အပေါင်းအဖော်များ ( ၂ )
Vol. 6 Ch. 85
တချို့က လမ်းမပေါ်မှာ ရှိနေကြပြီး တချို့က ဘေးပတ်လည်ရှိ အဆောက်အအုံများကို ရှာဖွေနေကြဟန်တူသည်။
သူတို့တာအိုဝတ်ရုံများပေါ်၌ သွေးရောင်နီမြန်းနေသောတံဆိပ်တစ်ခု ရှိသည်။
ထိုမြင်ကွင်းကြောင့် ရွှီချင်း၏မျက်လုံးများ မှေးသွားရသည်။ ထိုချီရွှဲ့ထုံဂိုဏ်းသားများထံမှ ဝိညာဉ်စွမ်းအားအငွေ့အသက်များကို သူ ခံစားမိလိုက်ပြီး ဂိုဏ်းသားအများစုတွင် သွေးဆာနေသောအငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။
“ လူဆိုးထိန်းဌာနလား ”
ရွှီချင်း ခန့်မှန်းကြည့်လိုက်သည်။
ထိုစဉ် ချီရွှဲ့ထုံဂိုဏ်းသားတချို့သည်လည်း ချောင်ထဲတွင် ရှိနေသော ရွှီချင်းကို ရှာတွေ့သွားကြသည်။ သူက သေချာပုန်းအောင်းနေပါသော်လည်း လူများစွာ သတိထားရှာဖွေနေကြသည်ဖြစ်ရာ သူ မရှောင်တိမ်းနိုင်ခဲ့ပေ။
ထိုလူအုပ်ထဲတွင် ဖီးနစ်ကဲ့သို့ မျက်လုံးများနှင့် လူငယ်လေးတစ်ယောက်ပါသည်။ သူက ရွှီချင်းကို အေးတိအေးစက်ကြည့်ကာ အလျင်အမြန် လျှောက်လာသည်။
ထိုလူအနီးကပ်လာသည်နှင့် ရက်စက်ကြမ်းကြုတ်သောအငွေ့အသက်များ လွင့်ပျံတက်လာရာ ရွှီချင်း၏ခန္ဓာကိုယ် ချက်ချင်း တောင့်တင်းသွားရသည်။ တစ်ဖက်လူက ကြောက်စရာကောင်းလောက်အောင် အန္တရာယ်များသည်ကို သူ သိလိုက်သည်။ ထိုလူက ကိုယ်တိုင် ရာက်မလာသေးခင်မှာပင် သူ၏အငွေ့အသက်များက ဆောင်းတွင်းလေအေးများပမာ ဘေးပတ်ဝန်းကျင်ကို လွှမ်းခြုံနေခဲ့ပြီဖြစ်သည်။
လူအမြောက်အမြားကို သတ်ဖြတ်ခဲ့ဖူးသည့်လူများသာ ထိုကဲ့သို့ လူသတ်ငွေ့များကို ပိုင်ဆိုင်ထားကြသည်။
ရွှီချင်း၏မျက်လုံးများ မှေးသွားသည်။ ယခု သူ ထွက်ပြေးပါက တစ်ဖက်လူက သေချာပေါက် တိုက်ခိုက်လာမည်ကို သူ သိသည်။ ထို့ကြောင့် နေရာမှာပင် မလှုပ်မယှက်ရပ်ကာ ထိုလူကို ကြည့်လိုက်သည်။ တချိန်တည်းမှာပင် သူ၏ညာဘက်လက်က သံတုတ်ကလေးရှိသည့် သားရေအိတ်ပေါ် ရောက်သွားကာ အချိန်မရွေးတိုက်ခိုက်နိုင်ရန် အသင့်ပြင်ထားသည်။
“ ဂိုဏ်းတံဆိပ်ပြား ”
ထိုလူငယ်က ရောက်လာပြီးနောက် ရွှီချင်းကို စေ့စေ့စပ်စပ်ကြည့်လိုက်ပြီး သူ၏အကြည့်က ရွှီချင်း၏ ညာလက်ပေါ် ရောက်သွားသည်။
ဘေးရှိ ဂိုဏ်းသားအများစုသည်လည်း အနားတိုးလာကာ ရွှီချင်းကို ဘေးပတ်လည်မှ ဝိုင်းထားလိုက်ကြသည်။ သူတို့၏အမူအရာများက ရေခဲတမျှ အေးစက်တင်းမာနေပြီး ရွှီချင်းသာ မူမမှန်သောအရာတစ်ခုခု လုပ်လိုက်သည်နှင့် ချက်ချင်း တိုက်ခိုက်ကြမည့်အသွင် ရှိသည်။
