အခန်း (၂၆၄၄)
Vol. 113 Ch. 2644
ရန်ကိုင်ကမူ မသွားခဲ့ဘဲ ရှောင်လင်းအာကိုကြည့်၍သာ ပြန်မေးလိုက်သည်။ “လူအိုကြီးပန်… လင်းအာက ငယ်ငယ်လေးပဲ ရှိသေးတာ… သူ့ကို အိမ်မှာ တစ်ယောက်တည်းထားခဲ့လို့ အဆင်ပြေပါ့မလား…”
မြို့ထဲတွင် လူမျိုးစုံနှင့် ပြည့်နေပေသည်။ စည်းမျဉ်းဥပဒေများ မရှိသည့်အတွက်ကြောင့် အချိန်တိုင်းလိုလို မြို့ထဲ၌ တိုက်ပွဲများ ဖြစ်နေတတ်ကြသည်။ ရှောင်လင်းအာသည် အသက် ခုနှစ်နှစ်လောက်သာ ရှိပေသေးသည်။ သူမသာ အန္တရာယ်တစ်ခုခုနှင့် ရင်ဆိုင်ရမည်ဆိုပါက သူမကိုယ်သူမ ကာကွယ်နိုင်လိမ့်မည် မဟုတ်ချေ။
လူအိုကြီးပန် ပြန်မဖြေရသေးခင်မှာပင် ရှောင်လင်းအာက ပြန်ပြောလိုက်လေ၏။ “လင်းအာ အဖိုးကို ပြဿနာပေးမှာမဟုတ်ဘူး…”
လူအိုကြီးပန်က ပြုံးလိုက်လေ၏။ “လင်းအာက အရမ်းလိမ်မာတာ… ငါမရှိရင် သူ အပြင်ထွက်မှာမဟုတ်ဘူး…”
ရန်ကိုင်က ခေါင်းခါလိုက်လေသည်။ ဤကိစ္စမှာ လင်းအာ အပြင်ထွက်ထွက် မထွက်ထွက် အရေးကြီးသည့်ကိစ္စမဟုတ်။ တစ်ယောက်ယောက်သာ လင်းအာအား အန္တရာယ်ပေးချင်ပါက သူမအနေဖြင့် အိမ်ထဲတွင် ပုန်းနေမည်ဆိုလျှင်ပင် အသုံးမဝင်ပေ။ ယခုအချိန်ထိ လင်းအာ အန္တရာယ်ကင်းကင်းနှင့် ရှိနေရသည့် အပေါ်တွင်ပင် ရန်ကိုင် အတော်လေးကိုမှ အံ့အားသင့်နေမိသည်။
ခဏမျှ စဉ်းစားနေပြီးသည့်နောက်တွင် ရန်ကိုင်က ပြန်မေးလိုက်သည်။ “လူအိုကြီးပန်… လင်းအာကို ဂိုဏ်းတစ်ဂိုဏ်းဂိုဏ်းဆီ ပို့ပြီး ကျင့်ကြံခိုင်းဖို့ စိတ်ကူးဖူးလား…”
လူအိုကြီးပန်က မဲ့ပြုံးပြုံးလျက် “စဉ်းစားဖူးတာပေါ့… ဒါပေမယ့် ငါ့မှာ အဆက်အသွယ်မရှိဘူးလေ… ဒီတော့ လင်းအာကို ဂိုဏ်းတစ်ဂိုဏ်းဂိုဏ်းဆီ ပို့ဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘူး… ဂိုဏ်းငယ်လေးတွေဆီ ပို့ဖို့ကြတော့လည်း… သူတို့ဆီပို့မယ့်အစား ငါ့ဘာသာငါပဲ သင်ပေးလိုက်တော့မှာပေါ့… ဂိုဏ်းကြီးတွေဆီကို ပို့ပေးချင်ပေမယ့် ဂိုဏ်းကြီးတွေက ဝင်ဖို့ လွယ်တာမှမဟုတ်တာ…”
“ကျုပ်ထောက်ခံပေးမယ်ဆိုရင်ရော…” ရန်ကိုင်က ပြောလိုက်သည်။ “ကျုပ်ထောက်ခံပေးတာကို ဒီတစ်ကြိမ် လိုက်ပို့ပေးတဲ့ အခအဖြစ် သတ်မှတ်လိုက်လေ…”
လူအိုကြီးပန် ကြောင်သွားခဲ့ပြီး ဝမ်းသာအားရဖြင့် ပြန်ပြောလိုက်လေသည်။ “သခင်လေးရန်… မင်း တကယ်ပြောနေတာလား…”
ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် “ကျုပ် သူ့ကို ဘယ်နေရာဆီ ပို့ပေးမလဲဆိုတာ ခင်ဗျား ဘာလို့ အရင်မမေးလိုက်တာလဲ…”
