← Chapters

အခန်း (၂၆၄၆)

Vol. 113 Ch. 2646

အခန်း (၂၆၄၆)

Vol. 113 Ch. 2646

“သခင်လေးရန်… ဒီနေရာက…”

ယင်ဖေး ခပ်လှမ်းလှမ်းသို့ ထွက်သွားပြီးသည့်နောက် လူအိုကြီးပန်က သတိထား၍ မေးလိုက်သည်။

“လွမ်ဖုန်းရဲ့နန်းတော်… ဖီးနစ်အသိုက်နန်းတော်လေ…” ရန်ကိုင်က ပြန်ဖြေလိုက်သည်။

“လွမ်ဖုန်း…”

လူအိုကြီးပန် မျက်လုံးပြူးကျယ်သွားခဲ့သည်။ ယနေ့ သူကြုံတွေ့ခဲ့ရသည့် အရာများသည် သူ့ဘဝတစ်လျှောက်လုံး၌ ကြုံတွေ့ခဲ့ရသည့် အရာများထက်ပင် ပို၍ ထိတ်လန့်အံ့အားသင့်ဖွယ်ကောင်းနေကြောင်းကို လူအိုကြီးပန် နားလည်သွားခဲ့ရသည်။ မွန်းစတားဘုရင်တစ်ပါး၏ ကျောပြင်ထက်တွင် ထိုင်ရသည်ကပင်လျှင် အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်ဖွယ် ဖြစ်နေပြီဖြစ်လေရာ နတ်သားရဲတစ်ကောင်၏ နန်းတော်ရှေ့၌ ရပ်နေရသည်ဆိုလျှင်တော့ ပြောနေစရာပင်မလိုတော့ချေ။

ရန်ကိုင်ကြောင့်သာမဟုတ်ပါက သူ့အနေဖြင့် ဤနေရာသို့ ရောက်လာနိုင်လိမ့်မည် မဟုတ်ပေ။ ရန်ကိုင်သည် မွန်းစတားဘုရင်တစ်ပါးဖြစ်သော ယင်ဖေးအား သူ၏စီးတော်သားရဲအဖြစ် အသုံးပြုခဲ့သည်။ ယင်ဖေးသည် တစ်ချက်ကလေးမှပင် အထွန့်မတက်ခဲ့ပဲ စိတ်လိုလက်ရ ရန်ကိုင်၏စီးတော်သားရဲ လုပ်ပေးခဲ့လေသည်။ ထို့နောက်တွင် ရန်ကိုင်သည် နတ်သားရဲတစ်ကောင်၏ နန်းတော်ထဲသို့လည်း လမ်းလျှောက်ဝင်လာခဲ့သည်။

ရန်ကိုင် မည်သူဖြစ်နေ၍များ ဤကဲ့သို့ ဖြစ်နေရသလဲ ဆိုသည်ကို လူအိုကြီးပန် လုံးဝ နားမလည်နိုင်တော့ပေ။

သူတို့နှစ်ဦး စကားပြောနေစဉ် အတောအတွင်း နန်းတော်ဂိတ်တံခါးမှာ ရုတ်တရက် ပွင့်လာခဲ့သည်။ ထို့နောက်တွင် ကျော့ရှင်းသောဝတ်ရုံကို ဝတ်ဆင်ထားသော သွယ်လျလှပသည့် အမျိုးသမီးတစ်ဦး နန်းတော်ထဲမှ ထွက်လာပြိး ရန်ကိုင်ဆီသို့ လျှောက်လာကာ ဦးညွှတ်၍ နှုတ်ဆက်လိုက်လေသည်။ “မင်္ဂလာပါ သခင်လေးရန်…”

ရန်ကိုင်က ပြုံး၍ ထိုအမျိုးသမီးကိုကြည့်ကာ ပြန်ပြောလိုက်လေသည်။ “မတွေ့ရတာကြာပြီနော် ထျန်းလုံ…”

ထိုအမျိုးသမီးသည် ရန်ကိုင် ဖီးနစ်အသိုက်နန်းတော်သို့ ပထမဦးဆုံးအကြိမ် ဧည့်သည်အဖြစ် လာရောက်စဉ်က လွမ်ဖုန်းမှ သူ့အတွက် စီစဉ်ပေးခဲ့သော အစေခံမလေး ဖြစ်ပေသည်။ ရန်ကိုင်သည် သူမနှင့် ထိုစဉ်က တစ်ကြိမ်လောက်သာ တွေ့ခဲ့ရသော်ငြား သူတို့နှစ်ဦးသည် အတော်လေးကိုမှ ရင်းနှီးသည်ဟု ပြော၍ရသည်။

