ငါစောင့်ကြပ်မယ်
Vol. 197 Ch. 2941
နဂါးဧကရာဇ် အထီးကျန်ပင်လယ်က ထိုသို့ပြောလိုက်ပြီးနောက် လက်ရှိသားရဲဧကရာဇ် ရှစ်ဦးမှာ မတူညီသော အမူအရာများ ရှိလာခဲ့သည်။
အရှေ့ဘက် အရိုင်းနယ်မြေ၏ သားရဲဧကရာဇ် ကိုးဦးကြားမှာ နဂါးဧကရာဇ် အထီးကျန်ပင်လယ်၊ သားရဲဧကရာဇ် မဟာဖန်းနှင့် သားရဲဧကရာဇ် နတ်ဆင်တို့ကသာ တျဲယွဲ့နောက်သို့ နှစ်ပေါင်းများစွာ လိုက်ပါလာခဲ့သူများဖြစ်သည်။
အခြားသူများသည် တောင်ဘက် အရိုင်းနယ်မြေ၊ အနောက်ဘက် အရိုင်းနယ်မြေနှင့် မြောက်ဘက် အရိုင်းနယ်မြေတို့မှ ရောက်ရှိလာခဲ့ကြသည်။ အပြာရောင်အဖွဲ့၏ သိမ်းပိုက်အုပ်စိုးမှုကို ရှောင်တိမ်းရန် သူတို့သည် ဤနေရာသို့ လာရောက်ခိုလှုံကြခြင်း ဖြစ်သည်။
အရင်တုန်းက သားရဲဧကရီ သွေးလိပ်ပြာ၏ ဦးဆောင်မှုအောက်မှာ သားရဲဘုရင် ၁၂ ပါး ရှိခဲ့သည်။ သို့သော်လည်း အရင်တုန်းက တိုက်ပွဲမှာ သားရဲဘုရင်ကိုးဦးက သေဆုံးခဲ့ပြီး နဂါးဧကရာဇ် အထီးကျန်ပင်လယ်၊ သားရဲဧကရာဇ် မဟာဖန်းနှင့် သားရဲဧကရာဇ် နတ်ဆင်တို့ကသာ ကျန်ရစ်ခဲ့သည်။
ထိုတိုက်ပွဲမှာ တျဲယွဲ့သည် အပြာရောင်အဖွဲ့ကို တွန်းလှန်ထုတ်ပြီး ဧကရာဇ်တစ်အုပ်စု၏ အလောင်းများကို ကျန်ရစ်ခဲ့စေသည်။
ရှင်သန်ကျန်ရစ်ခဲ့သော ဧကရာဇ်သုံးပါးဖြစ်သည့် နဂါးဧကရာဇ် အထီးကျန်ပင်လယ်၊ သားရဲဧကရာဇ် မဟာဖန်းနှင့် သားရဲဧကရာဇ် နတ်ဆင်တို့သည် ထိုလောကအစိတ်အပိုင်းများစွာကို စုပ်ယူဝါးမျိုပြီး လက်ရှိအခြေအနေအထိ ကြီးပြင်းလာကြခြင်းဖြစ်သည်။
နဂါးဧကရာဇ် အထီးကျန်ပင်လယ်သည် တျဲယွဲ့နောက်သို့ နှစ်ပေါင်းအကြာမြင့်ဆုံး လိုက်ပါခဲ့ပြီး သူ့အနေဖြင့် ဤကဲ့သို့သော အဆိုပြုချက်တစ်ခုကို ထုတ်ဖော်လာခဲ့သည်မှာ တကယ်ပင် မထင်မှတ်ထားလောက်ပေ။
ဤသည်မှာ အပြာရောင်အဖွဲ့၏ ခွန်အားနှင့် အဆက်မပြတ် အောင်မြင်သိမ်းပိုက်မှုများသည် နဂါးဧကရာဇ် အထီးကျန်ပင်လယ်ကို ဖိအားအောက် ကျရောက်နေစေပြီဟု ဆိုလိုလေသည်။ ထို့ကြောင့်ပင် သူက အညံ့ခံဖို့ တွေးလာခဲ့ခြင်းဖြစ်သည်။
