← Chapters

အခန်း (၂၆၃၉)

Vol. 113 Ch. 2639

အခန်း (၂၆၃၉)

Vol. 113 Ch. 2639

နေ့တစ်ဝက်ခန့်ကြာပြီးသည့်နောက်တွင် ချောင်ရှုမှ ပြောထားခဲ့သည့် နောက်ထပ် လူလေးရာ ရောက်လာခဲ့လေသည်။ ထိုလူလေးရာ ရောက်ရှိလာသည့်အတွက်ကြောင့် မြေပြင်တစ်ခုလုံးပင် တသိမ့်သိမ့် တုန်ခါသွားခဲ့ရသည်။

ထိုအဖြစ်အပျက်ကြောင့် ရန်ကိုင်လည်း အိမ်ထဲမှ ထွက်လာကာ တစ်ချက်လာကြည့်လေ၏။ စကားအချို့ပြောပြီးသည့်နောက် အိမ်တံခါးပိတ်ကာ အထဲသို့ပြန်ဝင်သွားလေသည်။

အထဲသို့ ရောက်လာပြီးသည့်နောက် ရန်ကိုင်သည် သူ့အကြံအစည်နှင့် ပတ်သက်၍ စတင် စဉ်းစားရတော့သည်။

ရှောင်ပိုင်ယီ၏နာမည်ကိုသုံး၍ ဤနေရာသို့ ကျုးကျော်လာရခြင်းမှာ နန်မန်တကျွင်းကို ရှာရန်သာ ဖြစ်လေသည်။ နန်မန်တကျွင်းကို ရှာတွေ့သည်နှင့် တစ်ပြိုင်နက် ရန်ကိုင်သည် ထိုလူကို သတ်လျှင်သတ် မသတ်လျှင် အခြေအနေပေါ် မူတည်၍ ဖမ်းဆီးရပေလိမ့်မည်။ သို့သော်ငြား ဤနေရာသို့ ရောက်ရောက်ချင်းမှာပင် အစီအရင်အလံတိုင်တစ်ခုအား စောင့်ကြပ်ရမည့်တာဝန် ပေးခံရလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ထို့အတွက်ကြောင့် ရန်ကိုင်မှာ လုပ်ရကိုင်ရ အခက်တွေ့နေတော့လေသည်။

အစီအရင်အလံတိုင်အား ကာကွယ်ပေးရန် အမိန့်ရရှိထားသည့်အတွက်ကြောင့် လျှောက်သွားချင်တိုင်း လျှောက်သွားနေ၍ မရတော့။ ထို့အပြင် သူ့၌ နန်မန်တကျွင်း မည်သည့်နေရာတွင် ရှိနေသလဲ ဆိုသည်နှင့် ပတ်သက်၍ သဲလွန်စ ရှိမနေခဲ့ပေ။

ထို့အတွက်ကြောင့် ရန်ကိုင်မှာ စတင်၍ စိတ်ပူလာရတော့လေသည်။

လက်ရှိ ရမ္မက်ရှာဂိုဏ်းလုပ်နေသည့် ပုံစံအရ အစီအရင်အလံတိုင်များနှင့် အစီအရင်အခြေအားလုံးမှာ အပြည့်အဝ ဖြစ်လာနေခဲ့လေပြီ။ မကြာခင်တွင် ရေခဲနှလုံးသားတောင်ကြားအား ကာကွယ်ပေးထားသော အစီအရင်အား ချိုးဖြတ်ပေတော့မည်။ ရန်ကိုင်သာ ဆက်၍ နှောင့်နှေးနေဦးမည်ဆိုပါက ရေခဲနှလုံးသားတောင်ကြားအား ကယ်တင်ရန် နောက်ကျသွားပေလိမ့်မည်။

ထိုအချက်ကို စဉ်းစားမိလိုက်သော် ရန်ကိုင်၏မျက်နှာထက် ပြတ်သားသည့် အမူအယာတစ်ခု ထွက်ပေါ်လာခဲ့ပြီး အိမ်တံခါးကိုဖွင့်ကာ အပြင်သို့ ထွက်လာခဲ့သည်။

ရန်ကိုင်၏အမိန့်အား နာခံရန် ရောက်လာသည့် လူငါးရာမှာ အစီအရင်အလံတိုင် အနီးတစ်ဝိုက်တွင် ပြန့်ကျဲနေကာ တည်ရှိနေကြလေသည်။

အပြင်သို့ ထွက်လာပြီးသည့်နောက်တွင် ရန်ကိုင်သည် ထိုလူများကို တစ်ချက်ပင် မကြည့်ဘဲ အခြားတစ်ဖက်ကိုလှည့်၍ ပျံသန်းသွားလေ၏။

“သခင်လေးရှောင်…” ဟွော့ဟန်က လက်သီးဆုပ်၍ အော်ပြောလိုက်လေသည်။

“ဘာလဲ…” ရန်ကိုင်က မကျေမနပ်အမူအယာဖြင့် မျက်မှောင်ကျုံ့လိုက်သည်။ “သခင်လေးရှောင် ဘယ်သွားမို့လုပ်နေတာလဲဆိုတာ သိလို့ရမလား…” ဟွော့ဟန်က တုန်တုန်ရီရီဖြင့် မေးလိုက်သည်။

ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်သည်။ “ဒီသခင်လေးဘယ်သွားသွား မင်းအပူမပါဘူး..”

