ဧကရာဇ်နယ်ပယ်တိုက်ပွဲ
Vol. 197 Ch. 2946
ထိုစဉ်မှာပင် သိုင်းတာအိုပင်မခန္ဓာ၏ နောက်ဘက် လေဟာနယ်ထဲမှာ အက်ကွဲကြောင်းများ ပေါ်ထွက်လာပြီး ကြောက်စရာကောင်းသော အော်ရာများနှင့် ပုံရိပ်ငါးခုက လျှောက်လှမ်းထွက်လာ၏။
သူတို့ငါးယောက်၏ နောက်ဘက် အာကာသဦးမင်ထဲမှာ သားရဲဘုရင်များစွာသည် မရေမတွက်နိုင်သော သားရဲစစ်သည်များနှင့် သားရဲစစ်ဗိုလ်များကို ဦးဆောင်ကာ အဆက်မပြတ်တိုးထွက်လာပြီး ထိုက်အာတောင်ကြောရိုး၏ အထက်သို့ ရောက်ရှိလာကြသည်။
ထိုသည်မှာ သားရဲဧကရာဇ်နတ်ဆင်နှင့် သားရဲဧကရာဇ် အမြီးကိုးချောင်းဖြစ်သည်။
သားရဲဧကရာဇ်ပိုင်ကျဲ၊ သားရဲဧကရာဇ်ကောင်းကင်ထိုးသွင်းနှင့် သားရဲဧကရာဇ် ဆန်းကြယ်မြွေတို့နှင့်အတူ တွဲဖက်၍ သူတို့ငါးယောက်က နောက်ဆုံးမှာ ပေါ်ထွက်လာကြသည်။
ဧကရာဇ်ငါးဦးက အနည်းငယ်နောက်ကျနေသည်မှာ သူတို့သည် သူတို့လက်အောက်ရှိ သားရဲစစ်တပ်များကို စုစည်းရန် သူတို့၏ သက်ဆိုင်ရာတောင်ကြောများသို့ ပြန်သွားရသောကြောင့်ဖြစ်သည်။
“အရှေ့ဘက်အရိုင်းနယ်မြေရဲ့ သားရဲဧကရာဇ်ပညာရှင်တွေက ငါတို့ကို စစ်ကူပေးဖို့ ဒီကိုရောက်လာပြီ”
ထိုသည်ကို တွေ့မြင်သောအခါ ထိုက်အာတောင်ကြောရိုးရှိ မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများက အော်ဟစ်ပြီး စိတ်အားမာန်တက်ကြွလာကြသည်။
သားရဲဧကရာဇ်ငါးဦး ဦးဆောင်လာသော သားရဲစစ်တပ်များသည် တစ်ဖက်အဖွဲ့ထက် အရေအတွက်အားဖြင့် များစွာနိမ့်ကျနေ၏။
သို့သော်လည်း အော်ရာချင်းယှဉ်လျှင် အရှေ့ဘက်အရိုင်းနယ်မြေက ဆက်လက်၍ အရေးနိမ့်မနေတော့ပေ။
သားရဲဧကရာဇ်နတ်ဆင်၊ သားရဲဧကရာဇ် အမြီးကိုးချောင်းတို့နှင့် အခြားသူများက သူတို့၏ စစ်တပ်များကို ဤနေရာသို့ ဦးဆောင်လာပြီး သူတို့ရှေ့မှ မြင်ကွင်းကိုကြည့်ကာ တုန်လှုပ်သွားကြသည်။
သူတို့ ဤနေရာသို့ ဆင်းသက်မလာခင် သူတို့သည် ပြင်းထန်ကြမ်းတမ်းသော တိုက်ပွဲတစ်ခုအတွက် ပြင်ဆင်ထားခဲ့ပြီးသားဖြစ်သည်။
