← Chapters

အခန်း (၂၆၄၇)

Vol. 113 Ch. 2647

အခန်း (၂၆၄၇)

Vol. 113 Ch. 2647

ရန်ကိုင်က လွမ်ဖုန်းဘက်သို့ ပြန်လှည့်ကြည့်လျက် ပြုံးကာ မေးလိုက်လေ၏။ “အမျိုးသမီးဖုန်း… ခင်ဗျား အခြားပြောချင်တာ ရှိသေးလို့လား…”

လွမ်ဖုန်းသည် အံကို တင်းတင်းကြိတ်၍ ဒေါသတကြီးဖြင့် ပြောလိုက်သည်။ “ငါ အတိတ်ဘဝတုန်းက နင့်အပေါ် ဘယ်လိုအကြွေးတွေ တင်ခဲ့လို့များ အခုလိုမျိုး နင်နဲ့ လာပတ်သက်မိနေလဲ တကယ်ကို နားမလည်နိုင်တော့ဘူး…”

ရန်ကိုင်က ခေါင်းခါလျက် “အမျိုးသမီးဖုန်း အဲ့လိုမျိုး ပြောလို့မရဘူးလေ… အခြားသူတွေကို ကူညီတယ်ဆိုတာ ပျော်ရွှင်စရာကောင်းတဲ့ ဘဝကြီးဆီကို ဦးတည်နေတယ်လို့ ဆိုလိုက်တာပဲ…. ဘာလဲ အမျိုးသမီးဖုန်းက ကျုပ်ကို ကူညီပေးတော့မလို့လား…”

လွမ်ဖုန်းသည် သူ့အား တားလိုက်သည့်အတွက်ကြောင့် သူတောင်းဆိုသည်ကို မငြင်းပယ်ဟု ပြောလိုက်ခြင်းနှင့် အတူတူသာ ဖြစ်လေသည်။ တကယ်တော့ ကျန်းရို့ရှီ ရေခဲနှလုံးသားတောင်ကြားမှ တကယ် လာ မလာ ဆိုသည်ကို သူမမှ သေချာမသိလေပဲ။ သို့သော်ငြား လတ်တလောအခြေအနေအရ ရန်ကိုင်ပြောသည်ကို ယုံလိုက်ခြင်းသည် ပို၍ အခြေအနေကောင်းပေသည်။ ထို့အတွက်ကြောင့် လက်ရှိကိစ္စအပေါ် လွမ်ဖုန်းအနေဖြင့် မည်သည့်နည်းနှင့်မဆို လုံးဝကို ကူညီပေးရပေလိမ့်မည်။ လွမ်ဖုန်းမှာ ရန်ကိုင့်အား ကူညီပေးလိုသည့်အတွက်ကြောင့် ကူညီပေးနေခြင်းမဟုတ်။ ကောင်းကင်အမိန့်တော်၏ မျိုးဆက်ဖြစ်သော ကျန်းရို့ရှီကို အလွန်တရာကိုမှ ကြောက်ရွံ့သည့်အတွက်ကြောင့် ကြောက်စိတ်ဖြင့် ကူညီပေးနေရခြင်းသာ ဖြစ်ပေသည်။ “ဧကရာဇ်တတိယအဆင့် နှစ်ယောက်လောက်ကိုတော့ ငါကိုယ်တိုင် လှုပ်ရှားစရာမလိုပါဘူး… မွန်းစတားဘုရင်အချို့ ပို့လိုက်ရင် အဆင်ပြေလောက်ပြီ…” လွမ်ဖုန်းက မကျေမနပ်ဖြင့် ငြီးတွားလိုက်လေ၏။

ရန်ကိုင်က မျက်ခုံးပင့်လျက် ပြန်ပြောလိုက်သည်။ “အမျိုးသမီးဖုန်းက ဉာဏ်ကောင်းတာပဲ… ဒါဆို မွန်းစတားဘုရင် ခုနှစ်ယောက် ရှစ်ယောက်လောက် ပို့ပေးလိုက်ပါလား ကျုပ်နဲ့အတူ…”

ရန်ကိုင်လည်း အစောကြီးတည်းက ဤတိုက်ပွဲအတွင်း လွမ်ဖုန်းကိုယ်တိုင် ပါဝင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူ၏ မူလအစီအစဉ်မှာ လွမ်ဖုန်းအား မွန်းစတားဘုရင်အချို့ စေလွှတ်ခိုင်းရန်ပင်။ ယခုမူ လွမ်ဖုန်းသည် သူတောင်းဆိုချင်နေသည့်အရာကို ကိုယ်တိုင်ပြောလာခဲ့လေသည်။

“ခုနှစ်ယောက် ရှစ်ယောက်…” လွမ်ဖုန်းက မျက်နှာကြီးမဲ့လျက် “အိပ်မက်တောင် မက်မနေနဲ့…”

