အခန်း (၂၆၄၉)
Vol. 113 Ch. 2649
“ယွင်အာ၊ ရှုအာ၊ ယောင်အာ…” ပင်းယွင်က လှမ်းခေါ်လိုက်လေသည်။
“ဟုတ်ကဲ့ဆရာ…” အန်းရို့ယွင်၊ စွန်းယွင်ရှုနှင့် ကျိယောင်တို့ ရှေ့ထွက်လာကြသည်။ သူတို့သုံးဦးသည် ပင်းယွင်၏ အစောဆုံးတပည့်များ ဖြစ်ကြသလို ရေခဲနှလုံးသားတောင်ကြားထဲ၌ ဧကရာဇ်ဒုတိယအဆင့်သို့ ရောက်နေသော ပညာရှင်များလည်း ဖြစ်ကြပေသည်။
“ဟင်းလင်းပြင်အစီအရင်ကနေတစ်ဆင့် တပည့်တွေကို အဝေးပို့လိုက်ပေတော့… ငါ ဒီမှာနေပြီး ရန်သူတွေကို အချိန်ဆွဲထားပေးမယ်…”
အမျိုးသမီးသုံးဦး အကြည့်ချင်းဖလှယ်လိုက်ကြသည်။ နောက်ဆုံးတွင် အန်းရို့ယွင်က အားတုံ့အားနာဖြင့် ပြန်ပြောလာလေသည်။ “ဆရာ… ကျွန်မတို့ ဆရာ့အမိန့်ကို မနာခံချင်တာတော့ မဟုတ်ပါဘူး… ဒါပေမယ့် အခုချိန်ကြီး သူတို့ကို ထွက်သွားခိုင်းမယ်ဆိုရင် ဘယ်တပည့်မှ ထွက်သွားလောက်မှာမဟုတ်ဘူး ဆရာ…”
လက်ရှိ ရေခဲနှလုံးသားတောင်ကြား၌ ရှိနေသော တပည့်ခုနှစ်ထောင်ဝန်းကျင်သည် ယခင်က မိဘမဲ့များ ဖြစ်ခဲ့ကြပြီး ပင်းယွင်မှ ခေါ်ယူခဲ့သည့်နောက်ပိုင်းမှသာလျှင် ရေခဲနှလုံးသားတောင်ကြား၏ တပည့်များ ဖြစ်လာကြခြင်းပင်။ သူတို့အတွက်မူ ရေခဲနှလုံးသားတောင်ကြားသည်သာ သူတို့၏အိမ်ဖြစ်လေရာ သူတို့၏မိသားစု အခက်အခဲနှင့် ရင်ဆိုင်နေရချိန် မည်သူမှ ထွက်သွားချင်ကြလိမ့်မည် မဟုတ်ချေ။
ရှင်းရှင်းပြောရလျှင် မြောက်ဘက်နယ်မြေတစ်ခုလုံးတွင်သာမက ကြယ်တာရာအစုအဝေးတစ်ခုလုံး၌ပင်လျှင် ရေခဲနှလုံးသားတောင်ကြားလောက် စည်းလုံးသည့် ဂိုဏ်းဆို၍ မရှိပေ။
လွန်ခဲ့သောရက်အနည်းငယ်ခန့်က အန်းရို့ယွင်နှင့် အခြားသောအကြီးအကဲများသည် ရေခဲနှလုံးသားတောင်ကြား၏ တပည့်များကို ဟင်းလင်းပြင်အစီအရင်မှတစ်ဆင့် ထွက်သွားခိုင်းရန် လုပ်ခဲ့ပါသော်ငြား မည်သည့်တပည့်မှ ထွက်မသွားချင်ကြပဲ ဂိုဏ်းနှင့်အတူသာ သေရမည်ဆိုလျှင်လည်း သေပါမည်ဟု ပြောခဲ့ကြသည်။
