← Chapters

အခန်း (၂၆၄၃)

Vol. 113 Ch. 2643

အခန်း (၂၆၄၃)

Vol. 113 Ch. 2643

ရန်ကိုင်သည် ယန်ယန်မှ သင်ပေးခဲ့သော ဟင်းလင်းပြင်အစီအရင်ကို ကောင်းစွာနားလည်ထားခဲ့သည်။

ရန်ကိုင်နေရာတွင်သာ အခြားသော အစီအရင်ပညာရှင်တစ်ဦး ဖြစ်ပါက နန်မန်တကျွင်းဖြစ်မည်ဆိုလျှင်ပင် ဟင်းလင်းပြင်အစီအရင်အား အကြမ်းဖျင်းခင်းကျန်းရန်အတွက်ပင် သုံးလမှ ငါးလခန့် အချိန်ယူရပေလိမ့်မည်။ ထိုမျှသာလျှင် မဟုတ်သေးဘဲ ထိုဟင်းလင်းပြင်အစီအရင်နှင့် ပတ်သက်၍ အမှားအယွင်းမရှိအောင် သေချာစစ်ဆေးရန်လည်း လိုပေသေးသည်။ သို့သော်ငြား ဟင်းလင်းပြင်အစီအရင်များသည် လေဟာနယ်တာအိုနှင့် ပတ်သက်နေသည့်အတွက်ကြောင့် သူတို့ဘာလုပ်နေသလဲဆိုသည်ကို သေချာ အသေးစိတ် နားလည်သွားခဲ့သည့် အခါမှသာလျှင် အစီအရင်ပညာရှင်များသည် ဟင်းလင်းပြင်အစီအရင်ကို ခင်းကျင်းနိုင်ကြပေသည်။

သို့သော်ငြား ရန်ကိုင်ကမူ ထိုကဲ့သို့မဟုတ်။ ရန်ကိုင်သည် လေဟာနယ်တာအိုကို ကျွမ်းကျင်ထားသည့်အတွက်ကြောင့် လေဟာနယ်နိယာမစွမ်းအားများကို အသုံးချနိုင်ကာ ဟင်းလင်းပြင်အစီအရင် ခင်းကျင်းရန်နှင့် ပတ်သက်လာသော် အခြားသူများထက် နှာတစ်ဖျားပိုသာနေခဲ့လေသည်။

ကျိယောင်၏အကူအညီဖြင့် ရန်ကိုင်သည် နေ့တစ်ဝက်အတွင်း အခြေခံအခင်းအကျင်းကို ပြီးစီးအောင် လုပ်နိုင်ခဲ့သည်။ ထို့နောက် လေဟာနယ်ဝိဉာဉ်သလင်းကျောက်များနှင့် လေဟာနယ်ဝိဉာဉ်ကျောက်စိမ်းများကို အသင့်ပြင်ထားသည့်နေရာများထဲ လိုက်ထည့်လေ၏။ တစ်ရက်ကြာပြီးသည့်နောက်တွင် ရန်ကိုင် သက်ပြင်းတစ်ချက် ချလိုက်သည်။ ယခု အစီအရင်ပြီးသွားခဲ့လေပြီ။

“ပြီးသွားပြီလား…” ကျိယောင်က မေးလိုက်လေသည်။ သူမ၏လေသံမှာ သာမန်သာဖြစ်ပါသော်ငြား ထိတ်လန့်တုန်လှုပ်နေသည့် အရိပ်အယောင်များကိုတော့ သူမ၏မျက်လုံးထဲ အထင်းသား မြင်တွေ့နေခဲ့ရသည်။

ဟင်းလင်းပြင်အစီအရင်များသည် ခင်းကျင်းရန် အလွန်ခက်သည်ဟု ပြောကြသည်။ ဟင်းလင်းပြင်အစီအရင်တစ်ခုကို ခင်းကျင်းရန်အတွက် လူအင်အားများစွာ၊ ငွေကြေးအင်အားများစွာနှင့် အချိန်များစွာ လိုအပ်သည်ဟုလည်း ပြောကြသည်။ လက်ရှိအခြေအနေအရ ကြယ်တာရာအစုအဝေးထဲရှိ ပညာရှင်အချို့သည်သာ ဟင်းလင်းပြင်အစီအရင်တစ်ခုအား ခင်းကျင်းနိုင်ကြပေသည်။

သို့သော်ငြား ရန်ကိုင်သည် ကျိယောင်ရှေ့တည့်တည့်တွင်ပင် ဟင်းလင်းပြင်အစီအရင်တစ်ခုကို တစ်ရက်အတွင်း ခင်းကျင်းပြသွားခဲ့သည်။

