အခန်း (၂၆၃၆)
Vol. 113 Ch. 2636
စိတ်အားထက်သန်နေသော သာမန်လူငယ်လေးတစ်ဦးသည် စုဆောင်းရေးခန်းမရှေ့သို့ ရောက်လာခဲ့လေသည်။ ထိုလူငယ်လေး၏ရုပ်ရည်မှာ သာမန်သာ ဖြစ်သည့်တိုင် သားနားလှသည့် အဝတ်အစားများကို ဝတ်ဆင်ထားခဲ့ပြီး သာမန်ထက်ပို၍ အေးစက်လှသည့် မြောက်ဘက်နယ်မြေတွင်ပင် သူ့ကိုယ်သူ ယပ်ခတ်နေခဲ့လေသည်။
လူငယ်လေး၏လုပ်ရပ်သည် လူအများ၏အာရုံကို ဆွဲဆောင်သွားခဲ့သည်။ လူငယ်လေး၏ပုံစံကို မြင်ပြီးသည့်နောက် လူတော်တော်များများ ခေါင်းတခါခါသာ လုပ်သွားကြလေသည်။
ထိုလူငယ်လေးမှာ ရန်ကိုင်သာ ဖြစ်လေသည်။ ရေခဲနှလုံးသားတောင်ကြားမှ တိုးတိုးတိတ်တိတ် ထွက်လာပြီးသည့်နောက် မည်သူမှ သတိမပြုမိခင် ရေခဲလမြို့တော်သို့ တန်းသွားခဲ့လေသည်။ မြို့ထဲသို့ရောက်လာပြီးသည့်နောက် အနည်းငယ်မျှ စုံစမ်းပြီးသည့်အခါ စုဆောင်းရေးခန်းမဆီသို့ တန်းလာလေ၏။
ရန်ကိုင်လက်ထဲတွင် ရှိနေသည့် ယပ်တောင်မှာ တာအိုအဆင့်မြင့် မှော်ရတနာတစ်ခု ဖြစ်ပေသည်။ ထိုမှော်ရတနာကို သေဆုံးသွားသော သူ့ရန်သူများအနက် တစ်ဦးဆီမှ ရရှိခဲ့ခြင်း ဖြစ်သည်။
ရမ္မက်ရှာဂိုဏ်းမှ တပည့်နှစ်ဦးသည် စုဆောင်းရေးခန်းမကို စောင့်ကြပ်နေကြလေသည်။ ထိုနှစ်ဦး၏ခွန်အားမှာ သာမန်သာဖြစ်ပြီး တာအိုသခင်ပထမအဆင့်သာ ရှိကြသည်။ သို့ရာတွင် မည်သူမှ ထိုဂိတ်စောင့်နှစ်ဦးအား သွားပြဿနာမရှာရဲကြချေ။ သူတို့သည် ရမ္မက်ရှာဂိုဏ်း၏တပည့်များ မဟုတ်ကြလေလော။
ရန်ကိုင်၏ မြောက်ကြွမြောက်ကြွ အမူအယာကိုမြင်သော် ခန်းမကိုစောင့်ကြပ်နေကြသော ဂိတ်စောင့်နှစ်ဦး၏ မျက်လုံးထဲ အထင်အမြင်သေးရိပ်တို့ ဖြတ်ပြေးသွားခဲ့သည်။
သူတို့နှစ်ဦး၏ကျင့်ကြံခြင်းမှာ သာမန်သာ ဖြစ်ပါသော်ငြား နှစ်ဦးစလုံးမှာ ရမ္မက်ရှာဂိုဏ်း၏ တပည့်များ ဖြစ်ကြပေသည်။ ရန်ကိုင်ကမူ ဘယ်ကမှန်းမသိရသည့် မိသားစုတစ်ခုမှ သခင်လေးတစ်ဦး ဖြစ်ဟန်တူသည်။ လမ်းပေါ်တွင် လမ်းလျှောက်နေသည့် ပုံစံမှာ ထိုလမ်းကို သူ့အဖေမှ ခင်းပေးထားသည့်အလား။
ရန်ကိုင်ပုံစံမှာ ရုပ်ချောလျှင်လည်း တော်ပေသေးသည်။ သို့သော်ငြား သူ့ရုပ်မှာ မချောလှ။ ဝတ်စားထားသည့် အလွန်တရာကိုမှ ဈေးကြီးသည့်ပုံပေါက်သော အဝတ်အစားများနှင့် ယပ်တောင်သည် သူ့ရုပ်နှင့်မှ လုံးဝကို မလိုက်ဖက်။ မြင်ရသူများအဖို့ ကျက်သရေတုံးစရာ ဖြစ်နေတော့သည်။