လူအိုကြီးပန်က ပြန်ပြောလိုက်သည်။ “သခင်လေးရန်ကိုယ်တိုင်က ထောက်ခံပေးတဲ့ဂိုဏ်းဖြစ်မှတော့ ဘယ်လိုလုပ်ပြီး အဆင့်နိမ့်တဲ့ ဂိုဏ်းတစ်ဂိုဏ်းဖြစ်မှာလဲ…”
ရန်ကိုင်သည် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးဖြစ်ကာ ရန်ကိုင် မည်မျှ အားကောင်းကြောင်းကို လူအိုကြီးပန် ကိုယ်တိုင် မြင်တွေ့ခဲ့ရပေသည်။ ယခု ရန်ကိုင်က ထောက်ခံပေးမည်ဟု ပြောလာမှဖြင့် ရန်ကိုင်သည် ရှောင်လင်းအာအား နာမည်မရှိသည့် ဂိုဏ်းတစ်ဂိုဏ်းသို့ ကျိန်းသေ ပိုလိမ့်မည် မဟုတ်ချေ။
ဤသည်မှာ လူအိုကြီးပန် ရှောင်လင်းအာအတွက် အဖြစ်စေချင်ဆုံး ဆန္ဒတစ်ခုလည်း ဖြစ်ပေသည်။
“လင်းအာ… သခင်လေးရန်ကို မြန်မြန် ကျေးဇူးတင်လိုက်လေ…” လူအိုကြီးပန်က ရှောင်လင်းအာကို ဝမ်းသာအားရဖြင့် လှမ်းအော်ပြောလိုက်လေသည်။
ရှောင်လင်းအာသည် ရန်ကိုင်အား မည်သည့် ကျေးဇူးတင်စကားမှ မပြောဘဲ ရန်ကိုင်ကိုသာ သူမ၏မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် မမှိတ်မသုန် စိုက်ကြည့်နေလျက် အချိန်အတော်ကြာပြီးသည့်နောက် မေးလိုက်လေသည်။ “လင်းအာ မေးချင်တာလေးရှိလို့ မေးလို့ရလား…”
လင်းအာ၏ပုံစံကြောင့် ရန်ကိုင် ရယ်ချင်ပတ်ကျိ ဖြစ်သွားခဲ့သည်။ ဤကောင်မလေးသည် ဤအသက်အရွယ်လေးဖြင့် အရွယ်နှင့်မလိုက်အောင်ကို တတ်နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ရန်ကိုင်လည်း လင်းအာနှင့် အဆင့်တူဖြစ်သွားအောင် ဆောင့်ကြောင့်ထိုင်ချလျက် ခေါင်းညိတ်လိုက်လေ၏။ “ဘာမေးချင်တာလဲ…”
လင်းအာက သူမအဖိုးကို တစ်ချက်ကြည့်လိုက်ပြီးသည့်နောက် မေးလိုက်လေသည်။ “လင်းအာရဲ့အဖိုးနဲ့ ခွဲရမှာလား…”
ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။ “ခွဲရမယ်… လင်းအာကို ပို့ပေးမယ့်နေရာက မိန်းကလေးတွေချည်းပဲ ရှိတဲ့နေရာ… ယောက်ျားလေးတွေ နေခွင့်မရှိဘူး အဲ့မှာ…”
ထိုစကားကိုကြားသည့်အခါ လင်းအာသည် သူမ၏ခေါင်းကို အဆက်မပြတ် ခါယမ်းလျက် ပြန်ပြောလိုက်လေ၏။ “အဲ့ဒါဆို လင်းအာ မသွားချင်တော့ဘူး… လင်းအာရဲ့အဖိုးနဲ့ပဲ နေတော့မယ်…”
ထိုစကားကိုကြားသည့်အခါ လူအိုကြီးပန်သည် စိုးရိမ်တကြီးဖြင့် ခြေဆောင့်လျက် “လင်းအာ… နင်ဘာပြောနေလဲ နင်သိလား… သခင်လေးရန် နင့်ကို ကျင့်ကြံလို့ရအောင် ဂိုဏ်းတစ်ဂိုဏ်းဆီ ပို့ပေးတာ အခွင့်အလမ်းတစ်ရပ်နော်… နင်ဘယ်လိုလုပ်ပြီး မသွားချင်ဘူးလို့ ပြောရတာလဲ…”
“အဖိုးမပါဘဲ လင်းအာ သွားမှာမဟုတ်ဘူး…” လင်းအာကမူ ခေါင်းမာနေခဲ့လေသည်။