မဟာအရိုင်းကမ္ဘာမှာ ထိပ်သီးသားရဲဧကရာဇ် လေးဦးသာလျှင် ရှိခဲ့သည်။
အခြားသုံးဦးက အပြာရောင်အဖွဲ့ထံမှာ အညံ့ခံသွားခဲ့ပြီဖြစ်သည်။
တျဲယွဲ့တစ်ဦးတည်းကသာ အရှေ့ဘက် အရိုင်းနယ်မြေကို ဆက်လက်၍ စောင့်ကြပ်နေသည်။
သူတို့၏ အောက်မှာဆိုလျှင် နဂါးဧကရာဇ် အထီးကျန်ပင်လယ်သည် အသန်မာဆုံး တိုက်ခိုက်ရည်ခွန်အားနှင့် အန္တိမဧကရာဇ်များထဲမှ တစ်ပါးဖြစ်သည်။
အရှေ့ဘက် အရိုင်းနယ်မြေတစ်ခုလုံး၏ သားရဲဧကရာဇ် ကိုးဦးကြားမှာ တျဲယွဲ့သည် အထွတ်အထိပ် ဧကရာဇ်တစ်ပါးဖြစ်ပြီး အသန်မာဆုံး တိုက်ခိုက်ရည်ခွန်အားကို ပိုင်ဆိုင်ထားသည်။ သူမ၏ အောက်ဘက်မှာ အန္တိမသားရဲဘုရင် လေးပါးရှိလေသည်။ သူတို့က နဂါးဧကရာဇ် အထီးကျန်ပင်လယ်၊ သားရဲဧကရာဇ် မဟာဖန်း၊ သားရဲဧကရာဇ် နတ်ဆင်နှင့် သားရဲဧကရီ အမြီးကိုးချောင်းတို့ ဖြစ်သည်။
သူတို့ဘက်မှာ သာမန်သားရဲဧကရာဇ် စုစုပေါင်း ငါးဦးရှိသည်။ သူတို့က သားရဲဧကရာဇ် ကွေ့နူ၊ သားရဲဧကရာဇ် ပိုင်ကျဲ၊ သားရဲဧကရာဇ် ကောင်းကင်ထိုးသွင်း၊ သားရဲဧကရာဇ် ဆန်းကြယ်မြွေနှင့် သားရဲဧကရာဇ် ထျန်ဝူတို့ ဖြစ်သည်။
အန္တိမသားရဲဧကရာဇ် လေးပါးထဲမှ တစ်ပါးနှင့် တျဲယွဲ့နောက်သို့ အချိန်အကြာမြင့်ဆုံး လိုက်ပါခဲ့သူအနေဖြင့် နဂါးဧကရာဇ် အထီးကျန်ပင်လယ်၏ ရပ်တည်ချက်က အလွန်တရာ အရေးပါသည်။
တျဲယွဲ့၏ အမူအရာက တည်ငြိမ်နေပြီး ကျန်ရှိနေသော သားရဲဧကရာဇ်များကိုသာ ကြည့်နေသည်။
ကျန်ရှိနေသော အန္တိမသားရဲဧကရာဇ် သုံးဦးအကြားမှာ သားရဲဧကရာဇ် မဟာဖန်း၏ အမူအရာက ပြောင်းလဲမသွားပေ။ သူသည် နဂါးဧကရာဇ် အထီးကျန်ပင်လယ်၏ ရပ်တည်ချက်မှာ အံ့အားသင့်မသွားသည့်အလားပင်။
အခြားနှစ်ယောက်ဖြစ်သော သားရဲဧကရာဇ် နတ်ဆင်နှင့် သားရဲဧကရီ အမြီးကိုးချောင်းတို့က မျက်မှောင်ကြုတ်လိုက်ကြသည်။
ကျန်ရှိနေသော သာမန်ဧကရာဇ် လေးဦးကြားမှာ သားရဲဧကရာဇ် ကွေ့နူနှင့် သားရဲဧကရာဇ် ဆန်းကြယ်မြွေတို့က စိတ်ပူပန်သောအမူအယာများ ဖြစ်လာခဲ့သည်။ သားရဲဧကရာဇ် ကောင်းကင်ထိုးသွင်းနှင့် သားရဲဧကရာဇ် ပိုင်ကျဲတို့ကတော့ ငြင်းဆန်လိုသော အမူအရာတစ်ခုကို ထုတ်ဖော်ထားကြသည်။
