← Chapters

အခန်း (၂၆၅၀)

Vol. 113 Ch. 2650

အခန်း (၂၆၅၀)

Vol. 113 Ch. 2650

လွန်ခဲ့သောတစ်လခန့် ရန်ကိုင်ထွက်သွားခဲ့စဉ် ထောင့်ခုနှစ်သွယ်လိပ်နက်အစီအရင်ကို ကျိယောင်အား ပေးခဲ့လေသည်။ ထိုအချိန်မှစ၍ ပင်းယွင်နှင့် သူမ၏ တိုက်ရိုက်တပည့်များအပါအဝင် ရေခဲနှလုံးသားတောင်ကြားမှ တပည့်များသည် ထိုအစီအရင်အား တစိုက်မတ်မတ်နှင့် ကျင့်ကြံနေကြခြင်း ဖြစ်ပေသည်။

ဤအစီအရင်သည် လိပ်နက်ဂိုဏ်း၏ ပင်မအမွေအနှစ်တစ်ခု ဖြစ်ပေသည်။ ပုံမှန်အားဖြင့် ထိုပညာရပ်ကို အပြင်လူများအား သင်ကြားပြသပေးခြင်းမရှိပေ။ ထောင့်ခုနှစ်သွယ်လိပ်နက်အစီအရင်သည် အလွန်တရာကိုမှ အားကောင်းလှပေသည်။ ဧကရာဇ်တတိယအဆင့်သို့ ရောက်နေသော ပင်းယွင်သည် ပင်မနေရာကိုယူလျက် ကျန်ဧကရာဇ်ခြောက်ပါးမှ အခြားသောနေရာအသီးသီး အားဖြည့်ပေးထားသော် ထောင့်ခုနှစ်သွယ်လိပ်နက်အစီအရင်သည် အလွန်တရာကိုမှ အားကောင်းသွားတော့သည်။

ပင်းယွင်နှင့် အခြားသူများမှာ ထောင့်ခုနှစ်သွယ်လိပ်နက်အစီအရင်၏ စွမ်းအားကို သံသယမရှိပါသော်ငြား ဤသည်မှာ ဤအစီအရင်ကို တိုက်ပွဲတွင် ပထမဦးဆုံးအကြိမ်အဖြစ် အသုံးချဖူးခြင်း ဖြစ်သည့်အတွက်ကြောင့် သူတို့ကိုယ်တိုင်သည်လည်း ထောင့်ခုနှစ်သွယ်လိပ်နက်အစီအရင် မည်မျှအားကောင်းသလဲ ဆိုသည်ကို မသိကြပေ။ ဖုန်းရွှမ်နှင့် ဗေယာင်ကျိုးတို့အား အလွယ်တကူ နောက်ပြတ်ဆုတ်သွားအောင် လုပ်နိုင်သည်ကို မြင်သော် အကုန်လုံးမှာ ဝမ်းသာအားရ ဖြစ်ကုန်ကြလေသည်။ ရန်ကိုင်သည် ဤကဲ့သို့သော အစီအရင်မျိုးကို အကြောင်းမဲ့သက်သက် ထားခဲ့ခြင်း မဟုတ်မှန်းလည်း သိသွားကြသည်။

ဂိုဏ်းအား ကာကွယ်ပေးနေသည့် အစီအရင်မှာ ဖျက်ဆီးခံလိုက်ရပါသော်ငြား ဤထောင့်ခုနှစ်သွယ်လိပ်နက်အစီအရင်၏ အကူအညီဖြင့်သာ ဆိုပါက သူတို့ရေခဲနှလုံးသားတောင်ကြားသည် အကျအဆုံးများကို လျှော့ချနိုင်လိမ့်မည်ဖြစ်ကာ အချို့တပည့်များဆိုလျှင် ဤအစီအရင်ကိုသုံးလျက် ထွက်ပြေးကောင်းပင် ထွက်ပြေးနိုင်ပေသည်။

“ခွေးမတွေ…” ရေခဲနှလုံးသားတောင်ကြားမှ အကြီးအကဲများ ထောင့်ခုနှစ်သွယ်လိပ်နက်အစီအရင်၏ စွမ်းအားကြောင့် အံ့အားသင့်နေမိကြစဉ် ဖုန်းရွှမ်မှာတော့ အလွန်ကိုမှ ဒေါသထွက်နေခဲ့သည်။

