အတင့်ရဲလာခြင်း
Vol. 197 Ch. 2954
တျဲယွဲ့က ဤနေရာမှာရှိနေပြီး နဂါးဧကရာဇ်အထီးကျန်ပင်လယ်ကို ထွက်ခွာခွင့်ပေးထားသည်။ ထို့ကြောင့် သိုင်းတာအိုပင်မခန္ဓာက သူ့ကို တိုက်ခိုက်လိမ့်မည် မဟုတ်ပေ။
ဒါ့အပြင် သူသည် ယခုတင် ကြီးမားသည့်တိုက်ပွဲတစ်ခုကို ဆင်နွှဲထားပြီး စွမ်းအင်အမြောက်အမြားကို သုံးစွဲခဲ့ရသည်။ သူ၏ ဝှက်ဖဲများအားလုံးကို အသုံးပြုခဲ့ရပြီး သူသည် အမြုတေသိုင်းကောင်းကင်လိုဏ်ဂူကို အသုံးပြုခြင်းမရှိဘဲ နဂါးဧကရာဇ်အထီးကျန်ပင်လယ်ကို ဖိနှိမ်နိုင်မည်ဟု ယုံကြည်မှုမရှိပေ။
သို့သော်လည်း သူ၏ ကျင့်ကြံမှုနယ်ပယ်က နောက်တစ်ဖန်အဆင့်ချိုးဖျက်တက်လှမ်းသွားမည်ဆိုလျှင် အခြေအနေက ကွဲပြားခြားနားသွားပေလိမ့်မည်။
သူသည် ဧကရာဇ်တစ်ပိုင်းအဆင့်ကို ရောက်ရှိလာသည်နှင့် နဂါးဧကရာဇ်အထီးကျန်ပင်လယ်သည် သိုင်းတာအိုငရဲခန်းတစ်ခုတည်းကိုပင် ခုခံဆန့်ကျင်နိုင်တော့မည် မဟုတ်ပေ။
သားရဲဧကရာဇ်နတ်ဆင်က ဝိုင်ပြင်းတစ်ခွက်ကို ငှဲ့ပြီး သားရဲဧကရာဇ်အထီးကျန်ပင်လယ်နှင့် သားရဲဧကရာဇ်မဟာဖန်းရှေ့သို့ ရောက်ရှိလာခဲ့သည်။ သူက လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ဒီဝိုင်ကို သောက်ကြတာပေါ့.. ဒါပြီးရင် ငါတို့မှာ ဘာဆက်ဆံရေးမှမရှိတော့ဘူး… ငါတို့ နောက်ပိုင်းတိုက်ပွဲထဲမှာ ပြန်တွေ့တဲ့အခါ ဘာမှထိန်ချန်ထားစရာ မလိုဘူး”
“ကောင်းပြီလေ”
နဂါးဧကရာဇ်အထီးကျန်ပင်လယ်ကလည်း တွေဝေတုံ့ဆိုင်းမနေဘဲ ဝိုင်းပြင်းကို မော့သောက်လိုက်၏။ သူက တျဲယွဲ့၊ သားရဲဧကရာဇ်နတ်ဆင်နှင့် အခြားသူများကိုကြည့်ကာ ပြောလိုက်၏။
“အရှေ့ဘက်အရိုင်းနယ်မြေက အနာဂတ်မှာ ဖျက်ဆီးခံရတဲ့အခါ မင်းတို့တွေထဲ ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဘယ်သူကမှ နောင်တမရဖို့ ငါမျှော်လင့်တယ်”
ထိုသို့ပြောရင်း နဂါးဧကရာဇ်အထီးကျန်ပင်လယ်၊ သားရဲဧကရာဇ်မဟာဖန်းနှင့် သားရဲဧကရာဇ်ကွေ့နူတို့က လှည့်ထွက်သွား၏။
သူတို့သုံးယောက်က ခန်းမထဲကနေ ထွက်ခွာတော့မည်ဆဲဆဲမှာပင် တျဲယွဲ့က ရုတ်တရက်ပြောလိုက်သည်။
