိဥာဥ်သခင်ကြီးမှာ ထိုမြင်ကွင်းကိုကြည့်ရင်း ဒေါသထွက်လွန်း၍ မျက်နှာကြီး ရှုံ့မဲ့နေတော့သည်။
အကယ်၍ လောထျန်းက သူ့အား မတိုက်ခိုက်ဘူးဆိုလျှင်ပင် သူ လက်ခံနိုင်ဦးမည် ဖြစ်သော်လည်း.. ယခုလို ဘာမဟုတ်သည့် လူတစ်ယောက်ကို တိုက်ခိုက်ရန် လွှတ်နေသတဲ့လား ။
မည်မျှ ရှက်စရာကောင်းလိုက်ပါသနည်း ။
လောထျန်းက သူ့အား တမင်အရှက်ခွဲလို၍သာ ထိုသို့ လုပ်လိုက်ခြင်း ဖြစ်ရပေမည်။
" ကောင်လေး ၊ ကောင်းတယ်ကွာ ... သိပ်ကောင်းတယ် "
ထိုတခဏ၌ လောထျန်းအား အရက်စက်ဆုံး နည်းလမ်းများဖြင့် မသေမချင်း ညှင်းပမ်းနှိပ်စက်ရန် သူ ဆုံးဖြတ်ချက် ချလိုက်တော့၏။
" ဟေ့ ၊ ပြိုင်ဘက်က ရှေ့မှာ ရောက်နေပြီလေ "
ထိုစဥ် အဘိုးအိုက မကျေမနပ် ထပ်ပြောလာသည်။
သွေးနီစိတ်ဝိဥာဥ်သခင်ကြီးမှာ ရှေ့မှလူကိုကြည့်ရင်း အသေရိုက်သတ်ပစ်ရန် ပြင်လိုက်၏။
သို့သော်.. ထိုစဥ်တွင်...
" ခဏနေဦး "
လောထျန်းက ရုတ်တရက် ပြောလာသည်။
" ဟင်.... "
အဘိုးအိုရော သွေးနီစိတ်ဝိဥာဥ်သခင်ကြီးပါ တစ်ပြိုင်နက်တည်း ရပ်သွားကြ၏။
" ကြည့်ရတာ ဒီကောင်လေး ကိုယ်တိုင်ဝင်တိုက်ခိုက်တော့မလား မသိဘူး "
သွေးနီစိတ်ဝိဥာဥ်သခင်ကြီး စိတ်ထဲမှ တွေးလိုက်မိသည်။ သူ့မျက်နှာထက်တွင်လည်း လှောင်ပြုံး ပေါ်လာ၏။
သို့သော် ထိုစဥ် လောထျန်းက အဘိုးအိုကိုကြည့်၍ ပြောသည်။
" သူ့ကို အသေမသတ်ပဲ အနိုင်ရရုံပဲ လုပ်လိုက်ပါ ။ ကျုပ် ဒီကောင်ကြီးကို စိတ်ဝိဥာဥ်စခန်းအတွက် အစမ်းသပ်ခံအနေနဲ့ အသုံးချမလို့ ။ ဒီစမ်းသပ်မှုမှာ ရှုံးတဲ့သူတွေက ပြန်ပြီး ကျင့်ကြံရမယ် "
အဘိုးအို ခေါင်းညိတ်လိုက်သည်။
" ကျုပ် သဘောပေါက်ပါပြီ သခင်လေး ။ သူ့ကို မသတ်ပဲ ငြင်ငြင်သာသာပဲ ကိုင်တွယ်လိုက်ပါ့မယ် "
ထိုသို့ ပြောပြီးနောက် သူ သွေးနီစိတ်ဝိဥာဥ်သခင်ကြီးဘက် ပြန်လှည့်ကြည့်လိုက်၏။
ထိုစဥ်တွင် သွေးနီစိတ်ဝိဥာဥ်သခင်ကြီးမှာ ဒေါသထွက်လွန်း၍ နှာခေါင်းကြီးပင် မဲ့နေလေပြီ ။
ဘာတွေ ဖြစ်နေပါသနည်း...
