ရောမတပ်အဆောင်အယောင်
Vol. 3 Ch. 167
“ကျုပ်မှာ ဖလှယ်စရာသတင်းရှိတယ်။”
နက်ဆန့်လက်ထဲက ဆေဘာက အဲဘတ်ရဲ့လည်ပင်းပေါ်ကို ကျဖို့လက်မအနည်းငယ်လောက်ပဲ လိုတော့မယ့်အချိန်မှာ အဲဘတ်က အရေးတကြီးအော်ဟစ်လိုက်တယ်။ နက်ဆန်က တည်ငြိမ်စွာနဲ့ ဓားကိုရပ်ထားလိုက်တာ ကျွန်မတွေ့ရတယ်။ နောက်ထပ်တစ်စက္ကန့်လောက်သာ နောက်ကျခဲ့မယ်ဆိုရင် အဲဘတ်ရဲ့ခေါင်းက ဘောလုံးတစ်လုံးလိုမျိုး မြေပြင်မှာ လိမ့်နေလောက်ပြီ။
ကျွန်မလည်း တော်ပါသေးရဲ့ဆိုပြီး သက်ပြင်းချလိုက်မိတာပေါ့။ နက်ဆန်နောက်လိုက်နေတာ ကြာပြီဖြစ်တဲ့အတွက် သွေးသံရဲရဲ ဖြစ်ရပ်ပေါင်းများစွာကို ကြုံတွေ့ခဲ့ရပြီးဖြစ်ပေမဲ့ လူတစ်ယောက် ကျွန်မရှေ့မှာ ရက်ရက်စက်စက်အသတ်ခံရမှာကို ကျွန်မမမြင်ချင်ဘူး။ အထူးသဖြင့် ဒီလူက သူချစ်တဲ့သူကို ကာကွယ်ပေးဖို့ ကြိုးစားနေတာမလို့လေ။
“ပြောစရာရှိတာပြော... ဒါပေမဲ့ မင်းပြောမယ့်စကားက ငါ့အချိန်တွေကို ဖြုန်းတီးမယ့်အရာမျိုးဖြစ်နေမယ်ဆိုရင် အခုထက်ဆိုးတဲ့နည်းမျိုးနဲ့ နှစ်ယောက်လုံးသေရလိမ့်မယ်။”
နက်ဆန်က ပြောလိုက်တယ်။ သူ့အနားက အမှောင်ရိပ်တွေက ပိုပြီးကြီးမားလာခဲ့တယ်။ အဲဘတ်ကတော့ နဖူးကနေစီးကျနေတဲ့ ချွေးစေးတွေကို သုတ်လိုက်ရင်းနဲ့
“အဲဒါက ပျောက်ဆုံးနေတဲ့ ရောမတပ်အဆောင်အယောင်နဲ့ ဆိုင်တယ်။”
ရောမတပ်တော်သုံး အဆောင်အယောင်တဲ့။ ကျွန်မသိဖို့ မဖြစ်နိုင်တဲ့အရာတစ်ခုပါပဲ။ ဒီအတွက် အရင်အတိုင်းပဲ ကျွန်မမော်လီကို ကြည့်လိုက်ပေမဲ့ မော်လီက ကျွန်မကိုဖြေပေးဖို့ အားလပ်မနေပါဘူး။ အဲဒီအစား သူကအဲဘတ်ကို ပိုပြီးတော့ သတိထားကြည့်လို့နေပါတယ်။
“အဲဒီအဆောင်အယောင်တွေက ဂျူးလီးယပ်ဆီဇာ ခေတ်တည်းက ကာဟယ်တိုက်ပွဲမှာ ပျောက်သွားခဲ့တာတွေ။ နှစ်ထောင်ချီတဲ့အထိ လူတိုင်းလိုက်ရှာနေပေမဲ့ မတွေ့သေးတဲ့အရာပဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့မှာသဲလွန်စ ရှိတယ်လို့ပြောရင်တောင် ယုံဖို့မဖြစ်နိုင်ပါဘူး သခင်လေး။”
မော်လီက နက်ဆန်ကိုသတိပေးလိုက်တယ်။ ကျွန်မကတော့ အဲဒီကိစ္စကို နားမလည်နိုင်သေးပါဘူး။ ဒါပေမဲ့ နက်ဆန်က သူ့ဓားကို ဆက်ပြီးနှိမ့်ချတာမျိုးမလုပ်သေးတဲ့အတွက်ကြောင့် စိတ်ဝင်တစားရှိနေသေးတယ်ဆိုတဲ့သဘော သက်ရောက်တယ်။
“ငါနားထောင်နေတယ်....”