ဟွော့ဟန်၏မျက်နှာ ဒေါသမီးတောက်များဖြင့် လောင်မြိုက်နေတော့လေသည်။ ထို့နောက် နှိမ်လည်းမနှိမ့်ချ မောက်လည်းမောက်မာခြင်းမရှိသည့် လေသံဖြင့် ပြန်ပြောလိုက်‌လေ၏။ “အဲ့လိုလုပ်လို့မရဘူးလေ သခင်လေးရှောင်… အကြီးအကဲဖုန်းက သခင်လေးရှောင်ကို အစီအရင်အလံတိုင်ကို စောင့်ကြပ်ဖို့ တာဝန်ပေးထားတာ… သခင်လေးရှောင် အကြီးအကဲဖုန်းပေးထားတဲ့ အမိန့်အတိုင်းပဲ ဒီမှာပဲနေပြီး အစီအရင်အလံတိုင်ကို စောင့်ကြပ်ရမှာပေါ့… အခြားနေရာကို ခွင့်ပြုချက်မရှိဘဲ ထွက်သွားလို့မရဘူးလေ… ဒီအကြောင်းကိုသာ သိလို့ရှိရင် အကြီးအကဲဖုန်း မကျေမနပ်ဖြစ်သွားမှာ… အစီအရင်အလံတိုင်သာ တစ်ခုခုဖြစ်သွားခဲ့ရင် ဘယ်သူတာဝန်ခံမှာလဲ…”

“ဒီလောက်ငြိမ်းချမ်းနေတာကို ဘာပြဿနာဖြစ်စရာ ရှိမှာလဲ…” ရန်ကိုင်သည် ဟွော့ဟန်အား အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်လိုက်သည်။

ဟွော့ဟန်က ယဲ့ယဲ့လေးပြုံးလျက် “ဘယ်သူသိမှာလဲ… ဘာမှမဖြစ်နိုင်ဘူးလို့ ဘယ်သူမှ အတပ်မပြောနိုင်ဘူးလေ… ပြီးတော့ ကျုပ်က…”

“ငါ ဒီတိုင်း လမ်းလျှောက်ထွက်ရုံပဲ… မကြာခင်ပြန်လာခဲ့မှာ…” ရန်ကိုင်က ပြန်ပြောလိုက်သည်။

ဟွော့ဟန်က သတိပေးလိုက်လေသည်။ “ခဏလေးထွက်သွားတယ်ဆိုတာကလည်း တာဝန်ကနေလစ်ပြေးတာနဲ့ အတူတူပဲ… သခင်လေးရှောင် မရရအောင် သွားမယ်ဆိုရင်တော့ ကျုပ်လည်း ရွေးချယ်စရာမရှိတော့ဘဲ အကြီးအကဲတွေဆီကို ပြန်အစီရင်ခံရတော့ဖို့ပဲ ရှိမှာ…” ဟွော့ဟန်မှာ ရန်ကိုင်မှ သူ့အား နှိပ်စက်ခဲ့သည့်အပေါ် ရန်ကိုင်အား အလွန်ကိုမှ မုန်းတီးနေခဲ့လေသည်။ ထို့အတွက်ကြောင့် ယခု အခွင့်အရေးကို အသုံးပြုလျက် ရန်ကိုင်အား ဒေါသထွက်အောင် လုပ်တော့လေသည်။ ထို့အပြင် ဤနေရာတွင် အစောင့်ချထားခြင်း ခံရသည့် ရမ္မက်ရှားဂိုဏ်းသားများ၏ တာဝန်များမှာ စုဆောင်းရေးအမိန့်ကို ရရှိထားသည့် ဧကရာဇ်အဆင့် ကျင့်ကြံသူများကို ကူညီပေးရန် အတွက်သာလျှင် မဟုတ်ဘဲ ဧကရာဇ်အဆင့် ပညာရှင်များကို စောင့်ကြပ်ရန်လည်း ဖြစ်ပေသည်။

