← Chapters

လူသားမျိုးနွယ် သစ္စာဖောက်

Vol. 13 Ch. 193

လူသားမျိုးနွယ် သစ္စာဖောက်

Vol. 13 Ch. 193

ဝှစ်-ဝှစ်

မိုးရွာနေသည့် ညအမှောင်အောက်တွင် ရထားနက်ကြီးသည် ချောက်ကမ်းပါးများကို အရှိန်ပြင်းစွာ ဖြတ်သန်းသွားသည်။ သေနတ်သံများသည် အမှောင်ထုကို ထိုးဖောက်ကာ အလင်းရောင်များဖြစ်ပေါ်စေပြီး ကြောက်မက်ဖွယ် သတ္တဝါကြီးများ အရပ်လေးမျက်နှာမှ အုံလိုက်ကျင်းလိုက် စုပြုံတိုက်ခိုက်လာနေသည်ကို ဖော်ထုတ်ပြသနေသည်။ ထိုသို့ လာရောက်တိုက်ခိုက်နေပုံမှာ ထိတ်လန့်ဖွယ် ရုပ်ရှင်ကားတစ်ကားမှ မြင်ကွင်းတစ်ခုပမာ ထင်ရသည်။

ရထားပေါ်တွင် တိုက်ခိုက်နိုင်သူတိုင်း တိုက်ပွဲဝင်နေကြပြီး အမျိုးသမီးအချို့မှာ ကျည်ဆန်များ သယ်ယူပို့ဆောင်ရေးတွင် ကူညီပေးနေကြသည်။

ဒက် ဒက် ဒက် ဒက်

ရထားအပြင်ဘက်သို့ ကျည်ဆန်များ မိုးရွာသကဲ့သို့ ကျရောက်နေပြီး မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် သွေးစများက သံချပ်ကာကိုယ်ထည်ပေါ်သို့ စီးဆင်းနေကာ ကြောက်မက်ဖွယ် မြင်ကွင်းတစ်ခုကို ဖန်တီးပေးနေသည်။

သို့သော်လည်း သတ္တဝါကြီးများမှာ ပြီးဆုံးသွားမည့် အရိပ်အယောင်မရှိဘဲ အမှောင်ထုထဲမှ အဆက်မပြတ် ထွက်ပေါ်လာနေသည်။

တင်းကျန်းရီ သတိပေးခဲ့သည့်အတိုင်း အနန္တ ရထားတွင် သွေးအမှတ်အသားပါနေသောကြောင့် မရေမတွက်နိုင်သော အမှောင်သတ္တဝါများ တိုက်ခိုက်ရန် လာရောက်နေကြသည်။

ဆယ်မိနစ်ကျော်အတွင်းမှာပင် အနန္တ ရထားသည် မိုးရေမြို့ကုန်စည်ပို့ဆောင်ရေးပလက်ဖောင်းသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ၎င်း၏သံဘီးများသည် အစောပိုင်းက သတ်ဖြတ်ထားသည့် ကပ်ပါးကောင်များ၏ အလောင်းများကို ကြိတ်ချေကာ သွေးနှင့် သေခြင်းတရားများ ရောနှောပါဝင်နေသော မုန်တိုင်းကို ဖြတ်သန်း၍ ပြန်လာခဲ့သည်။

ဒိုင်း ဒိုင်း

ဘူတာရုံ၏ အပြင်ဘက်အနီးသို့ ရောက်ရှိလာချိန်တွင် ကြိုတင်ခန့်မှန်းထားသည့်အတိုင်း အမှောင်ထဲတွင် ပုန်းအောင်းနေကြသည့် ထူးဆန်းသော သတ္တဝါများမှာ တဖြည်းဖြည်း တိတ်ဆိတ်သွားပြီး နောက်ဆုံးတွင် ပျောက်ကွယ်သွားသည်။

ရထားပေါ်ရှိ သေနတ်သံများလည်း ရပ်တန့်သွားသည်။

လင်းရှန်နှင့် အခြားသူများမှာ ပြတင်းပေါက်များဘေးတွင် မတ်တပ်ရပ်နေရင်း မှောင်မည်းနေသော ဘူတာရုံဘက်သို့ စူးစိုက်ကြည့်နေကြပြီး အယောင်ဆောင်ကပ်ပါးကောင်များနှင့် ပြင်းထန်သော တိုက်ပွဲအတွက် အပြည့်အဝ ပြင်ဆင်ထားသည်။

