မီးအိမ်ပန်း
Vol. 13 Ch. 186
နေ့လယ် ၁၆:၂၀၊၊
လင်းရှန်သည် မော်တော်ဆိုင်ကယ်ကို စီးလျက် မြို့ငယ်လေး၏ လမ်းများပေါ်မှတစ်ဆင့် ဓာတုဗေဒ စက်ရုံကြီးဆီသို့ အပြင်းအထန် မောင်းနှင်နေသည်။ ထိုးထိုးထောင်ထောင်ရှိနေသော ပေါင်းခံစက်များနှင့် ငွေရောင်သိုလှောင်ကန် အများအပြားလည်း မြင်ကွင်းထဲ ပေါ်လာသည်။
စက်ရုံ၏ ပြိုကျနေသော ဝင်ပေါက်မှ ဖြတ်ကျော်ဝင်ရောက်လာခဲ့ရာတွင် သူ၏ဆိုင်ကယ်သည် ပြန့်ကျဲနေသော အပျက်အစီးများပေါ်မှ ဖြတ်သွားခဲ့ပြီး ကျယ်ပြန့်သော နေရာတစ်ခုသို့ ရောက်ရှိသွားသည်။ ပတ်ပတ်လည်ကို ကြည့်လိုက်ရာ စက်ရုံ၏ အစိတ်အပိုင်းများစွာတွင် စွန့်ပစ်ရေများဖြင့် ပြည့်နှက်နေပြီး အချို့နေရာများတွင် ထူးဆန်းသော အရောင်ရှိသည့် အရည်များ မြေပြင်ပေါ်၌ စီးဆင်းနေသည်။ လေထဲတွင်လည်း စူးရှသော အနံ့တစ်မျိုးက ရှိနေသည်။
တစ်ချိန်တည်းမှာပင် ရှုချင်းနှင့် တာလို့တို့သည် ဂျစ်ကားဖြင့် အခြားဝင်ပေါက်တစ်ခုမှ မောင်းဝင်လာကြသည်။
“ကပ္ပတိန် လင်း”
ရှုချင်းသည် အကြမ်းဖျင်း ဆွဲထားသော မြေပုံတစ်ခုကို ထုတ်လိုက်ပြီး လင်းရှန်ကို ပြောလိုက်သည်။
“မနေ့ညက အဲ့ဒီ ကြောက်မက်ဖွယ် သတ္တဝါတွေ ဆုတ်ခွာသွားတဲ့ နေရာတွေကို ငါတို့ စစ်ဆေးပြီးပြီ၊၊ ဒီမြို့ထဲ အဝင်အထွက် အဓိကလမ်းတွေကိုပါ ကင်းထောက်ခဲ့တယ်။ မိုးရေမြို့တစ်ခုလုံးကို စက်ဝိုင်းပုံဇုန်တစ်ခုက ဖုံးအုပ်ထားတာ သေချာသလောက်ပဲ။ ငါတို့ တွက်ချက်မှု မှန်ကန်တယ်ဆိုရင် ဒီဓာတုဗေဒ စက်ရုံဟာ အဲ့ဒီစက်ဝိုင်းရဲ့ ဗဟိုဖြစ်လိမ့်မယ်”
လင်းရှန်သည် သူမ၏စကားကို ခေါင်းညိတ်လိုက်ပြီး ဧရာမပေါင်းခံစက်ဆီသို့ လှည့်ကြည့်လိုက်သည်။
“ဒါဆို ဒါက နေရာပဲ ဖြစ်ရမယ်”
—ဝီး—
ကီကီသည် ဒရုန်းကို ချိန်ညှိပြီးဖြစ်သဖြင့် အပေါ်စီးမှ စက်ရုံကို ကင်းထောက်ရန် လေထဲသို့ ပျံတက်စေလိုက်သည်။