တကယ်တော့ လူတစ်ဦးအား အပေါ်ယံကြည့်၍ ဆုံးဖြတ်ရန် လွယ်မှ မလွယ်ကူလေပဲ။ ဧကရာဇ်အဆင့် ပညာရှင်များ တကယ်အားကိုးရမရ မည်သူမျှ မသိကြပေ။ ထို့အတွက်ကြောင့် သစ္စာရှိတပည့်များသည်သာ ထိုသူများနှင့်စာလျှင် ပို၍ ယုံကြည်ရတော့သည်။

ထိုအကြောင်းကြောင့်ပင်လျှင် ရမ္မက်ရှာဂိုဏ်းသည် ပြင်ပမှလာသည့် ဧကရာဇ်အဆင့် ကျင့်ကြံသူများ၏ လက်အောက်တွင် ဂိုဏ်းသားအချို့ကို ထည့်ထားခြင်း ဖြစ်ပေသည်။

ထည့်ထားသည့် ဂိုဏ်းသွားအရေအတွက်မှာ များများစားစား မဟုတ်ပါသော်ငြား ဖုန်းချီအနေဖြင့် ထိုတပည့်များ၏ အကူအညီကိုသုံးလျက် ပြင်ပမှ ကျင့်ကြံသူများ၏ လှုပ်ရှားမှုများကို စောင့်ကြည့်ရပေမည်။

ဟွော့ဟန်၏ ဂုဏ်ယူဝံ့ကြွား လေးနက်တည်ကြည် ပြုံးဖြီးဖြီးဖြစ်နေသည့် မျက်နှာကိုကြည့်ရင်း ရန်ကိုင်စိတ်ထဲ အတော်လေးကိုမှ ကြိတ်မနိုင်ခဲမရ ဖြစ်လာခဲ့သည်။

ဟွော့ဟန် သူ့အား လက်စားပြန်ချေနေခြင်းမှန်း ရန်ကိုင်သိပေသည်။သို့သော်ငြား ဟွော့ဟန်သည် ရန်ကိုင်အား သေသေချာချာ သတိထားပေးထားသည့်အတွက်ကြောင့် ရန်ကိုင်လည်း မဆင်မခြင် လှုပ်ရှား၍ မဖြစ်တော့ချေ။ အကြီးအကဲဖုန်းချီသည်သာ သူ့အား အာရုံစိုက်လာမည်ဆိုပါက ရန်ကိုင်အနေဖြင့် လှုပ်ရရှားရ ခက်ပေတော့မည်။

“ကောင်းပြီလေ… အဲ့ဒါဆိုလည်း မသွားရုံပေါ့… မသွားရလည်း ငါ့အတွက် ကိစ္စရှိမှာမှမဟုတ်တာ…” ရန်ကိုင်က ရယ်ရယ်မောမောဖြင့် အိမ်ထဲသို့ ပြန်ဝင်သွားကာ တံခါးကို ဆောင့်ပိတ်ချလိုက်သည်။

ဟွော့ဟန်ကမူ ပြုံးဖြီးဖြီးဖြင့်သာ ရပ်နေခဲ့လေသည်။

မကြာမီ ညအချိန်သို့ ရောက်လာခဲ့လေသည်။

ရန်ကိုင်သည် မည်ကဲ့သို့ ဆက်လုပ်လို့ လုပ်ရမလဲ ဆိုသည်ကို စဉ်းစားနေစဉ်မှာပင် အပြင်ဘက်ဆီမှ တီးတိုးပြောသံများ ထွက်ပေါ်လာခဲ့သည်။ ထိုတီးတိုးပြောသံများကို ကြားပြီးသည့်နောက် ရန်ကိုင်၏မျက်နှာကြီး သုန်မှုန်သွားခဲ့လေသည်။

အပြင်ဘက်တွင် စုဝေးနေကြသည့် လူငါးရာ၏ ပါးစပ်ဖျားတွင် ရေပန်းစားနေသည့် ခေါင်းစဉ်မှာ အခြားမဟုတ် ရန်ကိုင်အကြောင်းသာ ဖြစ်လေသည်။

“မင်းကြားလား… ငါတို့ရဲ့ ဆရာရှောင်ရဲ့ နောက်ခံက အားကောင်းတယ်ဆိုပေမယ့် သူက မယားကြောက်ကွ…”

“ဟုတ်တယ် ဟုတ်တယ် ဟေ့ကောင်ရေ… သူပြောတာတော့ သူ့သတို့သမီးလောင်းရဲ့ရုပ်က သောက်ရမ်းကို အကြည့်ရဆိုးတာတဲ့ကွာ… ကြည့်နေရင်းနဲ့တောင် အန်ချင်လာတယ်တဲ့… အဲ့ဒီအပြင် သတို့သမီးလောင်းက မိန်းမကြမ်းကြီးတစ်ယောက်ဖြစ်နေတာပဲ… ဆရာရှောင်က သူ့သတို့သမီး နှိပ်စက်တာကို မခံနိုင်လို့ မြောက်ဘက်နယ်မြေကို ထွက်ပြေးလာတာတဲ့ဟေ…”

