အခန်း (၂၆၃၈)
Vol. 113 Ch. 2638
အစီအရင်ဘုတ်ပြားကို ခဏကြာမျှ ကြည့်နေပြီးသည့်နောက်တွင် ဖုန်းချီ ခေါင်းမော့လာခဲ့လေသည်။ ရန်ကိုင်ကိုမြင်ပြီးသည့်နောက် ချောင်ရှုဘက်သို့လှည့်၍ မေးလိုက်လေ၏။ “နောက်ထပ် ဧကရာဇ်အဆင့် ပညာရှင်တစ်ယောက်လား…”
ချောင်ရှုကိုယ်တိုင် ဦးဆောင်ခေါ်လာသည့် လူသာ ဖြစ်ပါက ဧကရာဇ်အဆင့်ပညာရှင်သာ ဖြစ်ရပေမည်။
“ဟုတ်ပါတယ်…” ချောင်ရှုက တလေးတစားဖြင့် ပြန်ဖြေလိုက်သည်။
“ကောင်းတယ် ကောင်းတယ်…” ဖုန်းချီက ရယ်သွမ်းသွေးလျက် ခေါင်းညိတ်ရင်း ရန်ကိုင်အား လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်လေသည်။ “ရောင်းရင်းရဲ့နာမည်ကို သိလို့ရမလား…”
ဖုန်းချီသည် ရန်ကိုင်ထက် အသက်အများကြီးပိုကြီးပါသော်ငြား သိုင်းလောကစည်းမျဉ်းများအရ ပိုအားကောင်းသည့်သူသည် စီနီယာဖြစ်ပေသည်။ သူမည်မျှပင် ကြီးနေစေကာမူ အားနည်းမည်ဆိုပါက ဂျူနီယာသာ ဖြစ်ရပေလိမ့်မည်။ ရန်ကိုင်သည် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်သည့်အတွက်ကြောင့် ဖုန်းချီနှင့် အဆင့်တူသည်ဟု ပြော၍ရပေသည်။
“ရှောင်ပိုင်ယီ အကြီးအကဲဖုန်းကို နှုတ်ဆက်ပါတယ်…” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် ပြန်နှုတ်ဆက်လိုက်သည်။
“ဒီတော့ ရောင်းရင်းရှောင်ပေါ့…” အကြီးအကဲဖုန်း မျက်ခုံးပင့်သွားခဲ့လေသည်။ “ရောင်းရင်းရှောင် ဘယ်ကလာလဲ သိလို့ရမလား…”
ရန်ကိုင်က ပြန်ပြောလိုက်သည်။ “တောင်ဘက်နယ်မြေ နေမင်းပြာကျောင်းတော်…”
“တောင်ဘက်နယ်မြေ…” ဖုန်းချီ မျက်မှောင်ကျုံ့သွားခဲ့လေသည်။ ရမ္မက်ရှာဂိုဏ်း၏ စုဆောင်းရေးအမိန့်ကို ရယူရန်အတွက် ရောက်လာကြသည့် ဧကရာဇ်အဆင့် ပညာရှင်ပေါင်းများစွာ ရှိကြပါသော်ငြား ထိုဧကရာဇ်အဆင့် ပညာရှင်များအနက် အခြားသောနယ်မြေမှ လာသည့် လူတစ်ဦးတစ်ယောက်မှ မပါဝင်ခဲ့ပေ။ ရန်ကိုင်သည် ပထမဦးဆုံး ဖြစ်ပေသည်။
ဖုန်းချီသည် ချောင်ရှုအား မေးမြန်းလိုသည့်အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။
ချောင်ရှုက အလျင်စလို ပြန်၍ ဖြေလိုက်လေ၏။ “အကြီးအကဲဖုန်း စိတ်ချထားလိုက်ပါ… သခင်လေးရှောင်နဲ့ပတ်သက်ပြီး ဘာပြဿနာမှမရှိပါဘူး… အကြီးအကဲစွန်းကိုယ်တိုင် အတည်ပြုပြီးသွားပြီ…”