“အထီးကျန်ပင်လယ်… မင်း ဘာစကားပြောလိုက်တာလဲ”
သားရဲဧကရာဇ် နတ်ဆင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
“အပြာရောင်အဖွဲ့က ငါတို့ရဲ့ အရှေ့ဘက် အရိုင်းနယ်မြေနဲ့ သွေးကြွေးရန်စ ရှိထားတယ်… ငါတို့နဲ့ အရင်တုန်းက ရင်ဘောင်တန်းတိုက်ခိုက်ခဲ့တဲ့ သားရဲဘုရင် ၁၂ ပါးထဲက ထက်ဝက်ကျော်က သူတို့ရဲ့လက်ထဲမှာ သေဆုံးခဲ့ရတယ်… ငါတို့က လက်စားမချေဘူးဆိုရင် ကောင်းကင်ဘုံက အဲဒါကို သည်းခံမှာ မဟုတ်ဘူး… ငါတို့တွေ ဘာလို့ အညံ့ခံဖို့ ရွေးချယ်ရမှာလဲ”
“ငါတို့က ငါတို့ရဲ့ ရန်သူဆီမှာ အညံ့ခံဖို့ ရွေးချယ်မယ်ဆိုရင် သေဆုံးသွားတဲ့ ငါတို့ရဲ့ ရဲဘော်ရဲဘက်တွေက အေးအေးချမ်းချမ်း အနားယူနိုင်မှာ မဟုတ်ဘူး”
နဂါးဧကရာဇ် အထီးကျန်ပင်လယ်က မပြောရသေးခင် သားရဲဧကရာဇ် မဟာဖန်းက အရင်စတင်ပြောဆိုလိုက်၏။
“အပြာရောင်အဖွဲ့ရဲ့ ခွန်အားက ထူးခြားအံ့မခန်းပဲ… ဧကရာဇ်မိုးပြာရောင်မီးတောက်နဲ့ တခြားသူတွေက သိပ်မကြာခင် တစ်ကျော့ပြန်လာတော့မယ်… သွေးလိပ်ပြာရဲ့ ထိခိုက်ဒဏ်ရာတွေက အခုချိန်ထိ မပျောက်ကင်းသေးဘူး… ငါတို့ထဲမှာ ဘယ်သူက သူတို့ကို ခုခံနိုင်မှာလဲ”
ထိုနေရာအရောက်မှာ သားရဲဧကရာဇ် မဟာဖန်းက တျဲယွဲ့ကိုပင် တစ်ချက်လှမ်းကြည့်လိုက်၏။
“ငါတို့တွေအားလုံး တိုက်ပွဲမှာ သေဆုံးသွားဖို့က အကောင်းဆုံးရလဒ် ဖြစ်နိုင်မှာလား… ဂမ္ဘီရဟွမ်နဲ့ စိတ်ဝိညာဉ်လိပ်တို့က အသက်ရှင်နေဦးမယ်ဆိုရင် သူတို့က ငါတို့သေဆုံးတာကို တွေ့မြင်ချင်မှာ မဟုတ်ဘူး”
အန္တိမသားရဲဧကရာဇ် လေးဦးထဲမှ နှစ်ဦးသည် အပြာရောင်အဖွဲ့ထံ အညံ့ခံလိုသည့် သူတို့၏ ရပ်တည်ချက်ကို ဖော်ပြလာခဲ့ကြပြီဖြစ်၏။
“ငါတော့ သဘောမတူဘူး”
သားရဲဧကရီ အမြီးကိုးချောင်းက ဖြည်းဖြည်းချင်း မတ်တတ်ထရပ်ပြီး တည်တံ့စွာ ပြောလိုက်၏။