“သခင်လေး၊ ဒီငမိုက်သားက တမင်သက်သက် အချိန်ဆွဲနေတယ်လို့ မထင်ဘူးလား။” နက်ဆန်က ဆက်နားထောင်ဖို့ ဆုံးဖြတ်လိုက်ပေမဲ့ မော်လီက ရှေ့ကိုတိုးလာပြီး နက်ဆန်ကိုကန့်ကွက်ပါတယ်။ နက်ဆန်ကတော့ လက်ညိုးတစ်ချောင်းကိုထောင်လိုက်ရင်း မော်လီရဲ့နှုတ်ခမ်းကို ထိလိုက်တယ်။ တိုးတိုးနေဆိုတဲ့သဘောပဲ။
“အနည်းဆုံးတော့ ဒီငမိုက်သား ဘာပြောမလဲဆိုတာ နားထောင်သင့်တယ်လို့ မထင်ဘူးလား၊ မော်လီ။”
ကျွန်မ နက်ဆန်ရဲ့မျက်လုံးတွေကို ကြည့်လိုက်တယ်။ သိပ်ကို ကြည်လင်တောက်ပနေပြီးတော့ မနာခံသူတွေကို မဝံ့မရဲဖြစ်စေမယ့် အကြည့်မျိုးပဲ။ မော်လီလည်း သခင်ဖြစ်သူနဲ့ မျက်လုံးချင်း မဆိုင်ရဲတော့ဘဲ ခေါင်းကိုငုံကာ နောက်ကိုဖြည်းဖြည်းချင်း ဆုတ်သွားတယ်။
“ဒီအစေခံ၊ အတင့်ရဲမိသွားပါတယ်သခင်။”
“အခုပြောလို့ရပြီလား။” နက်ဆန်က ခွင့်ပြုပြီးလိုက်တဲ့နောက်မှာ အဲဘတ်က စပြောတယ်။
“တကယ်တော့ အဲဒီအဆောင်အယောင်တွေထဲက သိမ်းငှက်ရုပ်တစ်ခုကို ပရပ်ရှားစစ်တပ်တွေ ပြင်သစ်ကို စစ်ချီတုန်းက ရှာတွေ့ခဲ့ပြီးသား။ သူတို့တွေက ဗာဆိုင်းနန်းတော်မှာ ဧကရာဇ်ကိုနန်းတင်ရင်သုံးဖို့ ဆုံးဖြတ်ထားကြတာ။ ဒါပေမဲ့ ကျုပ်တို့မျိုးနွယ်ထဲကတစ်ယောက်က အဲဲဒါကိုတစ်ဆင့်ပြန် ခိုးခဲ့တယ်လေ။”
နက်ဆန်က အဲဘတ်ဆီက အဲဒီအကြောင်းကိုကြားတဲ့အခါမှာ မျက်ခုံးပင့်လိုက်တယ်။ ကျွန်မကတော့ ရောမသိမ်းငှက်ရုပ် တစ်ခုက ဘာလို့နက်ဆန်လိုလူတစ်ယောက်ရဲ့စိတ်ဝင်စားမှုကို ရယူနိုင်ရတာလဲ နားမလည်နိုင်ဘူး။
မော်လီက ဖြေပေးမယ့်ပုံမပေါ်တော့ ကျွန်မလည်း အခန်းထဲမှာ ရှိနေတဲ့ တခြားတစ်ယောက်ကိုကြည့်လိုက်တယ်။ နာတာရှာလည်း အဲဘတ်ကို စောင့်ကြည့်နေတာဆိုပေမဲ့ ကျွန်မနဲ့ပိုနီးတဲ့အတွက် သူ့အင်္ကျီလက်ကို ဖမ်းကိုင်ပြီးတော့ မေးဖို့အတွက် ကျွန်မဆုံးဖြတ် လိုက်ပါတယ်။