“မိုးပြာရောင်မီးတောက်မှာ ထူးခြားတဲ့နောက်ခံနဲ့ စွမ်းအားကြီးမားတဲ့မျိုးဆက်သွေးရှိတယ်… သူက သက်ရှိတွေအားလုံးကို ပုရွက်ဆိတ်တွေလို ပြုမူဆက်ဆံတယ်… နင်က နဂါးမျိုးနွယ်က ဆိုပေမဲ့ သူ့မျက်လုံးထဲမှာ ဘာမှမကွာခြားဘူး”
“အပြာရောင်အဖွဲ့က နင့်တို့တွေအတွက် ကောင်းမွန်တဲ့နေရာတစ်ခု ဟုတ်ချင်မှဟုတ်လိမ့်မယ်… နောက်ပိုင်းဂရုစိုက်ကြ”
သူတို့အားလုံးသည် နှစ်ပေါင်းများစွာ တစ်ယောက်နဲ့တစ်ယောက်သိကျွမ်းလာခဲ့ပြီး ဤသည်မှာ နဂါးဧကရာဇ်အထီးကျန်ပင်လယ်နှင့် အခြားသူများအပေါ် တျဲယွဲ့၏ နောက်ဆုံးအကြံပေးချက်ဟုဆိုနိုင်သည်။
နဂါးဧကရာဇ်အထီးကျန်ပင်လယ်က ခဏမျှရပ်တန့်ပြီးနောက် နောက်တစ်ဖန်လှုပ်ရှားကာ လှည့်ကြည့်ခြင်းမရှိဘဲ လိပ်ပြာတောင်ကြားကနေ ပျောက်ကွယ်သွားလေသည်။
အခြားသောသားရဲဧကရာဇ်များက ထိုသည်ကို တွေ့မြင်သောအခါ သူတို့မှာ တွေဝေရှုပ်ထွေးသောအမူအရာများရှိလာပြီး စိတ်ထဲကနေ ညည်းတွားလိုက်ကြသည်။
နဂါးဧကရာဇ်အထီးကျန်ပင်လယ်နှင့် အခြားနှစ်ယောက်၏ ထွက်ခွာမှုနှင့်အတူ အရှေ့ဘက်အရိုင်းနယ်မြေ၏ ခွန်အားက ကြီးမားစွာ လျော့ကျသွားသည်။
တျဲယွဲ့က ထိခိုက်ဒဏ်ရာရရှိထားပြီး ယခုအချိန်မှာ သူမအနားတွင် သားရဲဧကရာဇ်ငါးဦးဖြစ်သော နတ်ဆင်၊ အမြီးကိုးချောင်း၊ ပိုင်ကျဲ၊ ကောင်းကင်ထိုးသွင်းနှင့် ဆန်းကြယ်မြွေတို့သာ ကျန်ရစ်ခဲ့သည်။ သို့သော် သူတို့အဖွဲ့မှာ အထီးကျန်သိုင်းသခင်တစ်ယောက်တော့ တိုးလာခဲ့လေသည်။
ဧကရာဇ်မိုးပြာရောင်မီးတောက် ပြန်လည်ရောက်ရှိလာသည့်အခါ အရှေ့ဘက်အရိုင်းနယ်မြေက သူ့ကို ဘယ်လိုခုခံနိုင်တော့မှာလဲ။
ဧကရာဇ်များက တစ်စုံတစ်ရာပြောဆိုခြင်းမရှိသော်လည်း သူတို့၏ ရင်ထဲမှာ လေးလံထိုင်းမှိုင်းနေကြ၏။
ကြီးမားသည့်တိုက်ပွဲတစ်ခုကို ယခုတင် ဆင်နွှဲထားပြီး သားရဲဧကရာဇ်များက ဤနေရာမှာ သိပ်ကြာကြာမနေလိုကြပေ။ သူတို့သည် သူတို့၏ သက်ဆိုင်ရာတောင်ကြောရိုးများသို့ပြန်ပြီး စီစဉ်စရာရှိသည်များ စီစဉ်ဖို့အတွက် တစ်ယောက်ပြီးတစ်ယောက်ထွက်ခွာသွားကြ၏။
တစ်ခဏချင်းမှာပင် ခန်းမထဲမှာ တျဲယွဲ့နှင့် ဆူဇီမိုသာ ကျန်ရစ်ခဲ့၏။