ရေခဲနှလုံးသားတောင်ကြားနှင့် ရမ္မက်ရှာဂိုဏ်းတို့သည် တောင်ဘက်နယ်မြေ၏ ထိပ်တန်းဂိုဏ်းများ နှစ်အတော်ကြာအောင် ဖြစ်လာကြခြင်း ဖြစ်သည့်အတွက်ကြောင့် တစ်ဂိုဏ်းအကြောင်း တစ်ဂိုဏ်း ကောင်းကောင်းသိထားကြပေသည်။ သို့သော်ငြား ရေခဲနှလုံးသားတောင်ကြားတွင် ဤမျှအားကောင်းလှသော အစီအရင်တစ်ခု ရှိနေကြောင်း လုံးဝမသိခဲ့ရသလို ပင်းယွင် ဤအစီအရင်အား မည်သည့်နေရာမှ ရခဲ့သလဲ ဆိုသည်ကိုလည်း မသိခဲ့ရပေ။ သူ၏ဂုဏ်ယူရသောတိုက်ကွက် အလွယ်တကူ ပြန်တွန်းထုတ်ခြင်းခံလိုက်ရသော် ဖုန်းရွှမ်မှာ အတော်လေးကိုမှ ဒေါသူပုန်ထသွားခဲ့ရလေသည်။

“ငါပြောတာကိုနားထောင် တပည့်တို့… ဒီနေ့ ဒီနေရာကနေ သွေးခင်းလမ်းကိုဖောက်ပြီးတော့ ဒီကနေ ထွက်သွားကြမယ်…” ပင်းယွင်က အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။

“ဟုတ်ကဲ့…” အကုန်လုံး ပြိုင်တူပြန်ဖြေလိုက်ကြလေသည်။

“မင်းတို့တွေ ဘာကြောင်ကြည့်နေကြတာလဲ… သူတို့ကို သွားသတ်ကြလေ…” ဖုန်းရွှမ်မှာ ဒေါသထွက်နေခဲ့ပါသော်ငြား စိတ်မလွတ်သွားခဲ့ပေ။ သူနှင့် ယောင်ကျိုးတို့နှစ်ယောက်ပေါင်းဖြင့် တစ်ဖက်လူအား အသာရနိုင်လိမ့်မည်မဟုတ်မှန်း သိလိုက်သော် လူအရေအတွက်ဖြင့်သာ တစ်ဖက်လူအား ဖိအားပေးရန် ကြိုးစားရတော့သည်။

ပင်းယွင်နှင့် သူမ၏ အဖွဲ့သားများမှာ ဤအစီအရင်ကို အသုံးပြုနေမည်ဆိုလျှင်ပင် သူမတို့၏ စွမ်းအားများမှာ အကန့်အသတ် ရှိနေပေလိမ့်မည်။ သူတို့သာ လူအင်အားဖြင့် ဖိချလိုက်မည်ဆိုပါက ပင်းယွင်တို့အဖွဲ့ ကျိန်းသေ ရှုံးနိမ့်ရလိမ့်မည်ဟု ဖုန်းရွှမ် မဆုတ်မနစ် ယုံကြည်နေပေသည်။ ဖုန်းရွှမ်ဘက်တွင် ဧကရာဇ်အဆင့် ပညာရှင် အယောက်နှစ်ဆယ်ကျော် ရှိနေလေရာ အကြမ်းနည်းသုံး၍ ထိုအစီအရင်အား မချိုးဖြတ်နိုင်စရာအကြောင်းတော့ မရှိလောက်ပေ။

ဖုန်းရွှမ်၏အမိန့်ကိုကြားသော် ရပ်ကြည့်နေသော ဧကရာဇ်အဆင့် ပညာရှင်များ၏ အမူအယာများ လေးနက်တည်ကြည်သွားခဲ့ကြပြီး ဧကရာဇ်ချီကိုလှည့်ပတ်၍ မှော်ရတနာများကို ထုတ်ကာ ပင်းယွင်နှင့် သူမ၏ အဖွဲ့သားများဆီသို့ တဟုန်ထိုး ပြေးဝင်သွားကြလေသည်။ ချက်ချင်းဆိုသလို မိုးမြေစွမ်းအင်နှင့် နိယာမစွမ်းအားတို့ ကသောင်းကနင်းဖြစ်သွားပြီး အနီးအနားဝန်းကျင်ရှိ ဟင်းလင်းပြင်တစ်ခုလုံးမှာလည်း တစ်စစီ အက်ကွဲကုန်ကြလေသည်။