“ဟဲ့...ဟဲ့... နာတာရှာ၊ အဲဒီသိမ်းငှက်ရုပ်က ဘာလို့အဲဒီလောက် အရေးကြီးနေတဲ့ပုံပေါက်တာလဲ။”
ကျွန်မမေးလိုက်ပေမဲ့ နာတာရှာက ကျွန်မကိုခေါင်းခါပြပြီးတော့ အဲဘတ်ကိုပဲ ဆက်စောင့်ကြည့်နေခဲ့တယ်။ ဘယ်သူမှ ကျွန်မကို အရေးမလုပ်ကြတဲ့အတွက်ကြောင့် ကျွန်မဒေါသထွက်လာပြီး နက်ဆန့်ခေါင်းကို ဆောင့်ဆွဲချင်လာတဲ့အထိပဲ။
“ဒီတော့၊ မင်းမှာ အဲဒီသိမ်းငှက်ရုပ် ရှိနေတယ်လို့ ဆိုလိုတာလား။”
နက်ဆန်က ဆက်မေးလိုက်တော့ အဲဘတ်က ခေါင်းခါပြတယ်။ ပြီးတဲ့နောက် တခစ်ခစ်ရယ်တော့တာပဲ။ “ကျုပ်မှာသာ အဲဒီသိမ်းငှက်ရုပ်ရှိနေရင် ကျုပ်တို့မျိုးနွယ်နှစ်ခုက အခုလောက်ထိ အားနည်းနေမလား။”
“ဒါဖြင့် ဘယ်သူ့ဆီမှာရှိနေတာလဲ။” နက်ဆန် စိတ်မရှည်တော့ဘူး။ ဓားသွားက အဲလတ်လည်ပင်းနဲ့ထိပြီး သွေးတချို့စီးကျလာတယ်။ ကျွန်မလည်း သေတော့မှာပဲလို့တွေးပြီး ရှေ့တက်ပြီးတားဖို့ ကြိုးစားလိုက်ပေမဲ့ အိုလီရာနာက တားလိုက်တယ်။
“ဆယ်ဗီ၊ ပေါက်ကရတွေလျှောက်မလုပ်နဲ့။ ဒဏ်ရရနေရင်တောင် ကျားကကျားပဲ။”
အိုလီရာနာက ကျွန်မကိုနွယ်တွေနဲ့ ပတ်ထားလိုက်ရင်းနဲ့ ပြောလိုက်တယ်။ ကျွန်မလည်းရုန်းကန်ကြည့်ပေမဲ့ ရုန်းမရဘူး။ အဲဘတ်က ရယ်မောရင်း
“ကြည့်ရတာ ကျောင်းခြောက်ကျောင်းကလူတွေအားလုံး အတူတူပဲနဲ့တူတယ်။ ခင်ဗျား ကလာဒီရာကိုကုပေးမယ်ဆိုရင် ဘယ်သူ့ဆီမှာရှိလဲ ကျုပ်ပြောပြမယ်။ အဲဒီအရာက ခင်ဗျားဖို့ သေရေးရှင်ရေးတမျှ အရေးကြီးနိုင်တယ်နော်။”
“ငါကတိပေးတယ်။ မင်းလုပ်ချင်တာက ဒီတစ်ယောက်ကို ငါ့ရဲ့နတ်တစ်ပိုင်းသွေးတိုက်ပြီး ဒဏ်ရာတွေပြန်ကောင်းလာအောင် လုပ်စေချင်တာမဟုတ်လား။ ဖြစ်စေရမယ်။”
