အခန်း (၂၆၄၈)
Vol. 113 Ch. 2648
အခြားသောမွန်းစတားဘုရင်များ၏ ခွန်အားအရ သူတို့တွင် ဤတာဝန်ကို လက်ခံနိုင်သည့် အရည်အချင်း လုံးဝ ရှိမနေခဲ့ပေ။
ထို့အတွက်ကြောင့် ရှဲ့ဝူဝေနှင့် ယင်ဖေးတို့မှာ အတော်လေးကိုမှ စိတ်သက်သာရာ ရနေကြသည်။ အထူးသဖြင့် ယင်ဖေးပင်။ ရန်ကိုင်အား ဤနေရာသို့ ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးခဲ့သည်မှာ တကယ် မှန်သွားသည်ဟု သူ့စိတ်ထဲ ခံစားနေခဲ့ရလေသည်။
တစ်ခဏအကြာတွင် ရှီလဲ့သည် ယင်ဖေး၊ ရှဲ့ဝူဝေတို့နှင့် ပတ်သက်၍ ပုံမှန်မဟုတ်သည့်အချက်ကို သတိပြုမိသွားခဲ့ပြီး အထူးတဆန်းဖြင့် မေးလိုက်လေသည်။ “မင်းတို့နှစ်ယောက် ဘာဖြစ်လို့ ဒဏ်ရာရမထားတာလဲ…”
ယင်ဖေးက ပြန်ပြောလိုက်၏။ “ငါတို့ ဘာလို့ ဒဏ်ရာရရမှာလဲ…”
ရှီလဲ့က ခေါင်းခါလျက် “ဟိုကောင်တွေ မင်းတို့ကို ဒီတာဝန်ကို ဘာအကြောင်းအရင်းမှ မရှိဘဲနဲ့ ဒီတိုင်း ပေးလိုက်တယ်လို့တော့ ငါ့ကို လာမပြောနဲ့နော်… ဒီကြံ့အိုကြီးတောင် ဒီအခွင့်အရေးကိုရဖို့ တော်တော်လေး ကြိုးစားခဲ့ရတာ…”
ယင်ဖေးက ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြန်ပြောလိုက်လေသည်။ “ဆရာချန်ကွော့ရဲ့အမိန့်ကို ဘယ်သူက ငြင်းဆန်ရဲမှာလဲ… ရောင်းရင်းရှဲ့ ဒီတာဝန်ကို ဘယ်လိုရလာလဲ ဆိုတာကိုတော့ ငါလည်းမသိဘူး…”
ရှဲ့ဝူဝေကမူ ဘာမှပြန်မပြောခဲ့ပဲ နှာခေါင်းသာ ရှုံ့လိုက်လေ၏။
ရှီလဲ့ ဒေါသူပုန်ထသွားလေ၏။ “လုံးဝကို မမျှတဘူး… လုံးဝ လုံးဝကို မမျှတဘူး…”
လွန်ခဲ့သောရက်အနည်းငယ်ခန့် သတင်းများပြန့်လာပြီးသည့်နောက်တွင် ရှေးဟောင်းကုန်းမြေထဲ၌ ရှိနေကြသော မွန်းစတားဘုရင်သုံးဆယ့်နှစ်ပါးနှင့် ဘုရင်ချုပ်ရှစ်ပါးတို့ အလွန်ကိုမှ စိတ်အားတက်ကြွလာလေသည်။ အကုန်လုံးသည် လက်သီးလက်မောင်းတန်းရင်း ထိုတာဝန်ကို ရယူရန် ပြင်ဆင်ထားကြသည်။ ရှီလဲ့မှာလည်း ထိုတာဝန်ကို ရယူရန်အတွက် ကြိုးစားပမ်းစား တိုက်ခိုက်ခဲ့ရပြီး သူ၏ ထူးချွန်ပြောင်မြောက်သည့် စွမ်းဆောင်ရည်ကြောင့်သာ ဤတာဝန်ကို ရယူနိုင်ခဲ့ခြင်း ဖြစ်ပေသည်။ သို့သော်ငြား ယင်ဖေးကမူ ထိုကဲ့သို့ မတိုက်ခိုက်ခဲ့ရပဲ ဆရာချန်ကွော့သည် ဤတာဝန်အား သူ့ဆီသို့ တိုက်ရိုက်ပေးအပ်ခဲ့သည်။ သူ့ကဲ့သို့ပင် ခက်ခက်ခဲခဲ ကြိုးစားနေစရာမလိုခဲ့။
ထို့အတွက်ကြောင့် ရှီလဲ့အနေဖြင့် လုံးဝ တရားမျှတမှုမရှိဟု ထင်သည်မှာလည်း အထူးအဆန်းတော့မဟုတ်ချေ။
သို့သော်ငြား မကြာခင် တည်ငြိမ်သွားခဲ့လေသည်။ မည်သို့ပင် ဖြစ်နေစေကာမူ အဆုံးတွင်တော့ သူ့အနေဖြင့် ဤတာဝန်ကို ရလိုက်သည် မဟုတ်ပေလော။