တစ်ဖက်လူ၏အကြည့်ကို ရွှီချင်း သတိထားမိလိုက်ပြီး သူ၏အလေ့အကျင့်ကို ပြောင်းလဲရန်ဆန္ဒမှာ ပို၍ ခိုင်မာလာသည်။ သူက ဘေးပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပြီး သတိထား၍ ဂိုဏ်းတံဆိပ်ပြားကို ထုတ်ကာ ထိုလူကို ပစ်ပေးလိုက်သည်။
လူငယ်က တံဆိပ်ပြားကို ဖမ်းကာ ကြည့်လိုက်သည်။ သူ၏မျက်နှာပေါ်ရှိ အေးစက်စက်အရိပ်အယောင်များ အနည်းငယ် လွင့်ပါးပျောက်ကွယ်သွားပြီး သူ အံ့အားသင့်သွားရသည်။ ထို့နောက် သူက ဘေးရှိ သူ၏အဖော်ကို ပြုံး၍ ပြောလိုက်သည်။
“ ငါတို့ သတ္တမမြောက်တောင်ထိပ်ရဲ့ လူဆိုးထိန်းဌာနကို ဝင်မယ့် လူသစ်လေးတစ်ယောက်ကို တွေ့တာပဲဟေ့ ”
“ ကောင်းပြီ။ အားလုံးပဲ သက်သာသလိုနေကြပါ။ ကလေး ကြောက်သွားပြီး လူသတ်တာမခံရဘဲ ငါတို့ကို လန့်လို့ စာရင်းမသွင်းဘဲ ပြန်ပြေးသွားပါဦးမယ် ”
သူ၏အသံ ထွက်ပေါ်လာသည်နှင့် ဘေးပတ်ဝန်းကျင်ရှိ လူသတ်ငွေ့အများစု လျော့ပါးသွားသည်။ သို့သော်လည်း ရွှီချင်းကို စူးစိုက်ကြည့်နေသည့် လူအနည်းငယ်လည်း ရှိသေးသည်။
“ ငါ ထင်ထားတဲ့အတိုင်း လူဆိုးထိန်းဌာနဖြစ်နေတာပဲ ”
သူ့ကို စူးစိုက်ကြည့်နေသည့် လူထက်ဝက်ကျော် လျော့နည်းသွားသည်ကို ရွှီချင်း ခံစားလိုက်ရသည်။ ဖီးနစ်မျက်လုံးများနှင့် လူငယ်က ရွှီချင်းကို တံဆိပ်ပြား ပြန်ပေးလိုက်ပြီး အကဲခတ်နေသည်။
“ ကလေး၊ မင်းက စိတ်ဝင်စားစရာပဲကွ။ မြန်မြန်ထွက်သွားတော့။ ညရောက်ရင် ဒီမြို့က သိပ်အန္တရာယ်များတာ ”
ထိုစကားကို ကြားသောအခါ ရွှီချင်းက ခေါင်းညိတ်၍ ဂိုဏ်းတံဆိပ်ပြားကို ပြန်ယူလိုက်သည်။ သူ ထွက်သွားရန်ပြင်လိုက်စဉ် အဝေးတစ်နေရာရှိ အမှောင်ထုထဲမှ သွေးပျက်ခမန်းအော်ဟစ်သံ လွင့်ပျံလာသည်။
ထိုအသံက စူးရှပြီး ဟိန်းဟောက်သံများနှင့်အတူ ပဲ့တင်ထပ်နေသည်။
ရွှီချင်းသည် လေးနက်တည်ကြည်သောအမူအရာဖြင့် ချက်ချင်း လှည့်ကြည့်လိုက်သည်။ အရိပ်နက်တစ်ရိပ်က သွေးများအန်ထွက်နေလျက် အဆောက်အအုံတစ်လုံး၏ထိပ်မှနေ၍ အဝေးသို့ ပျံသန်းသွားသည်ကို သူ မြင်လိုက်ရသည်။
ထိုလူ၏ခန္ဓာကိုယ်ပေါ်ရှိ ဝိညာဉ်စွမ်းအားအငွေ့အသက်များက အနည်းငယ် မငြိမ်မသက်ဖြစ်နေပါသော်လည်း အခြေတည်အဆင့်အရှိန်အဝါကြောင့် ရွှီချင်း ထိတ်လန့်တုန်ရီသွားရသည်။