သို့သော်လည်း လူတိုင်းပေါ်ထွက်လာပြီးနောက် အပြာရောင်အဖွဲ့ဘက်မှ ဘီလီယံနှင့်ချီသော သားရဲများပါဝင်သည့် စစ်တပ်သည် ရပ်တန့်နေသည်ကို တွေ့ရှိလိုက်ရသည်။ သူတို့က မမြင်ရသော အင်အားတစ်ခုကြောင့် နေရာမှာတင် တုန်လှုပ်နေသည့်အလားပင်။
အပြာရောင်အဖွဲ့ဘက်မှ သားရဲဧကရာဇ် ၂၀ ကျော်ကျော်ကလည်း ရပ်တန့်နေကြသည်။
သို့သော်လည်း တစ်ဖက်မှာက လူတစ်ယောက်တည်းသာ ရှိသည်။ ငွေရောင်မျက်နှာဖုံးတပ်ထားသော အထီးကျန်သိုင်းသခင်…။
သားရဲဧကရာဇ်နဝယင်သည် သားရဲဧကရာဇ်နတ်ဆင်နှင့် အခြားသူများ ပေါ်ထွက်လာသည်ကို တွေ့မြင်သောအခါ သူ၏ အမူအရာက များစွာပြောင်းလဲမသွားပေ။ သူက စိတ်လက်ပေါ့ပါးနေဆဲဖြစ်ပြီး အပြုံးတစ်ခုနှင့်အတူ ပြောလိုက်၏။
“မင်းတို့တွေ မြင်လား… ဒါက အရှေ့ဘက်အရိုင်းနယ်မြေရဲ့ နောက်ဆုံးလက်ကျန်ခွန်အားပဲ”
အန္တိမဧကရာဇ်နှစ်ပါး…
အထီးကျန်သိုင်းသခင်အပါအဝင် သူတို့ဘက်မှာ စုစုပေါင်း သာမန်ဧကရာဇ်လေးပါးသာ ရှိသည်။
အပြာရောင်အဖွဲ့ဘက်မှာတော့ အန္တိမဧကရာဇ် လေးပါးရှိပြီး အရှေ့ဘက်အရိုင်းနယ်မြေထက် နှစ်ဆပိုများလေသည်။
အပြာရောင်အဖွဲ့သည် သာမန်သားရဲဧကရာဇ်များ၏ အရေအတွက်မှာ ပို၍ပင် အားသာချက်ရှိနေသည်။ အဲဒါက အရှေ့ဘက်အရိုင်းနယ်မြေထက် လေးဆဖြစ်သည်။
သားရဲဧကရာဇ် စိတ်ဝိညာဉ်ဦးချိုသည် သားရဲဧကရာဇ် အထီးကျန်ပင်လယ်နှင့် သားရဲဧကရာဇ် မဟာဖန်းတို့ ပေါ်ထွက်မလာသည်ကို တွေ့မြင်သောအခါ သူကလည်း စိတ်သက်သာစွာ သက်ပြင်းချပြီး စိတ်လက်ပေါ့ပါးသွားလေသည်။
နှစ်ဦးနှစ်ဖက် သားရဲဧကရာဇ်များကြား ခွန်အားကွာဟချက်က ကြီးမားပြီး အရှေ့ဘက်အရိုင်းနယ်မြေက ဤတိုက်ပွဲမှာ သေချာပေါက်ရှုံးနိမ့်ရပေလိမ့်မည်။
“အားလုံးပဲ”
သားရဲဧကရာဇ်နဝယင်က ထုတ်ဖော်ကြေညာလိုက်သည်။
“နတ်ဆင်နဲ့ အမြီးကိုးချောင်းကို ငါတို့လေးယောက် တာဝန်ထားလိုက်… ငါက အထီးကျန်သိုင်းသခင် ပိုင်ကျဲနဲ့ တခြားသူတွေကို မင်းတို့လက်ကို လွှဲရမှာပဲ”
“ကျုပ်တို့ ခင်ဗျားကို စိတ်ပျက်စေရမှာ မဟုတ်ဘူး”
သားရဲဧကရာဇ်များက အော်ပြောလိုက်ကြသည်။
“သတ်”
