← Chapters

အခန်း (၂၆၄၂)

Vol. 113 Ch. 2642

အခန်း (၂၆၄၂)

Vol. 113 Ch. 2642

“လေဟာနယ်နိယာမစွမ်းအားတွေ… အဲ့ကောင် တကယ်ကြီး လေဟာနယ်နိယာမစွမ်းအားကို သုံးသွားတာလားဟ…” တစ်ယောက်ယောက်က ရုတ်တရက် ထအော်လေသည်။ ထိုအော်သံသည် ဘေးပတ်ဝန်းကျင်အနှံ့ ပျံ့နှံ့သွားခဲ့သည်။

ထိုအသံကို ကြားလိုက်သည့်အခိုက် ဧကရာဇ်အဆင့်ပညာရှင်အားလုံး၏ အမူအယာများ လေးနက်တည်ကြည်သွားကြသည်။

လေဟာနယ်တာအိုသည် ကြယ်တာရာအစုအဝေးထဲတွင် ရှိနေသော ပညာရှင်အချို့သည်သာ နားလည်နိုင်သည့်အရာမျိုး ဖြစ်သည်။ ရှင်းရှင်းပြောရလျှင် ကြယ်တာရာအစုအဝေးတစ်ခုလုံး၌ အရှေ့ဘက်နယ်မြေရှိ စိတ်ဝိဉာဉ်သားရဲကျွန်းမှ ပညာရှင်တစ်ဦးသည်သာ လေဟာနယ်တာအိုကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်သည်ဟု ပြောကြလေသည်။ သို့သော်ငြား ထိုလူသည် အားကောင်းလှသော ဧကရာဇ်တတိယအဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားလေ၏။

ယခုမူ ဧကရာဇ်ပထမအဆင့်သာ ရှိသေးသော လူငယ်လေးတစ်ဦးသည် လေဟာနယ်ပညာရပ်ကို ဤအတိုင်းအတာထိ သုံးပြသွားခဲ့လေသည်။

“အဲ့ခေါင်းလောင်းက တောင်နဲ့မြစ်ခေါင်းလောင်းမလား…” တခြားတစ်ယောက်က ခေါင်းလောင်းကိုမှတ်မိသွားပြီး ပြောလိုက်လေ၏။

“တောင်နဲ့မြစ်ခေါင်းလောင်း… ယွမ်တင်းမဟာဧကရာဇ်ရဲ့ မှော်ရတနာကိုပြောတာလား…”

“ဟုတ်တယ်လေ… ယွမ်တင်းမဟာဧကရာဇ်ရဲ့ တောင်နဲ့မြစ်ခေါင်းလောင်းပဲ… ငါ့တပည့်ဆီကနေ ကြားတာတော့ ယွမ်တင်းမဟာဧကရာဇ်ရဲ့ တောင်နဲ့မြစ်ခေါင်းလောင်းက ကြယ်ပျက်ပင်လယ်ထဲမှာ ပေါ်လာတယ်တဲ့… ဒါပေမယ့် ပေါ်လာပြီး မကြာဘူး အားလုံးရဲ့မြင်ကွင်းကနေ ပျောက်ကွယ်သွားတယ်တဲ့… ကြည့်ရတာ တစ်ယောက်ယောက်က တောင်နဲ့မြစ်ခေါင်းလောင်းကို သန့်စင်သွားတဲ့ပုံပဲ…”

“ဟူး… အဲ့ကောင်က လေဟာနယ်တာအိုကိုလည်း ကျွမ်းကျင်တယ်… တောင်နဲ့မြစ်ခေါင်းလောင်းကိုလည်း သန့်စင်ထားတယ်… ကောင်းလိုက်တဲ့ကံကွာ…”

“အဲ့လူက ဘယ်သူလဲ…”

အကုန်လုံး စိတ်ထဲ မယုံသင်္ကာဖြစ်နေစဉ် ဖုန်းရွှမ်၏ ဒေါသတကြီးအော်ဟစ်သံ အဘက်ဘက်သို့ ပျံ့နှံ့လာခဲ့လေသည်။ “ရန်ကိုင်… မင်း မိုးမြေအဆုံး ထွက်ပြေးမယ်ဆိုရင်တောင် ငါ မင်းကို လိုက်သတ်မယ်ကွ…”

“ရန်ကိုင်…”

“အဲ့ဒါက ရမ္မက်ရှာဂိုဏ်းက ရှာနေတဲ့လူ မဟုတ်ဘူးလား…”