သူတို့သုံးဦး စကားပြောနေစဉ်အတောအတွင်း နန်းတော်၏ ဂိတ်တံခါး ပွင့်လာခဲ့ပြီး အနက်ရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ထွက်လာခဲ့လေသည်။
ထိုလူကိုမြင်သည့်အခါ မွန်းစတားဘုရင်သုံးဦးစလုံး လက်သီးဆုပ်၍ နှုတ်ဆက်လိုက်ကြလေ၏။ “ညီမထျန်းလုံလား…”
ထျန်းလုံ၏ကျင့်ကြံခြင်းမှာ သူတို့လောက် မြင့်မားခြင်း မရှိပါသော်ငြား သူမသည် လွမ်ဖုန်း၏ ယုံကြည်ရသူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် မွန်းစတားဘုရင်များမှာ ထျန်းလုံအား ရိုင်းရိုင်းစိုင်းစိုင်း သွားမဆက်ဆံရဲခဲ့ပေ။ ထျန်းလုံသာ မကျေနပ်၍ လွမ်ဖုန်းအား သွားတိုင်တန်းမည်ဆိုပါက သူတို့၏ဘဝများမှာ ခက်ခဲကြရပေတော့မည်။
“သခင်မက ရှင်တို့အားလုံးကို အထဲဝင်လာဖို့ ပြောလိုက်တယ်…” ထျန်းလုံက ပြော၍ နန်းတော်ထဲသို့ ပြန်ဝင်သွားလေသည်။
မွန်းစတားဘုရင်သုံးဦးလည်း ထျန်းလုံနောက်မှ အလျင်စလို လိုက်သွားလေ၏။
ခန်းမထဲသို့ ဝင်လာသော် ပုလ္လင်ပေါ်တွင် ထိုင်နေသော လွမ်ဖုန်းကို တွေ့လိုက်ရလေသည်။
ရန်ကိုင်သည် လွမ်ဖုန်းအောက် တစ်ဆင့်နိမ့်သည့် ပုလ္လင်နေရာတွင် ဘယ်ကမှန်းမသိရသော လူအိုကြီးတစ်ဦး၊ မိန်းမငယ်လေးတစ်ဦးနှင့် ထိုင်နေခဲ့လေ၏။
မွန်းစတားဘုရင်သုံးဦးသည် ရန်ကိုင်အား တစ်ချက်ကြည့်လိုက်ပြီးသည့်နောက် လွမ်ဖုန်းဘက်သို့ ပြန်လှည့်၍ လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်သည်။ “လက်အောက်ငယ်သားတို့ သခင်မဖုန်းကို နှုတ်ဆက်ပါတယ်…”
“အင်း…” လွမ်ဖုန်းက ခေါင်းညိတ်လိုက်ပြီး တည်ကြည်လေးနက်သည့် အမူအယာဖြင့် “နင်တို့အားလုံး ဘာလို့ ဒီကို ရောက်နေရလဲဆိုတာ သိပြီးသားဖြစ်မယ်လို့ ငါထင်တယ်… ဒီတစ်ကြိမ် နင်တို့ကို ခေါ်လိုက်ရတာက သခင်လေးရန်နောက် အတူလိုက်သွားပြီး မြောက်ဘက်နယ်မြေမှာရှိတဲ့ ရေခဲနှလုံးသားတောင်ကြား ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းပေးစေချင်လို့ပဲ… ထွက်သွားပြီးတဲ့အချိန်ကြရင် နင်တို့အနေနဲ့ သခင်လေးရန်ရဲ့ အမိန့်ကို နာခံရမယ်… သူ့အမိန့်ကို မနာခံတဲ့ ဘယ်သူမဆို ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမယ်သာမှတ်…”
“လက်အောက်ငယ်သားတို့ သခင်မလွမ်ဖုန်းရဲ့အမိန့်ကို နာခံပါ့မယ်…” မွန်းစတားဘုရင်သုံးဦးစလုံး သံပြိုင် ပြန်ဖြေလိုက်ကြလေသည်။ သူတို့အနေဖြင့် ဤကဲ့သို့သော တာဝန်ကို ရယူနိုင်ခဲ့ရသည်မှာ အလွန်ကိုမှ ကံကောင်းနေပြီဖြစ်သဖြင့် မည်သူမျှ ရန်ကိုင်၏အမိန့်ကို မလွန်ဆန်ရဲကြပေ။ လွမ်ဖုန်းကိုယ်တိုင်မှ သူတို့အား သတိပေးမလာလျှင်ပင် သူတို့အနေဖြင့် တတ်စွမ်းသမျှ ရန်ကိုင်အား ကူညီပေးကြမည်သာ။ တကယ်တော့ ဤတာဝန်သည် ရန်ကိုင်နှင့် ဆက်ဆံရေးကောင်းတစ်ခု ထူထောင်နိုင်မည့် အခွင့်အရေးတစ်ခုပင် မဟုတ်လေလော။
