အပိုင်း ၃၁၆
Vol. 22 Ch. 316
ချောင်းဟုန်မိန်သည် တံဆိပ်ကို အမှန်ပင်ဝယ်ယူခဲ့သည်။ သို့သော် ၎င်းဓာတ်ပုံထဲတွင် တံဆိပ်တပ်ထားသူမှာ သူမဖြစ်သည်ဟု မဆိုလိုပါချေ။
"ဘော့စ် သွားမေးကြည့်ရအောင်" ကျောလင်မှာ စိတ်လှုပ်ရှားနေပုံရသည်။ ဒါကို နျဉ်မိသားစုက လုပ်တာမဟုတ်သည့်အတွက် သူတို့အနေဖြင့် စုံစမ်းစစ်ဆေးသည့်နေရာတွင် ဘာမှ စိုးရိမ်စရာမရှိတော့ပေ။
“ကောင်းပြီ” နျဉ်ယွိယွမ် ခေါင်းညိတ်လိုက်သည်။
စစ်တက္ကသိုလ်တွင် ကျောလင်နှင့် ကျုံးဝမ်တို့သည် တင်းမာသည့် အမူအရာဖြင့် ချောင်းဟုန်မိန်အားခေါ်ထုတ်လာသည်မှာ အာရုံစိုက်မှုများစွာကို ဆွဲဆောင်နိုင်လိုက်သည်။
"ရှင်တို့ ဘာလုပ်နေတာလဲ!" ချောင်းဟုန်မိန်၏ ချစ်စရာကောင်းသော မျက်နှာတွင် ဒေါသတွေဖြင့် ပြည့်နှက်နေကာ သူတို့နှစ်ဦးကို စိုက်ကြည့်နေသည်။
ဒီနှစ်ယောက်ဟာ နျဉ်ယွိယွမ်ရဲ့ အကူအညီ အားကိုးဖြင့် ကျောင်းကို တိုက်ရိုက်အကြောင်းကြားကာ သူမကို စာသင်ခန်းထဲကနေ ခေါ်ထုတ်ခဲ့သည်! ဒီမြင်ကွင်းက တခြားသူတွေရဲ့အမြင်မှာ ဘယ်လိုတောင်ဆိုးသွားမလဲဆိုတာ သူတို့ထည့်သွင်းမစဉ်းစားခဲ့ကြပေ။
"ငါတို့ မင်းကို ပြောစရာရှိတယ်" ကျုံးဝမ်နဲ့ ကျောလင်တို့မှာ ဒီအခိုက်အတန့်တွင် စီးပွါးရေးလုပ်သလို အသွင်အပြင်ရှိကာ သူတို့၏လေသံမှာ အနည်းငယ်အေးစက်နေသည်။ "ပူးပေါင်းဆောင်ရွက်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်"
"ပြောပါအုံး၊ ဘာများလဲ?" ချောင်းဟုန်မိန် နှုတ်ခမ်းကို ကိုက်ကာ အသံတိုးတိုးဖြင့် မေးလိုက်သည်။ အခြေအနေကို လက်ခံဖို့ကလွဲလို့ သူမတွင် ရွေးချယ်စရာမရှိတော့ပေ။
"ဒီရင်ထိုးတံဆိပ်ကို မင်းဝယ်ခဲ့တယ် မဟုတ်လား?" ကျောလင်သည် ခလုတ်ခုံမှ တံဆိပ်၏ ပုံကို ပြကာ ချောင်းဟုန်မိန်ကို စိုက်ကြည့်လိုက်သည်။
"ဟုတ်တယ်" ချောင်းဟုန်မိန် ခေါင်းစောင်းကာ စခရင်ကိုကြည့်လိုက်သည်။ “ဒီတံဆိပ်ကို လွန်ခဲ့တဲ့ တစ်လခွဲလောက်က ဝယ်ခဲ့တာ။ ဒီလိုကိစ္စတစ်ခုအတွက်နဲ့ ကျွန်မဆီကို လာခဲ့တာလား?"
ကျောလင်နှင့် ကျုံးဝမ်တို့ တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကာ အခြားဓာတ်ပုံတစ်ခုကို ပြလိုက်သည်။ သူတို့၏ လေသံမှာ အနည်းငယ်အေးစက်နေ၏။ “ဒီဓာတ်ပုံထဲက အမျိုးသမီးက မော့ချူးကိုရောင်းဖို့ ပြန်ပေးဆွဲတဲ့သူတွေကို ခိုင်းခဲ့တဲ့ တရားခံပဲ။ မင်းဝယ်ထားတဲ့ တံဆိပ်လိုမျိုးဘဲ သူတပ်ထားတာကို ငါတို့တွေ့ခဲ့တယ်!”
"ဘာ?" အဲဒါကိုကြားတော့ ချောင်းဟုန်မိန်ရဲ့ အမူအရာက ပြောင်းလဲသွားကာ ဒေါသတွေ မြင့်တက်လာသည်။ "ရှင်တို့က ကျွန်မကို တရားခံအစစ်လို့ သံသယဝင်နေတာလား?"
"လာနောက်နေတာလား?" ချောင်းဟုန်မိန် သူတို့နှစ်ယောက်ကို အထင်အမြင်သေးသလို စိုက်ကြည့်လိုက်သည်။ “ဒီလိုရင်ထိုးတံဆိပ်က ပုံစံတူတွေ အများကြီးရှိတယ်။ ကျွန်မနဲ့ပတ်သက်နေတယ်ဆိုတာကို ဘယ်လိုသက်သေပြနိုင်လဲ? ဒ့ါပြင် ချစ်သူများနေ့မှာ ကျွန်မအဲ့ဒီလမ်းကနေ ထွက်တောင်မထွက်ခဲ့တာကို မော့ချူးကို ဘယ်လိုလုပ် ပြန်ပေးဆွဲခိုင်းနိုင်ရမှာလဲ?"