သူမတွင် မွန်းစတားဘုရင် များများစားစား ရှိလှသည်မဟုတ်။ ရန်ကိုင်မှ မွန်းစတားဘုရင် ခုနှစ်ယောက်ရှစ်ယောက်ခန့် တောင်းဆိုလာသည်ကိုမြင်သော် ရန်ကိုင်သည် ရေခဲနှလုံးသားတောင်ကြားကို ကူညီပေးချင်သည်ထက် တစ်ကမ္ဘာလုံးနှင့် စစ်ခင်းချင်နေသည်နှင့်ပင် ပိုတူသွားလေသည်။

“ဒါဆိုရင် လေးငါးယောက်လောက်ပေါ့…” ရန်ကိုင်က ပြုံးဖြီးလျက် ပြန်ပြောလိုက်သည်။

လွမ်ဖုန်းမှာမူ ပြန်မဖြေခဲ့ဘဲ အတွေးနက်နေသည့် အမူအယာဖြင့် ခဏမျှ ရပ်စဉ်းစားနေပြီးသည့်နောက်မှသာ ပြန်ပြောလိုက်လေ၏။ “ဒီကိစ္စက ဟိုသခင်မပါ ပါလာတယ်ဆိုမှတော့ ရှေးဟောင်းကုန်းမြေတစ်ခုလုံးရဲ့ ကိစ္စဖြစ်သွားပြီ… ငါတစ်ယောက်တည်း တာဝန်ခံလို့မရတော့ဘူး… ဒီလိုလုပ်ပါလား…. ဖီးနစ်အသိုက်နန်းတော်မှာ ခဏလောက်နေသွားလိုက်လေ… နောက်ထပ်သုံးရက်ကြာလို့ရှိရင် ငါ ပြန်ပြီး အကြောင်းပြန်ပေးမှာ…”

လွမ်ဖုန်းပြောသည်ကို ကြားပြီးသည့်နောက် ရန်ကိုင်လည်း ခဏမျှ စဉ်းစားကြည့်လိုက်သည်။ မကြာမီ တစ်ခုခုအား နားလည်သွားလိုက်ပြီး ပြုံးလျက် ခေါင်းညိတ်လိုက်လေ၏။ “ကျေးဇူးအများကြီးတင်ပါတယ် အမျိုးသမီးဖုန်း…”

ထို့နောက်တွင် တစ်ချက်ရပ်၍ ရန်ကိုင်က ဆက်ပြောလိုက်လေသည်။ “ကျုပ် အမျိုးသမီးဖုန်းဆီက နောက်ထပ် အကူအညီတောင်းချင်တဲ့ ကိစ္စတစ်ခု ထပ်ရှိသေးတယ်…”

“ဘာကိစ္စလဲ…” လွမ်ဖုန်း ရုတ်တရက် နိုးနိုးကြားကြား ဖြစ်သွားခဲ့သည်။ ရန်ကိုင်နှင့် ဆက်ဆံလေ ဆက်ဆံလေ သူမမှာ ပိုပို၍ စိတ်ညစ်လာရလေပင်။ ထိုကောင်စုတ်လေး၏ပါးစပ်မှ မည်သည့်ကောင်းသည့်စကားမှ ထွက်မလာပေ။

ရန်ကိုင်က တောင်းဆိုလိုက်လေသည်။ “ကျုပ် ဖီးနစ်အသိုက်နန်းတော်မှာ ဟင်းလင်းပြင်အစီအရင်တစ်ခုလောက် ဆောက်ချင်လို့… ဘယ်နေရာမှာ ဆောက်လို့ အဆင်ပြေမလဲ ပြောပြလို့ရမလား…”

“ဟင်းလင်းပြင်အစီအရင်…” လွမ်ဖုန်း မျက်မှောင်ကျုံ့သွားခဲ့လေသည်။ “နင် အဲ့လိုအစီအရင်မျိုးကို တကယ်ကြီး ခင်းကျင်းချင်တာလား…”

“ဟုတ်တယ်…”

“အဲ့ဟင်းလင်းပြင်အစီအရင်က ဘယ်ကိုဦးတည်နေမှာလဲ…” လွမ်ဖုန်းက မေးလိုက်သည်။

“ရေခဲနှလုံးသားတောင်ကြားကိုပဲ…” ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ကျုပ် ဒီကိုရောက်ဖို့ တစ်လလောက် အချိန်ယူလိုက်ရတယ်… ဒီတော့ ဒီကိုလာတဲ့ နည်းလမ်းအတိုင်း ပြန်သွားလို့မရဘူး… မဟုတ်ရင် ရေခဲနှလုံးသားတောင်ကြားတစ်ခုလုံး ဖျက်ဆီးခံလိုက်ရလိမ့်မယ်… ဟိုကို အချိန်မီပြန်ရောက်နိုင်မှာမဟုတ်ဘူး… ဒါကြောင့်ပဲ ဒီနေရာကနေ ရေခဲနှလုံးသားတောင်ကြားကို ဦးတည်နေတဲ့ ဟင်းလင်းပြင်အစီအရင်တစ်ခုကို ဒီမှာ ခင်းကျင်ထားချင်တာ…”