“အဲ့မှာရပ်လိုက်စမ်း… မင်း ဒီကို ဘာလာလုပ်တာလဲ…” အစောင့်တစ်ဦးက ရန်ကိုင် သူတို့ဆီသို့ လျှောက်လာသည်ကိုမြင်သော် အေးစက်စက်မျက်နှာထားဖြင့် တားလိုက်လေသည်။
ရန်ကိုင်သည် ဆိုင်းဘုတ်အား မော့ကြည့်လိုက်ပြီးသည့်နောက် ယပ်တောင်ကို ခေါက်လျက် ပြောလိုက်လေ၏။ “ဒါစုဆောင်းရေးခန်းမ မလား… ဒီခန်းမကို ဒီသခင်လေး ဘာလာလုပ်တယ်လို့ မင်းတို့ထင်နေတာလဲ…”
အစောင့်က မျက်မှောင်ကျုံ့လျက် ပြန်မေးလိုက်သည်။ “မင်း ဒီကို စုဆောင်းရေးအမိန့်ကြောင့် ရောက်လာတာလား…”
“ဒါပေါ့…”ရန်ကိုင်က ပြုံးလျက် ဆရာကြီးပုံစံမျိုးဖြင့် ယပ်တောင်ကိုပြန်ဖွင့်ကာ အသာအယာ ယပ်ခတ်နေပြလိုက်လေသည်။
ရန်ကိုင်သည် စုဆောင်းရေးအမိန့်ကြောင့် ရောက်လာသူတစ်ဦးဖြစ်လေရာ အစောင့်များအနေဖြင့် သူ့အား တားရန် အကြောင်းအရင်းမရှိပေ။ ထို့အတွက်ကြောင့် ရန်ကိုင်လမ်းကို ဖမ်းတားလိုက်သည့်အစောင့်က ခေါင်းညိတ်လျက် ပြောလိုက်လေ၏။ “အထဲကို တန်းဝင်သွားလိုက်… ဝင်သွားပြီးရင် ဘယ်ဘက်ကိုချိုး… အဲ့မှာ စံအိမ်မှူးတစ်ယောက်ရှိတယ်… သူ့ကိုသွားရှာလိုက်…”
ရန်ကိုင်လည်း ခေါင်းညိတ်၍ ခန်းမထဲသို့ ဝင်သွားလိုက်လေ၏။ အစောင့်ပြောသည့်အတိုင်း ခန်းမထဲသို့ ဝင်လာပြီးသည့်နောက် ဘယ်ဘက်သို့ ချိုးချလိုက်ရာ ခန်းမတစ်ခုရှေ့သို့ ရောက်လာခဲ့လေသည်။
ထိုခန်းမထဲ၌ စားပွဲခုံများစွာ ရှိနေပြီး စားပွဲခုံတစ်ခုချင်းစီရှေ့တွင် လူတန်းရှည်ကြီးတစ်ခုစီ ရှိနေခဲ့လေသည်။ ရမ္မက်ရှာဂိုဏ်းမှ စံအိမ်မှူးများမှာ စားပွဲတစ်ခုချင်းစီတွင် ထိုင်လျက် တန်းစီစောင့်ဆိုင်းနေကြသော လူများကို မေးမြန်းနေခဲ့လေ၏။ ထိုလူများ၏ နောက်ကြောင်းနှင့် ပတ်သက်၍ မည်သည့်ပြဿနာမှမရှိပါက စုဆောင်းရေးအမိန့်ကို ထုတ်ပေးပေလိမ့်မည်။
စုဆောင်းရေးအမိန့်ကို ကိုင်ဆောင်ထားသည့်လူသည် လတ်တလောအခြေအနေအရ ရမ္မက်ရှာဂိုဏ်းသားတစ်ဦး ဖြစ်သည်ဟု ပြော၍ရသည်။ ရေခဲနှလုံးသားတောင်ကြားအား ကာကွယ်ပေးထားသော အစီအရင်ကို ချိုးဖြတ်ပြီးသည့်နောက်တွင် သူတို့အနေဖြင့် ကောင်းမွန်စွာ ဆုချခြင်း ခံရပေလိမ့်မည်။
ဇာတ်ကြောင်းရှင်းကြောင်း အတည်ပြုခံရပြီး စုဆောင်းရေးအမိန့်ကို ရပြီးသည့်နောက်တွင် ကျင့်ကြံသူများသည် ရမ္မက်ရှာဂိုဏ်း၏ တပည့်များဆီမှ တာဝန်အသီးသီးကို ရယူနိုင်ပေသည်။