ထိုအချင်းအရာကိုမြင်သော် လွမ်ဖုန်းက ကျေနပ်စွာ ခေါင်းညိတ်လျက် “သခင်လေးရန်က အပြင်လူတစ်ယောက်မဟုတ်ဘူး… နင်တို့ သူ့ကို နှုတ်ဆက်လို့ရတယ်…”
ထိုအခါမှသာလျှင် မွန်းစတားဘုရင်များသည် ရန်ကိုင်ဘက်သို့လှည့်၍ လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်ကြသည်။ “မင်္ဂလာပါ သခင်လေးရန်…”
ရန်ကိုင်သည် ပြုံးလျက် မွန်းစတားဘုရင်သုံးယောက်အား လှမ်းကြည့်လိုက်လေသည်။ ထိုမွန်းစတားဘုရင်သုံးဦးအနက် နှစ်ဦး၏နောက်ကြောင်းကို သူသိပေသည်။ ရှဲ့ဝူဝေသည် ဖန်းဝူ၏ လက်အောက်ခံဖြစ်ပြီး ယင်ဖေးမှာတော့ ချန်ကွော့၏ လက်အောက်ငယ်သားဖြစ်သည်။ နောက်ဆုံးတစ်ယောက်သည် လွမ်ဖုန်း၏ လက်အောက်ငယ်သား ဖြစ်လောက်ပေသည်။
သူသည် လွမ်ဖုန်းဆီမှ လာရောက်အကူအညီတောင်းခြင်း ဖြစ်ပါသော်ငြား လွမ်ဖုန်းသည် အခြားသော နတ်အရှင်နှစ်ပါးဆီမှလည်း အကူအညီသွားတောင်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။ လွမ်ဖုန်းသည် ဤကိစ္စတစ်ခုလုံးကို သူမတစ်ယောက်တည်း တာဝန်မယူချင်သည်မှာ သိသာလှသည်။
သို့သော်ငြား ဤကိစ္စမှာ သူ့လာရင်းရည်ရွယ်ချက်နှင့် ပြည့်မီသွားပြီ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်လည်း မည်သည့်အပိုစကားမှ ပြောမနေခဲ့ပဲ ပြန်၍သာ ပြောလိုက်သည်။ “မွန်းစတားဘုရင်သုံးယောက်တို့… အခုလိုမျိုး ယဉ်ကျေးနေစရာ မလိုပါဘူး… ကျုပ် နောက်ပိုင်း ခင်ဗျားတို့သုံးယောက်ကို အားကိုးနေမယ်နော်…”
မွန်းစတားဘုရင်သုံးယောက်သာ ရလိုက်၍ ရန်ကိုင် စိတ်မပျက်ခဲ့ပေ။ ဤသည်မှာ သူမျှော်လင့်ထားသည့် အတိုင်းအတာအတွင်းတွင် ရှိနေပေသည်။ အရူးတစ်ယောက်သည်သာ လွမ်ဖုန်းမှ သူ့အား မွန်းစတားဘုရင် ရှစ်ပါး ပေးလိမ့်မည်ဟု ထင်ပေလိမ့်မည်။
ရန်ကိုင်က ထိုကဲ့သို့ ပြောလိုက်ပါသော်ငြား ရှဲ့ဝူဝေနှင့် အခြားသူများမှာတော့ ရန်ကိုင်ပြောသည့်အတိုင်း မနေရဲခဲ့ပဲ တလေးတစားဖြင့်သာ ဆက်၍ ရပ်နေခဲ့သည်။
ရန်ကိုင်က မတ်တပ်ရပ်၍ ပြောလိုက်လေသည်။ “ဒီကကိစ္စတွေအားလုံး ပြီးသွားပြီဆိုမှတော့ အမျိုးသမီးဖုန်း ကျုပ် သွားလိုက်ပါဦးမယ်…”
လွမ်ဖုန်းမှာ ရန်ကိုင်အား ဤနေရာမှ မြန်မြန်ထွက်သွားစေချင်လိုခြင်း ဖြစ်ပေသည်။ ထို့အတွက်ကြောင့် ရန်ကိုင် ထွက်သွားမည်ဟု ပြောလာသော် တစ်ချက်ကလေးမျှပင် မတားခဲ့ဘဲ ပြန်၍သာပြောလိုက်လေ၏။ “ကျွန်မကိုယ်တိုင် လိုက်ပို့ပေးမယ်လေ…”
