အခန်း (၂၆၃၅)
Vol. 113 Ch. 2635
အကုန်လုံး၏ အကြည့်အောက်တွင်ပင် ရန်ကိုင်၏အသွင်အပြင်မှာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။
မူလက ရုပ်ချောချောမျက်နှာလေးသည် ရှီထျန်းဟဲ၏ ရုပ်ပြောင်းရုပ်လွှဲပညာရပ်ကြောင့် သာမန်မျက်နှာထားပုံစံမျိုး ဖြစ်သွားခဲ့သည်။ အန်းရို့ယွင်နှင့် အခြားသူများမှာ ထိုမြင်ကွင်းအား မျက်လုံးအပြူးသားဖြင့် ကြည့်နေကြလေသည်။
ဤသာမန်ရုပ်ပြောင်းရုပ်လွှဲပညာရပ်သည် လူတစ်ဦး၏ ရုပ်သွင်ကို ဤအတိုင်းအတာထိ ပြောင်းလဲသွားစေနိုင်သည့်အပေါ် သူတို့အားလုံး မယုံကြည်နိုင် ဖြစ်နေကြသည်။
တစ်နာရီခန့်ကြာအောင် အားစိုက်ထုတ်ပြီးသည့်နောက်တွင် ရှီထျန်းဟဲသည် နောက်ဆုံးအကြိမ်အဖြစ် ရန်ကိုင်မျက်နှာပေါ်သို့ ပစ္စည်းအချို့ ထပ်သုတ်လိမ်းပေးလိုက်ပြီးသည့်နောက် ခေါင်းညိတ်၍ ပြောလိုက်လေ၏။ “ပြီးသွားပြီ…”
ထို့နောက်တွင် နောက်သို့ ပြန်ဆုတ်သွားလိုက်လေသည်။
ရှီထျန်းဟဲပြီးသွားပြီးသည့်နောက် အန်းရို့ယွင်နှင့် ကျိယောင်တို့သည် ရန်ကိုင်နားသို့လာကာ သေသေချာချာ စစ်ဆေးကြည့်ရှုသည်။ ရှီထျန်းဟဲထုတ်သုံးသွားသည့်နည်းလမ်းမှာ သာမန်သာဖြစ်ပါသော်ငြား သူမ ပြောင်းလဲပေးလိုက်သည့် ရန်ကိုင်၏မျက်နှာနှင့် ပတ်သက်၍ မည်သည့်ချို့ယွင်းချက်ကိုမှ သူမတို့ ရှာလို့မတွေ့ကြောင်း တွေ့ရှိလိုက်ရသည်။ လက်ရှိ သူမတို့ရှေ့တွင် ရှိနေသော လူသည် ဤရုပ်ပုံစံမျိုးဖြင့်သာ မွေးဖွားလာသည့်အလား။
ပြောင်းလဲမသွားသည့် အရာဆို၍ ရန်ကိုင်၏အရှိန်အဝါသာ ရှိနေပေသည်။
သို့သော်ငြား ရမ္မက်ရှာဂိုဏ်းထဲတွင် ရန်ကိုင်အား တွေ့ဖူးသည့်လူ များများစားစား မရှိချေ။ ထို့ကြောင့် ရန်ကိုင်သာ သူ၏အရှိန်အဝါကို ဖုန်းရွှမ်နှင့် ရန်ကျိုးတို့ရှေ့၌ ထုတ်မပြပါက ရန်ကိုင်နှင့်ပတ်သက်၍ ဘာကိုမှ မည်သူမျှ သတိထားမိလိမ့်မည်မဟုတ်ချေ။
ပင်းယွင်၏မျက်လုံးလေးများ တဖျတ်ဖျတ်တောက်ပသွားခဲ့လေသည်။ “ကောင်းလိုက်တဲ့ပညာရပ်ပါလား… ထျန်းဟဲ နင့်ရဲ့ ရုပ်ပြောင်းရုပ်လွှဲပညာရပ်က တကယ်ကို အံ့အားသင့်စရာကောင်းတာပဲ…”
အန်းရို့ယွင်က ပျာယီးပျာယာဖြင့် မေးလိုက်လေသည်။ “ထျန်းဟဲ… နင် ဒီပညာရပ်ကို ဘယ်ကနေသင်လာတာလဲ… စင်ကြယ်ခြင်းမြို့တော်က တုန်မိသားစုမှာရော ဒီလိုပညာရပ်မျိုး ရှိတာလား…”