“လိပ်ပြာတောင်ကြောအပြင်ဘက်က ဟိုလူသုံးယောက်ကို နင်ခေါ်လာတာမလား”
တျဲယွဲ့က ဆူဇီမိုကို ကြည့်ပြီးမေးလိုက်၏။ ထို့နောက် သူမက အံ့အားတသင့် ရေရွတ်လိုက်၏။
“ကန်းလန်ရိုးမမှာတုန်းက ဟိုနီညိုရောင်မျောက်ဝံကရော တက်လှမ်းလာခဲ့ပြီလား”
“အင်း”
ဆူဇီမိုက ပြုံးပြီးခေါင်းညိတ်ပြလိုက်၏။
“ဪ… သူလည်း တက်လှမ်းလာပြီပေါ့လေ”
တျဲယွဲ့က ညင်သာစွာ တီးတိုးရေရွတ်လိုက်၏။
ဆူဇီမိုက ပြောလိုက်သည်။
“အရင်တုန်းက သူ့ခန္ဓာကိုယ်ထဲက မျိုးဆက်သွေးကြောင့် မင်းက သူ့ကို မဟာအရိုင်းကမ္ဘာက သားရဲဘုရင်ဆယ့်နှစ်ပါးရဲ့ အရွတ်အသွင်ပြောင်းလဲခြင်းအပိုင်းကို သင်ကြားပေးခဲ့တာမလား”
တျဲယွဲ့က ခေါင်းညိတ်ပြလိုက်သည်။
အရင်တုန်းက သူမနောက်ကိုလိုက်ခဲ့သော သားရဲဘုရင်ဆယ့်နှစ်ပါးရှိပြီး သူတို့ထဲမှ တစ်ယောက်က သားရဲဘုရင်နီညိုရောင်မျောက်ဝံဖြစ်သည်။ သို့သော်လည်း သားရဲဘုရင်နီညိုရောင်မျောက်ဝံက အပြာရောင်အဖွဲ့နှင့် ဆန့်ကျင်တိုက်ခိုက်ခဲ့သောတိုက်ပွဲမှာ ကျဆုံးခဲ့လေသည်။
တျဲယွဲ့ကတော့ သူမသည် ထျန်ဟွမ်ကုန်းမြေတိုက်သို့ ကျဆင်းလာခဲ့ပြီး ကန်းလန်ရိုးမမှာ နီညိုရောင်မျောက်ဝံတစ်ကောင်ကို တွေ့မြင်သောအခါ သူမသည် သားရဲဘုရင်နီညိုရောင်မျောက်ဝံကို အောက်မေ့သတိရသွားလေသည်။ ထို့ကြောင့် သူမက ဓမ္မတာအိုကို သင်ကြားပေးခဲ့ခြင်းဖြစ်သည်။
ဆူဇီမိုက မေးလိုက်၏။
“တကယ်တော့ မဟာအရိုင်းကမ္ဘာက သားရဲဘုရင်ဆယ့်နှစ်ပါးရဲ့ ဂမ္ဘီရကျင့်စဉ်ဆိုတာ မရှိဘူးမလား… မင်းက အဲဒါကို တီထွင်ကြံဆပြီး ဖန်တီးခဲ့တာပဲ”
“အင်း”
တျဲယွဲ့က ပြောလိုက်သည်။
“နင်ကျင့်ကြံခဲ့တဲ့ ဓမ္မအစီအရင်ဆယ့်နှစ်ခုက သားရဲဘုရင်ဆယ့်နှစ်ပါးကနေ အရင်းခံလာခဲ့တာပဲ… ငါက အဲဒါကို နင်ကျင့်ကြံဖို့ သင့်တော်အောင် မွမ်းမံပြင်ဆင်မှုတချို့ပြုလုပ်ပေးခဲ့တာ”
“ငါက အဲဒီဂမ္ဘီရကျင့်စဉ်ကို စိတ်ကူးပေါက်ပြီး ဖန်တီးခဲ့ပေမယ့် သားရဲဘုရင်ဆယ့်နှစ်ပါးရဲ့ ဓမ္မတာအိုတွေက အဲဒီထဲမှာ ပါဝင်ပေါင်းစည်းနေတယ်.. အထက်ဘုံလောကမှာတောင် အဲဒါက ထိပ်တန်းအဆင့် ကျင့်ကြံရေးနည်းစနစ်တစ်ခုပဲ”
“ဟုတ်ပါတယ်လေ”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။