“ဟုတ်တယ်… သူက ရေခဲနှလုံးသားတောင်ကြားနဲ့ ရင်းနှီးတယ်တဲ့… အဲ့ဒါကြောင့်ပဲ ရမ္မက်ရှာဂိုဏ်းက ရေခဲနှလုံးသားတောင်ကြားကို သူနဲ့ပတ်သက်တဲ့အကြောင်းတွေ သွားမေးတာ… ဟိုက ဘာမှပြန်မပြောလို့ စစ်ဖြစ်ကြတာ…”

“ဒီတော့ အဲ့ကောင်က ရန်ကိုင်ပေါ့…”

ယခင်က ရန်ကိုင် မည်သူမည်ဝါပင် ဖြစ်နေစဉ်ကာမူ ယနေ့မှစ၍ သူသည် စတင်၍ နာမည်ကျော်ကြားလာပေတော့မည်။ ရန်ကိုင်သည် ရမ္မက်ရှာဂိုဏ်း၏ အကြီးအကဲတစ်ဦးကို သတ်ဖြတ်သွားခဲ့ရုံမက နန်မန်တကျွင်းကိုပါ ရမ္မက်ရှာဂိုဏ်း၏ဂိုဏ်းချုပ် ဖုန်းရွှမ်၏ ရှေ့တည့်တည့်မှာပင် ဖမ်းသွားခဲ့လေသည်။ ထို့အပြင် ရန်ကိုင်သည် အောင်အောင်မြင်မြင်နှင့်လည်း ပြန်လည်ဆုတ်ခွာသွားနိုင်ခဲ့သေးသည်။

သာမန်ပါရမီရှင်တစ်ဦးသည် ရန်ကိုင်ကဲ့သို့ လုံးဝမလုပ်နိုင်ပေ။

ရန်ကိုင်မှ လေဟာနယ်ပညာရပ်ကို အသုံးပြုနိုင်စွမ်းနှင့် တောင်နဲ့မြစ်ခေါင်းလောင်းအား ပိုင်ဆိုင်ထားသည့်သတင်းသည် တောမီးလောင်သည့်ပမာ လျင်မြန်စွာ ပျံ့နှံ့လာတော့သည်။

မကြာခင်အချိန်အတောအတွင်း မြောက်ဘက်နယ်မြေတွင်ရှိနေသည့် ကျင့်ကြံသူအားလုံး ရန်ကိုင်၏နာမည်ကို စတင်ကြားရပေတော့မည်။

လူတိုင်းသည် လေဟာနယ်တာအိုကို ကျွမ်းကျင်နိုင်ကြသည်မဟုတ်။ သူတို့အနေဖြင့် ရန်ကိုင်ကို ဖမ်းဆီး၍ ရန်ကိုင်ဆီမှ လေဟာနယ်တာအိုနှင့် ပတ်သက်သည့် အကြောင်းအရာများကို သွားရောက်မေးမြန်းမည်ဆိုလျှင်ပင် လေဟာနယ်တာအိုကို ကျွမ်းကျင်နိုင်ကြလိမ့်မည်မဟုတ်ချေ။

ထို့အပြင် တောင်နဲ့မြစ်ခေါင်းလောင်းသည် ယွမ်တင်းမဟာဧကရာဇ်၏ လက်စွဲတော်မှော်ရတနာဖြစ်ကာ ထိုမှော်ရတနာကို ယွမ်တင်းမဟာဧကရာဇ်မှ ရှေးဟောင်းကုန်းမြေထဲမှ ယူလာသည်ဟု ပြောကြသည်။

မဟာဧကရာဇ်များကြားတိုက်ပွဲတွင် ယွမ်တင်းမဟာဧကရာဇ်သည် ပထမဦးဆုံးသေခဲ့ရသူ ဖြစ်ပါသော်ငြား ထိုသို့ဖြစ်ရခြင်းမှာ ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်မှ တောင်နဲ့မြစ်ခေါင်းလောင်းကို ကြောက်ရွံ့သည့်အတွက်ကြောင့် သူ့အား ပထမဦးဆုံး သတ်ဖြတ်ခဲ့သည့် အတွက်ကြောင့်သာ ဖြစ်ပေသည်။

ဤတောင်နဲ့မြစ်ခေါင်းလောင်းသည် ကြယ်တာရာအစုအဝေး၏ အားအကောင်းဆုံးသော ပညာရှင်ပင်လျှင် ကြောက်ရွံ့ရသည့် မှော်ရတနာတစ်ခု ဖြစ်လေရာ သူတို့သာ ထိုရတနာကို ရလိုက်မည်ဆိုပါက သူတို့၏ခွန်အားမှာ ကြောက်ခမန်းလိလိ မြင့်မားလာရပေလိမ့်မည်။