“အဲ့လောက်လည်း မကြာသေးပါဘူး…” ထျန်းလုံသည် မချိပြုံးပြုံးလျက် “သခင်လေးရန် ဒီတစ်ကြိမ်ရော ဘာကိစ္စကြောင့် ရောက်လာရပြန်တာတုန်း… ပြဿနာတစ်ခုခုရှိလို့လား…”

ရန်ကိုင်က ပြန်ပြောလိုက်သည်။ “အမျိုးသမီးဖုန်းဆီက အကူအညီ တစ်ခုလောက် တောင်းချင်လို့… သူ အခု ဘယ်မှာလဲ သိလား…”

ထျန်းလုံက ပြန်ဖြေလိုက်လေသည်။ “သခင်လေးရန် အချိန်မှားပြီး ရောက်လာတာပဲ… သခင်လေးရန်သာ စောစောလာလိုက်လို့ရှိရင် သခင်မနဲ့ တွေ့လို့ရဦးမှာ.. အခု သခင်မက လွန်ခဲ့တဲ့ရက်ပိုင်းလောက်ကပဲ တံခါးပိတ်ကျင့်စဉ် ဝင်သွားတာ…”

ထိုစကားကိုကြားသော် ရန်ကိုင်သည် ထျန်းလုံအား အဓိပ္ပာယ်ပါပါကြည့်လျက် ပြောလိုက်လေသည်။ “အမျိုးသမီးဖုန်းက နတ်သားရဲတစ်ကောင်လေ… သူ့မှာ ကျင့်ကြံဖို့ မွေးရာပါခန္ဓာကိုယ်တစ်ခု ပါလာပြီးသား… သူ မကျင့်ကြံပဲနဲ့တောင် ကောင်းကင်က သူ့ကို အလိုလို ကူညီပေးနေတာ… သူ့လိုလူတစ်ယောက်က ဘာဖြစ်လို့ တံခါးပိတ်ကျင့်ကြံစရာလိုမှာလဲ… ဘာလဲ အမျိုးသမီးဖုန်းက ကျုပ်ကို မတွေ့ချင်တာလား…”

ထျန်းလုံက အလျင်စလို ပြန်ရှင်းပြလိုက်လေသည်။ “အဲ့လိုမဟုတ်ရပါဘူး… သခင်မက တကယ်ကို တံခါးပိတ်ကျင့်စဉ် ဝင်နေတာပါ သခင်လေးရန်…”

ရန်ကိုင်ကမူ ထျန်းလုံနှင့် ဆက်၍ စကားပြောမနေတော့ဘဲ ဖီးနစ်အသိုက်နန်းတော်ထဲသို့သာ လမ်းလျှောက်ဝင်သွားလိုက်လေသည်။

ထိုအချင်းအရာကိုမြင်သော် ထျန်းလုံလည်း ရန်ကိုင်နောက်သို့ အလျင်စလို ပြေးလိုက်လေ၏။

ဖီးနစ်အသိုက်နန်းတော်ထဲသို့ ဝင်လာပြီးသည့်နောက်တွင် ရန်ကိုင်က အော်ပြောလိုက်လေသည်။ “သခင်မဖုန်း… သခင်မဖုန်း… ရန်ကိုင် ခင်ဗျားကိုလာတွေ့တယ်နော်…”

ထိုအချင်းအရာကိုမြင်သော် ထျန်းလုံမှာ ရယ်ရခက် ငိုရခက် ဖြစ်သွားတော့သည်။ ထျန်းလုံသည် ရန်ကိုင်နောက်မှ အနီးကပ်လိုက်လာလျက် အဆက်မပြတ် သတိပေးလိုက်လေသည်။ “သခင်လေးရန်… ကျေးဇူးပြုပြီး မအော်ပါနဲ့… သခင်မ နှောင့်ယှက်ခံလိုက်ရမယ်ဆိုရင် ကျွန်မကို လာအပြစ်တင်မှာ…”

“အမျိုးသမီးဖုန်း… အမျိုးသမီးဖုန်း…” ရန်ကိုင်ကမူ ထျန်းလုံပြောသည်ကို မကြားချင်ယောင်ဆောင်လျက် ဆက်၍သာ အော်ခေါ်နေလိုက်လေသည်။

အချိန်အတော်ကြာပြီးသည့်နောက်တွင် ရန်ကိုင်ရှေ့၌ လူတစ်ဦးပေါ်လာခဲ့သည်။ ထိုလူမှာ တည်ကြည်လေးနက်ကျော့ရှင်းပြီး နက်နဲသည့်အရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်နေလေသည်။ ထိုလူမှာ လွမ်ဖုန်းမှလွဲ၍ အခြားမည်သူများ ဖြစ်နိုင်ပါမည်နည်း။ သို့သော်ငြား လက်ရှိအချိန်၌ လွမ်ဖုန်းသည် ရန်ကိုင်အား မျက်နှာကြီး ရှုံ့မဲ့လျက် စိုက်ကြည့်နေခဲ့လေသည်။

