← Chapters

အခန်း (၂၆၄၀)

Vol. 113 Ch. 2640

အခန်း (၂၆၄၀)

Vol. 113 Ch. 2640

“ဒီရက်ပိုင်း နင့်ရဲ့အိမ်က မိန်းမကြမ်းကြီးဆိုတဲ့ သတို့သမီးလောင်းအကြောင်း သတင်းတွေ ပြန့်နေတာ၊ အခု ရေခဲလမြို့တော်မှာ ရှိနေတဲ့လူတွေအကုန်လုံး အဲ့အကြောင်း သိနေကြပြီ။ ဒီတော့ နင် “ရှောင်ပိုင်ရီ”ဆိုတဲ့ နာမည်အတုသုံးနေတယ်ဆိုတာကို ရှာတွေ့ဖို့ သိပ်မခက်တော့ဘူး။ စိတ်မပူနဲ့။ ငါ့နောက်ခံကိုလည်း နင်ပြောတဲ့နောက်ခံနဲ့တူအောင် လုပ်ထားတယ်။ ရမ္မက်ရှာဂိုဏ်း လုံးဝ သံသယဝင်မှာ မဟုတ်ဘူး” ကျိယောင်က ကောင်းကင်စိတ်အာရုံဖြင့် အမြန် ပြန်ပြောလိုက်သည်။ တစ်ချိန်တည်းတွင် အသံကုန် ပြန်ဟစ်လေသည် “ရှောင်ပိုင်ရီ၊ နင့်မှာ လူစိတ်မရှိတော့ဘူးလား။ ငါ့ကြောင်သာ မဟုတ်ရင် အခုအချိန်လောက်ဆို နင်တောကောင်ရဲ့ ဗိုက်ထဲ ရောက်နေပြီဆိုတာကို မေ့ထားတာလား။ ငါ့အပေါ် အသားယူပြီးတာတောင် နင်က ငါ့ကို စွန့်ပစ်ချင်တယ်ပေါ့၊ ဟုတ်လား”

“အသားယူတယ်” ငါးရာသော ကျင့်ကြံသူများသည် ရန်ကိုင်အား အံ့ဩတကြီးဖြင့် ကြည့်လိုက်ကြလေသည်။

ဤကဲ့သို့သော အမျိုးသမီးကိုပင် အသားယူရဲသည့် ရန်ကိုင်၏ သတ္တိကို အကုန်လုံး လေးစားသွားကြလေသည်။ သူတို့သာဆိုလျှင် အသားယူရန် မဆိုထားနှင့်၊ မြင်သည်နှင့်ပင် ထွက်ပြေးပြီးနေလောက်ပေပြီ။

ရန်ကိုင်တို့ နှစ်ဦးသည် ငါးရာသော ကျင့်ကြံသူများကို ဖျော်ဖြေပြနေရုံတင်မဟုတ်၊ အနီးအနားတစ်ဝိုက်တွင် ရှိနေသော အစီအရင် အလံတိုင်များကို စောင့်ကြပ်နေကြသည့် ကျင့်ကြံသူများကိုပင် နိုးနိုးကြားကြား ဖြစ်သွားခဲ့ရာ၊ မကြာမီတွင် ကျင့်ကြံသူပေါင်း များစွာသည် ပွဲကြီးပွဲကောင်းကိုကြည့်ရန်အတွက် ရန်ကိုင်တို့ဆီသို့ ရောက်လာကြလေ၏။

“အသားယူတယ်...” ရန်ကိုင်၏ နဖူးထက် ချွေးသီးများ ဝေ့သီလာခဲ့သည်။ သူ့မျက်နှာထက် အပြစ်မကင်းသည့် အရိပ်အယောင်တို့ ရှိနေခဲ့သည်။ ရန်ကိုင်၏ အမူအရာကို မြင်ပြီးနောက် ရန်ကိုင်သည် ထိုအမျိုးသမီးအပေါ် တကယ်ကြီး အသားယူခဲ့လေသလားဟု တွေးလျက် အကုန်လုံး ရန်ကိုင်အပေါ် ပို၍ပင် အထင်ကြီးမိသွားကုန်ကြလေသည်။