လူအိုကြီးပန်မှာ ဒေါသလည်းထွက် စိုးလည်းစိုးရိမ်လာခဲ့သည်။ စိတ်ထဲလည်း အနည်းငယ်တော့ နွေးထွေးသွားမိပေသည်။ နောက်ဆုံးတွင် ရန်ကိုင်ဆီသို့သာ လှမ်း၍ ကြည့်လိုက်လေ၏။
“သိလည်းသိတတ်တယ်… ချစ်ဖို့လည်းကောင်းတယ်… စိတ်ထားလည်းဖြူစင်တယ်… လင်းအာက မိန်းမကောင်းလေးတစ်ယောက်ပဲ…” ရန်ကိုင်က ပြုံးလျက် ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။ “လင်းအာ… လင်းအာအဖိုး အရင်တစ်ကြိမ်တုန်းက အဖမ်းခံခဲ့ရတာကို မှတ်မိသေးလား…”
ထိုစကားကိုကြားသည့်အခါ လင်းအာ၏အမူအယာ ပြောင်းလဲသွားခဲ့လေသည်။ သူမ၏မျက်လုံးဝိုင်းဝိုင်းလေးများလည်း ထိတ်လန့်ရိပ်တို့ ထွက်ပေါ်လာခဲ့ပြီး “လင်းအာသဘောမတူလို့ရှိရင် စီနီယာအစ်ကိုရန်က အဖိုးကို ဖမ်းတော့မလို့လား… အဲ့ဒါဆို လင်းအာလိုက်ပါမယ်နော်… အဖိုးကိုတော့ ထိခိုက်အောင်မလုပ်ပါနဲ့…”
ရန်ကိုင်မှာ ရယ်ချင်စိတ်ကို မအောင့်အီးနိုင်တော့ဘဲ ရယ်မောလျက် ပြန်ပြောလိုက်လေသည်။ “လင်းအာရဲ့အဖိုးကို ထိခိုက်အောင် လုပ်မှာမဟုတ်ဘူးလေ… ဒါပေမယ့် လင်းအာရဲ့အဖိုး တစ်ကြိမ် အဖမ်းခံခဲ့ရတယ်မလား… ဒီလိုဆိုလည်း နောက်တစ်ကြိမ်လည်းရှိမှာပဲ… နောက်ထပ်တစ်ကြိမ်လည်း ထပ်ရှိလာဦးမှာပဲ… ဒီတော့ လင်းအာ… လင်းအာရဲ့အဖိုးကို မကာကွယ်ပေးချင်ဘူးလား…”
လင်းအာသည် လူအိုကြီးပန်ကိုကြည့်လျက် ခေါင်းကို အဆက်မပြတ် ညိတ်ပြလိုက်လေသည်။ “ကာကွယ်ပေးချင်တယ်… လင်းအာ အဲ့လူဆိုးတွေကို မောင်းထုတ်ပစ်ချင်တယ်… အဘိုးကို ထပ်ပြီး အနိုင်ကျင့်တာမျိုးကို မမြင်ချင်တော့ဘူး…”
ရန်ကိုင်က ထပ်ပြောလိုက်သည်။ “အဲ့ဒါဆိုလို့ရှိရင် လင်းအာအနေနဲ့ အားကောင်းနေမှရမှာ… လူဆိုးကြီးတွေက အားကောင်းတယ်လေ… သူတို့ကိုမောင်းထုတ်ချင်ရင် လင်းအာ အားကောင်းမှ ဖြစ်လိမ့်မယ်… ဒီတော့ အားကောင်းချင်တယ်ဆိုလို့ရှိရင် လင်းအာအနေနဲ့ အားကောင်းတဲ့ ဂိုဏ်းတစ်ဂိုဏ်းကို ဝင်မှပဲ အဆင်ပြေမှာ… ဒါကြောင့် စီနီယာအစ်ကိုနောက်လိုက်ခဲ့… စီနီယာအစ်ကို လင်းအာရဲ့ အဖိုးကို ကာကွယ်ပေးနိုင်တဲ့ ခွန်အားကို လင်းအာရအောင် ကူညီပေးမယ်…”
လင်းအာ တုံ့ဆိုင်းတွေဝေနေမိလေသည်။
ရန်ကိုင်က ဆက်၍ပြောလိုက်သည်။ “လင်းအာရဲ့အဖိုးကိစ္စကို စိတ်မပူနဲ့… လင်းအာရဲ့အဖိုးလည်း အစ်ကိုတို့နဲ့ လိုက်လာမှာ… လင်းအာရဲ့အဖိုးက လင်းအာနဲ့အတူ မရှိနိုင်ဘူးပေမယ့် လင်းအာ သူ့ကိုတွေ့ချင်တယ်ဆိုလို့ရှိရင် သွားတွေ့လို့ရတယ်…”
