အလဲလဲအပြိုပြို
Vol. 197 Ch. 2948
သိုင်းတာအိုပင်မခန္ဓာက ရှောင်တိမ်းခြင်းမရှိဘဲ သားရဲဧကရာဇ်ရှစ်ယီကို ပြန်လည်ပစ်ထိုးလိုက်၏။
ဝုန်း...
လက်သီးချင်းက ကျယ်လောင်သောမြည်သံနှင့် ထိတွေ့ရိုက်ခတ်သွားသည်။
ဘေးပတ်ဝန်းကျင်လေဟာနယ်က ယိမ်းထိုးသွားပြီး သိပ်သည်းသောအက်ကွဲကြောင်းများ ပေါ်ထွက်လာ၏။ တုန်ခါလှိုင်းက ကြီးမားသောလှိုင်းလုံးတစ်လုံးကဲ့သို့ အဘက်ဘက်ကိုဖြန့်ကြက်သွားလေသည်။
ထိုထိတွေ့ရိုက်ခတ်မှုကနေ ဖြစ်ပေါ်လာသော ရုတ်ရုတ်သဲသဲအခြေအနေသည် လောကနှစ်ခုကြား ထိတွေ့ရိုက်ခတ်မှုထက် မနိမ့်ကျပေ။
သားရဲဧကရာဇ်ရှစ်ယီက ဆတ်ခနဲတုန်ယင်သွားပြီး သူ၏ မျက်လုံးနှစ်ဖက်က ပြူးကျယ်သွားသည်။
ထိုကဲ့သို့ပင် သူတို့နှစ်ယောက်သည် ထိုးချက်ချင်းဖလှယ်ပြီး လုံးဝမလှုပ်ရှားကြပေ။ အချိန်နှင့်လေဟာနယ်က ရပ်တန့်သွားသည့်အလားပင်။
သားရဲဧကရာဇ်မဟူရာပျားနှင့် သားရဲဧကရာဇ်မီးကြွက်တို့က သားရဲဧကရာဇ်လေခွေးအကို သားရဲဧကရာဇ်ပိုင်ကျဲနှင့် တစ်ယောက်ချင်းတိုက်ခိုက်စေပြီး သူတို့က သိုင်းတာအိုပင်မခန္ဓာရှိရာဘက်သို့ လှည့်ထွက်လာကြသည်။
သားရဲဧကရာဇ်ပိုင်ကျဲက ဒဏ်ရာရရှိထားပြီးသားဖြစ်သည်။ သူက တစ်ယောက်ချင်းဆိုလျှင်တောင် သူ့အနေဖြင့် အခြေအနေကိုပြန်ပြောင်းဖို့က မလွယ်တော့ဘဲ အဆက်မပြတ်နောက်သို့ဆုတ်နေရသည်။
သားရဲဧကရာဇ်မဟူရာပျားနှင့် သားရဲဧကရာဇ်မီးကြွက်တို့က သိုင်းတာအိုပင်မခန္ဓာဘက်သို့ ရောက်ရှိမလာခင် သားရဲဧကရာဇ်ရှစ်ယီ၏ ခန္ဓာကိုယ်က အပိုင်းပိုင်းပေါက်ကွဲထွက်ပြီး သွေးမြူတစ်ခုက လေထဲမှာ ပျံ့နှံ့သွားသည်။
မြင်ကွင်းက အလွန်တရာတုန်လှုပ်စရာကောင်းနေ၏။
ကိုယ်ကာယမှာ အထူးလေ့ကျင့်ထားသော ကျောက်တုံးမျိုးနွယ်သည် အနီးကပ်တိုက်ခိုက်ရည်တွင် အထီးကျန်သိုင်းသခင်ထံမှ ထိုးချက်တစ်ချက်ဖြင့် ကြေမွသွားသည်။
သားရဲဧကရာဇ်ရှစ်ယီ၏ နောက်ဘက်မှာရှိသော လောကပင်လျှင် ချက်ချင်းပြိုကျသွား၏။
သွေးမြူများကြားမှာ သားရဲဧကရာဇ်ရှစ်ယီ၏ အမြုတေစိတ်ဝိညာဉ်က ထွက်ပြေးလွတ်မြောက်ချင်၏။ သို့သော်လည်း သူသည် သိုင်းတာအိုငရဲခန်းထဲမှာရှိနေပြီး ထွက်ပြေးလွတ်မြောက်ဖို့ အခွင့်အရေးမရပေ။
သွေးမြူက အငွေ့ပျံသွားပြီး သူ၏ အမြုတေစိတ်ဝိညာဉ်က ထွက်ပေါ်လာကာ တစ်ခဏအတွင်း လောင်ကျွမ်းပြာကျသွား၏။