နှစ်ဦးတစ်ဖက်စလုံးက နှစ်ပေါင်းများစွာ တိုက်ခိုက်လာခဲ့ကြသည်။ သူတို့ တွေ့ဆုံသည့် ခဏမှာပင် သူတို့သည် အချိန်ဖြုန်းမနေဘဲ သူတို့၏ အပြင်းထန်အကြမ်းတမ်းဆုံးတိုက်ပွဲဆီသို့ ဦးတည်လိုက်ကြသည်။
ထိုက်အာတောင်ကြောရိုးပေါ်မှာ အနက်ရောင်သက်ရှိစီးကြောင်းက နောက်တစ်ဖန် တလိပ်လိပ်ထိုးတက်လာပြီး အရှေ့ဘက်အရိုင်းနယ်မြေစစ်တပ်နှင့် ထိတွေ့ရိုက်ခတ်ကာ သတ်ဖြတ်သံများနှင့် အော်ဟစ်သံများက နေရာတိုင်းမှာ ထွက်ပေါ်လာသည်။
သားရဲစစ်သည်များ၊ သားရဲစစ်ဗိုလ်များနှင့် သားရဲဘုရင်များကပင် သူတို့၏ ဓမ္မပညာရပ်များနှင့်အတူ တိုက်ခိုက်လာကြသည်။
သို့သော်လည်း ဤတိုက်ပွဲ၏ ရလဒ်သည် ဧကရာဇ်နယ်ပယ်ပညာရှင်များကြား တိုက်ပွဲအပေါ်မှာ မူတည်နေပေလိမ့်မည်။
သားရဲဧကရာဇ်နဝယင်၊ သားရဲဧကရာဇ်စိတ်ဝိညာဉ်ဦးချို၊ သားရဲဧကရာဇ်ဖေးလန်နှင့် သားရဲဧကရာဇ်ဟို့တူတို့က သားရဲဧကရာဇ်နတ်ဆင်နှင့် သားရဲဧကရာဇ် အမြီးကိုးချောင်းထံ ပြေးဝင်လာကြသည်။
ကျန်ရှိနေသော သာမန်သားရဲဧကရာဇ် ဆယ်ဦးကျော်ကျော်က သိုင်းတာအိုပင်မခန္ဓာ၊ သားရဲဧကရာဇ်ပိုင်ကျဲနှင့် အခြားသူများကို ဝိုင်းပတ်လိုက်ကြသည်။
ဝုန်း… ဝုန်း… ဝုန်း…
နှစ်ဦးနှစ်ဖက်စလုံးက ဧကရာဇ်နယ်ပယ်ပညာရှင်များဖြစ်ပြီး အကဲစမ်းခြင်းမရှိဘဲ သူတို့၏ သက်ဆိုင်ရာလောကများကို ဆင့်ခေါ်လိုက်ကြသည်။
ချက်ချင်းပင် မဟာအရိုင်းကမ္ဘာ၏ ကောင်းကင်ထက်မှာ လောကများက တစ်ခုပြီးတစ်ခု ပေါ်ထွက်လာကြသည်။ သူတို့က ကမ္ဘာတုန်လောက်ဖွယ်ရာဖြစ်ပြီး မဟာအရိုင်းကမ္ဘာ၏ မိုးကောင်းကင်ကပင် လုံးဝဖုံးအုပ်ခံလိုက်ရသည်။
သားရဲဧကရာဇ်နတ်ဆင် ပေါ်ထွက်လာသည့်အခါမှာပင် သူ၏ သွေးချီက တလိပ်လိပ်ထိုးတက်လာပြီး သူက သူ၏ အစစ်အမှန်ပုံစံသို့ အသွင်ပြောင်းလဲလိုက်၏။ သူ၏ ကျောက်စိမ်းဖြူရောင် ဆင်စွယ်ရှစ်ချောင်းက ထက်ရှနေပြီး လျှို့ဝှက်ဆန်းကြယ်သော ရောင်လျှံစက်ဝန်းတစ်ခုကို ဖြာထုတ်ထားသည်။
နတ်ဆင်သည် သူ၏ နှာမောင်းကို မြှောက်ပြီး ကောင်းကင်ထက်သို့ အော်မြည်ဟစ်ကြွေးလိုက်၏။
သားရဲဧကရာဇ်နတ်ဆင်၏ လောကအကြီးသည် မနှိုင်းယှဉ်သာအောင် သိပ်သည်းလေးလံပုံရပြီး ၎င်းသည် အရာရာတိုင်းကို ဖိနှိမ်နိုင်သည့်အလားပင်။ ရှေးကျသော ဆင်များ၏ ပုံရိပ်များကို သူတို့ထဲမှာ တွေ့မြင်နိုင်သည်။