ဧကရာဇ်အဆင့်ပညာရှင် အယောက်သုံးဆယ်နီးပါးမှ စတင်၍ မီးကုန်ယမ်းကုန် တိုက်ခိုက်ကြတော့လေသည်။ ဤကဲ့သို့သော တိုက်ပွဲမျိုးကို ကြယ်တာရာအစုအဝေးထဲတွင် အမှန်တကယ်ကို မြင်ရခဲလှပေသည်။

အမျိုးမျိုးသော ဧကရာဇ်အဆင့်မှော်ရတနာများ ထွက်ပေါ်လာခဲ့ပြီး ပုံသဏ္ဍာန်အမျိုးမျိုးပြောင်းလဲလျက် အနက်ရောင် လိပ်နက်ပုံရိပ်ကြီးကို တဝုန်းဝုန်း တိုက်ခိုက်ကြတော့လေသည်။ သို့သော်ငြား လိပ်နက်ပုံရိပ်ကြီးမှာ အလွန်တရာကိုမှ မာကျောကြံ့ခိုင်လှလေရာ ထိုမျှအားကောင်းလှသော တိုက်ခိုက်မှုများကို ရင်ဆိုင်နေရသည့်တိုင် အကောင်းအတိုင်းသာ ရှိနေပေသေးသည်။

နန်မန်တကျွင်းသည် ဘေးဘက်မှနေ၍ ထိုအစီအရင်အား သေသေချာချာ လေ့လာကြည့်နေသည်။ အချိန်အတန်ကြာပြီးသည့်နောက်တွင် တစ်ခုခုအား နားလည်သွားသည့်အလား အလန့်တကြား ထအော်လေ၏။ “ထောင့်ခုနှစ်သွယ်လိပ်နက်အစီအရင်…”

ယခုခေတ်မျိုးဆက်၏ ကျော်ကြားသော အစီအရင်ပညာရှင်တစ်ဦး ဖြစ်သည်နှင့်အညီ နန်မန်တကျွင်းမှာ အစီအရင်များနှင့် ပတ်သက်လာလျှင် အလွန်ကိုမှ နှံ့စပ်လေသည်။ ထို့ကြောင့် ဤသည်မှာ သူ့အနေဖြင့် ဤအစီအရင်အား ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ပါသော်ငြား ဤအစီအရင် မည်သည့်အစီအရင်ဖြစ်သလဲ ဆိုသည်ကို ချက်ချင်းသိသွားခဲ့သည်။

“လိပ်နက်ဂိုဏ်းရဲ့ ပင်မအမွေအနှစ်က ပျောက်သွားပြီ မဟုတ်ဘူးလား…” နန်မန်တကျွင်း အလွန်ကိုမှ စိတ်လှုပ်ရှားနေခဲ့လေသည်။

အစီအရင်များသည် သူ အလွန်ကိုမှ စိတ်ဝင်စားသည့် အပိုင်းဖြစ်သည်။ ထို့အတွက်ကြောင့်ပင်လျှင် အစီအရင်ပညာရပ်ကို တစိုက်မတ်မတ် လေ့လာကာ ဤအဆင့်ထိသို့ ရောက်လာခဲ့ခြင်း ဖြစ်ပေသည်။ သူ့အတွက်မူ ရှားပါးလှသော အစီအရင်များမှာ မိန်းမချောလေးများနှင့် ဆင်တူပေသည်။ တစ်ခါကဆိုလျှင် နန်မန်တကျွင်းသည် ရှေးဟောင်းအစီအရင်တစ်ခုကို လေ့လာနိုင်ရန်အတွက် အသက်ကိုစွန့်စား၍ တားမြစ်နယ်မြေထဲသို့ သွားခဲ့လေသည်။ ထိုနေရာတွင် အစီအရင်ထဲ ပိတ်မိခံလိုက်ရပြီးသည့်နောက် သုံးနှစ်သုံးမိုးတိုင်တိုင် လေ့လာကြည့်ပြီးသည့်နောက်မှသာ ထိုအစီအရင်ကိုဖျက်ဆီး၍ ထိုနှစ်နေရာမှ ပြန်လည်ထွက်ခွာလာနိုင်ခဲ့ရသည်။

ရှေးဟောင်းမှတ်တမ်းများထဲ၌ ထောင့်ခုနှစ်သွယ်လိပ်နက်အစီအရင်အကြောင်းကို နန်မန်တကျွင်း သိခဲ့ရပြီး ထိုအစီအရင်သည် လိပ်နက်ဂိုဏ်း၏ အုတ်မြစ်တစ်ခုဖြစ်မှန်းလည်း သိခဲ့ရလေသည်။ သို့သော်ငြား လိပ်နက်ဂိုဏ်း ဖျက်ဆီးခံလိုက်ရချိန် ထိုအစီအရင်သည်ပါ တစ်ပါတည်း ပျောက်ကွယ်သွားခဲ့လေသည်။