ရန်ကိုင်နှင့် ကျိယောင်သည် ရေခဲနှလုံးသားတောင်ကြားဆီသို့ တည်နေရာ ပြန်လည်ခုန်ကူးလာခဲ့လေသည်။

စွမ်းအင်လှိုင်းများကို အာရုံခံမိလိုက်သော် ကျန်းစွန်းယင်သည် အလျင်အမြန်ပြေးလာပြီး မော့ကြည့်လိုက်ရာ ရန်ကိုင်နှင့် ကျိယောင်တို့ကို မြင်သွားလေသည်။ ထို့နောက် အလန့်တကြား ဆိုလိုက်လေ၏။ “စီနီယာအစ်ကိုရန်… ရှင် ဒဏ်ရာရထားတယ်…”

ရန်ကိုင်က လက်ဝှေ့ယမ်း၍ ပြန်ပြောလိုက်သည်။ “ငါ ဘာမှမဖြစ်ဘူး…”

ကျန်းစွန်းယင်က ဆက်ပြောလိုက်သည်။ “စီနီယာတို့နှစ်ယောက် ပြန်လာကြပြီပေါ့… ဆရာက စီနီယာတို့နှစ်ယောက်ကို အရမ်းစိတ်ပူနေတာ… ရန်သူတွေကို အထိတ်အလန့်ဖြစ်သွားအောင် လုပ်မိမှာစိုးလို့သာ တောင်ကြားထဲမှာပဲ ငြိမ်နေခဲ့တာ…”

ထိုသို့ပြောပြီးသည့်နောက်မှသာ ကျန်းစွန်းယင်သည် ရန်ကိုင်ခေါ်လာသည့် နန်မန်တကျွင်းကို သတိထားမိသွားပြီး မေးလိုက်လေ၏။ “သူက ဘယ်သူလဲ…”

ကျိယောင်က ပြန်ပြောလိုက်သည်။ “နန်မန်တကျွင်း…”

ကျန်းစွန်းယင် ဝမ်းသာအားရ ထခုန်လေသည်။ “စီနီယာတို့ အောင်မြင်လာခဲ့တယ်ပေါ့…”

လွန်ခဲ့သောရက်များအတွင်း ရန်ကိုင် အပြင်ဘက်၌ ဘာလုပ်နေသလဲဆိုသည်ကို သူမ မသိချေ။

ကျိယောင်ထွက်သွားသည့်အခါမှသာ ရန်ကိုင်သည် နန်မန်တကျွင်းအား လက်စရှင်းပစ်ရန် ကြိုးစားနေမှန်း နားလည်သွားတော့သည်။ ယခု ရန်ကိုင်သည် နန်မန်တကျွင်းကို ဖမ်းဆီးလာနိုင်ခဲ့လေရာ သူတို့အစီအစဉ်မှာ အောင်မြင်သွားသည်ဟု ပြော၍ရပေသည်။

ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး နန်မန်တကျွင်းအား ကျန်းစွန်းယင်လက်ထဲသို့ ထည့်ပေးလိုက်ကာ ပြောလိုက်လေ၏။ “ငါ သူ့ကို နင့်ဆီအပ်ထားလိုက်မယ်… သူ့ကို ဘယ်လိုလုပ်မလဲဆိုတာတော့ စီနီယာပင်းယွင်ပဲ ဆုံးဖြတ်လိုက်ပေါ့… အခု ငါဒဏ်ရာတွေ အရင်ပြန်သွားကုန်လိုက်ဦးမယ်…”

ထိုသို့ပြောပြီးသည့်နောက် ကျိယောင်ဘက်သို့လှည့်၍ “ဂျူနီယာညီမယောင်… မနက်ဖြန် ငါ့ကိုလာတွေ့… ငါ နင့်အကူအညီလိုတဲ့ ကိစ္စတစ်ခုရှိတယ်…”

