← Chapters

အထွတ်အထိပ် တိုက်ပွဲ

Vol. 197 Ch. 2949

အထွတ်အထိပ် တိုက်ပွဲ

Vol. 197 Ch. 2949

“အခြေအနေမကောင်းတော့ဘူး… မြန်မြန်ထွက်ပြေးကြ”

သားရဲဧကရာဇ် ဆယ်ဦးက သိုင်းတာအိုပင်မခန္ဓာထံမှ ထိုးချက်တစ်ချက်ဖြင့် စိတ်ပိုင်းဆိုင်ရာ လဲပြိုသွားပြီး ထိတ်လန့်တကြားဖြစ်လာကြသည်။ သူတို့က ဆက်လက်၍ မတိုက်ခိုက်ရဲတော့ဘဲ လှည့်ထွက်ပြေးလိုက်ကြ၏။

သိုင်းတာအိုပင်မခန္ဓာ၏ အကြည့်က ရွှေ့ပြောင်းပြီး သားရဲဧကရာဇ် ပိုင်ကျဲ၊ သားရဲဧကရာဇ် ဆန်းကြယ်မြွေ၊ သားရဲဧကရာဇ် ကောင်းကင်ထိုးသွင်းတို့နှင့် ဆန့်ကျင်တိုက်ခိုက်နေသော သားရဲဧကရာဇ်တချို့အပေါ် ဆင်းသက်ရောက်ရှိသွားလေသည်။

သားရဲဧကရာဇ်များသည် သိုင်းတာအိုပင်မခန္ဓာ၏ ကြည့်ရှုခြင်း ခံလာရသောအခါ သူတို့က ကျောရိုးတစ်လျှောက် ချမ်းစိမ့်လာပြီး ကြက်သီးမွေးညင်းများ ထသွားသည်။

အစကတော့ သူတို့မှာ ပကတိ အားသာချက် ရှိနေခဲ့ကြသည်။ သို့သော်လည်း ဧကရာဇ် ဆယ်ဦးက ရှုံးနိမ့်သွားပြီး သိုင်းတာအိုပင်မခန္ဓာက သူတို့ထံ အချိန်မရွေး ရောက်ရှိလာသည်ကို တွေ့မြင်ရသောအခါ သားရဲဧကရာဇ်တချို့သည် ဆက်လက်၍ မနေရဲတော့ဘဲ တစ်ယောက်ပြီးတစ်ယောက် ဆုတ်ခွာကာ သိုင်းတာအိုပင်မခန္ဓာနှင့် အကွာအဝေးတစ်ခု ခြားလိုက်ကြ၏။

သိုင်းတာအိုပင်မခန္ဓာက သာမန်သားရဲဧကရာဇ်များနောက်သို့ ဆက်လိုက်မည်ဆိုလျှင် သူက သူတို့ထဲမှ တချို့တလေကို သတ်ဖြတ်ကောင်း သတ်ဖြတ်နိုင်ပေလိမ့်မည်။

သို့သော်လည်း အန္တိမသားရဲဧကရာဇ်များ၏ တိုက်ပွဲနယ်မြေမှာ သားရဲဧကရာဇ် နတ်ဆင်နှင့် သားရဲဧကရာဇ် အမြီးကိုးချောင်းတို့က ဆက်လက်၍ တောင့်မခံနိုင်တော့ပေ။ ဒါ့အပြင် အပြာရောင်အဖွဲ့တွင် အန္တိမသားရဲဧကရာဇ် လေးဦးကြားမှာ တစ်ယောက်ယောက်ကလည်း သူ့ကို ပစ်မှတ်ထားလာနိုင်သည်။

“မင်းတို့သုံးယောက်… နတ်ဆင်နဲ့ အမြီးကိုးချောင်းကို တတ်နိုင်သမျှ မြန်မြန်ရှင်းပစ်လိုက်ကြ”

“အထီးကျန်သိုင်းသခင်ကိုတော့ ငါ့တာဝန်ထားလိုက်”

ထိုသို့ပြောရင်း သားရဲဧကရာဇ် နဝယင်က သိုင်းတာအိုပင်မခန္ဓာ ရှိရာဘက်သို့ လှည့်လာခဲ့လေသည်။