မှတ်တမ်းများထဲ ဖော်ပြထားသည်မှာတော့ လိပ်နက်ဂိုဏ်းသည် ထိုအစီအရင်အား နတ်သားရဲတစ်ကောင်ဖြစ်သော လိပ်နက်အား လေ့လာစောင့်ကြည့်ရင်းမှ ဖန်တီးနိုင်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြသည်။ လိပ်နက်သည် အကြီးကျယ်ဆုံးသော နတ်သားရဲများအနက် တစ်ပါးအပါအဝင်ဖြစ်လေရာ လိပ်နက်အား တုပ၍ ဖန်တီးထားသည့် အစီအရင်တစ်ခုမှာ မည်ကဲ့သို့များ အားနည်းနိုင်ပါမည်နည်း။

ထိုအစီအရင်ကို မြင်လိုက်သည့်အခိုက် နန်မန်တကျွင်းသည် ထိုအစီအရင်အား သွားယူ၍ လေ့လာပစ်ချင်စိတ်များ တဖွားဖွား ထွက်ပေါ်လာတော့သည်။ “ဒီတစ်ကြိမ်ခရီးကတော့ လုံးဝ တန်သွားပြီ…” နန်မန်တကျွင်း၏မျက်လုံးများ တဖျတ်ဖျတ် တောက်ပလာခဲ့ပြီး သူလက်ရှိရင်ဆိုင်နေရသည့် အခြေအနေကိုပင်လျှင် လုံးဝမေ့လျော့သွားတော့လေသည်။ ထို့အစား ပင်းယွင်တို့ ထုတ်ဖော်ထားသည့် လိပ်နက်အစီအရင်ကိုသာ တစိုက်မတ်မတ် လေ့လာကြည့်တော့လေသည်။ ဖြစ်သာဖြစ်နိုင်လျှင် နန်မန်တကျွင်းသည် အစီအရင်အနားသို့ ပြေးသွားပြီး အစီအရင်အား အနီးကပ်ပင် လေ့လာချင်မိပေသည်။ အခြေအနေမသေးသည့် အတွက်ကြောင့်သာလျှင် ခပ်ဝေးဝေးမှ လေ့လာကြည့်နေရခြင်း ဖြစ်ပေသည်။

ဤအချိန်တွင်တော့ ရေခဲနှလုံးသားတောင်ကြားနှင့် ရမ္မက်ရှာဂိုဏ်းတို့ကြားမှ တိုက်ပွဲမှာ အထွဋ်အထိပ်အခြေအနေသို့ ရောက်ရှိနေခဲ့လေပြီ။

ရမ္မက်ရှာဂိုဏ်းသည် ဧကရာဇ်အဆင့် အယောက်နှစ်ဆယ်ကျော်ဖြင့် တစ်ဖက်အဖွဲ့အား ဖိအားပေးနေခဲ့ပါသော်ငြား ထောင့်ခုနှစ်သွယ်လိပ်နက်အစီအရင်၏ အကာအကွယ်ကို မည်သို့မှ မချိုးဖြတ်နိုင်ခဲ့ပေ။

သူတို့၏တိုက်ခိုက်မှုများကို ပင်းယွင်တို့အဖွဲ့မှ ခုခံသွားခဲ့ရုံမက တစ်ခါတစ်ခါဆိုလျှင် ပင်းယွင်နှင့် သူမ၏တပည့်များသည် တန်ပြန်တိုက်ကွက်များကိုပင်လျှင် ထုတ်ဖော်တတ်ကြပေသေးသည်။ ထို့အတွက်ကြောင့် ရမ္မက်ရှာဂိုဏ်းမှ ကျင့်ကြံသူများမှာလည်း ကျဉ်းထဲကျပ်ထဲ ရောက်နေကြတော့လေသည်။

ထို့အပြင် ပင်းယွင်တို့ကျင့်ကြံထားသည့် ကျင့်စဉ်ကြောင့် ဖြစ်ပေါ်လာသည့် ရေခဲစက်ကွင်းနှင့် ရေခဲနိယာမစွမ်းအားတို့မှာ ထိုဧကရာဇ်အဆင့် ပညာရှင်များ၏ ဧကရာဇ်ချီအား ကောင်းကောင်းမလှည့်ပတ်နိုင်အောင် လုပ်နေကြလေသည်။

