← Chapters

ကြိုတင်ပြင်ဆင်မှုများ

Vol. 13 Ch. 195

ကြိုတင်ပြင်ဆင်မှုများ

Vol. 13 Ch. 195

“ဓာတုဗေဒစက်ရုံကိစ္စကရော” ကီကီက မေးသည်။

“အရင်အတိုင်း မင်းနဲ့ငါပဲ။ ဒါပေမဲ့ ဒီတစ်ခါမှာ မမျှော်လင့်တဲ့ အဖြစ်အပျက်တွေ ဖြစ်လာနိုင်တာကြောင့် လုချန်၊ မြောင်လုနဲ့ တခြားလူနည်းနည်းပါ ခေါ်သွားမယ်။ လိုအပ်ရင် သူတို့က အကာအကွယ်ပေးနိုင်တယ်”

“ဟမ်”

ရှားရှား၏ မျက်လုံးများ ပြူးသွားသည်။

“ကျွန်မကရော”

“အစ်ကိုရှန်”

တာလို့က “မနက်ဖြန် ဓာတုဗေဒစက်ရုံကို မင်းနဲ့အတူ လိုက်မယ်”

လင်းရှန်က ခေါင်းခါလိုက်သည်။ “မင်းတို့နှစ်ယောက်အတွက် ပိုအရေးကြီးတဲ့ အလုပ်တစ်ခုရှိတယ်”

“ဘယ်အလုပ်လဲ”

“ရထားကို စောင့်ကြပ်ဖို့”

“ဟမ်” တာလို့ ရှုပ်ထွေးသွားသည်။

“အဲ့ဒီမှာ အန္တရာယ်များတယ်လို့ မပြောခဲ့ဘူးလား”

“ဒီနေရာမှာလည်း အန္တရာယ်ရှိတယ်” လင်းရှန်၏လေသံတွင် သတိပေးသည့် အရိပ်အယောင်များ ပါနေသည်။ သူသည် ခေါင်းငုံ့ကာ ကျည်ဆန်များကို ဆက်လက်ထုတ်လုပ်နေသည်။

“ငါတို့ရဲ့ ပစ်မှတ်က တခြားတစ်ယောက်ရဲ့ အခြေစိုက်နေရာဖြစ်နိုင်တယ် - ဒါပေမဲ့ သူတို့လည်း ဒီလို မစဉ်းစားဘူးလို့ မဆိုလိုဘူး”

“ဒါကြောင့် လို့ရှားရှား၊ တာလို့...မင်းတို့နှစ်ယောက်က ရထားပေါ်က အနီးကပ်ကာကွယ်ရေး အမြောက်တွေနဲ့ အပြင်းထန်ဆုံး ပစ်အားကို ဖန်တီးရမယ်။ တစ်ယောက်ယောက်က ရထားကို တိုက်ခိုက်ဖို့ ကြိုးစားရင် - အကုန်သတ်လိုက်”

တာလို့ ခေတ္တမျှ ထိတ်လန့်သွားသည်။ လို့ရှားရှားက ချက်ချင်းပင် သူ့ကို လက်ဖြင့် တွန်းကာ

“အာ..အစ်ကိုလင်း ပြောတာက ဒီနေရာမှာလည်း အန္တရာယ်များတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ငါတို့ သူ့ခေါင်းဆောင်မှုနောက်ကို လိုက်ရုံပဲ”

တာလို့က ခေါင်းညိတ်သည်။

“နားလည်ပြီ အစ်ကိုရှန်၊၊ စိတ်မပူပါနဲ့ - ရထားကို ကောင်းကောင်း စောင့်ကြပ်ထားပါ့မယ်”

“ကျွန်မ...”