ရှီထျန်းဟဲသည် သူမ၏တပည့် ဖြစ်ပါသော်ငြား သူမအနေဖြင့် ရှီထျန်းဟဲအား ဤကဲ့သို့သော ပညာရပ်မျိုးကို တစ်ခါမှ သင်မပေးခဲ့ဖူးချေ။ ထို့အတွက်ကြောင့် ရှီထျန်းဟဲသည် စင်ကြယ်ခြင်းမြို့တော်သို့ ရောက်ပြီးသည့်နောက်မှသာ ဤပညာရပ်ကို သင်ထားသည်မှာ လုံးဝ သေချာလှသည်။ သို့သော်ငြား တုန်မိသားစုကဲ့သို့သော သာမန်မိသားစုလေးတစ်ခုတွင် မည်ကဲ့သို့များ ဤကဲ့သို့ မှော်ဆန်လှသည့် ပညာရပ်တစ်ခု ရှိနေရလေသနည်း။
ရှီထျန်းဟဲက ခေါင်းခါ၍ ပြန်လည်ငြင်းဆိုလိုက်လေသည်။ “ဒီရုပ်ပြောင်းရုပ်လွှဲပညာရပ်က တုန်မိသားစုကလာတာမဟုတ်ပါဘူး.. တပည့် လူစိမ်းတစ်ယောက်ဆီကနေ သင်ခဲ့တာပါ…”
“လူစိမ်း…” အန်းရို့ယွင် ကြောင်သွားခဲ့လေသည်။
ရှီထျန်းဟဲက ရှင်းပြလိုက်လေသည်။ “လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ်လောက်တုန်းကပေါ့… အဲ့တုန်းက စင်ကြယ်ခြင်းမြို့တော်ကို သူတောင်းစားတစ်ယောက် ရောက်လာတယ်… သူ့ပုံစံက တကယ်ကို စုတ်စုတ်ပဲ့ပဲ့ပဲ… လူတော်တော်များများကလည်း သူ့ကိုရွံလို့ သူ့အနားတောင်မသွားကြဘူး… တစ်နေ့တော့ ဘာလို့မှန်းမသိ သူ့တစ်ကိုယ်လုံး ဖူးယောင်ကိုင်းအောင် အရိုက်ခံရပြီး တုန်မိသားစုရှေ့မှာ လာလဲနေရော… တပည့်လည်း သူ့ကိုမြင်တာနဲ့ ဒီတိုင်းပဲ မထားခဲ့ရက်လို့ အိမ်ထဲကလူအချို့ကိုခေါ်ပြီး သူ့ဒဏ်ရာတွေကို ကုခိုင်းလိုက်တယ်… အဲ့နောက်ပိုင်း သူ့ဒဏ်ရာတွေပြန်ကောင်းလာပြီး အိမ်ထဲကနေထွက်သွားဖို့လုပ်တဲ့အချိန် မထွက်သွားသေးဘဲနဲ့ တပည့်ဆီသို့ အရင်လာတယ်… လာပြီးတော့ ဒီရုပ်ပြောင်းရုပ်လွှဲပညာရပ်ကို ကျေးဇူးတင်လို့ပါဆိုပြီး လာပေးသွားခဲ့တာ… တပည့်ကတော့ အဲ့တုန်းက သိပ်ပြီး အလေးအနက် မထားခဲ့ပါဘူး… ဒါပေမယ့် နောက်ပိုင်း အားတဲ့အချိန်တွေမှာ လိုက်ပြီး စစ်ဆေးကြည့်တော့ ဒီရုပ်ပြောင်းရုပ်လွှဲပညာရပ်က အရမ်းကို အဆင့်မြင့်တဲ့ ပညာရပ်တစ်ခု ဖြစ်နေမှန်း သိလိုက်ရတာ…”
“သူတောင်းစား…” အန်းရို့ယွင်နှင့် ကျိယောင်တို့မှာ မယုံကြည်နိုင်ဟန်အထင်းသားဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်လေသည်။