“တကယ်ကြီးလား… ငါ သူအားကောင်းတယ်မှတ်နေတာ… လက်စသတ်တော့ သူက မယားကြောက်ပဲကွ…”

“တကယ်ကြီးလား… ဆရာရှောင်က တကယ်ကြီး မယားကြောက်လား…”

“စုဆောင်းရေးခန်းမမှာ သူကိုယ်တိုင်ပြောခဲ့တာ… ငါ ဒီတိုင်း လျှောက်ပြောနေတာမဟုတ်ဘူး… မယုံရင် အခြားသူတွေကို လိုက်မေးကြည့်လိုက်… အဲ့တုန်းက ဆရာရှောင်ပြောသွားတာကို ကြားလိုက်ရတဲ့လူတွေ အများကြီးပဲ…”

“ကြည့်ရတာ ဆရာရှောင်က မိန်းမချောလေးတွေကို မတွေ့ဖူးဘူးနဲ့တူတယ်… အဲ့ဒါကြောင့်ပဲ ရေခဲနှလုံးသားတောင်ကြားက မိန်းမချောလေးတွေကို လိုချင်လို့ စုဆောင်းရေးအမိန့်ကို လာယူတာတဲ့ဟေ…”

“ရေခဲနှလုံးသားတောင်ကြားက မိန်းမချောလေးတွေကို ရပြီး ပြန်ခေါ်သွားလို့ရော ဘာထူးမှာလဲ… သူ့အိမ်မှာစောင့်နေတဲ့ မိန်းမကြမ်းကြီးနဲ့ကတော့ ဟိုကတစ်ခွန်းပြောလိုက်တာနဲ့ သူ့ခမျာ ချောင်ပိတ်ပြီး ကြောက်ဒူးတုန်နေမှာ… ပြန်ခေါ်သွားတဲ့ မိန်းမချောလေးတွေနဲ့ ပျော်ဖို့မပြောနဲ့ ကြည့်တောင်ကြည့်ရဲမှာမဟုတ်ဘူး… ဟိုက တိတ်ဆိုတိတ်ဖြစ်နေမှာ…”

“သနားစရာပါလား… သနားစရာပါလား… အဲ့ဒါနဲ့များ သူ့ကိုယ်သူ ဧကရာဇ်အဆင့်ပညာရှင်တစ်ယောက်လို့ ခေါ်နေရဲသေးတယ်… ငါတို့ယောက်ျားတွေအတွက်တော့ သိက္ခာကျစရာပါပဲ…”

မည်သည့်ခွေးသူတောင်းစားကများ သတင်းဖွလိုက်၍ ထိုအကြောင်းသည် လူတိုင်း၏ပါးစပ်ဖျားတွင် စွဲနေရသလဲဆိုသည်ကို ရန်ကိုင် နားမလည်နိုင်ဖြစ်သွားခဲ့သည်။ ယခုမူ ရန်ကိုင်၏… ရန်ကိုင်၏ မဟုတ်ဘဲ ရှောင်ပိုင်၏ဟုပင် ပြောရလေမလား သူ့ဇာတ်ကြောင်းသည် မြို့အနှံ့ ပြန့်နေခဲ့လေပြီ။

တကယ်‌တော့ ရန်ကိုင်သည် စုဆောင်းရေးခန်းမထဲ၌ ရောက်တက်ရာရာများကို လျှောက်ပြောခဲ့ခြင်းသာ ဖြစ်သည်။ သို့သော်ငြား သူပြောလိုက်သည့်အကြောင်းအရာများသည် လူတိုင်း၏ပါးစပ်ဖျားသို့ ရောက်ရှိသွားလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။

ပြောစရာမလိုအောင်ကိုပင် ထိုသတင်းကို လျှောက်ဖွသည့်လူမှာ ဟွော့ဟန်နှင့် သူ့အဖွဲ့သားများသာ ဖြစ်ကြပေလိမ့်မည်။

ထိုအကြောင်းအရာများမှာ သတင်းအမှားများသာ ဖြစ်ကြပါသော်ငြား ထိုလူများသည် အထူးသဖြင့် သူ့လက်အောက်ငယ်သားများသည် သူ့နောက်ကွယ်၌ သူ့အကြောင်းကို အတင်းတုပ်နေသော် ရန်ကိုင်မှာ စတင်၍ စိတ်ညစ်လာရတော့သည်။ ရှက်လည်းရှက် ဒေါသကလည်းထွက်သည့်အတွက်ကြောင့် ရန်ကိုင်သည် လေသံမာမာဖြင့် အသံကျယ်ကျယ်နှာခေါင်းရှုံ့ပြလိုက်လေသည်။