မရေမတွက်နိုင်သော နတ်ဆင်များက အော်မြည်ဟစ်ကြွေးပြီး အတောမသတ် ကြယ်များကို ကြွေကျလာစေသည်။
သားရဲဧကရာဇ် အမြီးကိုးချောင်း၏ လောကအကြီးက ဝေဝါးနေပုံရသော အိပ်မက်ကမ္ဘာတစ်ခုကဲ့သို့ ဖြစ်သည်။
သားရဲဧကရာဇ် အမြီးကိုးချောင်းနှင့် ရင်ဆိုင်ရသည့်အခါ သူတို့တွေ့မြင်ရသော လောကများက မတူညီဘဲ သူတို့ရင်ဆိုင်ရသည့် ဖြားယောင်းမှုများကလည်း ကွဲပြားခြားနားနေပေလိမ့်မည်။
သားရဲဧကရာဇ် အမြီးကိုးချောင်း၏ လောကအကြီးသည် သက်ရှိတိုင်း၏ နှလုံးသားအနက်ပိုင်းထဲရှိ အလိုဆန္ဒကို နှိုးဆွပေးပြီး အဲဒါကို အဆက်မပြတ် သန်မာအားကောင်းလာစေပေလိမ့်မည်။
သားရဲဧကရာဇ်နဝယင်နှင့် အခြားသော အန္တိမဧကရာဇ်သုံးဦးက သူတို့၏ အစစ်အမှန်ပုံစံများသို့ တစ်ယောက်ပြီးတစ်ယောက် ပြောင်းလဲပြီး သူတို့၏ လောကအကြီးများကို ထုတ်ဖော်လာကြသည်။
သားရဲဧကရာဇ် စိတ်ဝိညာဉ်ဦးချိုသည် အသိဉာဏ်ကို ရရှိလာသော စိတ်ဝိညာဉ်ကြံ့တစ်ကောင်ဖြစ်သည်။
ဖေးလန်သည် သမင်ခန္ဓာနှင့် ငှက်ဦးခေါင်းပါရှိသော သတ္တဝါတစ်ကောင်ဖြစ်ပြီး သူ့မှာ တောင်ပံနှစ်ဖက်လည်း ရှိလေသည်။
ဟို့တူကို အနက်ရောင်သားမွေးများ ဖုံးအုပ်ထားပြီး သူ၏ သားမွေးများကြားမှာ ညက်ညောသော မီးတောက်များက လောင်ကျွမ်းနေ၏။ သူသည် အနက်ရောင်မီးတောက်များကြားမှာ လှုံနေသည့် ကြမ်းကြုတ်ခွေးတစ်ကောင်ကဲ့သို့ဖြစ်သည်။
သူတို့နှစ်ယောက်စလုံးက မူလသွေးမျိုးဆက် ကြမ်းကြုတ်တောကောင်များဖြစ်ပြီး သူတို့၏ မျိုးဆက်သွေးများကို ထျန်ဟွမ်ကုန်းမြေတိုက်မှာလည်း တွေ့မြင်နိုင်သည်။
သားရဲဧကရာဇ်နဝယင်၏ အစစ်အမှန်ပုံစံကတော့ အနည်းငယ် ဂမ္ဘီရဆန်နေ၏။ သူသည် သက်ရှိများအားလုံးကို ဖိနှိမ်နိုင်သည့် ကြောက်စရာကောင်းသော အော်ရာနှင့်အတူ ဂမ္ဘီရဖုန့် ဦးခေါင်းကိုးလုံးကို ဆင့်ခေါ်ထားသည်။
အန္တိမသားရဲဧကရာဇ်ခြောက်ဦးက တိုက်ခိုက်လိုက်ကြပြီး လောကအကြီးများက အဆက်မပြတ်ထိတွေ့ရိုက်ခတ်ကာ ကောင်းကင်နှင့်မြေကြီးကို တုန်ခါ၍ တောင်တန်းများကို ပြိုကျသွားစေသည်။