သူ့ကို မသတ်ပဲ ငြင်ငြင်သာသာ ကိုင်တွယ်မယ်တဲ့လား...
ထိုမျှမက.. သူ့ကို အစမ်းသပ်ခံအဖြစ်ပါ အသုံးချဦးမယ်တဲ့ ...
ထိုလူများက သူတို့ကိုယ်သူတို့ ဘာထင်နေကြပါသနည်း ။
သူ နှစ်ပေါင်းများစွာကြာ ချုပ်နှောင်ခံထားရစဥ်တွင်ပင် ဤမျှလောက် ဒေါသမထွက်ခဲ့ဖူးပါချေ ။
" သေစမ်းကွာ ... မင်းတို့အားလုံး သေကြ "
သွေးနီစိတ်ဝိဥာဥ်သခင်ကြီး ဒေါသတကြီး အော်ပြီးနောက် .. သူ့လက်တစ်ဖက်က ကြောက်ဖက်ဖွယ် သွေးလက်ဝါးရာကြီးတစ်ခု ဖြစ်သွားကာ ခန်းမဆီသို့ ရိုက်လိုက်တော့သည်။
" သတိထားကြဟေ့ "
ချီရွှယ်နန်းတော်မှ အကြီးအကဲများ တုန်လှုပ်သွားပြီး အားလုံး အကောင်းဆုံးကြိုးစား၍ ပြန်တိုက်ခိုက်ရန် ပြင်လိုက်ကြ၏။
သို့သော် ..
ထိုစဥ်တွင် ခပ်ပိန်ပိန် အဘိုးအိုက လက်တစ်ဖက်ကို အသာမြှောက်ကာ တဖက်လူ၏ သွေးလက်ဝါးကြီးအား စိတ်ဝိဥာဥ်လက်ဝါးဖြင့် ပြန်ရိုက်လိုက်သည်။
ဝုန်း ...
လေထဲတွင် စိတ်ဝိဥာဥ်အစွမ်းနှစ်ခု တိုက်မိရာမှ အသံကျယ်လောင်စွာ မထွက်လာသော်လည်း ...
နောက်ဆက်တွဲထွက်လာသည့် အကျိုးဆက်ကြောင့် ချီရွှယ်နန်းတော်မှ လူများအားလုံး မူးဝေသွားကြတော့သည်။
၎င်းမှာ သူတို့ စိတ်ဝိဥာဥ်ကို ကိုင်လှုပ်လိုက်သလိုပါပင် ။
သို့သော် လက်ရှိတွင် သူတို့ ထိုကိစ္စကို ဂရုမစိုက်နိုင်အားပါ ။
သူတို့အားလုံး၏ အကြည့်က ခန်းမရှေ့သို့သာ ရောက်နေပါ၏။
ထိုစဥ်တွင် သွေးနီစိတ်ဝိဥာဥ်သခင်ကြီး၏ သွေးနီလက်ဝါးကြီးမှာ ပိတ်ဆို့ခံထားရလေပြီ ။
" ဒါ .... "
ချီရွှယ်နန်းတော်မှ အကြီးအကဲမှာ ခပ်ပိန်ပိန်အဘိုးအိုကို ထပ်ကြည့်ရင်း မျက်နှာထား ချက်ချင်းပြောင်းသွားတော့သည်။
တဖက်မှ သွေးနီစိတ်ဝိဥာဥ်သခင်ကြီး မှာလည်း အံ့သြမှင်သက်နေရှာ၏။
တဖက်လူက သူ့လက်ဝါးကို တားနိုင်လိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ ။
ထိုသို့ တားလိုက်နိုင်သည့် အတွက်ကြောင့်လည်း သူ
လွန်စွာ ဒေါသထွက်နေပါ၏။