ရန်ကိုင်၏အသံကိုကြားသော် အပြင်ဘက်ရှိအသံများ ရုတ်ချည်း တိတ်ကျသွားခဲ့သည်။ လူတိုင်းသည် အကြည့်ချင်းဖလှယ်လျက် ကြိတ်ပြုံးနေကြလေသည်။

“ရှက်ရှက်နဲ့ ဒေါသထွက်တာလား…” ဟွော့ဟန်သည် သစ်သားအိမ်ရှိနေသည့်နေရာဆီသို့ လှမ်းကြည့်ရင်း လှောင်ပြုံးပြုံးနေခဲ့လေသည်။

ရန်ကိုင်သည် သစ်သားအိမ်လေးထဲ နှစ်ရက်မျှကြာအောင် နေနေခဲ့လေသည်။ ဟော့ဟွမ်မှ သူ့အား အဆက်မပြတ် စောင့်ကြည့်နေသည့်အတွက်ကြောင့် ရန်ကိုင်လည်း အခြားအကြံအစည်တစ်ခုကိုသာ စတင်စဉ်းစားရတော့သည်။

လေဟာနယ်တာအိုကို ကျွမ်းကျင်ထားသည့်လူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်သာ ထွက်သွားချင်သည်ဆိုပါက တာအိုသခင်တတိယအဆင့် ကျင့်ကြံသူနှစ်ဦးလောက်သည် သူ့အား မည်သို့မျှ တားဆီးနိုင်လိမ့်မည်မဟုတ်ပေ။ သို့သော်ငြား သူလက်ရှိရောက်နေသည်မှာ ရန်သူ့ပိုင်နက် ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်မှာ သေသေချာချာကို သတိထားရပေလိမ့်မည်။

တတိယမြောက်နေ့တွင် ရန်ကိုင်သည် သစ်သားအိမ်လေးထဲ တင်ပလင်ခွေထိုင် ကျင့်ကြံနေစဉ် အပြင်ဘက်ဆီမှ ခြေသံများကို ကြားလိုက်ရလေသည်။ ထို့နောက် ရင်းနှီးသည့်အသံတစ်သံ ထွက်လာခဲ့လေ၏။ “ချောင်ရှု သခင်လေးရှောင်နဲ့ တွေ့ချင်လို့ပါ…”

ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့လေသည်။ ချောင်ရှု ဘာကြောင့် ရောက်လာသလဲ သူမသိပေ။ ရန်ကိုင်အား ဤနေရာသို့ ခေါ်လာပြီးချိန်မှစ၍ ချောင်ရှုသည် တစ်ကြိမ်တစ်ခါမှပင် ပေါ်လာခဲ့ခြင်းမရှိသေး။

ချောင်ရှု ဘာကြောင့်ရောက်လာသလဲဆိုသည်ကို တွေးရင်း ရန်ကိုင်သည် ယပ်တောင်ကို တဖွဖွခပ်လျက် သစ်သားအိမ်တံခါးကို ဖွင့်ကာ အပြင်သို့ ထွက်လာလိုက်သည်။ သို့သော်ငြား အခြေခိုင်ခိုင် မရပ်ရသေးခင်မှာပင် ဒေါသတို့ စွက်ဖက်နေသည့် အေးစက်စက်အသံတစ်သံကို ကြားလိုက်ရလေသည်။ ထို့နောက် အလွန်ကိုမှ ပြင်းထန်သည့် အရှိန်အဝါတစ်ရပ် သူ့အား ဖိချလာခဲ့လေ၏။

ရန်ကိုင်၏အမူအယာ ရုတ်ချည်း ပြောင်းလဲသွားခဲ့ပြီး သူ့ရှေ့တည့်တည့်သို့ မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်ရင်း နောက်သို့ ဒယီးဒယိုင် ဆုတ်လိုက်လေသည်။

သူ့ရှေ့တွင် မချိပြုံးပြုံးနေသည့် ချောင်ရှု ရှိနေခဲ့သည်။ ချောင်ရှုဘေးတွင် ရှိနေသည်ကား ခေါင်းအစ ခြေအဆုံး အဖြူရောင်အဝတ်အစားကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးပင်။ အမျိုးသမီးသည် ယောက်ျားများ သွားရည်ယိုစရာ လုံးကြီးပေါက်လှ ကိုယ်လုံးကိုယ်ပေါက်ကို ပိုင်ဆိုင်ထားပေသည်။ သို့သော်ငြား သူမ၏မျက်နှာမှာတော့ ခန္ဓာကိုယ်နှင့်မှမလိုက် အလွန်ကိုမှ မသတီစရာ ကောင်းလှပေသည်။ ကျောက်ပေါက်မာများ၊ ဝက်ခြံများ၊ တင်းတိပ်များ မျက်နှာအနှံ့တွင် ပြန့်ကျဲတည်ရှိနေခဲ့သည်။ ထိုမျှသာလျှင် မဟုတ်သေးဘဲ မျက်လုံးလေးများမှာလည်း အလွန်ကိုမှ မှေးစင်းလှကာ နှာခေါင်းမှာလည်း ပြားသယောင် ဖြစ်နေလေသည်။ ပါးစပ်ပေါက်မှာလည်း မိန်းမချောလေးများတို့၏ စံနှုန်းအတိုင်း ယစ်မူးချင်စရာ မကောင်းလှပဲ ပါးစပ်ကျယ်ကျယ်ကြီး ဖြစ်နေခဲ့လေသည်။ လက်ရှိအချိန်တွင် ထိုအမျိုးသမီးသည် ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်နေခဲ့လေသည်။

