← Chapters

ငါက မုန်တိုင်းပဲ

Vol. 197 Ch. 2953

ငါက မုန်တိုင်းပဲ

Vol. 197 Ch. 2953

“အထီးကျန်ပင်လယ်… နင် စည်းကျော်နေပြီ”

ထိုစဉ်မှာပင် တျဲယွဲ့က မည်သည့်စိတ်ခံစားချက်မှမပါဘဲ တည်ငြိမ်သောလေသံဖြင့် ရုတ်တရက်ပြောလိုက်၏။ နဂါးဧကရာဇ် အထီးကျန်ပင်လယ်က တျဲယွဲ့ကို လှည့်ကြည့်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။

“သွေးလိပ်ပြာ ငါက မင်းကို ကူညီပေးချင်ရုံပဲ… ဧကရာဇ် မိုးပြာရောင်မီးတောက်က အချိန်မရွေးပြန်လာနိုင်တယ်.. မင်းက ထိခိုက်ဒဏ်ရာ ရရှိထားတယ်ဆိုတာ သိထားသင့်တယ်… မင်းက အပြာရောင်အဖွဲ့ရဲ့ နောက်ထပ်လာမယ့် တိုက်ခိုက်မှုကို ခုခံနိုင်မှာ မဟုတ်ဘူး။”

“ငါက အထွတ်အထိပ်သားရဲဧကရာဇ် ဖြစ်လာမှပဲ အရှေ့ဘက်အရိုင်းနယ်မြေကို ခုခံကာကွယ်ဖို့ မင်းကို ကူညီပေးနိုင်မယ်”

သားရဲဧကရာဇ် အထီးကျန်ပင်လယ်၏ လေသံက သမာသမတ်ကျသည့်ပုံပေါ်နေ၏။ သားရဲဧကရာဇ် ပိုင်ကျဲ၊ သားရဲဧကရာဇ် ကောင်းကင်ထိုးသွင်းနှင့် အခြားသူများပင် အလေးအနက်စဉ်းစားတွေးတောကာ အနည်းငယ် လက်ခံယုံကြည်လာကြသည်။

“အကျပ်အတည်းကာလမှာ ငါတို့တွေက တတ်နိုင်သမျှနည်းလမ်းကို ကြံဆရမှာပဲ”

သားရဲဧကရာဇ် မဟာဖန်းက ထပ်ပြောလိုက်သည်။

“အရှေ့ဘက်အရိုင်းနယ်မြေက အခုအချိန်မှာ အန္တရာယ်ကျရောက်နေပြီ… အများအကျိုးအတွက် အထီးကျန်သိုင်းသခင်က တချို့အရာတွေကို စွန့်လွှတ်စတေးရတာ ဘာများမှားနေလို့လဲ… ငါတို့တွေက သူ့ကို လောကအပိုင်းအစ တချို့ကိုပဲ ထုတ်ပေးခိုင်းတာ… သူ့အသက်ကို လိုချင်နေတာ မဟုတ်ဘူး”

“သူ့အနေနဲ့ အဲဒီလောကအပိုင်းအစတွေကို ဖက်တွယ်ထားပြီး လက်လွှတ်မပေးနိုင်တာက တစ်ကိုယ်ကောင်းဆန်ရာကျမနေဘူးလား”

ထိုစကားကို ကြားသောအခါ တျဲယွဲ့က မျက်ခုံးပင့်ပြီး မေးလိုက်၏။

“ဒါဆို အများအကျိုးအတွက် တခြားသူတွေကို စွန့်လွှတ်စတေးတာက ဖြစ်သင့်တယ်ပေါ့ အဲ့လိုလား… ဒါဆိုရင် ငါက ငါ့ရဲ့ဒဏ်ရာတွေကို ကုသဖို့အတွက် နင်တို့ရဲ့လောကတွေကို သန့်စင်ချင်တယ်… နင်တို့တွေ အဲဒါကို ထုတ်ပေးမှာလား”

သားရဲဧကရာဇ် မဟာဖန်း၏ အမူအရာက ပြောင်းလဲသွားပြီး သူက နှာတစ်ချက်မှုတ်လိုက်၏။

“အဲဒါက ဘယ်လိုလုပ်တူပါ့မလဲ”

တျဲယွဲ့က အခြားတစ်စုံတစ်ရာ ပြောဆိုခြင်းမရှိဘဲ သူတို့နှစ်ယောက်ကို ပြုံးစစဖြင့်သာ ကြည့်နေ၏။