အထီးကျန်ပင်လယ်၏ အထက်မှာ…

သားရဲဧကရာဇ် အထီးကျန်ပင်လယ်၊ သားရဲဧကရာဇ် မဟာဖန်းနှင့် သားရဲဧကရာဇ် ကွေ့နူတို့က လေထဲမှာ မတ်တတ်ရပ်ပြီး ထိုက်အာတောင်ကြောရိုး ရှိရာဘက်သို့ ကြည့်နေကြသည်။ သူတို့၏ အကြည့်များက လေဟာနယ်ကို ထိုးဖောက်ပြီး တိုက်ပွဲနယ်မြေမှာရှိသော အခြေအနေကို တွေ့မြင်နေရသည်။

သားရဲဧကရာဇ် ကွေ့နူက အံ့အားတသင့်ဖြစ်သွားပြီး စုပ်သပ်လိုက်၏။

“သားရဲဧကရာဇ် အထီးကျန်သိုင်းသခင်က တကယ့်ကို အစွမ်းအစရှိတာပဲ… သူက သာမန်သားရဲဧကရာဇ်တွေကြားမှာ ပြိုင်ဘက်ကင်းသလောက်နီးပါး ဖြစ်နေပြီ”

“သွေးလိပ်ပြာက ဒီလူကို ဘယ်နေရာကနေ ခေါ်ယူစုဆောင်းလာခဲ့လဲ မသိဘူး”

သားရဲဧကရာဇ် မဟာဖန်းကလည်း တီးတိုးရေရွတ်လိုက်သည်။

သားရဲဧကရာဇ် အထီးကျန်ပင်လယ်က လေးနက်သော အသံဖြင့် ပြောလိုက်၏။

“ဒီလူ့ရဲ့ ဓမ္မတာအိုက အတော်လေးထူးဆန်းတယ်… ဒါပေမဲ့ သူ့ရဲ့ဓမ္မတာအိုမှာ အငွေ့အသက်တချို့က သွေးလိပ်ပြာဆီကနေ ဆင်းသက်လာတယ်ဆိုတာကို သက်သေခံပေးနေတယ်”

သားရဲဧကရာဇ် ကွေ့နူက ပြောလိုက်၏။

“အထီးကျန်သိုင်းသခင် ထပ်တိုးလာတဲ့အတွက် အရှေ့ဘက် အရိုင်းနယ်မြေက ဒီတိုက်ပွဲမှာ တကယ်ပဲ ရှင်သန်နိုင်ကောင်း ရှင်သန်နိုင်လောက်တယ်”

“အခွင့်အရေးမရှိဘူး”

သားရဲဧကရာဇ် အထီးကျန်ပင်လယ်က ခေါင်းခါပြလိုက်၏။

“နဝယင်က သူ့ကို ပစ်မှတ်ထားနေပြီ”

“အထီးကျန်သိုင်းသခင်ရဲ့ တိုက်ခိုက်ရည်ခွန်အားက သန်မာတယ်ဆိုပေမဲ့ သူက အန္တိမသားရဲဧကရာဇ်တစ်ဦးနဲ့ ဆန့်ကျင်တိုက်ခိုက်ဖို့ မလုံလောက်သေးဘူး… နောက်ပြီး သူ့ရဲ့ မီးတောက်နယ်မြေကလည်း ပျက်ပြယ်သွားပြီ”

“သူက သူ့ရဲ့ အသန်မာဆုံးနည်းလမ်းမရှိဘဲ သားရဲဧကရာဇ် ဆယ်ဦးကျော်နဲ့ ဆန့်ကျင်တိုက်ခိုက်ပြီး စွမ်းအင်အမြောက်အမြား သုံးစွဲခဲ့ရတယ်… သူက အခုချိန်မှာ အရှိန်ကုန်တော့မယ့်ဆဲဆဲဖြစ်နေပြီ”

ထိုစဉ်မှာပင် သားရဲဧကရာဇ်သုံးဦးက တစ်စုံတစ်ရာကို အာရုံခံမိသွား၏။

သွေးလိပ်ပြာတောင်ကြားကနေ အကြည့်တစ်ခု ရောက်ရှိလာသည်။

တျဲယွဲ့…

သားရဲဧကရာဇ် အထီးကျန်ပင်လယ်နှင့် အခြားနှစ်ယောက်သည် သူမ၏ အကြည့်နှင့် ဆုံရဲခြင်းမရှိဘဲ သူတို့၏ ခေါင်းများကို တိတ်တဆိတ် ငုံ့လိုက်ကြ၏။