လွမ်ဖုန်းမှာ ရန်ကိုင်အား လိုက်ပို့ပေးလိုခြင်းမဟုတ်။ အစီအရင် အလုပ်မဖြစ်ကြောင်း မြင်လိုက်ရသည့်အချိန် ရန်ကိုင် မည်ကဲ့သို့ ဖြစ်သွားမလဲ ဆိုသည်ကို မြင်ချင်လိုခြင်းသာ ဖြစ်ပေသည်။
ဤကောင်လေးသည် ရှေးဟောင်းကုန်းမြေထဲမှ အဖိုးတန်ရတနာများစွာကို ယူဆောင်သွားခဲ့ပြီး သူမကိုပင်လျှင် မရဏဂိုဏ်းနှင့်ပတ်သက်သည့် အရှုပ်ထုပ်ထဲ ဆွဲခေါ်ခဲ့သည်။ ယခုဆိုလျှင်လည်း အရေထူထူဖြင့်ပင်လျှင် သူမဆီမှ နောက်တစ်ကြိမ် ထပ်၍ အကူအညီလာတောင်းပြန်လေသည်။ လွမ်ဖုန်းမှာ ရန်ကိုင်အား မငြင်းနိုင်သည့်အတွက်ကြောင့် မတတ်သာဘဲ ကူညီပေးလိုက်ရပါသော်ငြား ရန်ကိုင် သူ့ရှူးသူပတ်နေသည်ကို သူမ အမှန်တကယ်ကို မြင်ချင်မိပေသည်။
လွမ်ဖုန်းကိုယ်တိုင်သည် ထိုနယ်မြေခြားဟင်းလင်းပြင်အစီအရင်ကို တစ်ကြိမ်မက စမ်းသပ်ကြည့်ခဲ့ဖူးသည်။ သို့သော်ငြား အကြိမ်တိုင်း အလုပ်မဖြစ်ခဲ့ပေ။
ရန်ကိုင်တို့အဖွဲ့သည် ဟင်းလင်းပြင်အစီအရင် ရှိနေရာဆီသို့ တန်းသွားလိုက်လေသည်။ ထိုနေရာသို့ရောက်သော် ရန်ကိုင်သည် အကုန်လုံးအား အစီအရင်ပတ်လည်တွင် ရပ်နေရန် ပြောပြီးသည့်နောက် အဆင့်မြင့်အရင်းအမြစ်ကျောက်များကို ထုတ်၍ အစီအရင်ပေါ်ရှိ မြောင်းငယ်လေးများထဲသို့ ထည့်သွင်းလိုက်သည်။
“အမျိုးသမီးဖုန်း… နှုတ်ဆက်ပါတယ်နော်… နောက်ပိုင်း အချိန်ရှိရင်လည်း ဒီဂျူနီယာ ထပ်ပြီး လာလည်ပါဦးမယ်…”
“သွား သွား… နင့်အချိန်ကို ဖြုန်းမနေတော့နဲ့…” လွမ်ဖုန်းမှာ ရယ်ချင်စိတ်ကို အောင့်အည်းရင်း သူမလက်ကို ဝှေ့ယမ်းလိုက်လေသည်။
ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့သည်။ လွမ်ဖုန်း၏ အမူအယာနှင့် ပတ်သက်၍ တစ်ခုခု မှားယွင်းနေသည်ဟု သူ့စိတ်ထဲ ခံစားနေခဲ့ရလေသည်။ သို့သော်ငြား ဘာမှားလို့ မှားနေမှန်း မပြောနိုင်ခဲ့ပေ။ သူမဘေးတွင်ရှိနေသော ထျန်းလုံကို လှည့်ကြည့်လိုက်သည့်အခါတွင်လည်း ထျန်းလုံမှာ သူမ၏ ရယ်ချင်စိတ်ကို အတင်းအောင့်အည်းထားနေကြောင်း တွေ့လိုက်ရလေသည်။
(သူတို့ဘာတွေ တွေးနေတာလဲ…)
ရန်ကိုင် နားမလည်နိုင် ဖြစ်သွားခဲ့လေသည်။ သို့သော်ငြား မေးရန် အဆင်မပြေသည့်အတွက်ကြောင့် လေဟာနယ်နိယာမစွမ်းအားများကို အသက်သွင်း၍ ဟင်းလင်းပြင်အစီအရင်ပေါ်တွင်သာ ရပ်လိုက်လေသည်။ ချက်ချင်းဆိုသလို အလင်းတစ်ချက် လက်လာပြီး အစီအရင်ပေါ်တွင် ရှိနေသည့် လူအားလုံးကို လွှမ်းခြုံသွားခဲ့လေသည်။
အလင်းပျောက်ကွယ်သွားပြီးသည့်နောက် အစီအရင်ပေါ်တွင်ရှိနေသည့် လူအားလုံး ပျောက်ကွယ်သွားခဲ့လေသည်။