သားရဲဧကရာဇ် မဟာဖန်းသည် အခြားသူများကို စွန့်လွှတ်စတေးဖို့ ပြောဆိုခဲ့စဉ်က သူသည် မှန်ကန်ဖြောင့်မတ်သယောင် ပြောဆိုနိုင်ခဲ့သည်။ သို့သော်လည်း သူကိုယ်တိုင်က စွန့်လွှတ်စတေးရမည်ကို ကြားရသောအခါ သူက သတ္တိကြောင်သွားခဲ့သည်။

တကယ်တော့ ထိုအကြောင်းကြောင့်ပင် သားရဲဧကရာဇ်နတ်ဆင်နှင့် အခြားသူများက တျဲယွဲ့နောက်သို့ လိုက်ပါလိုကြခြင်းဖြစ်သည်။

အများအကျိုးအတွက် အခြားသူများကို စွန့်လွှတ်စတေးမည်ဆိုလျှင် နောက်ထပ်စွန့်လွှတ်စတေးဖို့အတွက် သူတို့အလှည့်ကျမလာဘူးဟု ဘယ်သူက အာမခံနိုင်မှာလဲ။

“သွေးလိပ်ပြာ”

နဂါးဧကရာဇ် အထီးကျန်ပင်လယ်က ပြောလိုက်၏။

“အရှေ့ဘက်အရိုင်းနယ်မြေက တောင့်မခံနိုင်တော့ဘူးဆိုတာ မင်းရင်ထဲမှာ မင်းလည်း သိထားတာပဲ… ငါက အဲဒီလောကအပိုင်းအစတွေကိုရပြီး အထွတ်အထိပ်ဧကရာဇ်နယ်ပယ်ကို တက်လှမ်းနိုင်မယ်ဆိုရင် အရှေ့ဘက်အရိုင်းနယ်မြေက ရှင်သန်ဖို့အတွက် အခွင့်အရေးတစ်ခု ရလာလိမ့်မယ်… မဟုတ်ရင် အရှေ့ဘက်အရိုင်းနယ်မြေက သေချာပေါက် ပျက်သုဉ်းရလိမ့်မယ်… မင်းရှာဖွေစုဆောင်းထားတဲ့ ဒီအထီးကျန်သိုင်းသခင်က အပြာရောင်အဖွဲ့နဲ့ ဧကရာဇ်မိုးပြာရောင်မီးတောက်ကို ခုခံဆန့်ကျင်နိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား”

တျဲယွဲ့က စိတ်ဓာတ်ကျသွားသည့်ပုံပေါ်ပြီး လက်ကာပြလိုက်၏။

“နင်ဘာပြောချင်တာလဲ… အဲဒါကို ရှင်းရှင်းလင်းလင်းပြောလိုက်”

သားရဲဧကရာဇ် အထီးကျန်ပင်လယ်က ခဏမျှ နှုတ်ဆိတ်နေပြီးနောက် ဖြည်းဖြည်းချင်း ပြောလိုက်၏။

“အထီးကျန်သိုင်းသခင်က အဲဒီလောကအပိုင်းအစတွေကို ထုတ်ပေးပြီး ငါက အထွတ်အထိပ်ဧကရာဇ်နယ်ပယ်ကို တက်လှမ်းဖို့ အခွင့်အရေးရမယ်ဆိုရင် ငါ ဒီမှာနေပြီး မင်းကို ကူညီပေးမယ်… ဒါပေမဲ့ သူက…”

“အဲဒါဆို ထွက်သွား..”

နဂါးဧကရာဇ် အထီးကျန်ပင်လယ်က စကားဆုံးအောင် မပြောရသေးခင် တျဲယွဲ့က ဖြတ်ပြောလိုက်၏။ အခြားသော သားရဲဧကရာဇ်များသည် ထိုစကားကို ကြားသောအခါ တုန်လှုပ်သွားကြသည်။ သူတို့မှာ သည့်ယခင်က အငြင်းအခုံအချို့ ရှိခဲ့ကြသည်။ သို့သော်လည်း သားရဲဧကရာဇ် အထီးကျန်ပင်လယ်နှင့် သားရဲဧကရာဇ် မဟာဖန်းသည် တိုက်ပွဲကို ရှောင်လွှဲဖို့အတွက် အကြောင်းပြချက် ပေးခဲ့စဉ်မှာပင် ကိစ္စများက ဤမျှအတိုင်းအတာထိ အရှိန်အဟုန် မြင့်တက်မလာခဲ့သေးပေ။

