← Chapters

အခန်း (၂၆၃၇)

Vol. 113 Ch. 2637

အခန်း (၂၆၃၇)

Vol. 113 Ch. 2637

ထိုအရာမှာ ရွှေရောင်တောက်နေသည့် တံဆိပ်ပြားတစ်ခုသာ ဖြစ်လေသည်။ တံဆိပ်ပြားကိုမြင်လိုက်သည်နှင့် ထိုတံဆိပ်ပြားမှာ သာမန်တံဆိပ်ပြားမဟုတ်မှန်း မည်သူမဆို ပြောနိုင်သည်။

စွန်းပင်သည် တံဆိပ်ပြားကို ဖမ်းယူစစ်ဆေးကြည့်ပြီးသည့်နောက် ပြုံးကာ ပြန်ပြောလိုက်လေ၏။ “ကျုပ်ကြားတာတော့ နေမင်းပြာကျောင်းတော်က သူတို့တပည့်တွေကို ပေးတဲ့ တံဆိပ်ပြားတွေကို အဆင့်ခွဲထားတယ်တဲ့… သံ၊ ကြေး၊ ငွေနဲ့ ရွှေဆိုပြီးတော့… ရွှေတံဆိပ်ပြားကို ပိုင်ဆိုင်တာတော့ ပင်မတပည့်တွေပဲ ပိုင်ဆိုင်တယ်ကြားတယ်… ကြည့်ရတာ ဒါက နေမင်းပြာရွှေတံဆိပ်ပြားနဲ့တူတယ်…”

တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင်လျှင် ဤတံဆိပ်ပြားမှာ အစစ်အမှန်ဖြစ်ကြောင်း စွန်းပင်ပြောနိုင်ပေသည်။

ရန်ကိုင်ထုတ်ယူလိုက်သည့် တံဆိပ်ပြားမှာ အတုမဟုတ်။ ကောင်းရွှယ်ထင်းမှ သူမကိုယ်တိုင် ရန်ကိုင်အား ပေးခဲ့သည့် တံဆိပ်ပြားဖြစ်ပေသည်။ ကောင်းရွှယ်ထင်းသည် ရန်ကိုင်အား နေမင်းပြာကျောင်းတော်ထဲသို့ ဝင်ရန် အတင်းအကြပ် တွန်းအားမပေးခဲ့ပါသော်ငြား ရန်ကိုင်သည် နေမင်းပြာကျောင်း‌တော်၏ အမည်ခံတပည့်တစ်ဦး ဖြစ်နေဆဲ။ ထို့ကြောင့်သာလျှင် နေမင်းပြာရွှေတံဆိပ်ပြားကို ရရှိထားခြင်း ဖြစ်ပေသည်။

နေမင်းပြာရွှေတံဆိပ်ပြားကို ပိုင်ဆိုင်ထားသည့်အတွက်ကြောင့်သာ ရန်ကိုင်သည် ရှောင်ပိုင်ယီအယောင်ဆောင်ရန် စဉ်းစားခဲ့ခြင်း ဖြစ်လေသည်။

“မဟုတ်ဘူး…” ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ကျောင်းတော်ရဲ့တံဆိပ်ပြားတွေကို အမျိုးအစား ငါးမျိုးခွဲထားတာ… လေးမျိုးမဟုတ်ဘူး…”

“ငါးမျိုး…” စွန်းပင် မျက်ခုံးပင့်သွားလေ၏။

ရန်ကိုင်က ဆက်ပြောလိုက်သည်။ “အကြီးအကဲတွေက ကျောက်စိမ်းတံဆိပ်ပြားကိုကိုင်တယ်…”

“ငါသိပြီ…” စွန်းပင် ခေါင်းညိတ်လိုက်လေသည်။ သူ့အနေဖြင့် ရန်ကိုင်အား ယုံသင့်လား မယုံသင့်လား ဝေခွဲမရချေ။ သူကိုယ်တိုင်သည် နေမင်းပြာကျောင်းတော်အကြောင်းကို သိသူမှ မဟုတ်လေပဲ။ သို့သော်ငြား လက်ရှိ ရန်ကိုင်ပုံစံကို ကြည့်ရသလောက် လိမ်နေသည့်ပုံမပေါ်။

ထို့အတွက်ကြောင့် အကြီးအကဲစွန်းမှာလည်း စတင်၍ ဝေခွဲရခက်လာတော့သည်။

ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ဦး သူတို့ရမ္မက်ရှာဂိုဏ်းဘက်သို့ ပူးပေါင်းလာသည်မှာ အလွန်ကိုမှ အားတက်စရာ ဖြစ်ပေသည်။ ထိုဧကရာဇ်အဆင့်ပညာရှင်သည် တိုက်ပွဲတွင် ကြီးကြီးမားမား အကူအညီပေးနိုင်ပေသည်။ ပြဿနာဆို၍ ရန်ကိုင်၏နောက်ခံနှင့်ပတ်သက်၍ စွန်းပင် မသေချာခြင်းသာ ရှိလေသည်။