လွမ်ဖုန်းမှာမူ ထိုမြင်ကွင်းအား မျက်လုံးအပြူးသားဖြင့် ရပ်ကြည့်နေခဲ့လေသည်။ သို့သော်ငြား သူမမှာ အရူးမဟုတ်သည့်အတွက်ကြောင့် ထိတ်လန့်နေရာမှ ပြန်အသိဝင်လာပြီးသည့်နောက်တွင် ဒေါမာန်တကြီးဖြင့် ရေရွတ်လိုက်လေ၏။ “ဉာဏ်များတဲ့ကောင်စုတ်လေး…”
သူမအနေဖြင့် ဟင်းလင်းပြင်အစီအရင်ကို အသက်မသွင်းနိုင်ရခြင်းမှာ ရန်ကိုင်သည် အစီအရင်ပေါ်၌ ကန့်သတ်ချက်တစ်ခုခုကို ထည့်သွင်းထားခဲ့သည့် အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။ တစ်နည်းဆိုရသော် ဤဟင်းလင်းပြင်အစီအရင်သည် လုံးဝကို အလုပ်ဖြစ်ပေသည်။ သို့သော်ငြား ရန်ကိုင်မှလွဲ၍ မည်သူမျှ ဤဟင်းလင်းပြင်အစီအရင်ကို အသက်သွင်းနိုင်လိမ့်မည် မဟုတ်။
ရန်ကိုင်သည် ယခုကဲ့သို့ ဖြစ်မည်မှန်း ကြိုတင်မျှော်လင့်ထားပြီးသားဖြစ်ကြောင်းကို စဉ်းစားမိလိုက်သော် လွမ်ဖုန်းမှာ ဒေါသတကြီးဖြင့် အံကိုတင်းတင်းကြိတ်တော့သည်။ သူမသည် ရေခဲနှလုံးသားတောင်ကြားသို့ သွား၍ ကျန်းရို့ရှီနှင့် ရေခဲနှလုံးသားတောင်ကြား မည်ကဲ့သို့ ပတ်သက်သလဲ ဆိုသည်ကို စုံစမ်းစစ်ဆေးရန် ကြိုးစားလိမ့်မည်ဟု ရန်ကိုင် ကြိုသိထားခဲ့လောက်ပေသည်။ ထို့ကြောင့်သာလျှင် ဟင်းလင်းပြင်အစီအရင်အပေါ် ကန့်သတ်ချက်တစ်ခု ထည့်သွင်းခဲ့ခြင်း ဖြစ်ရပေလိမ့်မည်။
“ဟင်းလင်းပြင်အစီအရင်က တကယ်ကြီး ကောင်းနေတာပဲ…” ထျန်းလုံမှာလည်း ထိုမြင်ကွင်းကိုကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်နေလေသည်။
တစ်ရက်မရှိတတ်သေးခင်အချိန်အတွင်း ခင်းကျင်းခဲ့သည့် ဟင်းလင်းပြင်အစီအရင်တစ်ခု တကယ်ကြီး အလုပ်ဖြစ်နေသည်မှာ အမှန်တကယ်ကို မယုံကြည်နိုင်စရာ ကောင်းလှပေသည်။
“အလုပ်ဖြစ်တော့ရော ဘာဖြစ်လဲ…” လွမ်ဖုန်းက အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “ဖျက်ဆီးပစ်လိုက်စမ်း…”
“ဖျက်ဆီးပစ်ဖို့…” ထျန်းလုံ အံ့အားသင့်သွားခဲ့လေသည်။
“ဟုတ်တယ်… ဖျက်ဆီးပစ်လိုက်…” လွမ်ဖုန်းက ခေါင်းညိတ်လိုက်သည်။ “ဒီဟင်းလင်းပြင်အစီအရင်သာ အသက်ဝင်နေသေးရင် ဒီကောင်စုတ် ဒီနေရာကို လာချင်တိုင်း လာနေမှာ… ငါ သူ့ကို ဘယ်လိုလုပ်ပြီး သူ့စိတ်ကြိုက် ပြုမူခွင့် ပေးရမှာလဲ…”
လွမ်ဖုန်းသည် ရန်ကိုင်အပေါ် ရွံရှာစိတ်တစ်ခု ဖြစ်လာသည့်ပုံပင်။ ရန်ကိုင် သူမအား လာရောက်နှောင့်ယှက်မည့်ရန်မှ ကင်းဝေနိုင်စေရန်အတွက် ဤဟင်းလင်းပြင်အစီအရင်ကို ယခုတည်းက ဖျက်ဆီးလိုက်သည်မှာ ပို၍ကောင်းပေသည်။ ထိုသို့သာမဟုတ်ပါက ရန်ကိုင်သည် တစ်နေ့နေ့ ဤနေရာတွင် ရုတ်တရက်ကြီး ပေါ်လာကောင်း ပေါ်လာနိုင်ပေဦးမည်။