မဟာအရိုင်းကမ္ဘာမှ သားရဲဘုရင်ဆယ့်နှစ်ပါး၏ ဂမ္ဘီရကျင့်စဉ်သည် သူ ဤအဆင့်ထိ ကျင့်ကြံနိုင်ခဲ့သည့် ခရီးလမ်းတစ်လျှောက်မှာ အရေးပါသော အခန်းကဏ္ဍကနေ ပါဝင်ပတ်သက်ခဲ့သည်။
ခဏမျှရပ်တန့်ပြီးနောက် ဆူဇီမိုက ဆက်ပြောလိုက်သည်။
“အဲဒီကျင့်ကြံရေးနည်းစနစ်က တကယ်ပဲ စွမ်းအားကြီးမားပါပေတယ်… ဒါပေမဲ့ ကျင့်ကြံရေးနည်းစနစ်ရဲ့ နာမည်ကတော့ ပြောရမယ်ဆိုရင်… နည်းနည်း… သာမန်ပါပဲ”
တျဲယွဲ့က စိမ်းသက်သောအကြည့်ဖြင့် စိုက်ကြည့်ပြီး အန္တရာယ်အငွေ့အသက်တစ်ခုကို ထုတ်ဖော်လိုက်၏။
ဆူဇီမိုက အသံထွက်ကာ ရယ်မောလိုက်၏။
တျဲယွဲ့က သူမ၏ လက်သည်းများကို ညင်သာစွာခတ်ပြီး တချွင်ချွင်အသံကို ထွက်ပေါ်စေကာ ခပ်တင်းတင်းပြောလိုက်၏။
“နင်က တကယ့်ကို ပိုပိုပြီးတော့ လွန်ကဲလာတာပဲ”
ဆူဇီမိုက တျဲယွဲ့၏ လေသံတင်းမာလာသည်ကို သတိထားမိသောအခါ သူက အလောတကြီး စကားလမ်းကြောင်းပြောင်းလိုက်၏။
“ဒါနဲ့… တခြားအရာတစ်ခုရှိသေးတယ်”
သူက ထိုသို့ပြောရင်း သိုလှောင်အိတ်တစ်အိတ်ကို ထုတ်ယူကာ မီးခိုးရောင်ကျောက်တုံးတချို့ကို ထုတ်ယူလိုက်လေသည်။
“ဒါတွေက သားရဲဧကရာဇ်နဝယင်ရဲ့ သိုလှောင်အိတ်ထဲကဟာတွေပဲ… အဲဒီကျောက်တုံးတွေက ဘာတွေလဲ”
“ရင်းမြစ်ကျောက်တုံးတွေ”
တျဲယွဲ့၏ မျက်လုံးက ဝင်းလက်သွားပြီး ညင်သာစွာပြောလိုက်၏။
“ရင်းမြစ်ကျောက်တုံးထဲမှာရှိတဲ့ ရင်းမြစ်ချီက အရမ်းကိုသန့်စင်တယ်… ဒါပေမဲ့ ရင်းမြစ်ကျောက်တုံးတွေကို အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ရှာမတွေ့နိုင်ဘူး”
“သားရဲဧကရာဇ်နဝယင်မှာ အဲဒါရှိနေတယ်ဆိုတာ သူက အပြာရောင်အဖွဲ့ကမလို့ဘဲ”
ဆူဇီမိုက တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး အတွေးနက်စွာဖြင့် တီးတိုးရေရွတ်လိုက်၏။
“ဒါဆို… ဒီရင်းမြစ်ကျောက်တုံးတွေက…”
ခဏနေပြီးနောက် ဆူဇီမိုက မေးလိုက်၏။
“ဒီရင်းမြစ်ကျောက်တုံးတွေက မင်းရဲ့ဒဏ်ရာတွေကို ကုသဖို့အတွက် အကူအညီဖြစ်စေမှာလား”
“ဒါပေါ့”
တျဲယွဲ့က ခေါင်းညိတ်ပြလိုက်၏။