အချိန်ကြာလာသည်နှင့်အမျှ ရမ္မက်ရှာဂိုဏ်းမှ ပညာရှင်များမှာ ပိုပို၍ ထိတ်လန့်ကြောက်ရွံ့လာကြတော့လေသည်။ သူတို့သာ ဤထောင့်ခုနှစ်သွယ်လိပ်နက်အစီအရင်၏ အကာအကွယ်ကို မချိုးဖြတ်နိုင်ခဲ့ပါက အားကုန်သွားရမည်ကို ထိတ်လန့်နေကြပေသည်။ ထိုသို့သာ ဖြစ်သွားမည်ဆိုပါက သူတို့အားလုံးသည် စဉ်းနီတုံးပေါ်ရောက်သွားသည့် ငါးများသဖွယ် ဖြစ်ကုန်ကြပေလိမ့်မည်။

တကယ်တော့ ပင်းယွင်တို့အဖွဲ့သည် တိုက်ခိုက်နေသည်ထက် ခုခံနေသည်ဟုပြောလျှင် ပိုမှန်ပေလိမ့်မည်။ အစီအရင်၏အကူအညီကို ရထားသည့်အတွက်ကြောင့် သူတို့၏ ဧကရာဇ်ချီကုန်ဆုံးနှုန်းမှာ ရမ္မက်ရှာဂိုဏ်းမှ ကျင့်ကြံသူများထက် ပို၍ နိမ့်ကျပေသည်။

ထို့အတွက်ကြောင့် ရမ္မက်ရှာဂိုဏ်းမှ ကျင့်ကြံသူများမှာ စတင်၍ ထိတ်လန့်လာကြကာ သူတို့၏တိုက်ခိုက်မှုများမှာလည်း ယခင်ကလောက် ကြမ်းတမ်းခြင်း မရှိတော့ချေ။

ထိုအချက်ကို နားလည်လိုက်သော် ဖုန်းရွှမ်က ဒေါမာန်တကြီးဖြင့် အော်ဟစ်လိုက်လေသည်။ “ပင်းယွင်… ပင်းယွင်… ဒီလောက်ထိ ခုခံချင်နေတယ်ပေါ့… ဒါပေမယ့် နင် ခုခံထားလို့ရရင်တော့ ရမယ်… နင့်ရဲ့ ရေခဲနှလုံးသားတောင်ကြားက တပည့်အယောက်ခုနှစ်ထောင်ကိုရော အခုလိုမျိုး ကာကွယ်ပေးနိုင်မှာလား… နင်တို့ရေခဲနှလုံးသားတောင်ကြားဆီ ဒီဘုရင် ဧကရာဇ်အဆင့် ပညာရှင်ဆယ်ဦးကို စေလွှတ်ပြီးသွားပြီ… အခုချိန်လောက်ဆို နင်တို့ရေခဲနှလုံးသားတောင်ကြားတစ်ခုလုံး သွေးချင်းနီနေလောက်ပြီ…”

ရမ္မက်ရှာဂိုဏ်းဘက်တွင် ဧကရာဇ်အဆင့် ပညာရှင် အယောက်နှစ်ဆယ်ကျော်သာ ရှိသည်မဟုတ်။ လက်ရှိအချိန်တွင် ရမ္မက်ရှာဂိုဏ်း၌ ရှိနေသော ဧကရာဇ်အဆင့်ပညာရှင်များ၏ သုံးပုံတစ်ပုံလောက်သည်သာ သူတို့အပိုင်ဖြစ်ပြီး အခြားသော ဧကရာဇ်အဆင့် ပညာရှင်များမှာ စုဆောင်းရေးအမိန့်ဖြင့် ခေါ်ဆောင်ထားကြသည့် အကူအညီများဖြစ်ကြပေသည်။

ဤနေရာသို့ ရောက်မလာခင် ဖုန်းရွှမ်သည် ဧကရာဇ်အဆင့်ပညာရှင်ဆယ်ဦးအား ရေခဲနှလုံးသားတောင်ကြားထဲသို့ ကျူးကျော်ဝင်ရောက်၍ သူတို့၏တပည့်များကို သတ်ပစ်ရန် ညွှန်ကြားခဲ့လေသည်။ ရေခဲနှလုံးသားတောင်ကြား၏ လက်ရှိခွန်အားအရ ထိုဧကရာဇ်အဆင့်ပညာရှင်ဆယ်ဦးအား မည်သို့မျှ ခုခံနိုင်လိမ့်မည်မဟုတ်။

ထင်ထားသည့်အတိုင်း ဖုန်းရွှမ်မှ ထိုကဲ့သို့ ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ရေခဲနှလုံးသားတောင်ကြားမှ အကြီးအကဲများ၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ကြလေသည်။