သို့သော်ငြား ထိုကဲ့သို့သော ပညာရှင်တစ်ဦးကို ဤအတိုင်း လွှတ်ပေးဖို့ရာ စွန်းပင် အနည်းငယ် တွေဝေနေမိသည်။ ထို့အပြင် ရန်ကိုင်ကိုသာ ငြင်းဆန်လိုက်ပါက တစ်လောကလုံးသည် သူတို့ရမ္မက်ရှာဂိုဏ်းအား ငကြောက်များဟု လှောင်ပြောင်ကြပေတော့မည်။

တစ်ခဏကြာမျှ တုံ့ဆိုင်းတွေဝေနေပြီးသည့်နောက်တွင် စွန်းပင်သည် တပည့်တစ်ဦးဘက်သို့လှည့်၍ ကောင်းကင်စိတ်အာရုံဖြင့် ဆက်သွယ်ပြောဆိုလိုက်လေသည်။

အကြီးအကဲစွန်းပင်ပြောသည်ကိုကြားသော် ထိုတပည့်သည် မတ်တပ်ရပ်၍ ရန်ကိုင်ဘက်သို့လှည့်ပြီး လက်သီးဆုပ်ကာ ပြောလိုက်လေသည်။ “စီနီယာအစ်ကိုကို ချောင်ရှု နှုတ်ဆက်ပါတယ်…”

ရန်ကိုင်သည် ထိုလူငယ်လေးကို တစ်ချက်သာ ကြည့်လိုက်ပြီး ဆက်၍ အာရုံစိုက်မနေတော့ပေ။ စွန်းပင် ထိုလူငယ်လေးအား ဘာလုပ်ခိုင်းထားလို့ ခိုင်းထားမှန်း ရန်ကိုင်မသိပေ။

ချောင်ရှုက ဆက်၍ ပြောလိုက်သည်။ “ဟိုတလော ကြယ်ပျက်ပင်လယ်ပွင့်သွားတုန်းက ဒီချောင် တောင်ဘက်နယ်မြေက ပညာရှင်အချို့နဲ့ တွေ့ခွင့်ရခဲ့ပါတယ်…”

ထိုစကားကိုကြားသော် ရန်ကိုင် ရင်တဒုန်းဒုန်း ခုန်သွားခဲ့ပြီး ကြိတ်၍ အော်ဆဲလိုက်လေသည်။

သူသာ ရှောင်ပိုင်ယီအယောင်ဆောင်ထားပါက မည်သူမျှ သူ့အား သတိပြုမိလိမ့်မဟုတ်ဟု ထင်ခဲ့သည်။ ထို့အပြင် သူ့၌ နေမင်းပြာရွှေတံဆိပ်ပြားပါ ရှိနေသည့်အတွက်ကြောင့် သူ့အစီအစဉ်မှာ လုံးဝကို အမှားအယွင်းမရှိဘဲ ပြီးပြည့်စုံလိမ့်မည်ဟုလည်း ထင်ခဲ့ပေသည်။

သို့သော်ငြား ချောင်ရှုဟူသော ကောင်လေးသည် ကြယ်ပျက်ပင်လယ်ထဲသို့ သွားခဲ့ပြီး တောင်ဘက်နယ်မြေမှ ပညာရှင်အချို့နှင့် တွေ့ခဲ့ကြောင်း ပြောလာခဲ့လေသည်။

ထိုကောင်သည်သာ ရှောင်ပိုင်ယီကို သိနေပါက ရန်ကိုင် အလိမ်ပေါ်သွားပေတော့မည်။

“အိုး…” သူ့စိတ်ထဲ မသက်မသာ ဖြစ်သွားခဲ့သည့်တိုင် ရန်ကိုင်သည် တစ်ချက်ကလေးမှပင် မျက်နှာပျက်မသွားစေခဲ့ပဲ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ပြန်၍မေးလိုက်လေသည်။ “ဒီရှောင်လည်း ကြယ်ပျက်ပင်လယ်ထဲကို သွားခဲ့သေးတာပဲ… ဒါပေမယ့် ဂျူနီယာညီလေးကို တစ်ခါမှ မမြင်ဖူးပါလား…”