ကျိယောင်သည် မည်သည့်အပိုမေးခွန်းမှ မေးမနေခဲ့ဘဲ ခေါင်းညိတ်လိုက်လေသည်။

ထို့နောက် ရန်ကိုင် ထွက်ခွာသွားခဲ့လေ၏။

နန်မန်တကျွင်း၏ ကျင့်ကြံခြင်းမှာ ချိတ်ပိတ်ခြင်း ခံထားရပါသော်ငြား နန်မန်တကျွင်းသည် ပညာရှင်တစ်ဦးပီပီ ရန်သူလက်ထဲသို့ ကျရောက်နေသည့်တိုင် အနည်းငယ်မျှပင် ထိတ်လန့်သွားခဲ့ခြင်းမရှိချေ။ ဘေးဘီဝဲယာအား တည်တည်ငြိမ်ငြိမ်ဖြင့် လှည့်ပတ်ကြည့်လိုက်ပြီးသည့်နောက် “ဒီတော့ ဒါက ရေခဲနှလုံးသားတောင်ကြားပေါ့… ငါ ဒီနေရာကို လာလည်ချင်နေခဲ့တာကြာပြီ… အခုလိုမျိုး အကျဉ်းသားတစ်ယောက်အဖြစ်နဲ့ လာရလိမ့်မယ်လို့တော့ တစ်ခါမှ မတွေးထားခဲ့ဖူးဘူး…”

ကျန်းစွန်းယင်သည် ကျိယောင်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြလေသည်။ ကျန်းစွန်းယင်သည် သူမလက်ကို ဧည့်သည်တစ်ဦးအား ကြိုဆိုသည့် ပုံစံမျိုး လုပ်ပြလျက် “ဒီအတိုင်း လိုက်လာခဲ့ပေးပါ အစီအရင်ပညာရှင်နန်မန်… ကျွန်မ ရှင့်ကို ဆရာနဲ့တွေ့ဖို့ ခေါ်သွားပေးပါမယ်…”

နန်မန်တကျွင်းက ယဲ့ယဲ့လေးပြုံးလျက် “အင်း…”

နန်မန်တကျွင်း၏ ပျာယာခတ်ခြင်း အလျဉ်းမရှိ တည်ငြိမ်သည့်ပုံစံကြောင့် ရေခဲနှလုံးသားတောင်ကြားမှ တပည့်များမှာ နန်မန်တကျွင်းအပေါ် အထင်အမြင်အသစ်ဖြင့် စတင်ရှုမြင်လာကြလေသည်။ ရေခဲနှလုံးသားတောင်ကြား ဤကဲ့သို့ အခြေအနေမျိုးနှင့် ရင်ဆိုင်နေရသည်မှာ နန်မန်တကျွင်းကြောင့်လည်း ပါပါသော်ငြား ရှင်းရှင်းပြောရလျှင် နန်မန်တကျွင်းနှင့် ရေခဲနှလုံးသားတောင်ကြားအကြား မည်သည့်ရန်ငြိုးရန်စမှ မရှိချေ။ နန်မန်တကျွင်းသည် အခကြေးငွေယူ၍ အလုပ်လုပ်နေခြင်းသက်သက်သာ ရှိပေသည်။

ယခု နန်မန်တကျွင်းအား ဖမ်းဆီးလာပြီ ဖြစ်သည့်အတွက်ကြောင့် လတ်တလော ရေခဲနှလုံးသားတောင်ကြား ရင်ဆိုင်နေရသည့် အခက်အခဲမှာ ပြေလည်သွားပြီဟု ပြော၍ရပေသည်။ ထို့အတွက်ကြောင့် နန်မန်တကျွင်းအား ဆက်၍ ဒုက္ခပေးနေ၍လည်း ဘာမှ ထူးလိမ့်မည်မဟုတ်ပေ။

ခြံဝန်းငယ်လေးထဲရှိ အခန်းထဲတွင် ရန်ကိုင်သည် တင်ပလင်ခွေထိုင်လျက် ကုသရေးဆေးလုံးများကို သောက်သုံးကာ ကျင့်ကြံနေခဲ့သည်။

တစ်ညတာ အနားယူအားဖြည့်ပြီးသည့်နောက်တွင် ရန်ကိုင်၏ ဒဏ်ရာအများစုမှာ ပြန်လည်သက်သာလာခဲ့လေ၏။

နောက်တစ်နေ့မနက်တွင် ရန်ကိုင်သည် အခန်းတံခါးကိုဖွင့်ကာ အခန်းထဲမှ ထွက်လာခဲ့လိုက်သည်။

ကျိယောင်သည် အပြင်ဘက်၌ သူ့အား စောင့်နေခဲ့လေသည်။

ရန်ကိုင်သည် ကျိယောင်ကိုကြည့်၍ ပြောလိုက်သည်။ “ငါ စီနီယာပင်းယွင်နဲ့ တွေ့ချင်တယ်…”