“တကယ်လား…” လင်းအာက ပြန်မေးလိုက်လေသည်။
“တကယ်… ကတိပေးတယ်…” ရန်ကိုင်က လက်သန်းလေး ဆန့်ထုတ်ပြလိုက်သည်။
လင်းအာသည် ရန်ကိုင်ကိုကြည့်၍ ချက်ချင်း ပြန်ပြောလိုက်၏။ “လက်ချင်းချိတ်ပြီး ကတိပေးတာ ကလေးတွေကို လိမ်တဲ့နေရာမှာပဲသုံးတာ… လင်းအာ လက်ချင်းချိတ်ပြီး ကတိပေးမှာမဟုတ်ဘူး…”
ရန်ကိုင်ဆွံ့အသွားခဲ့လေသည်။ ဤကောင်မလေးသည် ဤအသက်အရွယ်လေးဖြင့် လောကကြီးအကြောင်းကို ဤမျှ သိနေလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ဤသည်မှာလည်း ဆင်းရဲသည့်မိသားစုများ၌ မွေးဖွားကြီးပြင်းလာရသည့် ကလေးများ၏ ကံကြမ္မာသာလျှင် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
“ဒါပေမယ့် လင်းအာ အစ်ကို့ကိုယုံတယ်…” ရှောင်လင်းအာက ပြန်ပြောလိုက်သည်။
ထို့နောက် ရန်ကိုင်ရှေ့တွင် ချက်ချင်း ဒူးထောက်လျက် ရန်ကိုင်အား ဦးညွှတ်လိုက်လေသည်။ ရန်ကိုင်သည် သူ့လက်ကို ဆန့်ထုတ်လျက် လင်းအာအား ထူမပေးကာ ပြောလိုက်လေ၏။ “ငါ့ကို ဦးညွှတ်စရာမလိုဘူး… ငါနင့်ကို ဂိုဏ်းထဲကိုဝင်ဖို့ပဲ ထောက်ခံပေးမှာ… ဂိုဏ်းကလက်ခံသွားတော့မှ နင့်ရဲ့ဆရာကို အခုလိုမျိုး သွားဦးညွှတ်လိုက်…”
“ကျေးဇူးပဲနော် သခင်လေးရန်…. ဒီမှာ ခဏလောက်စောင့်နေပေးဦးနော်…” လူအိုကြီးပန် ဝမ်းသာအားရ ဖြစ်သွားခဲ့သည်။ လူအိုကြီးပန် ဤမြို့တွင် နေနေသလို ရှေးဟောင်းကုန်းမြေထဲသို့ အခြားသူများ သွားရအဆင်ပြေနိုင်စေရန် လမ်းပြအဖြစ် လုပ်ကိုင်ပေးနေခဲ့သည်မှာ နှစ်ပေါင်းရာနှင့်ချီနေပြီ ဖြစ်ပါသော်ငြား ရှောင်လင်းအာ၏အနာဂတ်သာ ပို၍ တောက်ပနိုင်မည်ဆိုပါက သူ့အနေဖြင့် ဤမြို့မှ ထွက်သွားရန် ဝန်လေးနေလိမ့်မည် မဟုတ်ချေ။
လူအိုကြီးပန်သည် တာအိုသခင်ပထမအဆင့်သာ ရှိသေးပြီး အတော်လေးကိုမှ အသက်ကြီးနေလေပြီ။ ထို့အတွက်ကြောင့် လမ်းပြအဖြစ် လုပ်ကိုင်၍ အရင်းအမြစ်ကျောက် ရှာဖွေရုံမှအပ သူ့တွင် အခြားလုပ်ကိုင်စရာ ရှိမနေခဲ့ပေ။
လူအိုကြီးပန်သည် အိမ်ထဲသို့ဝင်၍ အထုပ်အပိုးများကို ပြင်ဆင်လေသည်။
ရှောင်လင်းအာသည် ရန်ကိုင်ကိုကြည့်၍ မေးလိုက်လေ၏။ “လင်းအာရဲ့အဖိုးက အစ်ကို့ကို သခင်လေးရန်လို့ ခေါ်တယ်… ဒီတော့ ဒါဆိုရင် လင်းအာက အစ်ကို့ကို အစ်ကိုရန်ဆိုပြီးတော့ ခေါ်မယ်နော်…”
“လင်းအာ ကြိုက်သလိုခေါ်လို့ရတယ်…” ရန်ကိုင်က လင်းအာ၏ခေါင်းလေးကို ပွတ်ပေးလိုက်သည်။
“အစ်ကိုရန်… လင်းအာကို ဘယ်ကိုပို့ပေးမှာလဲ…”