“အဲ့လူက လုံးဝကို သူတောင်းစားတစ်ယောက်မဟုတ်ဘူး… အဲ့အစား အရမ်းကိုအားကောင်းတဲ့ စီနီယာပညာရှင်တစ်ဦးပဲ…” ပင်းယွင်က မှတ်ချက်ပေးလိုက်သည်။ “ထျန်းဟဲ… နင် အခုလိုမျိုး အခွင့်အရေးရတာ နင့်ရဲ့ ကြင်နာတတ်တဲ့စိတ်ထားကြောင့်ပဲ… ကိုယ်ပြုတဲ့ကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမယ်ဆိုတာ ဒါကိုပြောတာ…”
အန်းရို့ယွင်နှင့် ကျိယောင်တို့သည် တစ်ဦးကိုတစ်ဦး ကြည့်လျက် အသီးသီး ခေါင်းညိတ်လိုက်ကြလေသည်။
ထိုလူသည်သာ သာမန်သူတောင်းစားတစ်ဦးသာ ဆိုပါက မည်ကဲ့သို့များ ဤမျှ အဆင့်မြင့်လှသည့် ရုပ်ပြောင်းရုပ်လွှဲပညာရပ်ကို ပိုင်ဆိုင်ထားရပါမည်နည်း။ ထိုသူတောင်းစားမှာ သူတောင်းစားအယောင်ဆောင်ထားသည့် အလွန်ကိုမှ အားကောင်းသည့် ပညာရှင်တစ်ဦးသာ ဖြစ်ရပေလိမ့်မည်။ အချို့သော ပညာရှင်များ၏ စိတ်နေစိတ်ထား စရိုက်များမှာ အတော်လေးကိုမှ ထူးဆန်လှသည်။ အချို့သည် အားနည်းချင်ယောင်ဆောင်၍ သာမန်လူများထဲ ရောထွေးသွားလာကြကာ သာမန်ဘဝကို နေထိုင်နေကြလေသည်။
“နှမြောတော့ နှမြောစရာပဲ…” ပင်းယွင်က သက်ပြင်းချလိုက်သည်။
“ဘာလို့လဲဆရာ…” အန်းရို့ယွင်က မေးလိုက်လေသည်။
ပင်းယွင်က ပြန်၍ရှင်းပြလိုက်လေသည်။ “ဖြစ်နိုင်တာက အဲ့စီနီယာက ဆက်ခံသူတစ်ယောက်ယောက်ကို လိုက်ရှာနေတာဖြစ်လိမ့်မယ်… ရှီထျန်းဟဲက သူ့လိုအပ်ချက်တွေနဲ့ မပြည့်စုံလို့ သူ့အမွေအနှစ်ကို လက်ဆင့်မကမ်းပေးခဲ့တာ… အဲ့အစား ရုပ်ပြောင်းရုပ်လွှဲပညာရပ်ကိုပဲ သူ့ရဲ့စိတ်ထားလေးကို သဘောကျလို့ ပေးခဲ့တာ ဖြစ်လောက်တယ်…”
“အဲ့ဒါဆိုရင်တော့ တကယ်နှမြောစရာပဲ…” အန်းရို့ယွင်ကလည်း ခေါင်းညိတ်လိုက်လေသည်။
ထိုကဲ့သို့သော ပညာရှင်တစ်ဦး၏ အမွေအနှစ်ကိုသာ ရလိုက်မည်ဆိုပါက ရှီထျန်းဟဲအနေဖြင့် ယခုအချိန်လောက်ဆိုလျှင် ကျိယုနည်းတူ ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်နေလောက်ပေပြီ။ တုန်မိသားစုသည်လည်း သူမအား မိသားစုထဲမှ မောင်းထုတ်ရဲခဲ့လိမ့်မည် မဟုတ်ချေ။
“အဲ့သူတောင်းစားပုံစံကလေ ရုပ်ကဆိုးတယ်… ဉာဏ်နီဉာဏ်နက်များတဲ့ပုံစံလည်းပေါက်တယ်… သူ့သွားတွေကလည်း ဝါနေတယ်… အဲ့လိုမျိုးတွေ ရှိလား…” ရှီထျန်းဟဲပြောပြသည်ကို နားထောင်နေပြီးသည့်နောက်တွင် ရန်ကိုင်က ရုတ်တရက် မေးလိုက်လေ၏။
ရှီထျန်းဟဲ ကြောင်သွားခဲ့ပြီး ပြန်၍ပြောလိုက်လေသည်။ “စီနီယာဦးလေးရန် အဲ့စီနီယာကို သိတာလား…”
“အင်း… သိတော့သိတယ်…” ရန်ကိုင် ခေါင်းညိတ်လိုက်လေသည်။