“နင်ဘာလို့ ရမ္မက်ရှာဂိုဏ်းရဲ့ စုဆောင်းရေးအမိန့်ကို လာယူလဲဆိုတာ ငါမသိဘူးများ မှတ်နေတာလား။ ရေခဲနှလုံးသားတောင်ကြားက ကောင်မလေးတွေကို နင့်အိမ် ပြန်ခေါ်သွားချင်လို့မလား။ စိတ်မပူနဲ့ နင့်ဆန္ဒ မပြည့်တော့ဘူး။ နင်တစ်ယောက် ခေါ်ရဲရင် အဲ့တစ်ယောက်ကို ငါသတ်မယ်။ နှစ်ယောက်ခေါ်ရဲရင် နှစ်ယောက်ကို သတ်ပစ်မယ်။ သုံးယောက် ခေါ်ရဲတယ်ဆိုရင်တော့ နင့်ကို လူညွှန့်တုန်းအောင် လုပ်ပစ်ပြီသာမှတ်”

ထိုစကားကို ကြားသည့်အခါ ငါးရာသော ကျင့်ကြံသူအားလုံး ပွဲကျသွားလေသည်။ ကျိယောင်၏ ရုပ်ရည်မှာ အလွန်ကိုမှ ကြည့်ရဆိုးလှပါသော်ငြား သူမသည် အမှန်တကယ်ကို ကြောက်အလန့် ကင်းပေသည်။ သာမန် မိန်းကလေးတစ်ဦးသာ ဆိုလျှင်တော့ သူမကဲ့သို့ ပြောရဲလိမ့်မည် မဟုတ်ချေ။

ဟွော့ဟန်မှာမူ ထိုဖြစ်ရပ်ကိုကြည့်ရင်း အလွန်ကိုမှ နှစ်ထောင်းအားရ ဖြစ်မိနေသည်။ ဖြစ်သာဖြစ်နိုင်လျှင် ရန်ကိုင်အား ယခုထက်ကို ပို၍ ဒုက္ခရောက်စေချင်နေမိ၏။

“ဟဲ့၊ အခု နင်သရုပ်ဆောင်နေတဲ့ပုံစံက နည်းနည်း များနေပြီနော်...” ရန်ကိုင်က ကောင်းကင်စိတ်အာရုံဖြင့် အလျင်အမြန် လှမ်းသတိပေးလိုက်သည်။ ကျိယောင်ကဲ့သို့သော အမျိုးသမီးတစ်ဦးအဖို့ ဤကဲ့သို့သော စကားများကို ပြောဖို့ရာ သူမအတွက် အတော်လေး ခက်ခဲမှန်း ရန်ကိုင် သိပေသည်။ သို့သော်ငြား ဤအခြေအနေထိ ရောက်လာပြီ ဖြစ်သောကြောင့် ရန်ကိုင်လည်း သက်ပြင်းချ၍ ဆက်ပြောလိုက်လေ၏ “ကဲ၊ ဒီလိုတွေ ဖြစ်လာပြီဆိုမှတော့ ငါနဲ့ တိုက်ခိုက်လို့ရအောင် အခွင့်အလမ်း ရှာပေတော့”

ကျိယောင် မျက်ခုံးပင့်သွားခဲ့၏ “ကောင်းပြီ”

“နင်လွန်လွန်းနေပြီနော်” ရန်ကိုင်သည် ကျိယောင်အား လက်ညိုးငေါက်ငေါက် ထိုးရင်း မကျေမနပ်ဖြင့် အော်ပြောလိုက်လေသည် “ငါ၊ ရှောင်ပိုင်ရီဆိုတဲ့လူက ကိုယ့်ဂုဏ်သိက္ခာနဲ့ ကိုယ့်ဘာသာ နေလာခဲ့တာ။ ဘာလို့ နင့်လို မိန်းမတစ်ယောက်နဲ့ လာပက်သက်ရတာလဲ။ ကောင်းကင်က ငါ့ကို တကယ် မျက်မုန်းကြိုးနေတာပဲ”

ကျိယောင် ဒေါသထွက်သွားလေသည် “နင်ငါ့ကို အထင်သေးရဲတယ်ပေါ့”

ပြောပြီးသည့်နောက်တွင် ရန်ကိုင်မျက်နှာကို ဆွဲဖြဲပစ်ရန် ကြံနေသည့်အလား ရန်ကိုင်ဆီသို့ ပြေးဝင်သွားပြီး သူလက်ကို ရန်ကိုင်မျက်နှာဆီသို့ ချိန်လိုက်လေသည်။