ချန်ဆီရွှမ်သည် နောက်ဆုံး၌ စကားစပြောလာသည်။

ကျန်လူများ တာဝန်အသီးသီးရနေသည်ကို မြင်သောအခါ သူမ၏မျက်နှာထားက မှိန်ဖျော့သွားသည်။ သူမသည် လင်းရှန်ကို ကြည့်ကာ “ကျွန်မက ထပ်ပြီးတော့ ရထားကိုပဲ စောင့်နေရမှာလား”

လင်းရှန်က မျက်ခုံးပင့်လိုက်ပြီး သူမကို ကြည့်သည်။ “မိန်းကလေးချန်... ဒီတစ်ခါတော့ မဟုတ်ဘူး”

သူသည် ညကောင်းကင်အောက်ရှိ ကုန်တင်ဘူတာမှ မလှမ်းမကမ်းရှိ ဂိုဒေါင်ကို လက်ညှိုးထိုးပြသည်။ “အဲ့ဒီဂိုဒေါင်ရဲ့ ခေါင်မိုးက ဒီတစ်ဝိုက်မှာ အမြင့်ဆုံးနေရာပဲ။ အဲ့ဒီနေရာမှာနေပြီး လူတိုင်းကို အကာအကွယ်ပေးဖို့ မင်းကိုလိုအပ်တယ်”

ချန်ဆီရွှမ်၏ မျက်လုံးများက အရောင်တောက်သွားသည်။ “တကယ်လား။ ဒါပေမဲ့…”

“ယေး...အစ်မကြီးချန်က စနိုက်ပါဖြစ်လာတော့မယ်” ကီကီက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ဒါက အစ်မရဲ့ အချိန်ပဲ”

ချန်ဆီရွှမ်သည် လင်းရှန်ကို ကြည့်ပြီးနောက် အသက်ပြင်းပြင်းရှူကာ ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီ၊ နားလည်ပါပြီ”

ပထမဆုံးအကြိမ်အဖြစ် သူမအား တိုက်ခိုက်ရေးတာဝန်ကို ပေးအပ်ခြင်းဖြစ်သည်။ ထူးဆန်းစွာပင် ကြောက်ရွံ့မှုအစား စိတ်လှုပ်ရှားမှုကို ခံစားနေရသည်။ ပုံမှန်ဆိုလျှင် အမှောင်ကို ကြောက်ရွံ့သော်လည်း ယခုအခါတွင် လုံးဝမေ့လျော့နေပြီဖြစ်သည်။

…

ထိုညတွင် အနန္တရထားကို ပိတ်ထားခဲ့သည်။ ညစောင့်တာဝန်ရှိသူများမှလွဲ၍ ကျန်သူများကို စောစောအနားယူရန် လင်းရှန်က ညွှန်ကြားခဲ့သည်။

ယခင်ညက ဖြစ်ပျက်ခဲ့သည့် အရာများပြီးနောက် ပလက်ဖောင်းသည် အပြင်မှ သန္ဓေပြောင်းသတ္တဝါများ ကျူးကျော်ခံရဖွယ်မရှိကြောင်း သူနားလည်ခဲ့သည်။ ကင်းကောင်ယဥ်တန်းသည် ညတွင် ထွက်လာမည် မဟုတ်သည်မှာ သေချာသည်။ တစ်ခုတည်းသော စိုးရိမ်စရာမှာ အယောင်ဆောင်များသာဖြစ်သည် - သို့သော် ထိုအကြီးစား တိုက်ခိုက်မှုအပြီးတွင် သူတို့အားလုံး မြို့ထဲသို့ ပြန်ဆုတ်ခွာသွားပုံရသည်။ ထိုအချိန်မှစ၍ မည်သည့် လှုပ်ရှားမှုမှ မတွေ့ရတော့ပေ။

ရိုးရိုးသားသားပြောရလျှင် စစ်မှန်သော သန္ဓေပြောင်းသတ္တဝါများနှင့် နှိုင်းယှဉ်ပါက အယောင်ဆောင်များက ထိုမျှ အန္တရာယ်မရှိပေ။ သူတို့၏ အကြီးမားဆုံးခြိမ်းခြောက်မှုမှာ ရထားအတွင်းသို့ စိမ့်ဝင်လာခြင်းသာဖြစ်သည်။ စုပေါင်းတိုက်ခိုက်နိုင်စွမ်းက သူတို့သည် ပိုင်ဝမ်မြို့မှ အဆင့်-C သန္ဓေပြောင်းသတ္တဝါဖြစ်သော အနီရောင်ကင်းခြေများလောက်ပင် မရှိကြပေ။ အနန္တရထား၏ လက်ရှိကာကွယ်ရေးစနစ်ဖြင့် သူတို့သည် ကိုင်တွယ်နိုင်မည်ဖြစ်သည်။