မည်သို့ပင်ဆိုစေ အဲဒါက လေးယောက် နှစ်ယောက် တိုက်ခိုက်ရသော တိုက်ပွဲဖြစ်သည်။
နှစ်ဦးနှစ်ဖက်တိုက်ခိုက်ပြီး မကြာခင် သားရဲဧကရာဇ်နတ်ဆင်နှင့် သားရဲဧကရာဇ် အမြီးကိုးချောင်းတို့က ဖိနှိမ်ခံရပြီး အရေးနိမ့်လာခဲ့သည်။
အခြားတစ်ဖက်မှာတော့ သာမန်ဧကရာဇ်များကြားမှာ အရှေ့ဘက်အရိုင်းနယ်မြေ၏ အခြေအနေက ပို၍ပင် ဆိုးဝါးနေသည်။
အရှေ့ဘက်အရိုင်းနယ်မြေမှ သားရဲဧကရာဇ်တစ်ဦးချင်းစီသည် အခြားတစ်ဖက်မှ သားရဲဧကရာဇ်ပညာရှင်လေးဦးနှင့် ရင်ဆိုင်နေရသည်။
နှစ်ဦးနှစ်ဖက် ထိတွေ့ဖလှယ်သည့် ခဏမှာပင် သားရဲဧကရာဇ်ပိုင်ကျဲ၊ သားရဲဧကရာဇ်ကောင်းကင်ထိုးသွင်း၊ သားရဲဧကရာဇ် ဆန်းကြယ်မြွေတို့က ဆက်လက်၍ မခုခံနိုင်တော့ပေ။ သူတို့ဆင့်ခေါ်ထားသော လောကများက ယိမ်းထိုးပြီး ပြိုကျလုနီးပါးဖြစ်နေ၏။
ဧကရာဇ်နယ်ပယ်ပညာရှင်များကြား တိုက်ပွဲသည် ကောင်းကင်လိုဏ်ဂူနယ်ပယ်ဘုရင်များကြား တိုက်ပွဲနှင့် အနည်းငယ် ကွာခြားသည်။
ဘုရင်များကြား တိုက်ပွဲတစ်ခုမှာ ကောင်းကင်လိုဏ်ဂူများက ကြေမွပျက်စီးသွားမည်ဆိုလျှင်တောင် သူတို့က အဲဒါကို သူတို့ဘာသာသူတို့ ပြန်လည်ပြုပြင်နိုင်လေသည်။
ကောင်းကင်လိုဏ်ဂူဟု ခေါ်ဆိုသောအရာများသည် ခန္ဓာကိုယ်၏ အပြင်ဘက်မှာ ဖွင့်လှစ်ထားသော အခန်းများဖြစ်ပြီး ကောင်းကင်ဘုံနှင့် တိုက်ရိုက်ချိတ်ဆက်နိုင်သည်။ သူတို့သည် သူတို့၏ ကောင်းကင်လိုဏ်ဂူများကို အားဖြည့်ဖို့အတွက် ကောင်းကင်ထက်မှ ကောင်းကင်နှင့်မြေကြီး အမြုတေချီကို အငမ်းမရ ဝါးမျိုစုပ်ယူနိုင်သည်။
ထို့ကြောင့် ဘုရင်များကြား တိုက်ပွဲတစ်ခုမှာ ကောင်းကင်လိုဏ်ဂူများက ပျက်စီးထိခိုက်သွားမည်ဆိုလျှင် သို့မဟုတ် လဲပြိုကျသွားမည်ဆိုလျှင်တောင် ပုံမှန်သာဖြစ်သည်။
ဘုရင်များကလည်း အဲဒါနှင့်ပတ်သက်၍ များစွာထိမ်ချန်ငဲ့ကွက်နေလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ကောင်းကင်လိုဏ်ဂူများသည် လောကများအဖြစ် အသွင်ပြောင်းလဲသွားပြီးနောက် အခြေအနေကလည်း ပြောင်းလဲသွားပေလိမ့်မည်။