ဖုန်းချီက ခေါင်းညိတ်လျက် “အကြီးအကဲစွန်းက တကယ်ကို အသေးစိတ်ကစပြီး ဂရုစိုက်တတ်တဲ့လူ… သူကိုယ်တိုင်က အတည်ပြုပြီးသွားပြီဆိုမှတော့ ဘာပြဿနာမှ ရှိမှာမဟုတ်တော့မှာ သေချာတယ်… ရောင်းရင်းရှောင်ရောက်လာတာ အချိန်ကိုက်ပဲ… အခုလောလောဆယ် ငါ့ဘက်မှာ လူလိုနေတာပဲ ကွက်တိဖြစ်သွားတယ်…”
“အကြီးအကဲဖုန်း ဘာလုပ်ခိုင်းချင်တာလဲ ပြောလေ… ဒီရှောင်က စုဆောင်းရေးအမိန့်ကို ရထားတယ်ဆိုမှတော့ အကြီးအကဲဖုန်းပြောတဲ့အတိုင်းပဲ လုပ်ရတာပေါ့…” ရန်ကိုင်က ယပ်တောင်ဖြင့် ယပ်ခတ်နေရင်းမှ ပြန်ပြောလိုက်သည်။
“ဒီမှာ တစ်ချက်လာကြည့်ကြည့်…” အကြီးအကဲဖုန်းချီသည် ရန်ကိုင်အား လက်ယပ်ခေါ်လိုက်ပြီး အစီအရင်ဘုတ်ပြားဆီသို့ ညွှန်ပြလိုက်လေသည်။
ရန်ကိုင်သည် ယပ်တောင်ကိုပြန်သိမ်းလျက် လက်နောက်ပစ်ရင်းမှ အကြီးအကဲဖုန်းဆီသို့ လျှောက်သွားကာ အစီအရင်ဘုတ်ပြားအား ကြည့်လိုက်လေသည်။
အစီအရင်ဘုတ်ပြားပေါ်တွင် ရေခဲနှလုံးသားတောင်ကြား၏ မြေနေရာအနေအထားကို အသေအချာ ဖော်ပြထားခဲ့သည်။ မြေနေရာ၏ အပြင်ဘက်ပိုင်းတွင်မူ အရောင်တလက်လက်တောက်နေသော အစက်များ ရှိနေခဲ့လေသည်။
အစီအရင်ဘုတ်ပြားအကြောင်းကို နားမလည်ပါသော်ငြား ရေခဲနှလုံးသားတောင်ကြားအတွက် အခြေအနေမကောင်းမှန်းတော့ ရန်ကိုင်သိပေသည်။
“ဒီကောင်းကင်နှုတ်ယူခြင်းအစီအရင်ဘုတ်ပြားကို အစီအရင်ပညာရှင်နန်မန်ကိုယ်တိုင် ဖန်တီးခဲ့တာ… ရှင်းရှင်းပြောရရင် ဒါက ဒီနေရာကို စောင့်ပြီးတော့ အစီအစဉ်တွေ ချလို့လွယ်အောင် လုပ်ထားတဲ့ အရာတစ်ခုပဲ… ရှင်းရှင်းပြောရရင် ဒါရှိသွားတဲ့နောက်ပိုင်း ငါ့အတွက် တော်တော်လေး အဆင်ပြေသွားတယ်…”
ဖုန်းချီ၏ စကားလုံးများထဲ အစီအရင်ပညာရှင်နန်မန်အား ချီးကျူးနေသည့် အရိပ်အယောင်တို့ ပါဝင်နေခဲ့လေသည်။
“အစီအရင်ပညာရှင်နန်မန်က အစီအရင်ပိုင်းမှာ တကယ်ကို တော်တာပဲ…” ရန်ကိုင်ကလည်း မှတ်ချက်ပေးလိုက်သည်။
ဖုန်းချီသည် ယဲ့ယဲ့လေးပြုံးလျက် တစ်ခုသောနေရာဆီသို့ ညွှန်ပြရင်းမှ ပြောလိုက်သည်။ “သခင်လေးရှောင် ဒီနေရာကိုတွေ့လား… အဲ့နေရာမှာ အစီအရင်ပညာရှင်နန်မန်စိုက်ထားတဲ့ အစီအရင်အလံတိုင်တစ်ခု ရှိနေတယ်… သခင်လေးရှောင်ရဲ့တာဝန်က အဲ့နေရာကို ကာကွယ်ပေးဖို့ပဲ… ပြီးတော့ အဲ့နေရာကနေ ရေခဲနှလုံးသားတောင်ကြားက တပည့်တွေ ထွက်လာမှာကိုလည်း ကာကွယ်ပေးဖို့လည်း ပါတာပေါ့…”