အတွဲ (၁) တွင် လင်းရှန်သည် ရေပူဖြင့် ရေချိုးခဲ့သည်။

ကျိအန်းမြို့မှ ထွက်ခွာလာပြီးနောက် ဤကဲ့သို့သော အခွင့်အရေးများ ရှားပါးခဲ့သည်။ အနန္တရထားတွင် အရင်ထဲက ရေချိုးခန်းများ ရှိသော်လည်း သူတို့ ထွက်ပြေးစဉ် အစောပိုင်းအဆင့်များတွင် ရေသည် အဖိုးတန်သော အရင်းအမြစ်ဖြစ်ခဲ့သည်။ ကမ္ဘာ့ရေထုစနစ်များသည် အမှောင်ထုကြောင့် ညစ်ညမ်းနေကြောင်း သိရှိပြီးနောက် လူများသည် ဖြစ်နိုင်ပါက ရေချိုးခြင်းကို ရှောင်ခဲ့ကြသည်။

သို့သော် ယခုအခါတွင် ထူးခြားသော အတားဆီးကုဗတုံးနှင့် လင်းရှန်၏ အထူးသန့်စင်မှုစနစ်တို့ဖြင့် ရေပြဿနာကို ဖြေရှင်းနိုင်ခဲ့သည်။ ရထားပေါ်မှ မိန်းကလေးများသည်လည်း နောက်ဆုံးတွင် သင့်လျော်စွာ ရေချိုးနိုင်ခဲ့ကြသည်။ သူတို့ ရေတွက်မရသော ညများစွာ ထွက်ပြေးခဲ့ရစဉ်က ရရှိခဲ့သော သွေးများနှင့် ပင်ပန်းနွမ်းနယ်မှုများကို ဆေးကြောနိုင်ခဲ့ကြသည်။

ရေချိုးပြီးနောက် လင်းရှန်သည် သူ၏ သိုလှောင်ခန်းမှ လေးလံသောအရာဝတ္ထုတစ်ခုကို ထုတ်ယူပြီး စားပွဲပေါ်တင်လိုက်သည်။ ထို့နောက် သူ၏ ယန္တရားနှလုံးသားစနစ်ကိုဖွင့်ကာ လက်ဖြင့် ပုံကြမ်းတစ်ခုကို စတင်ဆွဲလိုက်သည်။

စားပွဲပေါ်ရှိ အရာဝတ္ထုမှာ သူတို့ ယူပေသို့ ရောက်ရှိစဉ်က အတောင်ပံလူသား ကော်အာ၏ ခန္ဓာကိုယ်မှ ရှုချင်းယူလာသော စက်ယန္တရားလက်တုတစ်ခုဖြစ်သည်။ လင်းရှန်သည် ၎င်းကို စကင်ဖတ်ပြီးဖြစ်သည်။ ပုံကြမ်းတွင် အောက်ပါအတိုင်း ဖော်ပြထားသည်။

[ခေတ်ဟောင်းလုပ်ငန်းများ HG55-စီးရီး ယန္တရား လက်တု - ဘယ်ဘက်လက်မောင်း]

၎င်းသည် သိပ်ပြီးတော့ အဆင့်မြင့်သည်မဟုတ်ပေ၊၊ စက်မှုလုပ်ငန်းသုံး အကူအညီလိုအပ်သော လက်ပြတ်နေသည့်သူများအတွက် ရည်ရွယ်သည်။ သို့သော် ၎င်းသည် အကြီးစားလုပ်ငန်းများအတွက် ပြုလုပ်ထားသောကြောင့် မြင့်မားသော ရုန်းအားနှင့် သတ္တုတည်ဆောက်ပုံအပြည့်အစုံ ရှိသည်။ ၎င်းကို တပ်ဆင်ထားသည့် ပုံမှန်လူတစ်ဦးပင်လျှင် တိုက်ခိုက်ရေးစွမ်းအား၌ လုံလောက်သော မြှင့်တင်မှုကို ရရှိမည်ဖြစ်သည်။ သေချာသည်မှာ စစ်ဘက်အဆင့် မော်ဒယ်များကဲ့သို့ သွက်လက်မှု သို့မဟုတ် ဘက်စုံသုံးနိုင်စွမ်းမရှိပေ။