ထိုလူ၏ ခရမ်းရောင်တာအိုဝတ်ရုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းလူတစ်ယောက်ရှိသည်။ သူသည် ခံ့ညားထည်ဝါသောအရှိန်အဝါရှိပြီး ဝိညာဉ်စွမ်းအားအငွေ့အသက်များက အဝေးမှာ ရှိနေသည့်တိုင်အောင် မီးတောက်များပမာ တဟုန်းဟုန်း ပျံတက်နေသည်ကို မြင်နိုင်ပေသည်။
တရွှီရွှီမြည်သံများနှင့်အတူ ခရမ်းရောင်ဝတ်ရုံဝတ် သက်လတ်ပိုင်းလူက လက်ကို ဆတ်ခနဲ မြှောက်လိုက်ရာ လှံတစ်ချောင်းပေါ်လာပြီး ရှေ့ကို ပစ်လွှတ်လိုက်သည်။
လေထုကြီး ပေါက်ကွဲသွားသည့်အလား အရပ်မျက်နှာအနှံ့ အားလှိုင်းများ လွင့်ပျံသွားသည်။ လှံတံက လေခွင်းအားကြောင့် မီးနဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားဟန်တူကာ ပျံသန်းနေသော အရိပ်နက်ထံ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။
အဝေးမှကြည့်လျှင် မီးနဂါး၏ စူးရှတောက်ပသော အလင်းတန်းများကြောင့် ကောင်းကင်ကြီး တွန့်လိမ်နေဟန်တူသည်။
၎င်းက ကြောက်ခမန်းလိလိ မြန်ဆန်နေပြီး ရွှီခနဲ ပြေးသွားကာ ထောပတ်ကို ဓားထက်ထက်ဖြင့် ပိုင်းဖြတ်လိုက်သည့်အလား အရိပ်နက်၏ဝမ်းဗိုက်ကို စွပ်ခနဲ ထိုးဖောက်သွားသည်။
ရှင်းလင်းတိကျသော လှံချက်ပင်။
ထိုမြင်ကွင်းသည် ရွှီချင်း၏စိတ်အစဉ်ကို တုန်ရီသွားစေသည်။ အသတ်ခံလိုက်ရသည့် အရိပ်နက်က ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးနှင့် ဆင်တူသည်ဟု သူ ခံစားနေရသည်။
ခရမ်းရောင်ဝတ်ရုံဝတ်သက်လတ်ပိုင်းလူ၏လှံတံက နှိုင်းယှဉ်၍မရနိုင်လောက်အောင် အစွမ်းထက်သည်။ ထိုလှံနှင့်သာ ထိပ်တိုက်ကြုံလိုက်ရမည်ဆိုပါက သူ ရှောင်တိမ်းရန်ပင် အချိန်မရလိုက်ဘဲ ဇီဝိန်ချုပ်သွားရမည်ဟု ခံစားနေရသည်။
“ အဲဒါ ဌာနမှူးပဲ ”
“ သွားကြမယ်ဟေ့ ”
ထိုအချိန်၌ သူ၏ဘေးရှိ လူဆိုးထိန်းဌာနမှ ထိုဂိုဏ်းသားများ၏ မျက်နှာအမူအရာများက စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်လာသည်။ ရွှီချင်းကို သူတို့ ဆက်နှောင့်ယှက်မနေတော့ဘဲ တိုက်ပွဲဖြစ်ပွားရာကို တဟုန်ထိုး ပြေးသွားကြသည်။
သူတို့ အဝေးရောက်သွားပြီဖြစ်ပါသော်လည်း ထိုလှံတံ၏ သွက်လက်မြန်ဆန်သော ပစ်ချက်နှင့် အံ့သြတုန်လှုပ်နေသောခံစားချက်များ သူ၏ခေါင်းထဲ ပြည့်နှက်နေဆဲပင်။ ခဏအကြာ သူသည် အသက်ဝဝရှူသွင်းလိုက်ပြီး သူ၏မျက်နှာပေါ်တွင် စိတ်အားထက်သန်နေသော အကြည့်တစ်စ ပေါ်လာသည်။
“ ငါ ဘယ်တော့မှ အဲဒီလိုမျိုး လုပ်နိုင်မလဲ မသိဘူး ”