“ကိစ္စမရှိဘူး… ဒီတော့ ကျုပ်တာဝန်က အစီအရင်အလံတိုင်ကို ကာကွယ်ပေးဖို့ပဲလား…” ရန်ကိုင်က ခေါင်းမော့၍ ပြန်မေးလိုက်သည်။
ဖုန်းချီက ပြန်၍ပြောလိုက်လေ၏။ “ဒီကိစ္စက အရမ်းအရေးကြီးတယ်… အစီအရင်အလံတိုင်သာ နှောင့်ယှက်ခံလိုက်ရတာနဲ့ ဒီအစီအရင်ဘုတ်ပြားပေါ်က ပုံရိပ်တွေကလည်း နှောင့်ယှက်ခံလိုက်ရမှာ… အဲ့လိုသာဆိုလို့ရှိရင် ရေခဲနှလုံးသားတောင်ကြား အသက်ရှူချိန် ရသွားလိမ့်မယ်… ဒါကြောင့် အစီအရင်အလံတိုင်တစ်ခုစီတိုင်းကို ဧကရာဇ်အဆင့်ပညာရှင်တွေကိုပဲ စောင့်ကြပ်ခိုင်းထားတာ… ဒါပေမယ့် ရှင်းရှင်းပြောရရင်တော့ အစီအရင်အလံတိုင်တွေနဲ့ ပတ်သက်ပြီး ဘာပြဿနာမှ ရှိလေ့တော့မရှိဘူး… တကယ်တော့ ရေခဲနှလုံးသားတောင်ကြားက ဝိုင်းခံထားရတည်းက အခုချိန်ထိ တစ်ခါမှ လှုပ်ရှားသေးတာမှမဟုတ်တာ… ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် သခင်လေးရှောင် လုံးဝ သတိလက်လွတ်နေလို့မရဘူးနော်…”
“ကျုပ်နားလည်ပြီ…” ရန်ကိုင်က ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။
ဖုန်းချီက ခေါင်းညိတ်လိုက်လေ၏။ “ပြီးတော့ သခင်လေးရှောင်ရဲ့လက်အောက်ကို ဒီလူအိုကြီး လူငါးရာထည့်ပေးထားလိုက်မယ်… အစီအရင်ပညာရှင်နန်မန်က အဆင်သင့်ဖြစ်ပြီဆိုတာနဲ့ သခင်လေးရှောင်ရဲ့တာဝန်က အဲ့လူငါးရာကိုခေါ်ပြီးတော့ အစီအရင်အလံတိုင်ကို အသက်သွင်းဖို့ပဲ… ပြီးတာနဲ့ ကျန်တဲ့အစီအရင်အလံတိုင်တွေနဲ့ ဆက်သွယ်ပြီးတော့ ရေခဲနှလုံးသားတောင်ကြားကို ကာကွယ်ပေးထားတဲ့ အစီအရင်တစ်ခုလုံးကို ဖျက်ဆီးပစ်မယ်… အစီအရင်ပျက်စီးသွားပြီဆိုတာနဲ့ ကျုပ်တို့ ရန်သူပိုင်နက်ထဲ ပြေးဝင်ပြီး ရေခဲနှလုံးသားတောင်ကြားတစ်ခုလုံးကို ရှင်းပစ်လို့ရပြီ…”
ရန်ကိုင်က လက်သီးဆုပ်၍ ပြန်ပြောလိုက်သည်။ “အကြီးအကဲဖုန်း စိတ်ချထားလိုက်ပါ…”
“ရောင်းရင်းရှောင်ကို အားကိုးနေမယ်နော်…” ဖုန်းရှီမှာ ရန်ကိုင်၏ပုံစံနှင့်ပတ်သက်၍ အလွန်ကိုမှ ကျေနပ်အားရနေသည့်အလား ခေါင်းတညိတ်ညိတ် လုပ်လိုက်လေ၏။ “ချောင်ရှု… မင်းက ဒီနေရာနဲ့ ရင်းနှီးတာဆိုတော့ သခင်လေးရှောင်ကိုပဲ မင်း ခေါ်သွားပေးလိုက်ကွာ… လူငါးရားကတော့ မကြာခင် ရောက်လာလိမ့်မယ်နော် သခင်လေးရှောင်…”
“ဟုတ်ကဲ့…” အမိန့်ရပြီးသည့်နောက် ချောင်ရှုသည် ရန်ကိုင်အား အပြင်ဘက်သို့ ချက်ချင်း ခေါ်သွားလေသည်။