PX-05 စက်ရုပ်များသည် 1130 လက်နက်စနစ်ကို ကျည်ဆန်ဖြည့်တပ်ဆင်ပြီးသားဖြစ်ကာ အချိန်မရွေး ပစ်ခတ်ရန် အဆင်သင့်ရှိနေသည်။

သို့သော် တစ်ခုခုတော့ မှားယွင်းနေသည်။

ရထား၏ ကျယ်လောင်သောအသံဖြင့် ပြန်လည်ရောက်ရှိလာခဲ့သည်၊၊သို့သော် လွန်ခဲ့သော မိနစ်ပိုင်းကမှ ကပ်ပါးကောင်များဖြင့် ပြည့်နှက်နေသည့် ကုန်စည်ပလက်ဖောင်းသည် ယခုတွင်မူ သုဿာန်တစ်ခုပမာ တိတ်ဆိတ်ငြိမ်သက်နေသည်။

ပြန့်ကျဲနေသော အလောင်းအနည်းငယ်နှင့် ကပ်ပါးကောင်များ၏ အကျွင်းအကျန်များသာ ကျန်ရှိတော့ပြီး ထိုမှလွဲ၍ ပလက်ဖောင်းတစ်ခုလုံး အမှောင်အတိ ကျနေသည်။

ဤထိတ်လန့်ဖွယ် တိတ်ဆိတ်မှုသည် ၎င်းတို့ ပထမဆုံး ညက ဤနေရာသို့ ရောက်ရှိလာခဲ့စဉ်က အချိန်ကို ပြန်လည်သတိရစေသည်။

“ထူးဆန်းလိုက်တာ... ခုနလေးကတင် အဲ့ဒီလိုမျိုး ကြောက်စရာကောင်းတဲ့ ကပ်ပါးကောင်တွေ အများကြီးပဲ၊၊ အခုကျတော့ ဘယ်လိုလုပ်ပြီး ရုတ်တရက် ပျောက်သွားတာလဲ”

“သတိထားကြ”

လင်းရှန်သည် တစ်ချက်ဝေ့ကြည့်ပြီးနောက် ဆက်သွယ်ရေးစက်ကို ဆွဲယူလိုက်သည်။

“အားလုံး သတိရှိရှိနေကြ။ သေနတ်တွေကို ကျည်ဖြည့်ပြီး ကပ်ပါးကောင်တွေရဲ့ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုတွေကို သတိထားကြ”

ရထားတစ်လျှောက် လင်းရှန်၏ အမိန့်ကို လျင်မြန်စွာ ပြန်လည်ပေးပို့လိုက်သည်။

လူတိုင်း လက်နက်များပြန်ဖြည့်ခြင်းနှင့် ပစ်ခတ်ရန် နေရာများကို ရှင်းလင်းခြင်းများ ပြုလုပ်ရင်း လျင်မြန်စွာ လှုပ်ရှားကြသည်။

ယာယီရပ်တန့်နေမှုက အသက်ရှူချိန်ရရန် အခွင့်အရေးပေးသော်လည်း တင်းမာမှုများမှာ လေထုထဲတွင် လွှမ်းခြုံနေဆဲဖြစ်သည်။

လူနေတွဲတွင် မည်သူမျှ စကားမပြောကြပေ။ လူတိုင်းက တိတ်ဆိတ်စွာ အရေးတကြီး လှုပ်ရှားနေကြသည်။

လင်းရှန်နှင့် ကီကီတို့သည် အမှတ် ၃ တွဲသို့ သွားကြရာ အပင်စိုက်ပျိုးရေးအခန်းထဲရှိ သွေးကပ်ဘေးပန်းသည် ပို၍ပြင်းထန်သော အနီရောင်အလင်းဖြင့် တောက်ပနေသည်ကို တွေ့ရပြီး ထိုအရာက မကောင်းသည့်နိမိတ်တစ်ခုအလားပင်၊၊

“ကပ်ပါးကောင် အချို့ကို သတ်လိုက်ပေမယ့်လည်း အလင်းက သိပ်ပြီး မှိန်မသွားသေးဘူး”

လင်းရှန် မျက်မှောင်ကြုတ်လိုက်သည်။

“ဒီနယ်မြေထဲမှာရှိတဲ့ အင်အားအကြီးဆုံး သတ္တဝါက ငါတို့အပေါ်မှာ ဒီအမှတ်အသားကို သေချာပေါက်ထားတာဖြစ်ရမယ်”