“ပြီးသွားပြီ…” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီးသည့်နောက် ဟင်းလင်းပြင်အစီအရင်အား အမှားအယွင်းရှိမရှိ လှည့်ပတ်စစ်ဆေးကြည့်လိုက်လေသည်။ အကုန်လုံး အဆင်ပြေနေမှန်း သိလိုက်ရပြီးသည့်နောက် ကျေနပ်စွာ ခေါင်းညိတ်လိုက်လေ၏။

ရန်ကိုင်အနေဖြင့် ဟင်းလင်းပြင်အစီအရင်များအား မခင်းကျင်းခဲ့သည်မှာ နှစ်အတော်ကြာနေပြီဖြစ်သော်ငြား ပြန်လည်ခင်းကျင်းသည့်အခါ သိပ်မခက်လှကြောင်း တွေ့လိုက်ရလေသည်။ ထပ်တလဲလဲ လေ့ကျင့်ထားသည့်အရာ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်လက်မှာ လုံးဝကို အသားကျနေခဲ့လေသည်။

လက်ရှိ ရန်ကိုင်ခင်းကျင်းထားသည့် ဟင်းလင်းပြင်အစီအရင်မှာ လေးမီတာအကျယ်လောက်သာ ရှိပြီး အသေးစားဟင်းလင်းပြင်အစီအရင်တစ်ခု ဖြစ်သည်ဟု ပြော၍ရပေသည်။ ဤဟင်းလင်းပြင်အစီအရင်သည် တစ်ကြိမ်လျှင် လူဆယ်ဦးလောက်ကိုသာ အများဆုံး သယ်ယူပို့ဆောင်ပေးနိုင်လေသည်။ ဤဟင်းလင်းပြင်အစီအရင်၏ အုတ်မြစ်ကို မြေကြီးထဲတွင် စိုက်ထူထားခဲ့ပြီး မြေပေါ်တွင်မူ အပေါ်ယံအခင်းအကျင်းကိုသာ ပြင်ဆင်ထားခဲ့လေသည်။

ဟင်းလင်းပြင်အစီအရင်ပေါ်၌ အရင်းအမြစ်ကျောက်များ ထည့်သိမ်းရန်အတွက် ပြုလုပ်ထားသော ရာနှင့်ချီသည့် တွင်းပေါက်လေးများ ရှိနေခဲ့သည်။

“ဒါက ဘယ်နေရာကို ဆက်သွယ်ထားတာလဲ…” ကျိယောင်က မေးလိုက်လေသည်။

ရန်ကိုင်က ခေါင်းခါလျက် ပြန်ပြောလိုက်သည်။ “ဘယ်နေရာကိုမှ မဆက်သွယ်ရသေးဘူး… ဒီတိုင်းပဲ သီးသန့်ဟင်းလင်းပြင်အစီအရင်တစ်ခုပဲ…”

“သီးသန့်…” ကျိယောင် ကြောင်သွားခဲ့လေသည်။ “ဒါဆိုရင် ဒါကို ဘာအတွက်သုံးမှာလဲ…”

ဟင်းလင်းပြင်အစီအရင်များသည် တစ်ခုနှင့်တစ်ခု ဆက်သွယ်ထားမှသာလျှင် အသုံးဝင်နိုင်ပေသည်။ ထို့အတွက်ကြောင့် ဟင်းလင်းပြင်အစီအရင်များကို ခင်းကျင်းပါက နေရာနှစ်ခုတွင် ဟင်းလင်းပြင်အစီအရင်နှစ်ခုကို ခင်းကျင်းရပေသည်။ သို့မှသာ ကျင့်ကြံသူတစ်ဦးသည် ထိုဟင်းလင်းပြင်အစီအရင်နှစ်ခုကိုသုံးလျက် တစ်ခုမှ တစ်ခုဆီသို့ သွားလာနိုင်ပေလိမ့်မည်။

တစ်ခုတည်း သီးသန့်တည်ရှိနေသော ဟင်းလင်းပြင်အစီအရင်များသည် ဘာမှ အသုံးမဝင်ကြပေ။

“အခုတော့ အသုံးမဝင်သေးဘူးပေါ့… ဒါပေမယ့် နောက်ပိုင်းကြရင် အသုံးဝင်လာမှာလေ…” ရန်ကိုင်က ပြုံးဖြီးလျက် ပြန်ပြောလိုက်သည်။ ရန်ကိုင် ဘာကြံနေလို့ ကြံနေမှန်း ကျိယောင်မသိချေ။ သို့သော်ငြား ရန်ကိုင်ပုံစံအရ သူစီစဉ်ထားသည့်အရာကို ထုတ်မပြောချင်သည်မှာ အသိသာကြီးပင်။ ထို့အတွက်ကြောင့် ကျိယောင်လည်း သိချင်စိတ်အား ချုပ်တည်းထားရုံသာ တတ်နိုင်ခဲ့လေသည်။