“ငါက အမြီးကိုးချောင်းမျိုးနွယ်ကို တောင်ဘက် အရိုင်းနယ်မြေကနေ ဒီနေရာကို ခေါ်လာခဲ့တယ်ဆိုတာ ငါ့ရဲ့ ကလန်သားတွေကို အပြာရောင်အဖွဲ့ရဲ့လက်ထဲ ကျဆင်းပြီး သူတို့ရဲ့ ကျေးကျွန်တွေနဲ့ ကစားစရာအရုပ်တွေ ဖြစ်မလာစေချင်လို့ပဲ”
“ငါတို့ရဲ့ အမြီးကိုးချောင်းမျိုးနွယ်အပြင် အရိပ်အာဝါသကို ခိုလှုံဖို့အတွက် အရှေ့ဘက် အရိုင်းနယ်မြေကို ထွက်ပြေးတိမ်းရှောင်လာတဲ့ မဟာအရိုင်းကမ္ဘာက တခြားမျိုးနွယ်သက်ရှိတွေ အများကြီးရှိတယ်… နင်တို့တွေက အခုချိန်မှာ အညံ့ခံမယ်ဆိုရင် အဲဒီသက်ရှိတွေကို ဘယ်နေရာမှာ သွားပြီး အထိုင်ချပေးရမှာလဲ”
သားရဲဧကရီ အမြီးကိုးချောင်းသည် ပန်းရောင်သားမွေးအင်္ကျီရှည်တစ်ထည်ကို ဝတ်ဆင်ထားပြီး သူမ၏ အနည်းငယ်ကွေးညွှတ်နေသော လက်နှစ်ဖက်နှင့် သွယ်လျသော နှင်းဖြူရောင် ခြေတံနှစ်ချောင်းကို ထုတ်ဖော်ထားလေသည်။ သူမက သွယ်လျပျော့ပျောင်းသော ကိုယ်ခန္ဓာကို ပိုင်ဆိုင်ထားပြီး တစ်ချက်ကြည့်ရုံနှင့် တစ်ဖက်သူကို နှလုံးခုန်မြန်လာစေနိုင်သည်။
ထိုမျက်လုံးများက တလက်လက်တောက်ပနေပြီး သူတို့က တစ်ဖက်သူ၏ ဝိညာဉ်ကို နုတ်ယူနိုင်သည့်အလားပင်။
လက်ရှိသားရဲဧကရာဇ်များက မတ်မတ်ထိုင်နေကြ၏။ မည်သူကမျှ သားရဲဧကရီ အမြီးကိုးချောင်းကို မကြည့်ရဲပေ။
မြေခွေးမျိုးနွယ်သည် ညှို့ငင်ဖမ်းစားခြင်းနည်းစနစ်များမှာ အထူးတတ်ကျွမ်းလေသည်။
မြေခွေးမျိုးနွယ်၏ ပညာရှင်များအကြားမှာ အမြီးကိုးချောင်း သားရဲမြေခွေးများသည် ပြီးပြည့်စုံသော ကိုယ်ကာယနှင့်အတူ သဘာဝအလှအပများကို ပိုင်ဆိုင်ထားကြသည်။ သူတို့သည် နတ်ဘုရားတစ်ပါး ဖန်တီးထားသော ရတနာများကဲ့သို့ဖြစ်ပြီး ညှို့ငင်ဖမ်းစားနိုင်သော မွှေးရနံ့ကို ထုတ်ဖော်နိုင်သည်။
ဧကရာဇ်မိုးပြာရောင်မီးတောက်ပင်လျှင် သားရဲဧကရီ အမြီးကိုးချောင်းကို သူ့ထံ အလုပ်အကျွေးပြုစေချင်သည်ဟု ထုတ်ဖော်ကြေညာခဲ့သည်။
တျဲယွဲ့၏ ကာကွယ်မှုကြောင့် မဟုတ်လျှင် သားရဲဧကရီ အမြီးကိုးချောင်းသည် ဧကရာဇ်မိုးပြာရောင်မီးတောက်၏ မောင်းမတစ်ယောက် ဖြစ်သွားလောက်လေပြီ။