သို့သော် ယခု ဟန်ဆောင်ထားသော အလွှာက နောက်ဆုံးမှာ ကွာကျသွားခဲ့လေပြီ။

သားရဲဧကရာဇ် အထီးကျန်ပင်လယ်က သူ၏ ခေါင်းကို အနည်းငယ်ငုံပြီး သူ့ကိုယ်သူ အပြစ်တင်ဟန်ဖြင့် ရယ်မောလိုက်၏။

“သွေးလိပ်ပြာ… ငါ မင်းနောက်ကို နှစ်ပေါင်းများစွာ လိုက်ခဲ့တယ်… ဒါပေမဲ့ ငါက အထီးကျန်သိုင်းသခင်ကို မယှဉ်နိုင်ဘူးလား… မင်းက သူ့ကို ကာကွယ်ပေးပြီး ငါ့ကို မောင်းထုတ်ချင်နေတာလား”

သားရဲဧကရာဇ် မဟာဖန်းကလည်း ခေါင်းခါလိုက်၏။

“သွေးလိပ်ပြာ… မင်းရဲ့စကားလုံးတွေက အရမ်းကို စိတ်ပျက်စရာကောင်းမနေဘူးလား”

တျဲယွဲ့က အခြားသော သားရဲဧကရာဇ်များကို ကြည့်လိုက်၏။

“ထွက်သွားချင်တဲ့ တခြားဘယ်သူမဆို အထီးကျန်ပင်လယ်နဲ့ လိုက်သွားလို့ရတယ်… ငါ နင်တို့ကို တားမှာမဟုတ်ဘူး”

တျဲယွဲ့က ထိုသို့ပြောလိုက်သည်ဆိုမှတော့ သူမက သူမ၏ စကားကို ရုပ်သိမ်းတော့မည် မဟုတ်ဘူးဆိုတာ သားရဲဧကရာဇ်များက သိရှိလိုက်ကြသည်။

သားရဲဧကရာဇ် ကွေ့နူကလည်း နဂါးဧကရာဇ် အထီးကျန်ပင်လယ်ဘက်မှာ ရပ်လိုက်လေသည်။

အစကတော့ သားရဲဧကရာဇ် ဆန်းကြယ်မြွေသည်လည်း အရှေ့ဘက်အရိုင်းနယ်မြေကနေ ထွက်ခွာလိုခဲ့သည်။ သို့သော်လည်း သူသည် မလှမ်းမကမ်းမှာရှိသော သိုင်းတာအိုပင်မခန္ဓာကို တစ်ချက်ခိုးကြည့်ပြီးနောက် သူက ရင်တစ်ချက်ထိတ်သွားပြီး ချက်ချင်းပင် သူ၏ ထိုအတွေးများက ပျောက်ကွယ်သွားလေသည်။

သားရဲဧကရာဇ် နတ်ဆင်၊ သားရဲဧကရာဇ် အမြီးကိုးချောင်း၊ သားရဲဧကရာဇ် ပိုင်ကျဲနှင့် သားရဲဧကရာဇ် ကောင်းကင်ထိုးသွင်းတို့က လုံးဝမလှုပ်ရှားကြပေ။

သားရဲဧကရာဇ် အထီးကျန်ပင်လယ်၏ စောစောက ပြုမူပုံသည် အခြားသူများကို လှည့်စားနိုင်ကောင်း လှည့်စားနိုင်မည်ဖြစ်သော်လည်း သူတို့ကိုတော့ မရပေ။

သူသည် စောစောက စိုးမိုးဗိုလ်ကျပြီး အထီးကျန်သိုင်းသခင်၏ လောကအပိုင်းအစများကိုပင် လုယူလိုခဲ့သည်။ ထိုလုပ်ရပ်များအားလုံးသည် သူက အရှေ့ဘက်အရိုင်းနယ်မြေနှင့် တျဲယွဲ့ကို စွန့်ခွာဖို့အတွက် အကြောင်းပြချက်ရှာနေခြင်းမျှသာ ဖြစ်လေသည်။