“နယ်မြေခြားဟင်းလင်းပြင်အစီအရင်လား…” ထိုစကားကိုကြားသော် လွမ်ဖုန်း ထိတ်လန့်သွားခဲ့ပြီး ရန်ကိုင်အား မယုံကြည်နိုင်ဟန်ဖြင့် စိုက်ကြည့်လျက် “နင် တကယ်ကြီး အဲ့လိုအစီအရင်မျိုးကို ခင်းကျင်းနိုင်တာလား…”

ဤနေရာသည် အရှေ့ဘက်နယ်မြေဖြစ်ပေသည်။ ရေခဲနှလုံးသားတောင်ကြားသည် မြောက်ဘက်နယ်မြေ၌ ရှိနေခြင်း ဖြစ်လေသည်။ ရန်ကိုင်ပြောသည်သာ အမှန်ဆိုပါက ရန်ကိုင်သည် နယ်မြေခြားဟင်းလင်းပြင်အစီအရင်များကို ခင်းကျင်းနိုင်သည့်စွမ်းရည်အား အမှန်တကယ်ကို ပိုင်ဆိုင်ထားပေသည်။ လက်ရှိ ကြယ်တာရာအစုအဝေးထဲ၌ ရှိနေသော နယ်မြေခြားဟင်းလင်းပြင်အစီအရင်များသည် လက်ရှိခေတ်တွင် ရှိနေသော ကျင့်ကြံသူများမှ ခင်းကျင်းထားကြသည့် အစီအရင်များ မဟုတ်ဘဲ လွန်ခဲ့သော နှစ်သောင်းနှင့်ချီခန့်က ပညာရှင်များ ခင်းကျင်းခဲ့ကြသည့် အစီအရင်များသာ ဖြစ်ကြပေသည်။ လက်ရှိအခြေအနေအရ မည်သူမှ ထိုကဲ့သို့သော ဟင်းလင်းပြင်အစီအရင်မျိုးကို မခင်းကျင်းနိုင်ကြသေးပေ။

“အမျိုးသမီးဖုန်း ကြည့်သာကြည့်နေလိုက်စမ်းပါ…” ရန်ကိုင်က ရယ်ရယ်မောမောဖြင့် ပြန်ပြောလိုက်သည်။

လွမ်ဖုန်းက ခေါင်းညိတ်လို်ကလေ၏။ “ကောင်းပြီလေ… အဲ့ဒါဆိုလည်း ငါ နင့်ကို ခွင့်ပြုပေးရသေးတာပေါ့… ထျန်းလုံကိုသာ ရှာပြီး မေးလိုက်… သူ နင့်အတွက် လိုအပ်တာ စီစဉ်ပေးလိမ့်မယ်…”

“ကျေးဇူးအများကြီးတင်ပါတယ်…”

ထိုသို့ပြောပြီးသည့်နောက်တွင် လွမ်ဖုန်းသည် ထျန်းလုံကိုခေါ်၍ ရန်ကိုင်အား သူ ယခင်တစ်ကြိမ် နေခဲ့သော အဆောက်အဦးဆီ ခေါ်သွားပေးရန် ညွှန်ကြားလိုက်လေသည်။

ယခင်နေခဲ့သည့် ခြံဝန်းလေးဆီသို့ ရောက်လာပြီးသည့်နောက် ရန်ကိုင်သည် လူအိုကြီးပန်နှင့် ရှောင်လင်းအာတို့အား ဦးစွာ အနားယူနေရန် ပြောပြီးသည့်နောက် ထျန်းလုံအား ဟင်းလင်းပြင်အစီအရင်ကိစ္စနှင့် ပတ်သက်သည့် အကြောင်းအရာများကို မေးမြန်းကြည့်လိုက်လေသည်။ လွမ်ဖုန်းကိုယ်တိုင်မှ ခွင့်ပြုထားကြောင်း သိလိုက်ရသော် ထျန်းလုံလည်း မည်သည့်အပိုစကားမှ ပြောမနေတော့ဘဲ ရန်ကိုင်အား လုံခြုံကျယ်ပြောသည့် နေရာတစ်ခုဆီသို့ ခေါ်သွားပေးလေသည်။

