← Chapters

ရန်လိုမှု

Vol. 197 Ch. 2955

ရန်လိုမှု

Vol. 197 Ch. 2955

လိပ်ပြာတောင်ကြားအပြင်ဘက်မှာ။

ကျား၊ ချင်ချင်နှင့် ရွှေခြင်္သေ့တို့က စောင့်ဆိုင်းနေကြဆဲဖြစ်သည်။ ဤနေရာသည် မည်သို့ပင်ဆိုစေ အရှေ့ဘက်အရိုင်းနယ်​မြေ၏ အရေးပါသောနေရာတစ်ခုဖြစ်ပြီး သူတို့သုံးယောက်က ဟိုဟိုဒီဒီလျှောက်မသွားရဲကြပေ။

သူတို့သည် အပြင်ဘက်မှသတင်းများကို ရံဖန်ရံခါ ကြားရတတ်သည်။ အရှေ့ဘက်အရိုင်းနယ်မြေသည် အပြာရောင်အဖွဲ့၏ စစ်တပ်ကို နောက်တစ်ဖန် တွန်းလှန်ထုတ်လိုက်ပြီဆိုတာကို သူတို့သိရှိထားကြသည်။

တကယ်ဆို သားရဲဧကရာဇ်ခုနှစ်ပါးက အထီးကျန်သိုင်းသခင်၏ လက်ထဲမှာ အသတ်ခံခဲ့ရသည်ကိုလည်း သူတို့သိရှိထားကြသည်။

သူတို့သုံးယောက်က ထိုသတင်းကိုကြားသောအခါ သူတို့သည် ဂုဏ်ယူဝင့်ကြွားမှုကို ခံစားရလေသည်။

ချင်ချင်နှင့် ရွှေခြင်္သေ့က သူတို့ကိုယ်သူတို့ ထိန်းချုပ်ထားနိုင်ကြဆဲဖြစ်သည်။

ကျားကတော့ သူသည် လိပ်ပြာမျိုးနွယ်မှတစ်ယောက်ယောက် အနီးနားကနေဖြတ်သွားတိုင်း သူက သူ့ကိုယ်သူမထိန်းနိုင်ဘဲ သွားရောက်ကာ စကားစတင်ပြောဆိုတတ်လေသည်။ ထို့နောက် တမင်သက်သက်ဖြစ်စေ အမှုမဲ့အမှတ်မဲ့ဖြစ်စေ သူတို့သည် အထီးကျန်သိုင်းသခင်နှင့် သွေးသောက်ညီကိုမောင်နှမများဖြစ်သည်ကို သူက ထုတ်ဖော်ပြောဆိုတတ်လေသည်။

“အရှေ့ဘက်အရိုင်းနယ်မြေက ဒီတစ်ခေါက် ကြီးမားတဲ့အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့တယ်လို့ ငါကြားတယ်... အဲဒါက တကယ့်ကို ဂုဏ်ပြုထိုက်တယ်... ငါတို့ရဲ့အစ်ကိုကြီးကလည်း ဂုဏ်ပြုခံရသင့်တယ်”

“ရှင့်ရဲ့အစ်ကိုကြီးက ဘယ်သူလဲ”

“အာ... မင်းမသိဘူးလား... သူ့ရဲ့တာအိုဘွဲ့က အထီးကျန်သိုင်းသခင်လေ... သူက အရှေ့ဘက်အရိုင်းနယ်မြေကို ရောက်လာတာ မကြာသေးဘူး”

တူညီသောအပြန်အလှန်စကားပြောဆိုမှုများက မကြာခဏဖြစ်ပွားနေတတ်သည်။

သို့သော်လည်း လိပ်ပြာနတ်မိမယ်များသည် သူတို့၏ ပါးစပ်ကိုလက်ဖြင့်အုပ်ပြီး ခိုးခိုးခစ်ခစ်ရယ်မောလိုက်ကြသည်။ သူတို့က ထိုစကားကို လုံးဝမယုံကြည်ကြပေ။

အထီးကျန်သိုင်းသခင်က မည်သူပါလဲ။

ထိုက်အာတောင်ကြောရိုး၏ လက်ရှိအရှင်သည် အန္တိမသားရဲဧကရာဇ်တစ်ပါးနှင့် သာမန်သားရဲဧကရာဇ်​ခြောက်ပါးကို သူ့လက်နှင့်ကိုယ်တိုင်သတ်ဖြတ်ထားခဲ့သည်။

ဤကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦးက သူတို့ရှေ့မှ ရူးကြောင်ကြောင် ဤကျားနှင့် ဘယ်လိုလုပ်သွေးသောက်ညီကိုဖြစ်နိုင်ပါ့မလဲ။

ထိုကဲ့သို့တစ်ကြိမ်ဖြစ်ပွားလာတိုင်း ချင်ချင်နှင့် ရွှေခြင်္သေ့တို့က မျက်လုံးစွေကြည့်ပြီး ကျားနှင့်ခပ်ခွာခွာနေလိုက်ကြလေသည်။

သိုင်းတာအိုပင်မခန္ဓာဆင်းသက်လာသောအခါ သူကလည်း ဤကဲ့သို့သောမြင်ကွင်းကို တွေ့မြင်လိုက်ရသည်။

ကျားက လိပ်ပြာနတ်မိမယ်တချို့ကို တားဆီးပြီး ထျန်ဟွမ်ကုန်းမြေတိုက်မှာတုန်းက သူတို့သွေးသောက်ညီကိုမောင်နှမများ၏ အတွေ့အကြုံများကို ပြန်ပြောပြနေ၏။ သူ၏ မျက်နှာက နီမြန်းနေပြီး တံတွေးများက ဖိတ်စင်ပြန့်ကျဲကာ သူ့ရှေ့မှာရှိသော လိပ်ပြာနတ်မိမယ်များက သူ့ကို အထင်အမြင်သေးသောအမူအရာများဖြင့် ကြည့်နေကြ၏။

ကျားက အားရပါးရကြွားလုံးထုတ်နေပြီး သိုင်းတာအိုပင်မခန္ဓာက သူ့နောက်ဘက်မှာ ရောက်ရှိလာသည်ကိုပင် သတိမထားမိပေ။

လိပ်ပြာနတ်မိမယ်များသည် သိုင်းတာအိုပင်မခန္ဓာကို မှတ်မိသိရှိသွားသောအခါ သူတို့၏ မျက်လုံးများက ရိုသေလေးစားမှုဖြင့် ဝင်းလက်လာ၏။

ဖြောင်း...

သိုင်းတာအိုပင်မခန္ဓာက သူ့လက်ကိုမြှောက်ပြီး ကျား၏ နားရင်းကို ဖြတ်အုပ်လိုက်၏။

“ငါ့ကို ဘယ်သူရိုက်တာလဲကွ”

ကျားက ဖြတ်ရိုက်ခံရသည့်အတွက် မကျေမနပ်ဖြစ်သွားလေသည်။

သူက ဒေါသတကြီး လှည့်ကြည့်လိုက်၏။

သူက ကျိန်ဆဲတော့မည့်ဆဲဆဲမှာပင် သူ၏ အမူအရာကပြောင်းလဲသွားပြီး ရှက်ကိုးရှက်ကန်းဖြင့် ပြုံးလိုက်၏။

“အစ်ကိုကြီး... ခင်ဗျားကိုး”

ထို့နောက် သူ့က လိပ်ပြာနတ်မိမယ်များဘက်ကို အလောတကြီးပြန်လှည့်ကြည့်လိုက်၏။ သူက သူ၏ ရင်ဘတ်ကိုပုတ်ပြီး ပြောလိုက်လေသည်။

“ကြည့်လေ... ငါနင်တို့ကို လိမ်နေတာမဟုတ်ဘူး... တွေ့တယ်မလား ဒါကငါ့ရဲ့အစ်ကိုကြီးပဲ”

“ငါတို့ မြေခွေးလေးဆီကို သွားကြည့်ကြတာပေါ့”

သိုင်းတာအိုပင်မခန္ဓာက ချင်ချင်နှင့် ရွှေခြင်္သေ့ကို လက်ယက်ကာ လှမ်းခေါ်လိုက်၏။

ထို့နောက်သူက ကျားနှင့်သူတို့နှစ်ယောက်ကို အာကာသဥမင်တစ်ခုထဲသို့ဆွဲခေါ်ပြီး လိပ်ပြာတောင်ကြားကနေ ပျောက်ကွယ်သွား၏။