ပြောင်းလဲမှုများကို စူးစိုက်လေ့လာနေသည့် တင်းကျန်းရီသည် မျက်နှာတွင် တင်းမာသော အမူအရာဖြင့် လင်းရှန်ဘက်သို့ လှည့်လာသည်။

“ဒီသီအိုရီကို ငါတို သက်သေပြနိုင်ရင် အသက်ပေါင်းများစွာကို ကယ်တင်နိုင်လိမ့်မယ်”

လင်းရှန် အသက်ပြင်းပြင်း ရှူလိုက်သည်။

“မနက်ဖြန်ထိ အသက်ရှင်ဖို့ကိုပဲ အရင် စဉ်းစားကြရအောင်”

သူက သူရဲကောင်းတစ်ဦးဖြစ်ဖို့ ဤနေရာသို့ ပြန်လာခြင်းမဟုတ်ပေ- သူ့လူများကို အသက်ရှင်စေရန် ပြန်လာခြင်းဖြစ်သည်။

“ဒါဆို ဒီမှာလည်း သားရဲအကျိုးသက်ရောက်မှု ရှိနေတယ်ပေါ့”

ကီကီက စဥ်းစားရင်း ပြောလိုက်သည်။

“အမှောင်သတ္တဝါတွေ အမှတ်အသားလုပ်ထားတဲ့ အဖွဲ့နှစ်ဖွဲ့ ပေါင်းလိုက်ရင် ပြဿနာတွေ ပိုများလာမှာ အသေချာပဲ… ဒါဆို ယာဥ်တန်းကြီးတွေ ဒါမှမဟုတ် ဖီးနစ်ရဲ့ အာရုဏ်ဦး စင်တာကတောင် ပိုပြီး အန္တရာယ်ကြီးမားနေပြီဆိုတဲ့ အဓိပ္ပာယ်လား”

“သူတို့ ပြဿနာက သေးတယ်လို့ ဘယ်သူမှ မပြောဖူးပါဘူး”

လင်းရှန်သည် သေးကပ်ဘေးပန်းပေါ်သို့ အကြည့်ရောက်နေသည်။

“မိုးကောင်းကင်မြို့-ချင်းလွမ်ကို ဥပမာပေးရရင်၊ အဲ့ဒါ မပျက်စီးခဲ့ဘူးလား”

“ဖီးနစ်ဌာနချုပ်က ငါတို့ ထင်ထားတာထက် အခြေအနေက အများကြီး ပိုဆိုးရွားလိမ့်မယ်လို့ ငါ ယုံကြည်တယ်။ ခုချိန်မှာ ဖီးနစ်က လူသားမျိုးနွယ်အတွက် အကြီးမားဆုံး ကျန်ရှိနေသေးတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဖြစ်တယ်။

ညလမ်းလျှောက်သူ အဖွဲ့အစည်းနဲ့ စတားဖလိ့တို့ရဲ့ အထောက်အပံ့နဲ့ဆို သူတို့ ထိန်းထားနိုင်သေးတယ်။

ဒါပေမယ့် ဒီအချက်အလက်ကို ငါတို့ အတည်ပြုနိုင်ရင် လူသားမျိုးနွယ်အတွက် မဟာဗျူဟာမြောက် အားသာချက်တစ်ခု ဖြစ်လာနိုင်တယ်။

ဒီလိုပြောပေမယ့်လည်း…ငါတို့က အရင်ဆုံး သက်သေပြဖို့လိုတယ်”

ကီကီ လက်ပိုက်ထားသည်။

“ဒါဆို ရှင့်ရဲ့အစီအစဉ်က ဘာလဲ”

“ဓါတုဗေဒစက်ရုံထဲက သိုလှောင်ကန်တွေကို မှတ်မိလား”

လင်းရှန် သူမဘက်သို့ လှည့်ကြည့်လိုပြီး မျက်လုံးများသည် ပြတ်သားစွာ တောက်ပနေသည်။

“အဲ့ဒါတွေသာ ပေါက်ကွဲသွားရင် တကယ့်ကို ပျော်စရာဖြစ်မှာ”

ကီကီ မျက်လုံးပြူးသွားသည်။

“ဪ… ရှင်က ဓါတုဗေဒစက်ရုံကို ဖောက်ခွဲပစ်ချင်တာလား”