သာမန်ရုပ်ပြောင်းရုပ်လွှဲပညာရပ်လေးတစ်ခုအား ဤမျှ အဆင့်မြင့်သည့် ပညာရပ်တစ်ခု အဖြစ်သို့ ပြောင်းလဲနိုင်သည့် သူစိမ်းတစ်ဦး။ ထိုသူစိမ်းသည် ရုပ်ကဆိုးဆိုး ဉာဏ်နီဉာဏ်နက်များသည့် သူတောင်းစားပုံစံလည်း ပေါက်နေလေသည်။ ရန်ကိုင်အနေဖြင့် ထိုလူ မည်သူဖြစ်မလဲဆိုသည်ကို ခန့်မှန်းမိပြီးသားပင်။
သူထင်ထားသည့်လူသာ ဖြစ်နေမည်ဆိုပါက ဤရုပ်ပြောင်းရုပ်လွှဲပညာရပ် ဤမျှ အစွမ်းထက်နေရသည်မှာ အထူးအဆန်း မဟုတ်တော့ချေ။
ရန်ကိုင် ထိုသူစိမ်းအကြောင်း မဆွေးနွေးချင်သည်ကိုမြင်သော် ပင်းယွင်လည်း ဆက်၍ မေးမနေခဲ့ပဲ ခေါင်းညိတ်၍သာ ပြန်ပြောလိုက်သည်။ “ဒီရုပ်ပြောင်းရုပ်လွှဲပညာရပ်က တကယ် အံ့အားသင့်စရာပဲ… ငါကိုယ်တိုင် စစ်ဆေးကြည့်နေတာတောင် ဘာမှ သတိမထားမိဘူး…”
“အဲ့ဒါဆိုရင်တော့ အကြံအစည်က အလုပ်ဖြစ်လောက်တယ်…” ရန်ကိုင် ဝမ်းသာသွားခဲ့လေသည်။
သို့ရာတွင် ပင်းယွင်မှာ စိတ်ပူနေသေးဆဲ။ “အပြင်ဘက်ရန်သူတွေက တော်တော်အားကောင်းတာနော်… တစ်ခုခုဖြစ်သွားခဲ့ရင် နင်ဘယ်လိုထွက်ပြေးမှာလဲ… ငါကိုယ်တိုင်ပဲရုပ်ဖျက်ပြီး ဒီအစီအစဉ်ကို အကောင်အထည်ဖော်လိုက်ရင် ပိုမကောင်းဘူးလား…”
ရန်ကိုင်က အလျင်စလိုခေါင်းခါ၍ ပြန်ပြောလိုက်လေသည်။ “အဲ့လိုတော့မဖြစ်နိုင်လောက်ဘူး… စီနီယာ ခင်ဗျားက ဧကရာဇ်တတိယအဆင့် ကျင့်ကြံသူတစ်ယောက်ဆိုတော့ ခင်ဗျားကိုယ်တိုင်သာ စုဆောင်းရေးအမိန့်နဲ့ သူတို့နဲ့ သွားပူးပေါင်းမယ်ဆိုလို့ရှိရင် ဖုန်းရွှမ်နဲ့ ရန်ကျိုးတို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်စစ်ဆေးကြမှာ… သူတို့နှစ်ယောက်သာ ရောက်လာပြီဆိုရင် စီနီယာ ဘယ်သူဆိုတာလည်း ပေါ်သွားတော့မှာပဲ… ဒါပေမယ့် ဂျူနီယာကတော့ မတူဘူး… ဂျူနီယာက ဧကရာဇ်ပထမအဆင့်ပဲ ရှိသေးတာ… ဒီအဆင့်လောက်နဲ့က သူတို့ကို နိုးနိုးကြားကြား ဖြစ်သွားစေဖို့ မလုံလောက်ဘူး.. ကျုပ်သာ သူတို့နဲ့ ပူးပေါင်းသွားနိုင်မယ်ဆိုရင် အရေးကြီးတဲ့ရာထူးတစ်ခုရမှာပဲ… အဲ့ခါကြရင် ဒီအစီအစဉ်ကို အကောင်အထည်ဖော်လို့ ရသွားပြီ… ထပ်ပြောမနေနဲ့တော့ စီနီယာ… ဒီအတိုင်းပဲလုပ်ကြတာပေါ့… ကျုပ်ရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီးတော့လည်း စီနီယာစိတ်ပူနေစရာမလိုဘူး… တစ်ခုခု အခြေအနေမဟန်တော့ဘူးဆိုရင်တောင် ကျုပ် ချက်ချင်း ထွက်ပြေးလာခဲ့မှာ…”