ချင်ချိုးတောင်ကြောရိုးမှာ။

သိုင်းတာအိုပင်မခန္ဓာသည် ကျားနှင့်အခြားနှစ်ယောက်နှင့်အတူ ဤနေရာကို ဆင်းသက်ရောက်ရှိလာသည်။

သူက သူ၏ စိတ်ဝိညာဥ်အသိစိတ်ကိုဖြန့်ကြက်ပြီး သားရဲဧကရီအမြီးကိုးချောင်း၏ တည်နေရာကို ချက်ချင်းပင် အာရုံခံမိသွား၏။

တစ်ချိန်တည်းမှာပင် တံခါးပိတ်ကျင့်ကြံနေသော သားရဲဧကရီအမြီးကိုးချောင်းက တစ်စုံတစ်ရာကို အာရုံခံမိသွားပြီး ညှို့ငင်ဖမ်းစားနိုင်သော သူမ၏ မျက်ဝန်းတစ်စုံကို ဖြည်းဖြည်းချင်းဖွင့်ကာ သူမ၏ အကြည့်က တဖျတ်ဖျတ်လက်လာ၏။

“ငါက နင့်ကိုတောင်လာမရှာရသေးဘူး... ဒါပေမဲ့နင်က ငါ့ဆီကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပြီပေါ့”

သားရဲဧကရီအမြီးကိုးချောင်းက သူမဘာသာသူမတွေးပြီး လှောင်ရယ်လိုက်၏။

“တာအိုရောင်းရင်းအထီးကျန်သိုင်းသခင်... ရှင့်ကို ဒီနေရာကိုရောက်လာဖို့ ဘယ်အရာက ဆွဲဆောင်ခဲ့တာပါလိမ့်”

သားရဲဧကရီအမြီးကိုးချောင်းက သိုင်းတာအိုပင်မခန္ဓာကိုကြိုဆိုပြီး ညင်သာစွာပြုံး၍မေးလိုက်၏။

“ဘုရားရေ”

ကျားက သားရဲဧကရီအမြီးကိုးချောင်းကိုတစ်ချက်ကိုးကြည့်ပြီး သူက ရင်တစ်ချက်ထိတ်သွား၏။ သူက ဘေးတစ်ဘက်သို့ အလောတကြီးလှည့်လိုက်ရလေသည်။

ရွှေခြင်္သေ့ကလည်း သူ၏ ခေါင်းကို ငုံ့ထား၏။

အမျိုးသမီးတစ်ဦးဖြစ်သောချင်ချင်ကတော့ သားရဲဧကရီအမြီးကိုးချောင်းကို တစ်ချက်ချက်ခိုးကြည့်နေ၏။

သားရဲဧကရီအမြီးကိုးချောင်း၏ လှုပ်ရှားမှုတစ်ခုချင်းစီနှင့် အကြည့်တစ်ချက်ချင်းစီက မငြင်းဆန်နိုင်သော ဖမ်းစားမှုတစ်ခုကို ထုတ်ဖော်ထားလေသည်။

၎င်းသည် လူတစ်ယောက်၏ နှလုံးသားအနက်ပိုင်းထဲရှိ အသိမ်မွေ့ဆုံး ကာမဂုဏ်စိတ်အာရုံများကို နှိုးဆွပေးနိုင်သည့်အလားပင်။

သိုင်းတာအိုပင်မခန္ဓာ၏ တာအိုနှလုံးသားက ခိုင်မာပြီး ကိုင်လှုပ်၍ မရနိုင်ပေ။ သားရဲဧကရီအမြီးကိုးချောင်း၏ ​ညှို့ငင်ဖမ်းစားမှုက သူ့အပေါ် သက်ရောက်စေနိုင်သည့်အဆင့်မှာ မရှိပေ။

သူက မျက်မှောင်အနည်းငယ်သာကြုတ်ပြီး အဲဒါနှင့်ပတ်သက်၍ များစွာစဥ်းစားတွေးတောမနေပေ။

အဲဒါသည် သားရဲဧကရီအမြီးကိုးချောင်း၏ မျိုးဆက်သွေးကြောင့်သာဖြစ်မည်ဟု သူကတွေးလိုက်သည်။

သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။

“မြေခွေးမျိုးနွယ်မှာ ထျန်ဟွမ်ကုန်းမြေတိုက်ကလာတဲ့ ကျုပ်တို့ရဲ့မိတ်ဆွေဟောင်းတစ်ဦးရှိတယ်... တာအိုရောင်းရင်းအမြီးကိုးချောင်း... ခင်ဗျားက သူ့ကိုခေါ်ယူထားတယ်လို့ ကျုပ်ကြားတယ်... ကျုပ်တို့သူနဲ့တွေ့ချင်လို့ပါ”

“မြေခွေးလေးလား”

သားရဲဧကရီအမြီးကိုးချောင်းက သူမ၏ မျက်လုံးကို ပုတ်ခတ်ပြီးပြုံးလိုက်၏။

“ကိစ္စမရှိပါဘူး... မြေခွေးလေးက လောလောဆယ်တံခါးပိတ်ကျင့်ကြံနေတယ်... ကျွန်မနောက်ကိုလိုက်ပြီး အဲဒီနေရာမှာ အရင်ဆုံးစောင့်နေကြဦးပေါ့”

ထိုသို့ပြောရင်း သားရဲဧကရီအမြီးကိုးချောင်းက ရှေ့ကနေဦးဆောင်ကာ သိုင်းတာအိုပင်မခန္ဓာနှင့် အခြားနှစ်ယောက်ကို မလှမ်းမကမ်းရှိ သွားမွေးရွက်ဖျင်တဲရှိရာသို့ ခေါ်ဆောင်သွားလေသည်။

သိုင်းတာအိုပင်မခန္ဓာက သားရဲဧကရီအမြီးကိုးချောင်း၏ နောက်ကနေ လိုက်ပါပြီး ရွက်ဖျင်တဲထဲသို့ ဝင်ရောက်လာ၏။

သူ့ကိုကြိုဆိုနေသည့်အရာက ခပ်ဖျော့ဖျော့မွှေးရနံ့ဖြစ်သည်။

ရုတ်တရက် သိုင်းတာအိုပင်မခန္ဓာသည် တဒင်္ဂမူးဝေထုံထိုင်းမှုမှာ ကျဆင်းသွားသည်ဟု ခံစားလိုက်ရသည်။ သူ့ရှေ့မှာရှိသော သားရဲဧကရီအမြီးကိုးချောင်း၏ ခြုံထားသောအဝတ်စက သာမန်ကာလျှံကာလျှောကျသွားပြီး သူမ၏ နှင်းဖြူရောင် ပခုံးတစ်ဝက်ကို ထုတ်ဖော်လိုက်၏။

ဘာ့ကြောင့်ရယ်မသိ သိုင်းတာအိုပင်မခန္ဓာသည် ရင်တထိတ်ထိတ်ဖြစ်လာပြီး သူ၏ စိတ်ခံစားချက်များကို မထိန်းချုပ်နိုင်တော့ပေ။

ကျား၊ ချင်ချင်နှင့် ရွှေခြင်္သေ့တို့က ပျောက်ကွယ်သွား​ခဲ့ပြီဖြစ်သည်။

ရွက်ဖျင်တဲထဲမှာ သူနှင့် သားရဲဧကရီအမြီးကိုးချောင်းသာ ကျန်ခဲ့သည့်ပုံပင်။

အဲဒါတော့ဆိုးပြီ။

သိုင်းတာအိုပင်မခန္ဓာက ရင်တစ်ချက်ထိတ်သွားပြီး သူ့ကိုယ်သူအလောတကြီးဣန္ဒြေဆယ်ကာ သူ၏ တာအိုနှလုံးသားကို ထိန်းညှိလိုက်၏။

ထိုစဥ်မှာပင် သားရဲဧကရီအမြီးကိုးချောင်းက သူ့ဘက်ကိုလှည့်လာခဲ့သည်။

သူမ၏ အဝတ်အစားများက ပုစဥ်းတောင်ပံများကဲ့သို့ပါးလွှာပြီး ထွင်းဖောက်မတတ်ကြည်လင်နေသည်ဟုထင်ရသည်။

အထဲမှာရှိသော တောင်ပို့နှစ်လုံးကို ခပ်ရေးရေးတွေ့မြင်နေရပြီး သူမ၏ လှပသောခြေတံနှစ်ချောင်းက သေးသွယ်၍ ဖြောင့်စင်းနေ၏။