လွမ်ဖုန်းကိုယ်တိုင်က အမိန့်ပေးလာသည့်အတွက်ကြောင့် ထျန်းလုံလည်း တုံ့ဆိုင်းမနေတော့ဘဲ ချက်ချင်း သူမလက်ကို ဝှေ့ယမ်းလျက် အစီအရင်အား တစ်စစီဖြစ်အောင် ဖျက်ဆီးပစ်လိုက်လေသည်။
ရေခဲနှလုံးသားတောင်ကြားတစ်ခုလုံး ကပ်ဘေးဆိုက်နေခဲ့သည်။ လောကတစ်ခုလုံး တသိမ့်သိမ့် တုန်ရီမြည်ဟည်းနေခဲ့ပြီး မိုးမြေစွမ်းအင်များမှာလည်း ကသောင်းကနင်း ဖြစ်နေခဲ့လေသည်။ ဤသည်မှာ လောကကြီးတစ်ခုလုံး၏ အဆုံးသတ်အလား။
ရေခဲနှလုံးသားတောင်ကြားမှာ ပျက်စီးရမည့်အရေးနှင့် ရင်ဆိုင်နေရပါသော်ငြား တပည့်များမှာမူ သေရမည့်အရေးကို ရင်ဆိုင်မည်ဟူသော စိတ်ဓာတ်ဖြင့် ကြံ့ကြံ့ခိုင် ရပ်တည်နေကြလေသည်။
ရေခဲနှလုံးသားတောင်ကြားကို ကာကွယ်ပေးထားသော အကာအကွယ်အစီအရင်မှာ အလွန်ကိုမှ မှိန်ကျနေခဲ့လေသည်။ ယခုဆိုလျှင် တုန်ပင် တုန်ခါနေခဲ့လေသည်။ ကြည့်ရသလောက် အစီအရင်မှာ သိပ်ကြာကြာခံတော့မည့်ပုံမပေါ်။
“ရှင် နည်းလမ်းတစ်ခု မြန်မြန်စဉ်းစားနော်… အစီအရင်ကို တည်ငြိမ်အောင် လုပ်နိုင်မယ့်နည်းလမ်း မစဉ်းစားနိုင်ရင် အစီအရင်ပျက်စီးသွားတာနဲ့ ရှင် သေပြီသာမှတ်…” ရေခဲနှလုံးသားတောင်ကြားထဲရှိ တစ်နေရာတွင် ကျိယောင်သည် ယောကျ်ားတစ်ဦး၏လည်ပင်းအား ဓါးဖြင့်ချိန်ရွယ်ရင်း ပြောလိုက်လေသည်။ ဓါးမှာ ထိုလူ၏ အရေပြားထဲသို့ပင် စိုက်ဝင်နေသည့် အတွက်ကြောင့် ထိုလူ၏ လည်ပင်းတစ်လျှောက် သွေးများ စီးကျနေခဲ့လေသည်။
ယခုကဲ့သို့ အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရသည့်တိုင် ထိုလူမှာတော့ အနည်းငယ်မျှပင် တုန်လှုပ်ခြောက်ခြားနေခြင်းမရှိဘဲ သက်ပြင်းချ၍သာ ပြောလိုက်သည်။ “ဒီလိုအခြေအနေထိ ဖြစ်လာပြီးမှတော့ ငါလည်း ဘာမှ ကူညီပေးနိုင်တော့မှာမဟုတ်ဘူး.. ငါ နင်တို့ရဲ့ အဖမ်းခံလိုက်ရတယ်ဆိုပေမယ့် ဒီအစီအရင်ကို ဖျက်ဆီးတဲ့အရာရဲ့ အုတ်မြစ်က ပြီးလုနီးပါး ဖြစ်နေပြီ…. ငါမရှိတော့ရင်တောင် ရမ္မက်ရှာဂိုဏ်းက အဲ့ဒါရဲ့ စွမ်းအားတစ်ဝက်လောက်ကို အသုံးချနိုင်သေးတယ်… ငါသာ နင်တို့ကို အစီအရင် တည်ငြိမ်သွားအောင် တစ်ချိန်လုံး ကူညီပေးခဲ့တာကြောင့်သာ မဟုတ်ရင် ဒီအချိန်ထိ နင်တို့ တောင့်ခံနိုင်ဦးမယ်လို့ ထင်နေတာလား… ရှင်းရှင်းပြောရရင် ငါသာ မကူညီပေးလို့ရှိရင် ဒီအစီအရင် လွန်ခဲ့တဲ့ လဝက်လောက်တည်းက ပျက်စီးသွားတာ ကြာနေပြီ…”
ထိုလူမှာ နန်မန်တကျွင်းသာ ဖြစ်လေသည်။
ရန်ကိုင်၏ဖမ်းဆီးခြင်းခံ ရပြီးသည့်နောက် ပင်းယွင်သည် နန်မန်တကျွင်းအား နှိပ်စက်ခြင်းမပြုခဲ့ဘဲ တိုက်ပွဲပြီးသွားလျှင် ပြန်လွှတ်ပေးမည်ဟု ပြောခဲ့လေသည်။