ခဏနေပြီးနောက် ထိုအကြည့်က ပျက်ပြယ်သွားသည်။

တျဲယွဲ့က တစ်စုံတစ်ရာ ပြောဆိုခြင်းမရှိသော်လည်း သူတို့သုံးယောက်သည် စောစောက ထိုအကြည့်နောက်ကွယ်မှ အဓိပ္ပာယ်ကို သိရှိကြသည်။

လက်ရှိအခြေအနေအရ သူတို့သုံးယောက်က ဝင်ရောက်တိုက်ခိုက်မည်ဆိုလျှင် အရှေ့ဘက် အရိုင်းနယ်မြေက ဤတိုက်ပွဲမှာ သေချာပေါက် အနိုင်ရပေလိမ့်မည်။

သို့သော်လည်း အစကနေ ယခုအချိန်ထိ တျဲယွဲ့သည် သူတို့ကို တစ်စုံတစ်ရာ ပြောဆိုခဲ့ခြင်း မရှိပေ။

တျဲယွဲ့၏ စိတ်နေစရိုက်အရ သူမက သေချာပေါက် အကူအညီတောင်းလိမ့်မည် မဟုတ်ဘူးဆိုတာ သားရဲဧကရာဇ် အထီးကျန်ပင်လယ်က သိရှိထားသည်။

သို့မဟုတ် တျဲယွဲ့သည် သူတို့ကို အလွန်တရာ စိတ်ပျက်နေပြီ ဖြစ်နိုင်လေသည်။

ထိုက်အာတောင်ကြောရိုး၏ ကောင်းကင်ထက်မှာ…

သားရဲဧကရာဇ် နဝယင်၏ ခန္ဓာကိုယ်က အလွန်ကြီးမားပြီး ကောင်းကင်တစ်ခွင် ဖုံးအုပ်နေ၏။ ဂမ္ဘီရဖုန့် ဦးခေါင်းကိုးလုံးက ခန့်ညား၍ မနှိုင်းယှဉ်သာအောင် ဂမ္ဘီရဆန်နေ၏။ ဂမ္ဘီရဖုန့် ဦးခေါင်းတစ်လုံးချင်းစီက ကြောက်စရာကောင်းသော မီးတောက်များကို ထွေးထုတ်နေ၏။

ရွှစ်…

သားရဲဧကရာဇ် နဝယင်က ကောင်းကင်ထက်ကနေ ဆင်းသက်ပြီး ကိုယ်ကိုကိုင်းညွှတ်ကာ သိုင်းတာအိုပင်မခန္ဓာ ရှိရာသို့ ပစ်ဝင်လာ၏။

သားရဲဧကရာဇ် နဝယင်၏ ဧရာမခန္ဓာကိုယ်နှင့် နှိုင်းယှဉ်လျှင် သိုင်းတာအိုပင်မခန္ဓာက အလွန်တရာ သေးငယ်နေသည်ဟု ထင်ရသည်။ ဤမြင်ကွင်းက ရထားလုံးကို တားဆီးဖို့ ကြိုးစားနေသော နှံကောင်ကဲ့သို့ ဖြစ်သည်။

“သေစမ်း”

သားရဲဧကရာဇ် နဝယင်သည် သူ၏ နောက်ဘက်မှ မီးတောက်များ၊ ချော်ရည်များဖြင့် ပြည့်နှက်နေသော လောကအကြီးတစ်ခုကို မြှောက်တင်ပြီး သိုင်းတာအိုပင်မခန္ဓာကို အုပ်မိုးချလိုက်၏။

သားရဲဧကရာဇ် နဝယင်၏ ကြမ်းကြုတ်ခက်ထန်သော တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်မှာ သိုင်းတာအိုပင်မခန္ဓာက နောက်ဆုတ်မည့်အစား ရှေ့သို့တိုးလာခဲ့သည်။

ဝုန်း…

ရုတ်တရက် သိုင်းတာအိုပင်မခန္ဓာ၏ ခန္ဓာကိုယ်ထဲကနေ ကမ်းခြေကို ရိုက်ခတ်လာသော ဒေါသူပုန်ထနေသည့် ဒီရေလှိုင်းများ၏ အသံက ထွက်ပေါ်လာသည်။

