အခန်း (၂၆၄၁)
Vol. 113 Ch. 2641
တဒင်္ဂမျှစာသော ထိုအခိုက်အတန့်အတွင်း၌ ရမ္မက်ရှာဂိုဏ်းမှ ဧကရာဇ်အဆင့် အကြီးအကဲသည် စိစိညက်ညက်ကြေဖြစ်ကာ ပွဲချင်းပြီး သေသွားခဲ့ရလေသည်။ -ထိုဖြစ်ရပ်ကြောင့် အနီးအနားတွင် ရှိနေကြသော ကျင့်ကြံသူအားလုံး မယုံကြည်နိုင် ဖြစ်ကုန်ကြရသည်။
ဤသည်မှာ ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်လေရာ မည်သို့များ တိုက်ကွက် တစ်ကွက်တည်းဖြင့် သတ်ခံလိုက်ရလေသနည်း။ ဤရှောင်ပိုင်ရီသည် ထိုမျှ အားကောင်းလေသလော။
ဧကရာဇ်တစ်ယောက်ကို သတ်ပြီးသည်နှင့် ရန်ကိုင်သည် နောက်ထပ် ဧကရာဇ်တစ်ယောက်ဆီသို့ လဓါးသွားတစ်စင်းကို ပစ်လွှတ်လိုက်၏။ ထို့နောက် နန်မန်တကျွင်းအား ဆွဲခေါ်လိုက်လေသည်။
“ခွေးကောင်လေး၊ မင်းပဲ”
ဧကရာဇ်ပထမအဆင့်ပညာရှင်သည် ကြောက်ရွံ့ရမည့်အစား ရန်ကိုင်ကို မြင်သည့်နောက် မယုံကြည်နိုင်စရာအရာတစ်ခုကို မြင်လိုက်ရသည့်အလား သူ၏ မျက်လုံးများ တဖျတ်ဖျတ် တောက်ပသွားခဲ့လေသည်။ ထို့နောက် ထိုလူ၏ အရှိန်အဝါမှာ ရုတ်ချည်း မြင့်တက်လာပြီး ရန်ကိုင်အား ဖမ်းဆီးရန် ကြိုးစားလိုက်လေ၏။
“ဧကရာဇ်တတိယအဆင့်” ရန်ကိုင်၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ ထိုလူ၏ အရှိန်အဝါကို မှတ်မိသွားသည့်အခိုက် ရန်ကိုင်က အလန့်တကြား ဆိုလိုက်လေ၏ “ဖုန်းရွှမ်၊ ဒီတော့ ခင်ဗျားက ဒီမှာ ပုန်းနေတာပေါ့”
သတင်းကြားထားရသည်မှာတော့ ဖုန်းရွှမ်သည် ရေခဲလမြို့တော်ထဲတွင် ရှိနေသည် ဟူ၍ပင်။ သို့ရာတွင် တကယ့်တကယ်၌ ဖုန်းရွှမ်သည် ထိုနေရာ၌ ရှိမနေခဲ့ဘဲ ဧကရာဇ် ပထမအဆင့် ကျင့်ကြံသူတစ်ဦး အယောင်ဆောင်လျက် ဤနေရာ၌ လာပုန်းနေခဲ့၏။
ဖုန်းရွှမ် ဤကဲ့သို့ ရုပ်ပြောင်းထားရခြင်းမှာ ပင်းယွင် လှုပ်ရှားလာမည်ကို ကြိုတင် ကာကွယ်ထားလိုသည့် အတွက်ကြောင့်ဖြစ်ပါသော်ငြား တကယ့်တကယ်တွင်မူ ပင်းယွင် ပေါ်မလာခဲ့ဘဲ သူအလွန်သတ်ချင်နေသည့် ရန်ကိုင် ပေါ်လာခဲ့သည်။
လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က ဖုန်းရှီသည် ရန်ကိုင်နှင့် တိုက်ခိုက်ခဲ့ကာ အဆုံးတွင်း ဖုန်းရွှမ်၏ဝိဥာဉ် ဆင်းသက်လာခဲ့ရသည်။ သို့တိုင် ရန်ကိုင်အား မသတ်နိုင်ခဲ့ဘဲ ရန်ကိုင်၏ ပြတ်လည်သတ်ပစ်ခြင်းသာ ခံခဲ့ရလေသည်။
လဓါးသွားပေါ်လာသည်နှင့် ရှောင်ပိုင်ရီ မည်သူဖြစ်သလဲဆိုသည်ကို ဖုန်းရှီ ချက်ချင်း သိသွားခဲ့သည်။