အရှိန်ကုန်တင်၍ ပျံသန်းလာပြီးသည့်နောက်တွင် မကြာမီ ဖုန်းချီမှ စီစဉ်ပေးထားသည့် နေရာတစ်ခုဆီသို့ ရောက်လာကြသည်။
လှည့်ပတ်ကြည့်လိုက်ရာ ထိုနေရာတွင်ရှိနေသော အစီအရင်အလံတိုင်ကို လူတစ်ရာဝန်းကျင်လောက်ကသာ စောင့်ကြပ်နေကြောင်း တွေ့လိုက်ရလေသည်။ အစီအရင်အလံတိုင်သည် ဟင်းလင်းပြင်ထဲတွင် ပုန်းကွယ်တည်ရှိနေခြင်း ဖြစ်လေသည်။ ရန်ကိုင်မှ သူ့ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်ရာ အစီအရင်အလံတိုင်၏ အရိပ်အယောင်ကို မသိမသာလေး အာရုံခံမိသွားခဲ့သည်။
ချောင်ရှုနှင့် ရန်ကိုင်တို့ ရောက်လာသည်ကိုမြင်သော် အောက်ဘက်တွင် ရှိနေသည့် လူတစ်ရာဝန်းကျင်မှာ အထိတ်တလန့်ဖြင့် မော့ကြည့်လာကြလေသည်။
ချောင်ရှုသည် လူအုပ်ကြီးအား ဝေ့ကြည့်လိုက်ပြီးသည့်နောက် အော်ပြောလိုက်လေ၏။ “ဒီနေရာမှာ ဘယ်သူ တာဝန်ကျထားတာလဲ…”
သက်လတ်ပိုင်းလူကြီးတစ်ဦး ထွက်လာပြီး လက်သီးဆုပ်၍ ပြောလိုက်သည်။ “စီနီယာအစ်ကိုချောင် ကျုပ်ပါ…”
ချောင်ရှုသည် ထိုသူကိုကြည့်၍ ခေါင်းညိတ်လိုက်လေ၏။ “ဂျူနီယာညီလေး ဟွော့ဟန်ပေါ့…”
“စီနီယာအစ်ကိုချောင် ဒါက…” ဟွော့ဟန်သည် ရန်ကိုင်ဘက်သို့ကြည့်၍ ချောင်ရှုအား မေးလိုက်လေသည်။
ချောင်ရှုက အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်လေ၏။ “ဒါက တောင်ဘက်နယ်မြေ နေမင်းပြာကျောင်းတော်က ပင်မတပည့် ရှောင်ပိုင်ယီပဲ… သခင်လေးရှောင်က ငါတို့ ရမ္မက်ရှာဂိုဏ်းရဲ့ စုဆောင်းရေးအမိန့်ကို ရပြီးတော့ အကြီးအကဲဖုန်းကနေ သူ့ကို ဒီနေရာကို စောင့်ကြပ်ဖို့ တာဝန်ပေးလိုက်တာ… မင်းတို့အားလုံး သူ့အမိန့်ကို နာခံဖို့ ငါမျှော်လင့်တယ်…”
ရန်ကိုင်သည် တောင်ဘက်နယ်မြေ နေမင်းပြာကျောင်းတော်မှလာကြောင်း ကြားသိလိုက်ရပြီးသည့်နောက် အကုန်လုံး၏ မျက်နှာထက် စပ်စုလိုစိတ်တို့ ဖြတ်ပြေးသွားခဲ့လေသည်။ သို့သော်ငြား မည်သူမျှ မည်သည့်အပိုမေးခွန်းမှ ပြန်မေးမနေခဲ့ကြပဲ လက်သီးဆုပ်၍သာ အမိန့်ကို နာခံလိုက်ကြသည်။
“ပြီးတော့ အကြီးအကဲဖုန်းက နောက်ထပ် လူလေးရာ ထပ်ပို့ပေးလိမ့်မယ်… လူလေးရာလုံးကလည်း သခင်လေးရှောင်ရဲ့ အမိန့်ကို နာခံရမှာ… ရေခဲနှလုံးသားတောင်ကြား ပျက်စီးသွားပြီဆိုတာနဲ့ မင်းတို့အားလုံး ထိုက်သင့်တဲ့အလျောက် ဆုချခံရမယ်…”