လင်းရှန် ခေါင်းညိတ်လိုက်သည်။

“စက်မှုကရိန်းကို ပြန်ပြင်ပြီးတော့ပဲဖြစ်ဖြစ် သတ္တုဓာတ်ကန်ပေါ်ကို အဝေးထိန်းဗုံးပဲ ကပ်ပြီးတော့ပဲဖြစ်ဖြစ် ဆင့်ကဲတုံ့ပြန်မှုတစ်ခုကို ဖြစ်ပေါ်စေလို့ရတယ်”

“ဒါပေမယ့် အဲ့ဒီ မီးအိမ်ပန်းအောက်က အရာကို သတ်နိုင်တယ်လို့ အာမခံချက်တော့ မရှိဘူး။

ပိုပြီးတော့တောင် ဒေါသထွက်အောင် လုပ်မိသလို ဖြစ်သွားနိုင်တယ်”

“ကောင်းပြီလေ၊ ဒေါသထွက်ပါစေ”

ကီကီ ပါးဖောင်းလိုက်သည်။

“အဲ့ဒီအရာက ကျွန်မကို သေလုနီးပါးဖြစ်အောင် လုပ်ခဲ့တာ၊ ငရဲကျခံရတာ ကောင်းတယ်”

“…ဒါပေမယ့်”

သူမ ရုတ်တရက် ရပ်တန့်သွားပြီး အတွေးနက်သည့် အမူအရာသို့ ပြောင်းသွားသည်။

“ယုတ္တိရှိရှိ စဉ်းစားရင် တင်းချီနဲ့ သူ့ရဲ့ ကင်းကောင်ယာဥ်တန်းမှာလည်း ဖျက်ဆီးပစ်နိုင်တဲ့ နည်းလမ်းတွေ ရှိခဲ့သင့်တယ်။

အဲ့ဒီမှာ သတ္တဝါကြီးတစ်ကောင်ရှိနေတာ သူတို့ သိခဲ့တာပဲ။

ဒါဆို ဘာလို့ ဖောက်ခွဲမပစ်ခဲ့ကြတာလဲ။

ဘာလို့ ကျွန်မတို့ကို သေအောင် ဆွဲဆောင်ခဲ့တာလဲ”

လင်းရှန် မျက်လုံးများကို ကျဥ်းလိုက်သည်။

“Sea Anemone လို့ခေါ်တဲ့ သန္တာကျောက်တန်းက မျိုးစိတ်တစ်ခုရှိတယ်”

သူက ရှင်းပြသည်။

“သူ့မှာ အဆိပ်ရှိတဲ့ အချောင်းငယ်လေးတွေရှိတယ်၊ ဒါပေမယ့် သူတို့က ရွှေ့လို့မရဘူး၊ အမဲလိုက်နိုင်တဲ့ စွမ်းရည်လည်း အကန့်အသတ်ရှိတယ်။

ဒါပေမယ့် အပူပိုင်းပင်လယ်ငါးဆိုတဲ့ ငါးတစ်မျိုးရှိတယ်။

အပူပိုင်းပင်လယ်ငါးတွေက Sea Anemoneတွေရဲ့ အဆိပ်ကနေ ရှောင်တိမ်းနိုင်တယ်၊၊ အရေးအကြီးဆုံးကတော့ သူတို့ရဲ့ အမဲလိုက် သားကောင်တွေကနေ ကာကွယ်ဖို့ Seaw Anemoneရဲ့ အဆိပ်မိခံရတာကို အကာအကွယ်အဖြစ် အသုံးပြုကြတယ်။

အချိန်ကြာလာတာနဲ့အမျှ သူတို့ရဲ့ သဟဇာတဖြစ်တဲ့ ဆက်ဆံရေးက ပိုပြီးတောင် တိုးတက်လာတယ်- အပူပိုင်းပင်လယ်ငါးတွေက Sea Anemoneတွေအတွက် သားကောင်တွေကို ဆွဲဆောင်ဖို့အတွက် အသားစားငါးလို စတင်ပြုမူလာကြတယ်”

စကားဝိုင်းကို မှတ်တမ်းတင်နေသည့် တင်းကျန်းရီ ခေါင်းညိတ်လိုက်သည်။

“ဒီမြို့ရဲ့ ဂေဟစနစ်က အဲ့ဒီပုံစံမျိုးကိုပဲ လိုက်နာနေတာ”

