ဒီချူးယွင်ဖန်းက မရိုးရှင်းဘူး
Vol. 81 Ch. 1203
ဤအသံထွက်လာသောအခါ ယောကျ်ားနှင့် မိန်းမတစ်ယောက် လမ်းလျှောက်လာသည်။ ၎င်းတို့ထဲမှ တစ်ယောက်က အနီရောင်မီးတောက်ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးငယ်တစ်ဦးဖြစ်သည်။ သူမသည်ကား အန်းကော်မြို့ဝန်၏ ပုလဲဖြစ်သူ အန်းကော်ပင်ဖြစ်သည်။ သူ့ဘေးတွင် ချောမောလှပသော လူငယ်တစ်ယောက် ရပ်နေသည်။ ထိုသူကမူ ပို၍ အံ့သြသင့်ဖွယ် ခမ်းနားသော ဝတ်စုံကို ဝတ်ဆင်ထားကာ အလွန် စွမ်းအားကြီးသောရောင်ဝါရှိသည်။
အိမ်တော်ထိန်းက ၎င်းတို့နှစ်ဦးကိုမြင်သောအခါ ခြေထောက်များချက်ချင်းပျော့ခွေသွားရသည်။ သူက လျောင်သာ့ယီကို ဥပက္ခာပြုခဲ့ခြင်းမှာ လျောင်သာ့ယီက စီတုမျိုးနွယ်စုကို မထိန်းချုပ်နိုင်သောကြောင့် ဖြစ်သည်။ သို့သော် ယခု သူ့ရှေ့မှ လူနှစ်ဦးသည် အလွန်ခြားနားလှသည်။ အန်းရှို့ရှို့သည် အကြီးဆုံးမမလေး၏ အချစ်ဆုံးသူငယ်ချင်းဖြစ်၍ ၎င်းတို့ချင်းဆက်ဆံရေးကအလွန်ကောင်းလှသည်။
အခြားသူသည် ပို၍ပင် အထင်ကြီးဖွယ်ကောင်းသည်။ ၎င်းသည်ကား အန်းကော်မြို့ဝန်၏ ဆက်ခံသူ အန်းကျန်းကော်ပင်ဖြစ်သည်။ မည်သူဖြစ်စေကာမူ ၎င်းတို့ကို စော်ကားရန် မတတ်နိုင်ပေ။ ဤအခိုက်အတန့်တွင် ချူးရှို့ကျဲ၏ အကျိုးအမြတ်များကိုလက်ခံကာ ချူးယွင်ဖန်းကို ပြဿနာရှာရန် လက်ခံခဲ့ခြင်းသည် မှားယွင်းသော ရွေးချယ်မှုပင်ဖြစ်ကြောင်းနားလည်ခဲ့သည်။ သူပင်မသိသော ဤလူသည် ဤကြီးမားသောပုဂ္ဂိုလ်များကို တစ်ယောက်ပြီးတစ်ယောက်ထွက်လာစေရန်လုပ်နိုင်လိမ့်မည်ဟု မည်သူကထင်လိမ့်မည်နည်း။ အန်းရှို့ရှို့က အိမ်တော်ထိန်းကို တစ်ချက်ကြည့်ကာ ရှည်လျားသောကြာပွတ်ဖြင့် ရိုက်ချလိုက်သည်။
“မင်း မြောင်ယီရဲ့ ဂုဏ်သတင်းကို ဘယ်လောက်တောင် ဖျက်ဆီးရဲတာလဲ” အန်းရှို့ရှို့က ဒေါသတကြီးပြောသည်။
ထိုသို့သောသူမျိုးကို သူမ အမုန်းဆုံးလည်းဖြစ်သည်။ သခင်ဖြစ်သူ၏ အမည်ကို စည်းမဲ့ကမ်းမဲ့အသုံးပြုနေခြင်းဖြစ်ရာ အရေးအကြီးဆုံးအရာက သူစော်ကားခဲ့သူမှာ ချူးယွင်ဖန်းဖြစ်နေခြင်းပင်ဖြစ်၏။ ထိုကာလအတွင်း သူမသည် ချူးယွင်ဖန်း၏နေရာသို့ အကြိမ်များစွာသွားခဲ့သည်။ ချူးဟုန်ချိုင်ကို သင်ပေးနေသော်လည်း ချူးယွင်ဖန်း၏လမ်းညွှန်မှုကိုလည်း လက်ခံရရှိမည်ဖြစ်သည်။
ချူးယွင်ဖန်းသည် သူမအား အကြံဥာဏ်များစွာမပေးသော်လည်း သူသည် အချိန်တိုင်း ခေါင်းကို သံမှိုရိုက်သည်။ ဤအရာက သူမကို ဉာဏ်အလင်းရစေသည်။ သူမ၏ နှလုံးသားထဲ၌ ချူးယွင်ဖန်းသည် ‘ပြိုင်ဘက်ကင်း’ ဟူသော စကားနှင့်အဓိပ္ပါယ်တူတူပင်ဖြစ်သည်။