“ရင်းမြစ်ချီပမာဏများစွာကို စုပ်ယူသန့်စင်ခြင်းကပဲ လောကတစ်ခုကို ပြန်ပြီးတော့ပြင်ဆင်နိုင်တယ်… အဲဒီနေရာမှာဆိုရင် ရင်းမြစ်ကျောက်တုံးတွေက လောကအပိုင်းအစတွေထက် အများကြီးပိုပြီးအသုံးတည့်တယ်”
“သားရဲဧကရာဇ်နဝယင်ရဲ့ သိုလှောင်အိတ်ထဲမှာ ရင်းမြစ်ကျောက်တုံးဘယ်လောက်များများရှိလဲ”
“အဲဒါအကုန်ပဲ”
ဆူဇီမိုကပြောလိုက်၏။
တျဲယွဲ့က အနည်းငယ် စိတ်ပျက်လက်ပျက်ဖြစ်သွား၏။
“အဲဒီပမာဏက အရမ်းကိုနည်းလွန်းတယ်… အဲဒါက ငါ့ရဲ့ ပကတိလောကကို ပြန်လည်ပြင်ဆင်ဖို့အတွက် မလုံလောက်ဘူး”
ဆူဇီမိုက ထိုစကားကိုကြားသောအခါ သူက နောက်ထပ်သိုလှောင်အိတ်တစ်ခုကို ထုတ်ယူပြီး ရင်းမြစ်ကျောက်တုံးပမာဏများစွာကို သွန်ချလိုက်၏။ သူတို့က မြေပြင်ပေါ်မှာ ပြန့်ကျဲကျဆင်းသွားပြီးနောက် သူက မေးလိုက်၏။
“ဒါဆိုရင်ရော လုံလောက်လား”
တျဲယွဲ့သည် ထိုသည်ကိုတွေ့မြင်သေအခါ နေရာမှာတင် ကြက်သေသေသွား၏။
ရင်းမြစ်ကျောက်တုံးများသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ အလွန်တရာရှားပါးလေသည်။ ကျောက်တုံးတစ်တုံးကပင် ဧကရာဇ်ပညာရျင်များစွာကို ၎င်းအတွက် တိုက်ခိုက်စေပေလိမ့်မည်။
ဆူဇီမိုသွန်ချလိုက်သော ရင်းမြစ်ကျောက်တုံးများက အရေအတွက်တစ်ထောင်ကျော်လောက်ရှိနေ၏။
တျဲယွဲ့က ခဏမျှမှင်တက်နေပြီးနောက် သူမ၏ ငေးငိုင်ရာကနေ နိုးထလာကာ မေးလိုက်၏။
“နင်.. ဒီလောက်များတဲ့ ရင်းမြစ်ကျောက်တုံးတွေကို ဘယ်ကရလာတာလဲ”
“ငါက တမလွန်ကိုးဘုံအပြစ်သားကုန်းမြေမှာ ကောင်းကင်ဘုံခုံရုံးက လူငယ်တစ်ယောက်ကို သတ်ပြီး ငါ့နောက်ကို အထွတ်အထိပ်ဧကရာဇ်တစ်ပါးကတောင် လိုက်ပြီးတိုက်ခိုက်ခဲ့တယ်လို့ ငါမပြောခဲ့ဘူးလား”
ဆူဇီမိုက ပြောလိုက်၏။
“အဲဒီလူငယ်ရဲ့ သိုလှောင်အိတ်ထဲမှာ ဒီရင်းမြစ်ကျောက်တုံးတွေရှိနေတာပဲ… ဒါပေမဲ့ အဲဒီအချိန်တုန်းက ဒီကျောက်တုံးတွေက ဘာတွေလည်းဆိုတာ ငါမသိခဲ့ဘူး”
“ဒီရင်းမြစ်ကျောက်တုံးတွေက မင်းရဲ့ ထိခိုက်ဒဏ်ရာတွေကို ပြန်ပြီးကုသဖို့အတွက် လုံလောက်မှာလား”
ဆူဇီမိုက ထပ်မေးလိုက်၏။
“အဲလောက်ဆိုရင် လုံလောက်မှာပါ”
တျဲယွဲ့က ခေါင်းညိတ်ပြလိုက်၏။