ရန်ကိုင်မှာ အလျင်အမြန် ပြန်တားလိုက်ပါသဖြင့် ကျိယောင်၏ လက်သည် သူ့မျက်နှာကို ထိမသွားခဲ့ဘဲ အဝတ်အစားများကိုသာ ထိသွားခဲ့လေသည်။ ထို့ကြောင့် ရန်ကိုင် ဝတ်ထားသည့် အင်္ကျီမှာ တစ်စစီ စုတ်ပြဲထွက်ကုန်ရလေသည်။

“ဟူး... အဲ့အမျိုးသမီးကလည်း ဧကရာဇ်အဆင့် ပညာရှင်တစ်ယောက်လား”

“စီနီယာရှောင်က ဧကရာဇ်အဆင့်ပညာရှင် ဆိုပေမယ့် အဲ့အမျိုးသမီးရဲ့ ပြိုင်ဘက် မဟုတ်ဘူး။ ကြည့်ရတာ အမျိုးသမီးရဲ့ ကျင့်ကြံခြင်းက စီနီယာရှောင်ထက်တောင် ပိုမြင့်နေတဲ့ပုံပဲ”

“ငါကြားတာတော့ စီနီယာရှောင်က တောင်ဘက်နယ်မြေရဲ့ ထိပ်တန်းဂိုဏ်းတွေထဲက တစ်ဂိုဏ်းဖြစ်တဲ့ နေမင်းပြာကျောင်းတော်က လာတာနဲ့။ ဒါဆို အဲ့အမျိုးသမီးက ဘယ်ကလာတာလဲ”

အစောပိုင်းက အကုန်လုံးသည် ရန်ကိုင်တို့ စကားများနေသည်ကိုသာ အားပါးတရ ထိုင်ကြည့်နေကြသည့် အတွက်ကြောင့် ကျိယောင် မည်သူမည်ဝါ ဖြစ်သလဲဆိုသည်ကိုပင် သေချာ အာရုံမစိုက်မိခဲ့ကြချေ။ ယခု သူမ၏ ကျင့်ကြံခြင်း ထွက်ပေါ်လာသည့် အခါမှသာ အကုန်လုံး ကျိယောင်အား အာရုံစိုက်လာကြတော့သည်။

“နင်တော်သင့်နေပြီနော်” ရန်ကိုင်သည် ဒေါသတကြီးအော်ဟစ်ရင် သူ၏ ဧကရာဇ်ချီဖြင့် ကျိယောင်ကို ပြန်တွန်းထုတ်လိုက်ပြီးနောက် ပြန်ပေပြာလိုက်လေ၏ “စကားနဲ့ပြောရင်ပြော၊ လက်ပါမလာနဲ့နော်။ မဟုတ်ရင် ငါ့ကို ရိုင်းလို့ဆိုပြီး လာမပြောနဲ့”

ကျိယောင် မှင်တက်သွားခဲ့လေသည်။ ရန်ကိုင် ယခုကဲ့သို့ ပြန်တိုက်ရဲလိမ့်မည်ဟု မထင်ထားသည့်ပုံပင်။ သို့သော်ငြား မကြာမီ သွေးရူးသွေးတန်း အော်ဟစ်လျက် “ရှောင်ပိုင်ရီ၊ နင်ငါ့ကို ရိုက်ရဲတယ်ဟုတ်လား။ သေဖို့သာပြင်ထားပေတော့”

ထိုသို့ပြောပြီးသည့်နောက်တွင် ဓါးတစ်ချောင်းကိုထုတ်င ရန်ကိုင်အား ခုတ်ချလိုက်လေသည်။

အလစ်အငိုက် မိသွားသည့်အတွက်ကြောင့် ရန်ကိုင်မှာ အချိန်မီ မရှောင်နိုင်ခဲ့ချေ။ ကျိယောင်၏ ဓါးသည် ရန်ကိုင်၏ အင်္ကျီစများကို ဖြတ်တောက်သွားကာ သူ့ဝမ်းဗိုက်ကိုပင် ထိခါနီး ဖြစ်သွားခဲ့သည်။

“နင်သေချင်နေတာလား” ရန်ကိုင်လည်း ဒေါသထွက်ထွက်နဲ့ ဧကရာဇ်ချီကိုသုံး၍ ကျိယောင်ဆီသို့ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်လေသည်။

ဘုန်း... ဘုန်း... ဘုန်း...