“ငါ့ကို ရေခဲနှလုံးသားတောင်ကြားက ဟင်းလင်းပြင်အစီအရင်ဆီ ခေါ်သွားပေး… ပြီးရင် အရှေ့ဘက်နယ်မြေနဲ့ အနီးဆုံးနေရာဆီကိုပို့ပေး… ရှေးဟောင်းကုန်းမြေကို အဲ့ကနေ ပြန်သွားရမယ်…” ရန်ကိုင်က ကျိယောင်ဘက်သို့လှည့်၍ ပြောလိုက်သည်။

ကျိယောင်၏မျက်လုံးလေးများ ပြူးကျယ်လာပြီး ချက်ချင်းပဲ ခေါင်းညိတ်ပြလိုက်လေသည်။ “ငါ့နောက်လိုက်ခဲ့…”

ရန်ကိုင် ရှေးဟောင်းကုန်းမြေထဲ ဘာသွားလုပ်ချင်နေသနည်း။ အကြောင်းအရင်းကို သူမ သိပေသည်။ ရမ္မက်ရှာဂိုဏ်းအား ထောက်ပံ့ပေးထားသည့် အင်အားစုများမှာ အလွန်ကိုမှ အားကောင်းလှသလို အရေအတွက်လည်း များလှသည်။ သူတို့တွင် အနည်းဆုံး ဧကရာဇ်အဆင့်ပညာရှင် သုံးဆယ်မှ လေးဆယ်ခန့်အထိ ရှိနေပြီး ထိုဧကရာဇ်အဆင့် ပညာရှင်များထဲ ဧကရာဇ် ဒုတိယအဆင့်နှင့် တတိယအဆင့် ပညာရှင်များစွာလည်း ပါဝင်နေကြပေသည်။ ရေခဲနှလုံးသားတောင်ကြား၏ လက်ရှိခွန်အားဖြင့် ထိုအင်အားစုကြီးကို မည်သို့မှ တွန်းလှန်နိုင်လိမ့်မည်မဟုတ်ဘဲ တကယ်သာ တိုက်ပွဲဖြစ်ပြီဆိုပါက အမြစ်ပြတ် ရှင်းထုတ်ခြင်းသာ ခံရပေလိမ့်မည်။

သို့သော်ငြား ရန်ကိုင်သည်သာ ရှေးဟောင်းကုန်းမြေမှ အကူအညီများကို ခေါ်လာနိုင်မည်ဆိုပါက အခြေအနေကို ပြောင်းပြန်လှန်ပစ်လိုက်နိုင်ပေလိမ့်မည်။ တကယ်တော့ မွန်းစတားဘုရင်တစ်ကောင်ချင်းစီသည် ဖုန်းရွှမ်တမျှ အားကောင်းလှသည် မဟုတ်ပေလော။

နှစ်ဦးသား လမ်းလျှောက်လာနေစဉ်အတောအတွင်း ရန်ကိုင်က ပြောလိုက်လေသည်။ “ငါ စီနီယာပင်းယွင်ကို သွားမနှုတ်ဆက်တော့ဘူး… ဒီတော့ ငါ့ကိုယ်စား သူ့ကို သွားနှုတ်ဆက်ပေးနော်… အခုသွားတာတော့ အနည်းဆုံး တစ်လလောက်တော့ ကြာလိမ့်မယ်… များရင်တော့ နှစ်လပေါ့… ဒါပေမယ့် ငါ ကျိန်းသေပြန်လာခဲ့မယ်… ရေခဲနှလုံးသားတောင်ကြားရဲ့ အကာအကွယ်အစီအရင်က အဲ့လောက်ထိတော့ တောင့်ခံထားနိုင်တယ်မလား…”

“အင်း…” ကျိယောင်က ခေါင်းညိတ်ပြလိုက်သည်။

“ပြီးတော့…” ရန်ကိုင်သည် သိုလှောင်လက်စွပ်ထဲမှ ကျောက်စိမ်းပြားတစ်ပြားကို ထုတ်ယူလိုက်ပြီး ထိုကျောက်စိမ်းပြားထဲသို့ သူ့ကောင်းကင်စိတ်အာရုံကို ထည့်သွင်း၍ တစ်ခုခုရေးခြစ်လိုက်ပြီးသည့်နောက် ကျိယောင်ဆီသို့ ပစ်ပေးကာ ပြောလိုက်လေ၏။ “ဒါကိုယူပြီးတော့ ရေခဲနှလုံးသားတောင်ကြားတပည့်တွေကို သင်ပေးထားလိုက်…”