တိုက်ရိုက်ရုပ်သံတွင် ကြောက်မက်ဖွယ် တိတ်ဆိတ်နေသော ဓာတုဗေဒ စက်ရုံကို ပြသနေသည်။ ဖန်သားပြင်ကို စိုက်ကြည့်ရင်း ကီကီက ပြောလိုက်သည်။
“လူတွေရဲ့ အရိပ်အယောင်မရှိဘူး။ ပုံမှန်ပါပဲ”
“ဘယ်လိုမှ ပုံမှန်ဖြစ်မဖြစ်နိုင်ဘူး”
လင်းရှန်က လက်ကို မြှောက်လိုက်ပြီး လေဟာနယ်မှ အသေးစား တယ်လီစကုပ်တစ်ခုကို ဖန်တီးကာ ရှုချင်းကို ပေးလိုက်သည်။
“ရှုချင်း အပေါ်စီးက အမြင့်တစ်နေရာ ရှာပြီး စောင့်ကြည့်နေ”
“ကောင်းပြီ”
ရှုချင်းသည် သူမ၏ ရီမီတန် M96 ကို ကျောပိုးလိုက်ပြီး အနီးရှိ ကွန်ကရစ်တိုင်ပေါ်သို့ လျင်မြန်စွာ ခုန်တက်လိုက်ကာ ထိုအရာကို ခြေနင်းအဖြစ် အသုံးပြု၍ စက်ရုံ၏ ကုန်ကြမ်းပိုက်လိုင်းပေါ်သို့ တတ်လိုက်သည်။ လျင်မြန်စွာ ရွေ့လျားရင်း အမြင့်ရှိ စောင့်ကြည့်မျှော်စင်ဆီသို့ တက်သွားသည်။
“တာလို့ မင်းက ဝင်ပေါက်နဲ့ လမ်းတွေကို စောင့်ကြည့်”
“ကောင်းပြီ အစ်ကိုရှန်” တာလို့သည် သူ၏ဂတ်တလင်း သေနတ်ကို ဆွဲယူပြီး အဓိကဂိတ်ဆီသို့ ဦးတည်သွားသည်။
အားလုံး နေရာယူပြီးသောအခါ လင်းရှန်သည် ဓာတ်ငွေ့ကာမျက်နှာဖုံး နှစ်ခုကို ထုတ်ယူကာ ကီကီကို တစ်ခုပေးလိုက်သည်။ ထို့နောက် နှစ်ဦးသား အကြီးဆုံး ဓာတုလုပ်ငန်းအဆောက်အဦဆီသို့ ဦးတည်သွားကြသည်။
“ဟေး လင်းရှန် ရှင် အဲ့ဒီလူဆီက TRP စွမ်းအင်သံချပ်ကာကို စကင်ဖတ်လိုက်လား”
ကီကီသည် မြေပြင်ပေါ်ရှိ ထူးဆန်းသော အရည်များထဲသို့ မနင်းပဲ ၎င်းတို့အထက်မှ အားစိုက်ထုတ်စရာမလိုဘဲ ရွှေ့လျားကာ သူ့ကို အမီလိုက်နေသည်။
“ငါ လုပ်ချင်ခဲ့တာပဲ ဒါပေမဲ့ ‘ဟေး သူငယ်ချင်း ခဏလေး ငြိမ်ငြိမ်လေးနေနော်၊ ငါ မင်းရဲ့ ပစ္စည်းတွေကို စကင်ဖတ်မယ်’ လို့ ပြောလို့မရဘူးလေ”
“ခစ်”
ကီကီသည် မထိန်းနိုင်ဘဲ ရယ်မောလိုက်သည်။
“ဟားဟားဟား~ရှင်က အဲ့လောက်တောင် တုံးတာပဲ။ သူ သူမကြည့်နေတုန်း ဘာလို့ မလုပ်လိုက်တာလဲ။ ဒါမှမဟုတ် သူ့ကို ကျွန်မ လဲကျသွားအောင် လုပ်ခိုင်းလိုက်ရင် ရနေတာပဲ”