သူမ ထိုသို့သော လူမျိုးကို ရန်မစချင်ပေ။ ချူးယွင်ဖန်းအပေါ်သို့ စီတုမြောင်ယီ၏ သဘောထားက ၁၈၀ ဒီဂရီလှည့်နေပြီဖြစ်ကြောင်း သူမသိသည်။ မူလက စီတုမြောင်ယီသည် သေသည်အထိ အရိုက်ခံရမည်ဆိုလျှင်ပင် ချူးယွင်ဖန်းနှင့် မည်သို့မျှမပတ်သတ်ချင်ပေ။
သို့သော်၊ မြွေညီနောင်များနှင့် တိုက်ပွဲအပြီးတွင် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ ထို့ကြောင့် သူမသည် ချူးယွင်ဖန်းကို ဖိတ်ကြားရန် အန်းရှို့ရှို့ကို တောင်းဆိုခဲ့သည်။ ယခု ဤအိမ်တော်ထိန်းက ချူးယွင်ဖန်းကို ပြဿနာရှာရန်သတ္တိရှိသဖြင့် သူ့အားမည်သူက စေခိုင်းထားစေကာမူ ခွင့်လွှတ်နိုင်မည်မဟုတ်ပေ။
“အား…”
အိမ်စောင့်က အော်ဟစ်လျက်ပင် လွင့်ထွက်သွားသည်။ အခန်းထဲရှိလူတိုင်း အံသြသွားကြသည်။ အန်းရှို့ရှို့သည် သွေးပူသော မိန်းမဖြစ်သည်ကို အားလုံးသိကြသော်လည်း တိုက်ခိုက်မည်ဟု မမျှော်လင့်ခဲ့ကြပေ။
စီတုမျိုးနွယ်၏ အစေခံများနှင့် အစောင့်များသည် စောင့်ကြည့်ရုံသာကြည့်၍ ရှေ့သို့ မလှမ်းဝံ့ပေ။ အကယ်၍ ဤနေရာ၌ ဤသို့ပြုမူရဲသည်မှာ အခြားသူတစ်ဦးဖြစ်ခဲ့ပါက၊ ၎င်းတို့သည် မတ်တပ်ရပ်၍ စောင့်ကြည့်နေမည်မဟုတ်ပေ။ သို့သော် ဤသည်ကား ဤအမျိုးသမီးဖြစ်၏။ အန်းရှို့ရှို့နှင့် စီတုမြောင်ယီ တို့သည် ကောင်းမွန်သော ဆက်ဆံရေးရှိကြောင်း လူတိုင်းသိသည်။
‘ဤအမျိုးသမီးကို မည်သူက တားမည်နည်း”
ခဏအကြာတွင် အိမ်တော်ထိန်းက ကြိမ်ဒဏ် ဆယ်ကြိမ်ထက်မနည်း ရိုက်နှက်ခံခဲ့ရသည်။ ထို့ကြောင့် တစ်ကိုယ်လုံး ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေကာ အဆက်မပြတ် အော်နေခဲ့သည်။
“သခင်လေးကျဲ ကယ်ပါဦး”
အန်းရှို့ရှို့က သူ့ကိုသတ်တော့မည့်အရိပ်အယောင်မြင်သောအခါ အိမ်တော်ထိန်းက ကျယ်လောင်စွာဖြင့် မြန်မြန်အော်လိုက်သည်။ ထိုအချိန်၌ အန်းရှို့ကျဲက အသံမထွက်နိုင်တော့ပေ။ ထို့ကြောင့် ရှေ့တိုး၍ ခပ်တိုးတိုးသာပြောလိုက်သည်။
"အန်းရှို့ရှို့၊ မင်းဒီလို တိုက်ခိုက်တာ မသင့်တော်ဘူး မဟုတ်လား၊ ဘာပဲဖြစ်ဖြစ်၊ သူက စီတုမျိုးနွယ်ထဲကပဲလေ။ စီတုမျိုးနွယ်စုကို မင်း မလေးစားဘူးလို့တော့မပြောနဲ့”
“ချူးရှို့ကျဲ ရှင် တကယ် ဒီလိုလုပ်မယ်ပေါ့။ ရှင့်ရဲ့ ဒီလောက် အဆင့် ဦးနှောက်လေးနဲ့ မြောင်ယီနဲ့ ကျွန်မကြားမှာ ရန်စရှိအောင်လုပ်ဖို့ကြိုးစားနေတာလား” အန်းရှို့ရှို့က ရယ်မောလိုက်သည်။