ပင်းယွင်က အံကိုတင်းတင်းကြိတ်၍ အော်ပြောလိုက်လေသည်။ “ငါ့နောက်လိုက်ခဲ့…”

ထိုသို့ပြောပြီးသည့်နောက် သူမ၏တပည့်များကို ဦးဆောင်၍ ဝိုင်းထားသည့်လူအုပ်ကြီးဆီမှ ဖောက်ထွက်ရန် ကြိုးစားလိုက်လေသည်။

ဖုန်းရွှမ်သည် ခက်ထန်သည့်အမူအယာဖြင့် လေမိုးကြိုးလှံကို ကိုင်စွဲရင်းမှ “အိပ်မက်ပဲမက်နေလိုက် ပင်းယွင်… ဒီဘုရင် နင်တို့ရေခဲနှလုံးသားတောင်ကြားကို ဘယ်လိုဖျက်ဆီးမလဲ ကြည့်ထားပေတော့… အဲ့ဧကရာဇ်အဆင့် ပညာရှင်ဆယ်ယောက် ပြန်ရောက်လာလို့ရှိရင် နင်တို့အကုန်လုံး သေရပြီသာမှတ်…”

ထိုစဉ် တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော ယောင်ကျိုးကလည်း ယုံကြည်ချက်အပြည့်ဖြင့် ဝင်ပြောလိုက်လေသည်။ “ဒါ ငါတို့ရမ္မက်ရှာဂိုဏ်းကို ဆန့်ကျင်တဲ့ အကျိုးဆက်ပဲ…”

ယောင်ကျိုး၏စကားလုံးထဲ အခြားသောအဓိပ္ပာယ်များလည်း ပါဝင်နေခဲ့ပေသည်။ ယောင်ကျိုးပြောသည်ကို ကြားပြီးသည့်နောက် ရမ္မက်ရှာဂိုဏ်း၏ အဖွဲ့ဝင်မဟုတ်ကြသော ဧကရာဇ်အဆင့် ပညာရှင်များအားလုံး တိတ်သွားခဲ့ကြသည်။ ယောင်ကျိုးသည် ထိုလူများကို သတိပေးနေခြင်းသာ ဖြစ်ပေသည်။ သူတို့လက်အောက်သို့ မခိုဝင်ပါက သူတို့သည်လည်း ရေခဲနှလုံးသားတောင်ကြား ရင်ဆိုင်ခဲ့ရသော အကျိုးဆက်ကို ရင်ဆိုင်ရလိမ့်မည်ဟု သတိပေးနေခြင်းသာ ဖြစ်လေသည်။

“ဧကရာဇ်အဆင့်ပညာရှင်ဆယ်ယောက်…” ထိုစဉ် ပျင်းရိပျင်းတွဲအသံတစ်သံ ထွက်လာခဲ့လေသည်။ ထိုအသံကို ကြားလိုက်သည့်အခါ ရေခဲနှလုံးသားတောင်ကြားမှ အကြီးအကဲအားလုံး ဝမ်းသာအားရ ဖြစ်သွားကုန်ကြပြီး အသံထွက်ပေါ်လာရာဘက်ဆီသို့ လှမ်း၍ကြည့်လိုက်ကြလေသည်။

“စီနီယာအစ်ကိုရန်…” ကျိယောင် အံ့အားသင့်သွားခဲ့လေသည်။

အခြားတစ်ဖက်တွင်မူ ဖုန်းရွှမ်သည် မျက်လုံးအပြူးသားဖြင့် အသံထွက်ပေါ်လာရာဆီသို့ မုန်းတီးစွာ စိုက်ကြည့်လျက် အော်ပြောလိုက်လေ၏။ “ခွေးကောင်လေး…”

အသံပိုင်ရှင်မှာ သူ့သားကို သတ်သွားသည့်လူမှန်း ဖုန်းရွှမ် ချက်ချင်း တန်းသိလိုက်သည်။ ထို့အပြင် ဖုန်းရွှမ်သည် လွန်ခဲ့သောတစ်လခန့်ကပင် ရန်ကိုင်အား ရေခဲနှလုံးသားတောင်ကြား အပြင်ဘက်၌ တွေ့ခဲ့ရသည့်အတွက်ကြောင့် သူ့အား မေ့သွားဖို့ရာ မဖြစ်နိုင်ပေ။