နက်ဆန်က သဘောတူလိုက်ပေမဲ့ မော်လီကတော့ ငြင်းဆန် နေဆဲပါ။ “သခင်၊ အဲဒီ သွေးစုပ်ဖုတ်ကောင်ကို သခင့်သွေးတိုက်ရင် သူနဲ့သခင့်ရဲ့သွေးက တစ်ခုတည်းဖြစ်သွားလိမ့်မယ်။ သခင့်ပြိုင်ဖက်တွေက သူ့ရဲ့သွေးကိုသုံးပြီး သခင့်ကို ကျိန်စာတိုက်လို့ရနေလိမ့်မယ်။”
ကျွန်မခေါင်းထဲ မိုးကြိုးပစ်ချခံလိုက်ရသလို ခံစားလိုက်ရတယ်။ မော်လီက ဒီနည်းလမ်းရဲ့ပြဿနာကိုသိလို့ အစကတည်းက သူတို့ကိုမကယ်ဘဲ သတ်ပစ်ချင်နေတာများဖြစ်နိုင်မလား။
“မော်လီ၊ ဒီတစ်ယောက်ရဲ့အသက်ကိုကယ်နိုင်တာက နတ်ဘုရား တစ်ပါးပါးရဲ့စွမ်းအားတွေပါတဲ့ သွေးတစ်စက်ရမှဖြစ်မှာ။ မဟုတ်ရင် နာရီပိုင်းအတွင်းသေတော့မှာ။”
နက်ဆန်က ကလာဒီယာကိုငုံကြည့်ရင်းပြောလိုက်ချိန်မှာ ကျွန်မစိတ်ထဲ မိုက်မိုက်မဲမဲအတွေးတစ်ခု ပေါ်လာခဲ့ပါတယ်။ ပြီးတဲ့နောက် ကျွန်မပြောလိုက်မိတယ်။
“နတ်ဘုရားတွေရဲ့စွမ်းအားပါတဲ့သွေးဆိုတော့ ကျွန်မရဲ့သွေး ဆိုရင်ရော။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မက မသေနိုင်ဘူးဆိုရင် ကျွန်မရဲ့သွေးကို အသုံးပြုလိုက်တာကမှ နက်ဆန်ရဲ့သွေးကို အသုံးပြုတာထက် ပိုပြီးစိတ်ချရတယ်မဟုတ်လား။”
ကျွန်မကိုယ်ကျွန်မ သေပြီးအကြိမ်ကြိမ်အခါခါ ပြန်ရှင်လာနိုင်တာ ပြန်တွေးမိတယ်။ တကယ်လို့ကျိန်စာမိပြီး ကျွန်မသေခဲ့ရင်တောင် ပြန်ရှင်လာနိုင်တယ်မဟုတ်လား။ အဲဒီလိုဆိုရင် နက်ဆန်တို့၊ အိုလီရာနာတို့လို နတ်တစ်ပိုင်းတွေရဲ့သွေးကိုသုံးတာထက် ပိုပြီးအသုံးဝင်မှာပဲ။
“ဆယ်ဗီ၊ နင်ရူးနေပြီလား။ နင်က ကျိန်စာသံလိုက်ကြီးနော်။ သေချာပေါက် ကျိန်စာထပ်မိလိမ့်မယ်။”
အိုလီရာနာက နွယ်ပင်တွေကိုဆွဲယူပြီး ကျွန်မကိုသူ့အနား ဆွဲခေါ်တယ်။ နောက်တော့ကျွန်မမျက်နှာကို တည့်တည့်ကြည့်ပြီး အော်တော့တာပဲ။ ဒါပေမဲ့ကျွန်မက ခေါင်းကိုခါယမ်းပြတယ်။