နောက်ထပ် သားရဲဧကရာဇ်တစ်ပါး သေဆုံးသွားသည်။
တိုက်ပွဲ၏ ဤအဆင့်အရောက်မှာ သိုင်းတာအိုပင်မခန္ဓာ၏ လက်ထဲတွင် သေဆုံးခဲ့ရသော သားရဲဧကရာဇ်ခြောက်ပါး ရှိလာခဲ့ပြီဖြစ်သည်။
သူတို့ခြောက်ယောက်စလုံးက သာမန်သားရဲဧကရာဇ်များဖြစ်သော်လည်း အဲဒါက လောကကို တုန်လှုပ်စေဖို့ လုံလောက်နေလေပြီ။
အရှေ့ဘက်အရိုင်းနယ်မြေသည် အန္တိမသားရဲဧကရာဇ်များ၏ တိုက်ပွဲနယ်မြေမှာ အရေးနိမ့်နေဆဲဖြစ်သည်။
သို့သော်လည်း အခြေအနေတစ်ရပ်လုံးက တိတ်တဆိတ်ဖြင့် ပြောင်းလဲလာနေပြီဖြစ်သည်။
အပြာရောင်အဖွဲ့မှ အခြားသောသာမန်သားရဲဧကရာဇ်များကလည်း သိုင်းတာအိုပင်မခန္ဓာ ဘယ်လောက်စွမ်းအားကြီးမားသလဲ တွေ့မြင်သွားပြီဖြစ်သည်။ သူတို့သည် သူ့ကိုမဖိနှိမ်နိုင်ဘူးဆိုလျှင် သူတို့က တစ်ယောက်ချင်း ရှုံးနိမ့်ရဖို့ အခွင့်များနေလေသည်။
“ဒီဘက်ကို လာပူးပေါင်းကြ”
အစက သားရဲဧကရာဇ်ဆန်းကြယ်မြွေနှင့် သားရဲဧကရာဇ်ကောင်းကင်ထိုးသွင်းတို့ကို ဝိုင်းပတ်ပိတ်ဆို့ထားသည့် သားရဲဧကရာဇ်များသည် တစ်ယောက်ပြီးတစ်ယောက် လှုပ်ရှားပြီး သိုင်းတာအိုပင်မခန္ဓာရှိရာဘက်သို့ ပြေးဝင်လာကြသည်။
စောစောက ရောက်ရှိလာသော သားရဲဧကရာဇ်မဟူရာပျားနှင့် သားရဲဧကရာဇ်မီးကြွက်နှင့်အတူ ထပ်ပေါင်းလျှင် သိုင်းတာအိုပင်မခန္ဓာကို တိုက်ခိုက်လာသော သားရဲဧကရာဇ် စုစုပေါင်း ဆယ်ဦးရှိလာခဲ့ပြီဖြစ်သည်။
“သူ့ရဲ့ ပိုင်နက်နယ်မြေကို အရင်ဆုံးဖျက်ဆီးကြတာပေါ့”
သားရဲဧကရာဇ်ရွှေလင်းယုန်၏ အကြည့်က ထက်ရှနေပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ငါတို့က ဒီပိုင်နက်နယ်မြေထဲမှာ ကျဆင်းသွားမယ်ဆိုရင် အသည်းအသန်ခုခံနေရလိမ့်မယ်… ငါတို့အနေနဲ့ သူနဲ့တိုက်ခိုက်ဖို့လွယ်မှာ မဟုတ်တော့ဘူး”
လောကဆယ်ခုက တစ်ချိန်တည်းမှာ လွှမ်းခြုံအုပ်မိုးလာပြီး သိုင်းတာအိုငရဲခန်းဆီသို့ ပြင်းထန်စွာပစ်တိုက်ချလိုက်၏။
ဘုန်း… ဘုန်း…
သိုင်းတာအိုငရဲခန်းသည် လောကဆယ်ခုနှင့် ဆန့်ကျင်တိုက်ခိုက်ပြီး ကျယ်လောင်သောမြည်သံများ ဆက်တိုက်ထွက်ပေါ်လာသည်။ ငရဲခန်း၏ အကာအရံအလွှာပေါ်ရှိ အင်းကွက်မှော်စာလုံးများကလည်း အဆက်မပြတ် တဖျပ်ဖျပ်ဖြစ်လာသည်။