ထိုအမျိုးသမီး မည်မျှ ရုပ်ဆိုးသလဲဆိုသည်ကို စကားဖြင့်ပင်လျှင် ဖော်ပြရခက်လှသည်။ ကောင်းကင်အား မည်ကဲ့သို့ ရန်စစော်ကားခဲ့၍များ ဤအမျိုးသမီးသည် ဤကဲ့သို့သော ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားရလေသနည်း။

“ဒါ… ဒါ… ဒါက…” ထိုအမျိုးသမီးကိုကြည့်ရင်း ရန်ကိုင်မှာ မျက်လုံးကျွတ်ထွက်မတတ် ပြူးကျယ်နေခဲ့လေသည်။

“ဟမ့်… နင်ဒီကိုရောက်လာမယ်လို့ ငါ တကယ်မထင်ထားခဲ့ဘူး… နင်က ဒီသခင်မလေး နင့်ကို လွယ်လွယ်နဲ့ ရှာလို့ရအောင် လုပ်ထားလိုက်တာပဲ…” ထိုရုပ်ဆိုးဆိုး အမျိုးသမီးသည် အံကိုတင်းတင်းကြိတ်ရင်းမှ ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်၍ ပြောလိုက်လေသည်။ သူမ၏အကြည့်သည် ရန်ကိုင်အား အရှင်လတ်လတ် အရေခွံခွာချင်နေသည့်အလား။

ရန်ကိုင် ဇောချွေးပြန်သွားခဲ့ပြီး နဖူးထက်ရှိ ချွေးအေးများကို သုတ်ပစ်ရင်းမှ စိုးရိမ်တကြီးဖြင့် ပြန်မေးလိုက်လေသည်။ “နင် နင် ဒီမှာ ဘာလာလုပ်နေတာလဲ…”

သူ့ရှေ့ရှိ အမျိုးသမီး ဤနေရာသို့ တကယ်ကြီး ရောက်လာလိမ့်မည်ဟု ရန်ကိုင်လုံးဝမထင်ထားခဲ့ချေ။

အမျိုးသမီး၏ရုပ်ရည်မှာ မည်မျှပင် ဆိုးရွားနေစေကာမူ တစ်ချက်ကြည့်လိုက်ရုံဖြင့် ရန်ကိုင်သည် ထိုအမျိုးသမီးကို ချက်ချင်း တန်းမှတ်မိသွားခဲ့သည်။

ထိုအမျိုးသမီးမှာ အခြားမဟုတ် ကျိယောင်သာ ဖြစ်လေသည်။

ရန်ကိုင်အနေဖြင့် သူ၏ စူးရှသည့် အမြင်အာရုံကြောင့် ကျိယောင်ကို မှတ်မိသွားခြင်းမဟုတ်။ ကျိယောင်မှ သူမ၏ အရှိန်အဝါကို မသိမသာလေး လှစ်ဟာပြခဲ့သည့် အတွက်ကြောင့်သာ ရန်ကိုင်သည် သူ့ရှေ့၌ ရှိနေသော အမျိုးသမီးမှာ ကျိယောင်မှန်း မှတ်မိသွားခဲ့ခြင်းပင်။

လက်ရှိ ကျိယောင်ရုပ်ရည်ကို ရှီထျန်းဟဲမှ ရုပ်ဖျက်ပေးထားခြင်း ဖြစ်ပေသည်။

ရန်ကိုင်သည် ကျိယောင်ကို သူ့အစီအစဉ်ထဲ ဆွဲမခေါ်ချင်သည့် အတွက်ကြောင့် လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ရေခဲနှလုံးသားတောင်ကြားမှ တစ်ကိုယ်တည်း ထွက်လာခဲ့သည်။ သို့သော်ငြား ကျိယောင်သည် သူ့နောက်သို့ တကယ်ကြီး လိုက်လာခဲ့လိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထို့အပြင် ကျိယောင်ကို ချောင်ရှုမှ ခေါ်လာပေးခဲ့ခြင်း ဖြစ်ပေသည်။

(ဘာတွေဖြစ်နေတာလဲ...)