“ကျွန်မနောက်လိုက်ခဲ့ပေး…” ကျိယောင်က ပြန်ပြောလိုက်သည်။ ထို့နောက် ရှေ့မှဦးဆောင်၍သွားနေစဉ် ဆက်သွယ်ရေးမှော်ရတနာကိုထုတ်ကာ ပင်းယွင်အား သတင်းပို့လိုက်သည်။

မကြာမီ ရန်ကိုင်တို့နှစ်ဦး ပင်းယွင်နေသည့် နေရာဆီသို့ ရောက်လာခဲ့လေသည်။ ရန်ကိုင်နှင့်တွေ့သော် ပင်းယွင်သည် ရန်ကိုင်အား ကျေးဇူးတင်စကား ဆိုလိုက်လေ၏။ ရန်ကိုင်၏အကူအညီကြောင့်သာ မဟုတ်ပါက သူတို့အနေဖြင့် နန်မန်တကျွင်းအား အလွယ်တကူ ဖမ်းဆီးနိုင်ခဲ့လိမ့်မည် မဟုတ်ချေ။

ပင်းယွင်မှာ ရန်ကိုင်ထက် အားကောင်းပါသော်ငြား ယခုကဲ့သို့သော ကိစ္စမျိုးသည် အားကောင်းနေရုံဖြင့် လုပ်နိုင်သည့် အရာမျိုး မဟုတ်ပေ။

“နန်မန်တကျွင်းကို ဘယ်လိုလုပ်မှာလဲ…” ရန်ကိုင်က မေးလိုက်လေသည်။

ပင်းယွင်က ပြန်ပြောလိုက်၏။ “ငါ သူနဲ့ သဘောတူညီမှုတစ်ခု လုပ်ထားတယ်… အခု ရေခဲနှလုံးသားတောင်ကြားကို ရောက်နေတုန်း ငါတို့ သူ့လုံခြုံရေးနဲ့ ပတ်သက်ပြီး အာမခံပေးမယ်… သူ့ဘက်ကနေတော့ ငါတို့ရေခဲနှလုံးသားတောင်ကြားကို တိုက်ခိုက်တဲ့ကိစ္စမျိုးမှာ ဝင်မပါဖို့ ကတိပေးရမယ်.. ရှင်းရှင်းပြောရရင် အခု သူက ငါတို့အတွက် ဧည့်သည့်တစ်ယောက်ပဲ… စစ်ပွဲကြီးပြီးသွားတာနဲ့ ငါတို့ သူ့ကို ပြန်ပို့ပေးမှာ…”

“စီနီယာက ကြင်နာတတ်တာပဲ…ရန်ကိုင်က ခေါင်းညိတ်လိုက်လေသည်။

ရန်ကိုင်သာဆိုလျှင်တော့ နန်မန်တကျွင်းအား သင်ခန်းစာကောင်းကောင်း ပေးပစ်ပေလိမ့်မည်။ နန်မန်တကျွင်းအား မသတ်ပစ်လျှင်ပင် အနည်းဆုံးတော့ သူ့ဒေါသကို ဖွင့်ထုတ်ဖို့ရာ နန်မန်တကျွင်းအား ကျိန်းသေ နှိပ်စက်ပေလိမ့်မည်။

ပင်းယွင်က ပြုံးလျက် “တကယ်တော့ သူက ငါတို့ခေတ်အခါရဲ့ အစီအရင်ပညာရှင်တစ်ယောက်လေ… နောက်ပိုင်းကြရင် ငါတို့ရေခဲနှလုံးသားတောင်ကြားက သူ့အကူအညီတွေကို လိုရင်လိုလာမှာ… ဒီတော့ သူနဲ့ ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ထားတာလည်း မမှားပါဘူး.. ပြီးတော့ သူက ငါတို့ကို တမင်သက်သက် ပစ်မှတ်ထားတာ မဟုတ်ဘူးလေ…”

ရန်ကိုင်သည် နန်မန်တကျွင်းအကြောင်း ဆက်ပြောမနေတော့ဘဲ ခေါင်းစဉ်ပြောင်းကာ မေးလိုက်လေ၏။ “စီနီယာ… ကျုပ်တောင်းထားတဲ့ပစ္စည်းတွေ အဆင်သင့်ပြင်ပြီးသွားပြီလား…”