ကျိယောင်သည် ကျောက်စိမ်းပြားထဲရှိ အကြောင်းအရာကို ဖတ်ကျိလိုက်ပြီးသည့်နောက် အထိတ်ထိတ်အလန့်လန့်ဖြင့် ရန်ကိုင်အား ပြန်မေးလိုက်လေသည်။ “ဒါ ဘာအစီအရင်ကြီးလဲ…”

ကျောက်စိမ်းပြားထဲတွင် မှတ်သားထားသည်မှာ ကျင့်စဉ်တစ်မျိုးမျိုးမဟုတ်ဘဲ ဆန်းကြယ်သည့် အစီအရင်တစ်ခုသာ ဖြစ်ပေသည်။ ကျိယောင်သည် အစီအရင်ပညာတွင် မကျွမ်းကျင်ပါသော်ငြား ရန်ကိုင်ပေးလာသည့် အစီအရင်အား မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ထိုအစီအရင်သည် သာမန်အစီအရင်တစ်ခု မဟုတ်မှန်း ချက်ချင်း တန်းပြောနိုင်ခဲ့သည်။

ထိုအစီအရင်၏ အကူအညီနှင့်သာ ဆိုပါက ရေခဲနှလုံးသားတောင်ကြားမှ တပည့်များ၏ ခွန်အားမှာ သိသိသာသာကို တိုးတက်လာပေလိမ့်မည်။

“ထောင့်ခုနှစ်သွယ်လိပ်နက်အစီအရင်ပဲ…” ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ဒါက အရှေ့ဘက်ကုန်းမြေမှာရှိတဲ့ လိပ်နက်ဂိုဏ်းရဲ့ ပင်မအမွေအနှစ်ပဲ…”

ထောင့်ခုနှစ်သွယ်လိပ်နက်အစီအရင်ကို မေပယ်မြို့တွင်ရှိနေသော ချင်းကျောင်းရန်မှ ရန်ကိုင်အား သင်ပေးခဲ့ခြင်း ဖြစ်ပေသည်။ ထိုစဉ်က မေပယ်မြို့တစ်ခုလုံးကို နတ်ဆိုးချီများမှ ဝန်းရံသွားသည့်အတွက်ကြောင့် ရန်ကိုင်တို့သည့် ခက်ခက်ခဲခဲဖြင့် ထောင့်ခုနှစ်သွယ်လိပ်နက်အစီအရင်ကို အသက်သွင်းကာ မေပယ်မြို့အနီးတစ်ဝိုက်တွင် ရှိနေသော ပေါက်နေသည့် နတ်ဆိုးချီများစိမ့်ထွက်နေသည့်နေရာကို ပြန်ဖာရန် ကြိုးစားခဲ့ရသည်။

သို့သော်ငြား ထိုစဉ်က ထောင့်ခုနှစ်သွယ်လိပ်နက်အစီအရင်မှာ ဖြုံလောက်အောင် အားကောင်းခြင်း မရှိခဲ့ချေ။ ထောင့်ခုနှစ်သွယ်လိပ်နက်အစီအရင်က အားနည်းနေခြင်းမဟုတ်ဘဲ အသုံးပြုနေသည့်လူများမှာ တာအိုသခင်အဆင့်သာ ရှိကြသေးသည့် အတွက်ကြောင့်သာ ဖြစ်လေသည်။

ထောင့်ခုနှစ်သွယ်လိပ်နက်အစီအရင်သည် အရှေ့ဘက်နယ်မြေတွင်ရှိသော လိပ်နက်ဂိုဏ်း၏ ပင်မအမွေအနှစ်တစ်ခု ဖြစ်ခဲ့လေသည်။ လူခုနှစ်ဦးသာ ထိုအစီအရင်ကို အတူတကွ သုံးစွဲလိုက်မည်ဆိုပါက တိုက်ခိုက်ရာတွင်လည်း အသုံးပြုနိုင်သလို ခုခံရာတွင်လည်း အသုံးပြုနိုင်ပေသည်။ အထူးသဖြင့် ထောင့်ခုနှစ်သွယ်လိပ်နက်အစီအရင်သည် ခုခံရာတွင် အလွန်ကိုမှ အားကောင်းလှပေသည်။

သို့သော်ငြား လိပ်နက်ဂိုဏ်းမှာ ရှီဟွော့အား ရန်စမိလိုက်သည့်အတွက်ကြောင့် ကံမကောင်းအကြောင်းမလှစွာဖြင့် အပြီးတိုင် ဖျက်ဆီးခြင်းခံလိုက်ရသည်။ လိပ်နက်ဂိုဏ်းမှာ အသည်းအသန် ပြန်လည်ခုခံတွန်းလှန်ခဲ့ပါသော်ငြား ရှီဟွော့၏စွမ်းအားကို မည်သို့မှ မလွန်ဆန်နိုင်ခဲ့ပေ။