“အမျိုးသမီးဖုန်း…” လွမ်ဖုန်းပေါ်လာသည်ကို မြင်သည့်အခါ ရန်ကိုင်က ပြုံးဖြီးပြလိုက်သည်။ ထို့နောက် လက်သီးဆုပ်၍ နှုတ်ဆက်လိုက်လေသည်။ “မင်္ဂလာပါ အမျိုးသမီးဖုန်း…”

ရန်ကိုင်နှင့်အတူ လိုက်ပါလာသော ထျန်းလုံသည် လွမ်ဖုန်းအား ကူကယ်ရာမဲ့စွာဖြင့် ကြည့်လျက် “သခင်မ… ကျွန်မ…”

“နင်သွားလို့ရပြီ…” လွမ်ဖုန်းက လက်ဝှေ့ယမ်းပြလိုက်သည်။

လွမ်ဖုန်းမှ အမိန့်ပေးလာသော် ထျန်းလုံလည်း ထိုနေရာမှ တလေးတစားဖြင့် ပြန်လည်ထွက်ခွာလာခဲ့လေသည်။

လွမ်ဖုန်းသည် ရန်ကိုင်အား မျက်နှာကြီးမဲ့လျက် အတော်ကြာအောင် စိုက်ကြည့်နေပြီးသည့်နောက် အခြားတစ်ဖက်သို့ လှည့်ထွက်သွားလေ၏။

ရန်ကိုင်သည် ယဲ့ယဲ့လေးပြုံးလျက် ရှောင်လင်းအာနှင့် လူအိုကြီးပန်တို့ကို ခေါ်ရင်း လွမ်ဖုန်းနောက်မှ လိုက်သွားခဲ့လေသည်။

အဓိကခန်းမသို့ရောက်သော် လွမ်ဖုန်းသည် ရန်ကိုင်အား အနည်းငယ်မျှပင် ယဉ်ကျေးမနေခဲ့ဘဲ သူမထိုင်နေကြ ပုလ္လင်ပေါ်တွင် ကောက်ထိုင်လိုက်လေသည်။ ထို့နောက် အငွေ့တထောင်းထောင်း ထွက်နေသော ရေနွေးကြမ်းတစ်ခွက်ကို ဇိမ်ပြေနပြေ သောက်နေလေ၏။

“ထိုင်…” ရန်ကိုင်က လူအိုကြီးပန်တို့အား ထိုင်ရန် အချက်ပြလိုက်သည်။

လူအိုကြီးပန်မှာ မထိုင်ရဲခဲ့ပေ။ ခန်းမထဲတွင် ရပ်နေသည်ကပင်လျှင် သူ့အတွက် အလွန်ကိုမှ ထိတ်လန့်စရာ ဖြစ်နေလေပြီ။ ထို့ကြောင့် ကမန်းကတန်း လက်ဝှေ့ယမ်းလျက် ပြန်အော်ပြောလိုက်လေ၏။ “ဒီလူအိုကြီး ဒီတိုင်းပဲ မတ်တပ်ရပ်နေလိုက်ပါ့မယ်…”

သူ့ရှေ့တွင် ရှိနေသည့်လူမှာ နတ်သားရဲလွမ်ဖုန်း ဖြစ်လေသည်။ လွမ်ဖုန်းသည် သူမ၏ မွန်းစတားအရှိန်အဝါကို မထုတ်လွှတ်သေးပါသော်ငြား လူအိုကြီးပန်ကမူ သူမရှေ့၌ မမောက်မာရဲခဲ့ပေ။ နတ်သားရဲမှ သူ့အား အမြင်ကပ်စရာအဖြစ် ရှုမြင်သွားမည်စိုးသည့်အတွက်ကြောင့် ပြုံးပင်မပြုံးရဲခဲ့ပဲ မျက်နှာတည်ဖြင့်သာ ရပ်နေခဲ့လေသည်။

ရန်ကိုင်လည်း လူအိုကြီးပန်မလုပ်ချင်နေသည့် အရာကို သွား၍ တွန်းအားပေးမနေခဲ့ပေ။ ထို့အစား လွမ်ဖုန်းဘက်သို့ ကြည့်၍သာ ပြုံးကာ ပြောလိုက်လေ၏။ “အမျိုးသမီးဖုန်းကိုကြည့်ရတာ စိတ်သိပ်မပျော်ဘူးနဲ့တူတယ်နော်…”