လင်းရှန် ဆွံ့အသွားသည်။ တင်းချီ၏ အဖွဲ့အပေါ် သံသယရှိသည်ဖြစ်စေ သူတို့သည် ကူညီခဲ့ကြသည်။ နောက်ကွယ်တွင် အကြံအစည်များ ရှိနေသည်ဆိုသော်လည်း သူ့ကို ရုတ်တရက် တိုက်ခိုက်လို့ မရပေ။ ထို့အပြင် စွမ်းအင်သံချပ်ကာသည် အလွန်ရှုပ်ထွေးသော ပစ္စည်းတစ်ခုဖြစ်ပြီး စကင်ဖတ်ခြင်းသည် လျင်မြန်သောအလုပ် မဟုတ်ပေ။
“အာရုံစိုက်။ စိတ်မပျံ့လွင့်နဲ့”
လင်းရှန်သည် စကားပြောရင်း အချိန်ဖြုန်းချင်စိတ် မရှိပေ။ သူ၏ အာရုံခံစားမှုများက ထက်မြက်နေပြီး ပတ်ဝန်းကျင်ကို အသေးစိတ် စူးစမ်းနေသည်။
“ဒါနဲ့ ရှင်က အဲ့ဒီ မီးတောက်အရူးကောင်ကိုဘာလို့ မခေါ်လာတာလဲ”
“ငါတို့ ကင်းထောက်ဖို့ပဲ လာတာ။ တစ်ခုခု ထူးခြားတာရှိရင် ချက်ချင်း ဆုတ်ခွာမယ်။ မြို့ထဲမှာ တခြား ယာဉ်တန်းတစ်ခု ရှိနိုင်သလို အယောင်ဆောင်တွေနဲ့ ကြောက်မက်ဖွယ် သတ္တဝါတွေလည်း ချောင်းမြောင်းနေနိုင်တယ်။ ယုံကြည်ရတဲ့ စွမ်းအားရှင်တစ်ယောက်ကို ချန်ထားခဲ့တာ ပိုကောင်းတယ်”
“တကယ်လား။ ရှင့်ရဲ့ ဆရာမချန်ကို စိုးရိမ်နေတာလို့ ထင်နေတာ”
ကီကီက ပြုံးစိစိဖြင့် နောက်လိုက်သည်။
လင်းရှန်သည် တင်းမာနေသော အခြေအနေတွင် ဤမိန်းကလေး နောက်ပြောင်နေနိုင်သည်ကို မယုံနိုင်ပေ။ ရယ်ချင်စိတ်ဖြင့် ပြုံးလိုက်သည်။
“ဪ မင်းက သဝန်တိုနေတာလား”
“ချီး~ ကျွန်မတင်ပါးကို သဝန်တိုရမှာလား”
၎င်းတို့သည် ဧရာမပိုက်လိုင်းများရှိရာ ဝင်္ကဘာအတွင်း ဖြတ်ကျော်လာခဲ့ရာမှ လမ်းချိုးအလှည့်များစွာကို ဖြတ်ကျော်ပြီးနောက် နောက်ဆုံးတွင် အမြင့်ဆုံး ပေါင်းခံစက်အောက်ရှိ အဆောက်အဦသို့ ရောက်ရှိသွားကြသည်။
“ဓာတ်ပစ္စည်း အလုပ်ရုံ အမှတ် ၁”
ကြီးမားသော သံတံခါးတစ်ချပ်သည် သူတို့ရှေ့တွင် တည်ရှိနေသည်၊၊
တံခါးမှာ အနည်းငယ်ဟနေပြီး အတွင်းမှ အေးစိမ့်သော လေသည် ကြောက်မက်ဖွယ် ကောင်းစွာ ဝေ့ဝဲတိုက်ခတ်နေသည်၊၊
“ကြည့်ရအောင်။ တစ်ခုခု ထူးခြားတာရှိရင် ချက်ချင်း ပြန်ထွက်မယ်”