ထို့နောက် ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်က ဝေဝါးသွားပြီး မပီမသဖြစ်လာခဲ့သည်။ သူ့နေရာမှာ အန္တိမမီးတောက်ခြောက်ခုဖြင့် လွှမ်းခြုံထားသော ဧရာမမီးဖိုတစ်လုံး အစားထိုးဝင်ရောက်လာပြီး လောင်ကျွမ်းနီရဲလာခဲ့သည်။

ဧရာမမီးဖိုသည် ခန့်ညားထည်ဝါသော အော်ရာတစ်ခုနှင့်အတူ လောကကို ဆုတ်ဖြဲပစ်တော့မည့်မတတ်ပင်။ ၎င်းသည် လောကမှာရှိသော အရာရာတိုင်းကို သန့်စင်မွမ်းမံနိုင်ပုံရသည်။

“လောကက မီးဖိုဖြစ်လာပြီး ဖန်တီးခြင်းက လက်ရာဖြစ်လာလိမ့်မယ်… ယင်နဲ့ယန်က အားဖြည့်လောင်စာ ဖြစ်လာပြီး သက်ရှိတွေအားလုံးက ကြေးသတ္တု ဖြစ်လာလိမ့်မယ်….”

သိုင်းတာအိုပင်မခန္ဓာ၏ အသံက ဧရာမမီးဖိုထဲကနေ တည်ငြိမ်စွာနှင့် စွမ်းအားကြီးမားစွာ ထွက်ပေါ်လာ၏။

မျိုးဆက်သွေးနယ်မြေ၊ ကောင်းကင်နှင့်မြေကြီးမီးဖို…

တကယ်တော့ ကောင်းကင်နှင့်မြေကြီးမီးဖိုသက်သက်က သားရဲဧကရာဇ် နဝယင်၏ လောကအကြီးကို ဆန့်ကျင်တိုက်ခိုက်နိုင်မည် မဟုတ်ပေ။

ကောင်းကင်နှင့်မြေကြီးမီးဖို ထွက်ပေါ်လာသည့်အချိန်မှာပင် သိုင်းတာအိုပင်မခန္ဓာ၏ လက်ထဲမှာ စတုရန်းကြေးမီးဖိုတစ်လုံး ရောက်ရှိလာသည်။

မဟာဧကရာဇ် နတ်ဘုရားလက်နက်၊ ငရဲဖိနှိမ်မီးဖို…

“ဂါး…”

“ဝေါင်း…”

“ဂီး…”

“ရွှီး…”

ရုတ်တရက် တုန်လှုပ်စရာကောင်းသော ဟိန်းဟောက်သံများက ငရဲဖိနှိမ်မီးဖိုထဲကနေ ထွက်ပေါ်လာ၏။ အရိပ်လေးခုက မီးဖို၏ နံရံများပေါ်ကနေ ခွာထွက်ပြီး လေထဲမှာ ပေါ်ထွက်လာ၏။

မိုးပြာနဂါး၊ ဟင်္သပဒါးငှက်၊ အဖြူရောင်ကျားဖြူနှင့် မဟူရာကုန်းလိပ်…

အထွတ်အမြတ်ဝိညာဉ်လေးခုသည် ရုပ်ဒြပ်ရှိပြီး အသက်ဝင်နေသည်ဟု ထင်ရသည်။ သူတို့က သက်ရှိများအားလုံးကို ခြိမ်းခြောက်နိုင်သည့် စွမ်းပကားတစ်ခုကို ထုတ်ဖော်ပြီး သားရဲဧကရာဇ် နဝယင်ကို တစ်ချိန်တည်းမှာ ပစ်မှတ်ထားလာကြသည်။

သားရဲဧကရာဇ် နဝယင်သည် အလွန်တရာ ဂမ္ဘီရဆန်သော သားရဲတောကောင်တစ်ကောင် ဖြစ်သော်လည်း သူသည် အထွတ်အမြတ်ဝိညာဉ်လေးခု ပေါ်ထွက်လာသည်ကို တွေ့မြင်သောအခါ တုန်လှုပ်သွားရဆဲဖြစ်သည်။