စားပွဲခုံအသီးသီးရှေ့တွင် ရပ်နေသော လူတန်းရှည်ကြီးကို မြင်ပြီးသည့်နောက် ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့လေသည်။ ဤမျှ လူပေါင်းများစွာ စုဆောင်းရေးအမိန့်ကို လာယူသည်မှာ ရေခဲနှလုံးသားတောင်ကြားအတွက် သိပ်အခြေအနေမကောင်းလှချေ။
တစ်ခဏမျှကြာအောင် အကဲခတ်ကြည့်နေပြီးသည့်နောက် မည်ကဲ့သို့ စာရင်းသွင်းရမလဲ ဆိုသည်ကို နားလည်သွားသော် ရန်ကိုင်လည်း တုံ့ဆိုင်းမနေတော့ဘဲ စားပွဲခုံတစ်လုံးဆီသို့ ချက်ချင်း လျှောက်သွားလိုက်လေသည်။ ယပ်တောင်ကို အသာအယာခတ်နေရင်းမှ ရန်ကိုင်သည် သူ့ရှေ့တွင်ပိတ်နေသည့် လူများကို တွန်းထုတ်ကာ ပြောလိုက်လေ၏။ “ဘေးဖယ် ဘေးဖယ်… ဒီသခင်လေးလမ်းကို လာမပိတ်နဲ့…”
ရန်ကိုင်၏ မောက်မာဝံ့ကြွား၍ စည်းမရှိကမ်းမရှိသည့် အမူအယာသည် သူသည် ရမ္မက်ရှာဂိုဏ်းမှ အရေးကြီးသည့် ပုဂ္ဂိုလ်တစ်ဦးဦး ဖြစ်သည်ဟု ပြောနေသယောင်ယောင်။
ရန်ကိုင်မှ လူတန်းရှည်ထဲ အတင်းတိုးဝင်သွားသည့် အတွက်ကြောင့် စနစ်တကျ စီတန်းရပ်နေသော လူတန်းကြီးမှာ ကယောက်ကယက် ဖြစ်ကုန်ကြလေသည်။ ရန်ကိုင်၏တွန်းထုတ်ခြင်း ခံလိုက်ရသည့်လူများမှာ ရန်ကိုင်အား စူးစူးဝါးဝါးစိုက်ကြည့်လာပါသော်ကြား ရန်ကိုင်၏နောက်ခံနှင့်ပတ်သက်၍ သေသေချာချာ မသိရသေးသည့်အတွက်ကြောင့် အလျင်စလို မလှုပ်ရှားဝံ့ပေ။
ရန်ကိုင်ကမူ လှောင်ပြုံးပြုံးရင်းဖြင့်သာ ထိုလူများကို လျစ်လျူရှုထားလိုက်သည်။ ထိုလူများသည် ရမ္မက်ရှာဂိုဏ်းထဲသို့ ဝင်၍ ရေခဲနှလုံးသားတောင်ကြားကို တိုက်ခိုက်ရန် ကြံစည်နေကြသည့်လူများ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်၏ရန်သူများသာ ဖြစ်နေကြသည်။ ထိုကဲ့သို့သောလူများကို ရန်ကိုင်အနေဖြင့် လေးစားသမှု ပြနေစရာမလိုပေ။ ရန်ကိုင်၏ ယပ်တောင်ထဲမှ မသိမသာ စိမ့်ထွက်နေသည့် ဆန်းကြယ်သည့်စွမ်းအားမှာ ထိုကျင့်ကြံသူများကို နောက် ဆယ်ရက် လဝက်ခန့်လောက်ထိ နာကျင်ကိုက်ခဲသွားစေနိုင်ပေသည်။
ရန်ကိုင်၏လုပ်ရပ်ကြောင့် စားပွဲခုံနောက်တွင် ထိုင်နေသော ရမ္မက်ရှာဂိုဏ်း၏ စံအိမ်မှူးမှာ ဒေါသူပုန်ထသွားခဲ့လေသည်။ ထို့ကြောင့် အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “ဂျူနီယာ… မင်းလုပ်ရပ်ကို ရပ်တန်းကရပ်လိုက်စမ်း…”