သူ၏ အတွေးများသည် သားရဲဧကရာဇ်နတ်ဆင်နှင့် အခြားသူများထံမှ ဖုံးကွယ်မထားနိုင်ဘူးဆိုမှတော့ တျဲယွဲ့ထံကနေလည်း ဖုံးကွယ်ထားနိုင်မည် မဟုတ်ပေ။

ထို့ကြောင့်ပင် တျဲယွဲ့က အလိုက်သင့် မျှောပါပေးခဲ့ခြင်းဖြစ်သည်။

သားရဲဧကရာဇ် အထီးကျန်ပင်လယ်သည် လိပ်ပြာလုံစွာနှင့် ထွက်ခွာလိုသည်ဆိုမှတော့ တျဲယွဲ့က သူ၏ စိတ်ဆန္ဒကို ဖြည့်ဆည်းပေးလိုက်၏။ အဲဒါသည် သူတို့၏ နှစ်ပေါင်းများစွာ ခင်မင်ရင်းနှီးမှု၏ အဆုံးသတ်တစ်ခုဟု ဆိုနိုင်လေသည်။

“အာ…”

ရုတ်တရက် သားရဲဧကရာဇ် နတ်ဆင်က သက်ပြင်းချကာ ပြန်ပြောင်းစဉ်းစားနေသော အမူအရာတစ်ခုကို ထုတ်ဖော်လိုက်၏။

“အရင်တုန်းက ငါတို့တွေက သွေးလိပ်ပြာနောက်ကို လိုက်ပါခဲ့တုန်းက ငါတို့က သားရဲဘုရင်တွေပဲ ရှိသေးတယ်… သူ့ရဲ့အကူအညီတွေကြောင့် မဟုတ်ရင် ငါတို့တွေက သားရဲဘုရင်အဆင့်မှာပဲ ရပ်တန့်နေလိမ့်မယ်… ဧကရာဇ်နယ်ပယ်ကို တက်လှမ်းလာနိုင်ခဲ့ကြမှာ မဟုတ်ဘူး”

“ဒီနှစ်တွေထဲမှာ အရှေ့ဘက်အရိုင်းနယ်မြေနဲ့ အပြာရောင်အဖွဲ့က တစ်ကြိမ်တိုက်ခိုက်ပြီးတိုင်း ငါတို့တွေက လောကအပိုင်းအစတွေကို ရလာတဲ့အခါ သွေးလိပ်ပြာက ငါတို့ကို ခွဲဝေပေးပြီး ကျင့်ကြံစေခဲ့တယ်”

“အဲဒါကြောင့်မဟုတ်ရင် ငါတို့က အန္တိမဧကရာဇ်နယ်ပယ်အထိ ဘယ်လိုလုပ် ကျင့်ကြံနိုင်ခဲ့ပါ့မလဲ”

“ဧကရာဇ်နယ်ပယ်မှာ ကျင့်ကြံရေးအရင်းအမြစ်တွေက အရမ်းကို အဖိုးတန်ပြီး ရှားပါးတယ်”

“အဲ့လိုဆိုရင်တောင် သွေးလိပ်ပြာက အဲဒီနှစ်တွေမှာ လောကအပိုင်းအစတွေ အားလုံးနီးပါးကို ငါတို့ကို ပေးခဲ့တယ်… ငါတို့က သူနဲ့အတူ နှစ်ပေါင်းများစွာကြာအောင် တိုက်ပွဲတွေမှာ တကယ်ပဲ လိုက်ပါခဲ့တယ်… ဒါပေမဲ့ သူ ငါတို့ကို ဘယ်တုန်းကများ မမျှမတဆက်ဆံခဲ့ဖူးလဲ”

သားရဲဧကရာဇ် နတ်ဆင်သည်လည်း အစောပိုင်းအချိန်များမှာ တျဲယွဲ့နောက်သို့ လိုက်ပါခဲ့သော သားရဲဘုရင် ၁၂ပါးထဲမှ တစ်ပါးဖြစ်လေသည်။ ယခု သူသည် နဂါးဧကရာဇ် အထီးကျန်ပင်လယ်၊ သားရဲဧကရာဇ် မဟာဖန်းနှင့် အခြားသူများနှင့် ခွဲခွာရတော့မည်ကို သိရှိလိုက်ပြီး သူက ပြောစရာရှိသည်များကို တစ်ခါတည်း ပြောလိုက်လေသည်။