“ဒီနေရာမှာ သူ့ရဲ့နယ်မြေ၊ ကျူးကျော်သူတွေကို ထောင်ချောက်ဆင်ပြီး အမဲလိုက်တာတွေ ရှိတယ်၊၊ ပြီးတော့ သူ့မှာ အန္တရာယ်ရှိပေမယ့် အပြင်လောကနဲ့ ယှဉ်ရင် အကာအကွယ်တစ်ခု ပေးထားသေးတယ်။

အဲ့ဒါကြောင့်ပဲ အသက်ရှင်ကျန်ရစ်သူ အချို့က ဒီမှာရှိတဲ့ သတ္တဝါကြီးတွေနဲ့ အတူယှဥ်တွဲနေထိုင်ဖို့ ရွေးချယ်နိုင်တာဖြစ်နိုင်တယ်”

ကီကီ မျက်မှောင်ကြုတ်လိုက်သည်။

“…ရှင်ပြောချင်တာက အဲ့ဒီလူတွေက ဒီနေရာကို ခိုလှုံနေရာအဖြစ် အသုံးပြုနေကြတာလား”

“ဖြစ်နိုင်တယ်”

လင်းရှန်သည် တုံ့ပြန်စက်ပေါ်ရှိ မက်ဆေ့ချ်များကို ပြန်လည်သတိရလိုက်သည်။

“တစ်ယောက်ယောက်က ငါတို့ကို တမင်သက်သက် ဆွဲဆောင်ခဲ့တာ။

အခုတော့ အဲ့ဒါ တင်းချီရဲ့အဖွဲ့ဆိုတာ ထင်ရှားနေပြီ။

ဒီနေရာက အရမ်းအန္တရာယ်များတယ်၊ မင်းတို့ ထွက်သွားသင့်တယ်ဆိုတဲ့ သူတို့ရဲ့စကားက ဖုံးကွယ်ဖို့သက်သက်ပဲ။

ရုပ်ရှင်ရုံနဲ့ ဓါတုဗေဒစက်ရုံထဲက အသား-အရိုး သတ္တဝါအဖြစ်ပြောင်းသွားတာတွေကို ကြည့်လေ-

အဲ့ဒါတွေက ဒီမြို့မှာ ယခင်က နေထိုင်သူတွေဖြစ်နိုင်တယ်…

ပြီးတော့ ဒီနေရာမှာ ပုန်းအောင်းဖို့ ကြိုးစားခဲ့ကြတဲ့ ကံဆိုးတဲ့ အပြင်လူတွေက မီးအိမ်ပန်းသတ္တဝါကြီးအတွက် သားကောင်ဖြစ်သွားခဲ့ကြတယ်”

ကီကီ တွန့်ဆုတ်နေသည်။

“ဒါပေမယ့်… ဒီမြို့မှာ အယောင်ဆောင်တွေ ရှိနေတယ်။

သူတို့က အရမ်းကြောက်စရာကောင်းတယ်။

သူတို့က ဘယ်လိုလုပ်ပြီး ငါတို့ကိုပဲ တိုက်ခိုက်ပြီး သူတို့ကို မတိုက်ခိုက်တာလဲ”

“အဲ့ဒီလိုသာ ဖြစ်ခဲ့ရင်…”

လင်းရှန်က ပြုံးကာ ပြောလိုက်သည်။

“ခုချိန်ဆို ငါတို့ အဝိုင်းခံနေရလောက်ပြီ”

“…ရှင်ပြောချင်တာ ဘာလဲ”

လင်းရှန် ပြတင်းပေါက်သို့ လျှောက်သွားပြီး မှောင်နေသည့် အပြင်ဘက်မှ ပလက်ဖောင်းကို လှမ်းကြည့်လိုက်သည်။

အဝေးတွင် ရှုချင်း၊ လို့ဟွာနှင့် လို့ရှားရှားတို့က သတိအနေထားရှိနေကြပြီး လက်နက်များ ကိုင်ထားကြသည်၊၊

“သူတို့လည်း ညဘက်ဆို အပြင်ထွက်ဖို့ မရဲကြဘူး။သူတို့က ကပ်ပါးကောင်တွေရဲ့ ပုံစံအချို့ကို သိရှိပြီးသားဖြစ်ရမယ်၊၊