ချောင်ရှုက မဲ့ပြုံးပြုံးလျက် “ဒီရှောင်ရဲ့ ကျင့်ကြံခြင်းက နိမ့်ကျတယ်လေ… ဒီတော့ ဒီရှောင်သွားတဲ့နေရာတွေက စီနီယာအစ်ကိုရှောင်လိုလူမျိုး သွားမယ့်နေရာတွေ မဟုတ်ဘူးပေါ့… ဒါကြောင့်ပဲ စီနီယာအစ်ကိုရှောင် ကျုပ်ကို တစ်ခါမှ မမြင်ဖူးတာ…”

(ဒီတော့ သူ ရှောင်ပိုင်ယီကို မမြင်ဖူးဘူးပေါ့…) ရန်ကိုင် ပို၍ ယုံကြည်ချက်ရှိသွားခဲ့ပြီး ချက်ချင်းပဲ ပြန်၍ပြောလိုက်လေ၏။ “အဲ့ဒါကြောင့်လား… ဒါဆို ဂျူနီယာညီလေး ဘာလို့ ဒီကိုရောက်နေတာလဲ… မင်း ငါ့ကို ဘာပြောချင်လို့လဲ…”

ချောင်ရှုက အလျင်စလို ပြန်ပြောလိုက်လေသည်။ “ဘာမှပြောချင်တာတော့ မဟုတ်ပါဘူး… ဒီအတိုင်း မေးချင်တာလေး အချို့ပါပဲ… ကျုပ်က နေမင်းပြာကျောင်းတော်က လူတွေနဲ့ မတွေ့ဖူးပေမယ့် တောင်ဘက်နယ်မြေက လူအချို့နဲ့တော့ တွေ့လိုက်တယ်လေ… ကျုပ် သေသေချာချာ မှတ်မိနေတဲ့တစ်ယောက်ကတော့ ဝူချန်းပဲ… စီနီယာအစ်ကိုရှောင်က တောင်ဘက်နယ်မြေကလာတယ်ဆိုတော့ ဝူချန်းအကြောင်းကို ကြားဖူးလားမသိဘူး…”

“ဝူချန်း…” ရန်ကိုင် ခေါင်းတညိတ်ညိတ်လုပ်လိုက်သည်။ ဝူချန်းသည် ယင်ယန်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး ခက်ထန်သည့်စရိုက်ကိုပါ ပိုင်ဆိုင်ထားသည့် ကောင်းကင်တိုက်ပွဲဒိုဂျို၏ ပါရမီရှင်တစ်ပါး ဖြစ်ပေသည်။

ရန်ကိုင်သည် ချောင်ရှုကို လျစ်လျူရှုထားလိုက်ပြီး သူ့အား စောင့်ကြည့်နေသော အကြီးအကဲစွန်းပင်ဘက်သို့လှည့်၍ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းဆိုသလို လေထဲ၌ ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့လေသည်။

ရန်ကိုင်က ဆက်၍ ပြောလိုက်သည်။ “အကြီးအကဲစွန်း… ချောင်ရှုကို ကျုပ်ကို အခုလိုမေးခွန်းတွေ လာမေးခိုင်းတာ ကျုပ်နောက်ခံကို အတည်ပြုချင်လို့မလား… ကဲ အခု သူ့ကို ကြည့်ခိုင်းလိုက်ပေတော့ ဒီပုံက ဝူချန်းအစစ် ဟုတ် မဟုတ်ဆိုတာကို…”

စွန်းပင်လည်း ချောင်ရှုဘက်သို့လှည့်၍ ကြည့်လိုက်ရာ ချောင်ရှုမှ သူ့အား ခေါင်းညိတ်ပြနေကြောင်း တွေ့လိုက်ရလေသည်။

စွန်းပင်က ဝါးလုံးကွဲရယ်မောလျက် “ကြည့်ရတာ သခင်လေးရှောင်က နေမင်းပြာကျောင်းတော်ရဲ့ လက်ရွေးစင်တပည့်တစ်ယောက် တကယ် ဟုတ်တယ်နဲ့တူတယ်…”

ရန်ကိုင်သည် တောင်ဘက်နယ်မြေ၏ လက်ရွေးစင်တစ်ဦးအား ဤကဲ့သို့ ပုံဖော်ပေးနိုင်သလို နေမင်းပြာရွှေတံဆိပ်ပြားကိုလည်း ပိုင်ဆိုင်ထားသည့်အတွက်ကြောင့် သူ့နောက်ခံနှင့်ပတ်သက်၍ ဘာဆိုဘာမှ သံသယဝင်စရာ မလိုတော့ပေ။

ရန်ကိုင်က ပြန်ပြောလိုက်လေ၏။ “ကျုပ် အခု ဒီမှာနေလို့ရပြီလား…”

စွန်းပင်က မျက်နှာတည်လျက် ပြန်ပြောလိုက်သည်။ “နောက်ဆုံးမေးခွန်းတစ်ခု…”