“အခုမှတော့ နောက်ကျသွားပြီ။ မင်းဘယ်သူလဲ ငါသိနေပြီကွ။ ဒီထောင်ချောက်ထဲကို မင်းဘာသာမင်း ဝင်လာမယ်လို့ ငါတကယ်ကို မထင်ထားခဲ့ဘူး။ ငါအားစိုက်ပြီးတော့တောင် မင်းကို လိုက်ရှာနေစရာ မလိုလိုက်ဘူး။ သေလိုက်ပေတော့” ဖုန်းရွှမ်သည် လှောင်ပြုံးလျက် ဧကရာဇ်ချီနှင့် နိယာမစွမ်းအားကို လှည်ပတ်ရင်း အနက်ရောင်ချိန်းကြိုးများကို ဖန်တီးကာ ရန်ကိုင်အား ချုပ်နှောင်ရန် ကြိုးစားလိုက်၏။
ရန်ကိုင်၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး နန်မတကျွင်းကို ဖမ်းဆီးရန် မကြိုးစားတော့ဘဲ အလျင်စလို ပြန်ဆုတ်လာခဲ့လိုက်သည်။ တစ်ချိန်တည်းတွင်လည်း လက်ကွက်များကို ဖန်တီးလိုက်သည် “အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်”
ဖုန်းရွှမ်ဆီသို့ ချိပ်စည်းတစ်ခု တိုးဝင်သွဦးလေ၏။
“အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်” ချိပ်စည်းတံဆိပ်ထဲ ပါဝင်သည့် စွမ်းအားကို ခံစားမိလိုက်သော် ဖုန်းရွှမ် ထိတ်လန့်တုန်လှုပ်သွားခဲ့လေသည်။ ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်နေသည့်တိုင် ဤပညာရပ်၏ စွမ်းအားအောက်၌ အတော်လေးကို ထိတ်လန့်တုန်လှုပ်နေမိရသည်။
ချိပ်စည်း ထွက်ပေါ်လာသည်နှင့် သူ့ပတ်ပတ်လည်ရှိ အချိန်စီးဆင်းမှုနှုန်းမှာ ရုတ်ချည်း နှေးကျသွားခဲ့ရသည်။
“အချိန်နိယာမစွမ်းအား” ဖုန်းရွှမ်၏မျက်နှာ သုန်မှုန်သွားခဲ့သည်။
ရန်ကိုင်သည် အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်ကို ကြယ်ပျက်ပင်လယ်ထဲ၌ ထုတ်သုံးခဲ့ဖူးပေသည်။ ဤပညာရပ်၏ ကျေးဇူးကြောင့်ပင် ဖုန်းရွှမ်၏သား ကြယ်ပျက်ပင်လယ်ထဲ၌ သေသွားခဲ့ရခြင်း ဖြစ်သည်။ ထိုအကြောင်းကြောင့်ပင် ဖုန်းရွှမ်သည် လွန်ခဲ့သည့် နှစ်များအတွင် ဤပညာရပ်ကို လေ့လာကြည့်ခဲ့ဖူး၏။
ဖုန်းရွှမ်တစ်ကိုယ်လုံးကို သိပ်သည်းလှသည့် အချိန်နိယာမစွမ်းအားတို့ကို လွှမ်းခြုံသွားခဲ့လေရာ ဖုန်းရွှမ်၏ လှုပ်ရှားမှုများမှာ နှေးတိနှေးကွေး ဖြစ်လာခဲ့လေသည်။
ထိုအခိုက်အတန့်မှာပင် ရန်ကိုင်သည် ဖုန်းရွှမ်ဘေးနား၌ ပြန်ပေါ်လာခဲ့ပြီး နန်မန်တကျွင်းဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားလေသည်။
နန်မန်တကျွင်းသည် ကြောက်လန့်တကြားဖြင့် အလျင်စလို နောက်သို့ ဆုတ်လေသည်။