သို့သော် ကော်အာသည် ၎င်းကို တရားမဝင် ပြုပြင်မွမ်းမံထားပြီး လက်နက်သဘောမျိုးဖြစ်အောင် ပြုလုပ်ထားသည်။

လင်းရှန်သည် လက်တု၏ လက်ဖျံပေါ်ရှိ အတွင်းအပေါက်ငယ်ကို ဖွင့်လိုက်သည်။ အတွင်း၌ သတ္တုချောင်းလေးတစ်ချောင်း ရှိနေသည် - တကယ်တမ်းမှာ မိုက်ခရိုဗုံးဖြစ်သည်။ သူသည် ၎င်းကို စကင်ဖတ်လိုက်ရာ နိုက်ထရိုဂျင် အနိုင်းယွန်းဆားများကို အခြေခံထားသော စွမ်းအင်မြင့် ဒြပ်ပေါင်းများ ပါဝင်နေသည်ကို အတည်ပြုသည်။

ဤကဲ့သို့သော ဗုံးတစ်လုံးကို ထုတ်လုပ်ခြင်းသည် လင်းရှန်အတွက် စိန်ခေါ်မှုသိပ်မရှိပေ။ သို့သော် ဓာတုဗေဒစက်ရုံမှ ဓာတ်ပေါင်းဖို၏ အခြေခံပုံစံအတိုင်း ရိုးရှင်းသော တပ်ဆင်ခြင်းနှင့် ပေါက်ကွဲစေခြင်းစနစ်ကို ဒီဇိုင်းဆွဲချင်သည်။

လက်တုကိုယ်ထည်အတွက် ၎င်းကို စကင်ဖတ်မည် သို့မဟုတ် ဝါးမျိုမည်ကို သူစဉ်းစားခဲ့သည်။ ၎င်းကို ပြုပြင်ခြင်းသည် အချိန်အလွန်ကြာပေမည်။ ထို့အစား သူသည် ၎င်းကို ရထားပေါ်တွင် တပ်ဆင်ပြီး ပြင်ပ ယန္တရားလည်ပတ်မှုများအတွက် အသုံးပြုနိုင်သည်။

“ဪ ဟုတ်သား - သူ့ရဲ့ TRP Mark IV စက်မှုလုပ်ငန်းသုံး စွမ်းအားမြှင့် ဝတ်စုံ။ အဲ့ဒါကို ရအောင်ယူရမယ်”

လက်တစ်ဖက်မြှောက်လိုက်ပြီး လင်းရှန်သည် ထုတ်လုပ်ရေးစင်တာကို အသက်သွင်းလိုက်သည်။ အလင်းတစ်ချက်နှင့်အတူ ပစ္စည်းများ ဝဲပျံကာ နောက်ဆုံးတွင် ပြီးပြည့်စုံသော မိုက်ခရိုဗုံးတစ်လုံး ဖြစ်လာသည်။

“အဲ့ဒီ စွမ်းအားမြှင့်ဝတ်စုံနဲ့ဆိုရင် ငါတို့ရဲ့ လက်နက်တိုက်ကို ချဲ့ထွင်နိုင်တယ်။ လေအမြောက် ဒါမှမဟုတ် လျှပ်စစ်စွမ်းအားကိုပဲ မှီခိုနေစရာ မလိုတော့ဘူး။ ငါက သုတေသနစင်တာရဲ့ ပုံကြမ်းအဆင့်မြှင့်တင်မှုတွေကလည်း ဝတ်စုံကို ဗဟိုပြုနိုင်တယ်။ အဖွဲ့ဝင်တစ်ဦးချင်းစီကိုတောင် တစ်စုံစီ ပေးနိုင်တယ်”