ရန်ကိုင် အနည်းငယ် ဒေါသထွက်လာတော့လေသည်။ “ခင်ဗျား ဘာလို့ ဒီလောက် စိတ်ညစ်စရာကောင်းတာလဲ… ဒီသခင်လေးက ခင်ဗျားတို့ရမ္မက်ရှာဂိုဏ်းကိုလည်း လာကူညီပေးရသေးတယ်… အခုတော့ ကျုပ်ကို မေးခွန်းတွေ တသီတတန်းကြီး ထိုင်မေးနေတာ… မေးရတဲ့လူက စိတ်မညစ်ပေမယ့် ဖြေရတဲ့လူက ညစ်လာပြီနော် အကြီးအကဲစွန်း… ရမ္မက်ရှာဂိုဏ်းက အားမနည်းဘူးဆိုပေမယ့် ကျုပ်ရဲ့နေမင်းပြာကျောင်းတော်ကလည်း ခင်ဗျားတို့ရမ္မက်ရှာဂိုဏ်းကို ကြောက်နေတာမဟုတ်ဘူး…”

ရန်ကိုင်သည် နေမင်းပြာကျောင်းတော်၏ အဆင့်အတန်းကိုသုံး၍ သူ့ဒေါသကို ချက်ချင်းလက်ငင်း ဖွင့်ထုတ်တော့လေသည်။ ထို့အတွက်ကြောင့် အနီးအနားတွင် ရှိနေသော ကျင့်ကြံသူများမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကုန်ကြကာ ရန်ကိုင်အား အံ့ဩတကြီးဖြင့် ကြည့်လာကြလေသည်။ ရန်ကိုင်သည် နေမင်းပြာကျောင်းတော်၏ တပည့်တစ်ဦးပင် ဖြစ်လင့်ကစား သူလက်ရှိရောက်နေသည်မှာ အခြားဂိုဏ်းတစ်ဂိုဏ်း၏ ပိုင်နက်ထဲတွင် ဖြစ်လေသည်။ သူတို့သာဆိုလျှင်တော့ ရန်ကိုင်ကဲ့သို့ လုပ်ရဲသည့်သတ္တိ ရှိလိမ့်မည်မဟုတ်ပေ။

စွန်းပင်က ပြုံးလျက် ပြန်ပြောလိုက်သည်။ “သခင်လေးရှောင်… အဲ့လောက်ကြီး ဒေါသမထွက်စမ်းပါနဲ့… တစ်ခုခုပြောမယ်ဆိုရင်တောင် အေးအေးဆေးဆေးလေးပြောပေါ့… ဘာတွေ ဒီလောက် ဒေါသထွက်နေရတာလဲ…”

“လူအိုကြီး… ခင်ဗျား နောက်ဆုံးမေးခွန်းဆိုရင် နောက်ဆုံးမေးခွန်းလုပ်နော်… နောက်ဆုံးမေးခွန်းဆိုပြီးတော့ နောက်ထပ်မေးခွန်းတွေ ထပ်ပြီး လာမေးနေဦးမယ်ဆိုရင်တော့ ဒီသခင်လေး တန်းထွက်သွားတော့မှာ…” ရန်ကိုင်က အံကြိတ်၍ ပြန်ပြောလိုက်သည်။

“ဒီတစ်ခုက နောက်ဆုံးဆိုတာ အာမခံတယ်…” စွန်းပင်က အလေးအနက်အမူအယာဖြင့် ပြန်ပြောလိုက်သည်။

“ကောင်းပြီလေ… မေးတော့…”

စွန်းပင်က စမေးလေ၏။ “သခင်လေးရှောင်က နေမင်းပြာကျောင်းတော်ကလာတာဆိုတော့ သခင်လေးရှောင်မှာ ကျင့်ကြံရေးအရင်းအမြစ်တွေ ရှားပါးနေမှာမဟုတ်ဘူး… ဒီတော့ ရမ္မက်ရှာဂိုဏ်းကိုလာပြီး စုဆောင်းရေးအမိန့်ကို ဘာလို့ လာယူတာလဲ…”