ချက်ချင်းပဲ ဖုန်းရွှမ်သည် ရေခဲနှလုံးသားတောင်ကြားမှ အဖွဲ့သားများကိုပင်လျှင် ဂရုစိုက်မနေတော့ဘဲ ရန်ကိုင်ကိုသာ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် လှည့်ကြည့်လိုက်လေသည်။

“ဒီဧကရာဇ်အဆင့် ဆယ်ယောက်ကို ပြောချင်နေတာလား… စိတ်မပူနဲ့… ခင်ဗျားသွားခေါ်နေစရာတောင် မလိုတော့ဘူး… ကျုပ် သူတို့ကို တစ်ခါတည်း ခေါ်လာပေးလိုက်ပြီ… ကျေးဇူးတင်စရာလည်း မလိုဘူးနော်…”

ရန်ကိုင်သည် အနည်းငယ်မျှပင် ပျာယာခတ်နေခြင်းမရှိဘဲ ဟင်းလင်းပြင်ထဲမှ ပျင်းရိပျင်းတွဲအမူအယာဖြင့် ထွက်လာခဲ့လေသည်။ အပြင်သို့ ရောက်လာပြီးသည့်နောက်တွင် သူ့လက်ကို အသာအယာ ဝှေ့ယမ်းချလိုက်လေသည်။

“ဘုတ်… ဘုတ်… ဘုတ်…”

အလောင်းများ ကောင်းကင်ထက်မှ တစ်ခုပြီးတစ်ခု ပြုတ်ကျလာခဲ့လေသည်။ ထိုအလောင်းများသည် သားနားသော အဝတ်အစားများကို ဝတ်ဆင်ထားကြသည့် အရေးကြီးပုဂ္ဂိုလ်များ ဖြစ်ကြမှန်း မည်သူမဆို တန်းသိနိုင်ပေသည်။ သို့သော်ငြား လက်ရှိအချိန်တွင် အကုန်လုံးမှာ သေဆုံးနေခဲ့ကြလေပြီ။

“အဲ့ဒါ လေစိမ်းတောင်ကြားက အကြီးအကဲချုပ်ဖုန်းကျီပင် မဟုတ်ဘူးလား…”

“အဲ့ဒါက တောင်တစ်ရာသန့်စင်ခြင်းဂိုဏ်းက လျိုယုပဲ…”

“ကြယ်ကိုးလုံးဂိုဏ်းရဲ့ ဂိုဏ်းချုပ်လည်း ပါတယ်ဟ…”

အလောင်းများကို မြင်ပြီးသည့်‌နောက် ပင်းယွင်တို့အဖွဲ့အား ဝိုင်းရံတိုက်ခိုက်နေကြသည့် ဧကရာဇ်အဆင့်ပညာရှင်များ အလန့်တကြား အော်ဟစ်လိုက်ကြလေသည်။

သေဆုံးသွားပြီဖြစ်သော လူများအားလုံးကို သူတို့အကုန်လုံး သိနေကြလေသည်။ ထိုလူများသည် သူတို့ဆီက မကြာသေးခင်ကမှ ခွဲထွက်သွားကြခြင်း မဟုတ်လေလော။ သူတို့သည် ဖုန်းရွှမ်၏ဦးဆောင်မှုဖြင့် ပင်းယွင်တို့အဖွဲ့အား အချိန်ဆွဲထားစဉ် ထိုလူများသည် လက်အောက်ငယ်သားတစ်သိန်းကိုခေါ်လျက် ရေခဲနှလုံးသားတောင်ကြားဆီသို့ ဦးတည်သွားကြခြင်း ဖြစ်သည်။

သို့သော်ငြား ယခုမူ ထိုပညာရှင်အားလုံး အလောင်းဘဝသို့ ရောက်ခဲ့ရလေပြီ။

အလောင်းအရေအတွက်မှာ သေသေချာချာရေကြည့်ပြီးနောက် ဆယ်လောင်းတိတိရှိနေကြောင်း တွေ့လိုက်ရ၏။

တစ်နည်းဆိုရသော် အစောပိုင်းက သူတို့နှင့် လမ်းခွဲသွားသည့် ဧကရာဇ်အဆင့် ပညာရှင်အားလုံး ဤနေရာသို့ သေဆုံးလျက် ရောက်ရှိနေကြခြင်း ဖြစ်လေသည်။

ထိုအချက်ကို သဘောပေါက်လိုက်ကြသော် ဧကရာဇ်အဆင့်ပညာရှင် အယောက်နှစ်ဆယ်စလုံး သက်ပြင်းအသီးသီး ရှိုက်လိုက်ကြလေ၏။ အကုန်လုံးမှာလည်း ခေါင်းအစ ခြေအဆုံး တုန်တုန်ရီရီ ဖြစ်လာကုန်ကြလေသည်။