သို့သော်ငြား ဧကရာဇ်ပထမအဆင့်သာ ရှိသေးသောသူသည် ရန်ကိုင်လက်မှ ပြေးလွှတ်မည်လား၏။ သူ၏ ဧကရာဇ်မှော်ရတနာအား ထုတ်မသုံးနိုင်သေးခင်မှာပင် ရန်ကိုင်သည် နန်မန်တကျွင်းအား လည်ဂုတ်မှ ဖမ်းဆွဲလိုက်သည်။ ထို့နောက်တွင် ပြင်းထန်လှသည့် စွမ်းအင်လှိုင်းတို့ နန်မန်တျကွင်း၏ ခန္ဓာကိုယ်ထဲ စီးဝင်လာခဲ့ပြီး သူ့ကျင့်ကြံခြင်းကို ချိပ်ပိတ်ပစ်လိုက်လေသည်။ နန်မန်တကျွင်း၏ မျက်နှာ ဖြူလျော်သွားပြီး သူ့နဖူးထက် ချွေးသီးများ ဝေ့သီလာတော့လေ၏။
“ကျုပ်ကို ခင်ဗျားကို သတ်ရအောင် တွန်းအားပေးမလာနဲ့။ အဆင့်မြင့် အစီအရင်ပညာရှင်တစ်ယောက် ဖြစ်ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။ ကြိုးစားပြီးမှရလာတဲ့ ဘဝကို အလွယ်တကူ အဆုံးရှုံးမခံချငနဲ့” နန်မန်တကျွင်း ရုန်းကန်နေသည်ကို မြင်သော် ရန်ကိုင်က အေးစက်စက် လေသံဖြင့် ပြောလိုက်လေသည်။
ထိုစကားကိုကြားသော် နန်မန်တကျွင်းသည် သက်ပြင်းတစ်ချက်ချလျက် သူ့ကိုယ်ပတ်လည်၌ ကာရံထားသည့် ဧကရာဇ်ချီကို ဖယ်ရှားပေးလိုက်လေသည်။
ထိုစဉ် တိုးလျလျ အက်ကွဲသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ရန်ကိုင် လှမ်းကြည့်လိုက်ရာ ဖုန်းရွှမ် အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်၏ သက်ရောက်မှုအောက်မှ ရုန်းထွက်သွားနိုင်ပြီဖြစ်ကြောင်း တွေ့လိုက်ရလေသည်။
“ဂိုဏ်းချုပ်ဖုန်းရွှမ် ဆိုတဲ့အတိုင်းပါပဲလား” ရန်ကိုင်က ချီးကျူးလိုက်သည်။
အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်မှာ အတော့်ကိုမှ အားကောင်းလှပါသော်ငြား ရန်ကိုင်နှင့် ဖုန်းရွှမ်၏ ကျင့်ကြံခြင်း ကွာခြားချက်မှာ ပညာရပ်တစ်ခုလောက်ဖြင့် အစားထိုးလို့ ရသည့်အရာတစ်ခု မဟုတ်ချေ။
ရွှစ်ရွှစ်ရွှစ်... ကောင်းကင်ထက် ဧကရာဇ်အရှိန်အဝါကို ထုတ်လွှတ်နေသည့် ပုံရိပ်များစွာ ထွက်ပေါ်လာခဲ့လေသည်။ ထိုလူများထဲ ရမ္မက်ရှာဂိုဏ်းမှ ဧကရာဇ်အဆင့် ပညာရှင်များ ပါကြသလို စုဆောင်းအမိန့်ကြောင့် ရောက်လာကြသည့် ဧကရာဇ်အဆင့် ပညာရှင်များလည်း ပါပေသည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့် ဧကရာဇ်အဆင့် ပညာရှင် အယောက်သုံးဆယ်ခန့် ရှိနေကြောင်း တွ့နိုင်ပေသည်။
“ယောင်အား၊ သူ့ကိုရသွားပြီ။ ပြန်ဆုတ်ပေတော့” ရန်ကိုင်သည် ဧကရာဇ်ဒုတိယ အဆင့် ပညာရှင်နှင့် တိုက်ခိုက်နေသော ကျိယောင်အား လှမ်းအော်ပြောလိုက်လေသည်။
ရန်ကိုင်အနေဖြင့် ဤနေရာတွင် တစ်စက်ကလေးမျှ အချိန်ဆက်မဖြုန်းလိုတော့ပေ။ လာရင်းရည်ရွယ်ချက် အောင်မြင်ပြီးသွားပြီ ဖြစ်သည့် အတွက်ကြောင့် ပြန်ဆုတ်လို့ရလေပြီ.