ဧကရာဇ်အဆင့် ပညာရှင်နှစ်ဦး အတည်ပေါက်ကြီး တိုက်ခိုက်လာကြသော် အငြိမ့်သား ပွဲထိုင်ကြည့်နေကြသည့် ကျင့်ကြံသူများ၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားလေသည်။ ကျိယောင်သည် သူမ၏ ဓါးကို ဝှေ့ရမ်းလျက် ရန်ကိုင်၏ လက်ဝါးချက်ကို အသာအယာ ဖျက်စီးပစ်လိုက်သည်။ ထို့နောက် သူမဓါးကို ကောင်းကင်ပေါ်သို့ မြောက်လိုက်ရာ ဓါးသွားများဖြင့် ဖွဲ့စည်းထားသည့် ပန်းပွင့်ပေါင်းများစွာ ထွက်ပေါ်လာကြပြီး ရန်ကိုင်အား တစ်မုဟုတ်ချည်း ဝိုင်းရံသွားခဲ့လေသည်။

“သူတို့ တကယ် ချကုန်ပြီဟ”

“ဒါ သူသေကိုယ်သေ တိုက်ပွဲပဲ”

“စေ့စပ်ထားတဲ့လူနှစ်ယောက်က ဘယ်လိုလုပ်ပြီး တစ်ယောက်ကို တစ်ယောက် ဒီလောက်တောင် မုန်းနေကြတာလဲ။ စီနီယာက ဒေါသကြီးတယ်ဆိုပေမယ့် အဲ့အမျိုးသမီးက ပိုတောင် ဆိုးနေသေးတယ်”

အစကမူ ကြည့်ကောင်းကောင်းဖြင့် ထိုင်ကြည့်နေခဲ့ကြပါသော်ငြား၊ ယခု တကယ်ကြီး တိုက်ပွဲဖြစ်လာကြသော် အကုန်လုံး စတင်၍ စိတ်ပူကြတော့ကုန်သည်။

မည်သို့ပင်ဖြစ်နေစေကာမူ၊ ဟွော့ဟန်သည် အနည်းငယ်မျှပင် စိတ်ပူနေခြင်း မရှိဘဲ ကျိယောင်ဘက်မှနေ၍ ရန်ကိုင်အား သင်ခန်းစားကောင်းကောင်း ပေးပစ်၍ ကြိတ်၍ အားပေးနေခဲ့သည်။

ချောင်ရှုမှာတော့ ထိုမြင်ကွင်းကိုကြည့်ရင်း ဇောချွေးပျံနေခဲ့ရလေပြီ။ တစ်ခဏမျှ တုန့်ဆိုင်းနေပြီးနောက် ဖုန်းချီ နေနေသည့်နေရာဆီသို့ ပြေးထွက်သွားလေ၏။ ဧကရာဇ် အဆင့် ပညာရှင်နှစ်ဦးကြားရှိ တိုက်ပွဲသည် သူဝင်ပါနိုင်သည့် အရာမျိုး မဟုတ်သည့် အတွက် ဖုန်းချီအား သွားတင်ပြရုံသာ ရှိတော့ပေသည်။

ရန်ကိုင်နှင့် ကျိယောင်သည် တစ်ဦးကိုတစ်ဦး အော်ဆဲကြရင်း တိုက်ခိုက်နေ၏။ တဖြည်းဖြည်းနှင့် သူတို့တိုက်ပွဲသည် ကောင်းကင်ပေါ်သို့ ရောက်သွားခဲ့လေသည်။

ကောင်းကင်တစ်ခုလုံး ပေါက်ကွဲသံများဖြင့် ပြည့်နေခဲ့ပြီး ရန်ကိုင်နှင့် ကျိယောင်သည် ဟိုမှသည်သို့ ကူးကလန်ခတ်ရင်း တိုက်ခိုက်နေခဲ့ကြသည်။

ထိုတိုက်ပွဲကို အောက်မှလှမ်းကြည့်နေကြသည့် ဧကရာဇ်အဆင့် ပညာရှင်များစွာ ရှိကြပါသော်ငြား သူတို့နှင့် ရန်ကိုင်၊ ကျိယောင်တို့နှင့် ရင်းနှီးသူများ မဟုတ်ကြသဖြင့် ဝင်မပါကြချေ။ အကုန်လုံးသည် ရယ်ရယ်မောမောဖြင့်သာ တိုက်ပွဲကိုကြည့်ရင်း မှတ်ချက်ပေးနေခဲ့ကြသည်။