ထိုမေးခွန်းကို ကြားပြီးသည့်နောက် ရန်ကိုင် ယာယီမျှ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့လေသည်။ ထို့နောက် အကျယ်ကြီး အော်ရယ်မောလျက် သူ့ယပ်တောင်ကို ဝှေ့ယမ်းရင်းမှ ပြောလိုက်လေသည်။ “ဟုတ်တာပေါ့… ဒီသခင်လေးမှာ ဘယ်လိုလုပ်ပြီး ကျင့်ကြံရေးအရင်းအမြစ်တွေ ရှားပါးရမှာလဲ… ရှင်းရှင်းပြောရရင် ခင်ဗျားတို့ဂိုဏ်းကပေးတဲ့ အကျိုးအမြတ်တွေဆိုတာ ကျုပ်မျက်လုံးထဲမှာတော့ ဘာမှမဟုတ်ဘူး… ဒါပေမယ့်…” ထိုနေရာသို့အရောက်တွင် ရန်ကိုင်သည် ဆက်မပြောတော့ဘဲ ပြုံးဖြီးဖြီး လုပ်ပြလိုက်လေသည်။ သူ့အကြည့်သည် အလွန်တရာကိုမှ ဆာလောင်နေသည့် လူတစ်ဦးမှ အဆီတရွှဲရွှဲနှင့် အသားတုံးအား မြင်လိုက်ရသည့် ပုံစံမျိုး ဖြစ်နေခဲ့သည်။

“ဒါပေမယ့် ဘာလဲ…” စွန်းပင် ထပ်၍မေးလိုက်သည်။

ရန်ကိုင်သည် ဘေးဘီဝဲယာအား တစ်ချက်လှည့်ပတ်ကြည့်လိုက်ပြီးသည့်နောက် စွန်းပင်အား တိုးတိုး‌လေး ကပ်ပြောလိုက်သည်။ “အခြားအကျိုးအမြတ်တွေကို စိတ်မဝင်စားပေမယ့် ရေခဲနှလုံးသားတောင်ကြားက မိန်းမချောလေးတွေကိုတော့ ဒီသခင်လေး တော်တော် စိတ်ဝင်စားတယ်… စစ်ပွဲပြီးသွားလို့ရှိရင် အကြီးအကဲ အဲ့ကတပည့်အချို့ကို ရွေးပြီးတော့ ကျုပ်ဆီ ပို့ပေးလို့ရမလား… ကျုပ် သူတို့ကို အိမ်ဖော်အဖြစ် ပြန်ခေါ်သွားချင်လို့…”

စွန်းပင်ကပြုံးလျက် ခေါင်းညိတ်ကာ ပြောလိုက်လေ၏။ “ဒါကြောင့်ကိုး… သခင်လေးရှောင်ရဲ့အကြံက ဒါပေါ့…”

ရန်ကိုင်၏ပစ်မှတ်မှာ ရေခဲနှလုံးသားတောင်ကြားမှ တပည့်များမှန်း သေချာသွားသည့်နောက် စွန်းပင် စိတ်ချသွားခဲ့ရလေသည်။ တကယ်တော့ ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးသည် သူတို့ဆီမှ စုဆောင်းရေးအမိန့်အား အကြောင်းအရင်းမရှိဘဲ လာယူသည်မှာ ထူးဆန်းနေသည်မဟုတ်ပေလော။

ယခုမှသာလျှင် သူ့ရှေ့၌ရှိနေသော သခင်လေးရှောင်ဆိုသူသည် မိန်းမချောလေးများကို နှစ်သက်သည့်လူတစ်ဦး ဖြစ်နေကြောင်း စွန်းပင် သတိပြုမိသွားတော့သည်။

“မိန်းမလှလေးတွေကို မကြိုက်တဲ့သူ ဘယ်သူရှိလို့လဲ… လူတိုင်းကြိုက်ကြတာပဲကို…” ရန်ကိုင်က ရယ်သွမ်းသွေးလိုက်လေသည်။

စွန်းပင်သည် သူ့မုတ်ဆိတ်ကို ပွတ်သပ်ရင်းမှ ခေါင်းညိတ်လျက် ပြောလိုက်သည်။ “အဲ့ဒါကတော့ ရတယ်… ကိစ္စမရှိဘူး… ငါတို့သာ ရေခဲနှလုံးသားတောင်ကြားရဲ့ အစီအရင်ကို ချိုးဖြတ်ပြီး သူတို့ဂိုဏ်းကို ဖျက်ဆီးလိုက်နိုင်မယ်ဆိုရင် သခင်လေးရှောင်ရဲ့ ကျင့်ကြံခြင်းအရ အဲ့က တပည့်တစ်ယောက်နှစ်ယောက်လောက်ကိုတော့ ကျိန်းသေရမှာ သေချာတယ်… ဂိုဏ်းချုပ်လည်း ငြင်းမယ်လို့တော့ မထင်ပါဘူး… ဒီတော့ ဂိုဏ်းချုပ်ကိုယ်စား ဒီလူအိုကြီးကပဲ သခင်လေးရှောင်ရဲ့ တောင်းဆိုချက်ကို သဘောတူပေးလိုက်ပါမယ်…”