ရန်ကိုင်သည် ထိုနေရာတွင် ဟင်းလင်းပြင်အစီအရင်ကို စတင်တည်ဆောက်တော့လေသည်။

တစ်ရက်မရှိတတ်သေးခင်မှာပင် ဟင်းလင်းပြင်အစီအရင် အသစ်တစ်ခု ပုံပေါ်လာခဲ့လေသည်။

ဤဟင်းလင်းပြင်အစီအရင်နှင့် ပတ်သက်၍ မည်သည့်ချို့ယွင်းချက်မှ မရှိမှန်း အတည်ပြုပြီးသည့်နောက် ရန်ကိုင်သည် အနားယူရန်အတွက် သူနေသည့်နေရာဆီသို့ ပြန်လာခဲ့လေသည်။

ရန်ကိုင် ထွက်သွားပြီးသည့်နောက်တွင် ကျော့ရှင်းသည့်ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာခဲ့ပြီး ဟင်းလင်းပြင်အစီအရင်အား အံ့ဩတကြီးဖြင့် ကြည့်လိုက်သည်။

“ထျန်းလုံ… သူ ဒါကို ခင်းကျင်းဖို့ တကယ်ကြီး တစ်ရက်ပဲ အချိန်ယူလိုက်တာလား…” လွမ်ဖုန်းက မေးလိုက်လေသည်။

သူမဘေးနားတွင်ရှိနေသော ထျန်းလုံက အံ့ဩတကြီးဖြင့် ခေါင်းညိတ်လိုက်သည်။ “ဟုတ်ပါတယ် သခင်မ… ကျွန်မကိုယ်တိုင် မြင်လိုက်ရတာပါ… အဲ့တုန်းက သခင်လေးရန် အလုပ်လုပ်နေတုန်း ခပ်လှမ်းလှမ်းမှာရှိနေတာဆိုပေမယ့် အကုန်လုံးကို သေသေချာချာ အသေးစိတ်မြင်ခဲ့ရပါတယ်…”

“သူတကယ်ကြီး ဟင်းလင်းပြင်အစီအရင်တစ်ခုကို ခင်းကျင်းနိုင်တာလား…” လွမ်ဖုန်းမှာ လုံးဝကို မယုံကြည်နိုင် ဖြစ်နေခဲ့လေသည်။

ဟင်းလင်းပြင်အစီအရင်များမှာ ခင်းကျင်းရလွယ်သည့် အစီအရင်များ မဟုတ်ကြ။ နယ်မြေခြားဟင်းလင်းပြင်အစီအရင်များဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ချေ။ ရန်ကိုင်အနေဖြင့် ထိုကဲ့သို့သော ဟင်းလင်းပြင်အစီအရင်တစ်ခုကို ခင်းကျင်းရန်အတွက် ဆယ်ရက်မှ လဝက်လောက်အထိ အချိန်ယူရမည်ဟု လွမ်ဖုန်း ထင်ထားခဲ့ပါသော်ငြား ရန်ကိုင်သည် ထိုအစီအရင်တစ်ခုလုံးကို တစ်ရက်အတွင်း ပြီးစီးအောင် ခင်းကျင်းသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ဤသည်မှာ အလွန်ကိုမှ မယုံကြည်နိုင်စရာ ဖြစ်ရပ်တစ်ခု ဖြစ်ပေသည်။

“ရေခဲနှလုံးသားတောင်ကြား…” လွမ်ဖုန်းက ရေရွတ်လိုက်သည်။ “ထျန်းလုံ… ငါ ရေခဲနှလုံးသားတောင်ကြားကို တစ်ချက် သွားကြည့်လိုက်ဦးမယ်… နင် ဒီမှာ စောင့်ကြည့်နေ….”

သူမအနေဖြင့် ရေခဲနှလုံးသားတောင်ကြားသို့ ပထမဦးစွာ သွားကြည့်ရခြင်းမှာ ဟင်းလင်းပြင်အစီအရင် တကယ်အလုပ်ဖြစ်မဖြစ် စမ်းသပ်လိုသည့် အတွက်ကြောင့် ဖြစ်သလို ရေခဲနှလုံးသားတောင်ကြားနှင့် ကျန်းရို့ရှီတို့ မည်ကဲ့သို့ ပတ်သက်နေသလဲ ဆိုသည်ကိုလည်း သိချင်သည့် အတွက်ကြောင့် ဖြစ်ပေသည်။

ရန်ကိုင် သူမအား လှည့်စားနေသည်ဟူသော ခံစားချက်ကို လွမ်ဖုန်း ခေါင်းထဲမှ မည်သို့မှ ထုတ်မပစ်နိုင်ပေ။ တကယ်တော့ ရန်ကိုင်သည် ယုံကြည်အပ်သည့်လူစားမျိုးမဟုတ်ဘဲ အလွန်ကိုမှ ဉာဏ်နီဉာဏ်နက်များသည့် လူတစ်ဦး မဟုတ်ပေလော။