သူမ၏ နောက်ကျောမှာ အမွေးပွပွအမြီးကိုးချောင်းက အနည်းငယ်ယိမ်းနွဲ့နေပြီး ပြင်းထန်အားကောင်းသော ဖျားယောင်းမှုတစ်ခုကို ထုတ်ဖော်ထားလေသည်။

“တာအိုရောင်းရင်းအထီးကျန်သိုင်းသခင်”

သားရဲဧကရီအမြီးကိုးချောင်းက ညည်းတွားသံဖြင့်ပြောဆိုပြီး သူမ၏ မျက်နှာက နီမြန်းနေ၏။

သူမ၏ နှုတ်ခမ်းနီနီကို မပွင့်တပွင့်ဟပြီး ထွက်သက်ကိုရှူထုတ်ကာ ပေါ့ပါးသောခြေလှမ်းများနှင့်အတူ သိုင်းတာအိုပင်မခန္ဓာ၏ ရင်ခွင်ထဲသို့ တိုးဝင်လာလေသည်။

ဤကဲ့သို့သော ဖြားယောင်းမှုသည် သိုင်းတာအိုပင်မခန္ဓာ၏ တာအိုနှလုံးသားကို လုံးဝမကိုင်လှုပ်နိုင်ပေ။

သို့သော်လည်း သားရဲဧကရီအမြီးကိုးချောင်း၏ ညှို့ငင်ဖမ်းစားမှုနည်းစနစ်သည် တာအိုနှလုံးသားကို ပစ်မှတ်ထားရုံသာမက အမြုတေစိတ်ဝိညာဥ်ကိုပါ ပြုစားနေခြင်းဖြစ်သည်။

သိုင်းတာအိုပင်မခန္ဓာ​ကတော့ သူသည် မကြာသေးခင်ကမှ ကြီးမားသော တိုက်ပွဲတစ်ခုကို ဆင်နွှဲထားပြီး ယခုအချိန်ထိ အနားမယူရသေးပေ။

သူ၏ အမြုတေစိတ်ဝိညာဥ်က စွမ်းအင်အမြောက်အမြားကိုသုံးစွဲထားခဲ့ရပြီး သူသည် အန္တိမသားရဲဧကရာဇ်တစ်ပါး၏ ဤကဲ့သို့သောနည်းလမ်းများကို လုံးဝမခုခံနိုင်ပေ။

ဤကဲ့သို့သော ညှို့ငင်ဖမ်းစားမှုနည်းစနစ်မှာ မာရ်နတ်မျက်နှာဖုံးပင် ဘာမှမတတ်နိုင်ပေ။

သားရဲဧကရီအမြီးကိုးချောင်းသည် သူ့ကိုတိုက်ခိုက်လာလိမ့်မည်ဟု သိုင်းတာအိုပင်မခန္ဓာက ထင်မှတ်မထားခဲ့ပေ။

သူ၏ တာအိုနှလုံးသားက တည်ငြိမ်မှုရှိနေ၏။ သူ၏ အသိစိတ်က အနည်းငယ်ကစဉ့်ကလျားဖြစ်နေသော်လည်း သူက ဆင်ခြင်တုံတရားတစ်စွန်းတစ်စကို ထိန်းထားနိုင်ဆဲဖြစ်သည်။

သားရဲဧကရီအမြီးကိုးချောင်းက သူ့ကို အမှန်တကယ် နှစ်သက်သဘောကျနေသည်ဟု သူက မထင်ပေ။

သူ၏ အတွေးများက ခုန်ပေါက်နေစဥ် သားရဲဧကရီအမြီးကိုးချောင်းက အနားကိုချဥ်းကပ်လာခဲ့ပြီဖြစ်သည်။

မွှေးရနံ့က ပျံ့လွင့်လာပြီး သားရဲဧကရီအမြီးကိုးချောင်း၏ ကြော့ရှင်းလှပသောခန္ဓာကိုယ်က အနည်းငယ်လူးလွန့်သွား၏။ သိုင်းတာအိုပင်မခန္ဓာသည် သူ၏ မျက်လုံးနှစ်ဖက်ကို အလောတကြီးမှိတ်ပြီး သူ၏ လက်သီးနှစ်ဖက်ကို ဆုပ်ထား၏။ သူ၏ အသိစိတ်က ပို၍ပင် ကစဉ့်ကလျားဖြစ်လာခဲ့သည်။