“ဆယ်ယောက်လောက်ရမလား…” ရန်ကိုင်က မျက်ခုံးပင့်လျက် မေးလိုက်သည်။

စွန်းပင်က ရယ်သွမ်းသွေးလျက် “သခင်လေးရှောင် နည်းနည်း လောဘကြီးလွန်းမနေဘူးလား… ရေခဲနှလုံးသားတောင်ကြားမှာ စုစုပေါင်းမှ တပည့် ခုနှစ်ထောင်လောက်ပဲ ရှိတာ… အခု ရမ္မက်ရှာဂိုဏ်းမှာ အဖွဲ့သားတွေက တစ်သိန်းလောက် ရှိနေတာနော်… အားကောင်းတဲ့လူတွေကို ဒီတိုင်း ညီတူညီမျှ လိုက်ဝေပေးမယ် ဆိုလို့ရှိရင်တောင် သခင်လေးရှောင်အနေနဲ့ ဆယ်ယောက်ရဖို့ကတော့ မဖြစ်နိုင်ဘူး…”

“ဒါဆိုရင် ရှစ်ယောက်ရော…” ရန်ကိုင်က ထပ်၍ ဈေးဆစ်လိုက်သည်။

“နှစ်ယောက်အများဆုံးပဲ…” စွန်းပင်က ခပ်ပြတ်ပြတ်က ပြန်ပြောလိုက်သည်။

ရန်ကိုင် စွေ့စွေ့ခုန်သွားလေ၏။ “ခင်ဗျားတို့ဂိုဏ်းက အရမ်းကပ်စေးနည်းတာပဲ…”

စွန်းပင်က ခေါင်းခါလျက် “ငါတို့ဂိုဏ်း ကပ်စေးနည်းတာမဟုတ်ဘူး… မြေခွေးတွေက အများကြီးပဲ… အသားက နည်းနည်းလေးပဲရှိတာ…”

ရန်ကိုင်က သက်ပြင်းချလျက် “အကြီးအကဲစွန်း… ဒီသခင်လေး ခင်ဗျားကို အမှန်အတိုင်းပဲ ပြောတော့မယ်ဗျာ… တကယ်တော့ ကျုပ်ဘဝကြီးက တော်တော်ကို ဆိုးဆိုးရွားရွားဗျ… ကျုပ်မှာ ဂိုဏ်းကနေ စီစဉ်ပေးထားတဲ့ လက်ထပ်ပွဲတစ်ခု ရှိပြီးသားပဲ… ဒါပေမယ့် ကျုပ်ရဲ့ သတို့သမီးလောင်းက အရမ်းကို မောက်မာပြီးတော့ ရိုင်းစိုင်းလွန်းတယ်… ရုပ်ကလည်း ဆိုးလိုက်တာမှမပြောနဲ့… ဒါကြောင့်ပဲ တောင်ဘက်နယ်မြေကနေထွက်လာပြီး မြောက်ဘက်နယ်မြေကိုလာခဲ့တာ… အိမ်မှာမရခဲ့တဲ့ အခိုက်အတန့်လေးတွေကို ရမလား ဆိုပြီးတော့ပေါ့… ရုပ်ချောချော အိမ်ဖော်မလေးတွေကိုလည်း ရှာချင်နေတာ… ဒါကြောင့် အကြီးအကဲစွန်း ကျုပ်ရဲ့ သနားစရာဘဝကြီးကို ထောက်ထားပြီးတော့ နည်းနည်းလောက် ပိုပေးလို့ မရဘူးလား…”

ခန်းမထဲ၌ တခစ်ခစ်ရယ်သံများ တိုးတိုးတိတ်တိတ် ထွက်ပေါ်လာခဲ့သည်။ လူတော်တော်များမှာ ရန်ကိုင်၏ ကံမကောင်း အကြောင်းမလှသည့် ဘဝအပေါ် ကြိတ်၍ ဝမ်းသာအားရ ဖြစ်နေကြလေသည်။ အကြီးအကဲစွန်းပင်သည်ပင်လျှင် ရယ်ချင်စိတ်ကို မအောင့်အီးနိုင်တော့ချေ။

သို့သော်ငြား ရန်ကိုင်၏ပြဿနာများကို စိတ်မဝင်စားသည့်အတွက်ကြောင့် ရန်ကိုင်တောင်းဆိုသည်ကို လုံးဝ သဘောမတူခဲ့ပေ။

“ချောင်ရှု… သခင်လေးရှောင်ကို အကြီးအကဲဖုန်းချီဆီ ခေါ်သွားပြီးတော့ တာဝန်အချို့ ယူခိုင်းလိုက်…” စွန်းပင်သည် ချောင်ရှုအား အမိန့်ပေးလိုက်လေသည်။