တစ်ခဏကြာပြီးသည့်နောက် ရန်ကိုင်နှင့် ကျိယောင်သည် တိုက်ပွဲဖြစ်ရာ နေရာအား မူလနေရာမှ အခြားတစ်နေရာဆီသို့ တဖြည်းဖြည်း ရွေ့သွားလေ၏။ မကြာမီ အောက်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည် “သခင်လေးရှောင်၊ မင်းတို့ နှစ်ယောက် ဘာလုပ်နေကြတာလဲ”

အသံကြားရာဘက်သို့ မသိမသာလေး ခိုးကြည့်လိုက်ရာ ဖုန်းရှီသည် ဒေါသတကြီး အမူအရာဖြင့် သူတို့ကို ကြည့်နေကြောင်း ရန်ကိုင် သတိပြုမိသွားခဲ့သည်။ သို့သော်ငြား ရန်ကိုင်ကမူ ဂရုစိုက်မနေခဲ့ဘဲ မသိချင်ယောင်ဆောင်၍သာ တိုက်ပွဲကို အခြား တစ်နေရာသို့ ရွေ့နေလေ၏။

“နန်မန်တကျွင်း အဲ့ဘက်မှာလား” ကျိယောင်က မေးလိုက်သည်။

“ဟုတ်တယ်။ ဒီလတ်တစ်လော ငါစစ်ဆေးကြည့်ထားရသလောက်တော့ နန်မန်တကျွင်း အဲ့ဘက်မှာရှိတာ သေချာတယ်။ ဒါပေမယ့် သူတို့တွေ သတိထားမိသွားမှာ စိုးလို့ သေချာတော့ မစစ်ဆေးရဲခဲ့ဘူး။ နန်းမန်တကျွင်း အဲ့ဘက်မှာရှိတာပဲ ငါသိတာ။ သူရှိနေတဲ့ နေရာအတိအကျကိုတော့ မသိဘူး”

“သူ့ပုံစံက ဘယ်လိုပုံစံလဲ’ ကျိယောင်က မေးလိုက်သည်။

“ငါသူ့ကို တစ်ခါမှမမြင်ဖူးတော့ မသိဘူး။ ဒါပေမယ့် သူက အစီအရင် ပညာရှင် တစ်ယောက်ဆိုတော့ သူ့ကို ကာကွယ်ပေးမယ့်လူတွေ ကျိန်းသေ ရှိနေလိမ့်မယ်။ ဧကရာဇ်အဆင့် ပညာရှင်တွေ စုနေတဲ့နေရာကို လိုက်ရှာကြည့်လိုက်ရုံပဲ”

“ငါသိပြီ” ပြန်ပြောပြီးနောက်တွင် ကျိယောင်သည် သူမ၏ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်လေသည်။

ရန်ကိုင် သူမေးသည်အား ပြန်မဖြေသည်ကိုမြင်သော် ဖုန်းချီ၏ မျက်နှာ သုန်မှုန်သွားခဲ့လေသည်။

“အကြီးအကဲဖုန်း၊ အဲ့ဘက်က အစီအရင်ပညာရှင် နန်မန် နေတဲ့နေရာပဲ။ သူတို့ အဲ့ဘက် ရောက်သွားလို့မဖြစ်ဘူး။ မဟုတ်ရင် အစီအရင်ပညာရှင်နန်မန်ကို နှောင့်ယှတ်သလို ဖြစ်သွားလိမ့်မယ်” ရန်ကိုင်နှင့် ကျိယောင်တို့ တဖြည်းဖြည်း ဦးတည်နေသည့် နေရာကိုမြင်သော ချောင်ရှုက သတိပေးလိုက်လေသည်။

“ငါသိတယ်။ ဒါပေမယ့် နှစ်ယောက်စလုံးက မီးကုန်ယမ်းကုန် တိုက်ခိုက်နေကြတာ။ တစ်ယောက် မရှုံးသရွေ့ ဘယ်သူမှ ရပ်မှာ မဟုတ်ဘူး” ဖုန်းချီက မကျေမနပ်ဖြင့် ရေရွတ်လိုက်သည် “အခုလို ဖြစ်မယ်မှန်းသာ သိခဲ့ရင် အဲ့အမျိုးသမီးကို သူ့ဆီ ခေါ်မသွားခိုင်းလိုက်ပါဘူး”