“ရေခဲနှလုံးသားတောင်ကြား…” ရန်ကိုင်က ပြန်ပြောလိုက်သည်။ “စိတ်မပူနဲ့… အဲ့မှာ အစ်မချောချောလှလှတွေ အများကြီးပဲ… အကုန်လုံးကလည်း ကြင်နာတတ်တဲ့လူတွေချည်းပဲ… သူတို့ လင်းအာကို ကောင်းကောင်းဂရုစိုက်ပေးလိမ့်မယ်…”
“လင်းအာလို ကလေးတွေရော ရှိလား…”
“ရှိလောက်မှာပေါ့…” ထိုအချက်နှင့်ပတ်သက်၍ ရန်ကိုင်မသိချေ။ သို့သော်ငြား ရန်ကိုင်သိရသလောက် ရေခဲနှလုံးသားတောင်ကြားသည် မိဘမဲ့များကို တပည့်များအဖြစ် လက်ခံကြသည့် အတွက်ကြောင့် ထိုနေရာတွင် ကလေးငယ်အချို့လည်း ရှိလောက်ပေသည်။
ရန်ကိုင်သည် ယခုလေးတင်မှ ရှောင်လင်းအာအား ရေခဲနှလုံးသားတောင်ကြားထဲသို့ ဝင်ခိုင်းမည့်အကြံကို ရလိုက်ခြင်း ဖြစ်ပေသည်။ ရန်ကိုင်သည် ရှေးဟောင်းကုန်းမြေထဲသို့ ဝင်ရန် လူအိုကြီးပန်၏ အကူအညီကို ယူပြီးသွားခဲ့လေပြီ။ ထို့အပြင် လူအိုကြီးပန်သည် ယခင်တစ်ကြိမ်ရော ယခုတစ်ကြိမ်တွင်ပါ သူ့ဆီမှ မည်သည့်အဖိုးအခမှ မတောင်းခဲ့သည့်အတွက်ကြောင့် ရန်ကိုင်လည်း သူမ၏အနာဂတ် ပိုမိုတောက်ပသွားစေရန်အတွက် လမ်းဖောက်ပေးလိုက်ခြင်း ဖြစ်ပေသည်။
မကြာမီ လူအိုကြီးပန်သည် အထုပ်အပိုးများကို ပြင်ဆင်၍ အိမ်ထဲမှ ထွက်လာကာ လက်သီးဆုပ်၍ ပြောလိုက်လေ၏။ “သခင်လေးရန် ကျုပ်တို့ သွားဖို့ အဆင်သင့်ဖြစ်ပြီ…”
“အဲ့ဒါဆို သွားကြတာပေါ့…” ရန်ကိုင်သည် ရှောင်လင်းအာကို ကောက်ချီလျက် သူ့လည်ဂုတ်ပေါ် ခွထိုင်စေလိုက်လေသည်။
လင်းအာမှာ ကြောက်ကြောက်လန့်လန့်ဖြင့် ပြုတ်ကျမည်စိုးသည့်အတွက်ကြောင့် ရန်ကိုင်၏ခေါင်းကို လက်နှစ်ဖက်ဖြင့် အလျင်အမြန် ဖက်ထားလိုက်သည်။ တကယ်တော့ သူမသည် ကလေးတစ်ယောက်သာ ရှိသေးသည် မဟုတ်ပေလော။ သို့သော်ငြား မကြာမီတွင် ရန်ကိုင်၏ပုခုံးပေါ် ထိုင်ရသည့်အပေါ် အသားကျသွားသည့်နောက် တခစ်ခစ်ရယ်မောတော့လေ၏။
“သခင်လေးရန်… အဲ့လိုမျိုး လုပ်လို့မဖြစ်ဘူးလေ…” လူအိုကြီးပန်ကမူ ရန်ကိုင်အား ကြောက်ကြောက်လန့်လန့်ဖြင့် စိုက်ကြည့်ရင်း “သခင်လေးရန် ဒီအတိုင်းပဲနေလိုက်လေ… လင်းအာကို ကျုပ်ခေါ်သွားလိုက်မယ်… လင်းအာအနေနဲ့ သခင်လေးရန်ရဲ့ လည်ဂုတ်အပေါ် ခွထိုင်နေတာ ဘယ်လိုလုပ်ပြီး အဆင်ပြေပါ့မလဲ…”
ရန်ကိုင်က လက်ဝှေ့ယမ်းလျက် “ဘာမှမဖြစ်ဘူး… အဆင်ပြေတယ်… ရှေးဟောင်းကုန်းမြေက အရမ်းကို အန္တရာယ်များတာ…လင်းအာသာ ကျုပ်လက်ထဲမှာဆိုရင် ပိုပြီးတော့ အန္တရာယ်ကင်းနိုင်လိမ့်မယ်…”