ရွှီချင်း တီးတိုးရေရွတ်လိုက်ပြီး ခရမ်းရောင်ဝတ်ရုံဝတ်သက်လတ်ပိုင်းလူ ပျောက်ကွယ်သွားသည့်အရပ်ကို စူးစိုက်ကြည့်ပြီးနောက် လှည့်၍ အဝေးသို့ ခပ်သွက်သွက်လျှောက်သွားသည်။
ညက အေးချမ်းခြင်းမရှိသည်ကို သူ သိထားပြီး အရှိန်တင်၍ ပြေးသွားရာ တစ်နာရီကြာပြီးနောက် ဆိပ်ကမ်းနံပါတ်ခုနစ်ဆယ့်ကိုးကို သူ ရှာတွေ့သွားသည်။
ဆိပ်ကမ်းက မြို့ထဲနှင့်မတူဘဲ အလင်းမှိန်ပျပျသာရှိသည်။ အစောင့်အကြပ်များ ကင်းလှည့်နေကြပြီး သတိမပြတ်ရှိနေကြပါသော်လည်း ခြေကျင်လျှောက်နေသူများကို တွေ့ပါက ရှောင်ကွင်းသွားကြသည်။ သူတို့ သတိထားနေသည်မှာ အမိန့်ကို လိုက်နာနေခြင်းမဟုတ်ဘဲ အန္တရာယ်မှ ရှောင်ရှားရန်သာဖြစ်ကြောင်း သိသာသည်။
ရွှီချင်းကို မြင်သောအခါတွင်လည်း ထိုနည်းတူ ပြုမူကြသည်။ သူတို့က တစ်ချက်ကြည့်၍ မေးခွန်းများမမေးဘဲ ချက်ချင်း အဝေးသို့ လျှောက်သွား၏။
ရွှီချင်းက အဝေးသို့ ထွက်သွားပြီဖြစ်သော ကင်းလှည့်ကျင့်ကြံသူများကို စိုးရိမ်တကြီး ကြည့်၍ ငြိမ်သက်သွားသည်။ ယခုတွင် ချီရွှဲ့ထုံဂိုဏ်း၏အန္တရာယ်များကို သူ ပို၍ နားလည်သဘောပေါက်လာပြီဖြစ်သည်။
ထိုအချိန်၌ သူ တဖြည်းဖြည်း ဆိပ်ကမ်းကို ချဉ်းကပ်လာပြီး ပင်လယ်လေပြေက ဆော်သွေးတိုက်ခတ်လာသည်။ ရေလှိုင်းခတ်သံများလည်း လွင့်ပျံနေပြီး မြင်းခွာပုံစံရှိသော ခုနစ်ဆယ့်ကိုးခုမြောက်ဆိပ်ကမ်းပေါ်လာသည်။ ပင်လယ်ရေလှိုင်းများက ဆိပ်ကမ်းကို အဆက်မပြတ် ရိုက်ခတ်နေ၏။
အထဲတွင် လှေကလေးများသည် အနည်းငယ်သာ ခြားထားပြီး တစ်လှေနှင့်တစ်လှေ စောင့်ကြပ်နေကြသည့်အလားပင်။ လှေအရွယ်အစားများက အတူတူဖြစ်ပါသော်လည်း ပုံစံများက အနည်းငယ် ကွဲပြားသည်။ သို့သော် အနီးကပ်ကြည့်ပါက လှေကလေးများ၏ အကြမ်းဖျင်းပုံစံက ရွှီချင်း၏ပုလင်းထဲရှိ လှေကလေးနှင့် ဆင်တူနေသည်ကို မြင်ရမည်ဖြစ်သည်။ ထိုဆိပ်ကမ်းတွင် လှေနှစ်ရာကျော်ရှိသည်။
သို့သော် ခုနစ်ဆယ့်ကိုးခုမြောက်ဆိပ်ကမ်းက ကြီးမားလွန်းလှပြီး ဆိပ်ကမ်းတွင် ကပ်ထားသော လှေအရေအတွက်က ဆိပ်ကမ်းအကျယ်၏ နှစ်ဆယ်ရာခိုင်နှုန်းသာ ရှိသည်။
အထဲတွင် အလင်းဖျော့ဖျော့ ရှိပါသော်ငြား လွန်စွာ တိတ်ဆိတ်နေသည်။ မည်သည့်တပည့်မျှ အပြင်ထွက်နေသည့်အရိပ်အယောင် မရှိချေ။ လူအားလုံးအတွက် ညနက်လာလေ သတိကြီးကြီးထားရမည့်အချိန်ပင် ဖြစ်သည်။