“ဒါပေမဲ့ ငါလုပ်တာက အားလုံးအတွက်အကောင်းဆုံး ဖြစ်မှာလေ။”
အိုလီရာနာက ကျွန်မကိုဘာပြောရမှန်းမသိတဲ့ပုံနဲ့ နှုတ်ခမ်းကို ဖိကိုက်ထားလိုက်တယ်။ နက်ဆန်ကလည်း သူ့လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားရင်း ကျွန်မကိုမာမာထန်ထန် ပြောလိုက်တယ်။
“ဆယ်ဗီ၊ ဒီကိစ္စကို ဘယ်နည်းနဲ့မှ ခွင့်မပြုနိုင်ဘူး။”
မော်လီကတော့ သက်ပြင်းချရင်းနဲ့ ကျွန်မတို့ကိုစိုးရိမ်စွာနဲ့ ကြည့်နေတဲ့အဲလတ်ကို ကြည့်လိုက်ပြီး
“ဒီလိုဆိုရင်လည်း ရှင်းနေတာပဲမဟုတ်ဘူးလားသခင်။ ဒီလူပြောတဲ့ သတင်းအချက်အလက်က ကျွန်မတို့ထဲက လူတစ်ယောက်ရဲ့အသက်ကိုစတေးဖို့ မထိုက်တန်ဘူး။”
နောက်တော့ မော်လီက အဲဘတ်ရှေ့မှာပိတ်ရပ်လိုက်ပြီး လက်ထဲက သံကြိုးတပ်တံစဥ်ကို ကစားပြတယ်။ “ငါစိတ်မပြောင်းခင် လစ်လိုက်တော့။”
ဒါပေမဲ့ အဲဘတ်ကစိတ်မလျှော့သေးဘူး။ သူကအော်ဟစ်ပြီး ပြောလိုက်တယ်။ “အဲဒီကိစ္စက ခင်ဗျားရဲ့နန်းတက်ပွဲကို ကျရှုံးစေနိုင်တယ်ဆိုရင်ရော....”
ဒီတစ်ခါတော့ ကျွန်မတို့အားလုံး အံ့ဩသွားရတယ်။ ဒီလိုဆိုရင် ကျွန်မတို့တွေ လစ်လျူရှုဖို့ မဖြစ်နိုင်တော့ဘူးမဟုတ်လား။ ဒီတော့ ကျွန်မလည်းနက်ဆန်ကို အတင်းဘုကန့်လန့်တိုက်ပြီး ကျွန်မသွေးကို အစားထိုးသုံးဖို့အတွက် ဖိအားပေးဖို့ကြိုးစားမယ် ကြံလိုက်တယ်။ ဒါပေမဲ့ အကြာကြီးတိတ်ဆိတ်နေခဲ့တဲ့ မိုနီကာက ရှေ့ထွက်လာပြီး..
“အာရာ့... ရှင်တို့တွေ တစ်ယောက်ယောက်ကို မေ့နေတယ်လို့ မထင်ဘူးလား။”
ကျွန်မတို့တွေအားလုံး မိုနီကာကိုကြည့်လိုက်ပါတယ်။ သူ့ပုံစံက ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခုခုကို သိနေသလိုပဲ။ သူက သူ့နှုတ်ခမ်းကို လက်ဖဝါးနဲ့ကာလိုက်ရင်း...