ထိုစကားကိုကြားသော် လူအိုကြီးပန်လည်း ရန်ကိုင်အား ဘာမှပြန်ပြောမနေတော့ချေ။ ရန်ကိုင်ပြောနေသည်မှာ အမှန်သာလျှင် မဟုတ်ပေလော။ ရှေးဟောင်းကုန်းမြေသည် အလွန်ကိုမှ အန္တရာယ်များသည့် နေရာတစ်ခု ဖြစ်လေရာ လင်းအာအား ဧကရာဇ်အဆင့် ပညာရှင်မှ ကာကွယ်ထားခြင်းသည် သူကိုယ်တိုင်ကာကွယ်ပေးနေခြင်းထက် အများကြီး ပိုအန္တရာယ်ကင်းပေသည်။ ထိုသို့တွေးလိုက်ပြီးသည့်နောက် လူအိုကြီးပန်သည် ရန်ကိုင်အား လက်သီးဆုပ်၍ ကျေးဇူးတင်လိုက်လေသည်။ “ဒါဆိုရင် ကျေးဇူးအများကြီးတင်ပါတယ် သခင်လေးရန်…”
သွားနေစဉ်အတောအတွင်း ရန်ကိုင်သည် လူအိုကြီးပန်၏ ရေခဲနှလုံးသားတောင်ကြားအကြောင်း ပြောပြပေးလိုက်လေသည်။ ရှောင်လင်းအာနှင့်ပတ်သက်၍ သူ့အစီအစဉ်ကိုလည်း ရှင်းပြလိုက်ပေသေးသည်။
သူသည် အရှေ့ဘက်နယ်မြေတွင် နေနေပါသော်ငြား မြောက်ဘက်နယ်မြေတွင် ရှိနေသော ရေခဲနှလုံးသားတောင်ကြားအကြောင်းတော့ ကြားခဲ့ဖူးပေသည်။ ရေခဲနှလုံးသားတောင်ကြားသည် မြောက်ဘက်နယ်မြေ၏ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းဖြစ်ကာ ရှောင်လင်းအာအနေဖြင့် ထိုဂိုဏ်းထဲသို့ ဝင်ခွင့်ရမည်ဆိုပါက သူမအတွက် အလွန်ကိုမှ အကျိုးရှိပေလိမ့်မည်။
ယခင်က လူအိုကြီးပန်သည် ဤကဲ့သို့သော အရာမျိုးကို အိပ်မက်ပင် မမက်ခဲ့ဖူးပေ။ သို့သော်ငြား သူ၏ အိပ်မက်သက်သက်သာ ဖြစ်သော အရာသည် ယခုအချိန်တွင် အမှန်တကယ် ဖြစ်လာခဲ့လေပြီ။
ရန်ကိုင်သည် ရေခဲနှလုံးသားတောင်ကြားနှင့် မည်ကဲ့သို့ ပတ်သက်သလဲ ဆိုသည်ကို သူမသိပါသော်ငြား ရန်ကိုင်ကိုယ်တိုင်က ပြောလာမှဖြင့် ရန်ကိုင်သည် ရှောင်လင်းအာအား ရေခဲနှလုံးသားတောင်ကြားထဲသို့ ဝင်နိုင်အောင် အမှန်တကယ် ကူညီပေးနိုင်သည့် အတွက်ကြောင့်သာ ဖြစ်ရပေမည်။
လူအိုကြီးပန်မှာ ဤကဲ့သို့သော အခွင့်အရေးမျိုးကို သူတို့ရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာမည်ဟု မမျှော်လင့်ထားသဖြင့် ဝမ်းသာလွန်းကာ မျက်ရည်များပင် ကျနေလေသည်။
“လူအိုကြီးပန်… ရှောင်လင်းအာ ရေခဲနှလုံးသားတောင်ကြားထဲ ဝင်သွားပြီးလို့ရှိရင် ခင်ဗျား ရေခဲလမြို့တော်မှာ နေလို့ရတယ်… အဲ့ဒါဆိုရင် ဒီကောင်မလေး ခင်ဗျားကို လွမ်းလို့ရှိရင် လာလာတွေ့လို့ အဆင်ပြေတာပေါ့…”
“ကျေးဇူးအများကြီးတင်ပါတယ် သခင်လေးရန်… အခုလိုကူညီပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်…” လူအိုကြီးပန်က မျက်ရည်များကို သုတ်လိုက်လေသည်။