တချိန်တည်းမှာပင် ဤနေရာတွင် ဝိညာဉ်စွမ်းအားများ ထူထပ်သိပ်သည်းစွာ ရှိနေပြီး ဓာတ်နှောများလည်း ရှိနေသည်ကို ရွှီချင်း သတိထားမိလိုက်သည်။ ၎င်းတို့က ပင်လယ်ပြင်မှ ထွက်ပေါ်နေခြင်း ဖြစ်ဟန်တူသည်။
မည်းနက်နေသော ပင်လယ်ရေကြောင့် ပင်လယ်ပြင်၏အောက်ခြေ၌ မည်သည့်အရာများ ရှိနေသည်ကို ကြည့်နိုင်ရန် မဖြစ်နိုင်ချေ။
ထိုသို့ မသိနိုင်သောအခြေအနေက လူများကို စိတ်ထဲမတင်မကျ ခံစားရစေသည်။ ယင်းအပြင် ပင်လယ်အောက်ခြေ၌ အန္တရာယ်ကြီးတစ်ခု ပုန်းအောင်းနေဟန်တူနေ၏။ ရွှီချင်းက ဖျတ်ခနဲ ကြည့်လိုက်ပါသော်လည်း သူ၏ဆံပင်များ ထောင်ထသွားပြီး တားမြစ်နယ်မြေထဲ ရောက်သွားသည့်ပမာ ခံစားလိုက်ရသည်။
“ ငါ ဒီမှာ လေ့ကျင့်ရင် မြန်မြန် တိုးတက်လာမယ်။ ပြီးတော့ အချိန်တိုင်း ငါ စိတ်အေးလက်အေးနဲ့ ကျင့်ကြံနိုင်မယ် ”
ရွှီချင်းက တီးတိုးရေရွတ်လိုက်ပြီး ရွှမ်နံပါတ် ( ၃၃ ) ကို လိုက်ရှာလိုက်သည်။
ထိုနေရာကို ရောက်သောအခါ အနည်းငယ် ချောင်ကျပြီး ဘေးပတ်ဝန်းကျင်တွင် လှေများစွာ ရှိမနေသည်ကို မြင်လိုက်ရသည်။
ရွှီချင်းက ဘေးပတ်ဝန်းကျင်ကို သတိထား၍ အကဲခတ်လိုက်ပြီး ဘာအန္တရာယ်မှမရှိကြောင်း သေချာသောအခါ သေတ္တာကလေးထဲမှ ပုလင်းလေးကို ထုတ်၍ ဖွင့်လိုက်သည်။ ပုလင်းထဲတွင် ဝင်းလက်သွားပြီး အထဲမှ လှေလေးတစ်စင်း ပျံထွက်လာသည်။ ရေပြင်ပေါ် ရောက်သွားသောအခါ လှေကလေးက အလိုလို အရွယ်အစားကြီးလာသည်။
ပင်လယ်ရေပြင်ကို လှေကလေး ဗွမ်းခနဲ ကျသွားပြီး ရေလှိုင်းများ ဘောင်ဘင်ခတ်သွားကာ ရွှီချင်း၏ရှေ့တွင် ပေသုံးဆယ်ရှညကာ ဆယ်ပေကျယ်သော လှေတစ်စီး ပေါ်လာသည်။
၎င်း၏ခန္ဓာကိုယ်တစ်ခုလုံး မည်းနက်နေပြီး ပျဉ်ချပ်တိုင်းတွင် ကမ္ပည်းစာအမြောက်အမြား ရေးထွင်းထားသည်။ ၎င်းထံမှ အနက်ရောင်အလင်းဖျော့ဖျော့နှင့် ဝိညာဉ်စွမ်းအားအငွေ့အသက်များလည်း လွင့်ပျံနေပေရာ အလွန် အံ့သြစရာကောင်းလှသည်။
အနက်ရောင်အခန်းငယ်လေးသည်လည်း သန္ဓေပြောင်းသားရဲတစ်ကောင်၏ အရေပြားနှင့် လုပ်ထားခြင်း ဖြစ်သည။ ၎င်း၏အကြေးခွံများကို မြင်နေရပြီး အလွန် မာကြောခိုင်ခံဟန်တူသည်။ လှေထိပ်ဦးတွင် ရုပ်ထုတစ်ခုလည်း ရှိသည်။
ထိုရုပ်တု၏ခေါင်းက မိကျောင်းကြီးတစ်ကောင်၏ခေါင်းဖြစ်သည်။ ၎င်းက ပါးစပ်ကြီး ဟထားပြီး စူးရှချွန်ထက်သော သွားများကို ပြသထားပေရာ လွန်စွာ ကြောက်မက်ဖွယ် ကောင်းလှသည်။
ထိုလှေကလေးကို အဝေးမှကြည့်လျှင် ပင်လယ်ပြင်ထဲ ကူးခတ်နေသော ဧရာမမိကျောင်းကြီးတစ်ကောင်ပမာ ထင်မှတ်ရမည်ဖြစ်သည်။