“ဟုတ်ကဲ့…” အမိန့်ကို ရပြီးသည့်နောက်တွင် ချောင်ရှုသည် သခင်လေးရှောင်အား သူနှင့်အတူ သွားရန် အချက်ပြလိုက်သည်။ “ဒီလမ်းအတိုင်း လိုက်လာခဲ့ပေးပါနော် သခင်လေးရှောင်…”

ရန်ကိုင်ကမူ ထပ်၍ အထွန့်တက်လိုက်ပြန်လေသည်။ “အကြီးအကဲစွန်း… နည်းနည်းလောက် ထပ်ဆွေးနွေးလို့မရဘူးလား…”

သို့သော်ငြား အကြီးအကဲစွန်းကမူ ရန်ကိုင်အား ဂရုစိုက်မနေတော့ဘဲ ခန်းမထဲမှ ပြန်လည်ပျောက်ကွယ်သွားခဲ့လေသည်။

ထိုအချင်းအရာကိုမြင်သော် ရန်ကိုင်သည် သက်ပြင်းတစ်ချက်ချလျက် မသက်မသာမျက်နှာဖြင့် ချောင်ရှုနောက်မှ လိုက်လာခဲ့လေ၏။ ရန်ကိုင် ဖြတ်သွားသည့် လမ်းကြောင်းတစ်လျှောက်တွင် ရှိနေသော လူများသည် သူ့အား ခပ်ဝေးဝေးမှ ရှောင်သွားကြလေသည်။

စုဆောင်းရေးခန်းမမှ ထွက်လာပြီးသည့်နောက် ရန်ကိုင်၏မျက်နှာမှာ သုန်မှုန်နေခဲ့သည်။

ချောင်ရှုသည် ရန်ကိုင်အား ဒေါသမထွက်သွားစေရန်အတွက် လမ်းတစ်လျှောက်လုံး တိတ်ဆိတ်နေခဲ့ပြီး ရန်ကိုင်ရှေ့မှသာ စကားတစ်ခွန်းမှမပြောဘဲ ဦးဆောင်သွားနေခဲ့လေသည်။ မကြာမီ ရန်ကိုင်တို့နှစ်ဦး မြို့ထဲမှ ထွက်လာခဲ့လေ၏။

“ငါတို့ဘယ်ကိုသွားနေတာလဲ…” တစ်ခဏကြာပြီးသည့်နောက်တွင် ရန်ကိုင်က တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။

ချောင်ရှုက ပြန်၍ပြောလိုက်သည်။ “အကြီးအကဲဖုန်းချီကို ရှာဖို့သွားနေတာ… သခင်လေးရှောင်လုပ်ရမယ့် တာဝန်ကို သူကပဲပေးမှာ…”

“အကြီးအကဲဖုန်းချီ…” ရန်ကိုင်မျက်ခုံးပင့်သွားခဲ့သည်။ “မင်းတို့ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကလည်း ဒီလိုမျိုးရိုးနာမည်နဲ့ပဲလို့ ငါကြားတယ်… အကြီးအကဲဖုန်းချီက…”

ချောင်ရှုက ဝမ်းသာအားရဖြင့် “အကြီးအကဲဖုန်းချီက ဂိုဏ်းချုပ်ရဲ့ ဝမ်းကွဲပဲ… ဒါကြောင့် သူ့ကျင့်ကြံခြင်းက ဧကရာဇ်ပထမအဆင့်ပဲ ရှိသေးပေမယ့် သူ့အဆင့်အတန်းက ဂိုဏ်းချုပ်နဲ့ ဒုဂိုဏ်းချုပ်အောက်ပဲ နိမ့်တယ်… အခုလောလောဆယ်တော့ ရေခဲနှလုံးသားတောင်ကြားကို ဝိုင်းထားတဲ့ကိစ္စကို သူတာဝန်ယူထားတယ်…”

“ငါသိပြီ…” ရန်ကိုင်က ခေါင်းညိတ်လိုက်လေသည်။ “ဒါဆိုရင် မင်းရဲ့ ဂိုဏ်းချုပ်နဲ့ ဒုဂိုဏ်းချုပ်ကရော ဘယ်မှာလဲ… ငါ ဒီကို ပထမဦးဆုံးအကြိမ် ရောက်ဖူးတာဆိုတော့ သူတို့ကို သွားမနှုတ်ဆက်ရင် ရိုင်းရာကျမလားလို့…”