ဤသည်က သူ မထိန်းချုပ်နိုင်သော သူ၏ မျိုးဆက်သွေးထဲမှ လာသည့် ဖိနှိမ်မှုတစ်ရပ်ဖြစ်သည်။

သို့သော် သိပ်မကြာခင် အထွတ်အမြတ်တောကောင်လေးကောင်က ဝိညာဉ်ပုံစံမှာသာ ရှိပြီး အသွေးအသားနှင့် အစစ်အမှန်တည်ရှိမှုများ မဟုတ်သည်ကို သားရဲဧကရာဇ် နဝယင်က သတိထားမိသွားသည်။

ဒါ့အပြင် အထွတ်အမြတ်ဝိညာဉ်လေးခုကို လက်နက်တစ်ခု၏ အကူအညီနှင့် စုဖွဲ့ထားခြင်းသာ ဖြစ်သည်။

ထိုသည်ကို တွေ့မြင်သောအခါ သားရဲဧကရာဇ် နဝယင်ကက စိတ်သက်သာရာရသွား၏။

“သတ်”

သားရဲဧကရာဇ် နဝယင်က သူ၏ လောကအကြီးကို မြှောက်တင်လိုက်၏။

သိုင်းတာအိုပင်မခန္ဓာက ကောင်းကင်နှင့်မြေကြီးမီးဖိုကို လှည့်ပတ်ပြီး ငရဲဖိနှိမ်မီးဖိုကို ကိုင်စွဲထားသည်။ အထွတ်အမြတ်ဝိညာဉ်လေးခုက ဝန်းရံထားပြီး သူက သားရဲဧကရာဇ် နဝယင်၏ လောကအကြီးရှိရာသို့ ပစ်ဝင်သွားလေသည်။

ဝုန်း… ဝုန်း… ဝုန်း….

နှစ်ဦးနှစ်ဖက်က ထိတွေ့ရိုက်ခတ်သောအခါ ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး မည်သူကမှ နောက်မဆုတ်ကြပေ။

သိုင်းတာအိုပင်မခန္ဓာသည် ကောင်းကင်နှင့်မြေကြီးမီးဖို၊ ငရဲဖိနှိမ်မီးဖိုနှင့် အထွတ်အမြတ်ဝိညာဉ်လေးခု၏ စွမ်းအားတို့ကို သူတို့၏ အကန့်အသတ်အထိ လှည့်ပတ်ပြီး သားရဲဧကရာဇ် နဝယင်၏ လောကအကြီးနှင့်ပင် ဆန့်ကျင်တိုက်ခိုက်နိုင်နေသည်။

ရွှစ်… ရွှစ်… ရွှစ်…

သားရဲဧကရာဇ် နဝယင်၏ ဂမ္ဘီရဖုန့် ဦးခေါင်းကိုးလုံးက သူတို့၏ ပါးစပ်များကို ဖွင့်ဟပြီး မီးတောက်များနှင့် ချော်ရည်များကို သိုင်းတာအိုပင်မခန္ဓာ ရှိရာဘက်သို့ ထွေးထုတ်လိုက်၏။

သို့သော်လည်း အလျှံညီးညီး ချော်ရည်များက ကောင်းကင်နှင့်မြေကြီးမီးဖိုထဲသို့ ဝင်ရောက်လာသောအခါ ၎င်းသည် မီးဖိုအတွက် အားဖြည့်လောင်စာဖြစ်လာပြီး ၎င်း၏ စွမ်းအားကို ပို၍ပင် တိုးလာစေသည်။

သိုင်းတာအိုပင်မခန္ဓာ၏ အော်ရာကလည်း မြင့်တက်လာခဲ့သည်။ တောင်လောင်ပြင်းပြသော အကြည့်နှင့်အတူ သူက ငရဲဖိနှိမ်မီးဖိုကို လွှဲယမ်းပြီး သားရဲဧကရာဇ် နဝယင်ကို ပြင်းထန်ကြမ်းတမ်းစွာ တိုက်ခိုက်လိုက်သည်။

ဝုန်း… ဝုန်း… ဝုန်း…

နှစ်ဦးနှစ်ဖက်ကြားမှာ နောက်ထပ်တိုက်ပွဲတစ်ခုက ပေါ်ထွက်လာသည်။

နဝယင်သည် မည်သို့ပင်ဆိုစေ အန္တိမသားရဲဧကရာဇ်တစ်ပါးဖြစ်ပြီး သူစုဖွဲ့ထားသည့် လောအကြီးက ဖျက်ဆီး၍ မရနိုင်ပေ။