ရန်ကိုင်ဆုံးဖြတ်ပြီးသွားမှန်း သိလိုက်သော် ပင်းယွင်လည်း သက်ပြင်းချ၍ ပြောလိုက်လေသည်။ “အဲ့ဒါဆိုရင်လည်း သတိထားဦးနော်…”
ယခုကဲ့သို့အခြေအနေမျိုး ရောက်နေမှဖြင့် သူမအနေဖြင့် ရန်ကိုင်အား ဖျောင်းဖျနေဖို့ရာ မဖြစ်နိုင်တော့ချေ။
ရန်ကိုင်က ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။ “ကျုပ် စီနီယာရဲ့ အကူအညီ လိုတာ ရှိသေးတယ်…”
“ပြောလေ…”
“လေဟာနယ်ဝိဉာဉ်သလင်းကျောက်တွေ အများကြီးလိုတယ်… လေဟာနယ်ဝိဉာဉ်ကျောက်စိမ်းအချို့ ခပ်ပါးပါးလောက်ရှိမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့…”
“ရတယ်လေ…” ပင်းယွင်က ခေါင်းညိတ်လိုက်သည်။ “ငါ ရတနာဂိုထောင်ကို တစ်ယောက်ယောက်ကို သွားစစ်ဆေးခိုင်းကြည့်လိုက်မယ်… လေဟာနယ်ဝိဉာဉ်သလင်းကျောက်တွေ လေဟာနယ်ဝိဉာဉ်ကျောက်စိမ်းတွေ ရှိနေရင် ငါ နင့်ဆီကို ယူလာပေးမယ်…”
လေဟာနယ်ဝိဉာဉ်ကျောက်စိမ်းနှင့် လေဟာနယ်ဝိဉာဉ်သလင်းကျောက်တို့မှာ ကြယ်တာရာအစုအဝေးထဲ အလွန်ကိုမှ ဝယ်လိုအားများသည့် ပစ္စည်းများ ဖြစ်ကြပေသည်။ အကြောင်းမှာ ထိုပစ္စည်းနှစ်ခုသည် သိုလှောင်လက်စွပ်များ၊ သိုလှောင်လက်ကောက်များကို ဖန်တီးရာတွင် အဓိကပစ္စည်းများ ဖြစ်ကြသည့် အတွက်ကြောင့်ပင်။
လေဟာနယ်ဝိဉာဉ်သလင်းကျောက်များနှင့် ယှဉ်လိုက်သော် လေဟာနယ်ဝိဉာဉ်ကျောက်စိမ်းမှာ ပို၍ ဝယ်လိုအားများပေသည်။
ရန်ကိုင် ထိုပစ္စည်းများအား ဘာကြောင့် လိုချင်နေသလဲ ဆိုသည်ကို ပင်းယွင် မသိပါသော်ငြား ရန်ကိုင်မှ တောင်းဆိုလာသဖြင့် ပင်းယွင်လည်း သဘောတူပေးလိုက်လေ၏။
“ထျန်းဟဲ… နင့်ရဲ့ဂိုဏ်းတူဒေါ်လေးကျိယောင်ကိုပါ ရုပ်ဖျက်ပေးလိုက်…” ထျန်းဟဲကို ပြောလိုက်ပြီးသည့်နောက်တွင် ရန်ကိုင်သည် ကျိယောင်ဘက်သို့လှည့်၍ “ဂျူနီယာညီမယောင်… ငါ အရင်သွားပြင်ဆင်လိုက်ဦးမယ်… ငါတို့ ဒီညထွက်ကြမယ်…”
ကျိယောင်သည် ရန်ကိုင်အား တစ်ချက်ကြည့်လိုက်ပြီး မည်သည့်မေးခွန်းမှ မေးမနေဘဲ ခေါင်းသာညိတ်ပြလိုက်သည်။
ထို့နောက်တွင် ရန်ကိုင်သည် ခန်းမထဲမှ လှစ်ခနဲ ပျောက်သွားခဲ့လေသည်။
နန်းတော်ထဲမှ ထွက်သွားပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ့ခြံဝန်းဆီသို့ ပြန်မလာခဲ့ဘဲ ရေခဲနှလုံးသားတောင်ကြား အပြင်ဘက်ဆီသို့သာ ပြေးထွက်သွားလေသည်။