မေပယ်မြို့ထဲတွင်ရှိနေသော ချင်းမိသားစု၏ဘိုးဘေးသည် လိပ်နက်ဂိုဏ်းမှ ထွက်ပြေးလာခဲ့သူတစ်ဦး ဖြစ်ပေသည်။ ဂိုဏ်းတစ်ခုလုံး ပျက်စီးသွားပြီးသည့်နောက် ထိုပညာရှင်သည် တောင်ဘက်နယ်မြေသို့ ထွက်ပြေးကာ မေပယ်မြို့တွင် အခြေချနေထိုင်ခဲ့သည်။ သို့သော်ငြား သူ့နောက်ပိုင်း ချင်းမိသားစုမှာ တစ်စထက်တစ်စ နိမ့်ကျလာခဲ့ရာ နောက်ဆုံးတွင် မိသားစုတစ်ခုလုံး၌ တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦး ပေါ်လာဖို့ရာပင် ခက်ခက်ခဲခဲ ဖြစ်လာရသည်အထိပင်။ ထို့အကြောင်းကြောင့်ပင်လျှင် သူတို့ဘိုးဘေးနောက်ပိုင်း မည်သူမျှ အနန္တဓါးကို မသုံးစွဲနိုင်ခဲ့ခြင်းလည်း ဖြစ်ပေသည်။

“ရမ္မက်ရှာဂိုဏ်းသာ အင်တိုက်အားတိုက် အလုံးအရင်းနဲ့ ဝင်လာမယ်ဆိုလို့ရှိရင် ဒီအစီအရင်ကိုသုံးပြီးတော့ အကျအဆုံးတွေကို လျှော့ချလို့ရတယ်…” ရန်ကိုင်က ပြောလိုက်သည်။

ရမ္မက်ရှာဂိုဏ်းဘက်တွင် ကျင့်ကြံသူများ သိန်းနှင့်ချီကာ ရှိနေကြသည်။ ထိုကျင့်ကြံသူများသည် နောက်ခံအမျိုးမျိုးမှ လာကြသူများ ဖြစ်ကြပြီး တစုတဝေးတည်း မရှိကြပါသော်ငြား အရေအတွက်ကွာခြားချက်မှာ အလွန်တရာကိုမှ ကြီးမားလွန်းလှပေသည်။ ရေခဲနှလုံးသားတောင်ကြား၏ ခုနှစ်ထောင်မျှသော တပည့်များသည် ထိုသိန်းနှင့်ချီသည် ကျင့်ကြံသူများကို မည်သည့်နည်းနှင့်မှ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။

ထို့အတွက်ကြောင့် ဤထောင့်ခုနှစ်သွယ်လိပ်နက်အစီအရင်သည် ရေခဲနှလုံးသားတောင်ကြားထဲတွင် ရှိနေသော တပည့်များစွာအတွက် အသက်ကယ်ပစ္စည်းတစ်ခု ကျိန်းသေ ဖြစ်လာပေလိမ့်မည်။

“ရေခဲနှလုံးသားတောင်ကြားက ညီအစ်မတွေကိုယ်စား စီနီယာအစ်ကိုရန်ကို ကျိယောင် ကျေးဇူးအများကြီးတင်ပါတယ်…” ကျိယောင်က ရုတ်တရက် ရန်ကိုင်အား ကျေးဇူးတင်စကား ဆိုလိုက်လေသည်။

ရေခဲနှလုံးသားတောင်ကြားကို ကယ်တင်ပေးနိုင်ရန်အတွက် ရန်ကိုင် အသည်းအသန်ကြိုးစားနေသည်ကို ကျိယောင် မြင်ခဲ့ရသည်။ ယခုဆိုလျှင်လည်း ဤအားကောင်းလှသည့် အစီအရင်ကိုပင် သူတို့ဆီသို့ ပေးလာခဲ့သည်။ ကျိယောင်အနေဖြင့် ရန်ကိုင်အား အမှန်တကယ်ကို ကျေးဇူးတင်မိနေခြင်း ဖြစ်ပေသည်။ ဤလောကကြီးထဲတွင် မိမိကောင်းစားနေချိန် မိမိအား လာရောက်ဖားယားသည့် ကျင့်ကြံသူပေါင်းများစွာ ရှိနေကြပါသော်ငြား ဒုက္ခတစ်ခုခုနှင့် ရင်ဆိုင်ရနေချိန်တွင်တော့ မိမိအား ကူညီပေးနိုင်မည့်လူဆို၍ အနည်းငယ်လောက်သာ ရှိကြပေသည်။