ဆုဆိုသည့် အကြောင်း ကြားသည့်အခါ လူအုပ်ကြီးတစ်ခုလုံး စိတ်လှုပ်ရှားလာခဲ့ကြလေသည်။ ရမ္မက်ရှာဂိုဏ်း၏ တပည့်များဖြစ်ကြသော ဟွော့ဟန်နှင့် အခြားသူအချို့မှာတော့ ခြွင်းချက်ပင်။ သူတို့အကုန်လုံးမှာတော့ ရေခဲနှလုံးသားတောင်ကြား ပျက်စီးသွားပြီးသည့်နောက် ရလာသည့် အကျိုးအမြတ်အများစုမှာ ရမ္မက်ရှာဂိုဏ်းအပိုင်သာ ဖြစ်လိမ့်မည်ဟု ကြိုသိထားကြသည့်ပုံပင်။
“သခင်လေးရှောင်… ကျုပ် အရင်သွားနှင့်တော့မယ်နော်… ဒီနေရာကို သခင်လေးရှောင်လက်ထဲ ထည့်ထားလိုက်ပြီနော်…” ချောင်ရှုက ရန်ကိုင်အား လက်သီးဆုပ်ပြ၍ ပြောလိုက်သည်။
“အင်း…” ရန်ကိုင်သည် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး၏ ဟန်ပန်အတိုင်း မျက်နှာတည်ဖြင့်သာ ပြန်ပြောလိုက်လေသည်။ ချောင်ရှုသည် မည်သည့်အပိုစကားမှ ထပ်ပြောမနေတော့ဘဲ ချက်ချင်း ပြန်ထွက်သွားလေ၏။
ချောင်ရှုထွက်သွားပြီးသည့်နောက်တွင် ရန်ကိုင်သည် အောက်ဘက်၌ရှိနေသော လူတစ်ရာကိုဝေ့ကြည့်လျက် အေးစက်စက်လေသံဖြင့် ပြောလိုက်လေ၏။ “မင်းတို့ ဒီသခင်လေးရဲ့ နောက်ခံကို သိပြီးသွားပြီမလား… ဒီသခင်လေး ဘာတာဝန်ကျထားလဲဆိုတာကိုလည်း မင်းတို့အကုန်လုံး ကြားပြီးသွားပြီလောက်ပြီ… ဒီတော့ အကုန်လုံး ငါနဲ့ သေသေချာချာ ပူးပေါင်းပေးဖို့ မျှော်လင့်တယ်… တစ်ခုခုသာ ဖြစ်သွားခဲ့ရင် ဘယ်သူမှ အကျိုးဆက်ကို ခံနိုင်မှာမဟုတ်ဘူး…”
ဟွော့ဟန်က လက်သီးဆုပ်၍ ပြန်ပြောလိုက်သည်။ “သခင်လေးရှောင်ပြောတာအမှန်ပါပဲ… အကြီးအကဲဖုန်းက ပေးထားတဲ့အမိန့် ဖြစ်နေသရွေ့ ကျုပ်တို့ နာခံမှာပါ…”
ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။ “ကဲ ငါအခုကနေစပြီး ငါအမိန့်ပေးတော့မယ်…”
ထိုစကားထွက်လာသည်နှင့် လူတိုင်း၏အမူအယာ တည်ကြည်သွားကြလေသည်။ “အခု ဒီသခင်လေး နေစရာ အိမ်ဆောက်ဖို့အတွက် သစ်တွေသွားရှာကြ…” ရန်ကိုင်သည် အောက်ဘက်ရှိ မြေကွက်လပ်ကြီးကို ညွှန်ပြရင်း အမိန့်ပေးလိုက်လေသည်။
လူတိုင်း ကြောင်သွားကြလေသည်။ ရန်ကိုင်၏ လေးနက်တည်ကြည်သည့် မျက်နှာထား၊ အသံနေအသံထားအရ ရန်ကိုင်သည် သူတို့အား အရေးကြီးသည့် အမိန့်တစ်ခုခု ပေးတော့မည်ဟု ထင်ထားခဲ့ပါသော်ငြား ရန်ကိုင်သည် သူတို့အား အိမ်တစ်လုံး ဆောက်ရန်အတွက် သစ်များ သွားခုတ်ခိုင်းလိမ့်မည်ဟု မထင်ထားခဲ့ကြချေ။ ရမ္မက်ရှာဂိုဏ်း၏ တပည့်များနှင့် ဟွော့ဟန်တို့မှာ ရန်ကိုင်၏အမိန့်ကို ကြားပြီးသည့်နောက် အထူးတလည် စိတ်ပျက်သွားကုန်ကြရလေသည်။