“သူတို့မထွက်သွားချင်ရင်တောင် ထွက်သွားရမယ်... အနည်းဆုံးတော့ လူများများအသက်ရှင်နိုင်လေ ပိုကောင်းလေပဲ… အလကားသက်သက် အသေခံခိုင်းမနေနဲ့…” ပင်းယွင်က အမိန့်ပေးလိုက်လေသည်။ “အခုသွားပြင်ဆင်ပေတော့… နင်တို့အယုံကြည်ရဆုံးတပည့်တွေကို မြောက်ဘက်နယ်မြေကနေ ဝေးနိုင်သမျှဝေးဝေးကို ခေါ်သွားလိုက်…”
အမျိုးသမီးသုံးဦးမှာတော့ စိတ်ပိုင်းဖြတ်ထားကြသည့်အလား တစ်ချက်ကလေးမျှပင် မလှုပ်ရှားကြပေ။
ထိုအချင်းအရာကို ဘေးဘက်မှ ရပ်ကြည့်နေသည့် နန်မန်တကျွင်းမှာလည်း ရေခဲနှလုံးသားတောင်ကြား၏ ဤအမျိုးသမီးအဖွဲ့အပေါ် အတော်လေးကိုမှ အထင်ကြီးလေးစားမိသွားလေသည်။ တကယ်တော့ ရေခဲနှလုံးသားတောင်ကြား ဤကဲ့သို့ ဖြစ်လာရသည်မှာ သူ့အပြစ်နှင့်လည်း မကင်းပေ။
“အခုသွားပေတော့…” ပင်းယွင်သည် မလှုပ်မယှက်ရပ်နေသော အမျိုးသမီးသုံးဦးအား လှမ်းအော်ပြောလိုက်လေသည်။
သူမတို့၏ဆရာ ဒေါသထွက်လာသည်ကို မြင်သော် အမျိုးသမီးသုံးဦး တုန်လှုပ်သွားခဲ့ကြသည်။
ထိုအခိုက်အတန့်တွင် အက်ကွဲသံတစ်သံနှင့်အတူ ရေခဲနှလုံးသားတောင်ကြားတစ်ခုလုံးအား လွှမ်းခြုံထားသည့် အလင်းစက်ကွင်းမှာ ကွဲကြေသွားသည့် မှန်တစ်ချပ်နှယ် စတင်၍ အက်ကွဲသွားတော့လေသည်။
နောက်ဆုံး အကာအကွယ်အလွှာမှာ ပျက်စီးသွားပြီ ဖြစ်သည့်အတွက်ကြောင့် ရေခဲနှလုံးသားတောင်ကြားသည် ရန်သူများ၏ မြင်ကွင်းရှေ့တည့်တည့်သို့ ပွင့်ပွင့်လင်းလင်း ပေါ်လာခဲ့လေသည်။
“အစီအရင်ပျက်စီးသွားပြီ…” နန်မန်တကျွင်း၏အမူအယာ ပြောင်းလဲသွားခဲ့လေသည်။
ပင်းယွင်နှင့် အခြားသူများ၏ အမူအယာမှာလည်း အပြောင်းလဲကြီး ပြောင်းလဲသွားကုန်ကြလေ၏။
“ပင်းယွင်… ဒီဖုန်းလာခဲ့ပြီ…” အပြင်ဘက်မှ အော်ဟစ်သံတစ်သံနှင့်အတူ လေတိုးသံများသည် ဘက်ပေါင်းစုံမှ ထွက်ပေါ်လာခဲ့လေသည်။ အားကောင်းလှသော ကောင်းကင်စိတ်အာရုံလှိုင်းတစ်လှိုင်းသည် ရေခဲနှလုံးသားတောင်ကြားအား အပြည့်အဝ လွှမ်းခြုံသွားခဲ့ပြီး တိုက်ပွဲသံများမှာလည်း ဘက်ပေါင်းစုံဆီမှ ထွက်ပေါ်လာတော့သည်။
ရေခဲနှလုံးသားတောင်ကြားသည် ကျူးကျော်လာသော ရန်သူများအား စတင်၍ ပြန်လှန်ခုခံတိုက်ခိုက်နေလေပြီ။
“ရွှစ်… ရွှစ်… ရွှစ်…”