ရှေးဟောင်းကုန်းမြေထဲသို့ ဦးတည်နေသည့် လျှိုမြောင်ကြီးသည် မြူခိုးများဖြင့် ဖုံးလွှမ်းနေဆဲပင်။ ယင်ဝိဉာဉ်များမှာလည်း ထိုလျှိုမြောင်ကြီးထဲ ကျင်လည်ကျက်စားနေကြလေသည်။ မိုးခြိမ်းသံများကိုလည်း မကြာခဏ ကြားနေရသလို လေပြင်းများလည်း တဖြူးဖြူး တိုက်ခတ်နေလေသည်။
သို့သော်ငြား လူအိုကြီးပန်သည် ကျွမ်းကျင်ပညာရှင်တစ်ဦးပီပီ ရန်ကိုင်တို့အား ဘေးကင်းသည့်လမ်းကြောင်းမှ ခေါ်ဆောင်သွားပေးခဲ့လေသည်။
ဆယ်ရက်ကြာပြီးသည့်နောက်တွင် ရန်ကိုင်တို့သည် လျှိုမြောင်ထဲမှထွက်ကာ ရှေးဟောင်းကုန်းမြေဆီသို့ ရောက်လာလေ၏။
ရှေးဟောင်းကုန်းမြေတစ်ခုလုံး သိပ်သည်းလှသည့် အရိုင်းစွမ်းအားတို့ဖြင့် ပြည့်နှက်နေခဲ့လေသည်။ ရှောင်လင်းအာကို လက်ထဲတွင် ပိုက်ထားလျက် ရန်ကိုင်သည် လူအိုကြီးပန်အား သူ့နားတွင် နေရန် ပြောထားခဲ့လေသည်။ ထို့နောက် ရှေးဟောင်းကုန်းမြေ၏ အတွင်းပိုင်းထဲဆီသို့ ပျံသန်းသွားလေသည်။
လူအိုကြီးပန်မှာ လမ်းတစ်လျှောက်လုံး တုန်ရီနေခဲ့လေသည်။ သူသည် ရှေးဟောင်းကုန်းမြေထဲသို့ အကြိမ်ပေါင်းများစွာ ဝင်ချီထွက်ချီ လုပ်ခဲ့ဖူးပါသော်ငြား ဤသည်မှာ သူ့ဘဝတွင် ပထမဦးဆုံးအကြိမ်အဖြစ် ရှေးဟောင်းကုန်းမြေထဲသို့ အမှန်တကယ် ခြေချဖူးခြင်း ဖြစ်ပေသည်။ တကယ်တော့ သူ၏ကျင့်ကြံခြင်းဖြင့် ရှေးဟောင်းကုန်းမြေထဲ ဝင်ခြင်းသည် ကိုယ့်သေတွင်းကိုယ်တူးခြင်းသာ မဟုတ်ပေလော။
သို့သော်ငြား ရှေးဟောင်းကုန်းမြေထဲသို့ ရောက်လာသည့်တိုင် အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေသော ရန်ကိုင်ကိုမြင်ပြီးသည့်နောက် လူအိုကြီးပန်မှာ ရန်ကိုင်အား အတော်လေးကိုမှ အထင်ကြီးလေးစားမိသွားခဲ့လေသည်။
ရန်ကိုင်တို့သည် အရှိန်ကုန်တင်၍ ပျံသန်းလာခဲ့လေသည်။ ရှောင်လင်းအာမှာ ပထမဦးဆုံးအကြိမ်အဖြစ် လေပေါ်ပျံဖူးသည့် ခံစားချက်ကို ခံစားရဖူးခြင်း ဖြစ်သည်။ ထို့နောက် တစ်ချိန်လုံး တခစ်ခစ် အော်ရယ်မောနေခဲ့လေသည်။
ရှောင်လင်းအာ၏လုပ်ပုံကြောင့် လူအိုကြီးပန်မှာ ပျာယာခတ်နေခဲ့ကာ သူမအား မွန်းစတားသားရဲများ ရောက်လာမည်စိုးသည့်အတွက်ကြောင့် အကျယ်ကြီး အော်မရယ်ရန် အဆက်မပြတ် သတိပေးနေခဲ့ရသည်။
သို့သော်ငြား လူအိုကြီးပန် ကြောက်ရွံ့နေသည့်အရာမှာ အမှန်တကယ် ဖြစ်လာခဲ့သည်။ ရှေးဟောင်းကုန်းမြေထဲ နေ့တစ်ဝက်ကြာအောင် ပျံသန်းနေပြီးသည့်နောက်တွင် မွန်းစတားသားရဲအုပ်တစ်အုပ်နှင့် သွားတိုးတော့လေသည်။ မွန်းစတားသားရဲအုပ်ကို ဦးဆောင်လာသည့် ခေါင်းဆောင်မှာ ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးနှင့် ယှဉ်ပြိုင်နိုင်သော အရှိန်အဝါကို ထုတ်လွှတ်နေလေ၏။