လွမ်ဖုန်းသည် မျက်ခုံးပင့်လျက် ရန်ကိုင်အား တစ်ချက်ကြည့်ကာ ခပ်ပြတ်ပြတ်ပင် ပြန်ပြောလိုက်လေသည်။ “အစောပိုင်းကတော့ စိတ်ပျော်နေပါသေးတယ်.. ဒါပေမယ့် အခုတော့ မပျော်တော့ဘူး… နင် ဘာလို့ ဒီကို ထပ်ရောက်လာရပြန်တာလဲ…”

ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “အမျိုးသမီးဖုန်းကို မတွေ့ရတာကြာတော့ လာလည်တာလေ…”

လွမ်ဖုန်းက ခေါင်းညိတ်လျက် “ကဲ အခု ငါ့ကို တွေ့သွားပြီဆိုတော့ သခင်လေးရန် ပြန်ထွက်သွားလို့ ရပြီနော်…”

“အဲ့ဒါ ဘယ်လိုလုပ်ပြီး သင့်တော်ပါ့မလဲ…” ရန်ကိုင်က ရှက်ရှက်ဖြင့် ပြုံးလျက် “အခုလေးတင် ဒီကိုရောက်တာ ခင်ဗျားက ကျုပ်ကို မောင်းထုတ်တော့မလို့လား… အမျိုးသမီးဖုန်း… ဒါ ခင်ဗျား ဧည့်သည်တွေကို ဆက်ဆံတဲ့ပုံလား…”

“သခင်လေးရန် နေချင်တယ်ဆိုရင်လည်း နေလို့ရတယ်… ကျွန်မ ဘယ်လိုလုပ်ပြီး မောင်းထုတ်ပါ့မလဲ… သခင်လေးရန် အရင်တစ်ကြိမ် နေခဲ့တဲ့နေရာ မှတ်မိတယ်မလား… အဲ့နေရာမှာ သွားနေလို့ရတယ်… တစ်ခုခု လိုချင်တယ်ဆိုလို့ရှိရင် ထျန်းလုံကို ရှာလိုက်ပေါ့…” ထိုသို့ပြောပြီးသည့်နောက် လွမ်ဖုန်းသည် ရန်ကိုင်အား တစ်စက်ကလေးမျှပင် ထပ်မတွေ့ချင်တော့သည့်အလား ထရပ်၍ လှည့်ထွက်သွားရန် ပြင်လိုက်လေသည်။

“နေပါဦး… နေပါဦး.. နေပါဦး…” လွမ်ဖုန်းထွက်သွားတော့မည်ကိုမြင်သော် ရန်ကိုင်က အလျင်စလို လှမ်း၍ တားလိုက်လေသည်။

လွမ်ဖုန်းက နှာခေါင်းရှုံ့လိုက်၏။ “ကောင်လေး… နင် ဒီတစ်ကြိမ် ဘာထပ်ဖြစ်ရပြန်တာတုန်း… ပြောစရာရှိတယ်ဆိုရင် မြန်မြန်ပြော… ငါ နင်နဲ့ လေကုန်ခံမနေချင်ဘူး…”

ရန်ကိုင်က ပြုံးမြဲပြုံးလျက် ပြန်ပြောလိုက်သည်။ “အမျိုးသမီးဖုန်းက အမြင်စူးရှတာပဲ… ဒီဂျူနီယာ အမျိုးသမီးဖုန်းဆီက တကယ် အကူအညီလိုနေတာ….”

“ဟမ့်…” လွမ်ဖုန်းသည် အထင်အမြင်တသေးဖြင့် နှာခေါင်းရှုံ့လျက် “ဒီလောကကြီးထဲမှာ ဘယ်လိုလူကများ သခင်လေးရန်ကို ဒီသခင်မရဲ့ အကူအညီလာတောင်းရအောင် လုပ်လိုက်နိုင်တာလဲ… ရှေးဟောင်းကုန်းမြေထဲမှာ ပြဿနာရှာသွားတုန်းက သခင်လေးရန်က မွန်းစတားဘုရင်သုံးဆယ့်နှစ်ပါးနဲ့ ဘုရင်ချုပ်ရှစ်ပါးရှေ့မှာတောင် နည်းနည်းလေးမှတောင် ကြောက်တာမဟုတ်ဘူးလေ… အခုကြ ဘယ်လိုလုပ်ပြီး ကျွန်မဆီကနေ အကူအညီ လိုချင်နေရတာလဲ…”