လင်းရှန်သည် တင်းမာသွားပြီး သူ၏ ရိုင်ဖယ်ကို မြှောက်ပြီး သံမဏိဒိုင်းငယ်တစ်ခုကို ဖန်တီးလိုက်ကာ အတွင်းသို့ ဝင်သွားသည်။
—ဟူး—
အေးခဲနေသော လေများသည် သူတို့ဘေးမှ ဖြတ်တိုက်သွားသည်။ ဝင်ဝင်ချင်းပင် လေထဲတွင် ဧရာမ သတ္တုဓာတ်ပြုရေနွေးအိုးကြီးတစ်ခုကို မြင်လိုက်ရသည်။ ၎င်း၏ အပေါ်တွင် ဧရာမအဝါရောင် ဆေးသုတ်ထားသေ ဝန်တင်ကရိန်းတစ်စီးရှိနေသည်။ အောက်ခြေတွင် ကြမ်းပြင်သည် မြေအောက်ထပ်သို့ နစ်ဝင်နေပြီး ကြီးမားသော ငွေရောင် သိုလှောင်ကန်များဖြင့် ပြည့်နေသည်—၎င်းတို့အများစုမှာ လဲကျနေပြီဖြစ်သည်။ များပြားလှသော အရောင်မဲ့အရည်များသည် ဖိတ်စင်ထွက်လာပြီး အောက်ခြေ၏ သုံးပုံတစ်ပုံခန့်ကို ရေလွှမ်းနေသဖြင့် အဆုံးမဲ့ အနက်ရောင် ရေကူးကန်တစ်ခုလို ဖြစ်နေသည်။
လင်းရှန်သည် ထိုအရည်ကို အန္တရာယ်ကင်းသည်ဟု မယူဆရန် သဘောပေါက်ပေသည်၊၊
သိုလှောင်ကန်တစ်ခုဆီသို့ ချဉ်းကပ်ရင်း သူ၏မျက်နှာရှုံ့မဲ့သွားသည်။
“လခွမ်း… ၇၀ ရာခိုင်နှုန်း tert-butyl ဟိုက်ဒရိုပါအောက်ဆိုက်...”
ကီကီက ခေါင်းစောင်းလိုက်သည်။
“ရှင် အဲ့ဒါ ဘာလဲဆိုတာ သိလား”
“အထက်တန်းကျောင်း ဓာတုဗေဒ”
လင်းရှန်သည် အပေါ်ရှိ ဧရာမ ဓာတ်ပြုရေနွေးအိုးကြီးဆီသို့ အကြည့်ရောက်သွားပြီး သူ၏အမူအရာမှာ ပို၍ တင်းမာလာသည်။
“အဲ့ဒီအပေါ်ကဟာက အယ်လ်ကာလီ ပြင်ဆင်ရေးကန် ဖြစ်လိမ့်မယ်”
“ဆိုလိုတာက... အန္တရာယ်ရှိလား”
“ဒီနေရာမှာ tert-butyl ဟိုက်ဒရိုပါအောက်ဆိုက်နဲ့ ရေလွှမ်းခဲ့ရင် စက်ရုံတစ်ခုလုံး ပေါက်ကွဲသွားပြီ။ အလွန် မီးလောင်လွယ်ပြီး ပွတ်တိုက်မှု ဒါမှမဟုတ် တုန်ခါမှုကနေ ပေါက်ကွဲနိုင်တယ်။ ဒါကြောင့် ယိုစိမ့်သွားတာ မဖြစ်နိုင်ဘူးလို့ ငါ ထင်တယ်။ အဲ့ဒီအောက်မှာ စုနေတာက မိုးရေ ဒါမှမဟုတ် တခြားတစ်ခုခု ဖြစ်နိုင်တယ်။ ဒါပေမဲ့... အဲ့ဒီအပေါ်က အယ်လ်ကာလီကန်က ပြုတ်ကျပြီး သိုလှောင်ကန်တွေကို ထိမိရင် တစ်ကီလိုမီတာ ပတ်လည်မှာရှိတဲ့ အရာအားလုံး ပျက်စီးသွားလိမ့်မယ်”