ရန်ကိုင်မှာ ချောင်ရှုအား ကြောက်လန့်တကြားဖြင့် လှမ်း၍ကြည့်လိုက်သော် ချောင်ရှုက မချိပြုံးပြုံးလျက် “သခင်လေးရှောင်… ဒီအမျိုးသမီးက သခင်လေးနဲ့ စေ့စပ်ထားပြီးတော့ သခင်လေးကို လာရှာတာလို့ ပြောပါတယ်… ဒါကြောင့် သခင်လေးရှောင် ဟဲ ဟဲ… ကျေးဇူးပြုပြီး ကျုပ်ကို ခွင့်လွှတ်ပေးပါနော်…”

ချောင်ရှု၏လေသံထဲ ကူကယ်ရာမဲ့မှုတို့ဖြင့် ပြည့်နေခဲ့သည်။

“စေ့စပ်ထားတယ်…”

အနီးအနားတစ်ဝိုက်တွင် တင်ပလင်ခွေထိုင်နေကြသော ကျင့်ကြံသူအယောက်ငါးရာမှာလည်း ရန်ကိုင်ဆီသို့ သိချင်စိတ်ဖြင့် လှမ်းကြည့်လာကြလေသည်။ သို့သော်ငြား ကျိယောင်၏ ရုပ်ရည်ကိုမြင်လိုက်သည့်အခိုက် အကုန်လုံး၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားကုန်ကြလေသည်။ အကုန်လုံးသည် အတော်လေးကိုမှ စိတ်ဓာတ်ကြံ့ခိုင်သည့်လူများ ဖြစ်ကြပါသည့်တိုင် ကျိယောင်၏ရုပ်ရည်ကို မြင်ပြီးသည့်နောက် အချို့ဆိုလျှင် ထိန်းပင် မထိန်းနိုင်တော့ဘဲ အော့အန်ကြကုန်တော့လေသည်။

“ဆိုးလိုက်တာကွာ… ရုပ်ကြီးကလည်း ကြောက်စရာကြီး… ဆရာရှောင် တောင်ဘက်နယ်မြေက ထွက်ပြေးလာတာ အထူးအဆန်းမဟုတ်တော့ပါဘူးလေ… ငါသာဆိုရင်လည်း ကျိန်းသေ ထွက်ပြေးမှာ…”

“သူ့သတို့သမီးကို မြင်လိုက်တော့ ငါတောင် ဆရာရှောင်ကို သနားချင်မိသွားပြီ… သူ့ဘဝကြီးကလည်း ဆိုးလိုက်တာကွာ… သူ့လို ဧကရာဇ်အဆင့် ပညာရှင်တစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလိုမိန်းမနဲ့ အဆုံးသတ်သွားရတာလဲ…”

“ငါသာဆိုရင်တော့ အဲ့လိုမိန်းမတစ်ယောက်ကို လက်ထပ်မဲ့အစား အသေပဲခံလိုက်မယ်…”

ပတ်ဝန်းကျင်တစ်ခုလုံး တီးတိုးဆွေးနွေးသံများဖြင့် ကျွတ်ကျွတ်ညံလာတော့လေသည်။ လက်ရှိအချိန်တွင် ကျင့်ကြံသူအများစုမှာ ရန်ကိုင်အား ကြိတ်၍ သနားနေမိကြတော့သည်။

တကယ်တော့ ရန်ကိုင်သည် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးပင် မဟုတ်ပေလော။ ဧကရာဇ်အဆင့် ပညာရှင်များသည် သူတို့လိုချင်သည့် မိန်းမများကို ခေါင်းခေါက်ရွေးနိုင်ကြသည် မဟုတ်လေလော။ ဘာကြောင့်များ ရန်ကိုင်၏သတို့သမီးမှာ ဤမျှ အရုပ်ဆိုးနေရလေသနည်း။ သူမ၏ရုပ်ရည်မှာ လုံးဝကို ကြည့်ရက်စရာမရှိသည့် ရုပ်ရည်ဖြစ်ပေသည်။ ရန်ကိုင်နေရာတွင်သာ အခြားတစ်ယောက်ယောက်ဆိုပါကလည်း ထိုအမျိုးသမီး၏ရုပ်ရည်ကို မြင်ပြီးသည့်နောက် အိပ်မက်ဆိုးများ မက်ကာ တစ်ခါတည်းပင် တန်းသတိလစ်သွားနိုင်လေသည်။

သို့ရာတွင် ဟွော့ဟန်နှင့် ရမ္မက်ရှာဂိုဏ်းမှ အခြားသော တပည့်များမှာတော့ ရန်ကိုင်၏ကံဆိုးမှုအပေါ် ကြိတ်၍ ဝမ်းသာနေကြလေသည်။