ကောင်းကင်နှင့်မြေကြီးမီးဖို၊ ငရဲဖိနှိမ်မီးဖိုနှင့် အထွတ်အမြတ်ဝိညာဉ်လေးခု၏ ပေါင်းစည်းမှုနှင့်ပင်လျှင် အဲဒါကို အနိုင်မယူနိုင်ပေ။

နှစ်ဦးနှစ်ဖက်စလုံးက နောက်မဆုတ်လိုကြဘဲ အဆက်မပြတ် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နေကြ၏။ ကောင်းကင်ထက်မှာ ရှိသော သူတို့၏ တိုက်ပွဲက ကမ္ဘာတုန်လောက်ဖွယ်ရာဖြစ်ပြီး အကြည့်ပေါင်းများစွာကို ဆွဲဆောင်မိလာခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ သားရဲဧကရာဇ် နဝယင်၏ လောအကြီး၏ အလင်းရောင်က တဖြည်းဖြည်း မှေးမှိန်လာခဲ့သည်။

သိုင်းတာအိုပင်မခန္ဓာ၏ ကောင်းကင်နှင့်မြေကြီးမီးဖိုကလည်း စွမ်းအင်အမြောက်အများကို သုံးစွဲရပြီး ယိမ်းထိုးလာခဲ့သည်။

“မင်း သိပ်ကြာကြာတောင့်ခံနိုင်မှာ မဟုတ်တော့ဘူး”

သားရဲဧကရာဇ် နဝယင်က အံကိုကြိတ်ကာ ပြောလိုက်သည်။

သူသည် ဘယ်တုန်းကမှ လူသားတစ်ဦး၏ ဤမျှအတိုင်းအတာထိ ဖိအားပေးခြင်း မခံခဲ့ရဖူးပေ။

ဤသည်က သူ့အတွက် ကြီးမားစွာ အရှက်ရမှု ဖြစ်သည်။

သူက အထီးကျန်သိုင်းသခင်ကို ယနေ့ နေရာမှာပင် သတ်ဖြတ်ရပေမည်။

ထိုစဉ်မှာပင် သိုင်းတာအိုပင်မခန္ဓာ၏ အကြည့်က သိပ်သည်းစုဖွဲ့လာခဲ့သည်။ ရုတ်တရက် သူ၏ နောက်ဘက်မှာ ဧရာမတံခါးတစ်ချပ် ပေါ်ထွက်လာ၏။ ၎င်းက အထဲမှာ ပိန်းပိတ်အောင် မှောင်မိုက်နေပြီး အနက်ရောင်မီးတောက်များက လျှံထွက်နေ၏။ မရေမတွက်နိုင်သော ဖြူဖပ်ဖြူရော်လက်များက သားရဲဧကရာဇ် နဝယင်ရှိရာသို့ ဖမ်းဆွဲလာခဲ့သည်။

“အဝီစိဂိတ်တံခါး”

အစကတော့ သားရဲဧကရာဇ် နဝယင်နှင့် သိုင်းတာအိုပင်မခန္ဓာသည် မျှခြေတစ်ခုမှာ ရှိနေခဲ့ကြသည်။ သို့သော်လည်း အဝီစိဂိတ်တံခါး ရုတ်တရက် ပေါ်ထွက်လာမှုက ထိုမျှခြေကို ချက်ချင်းပင် ချိုးဖျက်လိုက်၏။

သားရဲဧကရာဇ် နဝယင်ကို မရေမတွက်နိုင်သော ဧရာမလက်များက အဝီစိဂိတ်တံခါးထဲသို့ ဆွဲခေါ်သွားပြီး သူက အဆုံးမဲ့ အဝီစိမိစ္ဆာချီနှင့် ရစ်ပတ်ခံရပြီး ငရဲမီးဖြင့် လောင်ကျွမ်းခံလိုက်ရသည်။

“အား… အား… အား…”

အဝီစိဂိတ်တံခါးထဲကနေ စူးစူးဝါးဝါး အော်ဟစ်သံက ထွက်ပေါ်လာခဲ့လေသည်။

All Chapters