ထိုစကားကိုကြားသော် ပင်းယွင်သည် ရန်ကိုင်ဆီသို့ သိုလှောင်လက်စွပ်တစ်ကွင်း ပစ်ပေးလိုက်လေ၏။ “အကုန်လုံး အဲ့ထဲမှာပါတယ်… တစ်ချက် စစ်ဆေးကြည့်လိုက်…”

ရန်ကိုင်လည်း သိုလှောင်လက်စွပ်ကို ဖမ်းယူ၍ ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်လေ၏။ “ရတယ်… အဆင်ပြေတယ်…”

ထို့နောက် ပင်းယွင်က နားမလည်နိုင်ဟန်ဖြင့် မေးခွန်းထုတ်လိုက်လေသည်။ “နင် ဒီလောက်များတဲ့ လေဟာနယ်ဝိဉာဉ်သလင်းကျောက်တွေနဲ့ လေဟာနယ်ဝိဉာဉ်ကျောက်စိမ်းတွေကိုယူပြီး ဘာလုပ်မလို့လဲ… ငါသိသလောက်ဆိုရင် ဒီပစ္စည်းတွေကို သိုလှောင်လက်စွပ်တွေ ဖန်တီးတဲ့နေရာမှာပဲ သုံးတာပါ… နင် သိုလှောင်လက်စွပ်တွေ လုပ်ချင်လို့လား…”

ရန်ကိုင်က ပြုံးလျက် “သိုလှောင်လက်စွပ်တွေအကြောင်းတော့ ကျုပ်မသိဘူး… ဒါပေမယ့် ဒီကောင်တွေကို သိုလှောင်လက်စွပ်လုပ်တဲ့အပြင်ကိုမှ အခြားနေရာမှာလည်း သုံးသေးတယ်…”

ကျိယောင်က ချက်ချင်းပြန်ပြောလိုက်၏။ “ဟင်းလင်းပြင်အစီအရင်လား…”

“ဟုတ်တယ်…” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်သည်။ “ကျုပ် ရေခဲနှလုံးသားတောင်ကြားထဲမှာ ဟင်းလင်းပြင်အစီအရင်တစ်ခု ခင်းကျင်းချင်တာ… စီနီယာစိတ်ထဲ နေရာကောင်းတစ်ခုခုလောက် စဉ်းစားမိလား… အစောင့်အကြပ်ထူထပ်ပြီး ပုံမှန် အလွယ်တကူ မမြင်နိုင်တဲ့နေရာမျိုးဆိုရင် ပိုကောင်းတယ်…”

ပင်းယွင် နားမလည်နိုင် ဖြစ်သွားခဲ့လေသည်။ “ဘာလို့ ဒီလောက် အလုပ်ရှုပ်ခံနေတာလဲ… ငါတို့ ရေခဲနှလုံးသားတောင်ကြားထဲမှာ ဟင်းလင်းပြင်အစီအရင်တစ်ခု ရှိတယ်လေ… အဲ့အစီအရင်နဲ့ မြောက်ဘက်နယ်မြေက နေရာအများစုကို သွားလို့ရနေတာပဲဟာကို… ပတ်ဝန်းကျင်တစ်ခုလုံးကို အစီအရင်နဲ့ ပိတ်ကာထားတယ်ဆိုပေမယ့် အဲ့ဟင်းလင်းပြင်အစီအရင်က သုံးလို့ရနေပါသေးတယ်…”

ရန်ကိုင်က ခေါင်းခါလျက် “ဒီဟင်းလင်းပြင်အစီအရင်ကို ကျုပ်ကိုယ်တိုင်ခင်းကျင်းမှာ…”

ရန်ကိုင်က ခေါင်းမာမာဖြင့် ဆက်ပြောနေသည်ကို မြင်သော် ပင်းယွင်က ပြန်၍ပြောလိုက်လေ၏။ “ရေခဲကန်ဆိုရင်ရော…”

ရန်ကိုင်က မျက်ခုံးပင့်လိုက်၏။ “ကျိယုကို အကျဉ်းချခဲ့တဲ့နေရာလား… အဲ့နေရာကတော့ ကောင်းပါတယ်…”

ပင်းယွင်က ပြန်ပြောလိုက်သည်။ “ဒါဆိုရင် အဲ့နေရာမှာပဲ သွားခင်းလိုက်ပေါ့…”

“ဒါပေမယ့် အဲ့နေရာက ရေခဲနှလုံးသားတောင်ကြားရဲ့ တားမြစ်နေရာမဟုတ်ဘူးလား…” ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့သည်။