လောကတစ်ခုကို အားဖြည့်ဖို့အတွက် လိုအပ်သည့်အရာမှာ ကောင်းကင်နှင့်မြေကြီး အမြုတေချီ မဟုတ်ဘဲ ပိုမိုအဆင့်မြင့်သော စွမ်းအား ရင်းမြစ်ချီ ဖြစ်သည်။
သို့သော်လည်း အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ရင်းမြစ်ချီ ပါဝင်သော ရတနာများကို ရှာဖွေဖို့က ခဲယဉ်းလေသည်။
ထိုသို့ဖြင့် ဧကရာဇ်နယ်ပယ်ပညာရှင်များ တိုက်ခိုက်သည့်အခါ သူတို့က သူတို့၏ လောကများကို ဆင့်ခေါ်ထားသည်ဆိုလျှင်တောင် သူတို့သည် အတော်လေး ဂရုစိုက်နေရပြီး သူတို့၏ လောကများကို ပျက်စီးထိခိုက်မှု မရှိစေရန် အတတ်နိုင်ဆုံး ကြိုးစားရသည်။
လောကတစ်ခု ကြေမွပျက်စီးသွားသည်နှင့် အဲဒါကို ပြန်လည်ပြုပြင်ဖို့ အချိန်အတော်ကြာ ယူရပြီး ရင်းမြစ်ချီ ပါဝင်သော ရတနာများနှင့် ရင်းမြစ်များကိုလည်း လိုအပ်သောကြောင့်ဖြစ်သည်။
အဲဒါက ယခုအချိန်မှာ တျဲယွဲ့ကြုံတွေ့နေရသော အခြေအနေဖြစ်သည်။
ဧကရာဇ်မိုးပြာရောင်မီးတောက်နှင့် အခြားသူများကို တွန်းလှန်ထုတ်ဖို့အတွက် သူမ၏ ပကတိလောကက ပျက်စီးထိခိုက်သွားခဲ့ပြီး ယခုအချိန်ထိ ပြန်လည်မကုသနိုင်သေးပေ။
ယခင်တိုက်ပွဲမှာ သူမသည် ဒဏ်ရာအပြင်းအထန် ရရှိသွားပြီး သူမသည် အလွန်တရာ ဆိုးဝါးသော အခြေအနေတစ်ခုမှာ ရောက်ရှိနေခဲ့သည်။
ထိုသို့မဟုတ်လျှင် သားရဲဧကရာဇ် အထီးကျန်ပင်လယ်နှင့် အခြားသူများက အရှေ့ဘက်အရိုင်းနယ်မြေကို စွန့်ခွာဖို့ စိတ်ကူးလာကြလိမ့်မည် မဟုတ်ပေ။
သားရဲဧကရာဇ်ပိုင်ကျဲ၊ သားရဲဧကရာဇ် ကောင်းကင်ထိုးသွင်းနှင့် သားရဲဧကရာဇ် ဆန်းကြယ်မြွေတို့၏ လောကများက လဲပြိုကျတော့မည့်ဆဲဆဲဖြစ်သည်။ သားရဲဧကရာဇ်သုံးပါးက ထိုသည်ကို တွေ့မြင်သောအခါ သူတို့က သူတို့၏ လောကများကို အလောတကြီး ရုပ်သိမ်းလိုက်ကြ၏။
သို့သော်လည်း လောကတစ်ခု၏ ကာကွယ်မှုမရှိဘဲ သူတို့သုံးယောက်အနေဖြင့် သားရဲဧကရာဇ် ဆယ်ပါးကျော်ကျော်၏ တိုက်ခိုက်မှုများကို ခုခံဖို့က ပို၍ပင်ခက်ခဲလာပြီး တစ်လှမ်းပြီးတစ်လှမ်း ဆုတ်ခွာလာရ၏။
အခြားတစ်ဖက်မှာ….