“ဟုတ်တယ်… ဒီကောင် အရမ်းရိုင်းလွန်းအားကြီးတယ်… ဆရာစံအိမ်မှူး… အဲ့ကောင်ကို သင်ခန်းစာ ကောင်းကောင်းပေးပစ်လိုက်ပါလား…”
“ဒီလိုကောင်မျိုးဆိုတာ လုံးဝကို အလွတ်မပေးသင့်ဘူး…”
“ဘာလဲကွ… စည်းမရှိကမ်းမရှိနဲ့ သောင်းကျန်းချင်တိုင်း သောင်းကျန်းနေတယ်… ဒီကောင့်ကိုမှ အပြစ်မပေးရင် လူတိုင်း သူ့လို လျှောက်လုပ်ကြတော့မှာ…”
“ခင်ဗျားတို့ပါးစပ်တွေကို ပိတ်ထားလိုက်ကြစမ်း…” ရန်ကိုင်၏မျက်နှာ တမုဟုတ်ချည်း အေးစက်သွားခဲ့ပြီး အထွန့်တက်နေသော လူအုပ်ကြီးဘက်သို့ သူ့လက်ကိုဝှေ့ယမ်းချလိုက်လေသည်။ ချက်ချင်းဆိုသလို ရန်ကိုင်ဆီမှ ဧကရာဇ်ချီလှိုင်းတို့ ဖြာထွက်လာကြလေ၏။
“ဧကရာဇ်အဆင့်… ဘုရားရေ… ဒီကောင်က ဧကရာဇ်အဆင့်ပညာရှင်ပဲဟ…”
တစ်ယောက်တစ်ပေါက် အော်ဟစ်နေကြသော ကျင့်ကြံသူအားလုံး ပါးစပ်ပိတ်သွားကုန်ကြလေ၏။ စားပွဲခုံနောက်တွင် ထိုင်နေကြသော ရမ္မက်ရှာဂိုဏ်းမှ စံအိမ်မှူးများသည်ပင်လျှင် ရန်ကိုင်၏ဧကရာဇ်ချီစွမ်းအင်လှိုင်းကို မြင်ပြီးသည့်နောက် လေးနက်တည်ကြည်ကုန်ကြလေသည်။ သူတို့သည် ရမ္မက်ရှာဂိုဏ်းသားများ ဖြစ်ကြပါသော်ငြား သူတို့၏ကျင့်ကြံခြင်းမှာ တာအိုသခင်တတိယအဆင့်သာ ရှိပေသေးသည်။ ထိုကျင့်ကြံခြင်းလေးဖြင့် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးကို မည်သို့မျှ ယှဉ်ပြိုင်တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ချေ။
“ဝုန်း…”
ရန်ကိုင်၏လက်ဝါးချက်ကြောင့် ကျင့်ကြံသူပေါင်းများစွာ လွင့်ထွက်သွားခဲ့ပြီး သွေးအပွက်ပွက်အန်ထွက်ရင်း မြေပြင်ပေါ်သို့ ခွေးကျဝက်ကျ ပြုတ်ကျသွားခဲ့ရသည်။ သို့သော်ငြား ရန်ကိုင်၏လက်ဝါးချက်ထဲတွင် ပါဝင်သည့် စွမ်းအားမှာ အားကောင်းလှပါသော်ငြား သူ့လက်ဝါးချက်ကြောင့် မည်သူတစ်ဦးတစ်ယောက်မှ သေဆုံးခြင်းမရှိမှန်း သိလိုက်ရသော် အကုန်လုံး စိတ်သက်သာရာ ရသွားကုန်ကြလေသည်။ သူတို့ရသွားသည့် ဒဏ်ရာများသည် လဝက်လောက် ကျင့်ကြံအနားယူလိုက်ရုံဖြင့် ပြန်ကောင်းသွားနိုင်ပေသည်။
“အပိုစကားတွေ လာပြောမနေတော့နဲ့… နောက်တစ်ခွန်း ထပ်ထွက်ရဲ ထပ်ထွက်ကြည့်… မင်းတို့ရဲ့ခွေးအသက်တွေကို ငါ နှုတ်ယူပစ်လိုက်မှာ…” ရန်ကိုင်သည် လူအုပ်ကြီးအား ပမာမခန့် အမူအယာဖြင့် ကြည့်လျက် အထက်စီးမှ ပြောလိုက်လေသည်။