“သွေးလိပ်ပြာက အပြာရောင်အဖွဲ့ရဲ့ပညာရှင်တွေနဲ့ ဆန့်ကျင်တိုက်ခိုက်ပြီး နောက်ကို မဆုတ်ပေးလိုဘူး… အဲဒါက သူ့ရဲ့တာအိုဖြစ်ရုံတင် မဟုတ်ဘူး… အဲဒါက ငါတို့ရဲ့ ခြေဖဝါးအောက်က ဇာတိမြေကို ကာကွယ်ပေးနေတာလည်း ဖြစ်တယ်”

သားရဲဧကရာဇ်နတ်ဆင်က ကျယ်လောင်စွာ ထုတ်ဖော်ကြေညာလိုက်၏။

“သူက အဲဒါကို ငါတို့ရဲ့တခြားညီအစ်ကိုကိုးဦးဖြစ်တဲ့ နွားရိုင်း၊ ကျောက်တုံးဝက်ဝံ၊ အနာကွန်ဒါ၊ နီညိုရောင်မျောက်ဝံ၊ နတ်မြင်း၊ တမလွန်ကျား၊ လေကျားသစ်၊ စိတ်ဝိညာဉ်လိပ်နဲ့ ဂမ္ဘီရဟွမ်တို့အတွက် ပြုလုပ်ပေးနေတာလည်း ဟုတ်တယ်”

“အရင်တုန်းက သူ့နောက်ကို လိုက်ပါခဲ့တဲ့ သားရဲဘုရင် ၁၂ဦးထဲ ကိုးဦးက အပြာရောင်အဖွဲ့ရဲ့လက်ထဲမှာ သေခဲ့ရတယ်ဆိုတာ သူသိထားတယ်…. သူက သူတို့ကိုးဦးအတွက် လက်စားချေပေးချင်နေတာပဲ”

“မင်းတို့တွေကလည်း အရင်သားရဲဘုရင် ၁၂ပါးထဲမှာ ပါဝင်ခဲ့ကြတာပဲ… အခု မင်းတို့တွေက သူ့ဒုက္ခအရောက်ဆုံးအချိန်မှာ စွန့်ခွာသွားတော့မယ်… ဘယ်သူက ဘယ်သူ့ကို စိတ်ပျက်စေခဲ့တာလဲ”

“သွေးလိပ်ပြာက မင်းတို့တွေ စဉ်းစားနေတဲ့အရာကို မသိဘူးလို့ မင်းတို့ တကယ်ပဲ ထင်နေတာလား… သူက ငါတို့ရဲ့အရင်ဆက်ဆံရေးကို ထောက်ထားပြီး အဲဒါကို ထုတ်ဖော်မပြောဆိုတာပဲ ရှိလိမ့်မယ်… တကယ်တမ်း စိတ်ပျက်ရမယ့်သူက သူပဲ”

သားရဲဧကရာဇ် အထီးကျန်ပင်လယ်နှင့် သားရဲဧကရာဇ် မဟာဖန်းက သူတို့၏ ခေါင်းများကို ငုံ့လိုက်ကြ၏။ သူတို့သည် မလုံမလဲခံစားနေရသောကြောင့် ဖြစ်ကောင်းဖြစ်ပေမည်။ သူတို့သည် တျဲယွဲ့နှင့် သားရဲဧကရာဇ်နတ်ဆင်နှင့် အကြည့်ချင်းမဆုံရဲကြပေ။

“ကဲ…ဘာမှ ထပ်ပြီးပြောစရာ မလိုတော့ဘူး”

တျဲယွဲ့က ညင်သာစွာ လက်ကာပြပြီး ဂရုမစိုက်သည့်ဟန်ဖြင့် ပြောလိုက်၏။

“အားလုံးမှာ ကိုယ့်ရည်မှန်းချက်နဲ့ကိုယ် ရှိကြတာပဲ… ဧကရာဇ်မိုးပြာရောင်မီးတောက်မှာ မိုးပြာရောင်နဂါးရဲ့ မျိုးဆက်သွေး ရှိတယ်… သူက နင်နဲ့ မျိုးနွယ်အတူတူပဲလို့ ဆိုနိုင်တယ်… နင်က သူ့ထံမှာ အညံ့ခံလိုတယ်ဆိုရင် ငါနားလည်ပေးနိုင်တယ်”