သူတို့သည် ရမ္မက်ရှာဂိုဏ်း၏ တပည့်များ ဖြစ်ကြသည်။ ဘာကြောင့်များ အပြင်လူတစ်ဦးမှ ပေးသည့် မဟုတ်တရုတ် အမိန့်များကို နာခံနေရမည်နည်း။ ထို့အပြင် ရန်ကိုင်သည် ပြင်ပဧည့်ဧကရာဇ်အဆင့်ပညာရှင်တစ်ဦးသာ ဖြစ်လေသည်။
“ဘာလဲ… ငါပြောတာကို မကြားတာလား… ဒါမှမဟုတ် မင်းတို့ နားပင်းနေတာလား…” ရန်ကိုင်သည် အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် သူ၏ ဧကရာဇ်အဆင့် ဖိအားကို ထုတ်လွှတ်ကာ အောက်ဘက်တွင်ရှိနေသော လူတစ်ရာကို ဖိချလိုက်လေသည်။
“သခင်လေးရှောင်ပေးတဲ့အမိန့်ကို ကျုပ်တို့ နာခံပါ့မယ်…” လူတစ်ဦးက ချက်ချင်း လက်သီးဆုပ်၍ ပြောလိုက်သည်။
ထိုသို့ပြောပြီးသည့်နောက် တောအုပ်ကြီးဆီသို့ ပြေးထွက်သွားလေ၏။ ထိုလူသည် ရမ္မက်ရှာဂိုဏ်း၏ တပည့်တစ်ဦး မဟုတ်ချေ။ စုဆောင်းရေးအမိန့်အရ ရောက်လာသည့် ကြုံရာကျပန်း လူတစ်ဦးသာ ဖြစ်ပေသည်။ ထို့ကြောင့် သူ့တွင် ရန်ကိုင်အား စိန်ခေါ်ရဲသည့် သတ္တိ ရှိမနေခဲ့ပေ။
ဤနေရာတွင် ရှိနေသည့် လူအများစုမှာ ထိုလူကဲ့သို့ပင်။ ထို့အတွက်ကြောင့် တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြလေရာ မကြာမီ၌ လူတစ်ရာတွင် လူကိုးဆယ်ကျော်လောက် ထွက်သွားကုန်ကြလေသည်။ ဟွော့ဟန်အပါအဝင် ရမ္မက်ရှာဂိုဏ်း၏ တပည့်များ ဖြစ်ဟန်တူသည့် လူခြောက်ယောက်သည်သာ ကျန်နေခဲ့လေသည်။
ထိုလူခြောက်ဦးစလုံးမှာ ရမ္မက်ရှာဂိုဏ်း၏ တပည့်များသာ ဖြစ်ကြသည်။ ရမ္မက်ရှာဂိုဏ်းတပည့်များ ဖြစ်သည့်အလျောက် ထိုလူများမှာ ရန်ကိုင်၏ အမိန့်ကို မနာခံလိုကြပေ။
ရန်ကိုင်သည် အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် ဧကရာဇ်ချီကို ထုတ်လွှတ်ရင်း သတိပေးလိုက်လေသည်။ “ငါ့အမိန့်ကို မနာခံတဲ့လူတွေအပေါ် ငါက ညှာတာနေမှာမဟုတ်ဘူးနော်… မင်းတို့ ဘယ်လောက် တောင့်ခံထားနိုင်မလဲ ကြည့်ရသေးတာပေါ့…”
နာကျင်မှုကြောင့် ဟွော့ဟန်မျက်နှာ ရှုံ့မဲ့သွားခဲ့လေသည်။ “ကိုယ်ရေးကိုယ်တာအတွက် အာဏာကို လက်လွတ်စပယ် အသုံးချနေတာ… ဒီကိစ္စကို အကြီးအကဲဖုန်းဆီ ပြန်တင်ပြရမယ်…”