ရန်ကိုင်က ရယ်မောလျက် ပြန်ပြောလိုက်၏။ “ငါက စီနီယာပင်းယွင်နဲ့ ရင်းနှီးတယ်လေ… ဒီတော့ ဒီလောက်က ဘာမှမဟုတ်ပါဘူး.. ညီမကျိယောင် နောက်ပိုင်း ငါ့ကို ဆက်မစဖို့ပဲ‌ မျှော်လင့်ပါတယ်…”

ရန်ကိုင် မည်သည့်အရာကို ပြောချင်နေမှန်း သဘောပေါက်လိုက်သဖြင့် ကျိယောင်၏မျက်နှာလေး ရဲတက်သွားခဲ့လေသည်။ သို့သော်ငြား ရန်ကိုင်မှ သူမအား ရေချိုးဆောင်ထဲတွင် ခေါင်းအစ ခြေအဆုံး မိမွေးဖမွေးအတိုင်း မြင်သွားခဲ့ချိန်၊ တည်းခိုခန်းထဲတွင် ရှိနေစဉ်က ရန်ကိုင်၏ပုခုံးကို နှိပ်နယ်ပေးခဲ့ချိန်များကို ပြန်စဉ်းစားမိလိုက်သည့်အခါ ကျိယောင်မှာ ရှက်လွန်းသဖြင့် တွင်းတစ်တွင်းတူးကာ ပြေးပုန်းချင်စိတ်များပင် ဖြစ်ပေါ်လာခဲ့ရသည်။

ထိုစဉ်က သူမ မည်ကဲ့သို့များ စိတ်ကယောင်ခြောက်ခြားဖြစ်၍ ယောက်ျားတစ်ဦးဖြစ်သည့် ရန်ကိုင်အား သူမဆရာနှင့် အထင်မှားရလေသလဲ ဆိုသည်ကို ကျိယောင် နားမလည်နိုင်အောင် ဖြစ်ခဲ့ရသည်။

ဤသည်မှာ သူမတစ်ဘဝလုံး ဖျောက်ဖျက်၍ ရတော့မည် မဟုတ်သည့် အမည်းစက်ကြီးတစ်ခုပင် ဖြစ်ပေသည်။

လက်ကျန်ခရီးတစ်လျှောက်လုံး ရန်ကိုင်နှင့် ကျိယောင်တို့နှစ်ဦးစလုံး စကားမပြောကြချေ။

မကြာမီ ရန်ကိုင်နှင့် ကျိယောင်သည် ရေခဲနှလုံးသားတောင်ကြား၏ ဟင်းလင်းပြင်အစီအရင်ရှေ့သို့ ရောက်လာကြလေသည်။

ဤဟင်းလင်းပြင်အစီအရင်သည် တစ်လမ်းသွားအစီအရင်တစ်ခု ဖြစ်ပေသည်။ တစ်နည်းဆိုရသော် ရေခဲနှလုံးသားတောင်ကြားမှ အပြင်ဘက်သို့သာ သွားနိုင်ပြီး အပြင်ဘက်ဆီမှ ရေခဲနှလုံးသားတောင်ကြားသို့ မလာနိုင်ကြပေ။

ဂိုဏ်းအများစုတွင် ရှိနေသော ဟင်းလင်းပြင်အစီအရင်များသည် တစ်လမ်းသွားဟင်းလင်းပြင်အစီအရင်များသာ ဖြစ်ကြပေသည်။ သို့မှသာ ရန်သူများသည် အခြားသော နေရာများတွင် ရှိနေသည့် ဟင်းလင်းပြင်အစီအရင်များမှ သူတို့ဆီသို့ ကျူးကျော်မလာနိုင်မည် မဟုတ်ပေလော။ သို့သော်ငြား လက်ရှိ ရမ္မက်ရှာဂိုဏ်းနှင့် ရင်ဆိုင်နေရသည့် အခြေအနေကြောင့် ပင်းယွင်သည် လိုရမယ်ရ ဤဟင်းလင်းပြင်အစီအရင်အား ပိတ်ချထားခဲ့ပေသည်။

ကျိယောင်၏အကူအညီဖြင့် ဤဟင်းလင်းပြင်အစီအရင်ကို ပြန်ဖွင့်ဖို့ရာတော့ သိပ်မခက်လှပေ။ မကြာမီ ဟင်းလင်းပြင်အစီအရင် အသက်ဝင်လာခဲ့လေသည်။ လိုအပ်သည့်အရင်းအမြစ်ကျောက်များကို ထည့်သွင်းပြီးသည့်နောက် ရန်ကိုင်သည် ဟင်းလင်းပြင်အစီအရင်ပေါ်သို့ တက်ကာ ကျိယောင်၏မြင်ကွင်းမှ တမုဟုတ်ချည်း ပျောက်ကွယ်သွားခဲ့သည်။