ဒါကြောင့် သူတို့ရဲ့ ခိုလှုံရာတွေထဲမှာ ပုန်းအောင်းနေကြတာ။

ဒါပေမယ့် ရိုးရိုးသားသား ပြောရရင်တော့

သူတို့ရဲ့ အခြေအနေက ငါတို့နဲ့ သိပ်မကွာပါဘူး”

ကီကီ လက်သီးဆုပ်လိုက်သည်။

“ဒါဆို… သူတို့က သစ္စာဖောက်တွေလား”

“သစ္စာဖောက်တွေ”

“ဟုတ်တယ်၊၊ လူသားမျိုးနွယ် သစ္စာဖောက်တွေ။ သတ္တဝါကြီးတွေရဲ့ လက်အောက်ခံတွေ။

ကျွန်မပြောတာ မှားနေလား ပြောစမ်းပါ”

လင်းရှန် ပြုံးလိုက်သည်။

“ပြင်းထန်တဲ့ စကားလုံးတွေပဲ- ဒါပေမယ့် မမှားဘူး”

လင်းရှန် တင်းကျန်းရီကို တစ်ချက် ကြည့်လိုက်သည်။

“ဒါရိုက်တာတင်း၊ ခုနက မင်းပြောခဲ့တာ ဒီကပ်ပါးကောင်ကြီးမှာ ခိုင်မာတဲ့ ကာကွယ်ရေးစွမ်းရည် ဒါမှမဟုတ် သားကောင်တွေကို ရှောင်တိမ်းနိုင်တဲ့ နည်းလမ်း မရှိဘူးဆို…။

ဒါပေမယ့် အဲ့ဒါက အပြာရောင်ဂြိုလ်ရဲ့ ဇီဝဗေဒဆိုင်ရာ သီအိုရီတွေကို အမှောင်သတ္တဝါတွေအပေါ် အသုံးချတာ မဟုတ်ဘူးလား”

“ငါတို့ အစောပိုင်းတုန်းက အဲ့ဒီအရာနဲ့ တွေ့ခဲ့တယ်၊ အဲ့ဒါက လုံးဝပဲ ကိုင်တွယ်ရလွယ်ကူတဲ့ပုံ မပေါ်ခဲ့ဘူး”

တင်းကျန်းရီ သူမ၏ မျက်မှန်ကို ချိန်ညှိလိုက်သည်။

“ရှင်သန်မှုနဲ့ မျိုးပွားမှုက ဘယ်လိုသက်ရှိမျိုးမဆိုရဲ့ အခြေခံမူတွေပဲ” သူမ ရှင်းပြသည်။

“ဒီသတ္တဝါကြီးက ဒီမြို့ထဲမှာ အမြစ်တွယ်နေပြီး နယ်မြေအခြေပြု ထောင်ချောက်တွေကို အသုံးပြုပြီး အမဲလိုက်တယ်-

အဲ့ဒါက သူ့မှာ ရွေ့လျားနိုင်စွမ်းမရှိဘဲ သားကောင်ကို ဖမ်းဖို့ သူ့ပတ်ဝန်းကျင်ပေါ်မှာ မှီခိုနေတာကို ပြသနေတယ်။

ဒီလိုနည်းနဲ့ကြည့်ရင် အဲ့ဒါက Sea Anemoneနဲ့ အများကြီး ဆင်တူတယ်။

နောက်တစ်ခုက ကပ်ပါးသက်ရှိတွေမှာ ဖျက်ဆီးနိုင်စွမ်း အလွန်အမင်း မြင့်မားပေမယ့် သူတို့မှာ မူလခန္ဓာကိုယ်ကို မတွယ်ကပ်ခင်က အလွန်အားနည်းတဲ့ မူလပုံစံ ရှိကြတယ်။

ကျွန်မတို့ ထွက်ပြေးလာတုန်းက တွေ့ခဲ့ရတဲ့ အယောင်ဆောင်ကပ်ပါးကောင်တွေအားလုံးက မူလခန္ဓာကိုယ်ကို အပြည့်အဝတွယ်ကပ်ပြီးသား အခြေအနေမှာ ရှိနေခဲ့ကြတယ်။

သူတို့က သူတို့ရဲ့ မူလခန္ဓာပိုင်ရှင်တွေရဲ့ ကြွက်သားတွေနဲ့ အဆစ်တွေကို အသုံးပြုပြီး ရွေ့လျားကြတယ်-

အဲ့ဒါက ကျွန်မရဲ့ သီအိုရီကို ထပ်ပြီး အထောက်အပံ့ပေးတယ်”

All Chapters