ထျန်းလုံ ပျာယာခတ်သွားလေသည်။ “သခင်မ အဲ့လိုမျိုး လုပ်လို့မရဘူးနော်… ဟင်းလင်းပြင်အစီအရင် တကယ် အလုပ်ဖြစ်မဖြစ်လဲ သိရသေးတာမဟုတ်ဘူး… အကယ်၍ မတော်တဆ တစ်ခုခု ဖြစ်လာခဲ့ရင်…”

တည်နေရာခုန်ကူးနေစဉ်အတောအတွင်း မတော်တဆ တစ်ခုခုသာ ဖြစ်လာမည်ဆိုပါက တကယ်ကို ပြဿနာများပေလိမ့်မည်။ ထိုသို့ဆိုလျှင် လွမ်ဖုန်းသည် ဟင်းလင်းပြင်ထဲ ရောက်ရှိသွားခဲ့ပြီး ထိုဟင်းလင်းပြင်ထဲမှ မည်သို့မှ ပြန်လည်ထွက်လာနိုင်တော့လိမ့်မည် မဟုတ်‌ချေ။ လွမ်ဖုန်း မည်မျှပင် အားကောင်းနေစေကာမူ သူမအနေဖြင့် ပိတ်လှောင်ထားသော ဟင်းလင်းပြင်ထဲမှ လေဟာနယ်နိယာမစွမ်းအားများကို မကျွမ်းကျင်ဘဲ ပြန်ထွက်လာနိုင်လိမ့်မည် မဟုတ်။

လွမ်ဖုန်းက လက်ဝှေ့ယမ်းလျက် ပြန်ပြောလိုက်သည်။ “ငါ့မှာ ငါ့အစီအစဉ်နဲ့ငါ ရှိပြီးသား…”

ထို့နောက်တွင် လွမ်ဖုန်းသည် ဟင်းလင်းပြင်အစီအရင်ထဲရှိ မြောင်းပေါက်လေးများထဲသို့ အဆင့်မြင့် အရင်းအမြစ်ကျောက်များ ထည့်သွင်းလိုက်လေသည်။ ထို့နောက် ဟင်းလင်းပြင်အစီအရင် စင်မြင့်ပေါ်သို့ တက်လိုက်လေ၏။

ထျန်းလုံကမူ စိုးရိမ်တကြီးဖြင့်သာ ဘေးမှရပ်ကြည့်နေခဲ့သည်။

လွမ်ဖုန်းကိုယ်တိုင်မှာလည်း အနည်းငယ် စိုးရိမ်နေခဲ့လေသည်။ တကယ်တော့ ဤအရာသည် ရန်ကိုင် တစ်ရက်အတွင်း ခင်းကျင်းခဲ့သည့် အရာတစ်ခု မဟုတ်ပေလော။ ထို့အတွက်ကြောင့် ဤအစီအရင်နှင့် ပတ်သက်၍ ချို့ယွင်းချက်ရှိမရှိ သူမကိုယ်တိုင်လည်း မသိပေ။

သို့သော်ငြား ထိုစဉ် အံ့အားသင့်စရာ ကိစ္စရပ်တစ်ခု ဖြစ်လာခဲ့လေသည်။ လွမ်ဖုန်းသည် အစီအရင်ပေါ် အချိန်အတော်ကြာအောင် ရပ်နေသည့်တိုင် ဟင်းလင်းပြင်အစီအရင်မှာ လုံးဝ တုံ့ပြန်မလာခဲ့ပေ။

“ဘာဖြစ်တာလဲ… ဒီတော့ သူက ဟောင်ပွာဟောင်ပွာပဲ လုပ်တတ်တာပေါ့…” ဟင်းလင်းပြင်အစီအရင် လုံးဝ အသုံးမဝင်မှန်း သိလိုက်သော် လွမ်ဖုန်း လှောင်ပြုံးပြုံးလိုက်လေ၏။ ထို့နောက် မြောက်ကြွမြောက်ကြွအမူအယာဖြင့် ဟင်းလင်းပြင်အစီအရင်မှ ပြန်ဆင်းလိုက်ပြီး သူမနေသည့် နန်းတော်ဆီသို့ ပျော်ပျော်ရွှင်ရွှင်ဖြင့် ပြန်သွားလေသည်။

ယခု သူ ခင်းကျင်းထားသည့် အဖိုးတန်လှသည့် ဟင်းလင်းပြင်အစီအရင် ပျက်ယွင်းနေမှန်း သိလိုက်ချိန် ရန်ကိုင် မည်ကဲ့သို့ ဖြစ်သွားမလဲ ဆိုသည်ကို လွမ်ဖုန်း အလွန်ကိုမှ သိချင်နေလေပြီ။