“ကျွန်မတို့ စကူးဘတ်တွေက မိစ္ဆာမျိုးနွယ်တွေထဲက တစ်ခုဖြစ်တာမလို့ တခြားသူနဲ့ အပေးအယူလုပ်ဖို့ ဖြစ်နိုင်တယ်လေ။ ဒါပေါ့၊ တန်ကြေးက ကြီးတယ်ဆိုပေမဲ့လေ။”
မိုနီကာရဲ့မျက်လုံးတွေထဲမှာ အနီရောင်အလင်းတွေက စတင်ပြီး တောက်ပလာတယ်။ သူ့ခြေဖျားအောက်မှာ ဆင့်ခေါ်မှော်စက်ဝိုင်း တစ်ခုပေါ်လာပြီးတော့ ခြေထောက်အများကြီးပါတဲ့ခြင်္သေ့ခေါင်း တစ်ခုရဲ့အသွင်သဏ္ဍာန်ပေါ်ထွက်လာတယ်။
“ကျွန်မတို့ စကူးဘတ်တော်ဝင်မိသားစုမှာ ဘဲလ်တာဆိုတဲ့ စစ်သူကြီးတစ်ယောက်ရှိတယ်။ သူ့စွမ်းအားက ရှင့်လိုပဲ ဒဏ်ရာဘယ်လောက်ရရ ပြန်ကောင်းလာနိုင်တယ်အဲဘတ်။ သူ့အစွမ်းကို ကျွန်မက ကလာဒီယာအတွက် ခဏငှားပေးမယ် ဆိုရင်ရော။”
အဲဘတ်ရဲ့မျက်လုံးတွေက တောက်ပသွားတယ်။ ခန်းမထဲက အခြေအနေကလည်း တစ်မျိုးပြောင်းသွားပြန်ပြီ။ အဲဘတ်က နက်ဆန်ဆီကနေ အကူအညီတောင်းနေတဲ့ပုံစံအစား စကူးဘတ် မင်းသမီးဆီကနေ အကူအညီတောင်းနေရပြီ။
“ဘာတန်ကြေးပဲဖြစ်ဖြစ် ကျုပ်ပေးပါ့မယ်။”
အဲဘတ်ဆီကနေ သဘောတူညီချက်ရပြီးတဲ့နောက်တော့ သိုးရေစက္ကူတစ်လိပ်ကို မိုနီကာကထုတ်လိုက်ပါတယ်။ “ဒီစာချုပ်က ရှင်၊ ကလာဒီယာနဲ့ ရှင်တို့မျိုးနွယ်နှစ်ခုလုံးက အဖွဲ့ဝင်တွေရဲ့ဝိညာဥ်ကို ကျွန်မဆီရောင်းချတဲ့စာချုပ်ပဲ။ ကျွန်မခိုင်းတာကို ရှင်တို့ငြင်းလို့မရသလို လင်ဘိုဘုံကစာချုပ်မလို့ သေမျိုးလောကနည်းလမ်းတွေနဲ့ ချိုးဖျက်လို့ရမှာမဟုတ်ဘူး။ ဒါပေမဲ့ ဒီစာချုပ်ချုပ်လိုက်တာနဲ့ ရှင်တို့အဖွဲ့သားတွေရဲ့ဝိညာဥ်ကို ကျွန်မဘာသာစိတ်ကြိုက်သုံးလို့ရတယ်။ အစားအစာအဖြစ်အနေနဲ့ရောပေါ့။”
အဲဘတ်ရဲ့လက်က တုန်ခါသွားတယ်။ သူ့တစ်ဘဝလုံးသူက မျိုးနွယ်စုကို သူများလက်အောက်ကနေ လွတ်မြောက်အောင် ကြိုးစားခဲ့တာပါ။ အခုတော့ ကလာဒီယာကိုကယ်တင်ဖို့ အမှောင်ကျောင်းတော်ရဲ့လက်အောက်ခံဖြစ်တာထက်ဆိုးတဲ့ စာချုပ်ကိုချုပ်ဆိုရတော့မယ်။
“ကျွန်မက ရှင့်ကိုဖိအားမပေးပါဘူးနော်။ ရှင့်သဘောပါပဲ။”
နောက်ဆုံးတော့ အဲဘတ်က သက်ပြင်းရှည်ကြီးချလိုက်ပြီး သူ့လက်ကိုကိုက်ဖောက်ကာ သိုးရေစာရွက်ပေါ်မှာ လက်ဗွေ နှိပ်လိုက်တယ်။ နောက်တော့ ဆန်းကြယ်တဲ့စွမ်းအင်လှိုင်းတစ်ခုက သူတို့နှစ်ယောက်ကိုဖုံးအုပ်သွားပြီး ကလာဒီယာရဲ့ဒဏ်ရာတွေ ပျောက်ကင်းသွားပါတယ်။ နောက်တော့ မိုနီကာက အသက်ကိုတစ်ဝကြီး ရှိုက်လိုက်ရော။
ဟူး...