ရုတ်ချည်းဆိုသလို လူရိပ်များ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာခဲ့ပြီး ပင်းယွင်နှင့် အခြားသူများကို လူနှစ်ဆယ်ကျော်မှ ဝိုင်းရံသွားခဲ့လေသည်။ ထိုလူအားလုံးသည် ဧကရာဇ်အဆင့်အရှိန်အဝါကို ထုတ်လွှတ်နေကြလေ၏။
ထိုအဖွဲ့ကို ဦးဆောင်လာသူမှာတော့ ဧကရာဇ်တတိယအဆင့်သို့ ရောက်နေသော ဖုန်းရွှမ်နှင့် ယောင်ကျိုးတို့သာ ဖြစ်ကြလေသည်။
“ရေခဲနှလုံးသားတောင်ကြားရဲ့ အကာအကွယ်အစီအရင်က ဘာမှလည်း မဟုတ်ပါလား…” ဖုန်းရွှမ်သည် လေထဲတွင်ဝဲလျက် မြောက်ကြွကြွ အထင်အမြင်တသေး အမူအယာဖြင့် ပင်းယွင်နှင့် အဖွဲ့သားများကို ငုံ့ကြည့်နေခဲ့သည်။
သူမတို့အား ဝိုင်းရံထားသည့် ဧကရာဇ်အဆင့် ပညာရှင်များကိုကြည့်ရင်း ပင်းယွင် မျက်နှာပျက်သွားခဲ့လေသည်။ တော်တော်များများသည် သူမအား တည်တည်ငြိမ်ငြိမ်ဖြင့်သာ ပြန်စိုက်ကြည့်နေပါသော်ငြား အချို့လူများမှာတော့ သူမ၏အကြည့်ကို ရှက်ရှက်ဖြင့် ရှောင်ဖယ်သွားကြလေသည်။
ရေခဲနှလုံးသားတောင်ကြားသည် တောင်ဘက်နယ်မြေတွင် တည်ရှိနေခဲ့သည်မှာ နှစ်ပေါင်း ထောင်နှင့်ချီနေခဲ့လေပြီ။ ထိုနှစ်များအတောအတွင်း ရေခဲနှလုံးသားတောင်ကြားသည် အခြားသော မည်သည့်ဂိုဏ်းနှင့်မှ ရန်ငြိုးရန်စ မဖွဲ့ခဲ့ကြဖူးချေ။ ထို့အစား ရေခဲနှလုံးသားတောင်ကြား၏ အမျိုးသမီးတပည့်များစွာသည် အခြားသောဂိုဏ်းများဆီသို့ လက်ထပ်ဝင်သွားကြလေသည်။ ပင်းယွင်သည် ထွက်သွားသည့် မိန်းကလေးတပည့်များသည် ရေခဲနှလုံးသားတောင်ကြားနှင့် မသက်ဆိုင်တော့ဟု စည်းမျဉ်းစည်းကမ်း ချမှတ်ထားခဲ့ပါသော်ငြား စည်းမျဉ်းများသည် စည်းမျဉ်းများသာ ဖြစ်နေပြီး ရေခဲနှလုံးသားတောင်ကြားနှင့် ထိုအင်အားစုများကြား လက်ထပ်ခြင်းဖြင့် ဆက်ဆံရေးတည်ဆောက်ထားသည်မှာတော့ ငြင်း၍မရသည့် အချက်တစ်ချက်ဖြစ်ပေသည်။
တစ်နည်းဆိုရသော် နှစ်ပေါင်းများစွာကြာပြီးသည့်နောက်တွင် ရေခဲနှလုံးသားတောင်ကြားသည် မြောက်ဘက်နယ်မြေထဲရှိ အင်အားစုပေါင်းများစွာနှင့် တစ်နည်းတစ်ဖုံ ဆက်စပ်သွားခဲ့ကြလေသည်။ သို့သော်ငြား ယခုမူ ထိုဂိုဏ်းများမှ ပညာရှင်များသည် ဖုန်းရွှမ်နှင့်အတူ ဂိုဏ်း၏အကာအကွယ်အစီအရင်ကို ချိုးဖြတ်လျက် ရေခဲနှလုံးသားတောင်ကြားကို ကျူးကျော်လာခဲ့လေသည်။