ကျိယောင်သည် ခေါင်းညိတ်ပြလိုက်ပြီး တစ်ဖက်လူအား နောက်ဆုံးအကြိမ်အဖြစ် တိုက်ခိုက်လိုက်ပြီးနောက် ရန်ကိုင်ဆီသို့ ချက်ချင်း ပျံသန်းလာခဲ့သည်။
“ထွက်ပြေးချင်နေတာလား။ လာပြီးမှတော့ တစ်ခါတည်း နေခဲ့လိုက်ပေတော့” ဖုန်းရွှမ်သည် အချိန်မရွေးပေါက်ကွဲတော့မည့် မီးတောင်တစ်လုံးနှယ် ဒေါသ အမျက်ချောင်းချောင်း ထနေခဲ့သည်။ ထို့ကြောင့် သူ့ကျင့်စဉ်ကို အဆုံးစွန်ထိ လှည့်ပတ်၍ နယ်ပယ်စက်ကွင်းတစ်ခု ဖန်တီးလိုက်လေသည်။
ထိုနယ်ပယ်စက်ကွင်း၏ လွှမ်းခြုံခြင်းခံလိုက်ရသည့်အခိုက် စက်ကွင်းထဲ ရောက်ရှိသွားကြသော ကျင့်ကြံသူများ၏ စိတ်ဆန္ဒတို့မှာ အဆပေါင်းများစွာ မြှင့်တင်ခြင်း ခံလိုက်ရလေရာ၊ မည်သူမှ မည်သည့်အရာကိုမှ သေချာအာရုံမစိုက်တော့နိုင် ဖြစ်သွားရသည်။
ဤသည်မှာ ရမ္မက်ရှာကျင့်စဉ်၏ ကြောက်စရာကောင်းသည့်အချက်ပင်။ ဤကျင့်စဉ်ကို ထုတ်သုံးလိုက်မည်ဆိုလျှင် တစ်ဖက်လူ၏ အတွင်းစိတ်ထဲ ကိန်းအောင်းနေသည့် စိတ်ဆန္ဒရိုင်းများကို နှိုးဆွပေးနိုင်ပေသည်။ သေခြင်းရှင်ခြင်း တိုက်ပွဲတစ်ခုကို ဆင်နွှဲရာနှင့် တဒင်္ဂဟူသော အခိုက်အတန့်လေးသည်ကပင်လျှင် အလွန်တရာကိုမှ အရေးပါလေရာ တစ်ချက်မျှ သတိလွတ်သွားခြင်းသည် မည်သို့သော ရလဒ်မျိုးကို ဖြစ်စေနိုင်သလဲ သိသာလှပေသည်။
ကျင့်စဉ်ကို အသက်သွင်းလိုက်ပြီးသည့်နောက်တွင် ဖုန်းရွှမ်သည် သွေးချီတို့ လှိုင်လှိုင်ထနေသည့် လှံတစ်ချောင်းကို ထုတ်ယူလိုက်သည်။ ထို့နောက်တွင် ဖုန်းရွှမ်သည် လှံထဲသို့ ဧကရာဇ်ချီကို ထည့်သွင်းလျက် ရန်ကိုင်ဆီသို့ ပစ်လွှတ်လိုက်လေ၏။
ခရက်...