မိုနီကာရဲ့ဖြူဖွေးနေခဲ့တဲ့ ဆံပင်တွေအားလုံး ပုံမှန်ပြန်ဖြစ်လာပြီး သူ့အထွတ်အထိပ်ပုံစံကို ပြန်ရောက်လာတယ်။ မဟုတ်ဘူး၊ ပိုတောင်စွမ်းအားကြီးလာသလိုပဲ။
“မိုနီကာ၊ ရှင်....” ကျွန်မလည်း သူ့ကိုကြည့်နေရင်းကနေ မနေနိုင်ဘဲ ပြောလိုက်မိတော့တာပေါ့။
“ဘာဖြစ်တာလဲဆယ်ဗီ၊ ငါဝိညာဥ်စွမ်းအားတွေကို စုပ်ယူတာ ပထမဆုံးနင်မြင်ဖူးတာလား။ အာ့ရာ... အဲဒီတစ်ရှိုက်စာနဲ့တင် ဝံပုလွေတစ်ဒါဇင်လောက် သေသွားပါရောလား။”
ဝေါ့....
နောက်တော့ မိုနီကာက သူ့ကိုယ်သူမထိန်းနိုင်ဘဲ အန်ချလိုက်တယ်။ သူ့နှုတ်ခမ်းကို လက်ဖဝါးနဲ့ဖိထားပေမဲ့ အစာခြေရည်အနည်းငယ် ကြမ်းပေါ်ကျသွားပြီးနောက် မျက်နှာနီမြန်းသွားပြီး ခန်းမထဲကနေ ထွက်ပြေးသွားပါလေရော။
အိုလီရာနာကတော့ ခေါင်းခါလိုက်တယ်။ “မိုနီကာက သူ့ဒုက္ခသူ ရှာနောတာပဲ။ သခင့်ရဲ့ဝိညာဥ်စွမ်းအားမဟုတ်ဘဲ ကျန်တဲ့သူတွေရဲ့ ဝိညာဥ်စွမ်းအားကို သူစုပ်ယူရင် အခုလိုရလဒ်မျိုးပဲ ဖြစ်လာမှာ။ ပြီးတော့ အဲဒီစာချုပ်က သူ့အတွက် တခြားဆိုးကျိုးတွေရှိနိုင်သေးတယ်။ ဘဲလ်တာက သူ့လက်အောက်ခံမဟုတ်ဘဲ သူ့အမေလက်အောက်ခံလေ။ သေချာပေါက် ဒီအပေးအယူကိုလုပ်ဖို့ သူလည်းဘဲလ်တာကို တစ်ခုခုပြန်ပေးရမှာပဲ။”
“အခုဖြစ်တာက အစာအဆိပ်သင့်တာမျိုးလား...” ကျွန်မလည်း ကောက်ချက် ချလိုက်မိတယ်။ ခဏနေတော့ မိုနီကာ စကူးဘတ်ပုံစံနဲ့ပြန်ပြီး ရောက်လာတယ်။ ဆံပင်တချို့ပြန်ဖြူနေပြီး နေမကောင်းတဲ့ပုံ ပြန်ဖြစ်နေပြန်ပြီ။ အိုလီရာနာပြန်ကုပေးထားတုန်းကအတိုင်းပဲ။ ကြည့်ရတာ စားထားသမျှပြန်အန်ထုတ်လိုက်ရပုံပေါ်တယ်။
“သေစမ်း၊ နင့်စာချုပ်က ငါ့အတွက်ဘာမှအသုံးဝင်မနေဘူးပဲ။ ထားတော့၊ အခု နင်သိထားတဲ့ကိစ္စကို အားလုံးသိအောင် ပြောပြလို့ရပြီလား။”