ထို့အတွက်ကြောင့် ပင်းယွင်နှင့် အကြည့်ချင်း ရင်ဆိုင်လိုက်ရသည့်အခိုက် အချို့မှာ အပြစ်မကင်းသလို ခံစားရကာ ပင်းယွင်၏အကြည့်ကို ရှောင်ဖယ်သွားခဲ့ခြင်း ဖြစ်လေသည်။
“တောင်ကြားသခင်ချန်း… ရှင်းရှင်းပြောရရင် ကျွန်မတို့ရေခဲနှလုံးသားတောင်ကြားနဲ့ ရှင်တို့လေစိမ်းတောင်ကြားမှာ ဘာရန်ငြိုးရန်စမှ မရှိဘူးနော်… ရန်စမရှိတဲ့အပြင်ကိုမှ လွန်ခဲ့တဲ့နှစ်တစ်ရာလောက် ရှင်အဆိပ်မိနေတုန်းက ကျွန်မ ရှင့်ကိုတောင် ကူပြီး အဆိပ်ဖြေပေးခဲ့သေးတယ်… အဲ့ဒါကို တောင်ကြားသခင်ချန်းက ကျွန်မတို့ရေခဲနှလုံးသားတောင်ကြားကို ကျူးကျော်တိုက်ခိုက်တဲ့နေရာမှာ ဝင်ကူညီပေးနေတယ်ပေါ့…” အန်းရို့ယွင်သည် အကြီးအကဲကြီးတစ်ဦးအား စိုက်ကြည့်ရင်း ပြောလိုက်လေသည်။
အန်းရို့ယွင်၏စကားကိုကြားသော် ထိုအကြီးအကဲ၏မျက်နှာ နီမြန်းသွားခဲ့ပြီး စကားတစ်ခွန်းမှပင် ပြန်ပြောမနေခဲ့ပဲ အကြည့်လွှဲဖယ်သွားခဲ့လေသည်။
ထို့နောက်တွင် အန်းရို့ယွင်သည် ကျော့ရှင်းစွာ ဝတ်စားထားသည့် အမျိုးသမီးဘက်သို့လှည့်၍ “အကြီးအကဲယု ရေခဲနှလုံးသားတောင်ကြားကို လာတုန်းက ကျွန်မတို့ ညီအစ်မတွေသဖွယ် ပြောဆိုခဲ့တာကို ပြန်စဉ်းစားကြည့်မိလိုက်တော့ အခု အကြီးအကဲ ဒီလိုရောက်လာတာကိုမြင်တော့ ကျွန်မ တော်တော်လေးကို အံ့အားသင့်သွားရတယ်…”
အကြီးအကဲယုဟုခေါ်သည့် အမျိုးသမီးသည် အားတင်းပြုံးလျက် ပြန်ရှင်းပြလိုက်လေသည်။ “ဂျူနီယာညီမအန်း… အဲ့ဒါက ဒီအစ်မကြီးကို လာအပြစ်မတင်နဲ့လေ… အစ်မ နင့်ကို ဘာဖြစ်လို့ အခုလိုမျိုး လုပ်ရတာလဲဆိုတာကိုတော့ ပြောလို့မရဘူး… ဒါပေမယ့် ငါလည်း အခုလိုမျိုးလုပ်ဖို့ တွန်းအားပေးခံရတာ… ပြီးတော့ ဂိုဏ်းချုပ်ဖုန်းက ရေခဲနှလုံးသားတောင်ကြားအပေါ် တွန်းအားပေးချင်တာမှမဟုတ်တာ… လူတစ်ယောက်အကြောင်းကိုပဲ မေးချင်တာလေ… ရှင်တို့သာ အဲ့အကြောင်းကို ပြောပြလိုက်လို့ရှိရင် ဒီကိစ္စကြီး ပြီးသွားမှာမဟုတ်ဘူးလား… အဲ့ဒါကို ဂျူနီယာညီမအန်းက ဂိုဏ်းချုပ်ဖုန်း သိချင်နေတာကို ဘာဖြစ်လို့ ပြောမပြလိုက်တာလဲ… ဂျူနီယာညီမအန်းသာ ပြောပြပေးမယ်ဆိုရင် အစ်မလည်း ဂိုဏ်းချုပ်ဖုန်းကို ရေခဲနှလုံးသားတောင်ကြားကို ဆက်ပြီး ပြဿနာမရှာဖို့ အသနားခံပေးလို့ရတယ်…”