ပင်းယွင်က ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်သည်။ “အရင်တုန်းကတော့ တားမြစ်နေရာပေါ့… ဒါပေမယ့် နင် အဲ့ဓာတ်လုံးကို ထုတ်သွားပြီးတည်းက တားမြစ်နေရာမဟုတ်တော့ဘူး…”

ရန်ကိုင်ကြောင်သွားခဲ့ပြီး ရှက်ရှက်ဖြင့် ရယ်လိုက်လေသည်။

လွန်ခဲ့သောနှစ်အနည်းငယ်ခန့်က ရေခဲနှလုံးသားတောင်ကြားကို ရောက်လာခဲ့စဉ် ရန်ကိုင်သည် တားမြစ်နေရာထဲမှ ဆောင်းဓာတ်လုံးကို ယူသွားခဲ့လေသည်။ ထိုဆောင်းဓာတ်လုံးကြောင့်ပင် ရန်ကိုင်သည် ဥတုလေးမျိုး ဓာတ်လုံးလေးခုအား စုံလင်အောင် စုဆောင်းနိုင်ခဲ့ပြီး အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်ကို နားလည်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။

ယခင်က ရေခဲနှလုံးသားတောင်ကြားသည် ဆောင်းဓာတ်လုံးကို အသုံးပြု၍ ရေခဲနှလုံးသားတောင်ကြားမှ တပည့်များ ကျင့်ကြံရန်အတွက်ရော အကျဉ်းချရန်အတွက်ပါ အသုံးဝင်သည့် တားမြစ်နေရာတစ်ခုကို ဖန်တီးခဲ့ပေသည်။ ယခု ဆောင်းဓာတ်လုံး မရှိတော့သည့်အတွက်ကြောင့် ထိုတားမြစ်နေရာမှာ အလိုလို ပျောက်ကွယ်သွားခဲ့လေ၏။

“ဟင်းလင်းပြင်အစီအရင်ကို ခင်းကျင်းတယ်ဆိုတာ လွယ်တာမဟုတ်ဘူး… ရန်ကိုင် နင်က အစီအရင်တွေကိုပါ ကျွမ်းကျင်တာလား…” ပင်းယွင်က မေးခွန်းထုတ်လိုက်သည်။

ရန်ကိုင်က ခေါင်းခါလျက် ပြန်ပြောလိုက်၏။ “အစီအရင်တစ်မျိုးကိုပဲ ကျုပ် ခင်းကျင်းတတ်တာ… အဲ့ဒါတောင် ဟိုးအရင်တုန်းက စီနီယာတစ်ယောက်က သင်ပေးသွားခဲ့လို့…”

ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်စိတ်ထဲ အနက်ရောင်ဝတ်ရုံကို အမြဲတစေ ဝတ်ဆင်ထားလေ့ရှိသော အမျိုးသမီးတစ်ဦးကို ပြန်မြင်ယောင်မိသွားသည်။ (ယန်ယန်…)

ရန်ကိုင် သူမအား မတွေ့ခဲ့ရသည်မှာ အတော်ကြာနေလေပြီ။ လွန်ခဲ့သောနှစ်များအတွင်း ရန်ကိုင် ကြယ်တာရာအစုအဝေးသို့ ရောက်လာပြီးသည့်နောက် ပညာရှင်ပေါင်းများစွာအကြောင်း ကြားခဲ့ရပါသော်ငြား ယန်ယန်အကြောင်းတော့ မကြားခဲ့ရပေ။ ထို့နည်းတူစွာပင်လျှင် သူမနှင့်ပတ်သက်သည့် မည်သည့်သတင်းမှလည်း မကြားခဲ့ရ။

စိတ်ရှုပ်စရာအတွေးများကို ခေါင်းထဲမှ ဖယ်ထုတ်လိုက်ပြီးသည့်နောက် ရန်ကိုင်က ထရပ်၍ ပြောလိုက်လေသည်။ “ဒါဆို ကျုပ် အခု ဟင်းလင်းပြင်အစီအရင် သွားခင်းကျင်းလိုက်တော့မယ်… ဂျူနီယာညီမယောင်… ကျေးဇူးပြုပြီး ငါ့ကို ကူညီပေးပါဦး…”

ပင်းယွင်က ပြောလိုက်၏။ “ယောင်အာ… ရန်ကိုင်နောက် လိုက်သွားလိုက်… သူတစ်ခုခုလိုတာနဲ့ ကူညီပေးလိုက်…”