လွမ်ဖုန်း၏နန်းတော်တွင် နေနေရသည့်ကာလမှာ လူအိုကြီးပန်အတွက်မူ အေးစက်စက်ရေခဲလွှာပေါ် တထိတ်ထိတ်နှင့် လမ်းလျှောက်နေရသကဲ့သို့ သူ့အချိန်များကို ကြောက်ကြောက်လန့်လန့်ဖြင့်သာ ကုန်ဆုံးနေခဲ့ရလေသည်။

ဤသည်မှာ နတ်သားရဲတစ်ကောင်၏ နန်းတော်ဖြစ်သည်။ ရန်ကိုင်၏ကျေးဇူးကြောင့် သူ့အနေဖြင့် ဤနေရာတွင် နေနေရသည်ကပင် အလွန်ကိုမှ ကံကောင်းနေပြီဖြစ်လေရာ လူအိုကြီးပန်အနေဖြင့် ဘာကိုများ ထပ်၍ မျှော်လင့်နိုင်ပါဦးမည်နည်း။ သို့ရာတွင် ရှောင်လင်းအာကမူ သူမ၏အသက်အရွယ်ကြောင့် လောကကြီးအကြောင်း မသိသလို အလွန်ကိုမှလည်း စူးစမ်းလိုစိတ် ပြင်းထန်လေရာ ဤကဲ့သို့သော သားနားလှသည့် နန်းတော်တစ်ခုဆီသို့ ရောက်လာပြီးသည့်နောက် ပတ်ဝန်းကျင်နှင့်ပတ်သက်၍ စူးစမ်းလိုစိတ်ဖြစ်မိသည်မှာ သဘာဝသာ ဖြစ်လေသည်။

စားပွဲခုံပေါ်တွင် ရှိနေသော အသီးအားလုံး ရှောင်လင်းအာစားလို့ အကုန်ကုန်လုနီးပါး ဖြစ်သွားခဲ့သည်။ ထိုအသီးများကို ရှေးဟောင်းကုန်းမြေထဲမှ ခူးဆွတ်၍ ရလာခဲ့ခြင်း ဖြစ်ပေသည်။ အသီးများအားလုံးသည် မိုးမြေစွမ်းအင် အလွန်ကိုမှ ကြွယ်ဝပြီး ပြင်ပလောကကြီးတွင် ဆိုပါက အလွန်ကိုမှ ရှားပါးသည့် ပစ္စည်းများဖြစ်ကြသည်။ ထိုအသီးများကို စားရသည့် မည်သူမဆို ကျင့်ကြံခြင်းနှင့် ပတ်သက်၍ သိသိသာသာ အကျိုးများလာသည်ကို ခံစားနိုင်ကြပေလိမ့်မည်။

ရှောင်လင်းအာသည် ထိုနေရာတွင် သုံးရက်သာ နေခဲ့ပါသော်ငြား ထိုအဖိုးတန်လွန်းလှသော အသီးပေါင်းမြောက်မြားစွာကို စားပစ်ခဲ့လေသည်။ သူမ၏ ယခင်က ဝါကျင့်ကျင့် အသားအရေနှင့် ပိန်ပါးပါး ခန္ဓာကိုယ်လေးမှာ အသီးများကို စားသောက်ပြီးသည့်နောက် ပန်းဆီရောင်တောက်လာခဲ့ကာ ယခင်ကထက်လည်း ပို၍ ရွှန်းစိုတောက်ပြောင်လာခဲ့လေသည်။ သူမ၏ အရောင်ထိုင်းထိုင်း ဆံပင်များသည်ပင်လျှင် အနက်ရောင်ရွှန်းစိုလာခဲ့လေ၏။

တတိယမြောက်နေ့ပြီးသည့်နောက် နောက်တစ်နေ့မနက်တွင် ဖီးနစ်အသိုက်နန်းတော်၏ အပြင်ဘက်ဆီမှ စူးရှသည့် သိမ်းငှက်အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ အပြာရောင်အလင်းတန်းတစ်ခု ကောင်းကင်ဆီမှ ဆင်းသက်လာခဲ့ပြီး နန်းတော်အပြင်ဘက်တွင် ရပ်တန့်သွားခဲ့လေသည်။ သူ့အနေဖြင့် နန်းတော်ထဲသို့ကြည့်၍ ဦးညွှတ်မနှုတ်ဆက်ရသေးခင်မှာပင် အခြားသောတစ်နေရာဆီမှ နောက်ထပ်ပုံရိပ်တစ်ခု ပျံသန်းလာခဲ့လေသည်။

နှစ်ယောက်သားသည် အကြည့်ချင်းဖလှယ်လျက် ပထမတစ်ယောက်က ယဲ့ယဲ့လေးပြုံးကာ မျက်ခုံးပင့်၍ ပြောလိုက်လေသည်။ “ရှဲ့ဝူဝေလား….”