“ဘာဖြစ်လို့လဲ…” ကျိယောင်သည် ခက်ထန်သည့် ပုံစံဖြင့် ရန်ကိုင်ဆီသို့ တစ်လှမ်းချင်း တိုးလာလျက် “နင်က ငါတို့မိဘတွေ သဘောတူထားတာကို ပြန်ဖျက်သိမ်းပစ်ချင်နေတာလား… ဒီသခင်မလေးရဲ့ ရုပ်ရည်က အရမ်းကြီး ကြည့်ပျော်ရှုပျော်မရှိပေမယ့် ငါ့ကို လက်ထပ်ချင်တဲ့လူတွေ အများကြီးရှိနေတုန်းပဲနော်… ငါတို့စေ့စပ်ပွဲကို ဖျက်ရဲဖျက်ကြည့်… ငါ နင့်ခြေထောက်နှစ်ချောင်းကို ဒီနေရာမှာတင် ရိုက်ချိုးပစ်မှာ…”

“ကြည့်ပျော်ရှုပျော်မရှိပေမယ့်…” ချောင်ရှု တံတွေးတစ်လုပ် မျိုချမိလိုက်သည်။ အမျိုးသမီးသည် ဤကဲ့သို့သော စကားလုံးများကို ပြောရဲလိမ့်မည်ဟု သူလုံးဝ မထင်ထားခဲ့ချေ။ ထိုစကားလုံးများသည် သူမ၏ လက်ရှိရုပ်ရည်နှင့် လုံးဝကို မအပ်စပ်သည့် စကားလုံးများသာ ဖြစ်ကြသည်။

“နင်လူမှားနေပြီ… ငါနင့်ကိုမသိဘူး… အခုထွက်သွားလိုက်တော့…အခု ထွက်သွားလိုက်တော့…” ရန်ကိုင်မှာ သူ့မျက်နှာကို အုပ်ထားခဲ့ပြီး ကျိယောင်၏မျက်နှာကို မကြည့်ရဲခဲ့ချေ။ တစ်ချိန်တည်းတွင် သူမအား ကောင်းကင်စိတ်အာရုံဖြင့် မသိမသာလေး လှမ်းမေးလိုက်လေ၏။ “နင် ဘာလို့ ရောက်လာတာလဲ… ဒီနေရာက အရမ်းအန္တရာယ်များတာလေ… မြန်မြန်ပြန်သွားလိုက်ပေတော့…”

ကျိယောင်က သွေးရူးသွေးတမ်းဖြင့် အော်ပြောလိုက်သည်။ “ရှောင်ပိုင်ယီ… ငါ့မျက်နှာကို လာပြီး အမည်းအိုးသုတ်မနေနဲ့နော်… ဂိုဏ်းချုပ်အမိန့်ကြောင့်သာ မဟုတ်လို့ရှိရင် နင့်လိုလူတစ်ယောက်ကို ငါ လက်ထပ်မယ်လို့ ထင်နေတာလား…”

တစ်ချိန်တည်းတွင်လည်း ကျိယောင်သည် ရန်ကိုင်အား ကောင်းကင်စိတ်အာရုံဖြင့် ပြန်ပြောလိုက်လေသည်။ “နင်ဘယ်လိုလုပ်ပြီး ငါ့ကို နောက်မှာ တစ်ယောက်တည်း ထားခဲ့ရဲတာလဲ… ရှေးဟောင်းကုန်းမြေမှာတုန်းကလည်း နင်ငါ့ကို ထပ်တလဲလဲ လိမ်တယ်… ပြီးတော့လည်း ထပ်တလဲလဲ အသားယူတယ်… အဲ့ကိစ္စတွေကို ငါမေ့သွားပြီထင်နေတာလား…”

“ငါ့နာမည်က ရှောင်ပိုင်ယီမှန်း နင်ဘယ်လိုသိတာလဲ… ပြီးတော့ ရှေးဟောင်းကုန်းမြေမှာတုန်းက ငါလုပ်ချင်လို့လုပ်တာမဟုတ်ဘူးလေ… အဲ့လိုမလုပ်လို့မှ မရတာ…” ကျိယောင်နှင့် ကောင်းကင်စိတ်အာရုံမှတစ်ဆင့် ဆက်သွယ်ပြောနေစဉ်အတောအတွင်း ရန်ကိုင်မှ ပြန်၍အော်ပြောလိုက်လေသည်။ “စေ့စပ်ပွဲက ထည့်မတွက်ဘူးနော်… အဲ့ဒါကို ထည့်မတွက်ဘူး… အခုကနေစပြီး နင့်လမ်းနင်လျှောက် ငါ့လမ်းငါလျှောက်မယ်… ငါတို့နှစ်ယောက်က ဘာမှမပတ်သက်တော့ဘူး…”

All Chapters