နောက်ထပ်သားရဲဧကရာဇ်လေးဦးက သိုင်းတာအိုပင်မခန္ဓာကို ပစ်မှတ်ထားလာကြသည်။
သိုင်းတာအိုပင်မခန္ဓာသည် ယခုတင် သားရဲဧကရာဇ်ချိတ်မြွေကို အရန်သင့်သတ်ဖြတ်ထားခဲ့သည်။ သားရဲဧကရာဇ်လေးဦးက ပေါ့ပေါ့ဆဆ မပြုမူရဲဘဲ သူတို့၏ အစစ်အမှန်ပုံစံများသို့ တစ်ယောက်ပြီးတစ်ယောက် အသွင်ပြောင်းလဲလိုက်ကြ၏။
သူတို့ထဲမှ တစ်ယောက်သည် ပေပေါင်းတစ်သောင်း ရှည်လျားသော သွေးမျှော့တစ်ကောင် ဖြစ်လေသည်။ သူ၏ ကျောပေါ်မှာ ပုစဉ်းတောင်ပံများကဲ့သို့ ပါးလွှာပြီး နီရဲနေသော တောင်ပံရှစ်ဖက် ပါလေသည်။
သူ့နောက်ဘက်ရှိ လောကက သွေးမြူခိုးများနှင့် ပြည့်နှက်နေပြီး ညှီစို့စို့သွေးနံ့ကို ထုတ်ဖော်နေ၏။
“ငါ့ရဲ့လောကထဲကို ဝင်ရောက်လာတဲ့ ဘယ်သက်ရှိမဆို ဝါးမျိုခံရပြီး ငါ့အတွက် အားဖြည့်စရာအဖြစ် ပြောင်းလဲသွားလိမ့်မယ်”
သားရဲဧကရာဇ်သွေးမျှော့က သိုင်းတာအိုပင်မခန္ဓာကို သူ့မျက်လုံးထဲရှိ တဖျပ်ဖျပ်အလင်းရောင်နှင့်အတူ ခပ်စိမ်းစိမ်း စိုက်ကြည့်နေ၏။
သက်ရှိတစ်ဦး၏ သွေးချီက ပိုမိုသန်မာလေ… သူ့အတွက် အကျိုးအမြတ်ပိုမိုကြီးမားလေဖြစ်ပြီး သူက ပို၍ပင် စိတ်လှုပ်ရှားတက်ကြွနေ၏။
သူသည် သိုင်းတာအိုပင်မခန္ဓာ၏ ခန္ဓာကိုယ်ထံမှ ပန်းထွက်လာမည့် စွမ်းအားကြီးမားသော သွေးချီကိုပင် အာရုံခံမိနေသည်။
အခြားသော သားရဲဧကရာဇ်သုံးဦးကလည်း သူတို့၏ အစစ်အမှန်ပုံစံများသို့ ပြောင်းလဲလိုက်ကြသည်။ အဲဒီမှာ အစိမ်းရောင်ငှက်တစ်ကောင် ရှိလေသည်။
အဲဒီမှာ အဆက်မပြတ် အော်မြည်နေပြီး ရေခဲတစ်လွှာဖြင့် ဖုံးအုပ်ထားသော ဆီးနှင်းပုစဉ်းရင်ကွဲတစ်ကောင် ရှိလေသည်။
အဲဒီမှာ ယိမ်းနွဲ့နေသော အမြီးတစ်ချောင်းနှင့် ပိန်းပိတ်အောင် နက်မှောင်နေသော ကောင်းကင်ဘုံကင်းမြီးကောက်တစ်ကောင်လည်း ရှိလေသည်။
သားရဲဧကရာဇ်လေးဦးက သူတို့၏ လောကလေးခုကို မြှောက်တင်ပြီး ထွက်လမ်းများအားလုံးကို ပိတ်ဆို့ကာ သိုင်းတာအိုပင်မခန္ဓာကို ဝိုင်းပတ်လိုက်ကြလေသည်။