ဤထိတွေ့ရိုက်ခတ်မှုအတွင်းမှာ မှော်စာလုံးများ၏ အလင်းရောင်ကလည်း တဖြည်းဖြည်းမှေးမှိန်လာခဲ့သည်။
သိုင်းတာအိုငရဲခန်းက စွမ်းအားကြီးမားသော်လည်း မည်သို့ပင်ဆိုစေ အကန့်အသတ်တစ်ခုရှိနေဆဲပင်။
သားရဲဧကရာဇ်လေးဦးဖြစ်သော သွေးမျှော့၊ အစိမ်းရောင်ငှက်၊ ဆီးနှင်းပုစဉ်းရင်ကွဲနှင့် ကောင်းကင်ဘုံကင်းမြီးကောက်တို့၏ လောကအသေးများကို ဖိနှိမ်ဝါးမျိုပြီးနောက် ၎င်း၏ ခွန်အားကလည်း အားပျော့လာခဲ့သည်။
မဟုတ်ပါက သားရဲဧကရာဇ်မဟူရာကျား၊ သားရဲဧကရာဇ်မီးကြွက်နှင့် သားရဲဧကရာဇ်လေခွေးအတို့သည် ယခုအချိန်ထိ တောင့်ခံထားနိုင်လိမ့်မည် မဟုတ်ပေ။
ယခုအချိန်မှာ လောကအသေးဆယ်ခု၏ ဖိနှိမ်မှုသည် သိုင်းတာအိုငရဲခန်း၏ အကန့်အသတ်ကို ချိုးဖျက်လာခဲ့ပြီဖြစ်ပြီး ၎င်းက လဲပြိုကျတော့မည့်ဆဲဆဲဖြစ်သည်။ မှော်စားလုံးများက ကြေပျက်ပြီး မီးတောက်များက လျော့ကျလာခဲ့သည်။ ငရဲခန်း၏ အကာအရံအလွှာပေါ်မှာ အက်ကွဲကြောင်းများလည်း ပေါ်ထွက်လာခဲ့သည်။
တကယ်တော့ သားရဲဧကရာဇ်ဆယ်ဦးသည်လည်း ကောင်းမွန်သော အခြေအနေမှာရှိမနေဘဲ ပို၍ပင် ဖိအားများနေသည်။
လောကအသေးဆယ်ခုက အထက်စီးရရှိနေပြီး သိုင်းတာအိုငရဲခန်းကို ဖိနှိမ်ချင်သော်လည်း သိုင်းတာအိုငရဲခန်း၏ ကြောက်စရာကောင်းသောစွမ်းအားက သူတို့၏ လောကအသေးများပေါ် ပျက်စီးထိခိုက်မှုဖြစ်လာစေလေသည်။
လောကအသေးတချို့သည် သိုင်းတာအိုငရဲခန်းကြောင့် လောင်ကျွမ်းနီရဲလာပြီး ထွင်းဖောက်မတတ်ကြည်လင်လာ၏။ လောကများက မီးတောက်များဖြင့် စတင်လောင်ကျွမ်းလာခဲ့သည်။
ဤမျှခြေအတိုင်း အတန်ကြာသည့်အထိ ဆက်သွားမည်ဆိုလျှင် သူတို့၏ လောကအသေးများက ပျက်စီးထိခိုက်ခြင်း သို့မဟုတ် လဲပြိုကျခြင်းပင် ဖြစ်နိုင်သည်။
“ဒီလူက ဘယ်ဓမ္မတာအိုကို ကျင့်ကြံထားတာလဲ”
“သူက သူ့ရဲ့ ပိုက်နက်နယ်မြေကို ဘာလို့အခုထိမရုပ်သိမ်းသေးတာလဲ”
သားရဲဧကရာဇ်ဆယ်ဦး၏ အမူအရာက ပျက်ယွင်းလာပြီး ပူပန်ကြောင့်ကြလာခဲ့၏။
ပုံမှန်အခြေအနေမှာဆိုလျှင် သူတို့သည် သူတို့၏ လောကများ ပျက်စီးထိခိုက်တော့မည်ကို တွေ့မြင်သည့်အခါ ဧကရာဇ်နယ်ပယ်ပညာရှင်များသည် အဲဒါကို အကောင်းတိုင်းထိန်းထားရန် ယာယီအားဖြင့် ရုပ်သိမ်းလိုက်ပေလိမ့်မည်။