ရန်ကိုင်က ကသိကအောက် အမူအယာဖြင့် “အခြေအနေတွေက မတူတော့ဘူးလေ… ပြီးတော့ အဲ့တုန်းကကိစ္စကလည်း နားလည်မှုလွဲသွားတာပဲဟာကို…”

လွမ်ဖုန်းက ပြန်ပြောလိုက်သည်။ “နားလည်မှုလွဲသွားလို့ နတ်သားရဲတစ်ကောင်ကို သတ်လိုက်တယ်ပေါ့…”

ရန်ကိုင်က အလေးအနက်အမူအယာဖြင့် ပြန်ပြောလိုက်သည်။ “ကျုပ်သတ်လိုက်တာမဟုတ်ဘူးနော်… ရို့ရှီသတ်လိုက်တာ… ခင်ဗျား အပြစ်တင်ချင်ရင် သူ့ကို သွားအပြစ်တင်…”

လွမ်ဖုန်းက မျက်မှောင်ကျုံ့လျက် “ကျွန်မက ကိုယ့်သေတွင်းကိုယ်တူးစရာလား… ပြီးတော့ အခု သခင်လေးရန်အပေါ် ကျွန်မ ဘာအကြွေးမှ မတင်တော့ဘူးနော်… ဒီတော့ သခင်လေးရန်ကို ဘာဖြစ်လို့ ထပ်တလဲလဲ ကူညီပေးရမှာလဲ…”

ယခင်က ရန်ကိုင်သည် သူမအား မရဏဂိုဏ်းသို့ ခေါ်ဆောင်သွားခဲ့လေသည်။ ထိုစဉ်က ရန်ကိုင်သာ ဝင်တားပေးခဲ့လျှင် သူမအနေဖြင့် မရဏဂိုဏ်း၏ အကြီးအကဲချုပ်ကို သတ်ပစ်ရလိမ့်မည်မဟုတ်ချေ။ ထိုနည်းတူစွာပင် ရန်ကိုင်သာ သူမအား ထိုနေရာသို့ ခေါ်မသွားခဲ့ပါကလည်း သူမလက် သွေးစွန်းရလိမ့်မည်မဟုတ်။

ထို့အတွက်ကြောင့် ရန်ကိုင်၏ကိစ္စထဲ သူမ လုံးဝ မပါဝင် မပတ်သက်ချင်တော့ပေ။ ယခင်တစ်ကြိမ်ကကဲ့သို့ပင် သူမဆီမှ ထပ်မံ၍ အကူအညီတောင်းလာမည်ကို လွမ်ဖုန်း အမှန်တကယ် ကြောက်ရွံ့နေပါသော်ငြား သူမအနေဖြင့် ရန်ကိုင်လက်မှ လွတ်အောင် မပြေးနိုင်ခဲ့ပေ။

“အမျိုးသမီးဖုန်း… ခင်ဗျား ဘာလို့ ဒီလောက်တောင် အေးစက်စက် ဖြစ်နေရတာလဲ… ဒီလောက် အကူအညီကြီးကြီးမားမားလည်း မဟုတ်ပါဘူး… သေးသေးလေးပဲ တောင်းမှာပါ..” ရန်ကိုင်က ပြုံးဖြီးလျက် ပြောလိုက်သည်။

လွမ်ဖုန်းက သက်ပြင်းချလျက် “ပြော… ဒီတစ်ကြိမ် ဘာလိုချင်ရပြန်တာလဲ…”

ရန်ကိုင်သည် ဤနေရာသို့ပင် ရောက်လာပြီးနေပြီဖြစ်သဖြင့် သူမအနေဖြင့် သူ့အား ငြင်းဖို့ရာ ခက်ခဲသွားလေပြီ။ ထို့အပြင် သူမအနေဖြင့် နောင်ရေးကိုတွေး၍ ကူညီရပေလိမ့်မည်။ ရန်ကိုင်နှင့် ကျန်းရို့ရှီတို့မှာ အလွန်ကိုမှ ရင်းနှီးကြလေရာ လွမ်ဖုန်းကိုယ်တိုင်ကလည်း ကျန်းရို့ရှီအား အလွန်တရာကိုမှ ကြောက်ရွံ့နေသည့်အတွက်ကြောင့် ဖြစ်နိုင်လျှင် ရန်ကိုင်နှင့် ဆက်ဆံရေးကောင်းတစ်ခု ထူထောင်ထားခြင်းမှာ မမှားချေ။

ရန်ကိုင်က တွေးတွေးဆဆဖြင့် ပြန်ပြောလိုက်လေသည်။ “ကျုပ်… အမျိုးသမီးဖုန်းကို ဧကရာဇ်တတိယအဆင့် ပညာရှင်နှစ်ယောက်ကို ရင်ဆိုင်ပေးဖို့ တောင်းဆိုချင်တာ…”