အိမ်စောင့်က ချူးရှို့ကျဲကို လှမ်းခေါ်လိုက်သည့်အခိုက်၌ ဤကိစ္စသည် သူနှင့် သက်ဆိုင်မှုရှိရမည်ကို သူမ သိသည်။ မည်သည့်အောင်မြင်မှုတစ်ခုမျှမရှိထားသည့် ချူးရှို့ကျဲကဲ့သို့သော သူများကို သည်းမခံနိုင်ပေ။
ချူးရှို့ကျဲက အလွန်ဒေါသထွက်ကာ မျက်နှာတစ်ခုလုံးပြာသွားသော်လည်း အန်းကျန်းကော်က အန်းရှို့ရှို့အနားတွင်ရှိနေသောကြောင့် တန်ပြန်တိုက်ခိုက်ဝံ့ခြင်းမရှိပေ။ အန်းကျန်းကော်သည် မည်မျှ အစွမ်းထက်သည်ကို သူသိသည်။ သူ နတ်အဆင့်သို့ရောက်ခဲ့သည်မှာ ကြာခဲ့ပြီဖြစ်ကာ သူ၏ လက်ရှိကျင့်ကြံရေးအဆင့်က ရိုးရှင်းစွာဖြင့်ပင် နားမလည်နိုင်ဖွယ်ကောင်းလှသည်။ ထို့ကြောင့် အနာဂတ်တွင် ခုန်းလုံမြို့ရှိ ထိပ်တန်းကျွမ်းကျင်သူများအကြား နေရာတစ်နေရာရရှိလိမ့်မည်မှာသေချာသည်။ နောက်ပိုင်းတွင် သူသည် ကျုံးရှင်မြို့ဝန်၏ အမွေခံဖြစ်လာသော်လည်း သူသည် အန်းကျန်းကော်နှင့် ပြိုင်ဘက်မဟုတ်ပေ။
"ဘာပဲဖြစ်ဖြစ်၊ စီတုမျိုးနွယ်ကို ကိုယ်စားမပြုနိုင်ဘူး” ချူးရှို့ကျဲကပြောသည်။
“အဲ့မှာ ငါ ကိုယ်စားမပြုနိုင်တဲ့အရာ ဘာရှိလဲ။ ရှို့ရှို့ပြောတာမှန်သမျှက ငါ စီတုမြောင်ယီပြောတဲ့အရာပဲ”
ရုတ်တရက် ငြိမ့်ညောင်းသော်လည်း ကျယ်လောင်သော အသံတစ်ခုကြားလိုက်ကြရသည်။ ချူးယွင်ဖန်းက မော့ကြည့်လိုက်သောအခါ မတွေ့သည်မှာ ဆယ်ရက်ကျော်ကြာခဲ့ပြီဖြစ်သော စီတုမြောင်ယီကိုမြင်လိုက်ရသည်။ ယနေ့ စီတုမြောင်ယီက အလွန်ခမ်းနားသောအဝတ်အစားကိုဝဝတ်ဆင်ထားရာ ထိုနေ့က သူမကို တွေ့ခဲ့စဥ်ကထက် လှပသည်။ သို့သော် ဤအခိုက်အတန့်၌ သူမ၏ မျက်နှာက ဒေါသဖြင့် ပြည့်နေသည်။ ထို့ကြောင့် မျက်မှောင်ကြုတ်၍ ပြောလိုက်၏။
“ရှို့ရှို့က ဒီသစ္စာဖောက်ကို မသတ်တာကတင် ငါ့ကို လေးစားပေးနေတာပဲ”
စီတုမြောင်ယီသည် အစေခံတစ်ဦးထံမှ အခြေအနေကို ကြားသိထားပြီးဖြစ်သည်။ ထို့ကြောင့် သူမ ချက်ချင်းပင် ဒေါသထွက်သွားသည်။ သူမသည် ချူးယွင်ဖန်းကိုဖိတ်ခေါ်ရန် အခက်အခဲများစွာကြုံတွေ့ခဲ့ရသော်လည်း ဤသစ္စာဖောက်သည် ချူးယွင်ဖန်းကိုဖြေရှင်းရန် အခြားသူများနှင့်ပူးပေါင်းခဲ့သည်။ ဤသည်က သူမ၏ မျက်နှာကို တည့်တည့် ဖြတ်ရိုက်လိုက်ခြင်းပင် မဟုတ်ပေလော။
လွန်ခဲ့သည့်ရက်အနည်းငယ်တွင် သူမသည် သူမ၏အကောင်းဆုံးသူငယ်ချင်း အန်းရှို့ရှို့ထံမှ ချူးယွင်ဖန်းအကြောင်း အဆက်မပြတ်လေ့လာနေခဲ့သည်။ ချူးယွင်ဖန်း၏ အကဲဖြတ်မှုများသည် ပိုမိုမြင့်မားလာကာ ယခင်က ခုခံမှု ပျောက်ကွယ်သွားခဲ့သည်။