မိုနီကာက လက်ကိုင်ပဝါနဲ့ လက်ကိုသန့်ရှင်းရေးလုပ်ရင်း မေးလိုက်တယ်။ ခုထိသူကနက်ဆန်ကို မကြည့်ရဲဘူး။ ကျွန်မလည်း သူ့ကိုနားလည်ပါတယ်။ ကိုယ်ချစ်တဲ့သူရှေ့မှာ အန်ချမိတာကိုး။
အဲဘတ်ကတော့ သက်ပြင်းချလိုက်ရင်း “အဲဲဒီသိမ်းငှက်ရုပ်ကို အဲဒီခေတ်က အမှောင်ကျောင်းတော်ရဲ့ စိန့်ပီတာဇဘတ်ဆီ နိတ်တာက ကျုပ်တို့ဆီကနေ ဖိအားပေးပြီး တောင်းယူခဲ့တယ်။ အဲလ်ဒါအမိန့်မဟုတ်ဘဲ ပုဂ္ဂိုလ်ရေး လာဘ်လာဘအနေနဲ့ပေါ့။ အခုခေတ်မှာဆိုရင်တော့ လက်ရှိစိန့်ပီတာဇဘတ်ဆီနိတ်တာ ဟိရာကလိဆီမှာ ရှိလိမ့်မယ်။ ခုလောက်ဆို သူနဲ့သူ့လူတွေ လမ်းခုလတ်မှာ ရောက်နေလောက်ရောပေါ့။”
မော်လီ၊ နက်ဆန်နဲ့ နာတာရှာတို့ မျက်နှာမည်းသွားကြတယ်။ ကျွန်မလည်း ဘာမှန်းမသိတာကြောင့် မေးလိုက်တာပေါ့။ “ဟိုလေ၊ အဲဒီသိမ်းငှက်ရုပ်က အဲဒီလောက်အရေးကြီးလို့လား။”
မော်လီက သက်ပြင်းချလိုက်ရင်း “အေး၊ သေမတတ် အရေးကြီးတယ်။ သိမ်းငှက်ရုပ်တွေက ရောမလီဂျင်းတပ်တွေရဲ့ တိုက်ခိုက်ရေးစွမ်းအားကိုမြှင့်ပေးနိုင်တဲ့ အထွတ်အမြတ် မှော်ရတနာတွေပဲ။ ဒီဘက်ခေတ်မှာ တစ်ခုမှမရှိတော့ဘူးဆိုပေမဲ့ ငါ့မှာရှိနေတဲ့ တစ္ဆေမီးအိမ်ထက်ပိုအားကောင်းပြီး သခင် နန်းတက်ပွဲမှာဝတ်မယ့် မျက်နှာဖုံးထက် တစ်ဆင့်ပဲနိမ့်တယ်။”
နာတာရှာကလည်း ထပ်ဖြည့်ပြောလိုက်ပါတယ်။ “အုပ်စုလိုက် တိုက်ပွဲစွမ်းအားကို မြှင့်ပေးနိုင်တဲ့ မှော်ရတနာမလို့ ဟီရာကလိက ငါတို့ကို သူ့ငယ်သားတွေကိုသုံးပြီး လွှမ်းမိုးပစ်လိုက်ဖို့ ဖြစ်နိုင်တယ်။”
ကြည့်ရတာ အယ်ဒါတင်မြှောက်ပွဲက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးသွားမယ့်ပုံမပေါ်ဘူး။