လှံတံသည် ခရမ်းရောင် လျှပ်စီးတန်းတစ်ခုအသွင်သို့ပြောင်းလျက် ကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအားကို သယ်ဆောင်ရင်း ရန်ကိုင်ဆီသို့ တိုးဝင်သွားခဲ့သည်။
“ရမ္မက်ရှာမဟာဧကရာဇ်က ချန်ခဲ့တဲ့ လေမိုးကြိုးလှံပဲ”
ထိုလှံကိုမြင်လိုက်သည်နှင့် ဧကရာဇ်အဆင့် တော်တော်များများ မှတ်မိသွားကြလေသည်။
ရမ္မက်ရှာဂိုဏ်းကို ရမ္မက်ရှာမဟာဧကရာဇ်မှ တည်ထောင်ခဲ့ခြင်းဖြစ်ကာ ရမ္မက်ရှာကျင့်စဉ်သည်လည်း ထိုမဟာဧကရာဇ်ကပင် ဖန်တီးခဲ့သည့် ကျင့်စဉ်တစ်ခု ဖြစ်ပေသည်။ ထိုအရာများအပြင် ရမ္မက်ရှာမဟာဧကရာဇ်သည် သူ၏ မျိုးဆက်များအတွက် အဖိုးတန်ပစ္စည်းများကိုလည်း ချန်ထားရစ်ခဲ့ပေသေးသည်။
လေမိုးကြိုးလှံသည် ရမ္မက်ရှာမဟာဧကရာဇ် အသက်ရှင်စဉ်က အသုံးပြုခဲ့သည့် လှံတစ်ချောင်းဖြစ်ကာ အလွန်ကိုမှ အဖျက်စွမ်းအား ပြင်းထန်ပေသည်။
တိုက်ပွဲစသည်နှင့် ဤလှံအား ထုတ်သုံးသည်ကိုကြည့်လျှင် ဖုန်းရွှမ် ရန်ကိုင်အပေါ် မည်မျှ သတ်ချင်စိတ်ပြင်းပြနေကြောင်း မြင်တွေ့နိုင်ပေသည်။
တိုးဝင်လာနေသည့် လှံတံကိုကြည့်ရင်း ရန်ကိုင်၏ အမူအရာ လေးနက်တည်ကြည်သွားခဲ့သည်။ ထိုလှံချက်အောက်ဝယ် သူ့ကိုယ်သူ အချိန်မရွေး သေသွားရတော့မည့်နှယ် ခံစားနေခဲ့ရသည်။ ကျိယောင်၏ မျက်နှာမှာလည်း မဆိုသလောက်ကလေး ဖြူလျော်သွားခဲ့လေသည်။
ထိုအခိုက်အတန့်တွင် ရန်ကိုင်မှ သူ့လက်ကို ဆန့်ထုတ်လိုက်ရာ သူ့လက်ထဲ ခေါင်းလောင်းလေးတစ်လုံး ပေါ်လာခဲ့လေသည်။ တောင်နဲ့မြစ်ခေါင်းလောင်ပင်...
ထိုခေါင်းလောင်း ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကောင်းကင်နှင့် မြေပြင်ကိုပင် ဖိနှိပ်ပစ်နိုင်သော အရှိန်အဝါတစ်ရပ် ရုတ်တရက် ပျံ့လွင့်လာခဲ့ရာ ရန်ကိုင်ဆီသို့ ပြေးဝင်လာနေကြသည့် ဧကရာဇ်အဆင့် ကျင့်ကြံသူအားလုံး၏ ခြေလှမ်းများ ရုတ်ချည်း ရပ်တန့်သွားခဲ့ရပြီး တောင်တစ်လုံး၏ ဖိချခြင်းခံရသည့်အလား အသက်ရှူမဝ ဖြစ်လာခဲ့လေသည်။
အခြေအနေမှာ ထိုမျှနှင့်ပင် မရပ်တန့်သေးဘဲ ရန်ကိုင်သည် ခေါင်းလောင်းအား သူ့လက်ဝါးဖြင့် ရိုက်ချလိုက်လေသည်။
ဒေါင်...
ခေါင်းလောင်းသံသည် အဘက်ဘက်သို့ ပျံ့နှံ့လာခဲ့သည်။ ခေါင်းလောင်းသံ ပျံ့လွင့်လာသည်နှင့် ကောင်းကင်ထက် ဝဲနေကြသည့် ကျင့်ကြံသူပေါင်းများစွာတို့မှာ ခွေးကျဝက်ကျ ပြုတ်ကျလာခဲ့ကြလေသည်။ ဧကရာဇ်အဆင့် ပညာရှင်များသည်ပင် ထိုစွမ်းအားကို ခုခံနိုင်ရုံလေးသာ ခုခံနိုင်ခဲ့သည်။
“ဘာကြီးလဲ” ဖုန်းရွှမ် ဒယီးဒယိုင် ဖြစ်သွားခဲ့သည်။ ထိုစွမ်းအားအောက်ဝယ် သူ့ကဲ့သို့ အားကောင်းလှသော လူ၏အရှိန်အဝါသည်ပင်လျှင် ဒယီးဒယိုင် ဖြစ်သွားခဲ့ရ၏။