ကျိယောင်သည် ရန်ကိုင်ပျောက်ကွယ်သွားသည့်နေရာအား ငြိမ်သက်စွာ စိုက်ကြည့်နေပြီးသည့်နောက်တွင် ချက်ချင်းပဲ ပင်းယွင်အား အစီအရင်ခံတင်ပြရန် လှည့်ထွက်သွားလေသည်။

သူမအနေဖြင့် ရန်ကိုင်ပေးသွားသည့် ထောင့်ခုနှစ်သွယ်လိပ်နက်အစီအရင်ကို ပင်းယွင်ဆီသို့ ပေးကာ တပည့်များအား သင်ပေးချင်ပေသည်။

မြောက်ဘက်နယ်မြေ အစွန်အဖျားရှိ မြို့တစ်မြို့တွင် ရန်ကိုင် ပေါ်လာခဲ့လေသည်။ ဟင်းလင်းပြင်အစီအရင်ထဲမှ ထွက်လာပြီးသည့်နောက် လမ်းကြောင်းများ မေးမြန်းကာ အရှေ့ဘက်နယ်မြေသို့ ဦးတည်နေသည့်ဘက်ဆီသို့ ပျံသန်းထွက်ခွာလာခဲ့လေသည်။

ဤနေရာမှာ နယ်စပ်မြို့တစ်မြို့သာ ဖြစ်ပါသော်ငြား ရန်ကိုင်အနေဖြင့် မြောက်ဘက်နယ်မြေမှ ထွက်သွားနိုင်ရန်အတွက် ငါးရက်ခန့် အချိန်ယူလိုက်ရသည်။

ရက်နှစ်ဆယ်ခန့် မရပ်မနား ပျံသန်းလာပြီးသည့်နောက်မှသာ ရှေးဟောင်းကုန်းမြေအပြင်ဘက်တွင် ရှိနေသော မြို့ဆီသို့ ရန်ကိုင်ရောက်လာခဲ့ရလေသည်။

ယခုအချိန်တွင် ရန်ကိုင်စိတ်ထဲ ကြိတ်၍ ညီးတွားနေခဲ့လေသည်။ သူသည်သာ လွမ်ဖုန်း သို့မဟုတ် အခြားသူများအား ဆက်သွယ်ရေးဓာတ်လုံး သို့မဟုတ် ဆက်သွယ်ရေးမှော်ရတနာတစ်ခုခုသာ ပေးခဲ့မည်ဆိုပါက ယခုကဲ့သို့ အလုပ်ရှုပ်ခံနေစရာ မလိုတော့ဘဲ လွမ်ဖုန်းအား သူ့ဆီသို့လာရန် လှမ်းပြောနိုင်ပေသည်။ သို့သော်ငြား ထိုသို့လုပ်မထားခဲ့သည့်အတွက်ကြောင့် အချိန်ကုန်ခံ အလုပ်ရှုပ်ခံကာ သူတို့ဆီသို့ တကူးတက ထပ်သွားရပေတော့မည်။

ရှေးဟောင်းကုန်းမြေအပြင်ဘက်ဆီသို့ ရောက်လာပြီးသည့်နောက်တွင် ရန်ကိုင်သည် တစ်ခုသောအိမ်လေးဆီသို့ ပျံသန်းသွားလေ၏။ ထို့နောက် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်ရာ ရင်းနှီးနေသည့် အရှိန်အဝါကို ခံစားမိလိုက်လေသည်။ ထိုအိမ်ပိုင်ရှင် အလုပ်ကိစ္စကြောင့် အပြင်ရောက်နေမည်ကို ရန်ကိုင် အမှန်တကယ် စိတ်ပူနေခဲ့ရခြင်း ဖြစ်ပေသည်။

“လူအိုကြီးပန်…” ရန်ကိုင်က အိမ်ပေါက်မှနေ၍ လှမ်းအော်ခေါ်လိုက်လေသည်။

မကြာမီ လူအိုကြီးပန် ရန်ကိုင်ရှေ့၌ ပေါ်လာခဲ့သည်။ ရန်ကိုင်မှန်းသိလိုက်သော် လူအိုကြီးပန် ပြုံး၍ နှုတ်ဆက်လိုက်လေသည်။ “ဟိုး… သခင်လေးရန်ပါလား… သခင်လေးရန် မြို့ထဲကနေ ထွက်သွားပြီမဟုတ်ဘူးလား… ဘယ်လိုလုပ်ပြီး ပြန်ရောက်လာရတာလဲ…”