အန်းရို့ယွင်က လှောင်ပြုံးပြုံးလျက် “ရပါတယ် မလိုပါဘူး…”
အကြီးအကဲယုက မျက်မှောင်ကျုံ့လျက် “ဂျူနီယာညီမအန်း… နင် တကယ်ကြီး ဒီလိုလုပ်ရမှ ဖြစ်မှာလား… နင်တို့အားလုံး…”
“တော်လောက်ပြီ… နင့်ကို ငါ့ညီအစ်မလို့ ထင်ခဲ့ဖူးတာ ငါ တကယ်ကို ရူးမိုက်ခဲ့တာပဲ… နင်တို့လိုမျိုး ကျေးဇူးမသိတတ်တဲ့လူတွေကို ညီအစ်မလို့ခေါ်မိတာ ငါ့ကိုယ်ငါတောင် အားနာသွားပြီ…”
အကြီးအကဲယု၏မျက်နှာ ရှက်ရှက်ဖြင့် နီမြန်းသွားခဲ့ပြီး ဒေါမာန်တကြီးဖြင့် ပြန်အော်ပြောလိုက်လေသည်။ “နင်တို့က စေတနာကို နားမလည်တတ်တဲ့လူတွေပဲ… ဒီလောက် ခေါင်းမာချင်နေမှတော့လည်း ကိုယ့်ထိုက်နဲ့ ကိုယ်ကံပဲပေါ့…”
ထို့နောက်တွင် ထပ်၍ အော်ပြောလိုက်ပြန်လေသည်။ “ဒီနေ့ ဂိုဏ်းချုပ်ဖုန်းတို့ဘက်က အင်အားအပြည့်နဲ့ လာခဲ့တာ… ကိုယ့်အကြောင်းကိုယ်သိတယ်ဆိုရင် ဂျူနီယာညီမ အစောကြီးတည်းက မတိုက်ပဲနဲ့ လက်လျှော့လိုက်သင့်တယ်နော်…”
“ပြောတာကောင်းတယ်…” ဖုန်းရွှမ်သည် လက်နောက်ပစ်ရင်းမှ အော်ရယ်မောလျက် အောက်ကိုစိုက်ကြည့်ကာ ပြောလိုက်လေသည်။ “ပင်းယွင်… ငါ့သားကို သတ်သွားတဲ့လူကို ကာကွယ်ပေးနေတည်းက အခုလိုမျိုးဖြစ်လာမယ်မှန်း နင်ကြိုပြီးတွေးထားသင့်တယ်… ဒါပေမယ့် အခုမှ နောင်တရလို့ကတော့ နောက်ကျသွားပြီ… ဒီဘုရင် ဒီကိုရောက်နေပြီဆိုမှတော့ နင့်အဆုံးသတ်က ဆုံးဖြတ်ပြီးသွားပြီပဲ…”
ဖုန်းရွှမ်ကိုကြည့်ရသည်မှာ ပင်းယွင်တို့အား ကျိန်းသေ အနိုင်ယူနိုင်လိမ့်မည်ဟု ယုံကြည်ချက်အပြည့်ရှိနေသည့်ပုံပင်။
“ဂိုဏ်းချုပ်ဖုန်း…” နန်မန်တကျွင်းသည် မျက်မှောင်ကျုံ့၍ လှမ်းအော်ခေါ်လိုက်လေသည်။ ထို့နောက် လက်သီးဆုပ်၍ တစ်ခုခုပြောတော့မည်အပြု ဖုန်းရွှမ်က ဖြတ်ပြောလိုက်လေသည်။ “အစီအရင်ပညာရှင်နန်မန်လည်း ဒီကိုရောက်နေတာကိုး…”