မကြာမီတွင် လွန်ခဲ့သော ရက်အနည်းငယ်ခန့်က သူနှင့် ကျိယောင်တို့ ဂိုဏ်းထဲသို့ ဝင်လာခဲ့သည့် နေရာဆီသို့ ရောက်လာခဲ့သည်။
“ဘယ်သူလဲ…” ထိုနေရာကို စောင့်ကြပ်နေသော ကျန်းစွန်းယင်သည် တစ်ယောက်ယောက်ရောက်လာသည်ကို အာရုံခံမိလိုက်သော် ပုန်းနေရာမှ ချက်ချင်း ပြေးထွက်လာခဲ့လေသည်။
“ဂျူနီယာညီမကျန်းစွန်းလား…” ရန်ကိုင်က ကျန်းစွန်းယင်ကို ပြုံးပြလျက် “လာပါ… ဒီလောက်ကြီးလည်း စိုးရိမ်မနေစမ်းပါနဲ့…”
“စီနီယာအစ်ကိုရန်လား…” ကျန်းစွန်းယင် မျက်မှောင်ကျုံ့သွားခဲ့ပြီး ပြန်မေးလိုက်လေသည်။ “စီနီယာအစ်ကိုရန် ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်သွားရတာလဲ…”
ရုတ်တရက် သူစိမ်းတစ်ဦး ပေါ်လာသည့်အတွက်ကြောင့် ကျန်းစွန်းယင်မှာ အံ့အားသင့်သွားခဲ့ရလေသည်။ ရေခဲနှလုံးသားတောင်ကြား၏ အကာအကွယ်အစီအရင် ထိုးဖောက်ခံလိုက်ရပြီဟု အထင်မှားမိခဲ့ပါသော်ငြား ထိုကဲ့သို့မဟုတ်ကြောင်း တွေ့ရှိလိုက်ရသည်။ သို့သော်ငြား ထိုသူစိမ်း၏အသံကို ကြားလိုက်ရပြီးသည့်နောက် ထိုသူစိမ်းသည် ရန်ကိုင်မှလွဲ၍ အခြားမဟုတ်ကြောင်း သိသွားခဲ့ရလေသည်။ ရန်ကိုင်မှာ ရုပ်ဖျက်ထားပါသော်ငြား သူ့အသံမှာတော့ ပြောင်းလဲသွားခြင်း မရှိသေးပေ။
“စီနီယာပင်းယွင်က တစ်ခုခုလုပ်ဖို့ ပြောထားတာလေ… အစီအရင်ကို ခဏလောက်ဖွင့်ပေးပါဦး…” ပြောနေရင်းမှ ရန်ကိုင်သည် အစီအရင်ကို ညွှန်ပြလိုက်လေသည်။
“ရတယ်လေ… ခဏလောက်စောင့်နော်…” ကျန်းစွန်းယင်လည်း ရန်ကိုင်ပြောသည့်အတိုင်း လုပ်ပေးလိုက်လေသည်။ ထိုကိစ္စနှင့်ပတ်သက်၍ ပင်းယွင်အား ကိုယ်တိုင်သွားမမေးခဲ့ချေ။ ပင်းယွင်သည် ရန်ကိုင်အား မိတ်ဆွေတစ်ဦးအဖြစ် သဘောထားသလို ရန်ကိုင်၏တောင်းဆိုချက်များကို သူမဆီသို့ အစီအရင်ခံ တင်ပြစရာမလိုပဲ ဖြည့်ဆည်းပေးရန်လည်း ပြောထားသည့်အတွက်ကြောင့်ပင်။
ကျန်းစွန်းယင်သည် တံဆိပ်ပြားတစ်ခုကို ထုတ်လိုက်လေသည်။ အပြင်ဘက်ရှိ အခြေအနေကို စစ်ဆေးကြည့်လိုက်ပြီး အနီးအနားတွင် မည်သူတစ်ဦးတစ်ယောက်မှ မရှိကြောင်း အတည်ပြုပြီးသည့်နောက် တံဆိပ်ပြားကို အစီအရင်ရှေ့တည့်တည့်သို့ ချိန်လိုက်လေသည်။