ထိုအကြံက သူ့ကို စိတ်အားထက်သန်စေသည်။ စစ်ဘက်အဆင့် စွမ်းအားမြှင့်ဝတ်စုံကို အစောပိုင်းက စကင်မဖတ်နိုင်ခဲ့သည့်အတွက် သူစိတ်ပျက်ခဲ့သည်။ ဤကဲ့သို့ အရာကို မြို့ငယ်လေးတစ်မြို့တွင် တွေ့လိမ့်မည်ဟု မည်သူထင်မည်နည်း။ ၎င်းသည် ကံကောင်းခြင်းပင်ဖြစ်သည်။

သူ၏ ပြင်ဆင်မှုများကို အပြီးသတ်ပြီးနောက် လင်းရှန်သည် အတွဲ (၂) သို့သွားကာ ကင်းစောင့်စနစ်ကို စစ်ဆေးပြီး ရထားတစ်ဝိုက်ရှိ အရာအားလုံး လုံခြုံကြောင်း အတည်ပြုခဲ့သည်။ ထိုအခါမှသာ သူစိတ်အေးသွားပြီး အတွဲ (၁) သို့ ပြန်လာသည်။

ရှုချင်းနှင့် အခြားသူများက စောင့်ကြည့်နေစဉ် သူသည် အနားယူခဲ့သည် - အတိအကျပြောရလျှင် လေးနာရီပင်။ သူထလိုက်သောအခါ မနက် ၂ နာရီကျော်နေပြီဖြစ်သည်။

ချန်ဆီရွှမ်၊ ကီကီနှင့် အခြားသူများမှာ အိပ်ပျော်နေဆဲဖြစ်သည်။ လင်းရှန်သည် လို့ရှားရှား၊ တာလို့နှင့် အရည်အချင်းရှိသော တိုက်ခိုက်ရေးသမားများဖြစ်သည့် လုချန်နှင့် မြောင်လုတို့ကို နှိုးကာ ခဲယမ်းမီးကျောက်များ စတင်ပြင်ဆင်ရန် စီစဉ်ခဲ့သည်။ ရှုချင်းကိုလည်း အနားယူစေချင်သည်။

သို့သော် သူ အတွဲ (၃) သို့ရောက်သောအခါ အမျိုးသမီးတစ်ဦး၏ တီးတိုးညည်းသံနှင့် မောဟိုက်သံများကို ရုတ်တရက် ကြားလိုက်ရသည်။ သူသည် တင်းကျန်းရီ၏ အရိပ်အယောင်ကို မတွေ့ပေ။ စူးစမ်းလိုစိတ်ဖြင့် သူသည် အနားယူခန်းဘက်သို့ ပြန်လှည့်လိုက်သည်၊၊

သေချာသည်မှာ - အသံများသည် ထိုနေရာမှ လာနေသည်။

သံသယရှိသဖြင့် သူသည် ထိုဘက်သို့ လျှောက်သွားပြီး တံခါးခေါက်ရန် ပြင်လိုက်သည်။ ထိုအခါ အတွင်းမှ တင်းကျန်းရီ၏ အသံထွက်လာသည်။

“ခဏလေး စောင့်ပါဦး”

တစ်စုံတစ်ယောက် အဝတ်လဲနေသကဲ့သို့ တဂျစ်ဂျစ်နှင့် ခြေသံအနည်းငယ် ထွက်လာသည်။ တစ်မိနစ်အကြာတွင် အနားယူခန်း တံခါးပွင့်လာပြီး တင်းကျန်းရီသည် ပါးပြင်များ နီရဲလျက် ရပ်နေသည်။ သူမသည် လင်းရှန်ကို ကြည့်ကာ “တစ်ခုခု ဖြစ်လို့လား”

လင်းရှန် မျက်မှောင်အနည်းငယ် ကြုံ့သွားပြီး မျက်လုံးများ မှေးသွားသည်။ “မင်း အလှည့်ပြီးပြီလေ။ အခုအချိန်မှာ အိပ်နေရမှာ မဟုတ်ဘူးလား”

All Chapters