“ဘယ်သူတွေလဲ…” လွမ်ဖုန်းက မျက်မှောင်ကျုံ့၍ မေးလိုက်လေသည်။

“မြောက်ဘက်နယ်မြေက ရမ္မက်ရှာဂိုဏ်းရဲ့ ဂိုဏ်းချုပ်နဲ့ ဒုဂိုဏ်းချုပ်ပဲ…”

“မြောက်ဘက်နယ်မြေက ရမ္မက်ရှာဂိုဏ်း…” လွမ်ဖုန်းက ပြန်ပြောလိုက်လေသည်။ “အဲ့ဒါ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းနော်… ပြီးတော့ ဒီဘုရင်မက သူတို့နဲ့ ဘာအငြိုးအတေးမှ ရှိတာမှမဟုတ်တာ… ဘာဖြစ်လို့ သူတို့ကို သွားသတ်ပစ်ရမှာလဲ…”

“ကျုပ် ဂရုမစိုက်ဘူး… အမျိုးသမီးဖုန်း ကူညီပေးရမယ်…” ရန်ကိုင်က ပြန်ပြောလိုက်သည်။

“နင်…” လွမ်ဖုန်းသည် ဒေါသထွက်ထွက်ဖြင့် ခါးသက်စွာ ရယ်မောလျက် “ငါ့ကို မလှိမ့်တပတ် လာလုပ်ဖို့ မကြိုးစားနဲ့… နင့်ကိုရန်စတာက နင့်ကိုပဲ… ငါ့ကိုမဟုတ်ဘူး…”

ရန်ကိုင်က ရယ်သွမ်းသွေးလျက် “အမျိုးသမီးဖုန်း… ကျေးဇူးပြုပြီး ကူညီပေးပါနော်… ဧကရာဇ်တတိယအဆင့် နှစ်ယောက်လောက်ပဲကို အမျိုးသမီးဖုန်း အလွယ်လေး သတ်ပစ်လိုက်လို့ရပါတယ်…”

လွမ်ဖုန်းက ပြန်ပြောလိုက်သည်။ “ပြောရတာတော့ လွယ်တာပေါ့… မြောက်ဘက်နယ်မြေက ဘယ်ဂိုဏ်းကိုမှ မဟာဧကရာဇ်တွေ စောင့်ကြပ်နေတာမျိုး မရှိပေမယ့် မဟာဆေးဧကရာဇ်က မြောက်ဘက်နယ်မြေမှာ နေလာတာလေ… ငါသာ လူသားဂိုဏ်းတစ်ဂိုဏ်းကို အကြောင်းအရင်းမရှိဘဲ သွားတိုက်ခိုက်ရင် သူဘယ်လိုလုပ်ပြီး ငြိမ်နေပါ့မလဲ…”

ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “မဟာဆေးဧကရာဇ် မြောက်ဘက်မှာ နေနေတာ မှန်ပေမယ့် သူက ဆေးတာအိုကိုပဲ လိုက်စားတာလေ… ဒီလိုဟာမျိုးလေးတွေကိုတော့ သူဂရုစိုက်မှာမဟုတ်ပါဘူး…”

လွမ်ဖုန်းက ခေါင်းခါလျက် “ဂရုစိုက်မှာ မဟုတ်ပေမယ့် ငါဝင်ပါလို့ရှိရင် သူလည်းဝင်ပါမှာ.. ဒီ‌တော့ ဒီတစ်ကြိမ် ငါ နင့်ကို ကူညီပေးမနိုင်ဘူး…”

“အမျိုးသမီးဖုန်းက အဲ့လိုမျိုး ပြောလာမှတော့လည်း ကျုပ်လည်း ဒီအတိုင်းပဲ ထားလိုက်ရတော့မှာပေါ့…” ရန်ကိုင်က ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်လေသည်။

လွမ်ဖုန်း အံ့အားသင့်သွားခဲ့သည်။ ရန်ကိုင် သူမ ငြင်းဆန်သည်ကို ဤမျှ အလွယ်တကူ လက်ခံလိုက်လိမ့်မည်ဟု မထင်ထားသဖြင့် ရန်ကိုင်အား ထူးထူးဆန်းဆန်းဖြင့် စိုက်ကြည့်နေမိလေသည်။ သို့သော်ငြား မကြာမီတွင် လွမ်ဖုန်း မျက်မှောင်ကျုံ့သွားခဲ့သည်။ အကြောင်းမှာ ရန်ကိုင်သည် ဤမျှ အလွယ်တကူ လက်လျှော့တတ်သည့် လူစားမျိုးမဟုတ်မှန်း သိနေသည့် အတွက်ကြောင့်ပင်။ ရန်ကိုင်သည် မကောင်းသော အကြံအစည်တစ်ခုခုကို ထုတ်နေခြင်းသာ ဖြစ်ရပေလိမ့်မည်။