ရန်ကိုင်က အလေးအနက်အမူအယာဖြင့် ပြောလိုက်သည်။ “ကျုပ် ရှေးဟောင်းကုန်းမြေဆီ ထပ်သွားချင်လို့… လူအိုကြီးပန် ကျုပ်ကို တစ်ချက်လောက် ကူညီပေးပါဦး… ဒီမှာ လူအိုကြီးပန်အတွက် ဆု…”

ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် လူအိုကြီးပန်ဆီသို့ သိုလှောင်လက်စွပ်တစ်ကွင်း ပစ်ပေးလိုက်လေသည်။

လူအိုကြီးပန်သည် သိုလှောင်လက်စွပ်ကို လှမ်းဖမ်းလိုက်လေသည်။ သို့သော်ငြား အထဲရှိ ပစ္စည်းများကို မစစ်ဆေးခဲ့ဘဲ ရန်ကိုင်ဆီသို့သာ ပြန်၍ပစ်ပေးလိုက်လေသည်။ “မလိုပါဘူး သခင်လေးရန်ရာ… သခင်လေးရန် ရှေးဟောင်းကုန်းမြေထဲ သွားချင်မှတော့ ဒီလူအိုကြီးက ကူညီပေးမှာပေါ့…”

ရန်ကိုင်၏ အကူအညီကြောင့်သာ လူအိုကြီးပန်နှင့် သူ့မြေးလေးသည် ယောင်လင်းလက်မှ လွတ်မြောက်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။ ထို့အတွက်ကြောင့် လူအိုကြီးပန်အနေဖြင့် ရန်ကိုင်အား ရှေးဟောင်းကုန်းမြေထဲ လိုက်ပို့ပေးဖို့ရာ အခကြေးငွေ တောင်းမနေချင်တော့ပေ။

ရန်ကိုင်လည်း အတင်းအကြပ် ပေးမနေခဲ့ဘဲ ပြန်၍သာ ပြောလိုက်လေ၏။ “ဒါဆိုရင် ကျေးဇူးအများကြီးတင်ပါတယ် လူအိုကြီးပန်…”

လူအိုကြီးပန်က ပြောလိုက်လေသည်။ “သခင်လေးရန်… ခဏလောက်စောင့်ဦးနော်… ကျုပ် လင်းအာကို နေရာချပေးလိုက်ဦးမယ်…”

လူအိုကြီးပန်မှ ထိုကဲ့သို့ပြောလိုက်စဉ် အသက် ခုနှစ်နှစ် ရှစ်နှစ်အရွယ်လောက် ရှိမည့် ကောင်မလေးတစ်ဦး အိမ်ထဲမှ ပြေးထွက်လာခဲ့လေသည်။ ထိုကောင်မလေးမှာ လူအိုကြီးပန်၏ မြေးမလေး ရှောင်လင်းအာဖြစ်လေသည်။

ရန်ကိုင် ပထမဦးဆုံးအကြိမ် ဤနေရာသို့ ရောက်လာစဉ်က ရှောင်လင်းအာမှာ ဖျားနာနေခဲ့ပါသော်ငြား ယခုမူ ကောင်မလေးမှာ အလွန်ကိုမှ တက်ကြွလန်းဆန်းနေခဲ့လေသည်။

“အဖိုး ထပ်သွားဦးမလို့လား…” ရှောင်လင်းအာမှာ ငယ်ငယ်လေးသာ ရှိသေးပါသော်ငြား အလွန်ကိုမှ အလိုက်သိပေသည်။ ရန်ကိုင်အား သူမ၏ မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် စိုက်ကြည့်နေပြီးသည့်နောက် သူမ၏အဖိုးဘက်သို့ လှည့်၍ မေးလိုက်လေ၏။

လူအိုကြီးပန်သည် ရှောင်လင်းအာ၏ခေါင်းကို အသာအယာ ပုတ်ပေးလိုက်ပြီးသည့်နောက် ရှင်းပြလိုက်လေသည်။ “အဖိုး ထပ်သွားလိုက်ဦးမယ်… သိပ်မကြာဘူး… အဖိုးပြန်လာခဲ့မယ်… အိမ်မှာ ငြိမ်ငြိမ်လေးနေနော်… လျှောက်မသွားနဲ့နော်…”

“လင်းအာနားလည်ပါတယ် အဖိုး… လမ်းမှာလည်း ဂရုစိုက်ဦးနော်…” ကောင်မလေးက လူအိုကြီးပန်အား သတိပေးလိုက်လေသည်။

ထို့နောက်တွင် လူအိုကြီးပန်က ရန်ကိုင်ဘက်သို့လှည့်၍ ပြောလိုက်လေ၏။ “သခင်လေးရန် သွားကြရအောင်…”

All Chapters