အကုန်လုံးမှာ ထိုအဖြစ်အပျက်ကြောင့် ဆက်၍ပင် မတိုက်ခိုက်နိုင်ကြတော့ဘဲ အလောင်းဆယ်လောင်းကိုသာ မယုံကြည်နိုင်ဟန်ဖြင့် စိုက်ကြည့်နေကြလေသည်။

ထိုဧကရာဇ်အဆင့်ပညာရှင်ဆယ်ဦးသည် တစ်ခဏမျှသော အချိန်တိုလေးအတွင်း မည်ကဲ့သို့များ သေသွားရလေသနည်း။ ရေခဲနှလုံးသားတောင်ကြားတွင် လျှို့ဝှက်ပညာရှင်များ ရှိနေသေးလေသလော။

ရမ္မက်ရှာဂိုဏ်းမှ အဖွဲ့သားများ ထိတ်လန့်တုန်လှုပ်နေကြပါသော်ငြား ရေခဲနှလုံးသားတောင်ကြားမှ အကြီးအကဲများမှာတော့ အလွန်ကိုမှ ဝမ်းသာအားရ ဖြစ်နေကြလေသည်။

အထူးသဖြင့် ပင်းယွင်နှင့် ကျိယောင်တို့ပင်လျှင်။ သူတို့နှစ်ဦးစလုံးသည် ရန်ကိုင်၏အစီအစဉ်ကို သိထားကြပေသည်။ ယခု အလောင်းဆယ်လောင်းကို မြင်သည်နှင့် ရန်ကိုင်သည် အားကောင်းသော စစ်ကူများကို ခေါ်လာပြီမှန်း သူတို့နှစ်ဦးစလုံး သိလိုက်ကြသည်။ ထိုသို့သာမဟုတ်ပါက ဧကရာဇ်အဆင့် ပညာရှင်ဆယ်ဦးကို မည်ကဲ့သို့များ အလွယ်တကူ သတ်ပစ်နိုင်ပါမည်နည်း။

“ရန်ကိုင်…” ပင်းယွင်မှာ ပြောစကား မရှိတော့သည့်အတွက်ကြောင့် ရန်ကိုင်၏နာမည်ကိုသာ လှမ်း၍ခေါ်လိုက်လေ၏။

ရန်ကိုင်သည် ပင်းယွင်အား တစ်ချက်ကြည့်၍ ပြန်ပြောလိုက်လေ၏။ “ကျုပ် နည်းနည်းနောက်ကျသွားတယ်…”

“နောက်မကျဘူး… နင် အချိန်မီ ပြန်ရောက်လာခဲ့တာ…” ပင်းယွင်က ဖြည်းဖြည်းချင်း ခေါင်းခါပြလိုက်သည်။

ရန်ကိုင်ပြန်ရောက်လာပြီ ဖြစ်သည့်အတွက်ကြောင့် ရေခဲနှလုံးသားတောင်ကြား ဘေးကင်းပြီမှန်း သူမသိလိုက်လေသည်။

“ဂိုဏ်းချုပ်ဖုန်း… မတွေ့ရတာတောင်ကြာပြီနော်…” ရန်ကိုင်သည် မျက်နှာကြီးသုန်မှုန်နေသော ဖုန်းရွှမ်ဘက်သို့လှည့်၍ ပြုံးပြလိုက်လေ၏။

“ခွေးသူတောင်းစား…” ဖုန်းရွှမ်သည် သွားများအား ကွဲကြေလုမတတ် တင်းတင်းကြိတ်ရင်း အော်ပြောလိုက်လေ၏။ “ သူတို့အကုန်လုံး မင်းဘယ်လို သတ်ပစ်လိုက်တာလဲ…”

“အဲ…… ဘယ်လိုပြောရမလဲဆိုတော့…” ရန်ကိုင်သည် လှောင်ပြုံးပြုံးလျက် “ဘယ်လိုမှမပြောတတ်ပါဘူး…”

“ခွေးသူတောင်းစား… ငါ မင်းကိုသတ်မယ်…” ထိုစဉ် ယောင်ကျိုးသည် ဒေါသမထိန်းနိုင်တော့ဘဲ ဧကရာဇ်ချီကို အရူးအမူးလှည့်ပတ်၍ သူ့ဓါးဖြင့် ရန်ကိုင်တည့်တည့်သို့ ခုတ်ချလိုက်လေသည်။

All Chapters