သူမ ထင်ထားသည့်အတိုင်းပင်။ ရန်ကိုင်သည် ထိုင်ရာမှထ၍ ထွက်ပေါက်ဆီသို့ ထွက်သွားလေ၏။ ထိုသို့သွားနေရင်းမှလည်း ရေရွတ်လိုက်လေသည်။ “အလျင်မလိုပါဘူးလေ… သူထွက်လာလို့ သူ့ဂိုဏ်း ဖျက်ဆီးခံလိုက်ရတဲ့ အကြောင်း ကြားရင် ရို့ရှီ ကျိန်းသေ ပြန်လက်စားချေမှာပါ…”

“နေဦး…” လွမ်ဖုန်းက အလျင်စလို လှမ်းတားလိုက်လေသည်။

ရန်ကိုင်က ပြန်လှည့်၍ မေးလိုက်လေသည်။ “အမျိုးသမီးဖုန်း ဘာပြောချင်လို့လဲ…”

လွမ်ဖုန်းက အံကြိတ်၍ “ နင်အခု ဘာပြောလိုက်တာလဲ…”

ရန်ကိုင်က သက်ပြင်းချလျက် “အမျိုးသမီးဖုန်းလည်း ကြားလိုက်တာပဲ… ကျုပ် ဘာထပ်ပြောရဦးမှာလဲ…”

လွမ်ဖုန်းက ပြန်မေးလိုက်လေသည်။ “အခု သူ့ဂိုဏ်း ဖျက်ဆီးခံလိုက်ရတော့မယ်လို့ နင်ပြောလိုက်တယ်နော်… အဲ့ဒါ ဘာပြောချင်တာလဲ…”

“ဘာပြောရမှာလဲ… ရမ္မက်ရှာဂိုဏ်းက ရေခဲနှလုံးသားတောင်ကြားကို ဖျက်ဆီးပစ်ချင်နေတာလေ… အဲ့ဂိုဏ်းက ရို့ရှီ အရင် လာခဲ့တဲ့ ဂိုဏ်းပဲ… ဒီဂျူနီယာက ဝင်ကူညီပေးချင်ပေမယ့် လုံးဝမကူညီပေးနိုင်ဘူးလေ… ဒါကြောင့်ပဲ အမျိုးသမီးဖုန်းဆီကနေ အကူအညီလာတောင်းတာ… ဒါပေမယ့် ကြည့်ရတာ အမျိုးသမီးဖုန်းမှာလည်း စိုးရိမ်စရာအကြောင်းတွေ ရှိနေတယ့်ပုံပါပဲ… ဒီတော့ ဒီဂျူနီယာလည်း အမျိုးသမီးဖုန်းကို ဆက်ပြီးတော့ မနှောင့်ယှက်တော့ပါဘူး…”

“သူက ရေခဲနှလုံးသားတောင်ကြားက လာတာလား…” လွမ်ဖုန်းက အံ့အားသင့်သွားခဲ့လေသည်။

ရေခဲနှလုံးသားတောင်ကြားနှင့် ရမ္မက်ရှာဂိုဏ်းတို့သည် မြောက်ဘက်နယ်မြေ၏ ထိပ်တန်းဂိုဏ်းများဖြစ်ကြသည်။ ရန်ကိုင့်အဆိုအရ ထိုဂိုဏ်းနှစ်ဂိုဏ်းသည် လက်ရှိအချိန်တွင် စစ်ပွဲဖြစ်နေကြပြီး ရေခဲနှလုံးသားတောင်ကြားမှာ အချိန်မရွေး ပျက်စီးတော့မည့် အခြေအနေမျိုးနှင့် ရင်ဆိုင်နေရသည်။

“ဟုတ်တယ်လေ… ကျုပ် ခင်ဗျားကို အရင်တုန်းက မပြောခဲ့လို့လား…” ရန်ကိုင်က ပြန်မေးလိုက်သည်။

လွမ်ဖုန်းက အလေးအနက်အမူအယာဖြင့် ထပ်ပြောလိုက်လေသည်။ “သူ တကယ်ကြီး ရေခဲနှလုံးသားတောင်ကြားကနေ လာတာလား… ဒါမှမဟုတ် နင် ငါ့ကို လိမ်ဖို့ ကြိုးစားနေတာလား…”