ရန်ကိုင်မှ စည်းမရှိကမ်းမရှိ လုပ်နေသည့်တိုင် မည်သူမှ စကားတစ်ခွန်းမှ ထပ်မပြောရဲကြတော့ပေ။ ခန်းမတစ်ခုလုံးသည် အပ်ကျသံပင် ကြားရလောက်သည်အထိ တိတ်ဆိတ်နေခဲ့လေသည်။
“ရွှစ်…”
အတွင်းခန်းမထဲမှ လူတစ်ယောက် ပြေးထွက်လာခဲ့ပြီး စားပွဲခုံရှေ့တွင် ရပ်လိုက်လေသည်။
ထိုလူပေါ်လာသည်နှင့် တစ်ပြိုင်နက် မည်သို့လုပ်လျှင်ကောင်းမလဲ အကြပ်ရိုက်နေကြသော ရမ္မက်ရှာဂိုဏ်းမှ စံအိမ်မှူးများမှာ ကယ်တင်ရှင်ကို တွေ့လိုက်ရသည့်အလား ၎င်းတို့၏မျက်နှာများ ဝင်းပသွားခဲ့ကြပြီး အလျင်အမြန် လက်သီးဆုပ်၍ ပြောလိုက်ကြလေသည်။ “အကြီးအကဲစွန်းကို နှုတ်ဆက်ပါတယ်…”
“အကြီးအကဲစွန်း… အဲ့ဒါ အကြီးအကဲစွန်းပင်ပဲ…”
“ဒီကောင်တော့ ပြဿနာတက်ပြီဟေ့… သူကိုယ်တိုင်က ဧကရာဇ်အဆင့် ပညာရှင်ဆိုရင်တောင် အကြီးအကဲစွန်းပင်က ဧကရာဇ်ဒုတိယအဆင့် ပညာရှင်ပဲ…”
“သူ့ကိုယ်သူ ဘာများမှတ်နေလဲမသိဘူး… ရမ္မက်ရှာဂိုဏ်းထဲမှာ လာပြီး စည်းမရှိကမ်းမရှိ သောင်းကျန်းနေရဲတယ်… ဒီခွေးကောင်တော့ သင်ခန်းစာကောင်းကောင်းပေးခံရတော့မယ်…”
ထိုစကားသံများ ထွက်ပေါ်လာပြီးသည့်နောက်တွင် ရန်ကိုင်သည် ယခုလေးတင်ပေါ်လာသည့် အကြီးအကဲစွန်းပင်ဆိုသည့်လူဆီသို့ လှမ်း၍ ကြည့်လိုက်လေသည်။
ထိုလူအိုကြီးသည် ဖြူဆွတ်နေသော မုတ်ဆိတ်ရှည်ကြီးကို ပိုင်ဆိုင်ထားခဲ့သည်။ သူ့အရှိန်အဝါမှာ အသူတရာချောက်နက်မျှ နက်ရှိုင်းလှပြီး အနီးအနားတွင်ရပ်နေသော ကျင့်ကြံသူများကို ဖိအားကြီးကြီးမားမား ပေးနေခဲ့လေသည်။ မျက်နှာမှာ ပိန်သွယ်သွယ်ဖြစ်ပါသော်ငြား မျက်လုံးများမှာတော့ နေ့ခင်းကြောင်တောင် တောက်ပနေသော နေမီးလျှံနှယ် စူးရှစွာ တောက်ပနေလေသည်။
“အကြီးအကဲစွန်းလား…” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့သည်။
ရမ္မက်ရှာဂိုဏ်းမှ ဧကရာဇ်အဆင့် ကျင့်ကြံသူများကို ရန်ကိုင်မသိပေ။ ရန်ကိုင်သိသည့်လူဆို၍ ဖုန်းရွှမ်နှင့် ရန်ကျိုးသာ ရှိပေသည်။ ယခုအကြိမ်သည် အကြီးအကဲစွန်းကို ရန်ကိုင် ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ပေသည်။ သို့သော်ငြား ဧကရာဇ်ဒုတိယအဆင့်သို့ ရောက်နေသည့်အတွက်ကြောင့် ရမ္မက်ရှာဂိုဏ်းထဲရှိ အကြီးအကဲစွန်း၏ အဆင့်အတန်းမှာ လုံးဝကို နိမ့်ကျလိမ့်မည် မဟုတ်ချေ။