ချောင်ရှုက မဲ့ပြုံးပြုံးလျက် “အဲ့အမျိုးသမီးကလည်း ဒီလောက် နိုင်ထက်စီးနင်း လုပ်မယ်လို့ ဘယ်သူကမှ မထင်ထားခဲ့ဘူးလေ”

“ဒီကိစ္စက နှောင့်နှေးနေလို့ မရတော့ဘူး။ ငါတို့သူ့ကို အခုတားမှဖြစ်လိမ့်မယ်” ပြောပြီးသည့်နောက်တွင် ဖုန်းချီသည် ရန်ကိုင်နှင့်ကျိယောင်ဆီသို့ ပျံသန်းသွားလေ၏။

“အဲ့ဘက်မှာပဲ” ရန်ကိုင်သည် ကျိယောင်အား အဓိပ္ပါယ်ပါပါကြည့်လျက် “အဲ့မှာ ဧကရာဇ်ဒုတိယအဆင့် တစ်ယောက်နဲ့ ပထမအဆင့် နှစ်ယောက်ရှိနေတယ်။ သူတို့တွေက နန်မန်တကျွင်းကို ကာကွယ်ပေးနေတဲ့လူတွေ ဖြစ်လောက်တယ်”

နှစ်ဦးသာ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ထိုအရပ်ဆီသို့ တိုက်ပွဲကို ရွှေ့သွားလိုက်လေသည်။ မကြာမီ အစောပိုင်းက အာရုံခံမိသည့်နေရာနှင့် တဖြည်းဖြည်း နီးကပ်လာလေ၏။

ရန်ကိုင်သည်လည်း ကောင်းကင်စိတ်အာရုံကို အလျင်အမြန် ဖြန့်ကျက်ကြည့်လိုက်ရာ ခန္ဓာကိုယ်ထွားထွား သက်လတ်ပိုင်းလူကြီးတစ်ဦးသည် အစီအရင်အလံအတိုင် တစ်ခုကို ပြင်ဆင်နေကြောင်း တွေ့လိုက်ရသည်။ ထိုလူကြီး၏ ဘေးတွင်တော့ ဧကရာဇ်အဆင့် ပညာရှင်ုံးဦး ရှိနေခဲ့လေသည်။ တစ်ဦးသည် ဒုတိယအဆင့် ဖြစ်ပြီး ကျန်နှစ်ဦးသည် ပထမအဆင့် ဖြစ်သည်။

“နန်မန်တကျွင်း” ရန်ကိုင်၏ မျက်လုံးများ တောက်ပသွားခဲ့သည်။

“မင်းတို့တွေ ဘာတွေလာသောင်းကျန်းနေတာလဲ။ ထွက်သွားကြစမ်း” ဧကရာဇ်အဆင့် အစောင့်သုံးဦးအနက်၊ ဒုတိယအဆင့်သို့ ရောက်နေသည့်လူက အေးစက်စက် လေသံဖြင့် အော်ပြောလိုက်လေသည်။

“လုပ်လိုက်တော့” ရန်ကိုင်က တိုးတိုးလေး ပြောလိုက်သည်။

ကျိယောင်လည်း ချက်ချင်းပဲ ရန်ကိုင်၏ ရင်ဘတ်တည့်တည့်ကို ရိုက်ချလိုက်သည်။ ရန်ကိုင်သည် သွေးအပွက်ပွက် အန်ရင်း ကောင်းကင်ထက်မှ ဥက္ကာခဲတစ်စင်းနှယ် တစ်ဟုန်ထိုး ပြုတ်ကျလာခဲ့လေသည်။

ရန်ကိုင် ပြုတ်ကျလာနေသည့်နေရာသည် နန်မန်တကျွင်း ရှိနေသည့်နေရာ ဖြစ်၏။

တစ်ချိန်တည်းတွင် ကျိယောင်က ဒေါသတကြီးဖြင့် အော်ပြောလိုက်လေသည် “ရှောင်ပိုင်ရီ၊ ဒီနေ့က နင်သေရမယ့်နေ့ပဲ”

ထိုသို့ အော်ပြောပြီးသည့်နောက်တွင် ခက်ထန်သည့် အမူအရာဖြင့် ရန်ကိုင် ပြုတ်ကျသွားသည့် ဘက်ဆီသို့ တစ်ဟုန်ထိုး ထိုးဆင်းသွားခဲ့သည်။