နန်မန်တကျွင်းက စိတ်ထဲမှကြိတ်၍ ရေရွတ်လိုက်လေ၏။ (သူ ဘာတွေလာပြောနေတာလဲ… သူ့ရှေ့တည့်တည့်မှာတင် ငါ အဖမ်းခံသွားရတာလေ… ငါ ဒီကိုရောက်နေမှန်း မင်း လီးမို့လို့ မသိရတာလား…)
ဖုန်းရွှမ်က ဆက်ပြောလိုက်သည်။ “ဒီအစီအရင်ကို ဖျက်စီးနိုင်တာ အစီအရင်ပညာရှင်နန်မန်ရဲ့ ကျေးဇူး အများကြီးပါတယ်… ဒီတော့ ကျေးဇူးပြုပြီး ဖယ်နေပေးပါ အစီအရင်ပညာရှင်နန်မန်… တော်ကြာ တိုက်ခိုက်နေရင်း ဒီဘုရင် အစီအရင်ပညာရှင်နန်မန်ကို မတော်တဆ ထိခိုက်အောင် လုပ်မိမှာစိုးလို့… ရေခဲနှလုံးသားတောင်ကြားကို ဖျက်ဆီးပြီးသွားတာနဲ့ ကျုပ် အစီအရင်ပညာရှင်နန်မန်ရဲ့ အကူအညီကို လိုကောင်းလိုနိုင်သေးတယ်…”
နန်မန်တကျွင်း မျက်မှောင်ကျုံ့သွားခဲ့လေသည်။ ထို့နောက် သက်ပြင်းတစ်ချက်ချလျက် မည်သည့်စကားမှ ပြန်ပြောမနေခဲ့ချေ။
ယခုကိစ္စတွင် သူဝင်ပြောလို့လည်း တစ်ဖက်လူ သူ့စကားကို နားဝင်လိမ့်မည်မဟုတ်မှန်း နန်မန်တကျွင်း သိနေခဲ့လေသည်။ သူသည် အစီအရင်ပညာရှင်တစ်ဦးဖြစ်သလို လူပေါင်းများစွာသည် သူ့ဆီမှ အကူအညီ လာရောက်တောင်းခံခဲ့ကြပါသော်ငြား အလုပ်ပြီးသွားသည်နှင့် သူ့အား အသုံးမဝင်သည့် အမှိုက်ထုတ်နှယ် လွှင့်ပစ်သည့် လူပေါင်းများစွာလည်း ရှိကြပေသည်။
နန်မန်တကျွင်းအနေဖြင့် ဖုန်းရွှမ်အား သူပြောသည့်အတိုင်း နားထောင်ပေးပါရန် သွားရောက်တောင်းဆိုနိုင်စွမ်း မရှိပေ။
ထို့အတွက်ကြောင့် ယခုကဲ့သို့ အခြေအနေမျိုးတွင် အပိုပြဿနာတို့ မတက်ရလေအောင် ပါးစပ်ပိတ်ထားသည်ကသာ အကောင်းဆုံးဖြစ်လေသည်။
“ရောင်းရင်းယောင်… ငါတို့နှစ်ယောက် အတူပူးပေါင်းပြီးတော့ ပင်းယွင်ကို အရင်ရှင်းပစ်ကြမယ်… သူမရှိတော့တာနဲ့ ရေခဲနှလုံးသားတောင်ကြားကို အလွယ်လေး ဖျက်ဆီးပစ်လို့ရသွားပြီ…” ရေခဲနှလုံးသားတောင်ကြားမှ အကြီးအကဲများ ကူကယ်ရာမဲ့နေသည်ကိုမြင်သော် ဖုန်းရွှမ် အလွန်ကိုမှ ဝမ်းသာအားရ ဖြစ်သွားလေသည်။ ထို့နောက် မာန်သွင်းအော်ဟစ်လျက် သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ပြောလိုက်လေသည်။