“လူငယ်လေး… မင်းက တကယ်ကို စိတ်ကြီးပါလားကွ…” ရန်ကိုင်မှ စည်းမရှိကမ်းမရှိ ပြုမူနေသည့်တိုင် အကြီးအကဲစွန်းပင်ကမူ ဒေါသထွက်သွားခဲ့ခြင်းမရှိဘဲ ရန်ကိုင်အား ပြုံး၍ပင် ပြောလိုက်သေးသည်။
ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “ဒီကောင်တွေက အရမ်းနားငြီးတယ်လေ… ဒီတော့ ဒီသခင်လေး သူတို့ကို သင်ခန်းစာနည်းနည်းပေးလိုက်တာ…” ထို့နောက်တွင် ရန်ကိုင်သည် လေသံကိုနှိမ့်၍ လက်သီးဆုပ်ကာ ပြုံးရင်း ပြောလိုက်လေသည်။ “ကျုပ် အကြီးအကဲစွန်းကို နှောင့်ယှက်ဖို့ မရည်ရွယ်ပါဘူး… အခုလိုဖြစ်သွားရတာ ကျုပ်အမှားပါပဲ…”
“ငါတို့ကြတော့ လာအနိုင်ကျင့်ရဲတယ်… အကြီးအကဲစွန်းပင်ရှေ့မှာကြ ကြောက်နေလိုက်တာ…” လူတော်တော်များများသည် စိတ်ထဲမှနေ၍ ကြိတ်ကာ တွေးလိုက်ကြလေသည်။
ရန်ကိုင်၏လုပ်ရပ်ကို မြင်ပြီးသည့်နောက် ခန်းမထဲတွင် ရှိနေသည့် လူတော်တော်များများ ရန်ကိုင်အား အထင်အမြင်သေးသွားကြသည်။ ရန်ကိုင်သည် အားနည်းသည့်သူကိုသာ အနိုင်ကျင့်ဗိုလ်ကျရဲပြီး အားကြီးသည့်လူနှင့်တွေ့လျှင် ငြိမ်ကုပ်နေတတ်သည့် လူတစ်ဦးမှန်း နားလည်သွားကြတော့သည်။
“ကိစ္စမရှိပါဘူး…” စွန်းပင်က ပြုံးလျက် ပြန်မေးလိုက်လေသည်။ “မင်း စုဆောင်းရေးခန်းမကို လာတာဆိုတော့ စုဆောင်းရေးအမိန့်လိုချင်လို့ လာတာမလား…”
ရန်ကိုင်က ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။ “ဟုတ်တယ်… ရမ္မက်ရှာဂိုဏ်းက ပါရမီရှင်တွေ စုဆောင်းနေတယ်ကြားလို့ ဒီသခင်လေး တစ်ချက်လာကြည့်တာ… အကြီးအကဲစွန်း ကျုပ်ကို မကြိုဆိုဘူးလား…”
“ဘယ်လိုလုပ်ပြီး မကြိုဆိုရမှာလဲ…” စွန်းပင်သည် သူ၏မုတ်ဆိတ်ကို ပွတ်သပ်ရင်းမှ ယဲ့ယဲ့လေးရယ်မောလျက် ပြန်ပြောလိုက်သည်။ “ငါတို့ဂိုဏ်းက မင်းတို့လိုပါရမီရှင်တွေဆို လုံးဝကို ကြိုဆိုတာပေါ့ကွာ…”
“ဒါမှပေါ့…” ရန်ကိုင်က ပြုံးဖြီးလိုက်သည်။
“ဒါပေမယ့်…” အကြီးအကဲစွန်းပင်သည် ရုတ်တရက် မျက်လုံးမှေးစင်းလျက် “ငါမင်းကို အရင်ဆုံး သတိပေးလိုက်မယ်… စုဆောင်းရေးအမိန့်ကို လိုချင်တယ်ဆိုရင် မင်းရဲ့နောက်ခံက ရှင်းလင်းနေမှ ရလိမ့်မယ်… ဘာမှန်းမသိရတဲ့လူတွေကို ငါတို့ လုံးဝ လက်ခံမှာမဟုတ်ဘူး… အထူးသဖြင့် မင်းလိုမျိုး ကျင့်ကြံခြင်းနဲ့ နောက်ခံမရှင်းမလင်းတွေကို ပိုင်ဆိုင်ထားတဲ့လူတွေပဲ… ဒီတော့ မင်းအနေနဲ့ စုဆောင်းရေးအမိန့်ကို လိုချင်တယ်ဆိုရင် ငါမေးတဲ့မေးခွန်းအချို့ကို အရင်ဖြေနိုင်မှ ရလိမ့်မယ်…”