မည်သို့ပင်ဆိုစေ သူတို့သည် သူတို့၏ လောကများကို ပြန်လည်ပြုပြင်ချင်သည်ဆိုလျှင် သူတို့သည် ရင်းမြစ်ချီပါဝင်သော ရတနာများ သို့မဟုတ် အခြားသောလောကအပိုင်းအစများကို လိုအပ်ပေလိမ့်မည်။
နှစ်ခုစလုံးက အလွန်တရာရှားပါးသော ပစ္စည်းများဖြစ်သည်။ သို့သော်လည်း သိုင်းတာအိုငရဲခန်းက မတူပေ။
သိုင်းတာအိုငရဲခန်းသည် ပိုင်နက်နယ်မြေတစ်ခုဖြစ်သည်။ ၎င်းသည် ခွန်အားအရ လောကအသေးများစွာနှင့် ဆန့်ကျင်တိုက်ခိုက်နိုင်သော်လည်း ၎င်း၏ ဓမ္မအစီအရင်က ဧကရာဇ်နယ်ပယ်ကို ယခုအချိန်ထိ မရောက်ရှိသေးပေ။
သိုင်းတာအိုငရဲခန်းကြေမွသွားမည်ဆိုလျှင်တောင် အဲဒါက သိုင်းတာအိုပင်မခန္ဓာအပေါ် များစွာသက်ရောက်စေလိမ့်မည် မဟုတ်ပေ။
သူက သူ၏ ပိုင်နက်နယ်မြေကို ပြန်လည်ပြုပြင်ချင်သည်ဆိုလျှင် ရင်းမြစ်ချီရတနာများ သို့မဟုတ် လောကအပိုင်းအစများကို မလိုအပ်ပေ။ သိုင်းတာအိုပင်မခန္ဓာသည် ကောင်းကင်နှင့်မြေကြီး အမြုတေချီကို ဝါးမျိုပြီး သုတ္တန်များ၏ လေးနက်သိမ်မွေ့မှုများကို သန့်စင်မွမ်းမံနိုင်သည်။
သိုင်းတာအိုငရဲခန်းကလည်း ၎င်း၏ မူလအခြေအနေသို့ အလျင်အမြန်ပြန်လည်ရောက်ရှိလာပေလိမ့်မည်။
ထို့ကြောင့်နှစ်ဦးနှစ်ဖက်စလုံးက မျှခြေမှာ လွန်ဆွဲနေကြသည်။
သိုင်းတာအိုငရဲခန်းပေါ်တွင် အက်ကွဲကြောင်းများက ပို၍ပို၍များပြားလာ၏။ သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာသည် နောက်ဆုတ်ဖို့ စိတ်ကူးမရှိသေးပေ။ သူက သူ၏ အမြုတေစိတ်ဝိညာဉ်ကို ဆက်လက်လှည့်ပတ်ပြီး သိုင်းတာအိုငရဲခန်းကို တတ်နိုင်သမျှထိန်းထားဖို့ ဆက်လက်၍ ကြိုးစားနေ၏။
ဤလုပ်ရပ်သည် သားရဲဧကရာဇ်ဆယ်ပါးကို အတော်လေး အကျပ်ရိုက်လာစေသည်။
သိုင်းတာအိုပင်မခန္ဓာသည် သူ၏ ပိုင်နက်နယ်မြေကို ရုပ်သိမ်းခြင်းမရှိပေ။ သူတို့သည် သိုင်းတာအိုငရဲခန်း၏ စွမ်းအားကို ယခုတင် မျက်ဝါးထင်ထင်တွေ့မြင်ထားပြီး သူတို့၏ လောကများကိုလည်း မရုပ်သိမ်းရဲပေ။ သူတို့သည် အံကိုကြိတ်ကာ ဆက်လက်၍ တောင့်ခံနေရသည်။
သားရဲဧကရာဇ်အချို့၏ လောကအသေးများမှာ ပျက်စီးထိခိုက်မှုလက္ခဏာများ ပြသလာခဲ့ပြီဖြစ်သည်။ အက်ကွဲကြောင်းများပေါ်ထွက်လာပြီး အဆက်မပြတ်ဖြန့်ကြက်လာခဲ့သည်။
သားရဲဧကရာဇ်တချို့က ကောင်းကောင်းချွေးပြန်လာပြီး သူတို့၏ မျက်နှာများက ဖြူဖပ်ဖြူရော်ဖြစ်နေကြ၏။
ဝုန်း….