“ဟုတ်ကဲ့…” ကျိယောင်က ပြန်ပြောလိုက်သည်။

ဤသို့ဖြင် ရန်ကိုင်တို့နှစ်ဦးသည် နန်းတော်ထဲမှ ထွက်လာခဲ့ပြီး ယခင်က ရေခဲနှလုံးသားတောင်ကြား၏ တားမြစ်နေရာဖြစ်ခဲ့သော ရေခဲကန်ဆီသို့ ဦးတည်လာခဲ့လေသည်။ မကြာမီ ထိုနေရာသို့ ရောက်လာခဲ့လေသည်။

ရန်ကိုင် ယခင်တစ်ကြိမ် ဤနေရာသို့ ရောက်လာစဉ်က ဤနေရာတစ်ခုလုံးမှာ ခြောက်ခြားဖွယ်ကောင်းလောက်အောင် အေးစက်နေခဲ့သည်။ သို့သော်ငြား ဤနေရာသည် ယခုမူ ရေခဲနှလုံးသားတောင်ကြား၏ အခြားသောနေရာများနှင့် မခြားတော့ချေ။

ယခင်က ဆောင်းဓာတ်လုံးကို ထားခဲ့သည့် ယဇ်ပုလ္လင်ကြီးမှာတော့ ယခုအချိန်အထိတိုင် ရေကန်၏အလယ်ဗဟိုတွင် ရှိနေသေးဆဲပင်။

ရန်ကိုင်သည် ထိုနေရာတစ်ဝိုက်အား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပြီးသည့်နောက် ပြောလိုက်လေ၏။ “ဒီနေရာကမဆိုးဘူးပဲ… ငါ ဒီမှာပဲ ခင်းကျင်းလိုက်တော့…” ရန်ကိုင်က ကျေကျေနပ်နပ်ဖြင့် ရေရွတ်လိုက်သည်။

ထို့နောက် သူ့လက်ကို ဝှေ့ယမ်းလျက် လိုအပ်သည့် ပစ္စည်းအမယ်အားလုံးကို ထုတ်ယူလိုက်လေသည်။

ရန်ကိုင်သည် ဤကဲ့သို့သော ဟင်းလင်းပြင်အစီအရင်များကို တစ်ကြိမ်မက ခင်းကျင်းခဲ့ဖူးသည်။ ဟုန်းလော့ကြယ်စီရင်စုကြီးတွင် ရှိစဉ်က ရန်ကိုင်သည် ကျင့်ကြံသူများ သွားရလာရ လွယ်ကူစေနိုင်ရန်အတွက် ကျင့်ကြံရေးကြယ်များပေါ်တွင် ဟင်းလင်းပြင်အစီအရင်များ လိုက်လံခင်းကျင်းပေးခဲ့ကာ ကျင့်ကြံရေးကြယ်များကို ဆက်သွယ်ပေးခဲ့လေသည်။

ရန်ကိုင်မှ ထိုအစီအရင်များကို မခင်းကျင်းစဉ်က ဟုန်းလော့ကြယ်စီရင်စုထဲ၌ ရှိကြသည့် ကျင့်ကြံသူများသည် ကျင့်ကြံရေးကြယ်တစ်လုံးမှ အနီးဆုံး ကျင့်ကြံရေးကြယ်တစ်လုံးဆီသို့ သွားရန် လပေါင်းများစွာ အချိန်ယူကြရပေသည်။ သို့သော်ငြား ရန်ကိုင်၏ ဟင်းလင်းပြင်အစီအရင် ထွက်ပေါ်လာပြီးသည့်နောက်တွင် ထိုကျင့်ကြံသူများအဖို့ ကျင့်ကြံရေးကြယ်တစ်လုံးမှ အခြားကြယ်တစ်လုံးသို့ တစ်ခဏအတွင်း သွားရောက်နိုင်လာလေ၏။

ရန်ကိုင်အနေဖြင့် ဟင်းလင်းပြင်အစီအရင်များကို မခင်းကျင်းခဲ့သည်မှာ အတော်လေးကြာနေလေပြီ။ ထို့အတွက်ကြောင့် ရန်ကိုင်လည်း အနည်းငယ်မျှ အသားကျသွားအောင် လုပ်ဖို့လိုဦးမလားဟု တွေးမိသွားလေ၏။ သို့သော်ငြား ယခင်ကတည်းက အကြိမ်ပေါင်းများစွာ ခင်းကျင်းထားဖူးသူ ဖြစ်သည့်အတွက်ကြောင့် သူ့အတွက် အရမ်းကြီးတော့ မခက်လောက်ပေ။

All Chapters