နန်မန်တကျွင်းမှာလည်း ထို့အတွက်ကြောင့် အတော်လေးကိုမှ ကျေးဇူးတင်ကာ ရေခဲနှလုံးသားတောင်ကြားတွင် ရှိနေစဉ်အတောအတွင်း ဂိုဏ်းအား ကာကွယ်ပေးထားသည့် အစီအရင်အား တည်ငြိမ်သွားအောင် ကူညီပေးခဲ့လေသည်။
နန်မန်တကျွင်းပြောသည်မှာ အမှန်တရားသာ ဖြစ်လေသည်။ ရန်ကိုင် သူ့အား ဖမ်းလာစဉ်က ဤရေခဲနှလုံးသားတောင်ကြား၏ အစီအရင်ကို ဖျက်ဆီးမည့် အစီအရင်ဖျက်ဆီးသူ၏အုတ်မြစ်မှာ ပြီးလုနီးပါး ဖြစ်နေလေပြီ။ အစီအရင်အလံတိုင် တော်တော်များများကိုပင်လျှင် စိုက်ထူပြီးသွားပြီ ဖြစ်သည့်အတွက်ကြောင့် အနည်းငယ်သာ ထပ်၍ ကြိုးစားလိုက်မည်ဆိုပါက အစီအရင်ဖျက်ဆီးသူကို အသက်သွင်းနိုင်ပေလိမ့်မည်။
သူမရှိလျှင်ပင် ရမ္မက်ရှာဂိုဏ်းသည် ထိုအစီအရင်ဖျက်ဆီးသူကို အတိုင်းအတာတစ်ခုထိ ထိန်းချုပ်နိုင်ပေသေးသည်။
နန်မန်တကျွင်းမှ ရေခဲနှလုံးသားတောင်ကြား၏ အကာအကွယ်အစီအရင်အား တည်ငြိမ်သွားအောင် ဝင်ရောက်ကူညီထိန်းညှိပေးနိုင်သည့် အတွက်ကြောင့်သာ မဟုတ်ပါက သူတို့အနေဖြင့် ယနေ့အထိကြာအောင် ခုခံထားနိုင်လိမ့်မည် မဟုတ်ချေ။
အစောပိုင်းက သူသည် ရေခဲနှလုံးသားတောင်ကြား၏ အကာအကွယ်အစီအရင်ကို ဖျက်ဆီးရန် ကြိုးစားပေးနေခဲ့ရသူ ဖြစ်ပါသော်ငြား ယခုမူ ထိုအစီအရင်ကိုပင်လျှင် ပြန်လည်တည်ငြိမ်သွားအောင် ကူညီပေးနေခဲ့ရလေသည်။ ယခုကိစ္စနှင့်ပတ်သက်၍ နန်မန်တကျွင်းသည် မည်သူ့ဘက်မှမပါ။ အစောပိုင်းက ရမ္မက်ရှာဂိုဏ်းသည် သူ့အား တန်ဖိုးဖိုးကြီးကြီးမားမားပေး၍ ခေါ်ယူခဲ့လေသည်။ ယခု ရေခဲနှလုံးသားတောင်ကြားသည် သူ့အား ဖမ်းဆီးခဲ့ပါသော်ငြား မသတ်ခဲ့ဘဲ စစ်ပွဲပြီးသွားသည်နှင့် ပြန်လွှတ်ပေးမည်ဟု ပြောခဲ့ပေသည်။ အပြန်အလှန်အနေဖြင့် နန်မန်တကျွင်းလည်း ရေခဲနှလုံးသားတောင်ကြား၏ အကာအကွယ် အစီအရင်အား တည်ငြိမ်သွားအောင် ပြန်လည်ထိန်းညှိပေးခဲ့လေသည်။
သို့သော်ငြား ဤသည်မှာ သူ့အကန့်အသတ် ဖြစ်နေလေပြီ။ နန်မန်တကျွင်းသည် အစီအရင်ပညာအား နက်နက်နဲနဲ တတ်ကျွမ်းထားသည့် အတွက်ကြောင့် တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင်လျှင် ရေခဲနှလုံးသားတောင်ကြား၏ အကာအကွယ်အစီအရင်မှာ နောက်ထပ်နှစ်နာရီအတွင်း ပျက်စီးတော့မည်မှန်း ပြောနိုင်လေသည်။
“အပိုတွေ တော်လိုက်ပေတော့… ရှင်မလုပ်နိုင်ဘူးလို့ ထပ်ပြောရဲရင် ကျွန်မ ရှင့်ကို တကယ်သတ်ပစ်တော့မှာ…” ကျိယောင်က ဒေါသတကြီးဖြင့် အော်ပြောလိုက်လေသည်။
နန်မန်တကျွင်းသည် ကျိယောင်အား ခံစားချက်မရှိသည့် အမူအယာဖြင့် ကြည့်လျက် “ငါသာ နင်ဆိုလို့ရှိရင် အစီအရင် မပျက်စီးသွားခင် ငါ့တပည့်တွေကို အခြားတစ်နေရာဆီ မြန်မြန်ပို့ပစ်လိုက်မှာ… မဟုတ်ရင် နောက်ကျလွန်းသွားလိမ့်မယ်…”