“တင်ပြဖို့…” ရန်ကိုင်က လှောင်ပြုံးပြုံးလိုက်သည်။ “အကြီးအကဲဖုန်းက ဒီနေရာကို စောင့်ကြပ်ဖို့အတွက် ဒီသခင်လေးကို တာဝန်ပေးထားပြီးသား… ဒီတော့ လူတိုင်း ငါ့အမိန့်ကို နာခံရမယ်… ဒီသခင်လေးက အခုမှပဲ ဒီကိုရောက်တာဆိုပေမယ့် မင်းတို့က ငါ့အမိန့်ကို လွန်ဆန်ရဲတယ်ပေါ့ ဟုတ်လား… ဒီတော့ အကုန်လုံးကို စံနမူနာအဖြစ် ပြဖို့အတွက် မင်းတို့အကုန်လုံးကို သတ်ပစ်လိုက်မယ်ဆိုရင်တောင် အကြီးအကဲဖုန်းက ငါ့ကို အပြစ်တင်မှာမဟုတ်ဘူး…”
“မင်းလုပ်ရဲလား…” ဟွော့ဟန် ဒေါသူပုန်ထသွားခဲ့သည်။
“ဘာလို့မလုပ်ရဲရမှာလဲ…” ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ဧကရာဇ်ဖိအားကို ထပ်မံ၍ တိုးမြှင့်လိုက်သည်။
“ဖူး… ဖူး… ဖူး…”
ရမ္မက်ရှာဂိုဏ်းမှတပည့်များ တစ်ယောက်ပြီးတစ်ယောက် သွေးအန်ကုန်ကြလေသည်။ မည်သူမှ ရန်ကိုင်ထုတ်လွှတ်နေသည့် ဖိအားကို မခံနိုင်ကြတော့ချေ။ အရိုးကျိုးသံများနှင့် ဆင်တူသည့် အက်ကွဲသံများမှာလည်း အစီအရီ ထွက်ပေါ်လာတော့လေသည်။
ဟွော့ဟန်နှင့်အခြားသူများ အံ့အားသင့်သွားကုန်ကြသည်။ သူတို့သည် ရမ္မက်ရှာဂိုဏ်းမှ တပည့်များ ဖြစ်သည်ဟူသော အချက်ကို ထောက်ထားလျက် ရန်ကိုင်သည် သူတို့အပေါ် သက်ညှာလိမ့်မည်ဟု ထင်ထားခဲ့ပါသော်ငြား ထိုကောင်သည် မည်သူ့ကိုမှ ညှာတာနေခြင်းမရှိဘဲ စိတ်ကြိုက်ပြုမူလိမ့်မည်ဟု မထင်ထားခဲ့ကြချေ။
လက်ရှိအချိန်တွင် အကူအညီလိုနေသည့်အတွက်ကြောင့် ရမ္မက်ရှာဂိုဏ်းသည် ဖိတ်ခေါ်ထားသည့် ဧကရာဇ်အဆင့် ပညာရှင်များအား လွတ်လပ်ခွင့် အတော်များများ ပေးထားခဲ့လေသည်။
ထို့အတွက်ကြောင့် အကြီးအကဲဖုန်းသာ ဤအကြောင်းကိုကြားပါက သူတို့အား လာကူညီလိမ့်မည်မဟုတ်မှန်း ဟွော့ဟန်နှင့် အခြားသူများ သိနေကြသည်။ ရန်ကိုင်အား စိတ်ကျေနပ်အောင် လုပ်ရန်အတွက် သူတို့ကိုပင်လျှင် အပြစ်ပေးကောင်း ပေးနိုင်လေ၏။
ရန်ကိုင်ကိုမကျေနပ်၍ လက်တုံ့ပြန်မည်ဆိုလျှင်ပင် စစ်ပွဲပြီးသွားသည့်နောက်မှသာ လက်တုံ့ပြန်ကောင်း ပြန်နိုင်ပေသည်။
“သခင်လေးရှောင် ရပ်လိုက်ပါတော့…” ဟွော့ဟန်၏ခန္ဓာကိုယ် တုန်ရီနေခဲ့လေပြီ။ ရန်ကိုင်မှထုတ်လွှတ်နေသည့် ဖိအားကို တောင့်မခံထားနိုင်တော့သည့် အတွက်ကြောင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး ကိုင်းကျသွားခဲ့ကာ မြေပြင်ပေါ်သို့ ဒူးထောက်လုမတတ်ပင် ဖြစ်နေခဲ့ရသည်။ ရန်ကိုင်မှ သူ၏ဖိအားကို တစ်ချက်ကလေးမျှပင် ရုတ်သိမ်းခြင်းမရှိဘဲ တစ်စတစ်စ တိုးမြှင့်နေသည်ကိုမြင်သော် ဟွော့ဟန် စတင်၍ ထိတ်လန့်လာရတော့သည်။