“မွန်းစတားဗိုလ်ချုပ်…” လူအိုကြီးပန်၏မျက်နှာ ဖြူလျော်သွားခဲ့ပြီး ဇောချွေးပြန်သွားခဲ့ရလေသည်။
ရှေးဟောင်းကုန်းမြေထဲ ဝင်လာလာခြင်း ပထမဦးဆုံးလာတွေ့သည့် မွန်းစတားမျိုးနွယ်စုဝင်မှာ မွန်းစတားစစ်သားပေါင်းများစွာကို ဦးဆောင်လာသည့် မွန်းစတားဗိုလ်ချုပ်ကြီးတစ်ဦး ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။
(ငါတို့တော့ သေပြီ…)
ရန်ကိုင်သည် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်ပါသော်ငြား သူ့ရန်သူများမှာလည်း အားမနည်းကြချေ။ တကယ်တမ်း တိုက်ခိုက်ကြလျှင် ထိုသူများမှာ လူအရေအတွက် ပိုသာနေသည့်အတွက်ကြောင့် သူတို့အတွက် အခွင့်မသာမည်ကို လူအိုကြီးပန် စိုးရိမ်နေခဲ့ကြသည်။
“လူသားမျိုးနွယ်စုကကောင်တွေ ဘယ်လိုလုပ်ပြီး ရှေးဟောင်းကုန်းမြေထဲမှာ ထင်ရာလာစိုင်းနေကြတာလဲကွ… မင်းနာမည်ကိုပြောစမ်း… အဲ့ဒါဆိုရင် ဒီဘုရင် မင်းကို အေးအေးချမ်းချမ်း သေလို့ရအောင် လုပ်ပေးမယ်…” မွန်းစတားဗိုလ်ချုပ်သည် ရန်ကိုင်တို့လမ်းကို ပိတ်ရပ်ထားရင်း မောက်မာတကြီးဖြင့် ပြောလိုက်လေသည်။
လူအိုကြီးပန်မှာ အလွန်တရာကိုမှ ကြောက်ရွံ့နေခဲ့သည်။ ရန်ကိုင်၏လည်ဂုတ်ပေါ်တွင် ထိုင်နေသော ရှောင်လင်းအာမှာလည်း ကြောက်ရွံ့လွန်းသည့်အတွက်ကြောင့် ရန်ကိုင်၏ဆံပင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခဲ့ပြီး သူမ၏မျက်နှာလေးမှာလည်း စက္ကူဖြူတစ်ရွက်နှယ် ဖြူလျော်နေခဲ့လေသည်။
သူတို့ဘက်မှ လူအင်အားသာနေသည့်အတွက်ကြောင့် မွန်းစတားဗိုလ်ချုပ်မှာ အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်းမရှိဘဲ ဆရာကြီးဟန်ပန်ဖြင့် ပြောလိုက်လေသည်။ “လူသားကောင်… မင်း ကြောက်သွားပြီလား.. ဟမ်… နေပါဦး… မင်းက….”
မွန်းစတားဗိုလ်ချုပ်မှာ သူ့စကားကို ဆုံးအောင် မပြောနိုင်သေးခင်မှာပင် ရုတ်တရက် တုန်တုန်ရီရီ ဖြစ်သွားခဲ့လေသည်။ ထို့နောက် သူ့မျက်လုံးများ ပြူးကျယ်လာခဲ့ပြီး ရန်ကိုင်၏မျက်နှာကို သေသေချာချာ ကြည့်လိုက်လေ၏။ ချက်ချင်းဆိုသလို မွန်းစတားဗိုလ်ချုပ်သည် နေ့ခင်းကြောင်တောင် တစ္ဆေသရဲတစ်ကောင်ကို မြင်လိုက်ရသည့်အလား အလွန်တရာကိုမှ ကြောက်ကြောက်လန့်လန့် ဖြစ်သွားခဲ့ပြီး အလျင်စလို အော်ပြောလိုက်လေသည်။ “အကုန်လုံး မင်းတို့ပါးစပ်ကို ပိတ်ထားလိုက်စမ်း… မြန်မြန်လမ်းဖယ်… မြန်မြန်လမ်းဖယ်…”