ရန်ကိုင်၏ကျင့်ကြံခြင်းသာ ဧကရာဇ်အဆင့်အောက်တွင်သာ ရှိနေပါက သူ့နောက်ခံမှာ မရှင်းမလင်းဖြစ်နေ၍လည်း ကိစ္စမရှိပေ။ သို့သော်ငြား ဧကရာဇ်အဆင့် ကျင့်ကြံသူများအတွက်မူ နောက်ကြောင်းရှင်းမှသာ အဆင်ပြေပေလိမ့်မည်။
“ကျုပ်နားလည်တယ်…” ရန်ကိုင်က ပြုံးလျက် အနည်းငယ်မျှပင် ထိတ်လန့်သွားခဲ့ခြင်းမရှိဘဲ ပြန်မေးလိုက်လေသည်။ “ဒီတော့ အကြီးအကဲစွန်း ဘာမေးချင်တာလဲ…”
စွန်းပင်က မေးလိုက်လေသည်။ “မင်း ဘယ်ကလာတာလဲ… မင်းနာမည် ဘယ်လိုခေါ်လဲ… မင်းရဲ့ဆရာက ဘယ်သူလဲ…”
ရန်ကိုင်က ပွင့်ပွင့်လင်းလင်းဖြင့် ပြန်ပြောလိုက်သည်။ “ကျုပ်နာမည်က ရှောင်ပိုင်ယီပဲ… တောင်ဘက်နယ်မြေ နေမင်းပြာကျောင်းတော်ကလာတာ… ကျုပ်ဆရာက အကြီးအကဲကောင်းရွှယ်ထင်းပဲ…”
ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည် စိတ်ထဲမှနေ၍ ကြိတ်ကာ တောင်းပန်လိုက်လေသည်။ (ရှောင်ပိုင်… ရှောင်ပိုင်… ငါ့ကို မင်းနာမည်လေး ခဏလောက်တော့ ငှားသုံးခွင့်ပေးဦးပေါ့ကွာ… ဒီအကြောင်းကြားရင်လည်း ငါ့ကို ကျေးဇူးပြုပြီးတော့ ပြဿနာလာမရှာပါနဲ့ကွာ…)
ရန်ကိုင်သည် အစကတည်းက ရှောင်ပိုင်ယီ၏နာမည်ကို အသုံးပြုရန် စီစဉ်ထားခြင်း ဖြစ်လေသည်။ ထို့အတွက်ကြောင့် အကြီးအကဲစွန်းမှ မေးလာသည်နှင့်တစ်ပြိုင်နက် ချက်ချင်းကို ထုတ်ပြောလိုက်တော့လေသည်။
“နေမင်းပြာကျောင်းတော်…” ထိုနာမည်ကိုကြားသည့်အခါ စွန်းပင် ကြောင်သွားခဲ့လေသည်။
တောင်ဘက်နယ်မြေသည် မြောက်ဘက်နယ်မြေနှင့် အလွန်ကိုမှ ဝေးကွာပါသော်ငြား နေမင်းပြာကျောင်းတော်ကိုတော့ စွန်းပင်သိပေသည်။ တကယ်တော့ နေမင်းပြာကျောင်းတော်၏ အဆင့်အတန်းသည် ရမ္မက်ရှာဂိုဏ်းနှင့် အတူတူသာလျှင် မဟုတ်ပေလော။ နှစ်ဂိုဏ်းစလုံးသည် နယ်မြေအသီးသီး၏ ထိပ်တန်းဂိုဏ်းများ ဖြစ်ကြပေသည်။
သို့သော်ငြား နေမင်းပြာကျောင်းတော်မှ တပည့်တစ်ဦး မြောက်ဘက်နယ်မြေထဲရှိ ရေခဲလမြို့တော်တွင် ဘာကြောင့် ပေါ်လာရသလဲဆိုသည်မှာတော့ အနည်းငယ် သံသယဝင်စရာ ကောင်းနေလေသည်။