သားရဲဧကရီ အမြီးကိုးချောင်းသည် အရှေ့ဘက် အရိုင်းနယ်မြေမှာ သူမ နှစ်သက်သဘောကျသော တစ်စုံတစ်ရာရှိနေပြီး အခြားမည်သည့်သားရဲဧကရာဇ်ကမှ သူမအပေါ် မလျော်ကန်သော အတွေးများ မထားရဲကြပေ။
သားရဲဧကရာဇ် ဆန်းကြယ်မြွေက ရှေ့တည့်တည့်ကိုကြည့်ပြီး ပြောလိုက်၏။
“ကျုပ်တို့တွေအားလုံးက ဧကရာဇ်တွေပဲ… ကျုပ်တို့ရဲ့အသက်တွေက မြင့်မြတ်တယ်… ကျုပ်တို့ကို တခြားမျိုးနွယ်က ကြုံရာကျပန်း အဲဒီသက်ရှိတွေနဲ့ ဘယ်လိုလုပ် ယှဉ်လို့ရမှာလဲ”
“အခြေအနေကို ဆုံးဖြတ်ပြီးသွားပြီဆိုမှတော့ ကျုပ်တို့က ဆိုးဆိုးဝါးဝါး အသေခံမယ့်အစား အလိုက်သင့်မျှောချလိုက်တာက ပိုမကောင်းဘူးလား”
သားရဲဧကရီ ပိုင်ကျဲက သူ၏ ခေါင်းကို ညင်သာစွာ ခါပြလိုက်၏။
“ငါတော့ သဘောမတူဘူး”
ခန်းမထဲမှာ သားရဲဧကရာဇ် ရှစ်ဦးက အတန်ကြာသည်အထိ ငြင်းခုံနေကြပြီး တဖြည်းဖြည်း ပို၍ပြင်းထန်ကြမ်းတမ်းလာ၏။
အစကနေ ယခုအချိန်ထိ တျဲယွဲ့က မည်သည့်စကားကိုမှ မပြောဆိုခဲ့ပေ။
ဧကရာဇ်မိုးပြာရောင်မီးတောက်နှင့် တခြားသူများနှင့် တိုက်ခိုက်ရသော တိုက်ပွဲက သူမကို ပင်ပန်းနွမ်းလျမှု ဖြစ်စေလိမ့်မည် မဟုတ်ပေ။
ဤကဲ့သို့သော အခြေအနေများကသာ သူမကို ပင်ပန်းနွမ်းလျစေပေလိမ့်မည်။
သားရဲဧကရာဇ် အထီးကျန်ပင်လယ်၊ သားရဲဧကရာဇ် မဟာဖန်းနှင့် အခြားသူများသည် အရှေ့ဘက် အရိုင်းနယ်မြကနေ ထွက်ခွာမသွားသော်လည်း အပြာရောင်အဖွဲ့ပေးနေသည့် ကြီးမားသော ဖိအားအောက်မှာ အရှေ့ဘက် အရိုင်းနယ်မြေသည် ဆက်လက်၍ ကြံ့ခိုင်စည်းလုံးမှု မရှိတော့ဘဲ အချိန်မရွေး ပြိုကွဲသွားနိုင်၏။
နောက်ဆုံးတိုက်ပွဲ ရောက်မလာခင်မှာပင် အရှေ့ဘက်အရိုင်းနယ်မြေက လဲပြိုကျတော့မည့်ဆဲဆဲ ဖြစ်လာခဲ့လေသည်။
သူမ နောက်သို့ နှစ်ပေါင်းများစွာ လိုက်ပါလာခဲ့သော နောက်လိုက်ငယ်သားများကပင် သူမကို စွန့်ခွာလိုလာကြပြီဖြစ်သည်။