ထိုအချိန်အတောအတွင်း တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော ယောင်ကျိုးသည် ရှေ့သို့ တစ်လှမ်းတိုး၍ သူ၏ အားကောင်းလှသော ဧကရာဇ်တတိယအဆင့် ကျင့်ကြံခြင်းကို ထုတ်ပြလိုက်လေသည်။
သူ၏အရှိန်အဝါမှာ ဝါရင့်သမ္ဘာရင့်ဖုန်းရွှမ်ကဲ့သို့ သန့်စင်လှခြင်း မရှိပါသော်ငြား ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး၏ အရှိန်အဝါတော့ ဖြစ်နေပေသေးသည်။
ထို့နောက် ဓါးတစ်ချောင်းကို ကိုင်ဆွဲ၍ ယောင်ကျိုးသည် ပင်းယွင်ဆီသို့ ပြေးဝင်သွားလေသည်။
တစ်ချိန်တည်းတွင် ဖုန်းရွှမ်သည် ရမ္မက်ရှာမဟာဧကရာဇ်မှ ချန်ထားပေးခဲ့သော လေမိုးကြိုးလှံကို ထုတ်ယူလိုက်လေသည်။
ထို့နောက်တွင် လေမိုးကြိုးလှံသည် လျှပ်စီးတန်းတစ်ခုအသွင်သို့ ပြောင်းလျက် ပင်းယွင်ဆီသို့ ပြေးဝင်သွားလေ၏။
ဧကရာဇ်တတိယအဆင့် ပညာရှင်နှစ်ဦး ပူးပေါင်းတိုက်ခိုက်လာသည်ကိုမြင်သော် ပင်းယွင်၏အမူအယာ ရုတ်ချည်း လေးနက်တည်ကြည်သွားခဲ့လေသည်။
လွန်ခဲ့သောရက်များအတွင်း ပင်းယွင်သည် ဖုန်းရွှမ်၊ ယောင်ကျိုးတို့နှင့် တိုက်ခိုက်ခဲ့ဖူးပေသည်။ တစ်ယောက်ချင်းယှဉ်တိုက်ရမည်ဆိုပါက မည်သူ့ကိုမှ သူမ မကြောက်ပါသော်ငြား ယောင်ကျိုးကိုပင်လျှင် အမွှေးတိုင်တစ်ချောင်းစာအတွင်း သတ်ပစ်နိုင်သည်ဟု ယုံကြည်ချက်ရှိပါသော်ငြား နှစ်ယောက်တစ်ယောက် ရင်ဆိုင်လာရသော် သူမလည်း မတတ်နိုင်တော့ပေ။ ပင်းယွင်သည် ခြေတစ်ချက်ဆောင့်လျက် နောက်သို့ အသာအယာ ခုန်ဆုတ်သွားလေ၏။
“အစီအရင်ပြင်မယ်…” အန်းရို့ယွင်က အော်ဟစ်လိုက်လေသည်။
ချက်ချင်းဆိုသလို ရေခဲနှလုံးသားတောင်ကြား၏ ဧကရာဇ်အဆင့်ပညာရှင်ခြောက်ဦးသည် ပင်းယွင်ဘေးဘက်ဆီသို့ ပျံသန်းလိုက်ပြီး အစီအရင်ကွက်ပုံစံအတိုင်း နေရာအသီးသီး ယူလိုက်ကြလေသည်။
ထို့နောက် အစီအရင်တွင် ပြသထားသည့်အတိုင်း ဧကရာဇ်ချီကို လှည့်ပတ်လိုက်လေရာ ပင်းယွင်နှင့် ဧကရာဇ်အဆင့် ပညာရှင်ခြောက်ဦးကြား ဆက်သွယ်ချက်တစ်ခု ဖြစ်ပေါ်လာခဲ့ပြီး ဧရာမပုံရိပ်ကြီးတစ်ခုသည် သူတို့အား ဗဟိုပြုလျက် ဖြစ်ပေါ်လာခဲ့လေသည်။ ထို့နောက် ထိုပုံရိပ်ကြီးမှာ ခေါင်းကိုမော့လျက် မာန်သွင်းအော်ဟစ်လိုက်လေ၏။
“ဒုန်း…. ဒုန်း…. ဒုန်း….”