သူသာ တကယ်ကြီး ဒူးထောက်လိုက်မည်ဆိုပါက သိက္ခာအားလုံး ကုန်းကောက်စရာမရှိအောင် ပျက်စီးသွားရပေလိမ့်မည်။
“ဒါဆို မင်းတို့ ငါ့အမိန့်ကို နာခံမှာလား…” ရန်ကိုင်က အေးစက်စက်လေသံဖြင့် ပြန်မေးလိုက်လေသည်။
“နာခံပါ့မယ်… နာခံပါ့မယ်…” ဟွော့ဟန်နှင့် အခြားသူများ တုံ့ဆိုင်းခြင်းမရှိ ချက်ချင်း ပြန်ဖြေလိုက်ကြလေသည်။
“အရူးကောင်တွေ… သင်ခန်းစာမရသေးသရွေ့ မင်းတို့ကောင်တွေက အမှတ်ကိုမရှိကြတာ…” ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် သူ၏ ဧကရာဇ်ဖိအားကို ပြန်လည်ရုတ်သိမ်းလိုက်လေသည်။
ဟွော့ဟန်နှင့် အခြားသူများမှာ စွမ်းအင်အားလုံးကို ဆုံးရှုံးလိုက်ရသည့်အလား ချွေးသံတရွှဲရွှဲဖြင့် မြေပြင်ပေါ်သို့ ဖင်ထိုင်လျက် လဲကျသွားကုန်ကြလေသည်။
“မင်းတို့ ဘာထိုင်လုပ်နေကြတာလဲ… မြန်မြန် သစ်သွားခုတ်တော့လေ… နောက်နှစ်နာရီအတွင်းမှာ အိမ်တစ်လုံးကိုမရရင် မင်းတို့အကုန်လုံး သေမှာနော်…” ရန်ကိုင်က အော်ပြောလိုက်လေသည်။
ထိုစကားကိုကြားသည့်အခါ ဟွော့ဟန်နှင့် အခြားသူများမှာ တစ်ချက်ကလေးမှပင် တုံ့နှေးမနေရဲတော့ပဲ အလျင်အမြန် ကုန်းထ၍ တောအုပ်ထဲသို့ ပြေးဝင်သွားကြလေသည်။
လူတစ်ရာ၏ လုပ်အားမှာ ဟာသမဟုတ်ချေ။ တစ်နာရီအတွင်း မြေကွက်လပ်ပေါ်၌ သားနားသည့်အိမ်တစ်လုံး ဖြစ်ပေါ်လာခဲ့လေသည်။
ရလဒ်နှင့်ပတ်သက်၍ ရန်ကိုင်မှာ အတော်လေးကိုမှ ကျေနပ်ပီတိဖြစ်နေကာ လူအုပ်ကြီးကိုပင် ချီးကျူးလိုက်ပေသေးသည်။ ထို့နောက် မြောက်ကြွမြောက်ကြွဖြင့် အိမ်ထဲသို့ ဝင်သွားလိုက်ပြီး အိမ်တံခါးကိုပိတ်ကာ စတင်ကျင့်ကြံတော့လေသည်။
သို့သော်ငြား ယနေ့အဖြစ်အပျက်ကြောင့် ဤနေရာတွင် စုဝေးနေကြသည့် လူအများစုမှာ ရန်ကိုင်အပေါ် သိပ်၍ အမြင်မကြည်ကြတော့ချေ။ အထူးသဖြင့် ဟွော့ဟန်နှင့် ရမ္မက်ရှာဂိုဏ်းမှ တပည့်များပင်။ အကုန်လုံးသည် ရန်ကိုင်နေနေသည့် အိမ်အား မုန်းမုန်းတီးတီး စိုက်ကြည့်နေကြပြီး ယခုကိစ္စသာ ပြီးသွားခဲ့လျှင် ဂိုဏ်းရှိ အကြီးအကဲများကို ပြန်လည်အစီရင်ခံကာ ရန်ကိုင်အား လက်တုံ့ပြန်ခိုင်းရမည်ဟု စိတ်ထဲ ကြိတ်၍ တေးထားနေကြသည်။