ဆူဇီမို ရောက်ရှိလာမှုကြောင့် မဟုတ်လျှင် တျဲယွဲ့အနေဖြင့် ဘယ်လောက်ကြာကြာ ဆက်ပြီးတောင့်ခံနိုင်မလဲ သူမ အမှန်တကယ်ပင် မသိတော့ပေ။
ထိုစဉ်မှာပင် သားရဲဧကရာဇ် အထီးကျန်ပင်လယ်က မတ်တတ်ထရပ်ပြီး တည်တံ့စွာ ပြောလိုက်သည်။
“အားလုံးပဲ ငြင်းခုံမနေကြနဲ့တော့… အခု အပြာရောင်အဖွဲ့က တိုက်ခိုက်လာပြီ… ထိုက်အာတောင်ကြောရိုးမှာ အုပ်စိုးမယ့်အရှင် မရှိတော့ဘူး… အဲဒါကို ဘယ်သူက ခုခံပေးနိုင်မှာလဲ… ငါတို့တွေ ဒီအကျပ်အတည်းကို ဘယ်လိုဖြေရှင်းမှာလဲ”
သားရဲဧကရာဇ် နတ်ဆင်က ပြောလိုက်သည်။
“ငါသိရသလောက်ဆိုရင် အပြာရောင်အဖွဲ့ရဲ့ အထွတ်အထိပ်ဧကရာဇ်တွေက သွေးလိပ်ပြာကြောင့် ဒဏ်ရာအပြင်းအထန် ရရှိသွားကြတယ်… ဧကရာဇ်မိုးပြာရောင်မီးတောက်နဲ့ တခြားသူတွေက အားဖြည့်နေတုန်းပဲ ရှိဦးမယ်”
“ဒီတစ်ခေါက် အပြာရောင်အဖွဲ့ကို ဦးဆောင်လာမယ့် ခေါင်းဆောင်က အန္တိမဧကရာဇ်တစ်ပါးပဲ ဖြစ်လိမ့်မယ်… ဒီလိုဆိုမှတော့ ငါတို့အတူပူးပေါင်းထားမယ်ဆိုရင် ငါတို့က သူ့ကို ဘာလို့မတိုက်ခိုက်နိုင်ရမှာလဲ”
သားရဲဧကရာဇ် နတ်ဆင်သည် တျဲယွဲ့နောက်သို့ နှစ်ပေါင်းများစွာ လိုက်ပါလာခဲ့ပြီး တျဲယွဲ့က ထိခိုက်ဒဏ်ရာရရှိထားကာ တိုက်ခိုက်နိုင်လေဦးမည် မဟုတ်သည်ကို သူက အကြမ်းဖျင်းခန့်မှန်းမိနိုင်သည်။
သူတို့သည် ဤတိုက်ပွဲမှာ သူတို့အားကိုသူတို့ ကိုးရပေလိမ့်မည်။
သားရဲဧကရာဇ် အထီးကျန်ပင်လယ်က မှင်သေသေဖြင့် ပြောလိုက၏။
“ငါနေတဲ့ တူချိုးတောင်ကြောရိုးက အထီးကျန်ပင်လယ်ရဲ့ အလယ်မှာပဲ… အဲဒါက အဓိကကျတဲ့ နယ်မြေပဲ… ငါက အဲဒီနေရာကို စောင့်ကြပ်နေရမယ်… ဒီတိုက်ပွဲမှာ ဝင်ပါလို့မရဘူး”
သားရဲဧကရာဇ် မဟာဖန်းကလည်း မတ်တတ်ထရပ်ပြီး ပြောလိုက်၏။
“ကျောက်ယောင်တောင်ကြောရိုးက အရှေ့ဘက်အရိုင်းနယ်မြေရဲ့ အနောက်စူးစူးမှာ တည်ရှိတယ်… အဲဒါက အပြာရောင်အဖွဲ့ရဲ့ နယ်စပ်ပဲ။ ငါတို့က အဲဒီနေရာကို ဆုံးရှုံးခံလို့မရဘူး… ငါက အဲဒီနေရာကို စောင့်ကြပ်နေရမယ်”