မြေပြင်တစ်ခုလုံးမှာလည်း တသိမ့်သိမ့်ကို တုန်ခါနေခဲ့လေသည်။ ကျောက်စကျောက်နများ အဘက်ဘက်သို့ လွင့်ပျံထွက်လာကြပြီး ဖုန်များမှာလည်း တထောင်းထောင်း ထသွားလေ၏။ ယောင်ကျိုးမှာ ထိုမြင်ကွင်းအား အထိတ်တလန့်ဖြင့် ကြည့်ရင်း တဒုန်းဒုန်းခုန်နေသော သူ့ရင်ဘတ်ကို လက်ဖြင့်ဖိလျက် နောက်သို့ အလျင်အမြန် ပြန်ဆုတ်လာခဲ့လိုက်ရသည်။ ဖုန်းရွှမ်သည်ပင်လျှင် နောက်သို့ ခြေလှမ်းပေါင်းများစွာ ပြန်ဆုတ်လာခဲ့ရပြီး သူပစ်လွှတ်လိုက်သည့် လေမိုးကြိုးလှံမှာလည်း ဆန်းကြယ်သောအားတစ်ရပ်ကြောင့် ပြန်ကန်ထွက်လာခဲ့ရလေသည်။
“ဘာကြီးလဲ…”
“ဘာဖြစ်သွားတာလဲ…”
“ပင်းယွင် ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အားကောင်းရတာလဲ…”
အဝေးမှရပ်ကြည့်နေသော ဧကရာဇ်အဆင့် ပညာရှင်များမှာ ကိုယ့်မျက်လုံးကိုယ် မယုံကြည်နိုင် ဖြစ်နေကြလေသည်။ မည်သူမှ ပင်းယွင်၏ခွန်အားအပေါ် သံသယမရှိပါသော်ငြား ပင်းယွင်တစ်ယောက်တည်းမှ ဖုန်းရွှမ်နှင့် ယောင်ကျိုးတို့၏ ပူးပေါင်းတိုက်ခိုက်မှုအား ခုခံနိုင်ရုံသာမက သူတို့အား နောက်ပြန်ဆုတ်သွားအောင်ပင် တွန်းထုတ်နိုင်ခဲ့သည်မှာ တကယ်ကို မယုံကြည်နိုင်စရာ ကောင်းလှပေသည်။
“မဟုတ်ဘူး… အဲ့ဒါ ပင်းယွင်ရဲ့စွမ်းအားမဟုတ်ဘူး…”
“အစီအရင်ရဲ့စွမ်းအားပဲ… ဘယ်လိုအစီအရင်ကြီးလဲ…”
“အနက်ရောင်လိပ်နက်… ဒီအစီအရင်က မယုံနိုင်စရာပဲကွ…”
မျက်စိကျိန်းမတတ် အလင်းတန်းတို့ ပျောက်ကွယ်သွားပြီးသည့်နောက် အကုန်လုံးသည် ၎င်းတို့၏ ရှေ့တည့်တည့်ရှိ မြင်ကွင်းကို သေသေချာချာ မြင်နိုင်လာကြလေသည်။ ထိုအခါမှသာလျှင် ပင်းယွင်မှ ဧကရာဇ်တတိယအဆင့်သို့ ရောက်နေသော ပညာရှင်နှစ်ဦး၏ တိုက်ကွက်အား မည်ကဲ့သို့ ခုခံသွားသလဲ ဆိုသည်ကို အကုန်လုံး နားလည်သွားကြရတော့သည်။
အကြောင်းမှာ လက်ရှိအချိန်၌ ပင်းယွင်နှင့် ဧကရာဇ်အဆင့် ပညာရှင်ခြောက်ဦးသည် အစီအရင်ကွက်ပုံစံအတိုင်း နေရာယူလျက် သူတို့၏ ဧကရာဇ်ချီများမှာ တစ်ခုနှင့်တစ်ခု ဆက်သွယ်ကာ ဧရာမလိပ်နက်ပုံရိပ်ကြီး ဖြစ်ပေါ်လာနေခဲ့လေသည်။
ပင်းယွင်သည် လိပ်နက်၏ခေါင်းနေရာတွင် နေရာယူထားပြီး အန်းရို့ယွင်နှင့် စွန်းယွင်ရှုတို့မှာတော့ ပုခုံးနှစ်ဖက်နေရာတွင် နေရာယူထားကြလေသည်။ ကျိယောင်နှင့် အခြားသော ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးမှာ လိပ်နက်၏ ခြေထောက်နှစ်ချောင်းနေရာတွင် နေရာယူထားကြပြီး အကြီးအကဲတစ်ဦးမှာတော့ လိပ်နက်၏ အလယ်ဗဟိုတည့်တည့်တွင် နေရာယူထားကာ နောက်ဆုံးသောအကြီးအကဲမှာတော့ အမြီးနေရာတွင် နေရာယူထားပေသည်။
ဤသည်မှာ ထောင့်ခုနှစ်သွယ်လိပ်နက်အစီအရင်သာ ဖြစ်ပေသည်။