ဒုတိယရောက်လာသည့်တစ်ယောက်က ပြန်ပြောလိုက်လေ၏။ “ယင်ဖေးလား…”

ယင်ဖေးသည် ရှဲ့ဝူဝေကိုကြည့်လျက် “ရောင်းရင်းရှဲ့ ဖီးနစ်အသိုက်နန်းတော်ဆီ ဘာလို့ လာခဲ့တာလဲ… ဒီနေရာက ဆရာဖန်းဝူရဲ့ ပိုင်နက်မဟုတ်ဘူးလေ…”

ရှဲ့ဝူဝေက ပြုံးလျက် ပြန်ပြောလိုက်လေသည်။ “မင်းလည်း ဒီကို ရောက်နေတာပဲ… ဒီနေရာက ဆရာချန်ကွော့ရဲ့ ပိုင်နက်မှ မဟုတ်တာ…”

ထိုသို့ပြောပြီးသည့်နောက် နှစ်ယောက်စလုံးသည် တစ်ခုခုအား နားလည်သွားခဲ့ပြီး ပြိုင်တူပြန်မေးလိုက်ကြလေသည်။ “မင်း ဒီကို အဲ့ကိစ္စကြောင့် ရောက်နေတာလား…”

မည်သည့်အဖြေမှ ပြန်မထွက်လာခဲ့။ သို့သော်ငြား အဖြေမှာတော့ အထင်းသားပင်။

ရှဲ့ဝူဝေ အံ့ဩတကြီး ဖြစ်သွားခဲ့လေသည်။ “ဒီတာဝန်ကို ရတယ်ဆိုတော့ မင်းက တကယ် ကံကောင်းတာပဲ… အခြားသူတွေ အခုချိန်လောက်ဆို မင်းကို တော်တော် မနာလိုအားကျနေလောက်ပြီ…”

ယင်ဖေးက သည်းလှိုက်အူလှိုက် ရယ်မောလျက် “လွန်ခဲ့တဲ့ ရက်ပိုင်းလောက်တုန်းက သခင်လေးက ငါ့ပိုင်နက်ကနေ ဖြတ်သွားတယ်လေ… ငါလည်း သခင်လေးကို ဒီနေရာထိ ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးခဲ့တာ… ဆရာချန်ကွော့ အဲ့အကြောင်းကို ကြားလည်းကြားရော ငါ့ကို သခင်လေးရန်ကို ကူညီပေးဖို့ဆိုပြီး လွှတ်လိုက်တာ… ဒါပေမယ့် ရောင်းရင်းရှဲ့… မင်းကျတော့ရော ဘယ်လိုလုပ်ပြီး ဒီအလုပ်ကို ရသွားတာလဲ…”

ဖန်းဝူလက်အောက်ရှိ မွန်းစတားဘုရင်များအနက် ရှဲ့ဝူဝေည် အားအကောင်းဆုံးမဟုတ်သလို ဖန်းဝူတန်ဖိုးအထားရဆုံးလူလည်း မဟုတ်ချေ။ အကြောင်းမှာ ရှဲ့ဝူဝေသည် အလွန်ကိုမှ စိတ်ဆတ်သည့် အတွက်ကြောင့်ပင်။ ထို့အတွက်ကြောင့် ရှဲ့ဝူဝေ ဘာကြောင့် ဤတာဝန်အတွက် ရွေးခံလိုက်ရသလဲဆိုသည်ကို သူလုံးဝနားမလည်နိုင်အောင် ဖြစ်နေခဲ့လေသည်။

သူ့အနေဖြင့် ဤအလုပ်ကို ရခဲ့ရခြင်းမှာ လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ရန်ကိုင်နှင့် ကံကောင်းထောက်မပြီး တွေ့ခဲ့သည့် ကိစ္စကြောင့် ဖြစ်ပါသော်ငြား ရှဲ့ဝူဝေကမူ မည်သို့သော အကြောင်းကြောင့် ဤတာဝန်ကို ရခဲ့ရလေသနည်း။

ရှဲ့ဝူဝေက ပြန်၍ပြောလိုက်လေသည်။ “မင်းကိစ္စမဟုတ်ဘူး…”

ရှဲ့ဝူဝေ၏ ခပ်ဆတ်ဆတ်တုံ့ပြန်မှုကြောင့် ယင်ဖေးလည်း ပါးစပ်ပိတ်နေရုံသာ တတ်နိုင်လေသည်။