တံဆိပ်ပြား တလက်လက်တောက်ပလာပြီး အစီအရင်ပေါ်၌ အက်ကြောင်းတစ်ခု ပေါ်လာခဲ့လေသည်။
ရန်ကိုင်သည် ထိုအက်ကြောင်းမှတစ်ဆင့် အပြင်သို့ ပျံထွက်သွားပြီးသည့်နောက် ကျန်းစွန်းယင်အား ကောင်းကင်စိတ်အာရုံမှတစ်ဆင့် ပြောလိုက်လေသည်။ “အခုကိစ္စက နှစ်ရက်သုံးရက်ကနေပြီးတော့ ငါးရက်ခြောက်ရက်လောက်အထိ ကြာနိုင်တယ်… ဒါပေမယ့် ငါ ဒီနေရာကိုပဲ ကျိန်းသေ ပြန်လာခဲ့မယ်… အဲ့ခါကြရင် ဂျူနီယာညီမကျန်းစွန်း ငါ့ကို နောက်တစ်ကြိမ် ထပ်ဖွင့်ပေးဦးနော်…”
“ကိစ္စမရှိဘူး…” ကျန်းစွန်းယင်က အလျင်အမြန် ပြန်ပြောလိုက်သည်။ ရန်ကိုင်ထွက်သွားပြီမှန်း အတည်ပြုပြီးသည့်နောက်တွင် အစီအရင်ကို အလျင်အမြန် ပြန်ပိတ်လိုက်လေ၏။
“ဂိုဏ်းတူဦးလေးရန် အခုလိုရုပ်ဖျက်ပြီး ဘာတွေလုပ်ဖို့ စဉ်းစားနေတာလဲ…” ယုတန်က ကျန်းစွန်းယင်နားသို့ ကပ်လာကာ မေးလိုက်လေသည်။
ကျန်းစွန်းယင်က ခေါင်းခါလျက် ပြန်ပြောလိုက်သည်။ “ဒီကိစ္စကို ဆရာ့ကို သွားအစီအရင်ခံရင်းနဲ့မှပဲ မေးရတော့မယ်…”
အစောပိုင်းက ရန်ကိုင်မှ အစီအရင်ကို ဖွင့်ပေးရန် တောင်းဆိုလာစဉ် ပင်းယွင်၏အမိန့်အတိုင်း ရန်ကိုင်ကို ဖွင့်ပေးလိုက်ခြင်း ဖြစ်ပေသည်။ ယခု ရန်ကိုင်မရှိတော့ပြီ ဖြစ်သည့်အတွက်ကြောင့် သူမအနေဖြင့် လက်ရှိကိစ္စကို သူမဆရာဆီသို့ သွားအစီအရင်ခံ တင်ပြရပေတော့မည်။
ကျန်းစွန်းယင်သည် ဆက်သွယ်ရေးမှော်ရတနာတစ်ခုကိုထုတ်၍ ချက်ချင်းပဲ ကောင်းကင်စိတ်အာရုံကို ထိုထဲသို့ ပို့လွှတ်လိုက်လေသည်။
နန်းတော်ထဲတွင် ရှိနေသော ပင်းယွင်သည် သူမ၏ဆက်သွယ်ရေးမှော်ရတနာဆီသို့ သတင်းစကားတစ်ခု ဝင်လာသည်ကို သတိပြုမိလိုက်သော် ချက်ချင်း ထုတ်ယူစစ်ဆေးကြည့်လိုက်လေ၏။ ပို့လာသည့်သတင်းကို ကြားပြီးသည့်နောက် မဲ့ပြုံးပြုံးလိုက်လေသည်။
ရှီထျန်းဟဲမှာတော့ ကျိယောင်အား ရုပ်ဖျက်ပေးလို့ ကောင်းဆဲပင်။ ကျိယောင်သည် ယနေ့ည ရေခဲလမြို့တော်သို့ သွား၍ ရန်ကိုင်နှင့်အတူ စုဆောင်းရေးအမိန့်အတိုင်း ရမ္မက်ရှာဂိုဏ်းနှင့် သွားရောက်ပူးပေါင်းရန်အတွက် သေသေချာချာကို ပြင်ဆင်နေခဲ့လေသည်။
ပင်းယွင်မှာ လက်ရှိကိစ္စအား ကျိယောင်ကို မည်ကဲ့သို့ ရှင်းပြလို့ရှင်းပြရမှန်း မသိတော့ချေ။ သို့သော်ငြား ရန်ကိုင် တမင်သက်သက် လုပ်သွားခြင်းဖြစ်မှန်း သူမ သိပေသည်။ သူမ၏ တတိယတပည့်နှင့် ရန်ကိုင်ကြား မည်ကဲ့သို့သော ကိစ္စများ ဖြစ်သွား၍များ ရန်ကိုင်သည် ကျိယောင်အား တမင်တကာ ရှောင်ဖယ်နေရလေသနည်း။