—အာ—
ကီကီ၏ မျက်နှာသည် ဖြူဖျော့သွားပြီး ဧရာမ သတ္တုကန်ကြီးကို စိုးရိမ်တကြီး ကြည့်လိုက်သည်။
“ရှစ်…အဲ့ဒါက ကြောက်စရာကြီးပဲ”
လင်းရှန်သည် ဆုတ်ခွာရန် စဉ်းစားနေစဉ် အရာတစ်ခုက သူ့မျက်လုံးထဲ ဝင်လာသည်— ဓာတ်ပြုရေနွေးအိုးနှင့် သိုလှောင်ကန်များ နောက်တွင် မှိန်ဖျော့သော လိမ္မော်ရောင် အလင်းတစ်ခု တဖျတ်ဖျတ် လင်းနေသည်။ သူ၏အမူအရာသည် ထက်ရှလာပြီး သတ္တုလမ်းပေါ်တွင် အပြေးအလွှား သွားနေသည်။
လင်းရှန် ရွေ့သွားသည်နှင့် ကီကီသည်လည်း သူ့နောက်သို့ လိုက်ပါလာသည်။
ပိုနီးကပ်လာသည်နှင့်အမျှ သူတို့၏ အမူအရာများမှာ ပို၍ တင်းမာလာသည်။
သူတို့ရှေ့တွင် ထူးဆန်းသော မြင့်မားသည့် အပင်တစ်ပင် ပေါ်လာသည်ကို မြင်လိုက်ရသည်။
အောက်ရှိ ဓာတုဗေဒ ရေအိုင်ထဲမှ ထွက်လာသည့် ထူထဲသော အစိမ်းပုပ်ရောင်ပင်စည်သည် မီတာများစွာမြင့်ပြီး အပေါ်သို့ ကွေးညွှတ်သွားသည်။ ၎င်း၏ ထိပ်တွင် အချင်းနှစ်မီတာနီးပါးရှိသော ဧရာမ မီးအိမ်ပုံသဏ္ဌာန် ပန်းတစ်ပွင့် ချိတ်ဆွဲနေသည်။
ပန်းပွင့်၏ အတွင်းဘက်တွင် နက်ရှိုင်းသော အနီရောင်၊ အသားအမျှင်များသည် မှိန်ဖျော့ပြီး ကြောက်မက်ဖွယ် အလင်းရောင်ဖြင့် တဖျပ်ဖျပ် လင်းနေသည်။ ၎င်း၏ လိမ္မော်ရောင် ပန်းပွင့်ချပ်များသည် ရှုပ်ထွေးသော ပုံစံများဖြင့် အရစ်များရှိပြီး ထူးဆန်းစွာ စွဲမက်ဖွယ်ကောင်းသော အရောင်ကို ထုတ်လွှတ်နေသည်။
ဤဧရာမ အပင်သည် မြင့်မားသော သတ္တုကန်များကြားရှိ ဓာတုဗေဒ စွန့်ပစ်ရေအိုင်ထဲတွင် ပေါက်နေပြီး လုံးဝ သဘာဝမကျပေ။
“အိုး... ဒါက ဧရာမပန်းပွင့်ကြီးပဲ”
ကီကီ၏ မျက်လုံးများ အံ့ဩစွာဖြင့် ပြူးကျယ်သွားသည်။
“ဒါ ငါတို့ရဲ့ ဂန္ဓမာနက်ငရဲပန်းလို ဖြစ်နိုင်မလား။ သွေးကပ်ဘေးပန်းလား”
လင်းရှန် သက်ပြင်းရှိုက်လိုက်သည်၊၊
“ငါလည်း အဲ့လိုပဲ တွေးနေတာ ဒါပေမဲ့...”