သူတို့နှစ်ဦး စကားပြောနေစဉ်အတောအတွင်း လျှပ်စီးတမျှ မြန်ဆန်သည့် အလင်းတန်းတစ်ခု အဝေးတစ်နေရာဆီမှ သူတို့ဆီသို့ ပျံသန်းလာလေသည်။ မကြာမီ ထိုအလင်းတန်း သူတို့ဆီသို့ ရောက်လာခဲ့ပြီး အလင်းတန်းလည်း ပျောက်ကွယ်သွားခဲ့လေသည်။

“ရှီလဲ့လား….” ရှဲ့ဝူဝေ မျက်မှောင်ကျုံ့သွားခဲ့သည်။

ယင်ဖေးက မျက်မှောင်ကျုံ့လျက် “ရောင်းရင်းရှီလဲ့… မင်း ဘာဖြစ်သွားတာလဲ…”

လက်ရှိ သူတို့ရှေ့တွင် ရှိနေသော တုတ်ခိုင်ထွားကျိုင်းသည့် ပုံရိပ်မှာ မွန်းစတားဘုရင်ရှီဟွော့၏ လက်အောက်ငယ်သားတစ်ဦး ဖြစ်သော မွန်းစတားဘုရင်ရှီလဲ့သာ ဖြစ်လေသည်။ သို့သော်ငြား ရှီဟွော့ သတ်ခံလိုက်ရပြီးသည့်နောက်တွင် ရှီလဲ့သည် လွမ်ဖုန်း၏ လက်အောက်သို့ ခိုဝင်သွားခဲ့ကာ ယခုဆိုလျှင် လွမ်ဖုန်း၏ လက်အောက်ငယ်သားတစ်ဦး ဖြစ်နေပေသည်။

ရှီလဲ့၏ပုံစံမှာ အတော်လေးကိုမှ အရိုင်းဆန်ပါသော်ငြား သူ့ခွန်အားသည် မွန်းစတားဘုရင်သုံးဆယ့်နှစ်ပါးအနက် ထိပ်တန်းသုံးယောက်ထဲ ပါဝင်ပေသည်။

သို့သော်ငြား လက်ရှိအချိန်တွင် အလွန်ကိုမှ အားကောင်းလှသော မွန်းစတားဘုရင်မှာ အတော်လေးကိုမှ ပုံပျက်ပန်းပျက် ဖြစ်နေခဲ့သည်။ အလွန်ကိုမှ ကြမ်းတမ်းခက်ထန်သည့် တိုက်ပွဲတစ်ပွဲကို ဆင်နွှဲလာရသည့်အလား သူ့မျက်နှာတစ်ပြင်လုံး ဖူးယောင်ကိုင်းနေခဲ့လေသည်။

မွန်းစတားမျိုးနွယ်စုဝင်များမှာ အလွန်ကိုမှ အားကောင်းလှသော ရုပ်ခန္ဓာများကို ပိုင်ဆိုင်ထားကြသည့် အတွက်ကြောင့် သာမန်ဒဏ်ရာများသာ ရလိုက်မည်ဆိုပါက တစ်ခဏအတွင်း ပြန်ကောင်းနိုင်ပေသည်။ သို့သော်ငြား ရှီလဲ့၏ဒဏ်ရာများမှာမူ ယခုအချိန်ထိတိုင် ပြန်မကောင်းသေးချေ။ ထိုအချက်ကို ကြည့်ရုံဖြင့်ပင်လျှင် ထိုဒဏ်ရာများမှာ သာမန်မဟုတ်မှန်း သိနိုင်ကြပေသည်။

ရှီလဲ့က ပြန်ပြောလိုက်၏။ “ဟို ခွေးသူတောင်းစားတွေနဲ့ တိုက်ခိုက်ခဲ့ရတာလေ… ငါ ဒဏ်ရာရသွားတယ်ဆိုပေမယ့် အဲ့ကောင်တွေလည်း ငါ့ထက်မသာဘူး…”

လက်ရှိ ရှီလဲ့၏ အခြေအနေကို မြင်ပြီးသည့်နောက် ရှဲ့ဝူဝေနှင့် ယင်ဖေးတို့ အကြည့်ချင်းဖလှယ်လိုက်ကြပြီး သူတို့ရင်ထဲတွင်လည်း ‘ငါတို့ ကံကောင်းသွားခဲ့ပါလား’ ဟု တွေးမိသွားကြလေသည်။ ရန်ကိုင်နှင့် သိကျွမ်းခဲ့သည့် အခိုက်အတန့်များကြောင့်သာ မဟုတ်ပါက သူတို့သည်လည်း ဤတာဝန်ကို ရယူနိုင်ရန်အတွက် ရှီလဲ့ကဲ့သို့ပင် အခြားသော မွန်းစတားဘုရင်များနှင့် ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ကြရပေလိမ့်မည်။

All Chapters