" ကောင်းတယ်ကွာ ... ငါ မင်းကို လျှော့တွက်လိုက်မိတာပဲ ။ မင်းက ငါ့ပြိုင်ဘက်ဖြစ်ဖို့ ထိုက်တန်ပါတယ် ။ ဒါပေမယ့်... အနိုင်ရတဲ့သူကတော့ သေချာပေါက် ငါပဲ ဖြစ်မှာနော် "
သူ ဒေါသတကြီးအော်ကာ ထပ်တိုက်ခိုက်လိုက်ပြန်သည်။
အဘိုးအိုမှာလည်း သတိလက်လွတ် မနေဝံ့ပဲ စိတ်ဝိဥာဥ်အစွမ်းဖြင့် ချက်ချင်း ပြန်တိုက်ခိုက်၏။
စိတ်ဝိဥာဥ် ပညာရှင်နှစ်ယောက်၏ တိုက်ခိုက်မှုမှာ ခန္ဓာကိုယ်ကျင့်ကြံသူများကြားမှ တိုက်ပွဲလောက် အပျက်အစီး မကြီးသည့်တိုင် ... ထူးခြားလှပြီး မျိုးစုံသော စိတ်ဝိဥာဥ်သိုင်းကွက်များ ကူးလူးပျံသန်းနေကာ မှင်သက်ဖွယ် ကောင်းနေတော့သည်။
ဤသို့ဖြင့် မျက်စိတစ်မှိတ်ခန့် အချိန်အတွင်းမှာပင် သူတို့ချင်း သိုင်းကွက်တစ်ရာကျော်မျှ တိုက်ခိုက်ပြီးသွားပြီး ထိုအချိန်ထိ အနိုင်ရသူ မပေါ်သေးပါချေ ။
ချီရွှယ်နန်းတော်မှ အကြီးအကဲမှာ ထိုမြင်ကွင်းကို ကြည့်နေရင်း မနေနိုင်ဘဲ စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်မိ၏။
" ဟိုအဘိုးအိုက တမင်ကို အစွမ်းမထက်တဲ့ပုံ ဟန်ဆောင်နေခဲ့တာများလား ။ တကယ်တမ်းမှာ သူက ပျောင်ပိုင်မြို့ရဲ့ ပြိုင်ဘက်ကင်း စိတ်ဝိဥာဥ်သခင်ကြီးလား မသိဘူး ။ အဲ့လိုမဟုတ်ပဲနဲ့တော့ သာမာန်အဘိုးအိုတစ်ယောက်က ဝမ်ဟွန်းကွေ့ယီဂိုဏ်းရဲ့ အစွမ်းထက် သခင်ကြီးတစ်ယောက်ကို သရေကျအောင် တိုက်ခိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ "
ထိုတခဏ၌ သူမ အပါအဝင် ချီရွှယ်နန်းတော်မှ လူများအားလုံးမှာ ထို ပြိုင်ဘက်ကင်း စိတ်ဝိဥာဥ်သခင်ကြီးအား လေးစားမှုအပြည့်ဖြင့် ကြည့်နေကြတော့သည်။
သို့သော် တဖက်မှ လောထျန်းမှာကား ရှေ့မှ မြင်ကွင်းကိုကြည့်ရင်း မျက်မှောင်ကြုံ့သထက် ကြုံ့လာ၏။
" ထားလိုက်တော့... ရပ်လိုက် ။ ခင်ဗျားက
သိုင်းကွက်တစ်ရာလောက် သုံးတာတောင် ဝမ်ဟွန်းကွေ့ယီဂိုဏ်းရဲ့ လက်ထောက်ဂိုဏ်းချုပ်ကို အနိုင်မရဘူးဆိုတော့ တော်တော်အသုံးမကျတာပဲ ။ တခြားတစ်ယောက်နဲ့ ပြောင်းတော့ဗျာ "
လောထျန်း မကျေမနပ် မျက်နှာကြီးဖြင့် ပြောလိုက်သည်။
စာစဉ်ပြီး၏