ချောင်ရှု၏မျက်လုံးထဲ အထင်အမြင်သေးသည့် အရိပ်အယောင်အချို့ ဖြတ်ပြေးသွားခဲ့လေသည်။ တစ်ချိန်တည်းတွင်လည်း စိတ်ထဲမှနေ၍ တွေးလိုက်လေ၏။ (မင်းလိုလူကများ ဂိုဏ်းချုပ်နဲ့ ဒုဂိုဏ်းချုပ်ကို တွေ့ချင်တယ်…) သို့သော်ငြား ထိုအရာကို သူ့စိတ်ထဲတွင်သာ တွေးနေခြင်းဖြစ်ပြီး အပြင်သို့ ထုတ်မပြောခဲ့ပေ။ “ဂိုဏ်းချုပ်က ရေခဲလမြို့တော်ကို စောင့်ကြပ်နေပါတယ်… ဒုဂိုဏ်းချုပ်လည်း သူ့နားမှာပါပဲ…”

“အင်း… အဲ့လိုဆိုမှတော့လည်း နောက်တစ်ကြိမ်မှပဲ တွေ့ရတော့မှာပေါ့…” ရန်ကိုင်က ရယ်သွမ်းသွေးလျက် ပြန်ပြောလိုက်လေသည်။

မကြာမီ ရန်ကိုင်တို့နှစ်ဦးသည် ရေခဲနှလုံးသားတောင်ကြားမှ မိုင်သုံးရာခန့် ဝေးကွာသော တောင်ကြားတစ်ခုဆီသို့ ရောက်လာခဲ့လေသည်။ ထိုတောင်ကြားထဲတွင် ဆောက်လုပ်ထားသော အဆောက်အဦးများစွာ ရှိနေခဲ့ပြီး ကျင့်ကြံသူပေါင်းများစွာသည် ထိုအဆောက်အဦးများထဲ ဝင်ချီထွက်ချီ ပြုနေကြလေသည်။

ထိုတောင်ကြားအား ဝေ့ကြည့်လိုက်ပြီးသည့်နောက် ရန်ကိုင် ရင်ထိတ်သွားခဲ့လေသည်။

ဤနေရာတွင် စုဝေးနေသည့် ကျင့်ကြံသူအရေအတွက်အရ ရေခဲနှလုံးသားတောင်ကြားအား ကာကွယ်ပေးထားသည့် အစီအရင် ပျက်စီးသွားသည်နှင့် ရေခဲနှလုံးသားတောင်ကြားတစ်ခုလုံး ကံဆိုးမိုးမှောင်ကြရမည်မှာ မလွဲမသေပင်။

ချောင်ရှုသည် ရန်ကိုင်အား ခပ်မြင့်မြင့် အဆောက်အဦးတစ်ခုဆီသို့ ခေါ်သွားလိုက်ပြီးသည့်နောက် တလေးတစားဖြင့် ပြောလိုက်လေ၏။ “အကြီးအကဲဖုန်း… တပည့်ချောင်ရှု အကြီးအကဲကို လာတွေ့ပါတယ်…”

“ဝင်လာခဲ့…” အထဲမှ အသံတစ်သံ ထွက်လာခဲ့သည်။

ချောင်ရှုလည်း ခေါင်းညိတ်ပြလိုက်ပြီး ရန်ကိုင်အား အိမ်ထဲသို့ ခေါ်သွားပေးလိုက်သည်။

အိမ်ထဲသို့ ဝင်လာပြီးသည့်နောက် အခန်းအလယ်၌ စိတ်ဝိဉာဉ်အစီအရင်ပြားကြီးတစ်ခု ရှိနေကြောင်း‌ တွေ့လိုက်ရလေသည်။ ထိုအစီအရင်ပြားကြီးသည် ပုံရိပ်ဖော်စက်နှင့် ဆင်တူကာ လက်ရှိအချိန်တွင် မြေနေရာအနေအထားတစ်ခုကို ပုံရိပ်များဖြင့် ဖန်တီးပြသထားခဲ့လေသည်။

ရန်ကိုင်လည်း ထိုပုံရိပ်အား လှမ်းကြည့်လိုက်ရာ ထိုပုံရိပ်မှာ အခြားမဟုတ်ဘဲ ရေခဲနှလုံးသားတောင်ကြား၏ မြေနေရာအနေအထားဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။

လက်ရှိအချိန်တွင် သက်ကြီးပိုင်းလူတစ်ဦးသည် အခြားသော လူတစ်ဦးအား တိုးတိုးလေး ပြောနေခဲ့လေသည်။ ထို့နောက်တွင် ထိုလူသည် အမိန့်ကို ရပြီးသည့်နောက် အလျင်အမြန် ထွက်သွားလေ၏။ ထိုလူမှာ အလျင်လိုနေသည့်ပုံပင်။

ထိုလူထွက်သွားပြီးသည့်နောက်တွင် သက်ကြီးပိုင်းလူကြီးသည် အစီအရင်ဘုတ်ပြားကို လှမ်းကြည့်လျက် လှောင်ပြုံးပြုံးလိုက်လေ၏။

All Chapters