“ရှင် သေချင်နေတာလား…” ကျိယောင်မှာ ဒေါသူပုန်ထသွားခဲ့ပြီး သူမဓါးဖြင့် နန်မန်တကျွင်းအား ထိုးတော့မည့်နှယ် လုပ်လိုက်လေသည်။
“ယောင်အာ… မရိုင်းနဲ့…” ရုတ်တရက် ပင်းယွင် ဘယ်ကမှန်းမသိ ပေါ်လာပြီး ကျိယောင်အား လှမ်းပြောလိုက်လေသည်။
လွန်ခဲ့သောရက်များအတွင်း ပင်းယွင်သည် ရေခဲနှလုံးသားတောင်ကြားမှထွက်၍ ရန်သူများအား ထပ်တလဲလဲ သွားရောက်နှောင့်ယှက်ခဲ့လေသည်။ မည်သူ့ကိုမှ သတ်ရန် ရည်ရွယ်ထားခြင်းမဟုတ်ဘဲ ရန်သူများ၏ အလုပ်ကိစ္စ နှောင့်နှေးသွားရန်သာ ရည်ရွယ်ထားခဲ့ခြင်း ဖြစ်လေသည်။ သို့သော်ငြား ကံမကောင်းစွာဖြင့် သူမ အပြင်ထွက်သွားသည့်အချိန်တိုင်း ဖုန်းရွှမ်နှင့်သာ အမြဲတွေ့ခဲ့ရသည်။
သူမအနေဖြင့် လုံလုံခြုံခြုံနှင့် ပြန်မလာနိုင်သည့် အခါများစွာပင် ရှိခဲ့ရပေသေးသည်။ သူမနှင့် ဖုန်းရွှမ်မှာ တစ်ဦးတည်းချင်းသာ တိုက်ခိုက်ရမည်ဆိုပါက လက်ရည်ညီပါသော်ငြား သူမကပင်လျှင် ဖုန်းရွှမ်ထက် အနည်းငယ် ပိုအားကောင်းပါသော်ငြား ရမ္မက်ရှာဂိုဏ်းတစ်ခုလုံး၏ ခွန်အားကိုတော့ သူမတစ်ယောက်တည်းဖြင့် မယှဉ်ပြိုင်နိုင်ခဲ့ပေ။
“တောင်ကြားသခင်ပင်းယွင်…” နန်မန်တကျွင်းမှာ ပင်းယွင်အား အတော်လေးကိုမှ လေးစားမိပေသည်။ ထို့နောက် ပင်းယွင်ရောက်လာသည်ကိုမြင်သော် လက်သီးဆုပ်၍ နှုတ်ဆက်လိုက်လေ၏။
“အစီအရင်ပညာရှင်နန်မန် အခုလိုမျိုး ယဉ်ကျေးနေစရာ မလိုပါဘူး…” ထိုသို့ပြောပြီးသည့်နောက် ပင်းယွင်က စိုးရိမ်နေသည့် အမူအယာဖြင့် ပြန်မေးလိုက်လေသည်။ “အစီအရင်ပညာရှင်… အခြားနည်းလမ်းမရှိတော့ဘူးလား…”
နန်မန်တကျွင်းက ခေါင်းခါလျက် “အခြားနည်းလမ်း မရှိတော့ဘူး… ဒီအစီအရင်က လုံးဝကို ပျက်စီးတော့မှာ… အများဆုံးမှ တစ်နာရီ နှစ်နာရီလောက်ပဲ ခံတော့မှာ… တောင်ကြားသခင်ပင်းယွင် ခင်ဗျား အခုနေ အစီအစဉ်တွေချထားရင် ကောင်းလိမ့်မယ်နော်…”
ပင်းယွင်၏အမူအယာ လေးနက်တည်ကြည်သွားခဲ့လေသည်။ နန်မန်တကျွင်းမှ ဤကဲ့သို့ ပြောလာမှဖြင့် ရေခဲနှလုံးသားတောင်ကြား၏ အစီအရင်နှင့် ပတ်သက်၍ မည်သည့်မျှော်လင့်ချက်မှ မရှိတော့သည့်အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။ ကံမကောင်းစွာဖြင့် ရန်ကိုင်မှာ ယခုအချိန်ထိတိုင် ပြန်ရောက်မလာသေးချေ။ ရန်ကိုင်သာ ရှိနေမည်ဆိုပါက ရေခဲနှလုံးသားတောင်ကြားအတွက် မျှော်လင့်ချက်ရှိနေနိုင်ပေသေးသည်။
သို့သော်ငြား ကြည့်ရသလောက် ရန်ကိုင်သည် အချိန်မီ ပြန်လာနိုင်တော့မည်ပုံမပေါ်။ ထွက်မသွားခင်က ရန်ကိုင်သည် ပြန်လာရန် တစ်လနှစ်လလောက် ကြာမည်ဟု ပြောသွားခဲ့လေသည်။