ရန်ကိုင် အောက်သို့ကျပြီးပြီးချင်းမှာပင် ကျိယောင်လည်း မြေပြင်ပေါ်သို့ ရောက်လာပြီး တစ်ခုသောဘက်သို့ တစ်ဟုန်ထိုး ပျံသန်းသွားလေ၏။

ယခုအချိန်တွင်တော့ ကျိယောင်သည် သူမ၏ ကျင့်ကြံခြင်းကို ဖုံးကွယ်ထားခြင်း မရှိတော့ချေ။

“ဧကရာဇ်ဒုတိယအဆင့်လား” နန်မန်တကျွင်းကို ကာကွယ်ပေးနေကြသည့် ဧကရာဇ်အဆင့် ပညာရှင်သုံးဦး၏ အမူအရာ မဆိုသလောက်ကလေး ပြောင်းလဲသွားခဲ့သည်။ ယာယီမျှ မှင်တက်နေပြီးသည့်နောက် ဧကရာဇ်ဒုတိယအဆင့် ပညာရှင်သည် ကျိယောင်အား ချက်ချင်း ပြေးတားလေသည်။

ရန်ကိုင်ကမူ နန်မန်တကျွင်း တည့်တည့်ဆီသို့သာ ပြေးဝင်သွားလေသည်။ နန်မန်တကျွင်းသည် အစီအရင်ပညာရှင်တစ်ဦး ဖြစ်သော်ငြား သူ့ကျင့်ကြံခြင်းမှာ နိမ့်ကျခြင်းမရှိဘဲ ဧကရာဇ်ပထမအဆင့်သို့ ရောက်နေခဲ့လေသည်။

ရန်ကိုင် သူ့ဆီသို့ ခုန်ဝင်လာသည်ကိုမြင်သော် နန်မန်တကျွင်း အံ့အားသင့်သွားခဲ့သည်။ သို့သော်ငြား ထိတ်လန့်တုန်လှုပ်သွားခြင်း မရှိဘဲ ရန်ကိုင်အား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်နေရင်းဖြင့်သာ ‌နောက်သို့ အသာအယာ ဆုတ်လိုက်လေ၏။

“မင်းဘယ်သူလဲ၊ ဘာလို့ အစီအရင်ပညာရှင်နန်မန်ကို တိုက်ခိုက်ဖို့ ကြိုးစားနေတာလဲ” ဧကရာဇ်ပထမအဆင့် ပညာရှင်တစ်ဦးသည် ရန်ကိုင်ရှေ့၌ ပိတ်ရပ်နေလိုက်လေသည်။

“ဖယ်စမ်း” ရန်ကိုင်က လဓါးသွားတစ်စင်းကို ပစ်လွှတ်လိုက်ရင်းမှ အော်ပြောလိုက်၏။

တိုးဝင်လာနေသည့် လဓါးသွားကိုမြင်သော် ဧကရာဇ်အဆင့် ပညာရှင်သည် အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လျက် ဧကရာဇ်ချီကို လှည့်ပတ်ကာ သူ့ကိုယ်သူ ကာကွယ်ရန် ကြိုးစားလိုက်လေသည်။ သို့သော်ငြား လဓါးသွား၏ ကြောက်စရာကောင်းပုံကို အထင်သေးမိသွားခဲ့သည်။ လဓါးသွားနှင့် အတွေ့တွင် သူဖန်တီးလိုက်သည့် ဧကရာဇ်ချီအကာအကွယ်မှာ တစ်မုဟုတ်ချည်း ပျက်စီသွားခဲ့ရသည်။ ဧကရာဇ်အဆင့် ပညာရှင်မှာလည်း အထိတ်ထိတ်အလန့်လန့်ဖြင့် အကာအကွယ် မှော်ရတနာတစ်ခုကို အလျင်အမြန်ထုတ်ယူလိုက်လေ၏။

သို့သော်ငြား နောက်ကျလွန်းသွားခဲ့လေသည်။ ထိုအချိန်အတွင်း ရန်ကိုင်သည် သူ့ရှေ့သို့ရောက်လာကာ သူ့ခေါင်းကို ရိုက်ချလိုက်လေသည်။

ဧကရာဇ်ပထမအဆင့် ပညာရှင်မှာ ခုခံချိန်ပင် မရလိုက်ဘဲ သူ့ခေါင်းတစ်ခုလုံး ရန်ကိုင်၏ လက်ဝါးချက်ကြောင့် မွစာကြဲသွားခဲ့ရလေသည်။

All Chapters