စွန်းပင်က မျက်မှောင်ကျုံ့လျက် ထပ်မေးလိုက်သည်။ “ငါ မင်းတို့ကျောင်းတော်နာမည်ကို ကြားဖူးတယ်… ဒါပေမယ့် မင်း ဘာဖြစ်လို့ ဒီကို ရောက်နေရတာလဲ…”
ရန်ကိုင်က ရယ်သွမ်းသွေးလျက် ပြန်ပြောလိုက်သည်။ “ကျုပ် ဧကရာဇ်အဆင့်ကိုရောက်ထားတာ သိပ်မကြာသေးဘူးလေ… ဒီတော့ ကျုပ်ဆရာကပြောတယ်… အတွေ့အကြုံရအောင် လျှောက်ပတ်သွားကြည့်တဲ့… အဲ့ဒါမှ ဒီလောကကြီးအကြောင်းကို ကောင်းကောင်းသိလာမှာတဲ့… ဒီတော့ ကျုပ်လည်း ဆရာပြောတဲ့အတိုင်း ခရီးထွက်ခဲ့တာပေါ့… ကျုပ်အပြင်ထွက်တာတော့ တော်တော်လေးကြာနေပါပြီ… မကြာသေးခင်ကမှ ဒီနားကနေ ဖြတ်သွားတုန်း ရေခဲနှလုံးသားတောင်ကြားနဲ့ ခင်ဗျားတို့ဂိုဏ်း စစ်ဖြစ်နေတယ်ကြားလို့ တစ်ချက် လာကြည့်ကြည့်တာ…”
“ငါသိပြီ…” စွန်းပင် ရန်ကိုင်အား သံသယမဝင်ခဲ့ချေ။
ရန်ကိုင်ကဲ့သို့ သခင်လေးတစ်ဦးသည် ကြယ်တာရာအစုအဝေးထဲ လျှောက်ပတ်သွားလာ၍ အတွေ့အကြုံယူသည်မှာ သဘာဝသာ ဖြစ်လေသည်။ စွန်းပင်ကိုယ်တိုင်သည်လည်း ထိုကဲ့သို့ လုပ်ဖူးပေသည်။ သို့သော်ငြား တောင်ဘက်နယ်မြေကိုတော့ သူ တစ်ခါမှ မရောက်ခဲ့ဖူးပေ။ တောင်ဘက်နယ်မြေဆီသို့ မသွားခဲ့ပဲ အရှေ့ဘက်နယ်မြေနှင့် အနီးတစ်ဝိုက်သို့သာ လှည့်ပတ်သွားကြည့်ခဲ့သည်။ ထို့အတွက်ကြောင့် ရန်ကိုင်ရှင်းပြသည်နှင့်ပတ်သက်၍ မည်သည့်သံသယဝင်စရာမှမရှိဟု ထင်မိသွားလေသည်။
တစ်ခဏမျှ စဉ်းစားကြည့်နေပြီးသည့်နောက်တွင် စွန်းပင်က ထပ်၍မေးလိုက်ပြန်လေသည်။ “သခင်လေးရှောင်ရဲ့ အသက်အရဆိုရင်တော့ သခင်လေးက နေမင်းပြာကျောင်းတော်ရဲ့ ပင်မတပည့်တစ်ယောက် ဖြစ်မှာပေါ့… ဟုတ်တယ်မလား… သခင်လေးရှောင်က နေမင်းပြာကျောင်းတော်က လာတယ်လို့ပြောပေမယ့် စကားလုံးတွေက ဒီလောက် ယုံရတာမဟုတ်ဘူးလေ… ဒီတော့ သခင်လေးရှောင်က နေမင်းပြာကျောင်းတော်ရဲ့ အဖွဲ့သားတစ်ယောက် ဖြစ်တယ်ဆိုတာကို သက်သေပြပေးနိုင်မယ့် အရာလေးတစ်ခုခုများ ရှိလား…”
“နေမင်းပြာကျောင်းတော်ရဲ့ အဖွဲ့သားတစ်ယောက်ဖြစ်ကြောင်း သက်သေ…” ရန်ကိုင်သည် တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်လေသည်။ ထိုအရာမှာ တံဆိပ်ပြားတစ်ခုသာ ဖြစ်လေသည်။ ရန်ကိုင်သည် ထိုတံဆိပ်ပြားကို စွန်းပင်ဆီသို့ ပစ်ပေး၍ ပြောလိုက်လေသည်။ “ဒါနဲ့ဆို လုံလောက်မလား…”