ရန်ကိုင်က အလေးအနက်အမူအယာဖြင့် ပြန်ပြောလိုက်သည်။ “ဘယ်လိုလုပ်ပြီး လိမ်ရမှာလဲ… ဟိုအရင်တစ်ကြိမ်တုန်းက ခင်ဗျားတွေ့ခဲ့တဲ့ ဟိုအရူးမကြီး သိတယ်မလား… အဲ့ဒါ ရို့ရှီရဲ့ ဂိုဏ်းတူဒေါ်လေး ကျိယောင်ပဲ.. သူတိုက်ခိုက်တဲ့ချိန် သုံးသွားခဲ့တဲ့ ပညာရပ်ကို ခင်ဗျား သေချာ သတိမထားမိလိုက်ဘူးလား… အဲ့အမျိုးသမီးက ရေခဲပညာရပ်တွေကို သုံးသွားတာနော်…”

သေသေချာချာ ပြန်စဉ်းစားကြည့်လိုက်သည့်နောက် ရန်ကိုင်ပြောသည့်ကျိယောင်မှာ မည်သည့်ပညာရပ်များကို အသုံးပြုသွားခဲ့မှန်း လွမ်ဖုန်း ပြန်သတိရသွားခဲ့လေသည်။ ကျိယောင်သည် ထိုစဉ်က များများစားစား မတိုက်ခိုက်ခဲ့ပါသော်ငြား နတ်သားရဲတစ်ကောင် ဖြစ်သည်နှင့်အညီ ကျိယောင်ကျင့်ကြံထားသော ဧကရာဇ်ချီဓာတ်အမျိုးအစားနှင့် ရေခဲနိယာမစွမ်းအားများကို အာရုံခံမိပေသေးသည်။

မည်သို့ပင်ဆိုစေကာမူ ကျန်းရို့ရှီအသုံးပြုသွားသည့် ပညာရပ်များသည် ကျိယောင်အသုံးပြုသည့် ပညာရပ်နှင့် တစ်စက်လေးမှပင် မတူညီပါသော်ငြား ကျန်းရို့ရှီနှင့် ကျိယောင်မှာ အတော်လေးကို ရင်းနှီးသည့်ပုံ ပေါက်ပေသည်။

ထို့အတွက်ကြောင့် လတ်တလောတွင် လွမ်ဖုန်းမှာ ရန်ကိုင်စကားကို ယုံလျှင်မကောင်းမလား မယုံဘဲနေလျှင် ကောင်းမလား ရွေးရခက်နေတော့သည်။

သူမ စဉ်းစားနေစဉ်မှာပင် ရန်ကိုင်က လက်သီးဆုပ်၍ ပြောလိုက်လေ၏။ “အမျိုးသမီးဖုန်း.. ဒါဆိုရင် ကျုပ် အရင်သွားလိုက်ဦးမယ်နော်… ရို့ရှီ သွေးတံခါးထဲကနေ ထွက်လာတဲ့အချိန်ကြရင် သူ့ဂိုဏ်း ဖျက်ဆီးခံလိုက်ရပြီလို့ ကျေးဇူးပြုပြီး ပြောပေးပါဦး… အဲ့ချိန်ကြရင် သူ မြောက်ဘက်နယ်မြေဆီ ပြန်သွားပြီးတော့ လက်စားချေမှာ ကျိန်းသေတယ်…”

ရန်ကိုင်၏ စကားလုံးများကို ကြားပြီးသည့်နောက် လွမ်ဖုန်း ရင်တဒုန်းဒုန်း ခုန်လာခဲ့လေသည်။

ကျန်းရို့ရှီသည်သာ ရေခဲနှလုံးသားတောင်ကြားမှ တကယ်ကြီးလာသည်ဆိုပါက လွမ်ဖုန်း မလုပ်ချင်ဆုံးအရာမှာ သူမအား ထိုအကြောင်းကိုပြောရန်ပင်။ သူမ၏ဂိုဏ်း မည်ကဲ့သို့ ဖျက်ဆီးခံလိုက်ရသလဲ ဆိုသည်ကို ကျန်းရို့ရှီမှ ပြန်မေးလာပါက လွမ်ဖုန်းအနေဖြင့် မည်ကဲ့သို့ ပြန်ဖြေရမည်နည်း။

သူမသည် ကျန်းရို့ရှီ၏ဂိုဏ်း ဖျက်ဆီးခံနေရသည်ကို မည်သို့မှ မကူညီပဲ ဤအတိုင်း လက်ပိုက်ရပ်ကြည့်နေသည်ဟု ပြန်ပြောရမည်လား။

“အဲ့မှာနေဦး…” လွမ်ဖုန်းက ရုတ်တရက် လှမ်းအော်ခေါ်လိုက်လေသည်။

All Chapters