ထိုသည်ကို တွေ့မြင်သောအခါ သားရဲဧကရီအမြီးကိုးချောင်း၏ မျက်လုံးအနက်ပိုင်းထဲတွင် လှောင်ပြောင်သရော်လိုသောအကြည့်တစ်ခု ဖျတ်ခနဲပေါ်ထွက်လာ၏။

သူမက သူမ၏ လက်ဖဝါးကိုဆန့်ထုတ်ပြီး သိုင်းတာအိုပင်မခန္ဓာကို ဖမ်းဆွဲတော့မည့်ဆဲဆဲမှာပင် ထိုသူက ရုတ်တရက် သူ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်၏။ သူ၏ မျက်လုံးများက ခရမ်းရောင်မီးတောက်နှစ်ခုဖြင့် လောင်ကျွမ်းနေပြီး သူ၏ အကြည့်က မီးဝင်းဝင်းတောက်နေ၏။

ရုတ်တရက်ဆိုသလို...။

သိုင်းတာအိုပင်မခန္ဓာက သူ၏ လက်ဖဝါးကို ဆန့်ထုတ်ပြီး သားရဲဧကရီအမြီးကိုးချောင်း၏ သွေးသွယ်၍ ဖြူဖွေးနေသောလည်တိုင်ကို လျှပ်စီးလိုအမြန်နှုန်းဖြင့် ဖမ်းဆွဲလိုက်၏။

သားရဲဧကရီအမြီးကိုးချောင်၏ မျက်နှာပေါ်တွင် ထိတ်လန့်တကြားအမူအရာက ပေါ်ထွက်လာ၏။

သို့သော်လည်း သိပ်မကြာခင် သူမ၏ စိတ်ကို တည်ငြိမ်စေပြီး သူမက ကနွဲ့ကလျပုံစံဖြင့် သူမ၏ မျက်လုံးနှစ်ဖက်ကို ပုတ်ခတ်ကာ သနားစဖွယ်ရှိုက်ငိုလိုက်၏။

“ရှင်... ရှင်ဘာလုပ်နေတာလဲ... ရှင် ကျွန်မကို နာကျင်အောင်...”

သိုင်းတာအိုပင်မခန္ဓာ၏ အမူအရာက အေးစက်နေ၏။

သူက သူ၏ လက်ဖဝါးဆီသို့ ခွန်အားကို ပို့လွှတ်ပြီး သားရဲဧကရီအမြီးကိုးချောင်း၏ လည်ပင်းကို ဖမ်းဆုပ်ကာ သူမကို မြှောက်တင်လိုက်၏။ သူသည် အမျိုးသမီးများအပေါ် သနားညှာတာစိတ် လုံးဝမရှိသည့်အလားပင်။

“မင်းဘာဖြစ်ချင်နေတာလဲ”

သိုင်းတာအိုပင်မခန္ဓာက အေးစက်စွာ မေးလိုက်၏။

“ရှင်...”

သားရဲဧကရီအမြီးကိုးချောင်းက စကားပြောတော့မည့်ဆဲဆဲမှာပင် သိုင်းတာအိုပင်မခန္ဓာက ဖြတ်ပြောလိုက်၏။

“အဲဒီနည်းလမ်းတွေက ငါ့အပေါ်မှာ သုံးစားရမှာ မဟုတ်ဘူး... မင်းကိုယ်မင်း အရှက်မခွဲချင်စမ်းနဲ့”

တကယ်တမ်းမှာတော့ သိုင်းတာအိုပင်မခန္ဓာသည် သားရဲဧကရီအမြီးကိုးချောင်း၏ ထောင်ချောက်ထဲမှာ ကျဆင်းလုနီးပါးဖြစ်ခဲ့သည်။

သို့သော်လည်း သူက သတိလက်လွတ်ဖြစ်သွားတော့မည့်ဆဲဆဲမှာပင် သူ၏ သိုလှောင်အိတ်ထဲရှိကျောက်စိမ်းဆွဲသီးက ရုတ်တရက်တုန်ခါပြီး သိုင်းတာအိုပင်မခန္ဓာကို လှုပ်နှိုးပေးခဲ့လေသည်။

All Chapters