သူသည် ပန်းကို သေချာကြည့်လိုက်ရာ အနီရောင်-လိမ္မော်ရောင် အလင်းရောင်များ တဖျတ်ဖျတ် လင်းနေသည်ကို သဘာဝမကျသဖြင့် စိတ်အနှောင့်အယှက် ဖြစ်နေသည်။ ၎င်းက နတ်ဆိုးအော်ရာတစ်ခုကို ထုတ်လွှတ်နေသည်။
ထို့ထက် ပိုသည်မှာ...
အပင်များတွင် မရှိသင့်သော အသက်ရှင်သန်နေသည့်ပုံစံကို ခံစားရသည်။
“ဘာဖြစ်တာလဲ”
“ဒါက အပင်လိုပဲ ဒါပေမဲ့ အပင်လည်း မဟုတ်ဘူး”
သူတို့နှစ်ဦးစလုံးသည် ထူးဆန်းသော ခံစားချက်ကို တစ်ထပ်တည်း ရနေကြသည်— ထိုအလင်းရောင်သည် စည်းချက်ကျကျ တဖျတ်ဖျတ် လင်းနေသည်။ ပြီးတော့ မီးအိမ်ပုံစံပန်းပွင့်ကိုယ်တိုင်က... သိမ်မွေ့စွာ မြင့်တက်လိုက် နိမ့်ဆင်းလိုက် ဖြစ်နေသည်... ၎င်းက...အသက်ရှုနေသည့်အတိုင်းပင်။
ကီကီ၏ မျက်နှာသည် ဖြူဖျော့သွားပြီး “ခဏ... ဒီပန်းက...”
လင်းရှန်သည် သူ၏ အသားများ တုန်ရီသွားသည်ကို ခံစားလိုက်ရသည်။ သူ၏ လည်ပင်းနောက်ဘက်ရှိ ဆံပင်များ ထောင်သွားသည်။
ထိုအချိန်တွင်—
သူ၏ ကျောပိုးအိတ်မှ မှိန်ဖျော့သော မြည်သံတစ်သံ ထွက်ပေါ်လာသည်။
သူ၏နှလုံးသားသည် နစ်မြုပ်သွားပြီး ထိုအရာသည် ဘာဖြစ်သည်ကို ချက်ချင်း သိလိုက်သည်။
မဆိုင်းမတွပင် သူသည် အိတ်ဇစ်ကို ဖွင့်လိုက်ပြီး သတ္တုညှပ်တစ်ခုကို ဖန်တီးလိုက်ကာ ဖန်ဘူးနှစ်ဘူးကို ဆွဲထုတ်၍ မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။
—ချွမ်—
ဖန်ဘူးများ ကွဲကြေသွားပြီး အဖြူရောင် ကပ်ပါးကောင်နှစ်ကောင် ထွက်ကျလာကာ မလှုပ်မယှက်... သေနေပုံရသည်။
“ဘာဖြစ်တာလဲ”
ကီကီက မေးလိုက်သည်။
လင်းရှန်၏ အမူအရာသည် မှောင်မိုက်သွားသည်။ “ဒီနေရာမှာ တစ်ခုခု အကြီးအကျယ် မှားနေပြီ”
မီးအိမ်ပန်းမှ အနီရောင်အလင်းသည် ၎င်းတို့အပေါ်သို့ ကျရောက်လာသောအခါ အဖြူရောင် ကပ်ပါးကောင် နှစ်ကောင်သည် ရုတ်တရက် တုန်ခါသွားပြီး ၎င်းတို့၏ ချိတ်ကဲ့သို့ လက်သည်းများကို ဆန့်ထုတ်ကာ အောက်ရှိ ဓာတုဗေဒ ရေအိုင်ထဲသို့ အရှိန်ဖြင့် ခုန်ဝင်သွားလေသည်။