မိုးပြာနဂါးမျိုးနွယ်…

ဆူဇီမိုက ထိုစကားကို ကြားသောအခါ သူက ရင်တစ်ချက်ထိတ်သွား၏။

သူသည် ဧကရာဇ်မိုးပြာရောင်မီးတောက်၏ နောက်ခံကို ပထမဆုံးအကြိမ် ကြားသိရခြင်းဖြစ်သည်။ သူ့မှာ ဤကဲ့သို့ တိုက်ခိုက်ရည်ခွန်အား ရှိနေသည်မှာ မထူးဆန်းတော့ပေ။

မိုးပြာနဂါးသည် နဂါးမျိုးနွယ်၏ အသန်မာဆုံးမျိုးဆက်သွေးဖြစ်သည်။

နဂါးကမ္ဘာမှာပင်လျှင် ခေတ်တစ်ခေတ်ချင်းစီမှာ မိုးပြာရောင်နဂါးမျိုးဆက်သွေးက ပေါ်ထွက်မလာတတ်ပေ။

နဂါးဧကရာဇ် အထီးကျန်ပင်လယ်က ကြိတ်၍သက်ပြင်းချပြီး နောက်ဆုံးမှာ တျဲယွဲ့ကို ခေါင်းမော့ကာ ကြည့်လိုက်၏။

“သွေးလိပ်ပြာ… မုန်တိုင်းက တိုက်ခတ်လာခဲ့ပြီ… ရှေ့မှာရပ်နေတဲ့ ဘယ်သူမဆို နင်းခြေဖျက်ဆီးခံရလိမ့်မယ်”

“အပြာရောင်အဖွဲ့က အဲဒီမုန်တိုင်းကို ကိုယ်စားပြုတာလား”

သိုင်းတာအိုပင်မခန္ဓာက မှင်သေသေဖြင့် မေးလိုက်၏။

“တခြားဘာရှိမှာလဲ… အဲဒါက မင်းဖြစ်မယ်လို့ ထင်လို့လား”

သားရဲဧကရာဇ် အထီးကျန်ပင်လယ်က တျဲယွဲ့အပေါ် လေးစားမှုအချို့ ရှိနေဆဲဖြစ်သည်။ သို့သော်လည်း သူသည် သိုင်းတာအိုပင်မခန္ဓာအပေါ် ကောင်းမွန်သော ထင်မြင်ချက်မရှိဘဲ ပြန်မေးလိုက်၏။

“ရောက်လေရာအရပ်မှာ ငါက မုန်တိုင်းပဲ”

သိုင်းတာအိုပင်မခန္ဓာက ဖြည်းဖြည်းချင်း မတ်တပ်ထရပ်လိုက်၏။

အစကတော့ ထိုအပြုအမူသည် အတော်လေး သာမန်သာဖြစ်သည်။

သို့သော်လည်း ထိုသို့သူပြောရင်း သိုင်းတာအိုပင်မခန္ဓာထံကနေ စီးပိုးခြယ်လှယ်နိုင်သော အော်ရာတစ်ခုက ပစ်လွင့်ထွက်ပေါ်လာ၏။

သားရဲဧကရာဇ် အထီးကျန်ပင်လယ်ပင်လျှင် မျက်မှောင်ကြုတ်ကာ နောက်သို့ ခြေလှမ်းဝက် အလိုလိုဆုတ်လိုက်မိသည်။

သူက နောက်သို့ ခြေလှမ်းဝက်ဆုတ်ပြီး သူ၏ အမူအရာက ပြောင်းလဲသွားစဉ် သူက အနည်းငယ် သတ္တိကြောင်သွားသည်ကို သားရဲဧကရာဇ် အထီးကျန်ပင်လယ်က သိပ်မကြာခင် နားလည်သိရှိလိုက်၏။

“အထီးကျန်သိုင်းသခင်”

သားရဲဧကရာဇ် အထီးကျန်ပင်လယ်က အေးစက်စွာ ပြောလိုက်၏။

“နောက်ပိုင်းမှာ ငါက တခြားသူတွေနဲ့ တိုက်ခိုက်တဲ့အခါ ငါတို့ရဲ့ အရင်ဆက်ဆံရေးဟောင်းကို ထောက်ထားကောင်း ထောက်ထားလိမ့်မယ်… ဒါပေမဲ့ မင်းကတော့…. သတိထားနေတာ ပိုကောင်းလိမ့်မယ်”

All Chapters