အစကတော့ သူမသည် အပြာရောင်အဖွဲ့၏ နောက်ထပ်လာပြီး တိုက်ခိုက်မှုကို မည်သို့မည်ပုံ ကိုင်တွယ်ရမလဲ ပူပန်ကြောင့်ကြနေရဆဲဖြစ်သည်။ သို့သော်လည်း ဤရင်းမြစ်ကျောက်တုံးများနှင့်အတူ သူမ၏ လောကကို ပြန်လည်ကုသပြီး သူမ၏ ထိခိုက်ဒဏ်ရာများ ပြန်လည်သက်သာပျောက်ကင်းလာသည်နှင့် သူမသည် ဧကရာဇ်မိုးပြာရောင်မီးတောက်နှင့် အခြားသူများကို ဆန့်ကျင်တိုက်ခိုက်နိုင်မည်ဟု ယုံကြည်မှုရှိလာသည်။
ယခုအချိန်မှာ ဆူဇီမိုတွင် တျဲယွဲ့ကို ပြောချင်သည့် ကိစ္စများစွာ ရှိနေသော်လည်း အချိန်က အပူတပြင်းနိုင်နေပြီး အချိန်ကို ပြုန်းတီးစေလို့မဖြစ်ပေ။ ဧကရာဇ်မိုးပြာရောင်မီးတောက်က အချိန်မရွေးပြန်လည်ရောက်ရှိလာနိုင်သည်။
ထိုသို့အတွေးဖြင့် ဆူဇီမိုက ပြောလိုက်၏။
“မင်းသွားပြီးတော့ တံခါးပိတ်ကျင့်ကြ့တော့လေ… ငါက ထျန်ဟွမ်ကုန်းမြေတိုက်မှာတုန်းက သွေးသောက်ညီကိုမောင်နှမတချို့ရှိခဲ့တယ်… လိပ်ပြာတောင်ကြားအပြင်ဘက်က ဟိုသုံးယောက်အပြင် သားရဲဧကရာဇ်အမြီးကိုးချောင်းရဲ့ တပည့်တစ်ယောက်ဖြစ်နေလောက်တဲ့ မြေခွေးလေးလည်းရှိတယ်”
“ငါက မြေခွေးလေးကို တစ်ချက်ကြည့်ဖို့အတွက် သားရဲဧကရာဇ်အမြီးကိုးချောင်းဆီကို သွားလိုက်ဦးမယ်… အဲဒါပြီးရင်တော့ ငါလည်း တံခါးပိတ်ကျင့်ကြံမယ်”
လောကအပိုင်းအစများစွာကို ရိတ်သိမ်းနိုင်ခဲ့ခြင်းအပြင် ဤတိုက်ပွဲအပြီးမှာ သူသည် သားရဲဘုရင်များစွာကို သတ်ဖြတ်ပြီး ကောင်းကင်လိုဏ်ဂူများစွာကိုလည်း ဝါးမျိုထားခဲ့သည်။
ဤကောင်းကင်လိုဏ်ဂူများအားလုံးကို စုပ်ယူသန့်စင်ပြီးနောက် အမြုတေသိုင်းကောင်းကင်လိုဏ်ဂူသည် လောကစွမ်းအား၏ အငွေ့အသက်တစ်ခုအဖြစ် ဆင့်ကဲပြောင်းလဲသွားဖို့ အခွင့်အရေးရှိလေသည်။
ဒါ့အပြင် သူသည် သိုင်းတာအို၏ နောက်ထပ်ဓမ္မအစီအရင်ကို အတည်ပြုထားခဲ့ပြီဖြစ်သည်။ တျဲယွဲ့၏ တာအိုအပေါ် သရုပ်ဖော်ပြသမှုနှင့်အတူ သိုင်းတာအိုငရဲခန်းသည် အသွင်ပြောင်းလဲကာ ဧကရာဇ်တစ်ပိုင်းအဆင့်ကို တက်လှမ်းလာဖို့ အခွင့်အရေးရှိလေသည်။
သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် နက်ရှိုင်းစွာနားလည်ထားပြီး မည်သည့်စကားမှမဆိုဘဲ လူချင်းခွာလိုက်ကြ၏။