ရေခဲလမြို့တော်သည် ရေခဲနှလုံးသားတောင်ကြားမှ ပြင်ပလောကကြီးနှင့် ဆက်ဆံရာတွင် အသုံးပြုသည့် အချက်အချာမြို့တစ်မြို့ ဖြစ်ပေသည်။ သို့သော်ငြား လွန်ခဲ့သောနှစ်ဝက်ခန့်က ရေခဲလမြို့တော်သည် ရမ္မက်ရှာဂိုဏ်းသို့ လက်အောက်သို့ ကျရောက်သွားခဲ့ရသည်။
လက်ရှိအချိန်တွင် ရမ္မက်ရှာဂိုဏ်းသည် ရေခဲလမြို့တော်အား ယာယီဌာနချုပ်တစ်ခုအဖြစ် အသုံးပြု၍ ရေခဲနှလုံးသားတောင်ကြားအား တိုက်ခိုက်ရန်အတွက် အရည်အချင်းရှိသည့် ကျင့်ကြံသူများကို စုဆောင်းနေခဲ့လေသည်။ နောက်ဆုံးအချိန်အခိုက်အတန့်သို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် ရမ္မက်ရှာဂိုဏ်းသည် စုဆောင်းထားသော ကျင့်ကြံသူများကို အသုံးပြုလျက် ရေခဲနှလုံးသားတောင်ကြားအား စိစိညက်ညက်ကြေသွားအောင် လုပ်ရန် ပြင်ဆင်ထားခဲ့သည်။
ယခင်က ရေခဲနှလုံးသားတောင်ကြားမှ ပိုင်ဆိုင်ခဲ့သော မြို့ထဲရှိ ပစ္စည်းအများစုမှာ အပျက်အစီးများ ဖြစ်နေကာ အဖိုးတန်သည့် ပစ္စည်းများမှာတော့ အခြားသူများ၏ ယူဆောင်သွားခြင်း ခံရလေ၏။
လက်ရှိအချိန်တွင် ရေခဲလမြို့တော်ထဲရှိ ကြီးကျယ်ခမ်းနားသည့် နန်းတော်ကြီးတစ်ခုရှေ့တည့်တည့်တွင် ဆိုင်းဘုတ်ကြီးတစ်ခု ရှိနေလေသည်။
“စုဆောင်းရေးခန်းမ…”
ဤနေရာသည် ရမ္မက်ရှာဂိုဏ်းမှ လူသူများ စုဆောင်းနေသည့် နေရာဖြစ်ပေသည်။
ရမ္မက်ရှာဂိုဏ်းမှ စုဆောင်းရေးအမိန့်ကို ထုတ်ပြန်ပြီးသည့်နောက်ပိုင်း မြောက်ဘက်နယ်မြေထဲတွင် ရှိနေသော မြောက်မြားလှစွာသည့် ကျင့်ကြံသူများကို ဆွဲဆောင်နိုင်ခဲ့သည်။ ထို့ကြောင့်သာမဟုတ်ပါက ရမ္မက်ရှာဂိုဏ်းအနေဖြင့် သိန်းနှင့်ချီသော ကျင့်ကြံသူများကို အမိန့်ပေး စေခိုင်းနိုင်လိမ့်မည် မဟုတ်ချေ။
ထိုလူများအနက် အတော်များများမှာ ကျင့်ကြံရေးအရင်းအမြစ်ကို လိုချင်၍ လာရောက်ပူးပေါင်းကြသည့် ကျင့်ကြံသူများဖြစ်ကြသလို အချို့မှာတော့ အခြားသော ရည်ရွယ်ချက်များကြောင့် ရောက်လာကြသည့် ဧကရာဇ်အဆင့် ပညာရှင်များ ဖြစ်ကြပေသည်။ ထိုလူများသည် ရမ္မက်ရှာဂိုဏ်းမှ ပေးလာမည့် အကျိုးအမြတ်များကို လိုလားသည့်အတွက်ကြောင့် လာရောက်ပူးပေါင်းကြခြင်း ဖြစ်သည်။