အိမ်တော်ထိန်းက ဤစကားကိုကြားသောအခါ အမူအရာချက်ချင်းပြောင်းလဲသွားသည်။ ထို့ကြောင့် အမြန်ထရန် ရုန်းကန်၍ အော်လိုက်၏။
“အကြီးဆုံးမမလေး ကျွန်တော့်အသက်ကို ချမ်းသာပေးပါ”
“နင့်ကို သက်ညှာပေးရမယ်ဟုတ်လား။ ဒီကမ္ဘာမှာ ဒီကို ကောင်းတဲ့ကိစ္စမျိုး ဘယ်လိုရှိနိုင်မှာလဲ၊ သူ့ကို ဆွဲထုတ်ပြီး ကြိမ်ဒဏ် ရှစ်ဆယ်နဲ့ စီတုမျိုးနွယ်ထဲက ထုတ်ပစ်ပါ” စီတုမြောင်ယီ အမိန့်ပေးသည်။
ချူးယွင်ဖန်းသည် စီတုမြောင်ယီအပေါ် လေးစားမှု အဆင့်အသစ်တစ်ခုရှိလာသည်။ မူလက သူမသည် ဖန်လုံအိမ်ထဲတွင် ပျိုးထောင်ခံထားရသည့် ပန်းတစ်ပွင့်ဟု သူထင်ခဲ့သည်။ ယခုမူ သူမသည် ယောက်ျားတစ်ယောက်ထက် အဆင့်မနိမ့်ဟု ထင်ရ၏။ မကြာခင်၌ပင် အိမ်တော်ထိန်းကိုဆွဲထုတ်ပြီးနောက် ချူးရှို့ကျဲ၏ မျက်နှာက ပို၍ စိမ်းပုတ် ဖြူဖျော့လာသည်။ ထို့ကြောင့် နောက်သာပြန်ဆုတ်နိုင်ခဲ့၏။
စီတုမြောင်ယီက သူ့ကို ဥပက္ခာပြုကာ ချူးယွင်ဖန်းထံသို့ တည့်တည့်လျှောက်သွားသည်။
“သခင်လေးချူး ကျွန်မ တကယ်တောင်းပန်ပါတယ်။ လက်အောက်ငယ်သားတွေကို သေချာမစီမံမိတာ ကျွန်မ ပေါ့လျော့တာပါ။ ဒီလိုမျိုးကိစ္စမျိုးဖြစ်သွားရတယ်လို့”
“ရပါတယ် သူတို့က ဒီတိုင်း ဆန်ကုန်မြေလေးတွေပါ" ချူးယွင်ဖန်းပြုံးလိုက်သည်။
ထို့နောက် အန်းကျန်းကော်က ချူးယွင်ဖန်းထံသို့ ရုတ်တရက် လျှောက်လာသည်။
“ချူးယွင်ဖန်းဟုတ်လား။ ငါ့ညီမက မင်းအကြောင်း တော်တော်ပြောတယ်။ ငါကြားတာတော့ လတ်တလော မင်းက ညီမလေးကို အများကြီးလမ်းညွှန်ပေးခဲ့တယ်ဆိုပဲ။ အန်းမျိုးနွယ်စုအစား ငါကျေးဇူးတင်ပါတယ်”
"ဘာမှမဟုတ်ပါဘူး။ ဒါက အသေးအမွှားကိစ္စပဲလေ။ ရှို့ရှို့က အရမ်းထက်မြက်တယ်။ သူ့ကို လမ်းညွှန်ပေးဖို့လူလေးပဲ လိုနေတာ” ချူးယွင်ဖန်းက အေးဆေးတည်ငြိမ်စွာပြောခဲ့သည်။
အန်းကျန်းကော်က ချူးယွင်ဖန်းကိုကြည့်ကာ ယခင်က ချူးယွင်ဖန်းကို အလေးအနက်မထားခဲ့သော်လည်း
အန်းရှို့ရှို့အကြောင်း စကားကို နားထောင်ပြီးနောက် လူတိုင်း ချူးယွင်ဖန်းကို လျှော့တွက်သွားကြောင်း ရုတ်တရက် သိလိုက်ရသည်။
ချူးယွင်ဖန်းက များစွာမပြောခဲ့သော်လည်း စကားလုံးတိုင်းက ခေါင်းထဲသို့ သံမှိုရိုက်သည့်အလား ထိရှသွားသည်။ ဤသို့ ထိုးထွင်းသိမြင်မှုသည် သာမန်လူများသိနိုင်သည့်အရာမဟုတ်ပေ။ တကယ်တမ်းတွင် အန်းကျန်းကော်ပင်လျှင် ထိုသို့မလုပ်နိုင်ပေ။
ဤ ချူးယွင်ဖန်းသည် မရိုးရှင်းပေ။