နောက်ဆုံးမှာ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ သိုင်းတာအိုငရဲခန်းက လဲပြိုကျသွားသည်။
သားရဲဧကရာဇ်ဆယ်ဦးသည် အားတက်သရောရှိလာပြီး စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။ သူတို့ကလည်း အက်ကွဲကြောင်းများပြည့်နှက်လာသော သို့မဟုတ် လောင်ကျွမ်းနီရဲ၍ ပျက်စီးထိခိုက်တော့မည့် သူတို့၏ လောကများကို အလောတကြီးရုပ်သိမ်းလိုက်ကြသည်။ သူတို့သည် သူတို့၏ ဧကရာဇ်လက်နက်များကို ဆင့်ခေါ်ပြီး သိုင်းတာအိုပင်မခန္ဓာကို ဝိုင်းပတ်ပိတ်ဆို့လိုက်၏။
အထီးကျန်သိုင်းသခင်က မည်သို့ပင်ဆိုစေ တစ်ယောက်တည်းသာဖြစ်သည်။
သူတို့၏ ထင်မြင်ချက်အရ မီးတောက်ပိုင်နက်နယ်မြေ၏ မှီခိုအားထားစရာမရှိလျှင် အထီးကျန်သိုင်းသခင်သည် သားရဲဧကရာဇ်ဆယ်ပါး၏ ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်မှုကို ခုခံနိုင်မည်မဟုတ်ပေ။
သူတို့လောကများ၏ ထောက်ပံ့မှုမရှိလျှင်တောင် ဧကရာဇ်နယ်ပယ်ပညာရှင်များသည်။ သူတို့၏ မည်သည့်တိုက်ခိုက်မှုနှင့်မဆို ပင်လယ်များကို မှောက်လှန်ပြီး တောင်များကို ဖြိုချနိုင်သည်။
သူ့ကိုဝိုင်းပတ်ထားသည့် သားရဲဧကရာဇ်ဆယ်ပါးကို ကြည့်ပြီး သိုင်းတာအိုပင်မခန္ဓာက မှင်သေသေဖြင့်ရှိနေကာ သူ၏ မျက်လုံးများက ပင်လယ်သမုဒ္ဒရာကဲ့သို့ နက်ရှိုင်းနေ၏။ သူက ရှေ့သို့ ခြေလှမ်းဝက်တိုးပြီး ရှေ့မှာရှိသော လေဟာနယ်ကို ပစ်ထိုးလိုက်၏။
အဲဒီမှာ မည်သည့်လျှို့ဝှက်အတတ်မှ မပါရှိပေ။
မဟာတာအိုသည် ရိုးရှင်းမှုသို့ ပြန်သွားလေသည်။
ပင်မခန္ဓာ၏ ဓမ္မတာအို၊ သိုင်းတာအိုစိတ်ဆန္ဒ၊ အမြုတေ၊ ချီနှင့် စိတ်ဝိညာဉ်တို့သည် ထိုထိုးချက်ထဲမှာ ပါဝင်ပေါင်းစည်းနေခဲ့ပြီဖြစ်သည်။
ဝုန်း…
လေဟာနယ်က ပြိုကျသွားသည်။
၎င်းသည် ကြီးမားသောစုပ်ယူအားတစ်ခုကို ထုတ်ဖော်ပြီး ဘေးပတ်လည်မှာရှိသော သားရဲဧကရာဇ်များကို ပြိုကျသွားသောလေဟာနယ်ထဲသို့ ဆွဲယူသွင်းလိုက်သည်။
ဤမြင်ကွင်းက အလွန်တရာထူးဆန်းနေ၏။
သိုင်းတာအိုပင်မခန္ဓာက ထိုးချက်တစ်ချက်ကို အရင်ထုတ်ဖော်ပြီးနောက် သားရဲဧကရာဇ်ဆယ်ဦးသည် သူ့လက်သီးရှိရာသို့ သူတို့ဘာသာသူတို့ ပြေးဝင်လာသည့်အလားပင်။