သူတို့နှစ်ယောက်သည် အပြာရောင်အဖွဲ့ထံမှာ အညံ့မခံရသေးသော်လည်း သူတို့သည် လောလောဆယ်မှာ တိုက်ပွဲကို ရှောင်လွှဲဖို့ ရွေးချယ်ထားကြပြီဖြစ်သည်။ သူတို့၏ ရပ်တည်ချက်က သိသာရှင်းလင်းနေ၏။
အန္တိမသားရဲဧကရာဇ် လေးဦးထဲမှ နှစ်ဦးက ဆုတ်ခွာသွားခြင်းနှင့်အတူ အရှေ့ဘက်အရိုင်းနယ်မြေပေါ် ဖိအားက ဆပွားတိုးလာခဲ့သည်။
ကျန်ရှိနေသော သာမန်သားရဲဧကရာဇ် လေးဦးအကြားမှာ သားရဲဧကရာဇ် ဆန်းကြယ်မြွေနှင့် သားရဲဧကရာဇ် ကွေ့နူတို့ကလည်း တိုက်ပွဲကို ရှောင်လွှဲဖို့အတွက် အကြောင်းပြချက်ကိုယ်စီ ပြလိုက်ကြသည်။
“မင်းတို့တွေ…”
သားရဲဧကရာဇ် နတ်ဆင်က မျက်မှောင်ကြုတ်ပြီး သားရဲဧကရာဇ် အထီးကျန်ပင်လယ်နှင့် သားရဲဧကရာဇ် မဟာဖန်းတို့ကို စိုက်ကြည့်နေ၏။
သားရဲဧကရာဇ် အထီးကျန်ပင်လယ်နှင့် အခြားသူများ ပေးထားသည့် အကြောင်းပြချက်များက ဆင်ခြေမျှသာဖြစ်သည်ကို သူသိလေသည်။
ယခုအချိန်မှာ သူတို့လေးယောက်သာလျှင် ကျန်ခဲ့လေသည်။ သူတို့က အပြာရောင်အဖွဲ့၏ စစ်တပ်ကို ဘယ်လိုလုပ် ခုခံတိုက်ခိုက်နိုင်မှာလဲ။
သားရဲဧကရီ အမြီးကိုးချောင်းက ကြိတ်၍ သက်ပြင်းချလိုက်၏။
သူမ၏ အကြည့်က အလယ်မှာ ထိုင်နေသော တျဲယွဲ့ထံ ရောက်ရှိသွားပြီး ညင်သာစွာ ပြောလိုက်၏။
“အစ်မ သွေးလိပ်ပြာ… လက်ရှိအခြေအနေအရဆို ကျွန်မတို့က ထိုက်အာတောင်ကြောရိုးကို လက်လွှတ်ရတော့မယ်နဲ့တူတယ်… ဒါပေမဲ့ ထိုက်ယွမ်တောင်ကြောရိုးမှာရှိတဲ့ သက်ရှိတွေကတော့…”
တျဲယွဲ့က ပြောတော့မည့်ဆဲဆဲမှာပင် ခရမ်းရောင်ဝတ် ပုံရိပ်တစ်ခုက ခန်းမ၏ အပြင်ဘက်မှာ ရုတ်တရက် ပေါ်ထွက်လာသည်။
သူက ခန်းမထဲသို့ လျှောက်လှမ်းဝင်ရောက်လာပြီး မှင်သေသေဖြင့် ပြောလိုက်၏။
“ထိုက်အာတောင်ကြောရိုးကို ငါစောင့်ကြပ်မယ်”
သိုင်းတာအိုပင်မခန္ဓာက ရောက်ရှိလာခဲ့သည်။
တျဲယွဲ့က ဆူဇီမိုကို တစ်ချက်ကြည့်ပြီး သူမ၏ လှပသော မျက်လုံးများထဲမှာ အလင်းတစ်ချက် ဖျပ်ခနဲလက်သွားပြီးနောက် ပျက်ပြယ်သွားလေသည်။
ခန်းမထဲမှာရှိသော သားရဲဧကရာဇ်များက တစ်ယောက်ပြီးတစ်ယောက် လှည့်ကြည့်လာကြသည်။