ဒေါင်... နောက်ထပ် ကျယ်လောင်သည့် ခေါင်းလောင်းသံ ထွက်ပေါ်လာခဲ့သည်။ ယခုတစ်ကြိမ် ခေါင်းလောင်းသံမှာတော့ လေမိုးကြိုးလှံမှ ခေါင်းလောင်းအား လာရောက် ထိမှန်သည့်အတွက်ကြောင့် ထွက်ပေါ်လာသည့် အသံဖြစ်ပေသည်။
မှော်ရတနာနှစ်ခု ထိသွားသည်နှင့် တစ်ပြိုင်နက် လေမိုးကြိုးလှံတံ၏ မူရင်းပုံစံ ပြန်ပေါ်လာခဲ့သည်။ လှံတံ၏ တောက်ပသည့် အရောင်အဝါမှာ ရုတ်ချည်းဆိုသလို မှိန်ကျသွားခဲ့ပါသော်ငြား တောင်နဲ့မြစ်ခေါင်းလောင်းမှာတော့ ခြစ်ရာပင်မထင်ဘဲ အကောင်းအတိုင်းသာ ရှိနေပေသေးသည်။
သို့ရာတွင် ခေါင်းလောင်ပိုင်ရှင်ရန်ကိုင်မှာမူ သွေးတစ်ပွက် ထိုးအန်လိုက်ရလေ၏။
တောင်နဲ့မြစ်ခေါင်းလောင်းမှာ လှံတံကြောင့် ခြစ်ရာပင် မထင်သွားခဲ့ရပါသော်ငြား ခေါင်းလောင်းနှင့် စိတ်ချင်းဆက်သွယ်ထားသည့် ရန်ကိုင်မှာတော့ လှံတံ၏စွမ်းအားကို ခံစားလိုက်ရကာ သွေးစတ်ပွက် ထိုးအန်လိုက်ရသည်။
“သွားရအောင်” ထိုသို့အော်ဟစ်ပြီးနောက်တွင် ရန်ကိုင်သည် တောင်နဲ့မြစ် ခေါင်းလောင်းကို ပြန်သိမ်း၍ ကျိယောင်နှင့်နန်မန်တကျွင်းတို့ကို သူ၏ လေဟာနယ် နိယာမစွမ်းအားဖြင့် လွှမ်းခြုံလျက် တည်နေရာခုန်ကူးလိုက်လေသည်။
ရန်ကိုင်တို့ ပျောက်ကွယ်သွားသည့်နောက်တွင် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်မှုတို့ကသာ ကြီးစိုးသွားခဲ့လေသည်။
အကုန်လုံးမှာ ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။ အစောပိုင်းက လူကူညီရန် ကြံနေကြသည့် ဧကရာဇ်အဆင့် ကျင့်ကြံသူများပင်လျှင် ကြောင်တောင်တောင် ဖြစ်နေကြ၏။
တိုက်ပွဲကြာချိန်မှာ အလွန်ကိုမှ တိုတောင်းပါသော်ငြား တိုက်ပွဲဆီမှ ဖြာထွက်လာသည့် စွမ်းအင်လှိုင်းတို့မှာတော့ အထင်းသားပင်။ ဧကရာဇ်ပထမအဆင့်သာ ရှိသေးသော လူငယ်လေးသည် ဖုန်းရွှမ်ကဲ့သို့ ဧကရာဇ်တတိယအဆင့်သို့ ရောက်နေသော ပညာရှင်တစ်ဦးလက်မှ ထွက်ပြေးလွတ်မြောက်သွားနိုင်လိမ့်မည်ဟု မည်သူမှ မထင်ခဲ့ပေ။
“သူဘယ်ရောက်သွားတာလဲ”
“အဲ့ကောင်လေး ဘယ်ရောက်သွားတာလဲ”
“အဲ့ကောင်က ဘယ်သူလဲကွ”
ဧကရာဇ်အဆင့်ပညာရှင်များ၏ ရင်ထဲ သံသယရိပ်တို့ လှိုက်တက်လာခဲ့သည်။ မည်သူမှ သူတို့၏ သံသယများကို ပြန်မဖြေနိုင်ခဲ့ကြပေ။ ရမ္မက်ရှာဂိုဏ်းသည်သာ ထိုလူ မည်သူ ဖြစ်သလဲဆိုသည်ကို သိလောက်သည်။ သို့သော်ငြား မည်သူကများ သွားမေးရဲပါမည်နည်း။ လက်ရှိတွင် ဖုန်းရွှမ်မှာ အလွန်ကိုမှ ဒေါသထွက်နေခဲ့သည်။ ထို့ကြောင့် မည်သူမှ သူ့အား သွားမမေးရဲခဲ့ကြပေ။