သားရဲဧကရာဇ်ဆယ်ဦးကလည်း တုန်လှုပ်နေကြသည်။
သူတို့သည် သူတို့၏ ခန္ဓာကိုယ်များကို လုံးဝမထိန်းချုပ်နိုင်တော့ဘူးဆိုတာ တုန်လှုပ်ဖွယ်ရာ တွေ့ရှိလိုက်ရ၏။ ထိုထိုးချက်၏ အောက်ဘက်မှာရှိသော လေဟာနယ်က သူတို့၏ ခန္ဓာကိုယ်များကို ဆွဲယူသွင်းမည့် အဆုံးမဲ့ချောက်နက်တစ်ခုကဲ့သို့ဖြစ်ပြီး သူတို့ကို ဝါးမျိုချင်နေ၏။
သိပ်မကြာခင် သားရဲဧကရာဇ်ဆယ်ဦးက သူတို့၏ စိတ်ကို တည်ငြိမ်စေလိုက်သည်။
မည်သို့ပင်ဆိုစေ သူတို့မှာ အရေအတွက်အားဖြင့် ပကတိအားသာချက်ရှိနေသည်။
သူတို့ဆယ်ယောက်က ပူးပေါင်းထားမည်ဆိုလျှင် သူတို့က အထီးကျန်သိုင်းသခင်နှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရမည်ဆိုလျှင်တောင် သူတို့က သူ့ကိုဘာလို့မနိုင်ရမှာလဲ။
ဒါ့အပြင် အထီးကျန်သိုင်းသခင်က လက်ဗလာနှင့်ဖြစ်သည်။
သူတို့တစ်ယောက်ချင်းစီကတော့ အနည်းဆုံး ဧကရာဇ်လက်နက်တစ်ခုစီကို ကိုင်ဆွဲထားကြသည်။
ဝုန်း…
သားရဲဧကရာဇ်ဆယ်ဦးက ဧကရာဇ်လက်နက်များစွာကို ထိန်းချုပ်ပြီး သိုင်းတာအိုပင်မခန္ဓာ၏ လက်သီးနှင့် ကျယ်လောင်စွာ ပစ်ရိုက်ချလိုက်၏။
ထို့နောက် ချက်ချင်းပင် တုန်လှုပ်စရာကောင်းသော မြင်ကွင်းတစ်ခုဖြစ်ပွားလာသည်။
သားရဲဧကရာဇ်ဆယ်ဦးက နေရာမှာပင် မလှုပ်မယှက်ရပ်နေ၏။
ထို့နောက် ချက်ချင်းပင် သားရဲဧကရာဇ်ဆယ်ဦးက ဆတ်ခနဲတုန်ယင်သွားပြီး သွေးများစွာကို ထွေးထုတ်လိုက်ရသည်။ သူတို့၏ အမူအရာများက ရုတ်ချည်းပြောင်းလဲသွားပြီး သူတို့ကတစ်ယောက်ပြီးတစ်ယောက် နောက်သို့ဆုတ်ခွာသွားကြ၏။
သိုင်းတာအိုပင်မခန္ဓာထံမှ ထိုထိုးချက်အပြီးမှာ သူတို့ထဲမှတချို့သည် အမွေးအမှင်များ ကွာကျသွားပြီး အလွန်တရာဆိုးဆိုးဝါးဝါးပုံစံပေါက်နေ၏။
သားရဲဧကရာဇ်တချို့သည် တုန်လှုပ်နေကြပြီး သူတို့၏ ဧကရာဇ်လက်နက်များကို ဆက်လက်၍ ကိုင်ဆွဲမထားနိုင်တော့ပေ။ သူတို့၏ ဧကရာဇ်လက်နက်များက သူတို့၏ လက်ထဲကနေလွင့်ထွက်သွားပြီး စုတ်ပြဲသွားသော သူတို့၏ လက်ဖဝါးထဲကနေ သွေးများက စီးကျလာသည်။
သားရဲဧကရာဇ်ဆယ်ဦးသည် သိုင်းတာအိုပင်မခန္ဓာထံမှ ထိုးချက်တစ်ချက်အပြီးမှာ လုံးဝကို အလဲလဲအပြိုပြိုဖြစ်သွားကြလေသည်။