"ဒါဆို!" ကျုံးဝမ်က ပြင်းပြင်းထန်ထန်အော်လိုက်သည်။ "ဒီတံဆိပ်ရဲ့ နည်နေရာကို ငါတို့တောင်းနေတာ။ မင်း မပူးပေါင်းပေးနိုင်ရင် ငါတို့အနေနဲ့ မင်းကို တိုင်ကြားဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ဘူး"
မော့ချူးရဲ့ကိစ္စဟာ အဖွဲ့ချုပ်အတွင်းတွင် အာရုံစိုက်မှုများစွာကို ခံနေရတာဖြစ်သည်။ လူအုပ်ကြီး၏ အမျက်ဒေါသအောက်တွင် ချောင်းဟုန်မိန်ဟူသည့်နာမည် ဆက်စပ်နေသရွေ့ သူမအနေဖြင့် နောက်နေ့တွင် တံတွေးခွက်ထဲနစ်သွားလိမ့်မည်ပင်။
"ကျွန်မကို ခြိမ်းခြောက်ဖို့ မစဉ်းစားနဲ့" ချောင်းဟုန်မိန် မျက်လုံးပြူးသွားသည်။ ထိုစကားကို ပြောနေသော်လည်း သူမ၏မျက်နှာပေါ်တွင် ကြောက်ရွံ့မှုတွေက ထင်ရှားနေသည်။ "ဟုတ်တယ်၊ ကျွန်မ ဒီရင်ထိုးတံဆိပ်ကို ဝယ်ခဲ့တယ်၊ ဒါပေမယ့် တခြားတစ်ယောက်ကို ပေးခဲ့တာ"
"ဘယ်သူ့ကိုပေးလိုက်တာလဲ?" ကျောလင် ရှေ့ကို အနည်းငယ်ကုန်းကာ ကမန်းကတန်း မေးလိုက်သည်။
"ချောင်းရှန်ကို!" ချောင်းဟုန်မိန် သူတို့နှစ်ယောက်ကို တစ်ချက်ကြည့်လိုက်သည်။ “ချောင်းရှန်ကို ဒီတံဆိပ်ပေးလိုက်တာ။ ဟုတ်သားဘဲ၊ ရှင်တို့တွေ အချင်းချင်း မသိကြဘူးလား?"
အဲဒါကိုကြားတော့ ကျောလင်နဲ့ ကျုံးဝမ်တို့ရဲ့ အမူအရာတွေဟာ မတတ်နိုင်ဘဲ သိသိသာသာကို ပြောင်းလဲသွားတော့သည်။
ချောင်းရှန်လား?
ဘယ်လိုလုပ် သူဖြစ်နိုင်မှာလဲ?
ချောင်းဟုန်မိန် ထွက်သွားပြီးနောက် သူတို့နှစ်ယောက်မှာ အနည်းငယ် မိန်းမောနေသေးသည်။ နားလည်မှုလွဲတာတွေ ရှိနေတာများလား?
ဘယ်လိုလုပ် ချောင်းရှန်ဖြစ်နိုင်ရမှာလဲ? သူတို့တွေ အရင်ကတည်းက အချိန်အတော်ကြာအောင် အတူရှိခဲ့ကြပေမယ့် ချောင်းရှန်ဟာ ဒီလိုလူမှန်း မသိခဲ့ကြပါချေ။
"ဘော့စ်" သူတို့ ဘယ်လောက်ပဲ ထိတ်လန့်နေပါစေ ကျောလင်ကတော့ ဒီကိစ္စကိုနျဉ်ယွိယွမ်ဆီ သတင်းပို့ဖို့ မမေ့ပါချေ။ "ကျွန်တော်တို့ ချောင်းဟုန်မိန်ကို မေးကြည့်တော့ သူကတံဆိပ်ကို ချောင်းရှန်ဆီပေးခဲ့တာတဲ့"
ခလုတ်ခုံ၏အခြားတစ်ဖက်ရှိ နျဉ်ယွိယွမ်မှာ အေးခဲသွားတော့သည်...
ချောင်းရှန်?
ရုတ်တရက် တစ်ခုခုကိုသတိရသွားသလိုမျိုး နျဉ်ယွိယွမ်ရဲ့ အမူအရာက သိသိသာသာက်ု ပြောင်းလဲသွားတော့သည်။ သူ တင်းတင်းမာမာပြောလိုက်သည်။ “မြန်မြန် မော့ချူးကိုရှာ!"
ဘယ်လို?
ကျောလင် မတုံ့ပြန်လာခင် ကျုံးဝမ်ကရုတ်တရက် နားလည်သွားသည်။ သူ ကျောလင်ကို လှမ်းဆွဲကာ အပြင်ကို ပြေးထွက်သွားသည်။ ချောင်းရှန်သာ အမှန်တကယ် တရားခံဖြစ်ခဲ့လျှင် သူမသည် မော့ချူးကို ပြန်ပေးဆွဲကာ ရောင်းစားရန် လူများကို စေလွှတ်နိုင်သည်။ အခုချိန်မှာ သူမကိုဘယ်လိုလုပ် လွှတ်ထားနိုင်ရမှာလဲ?
ဖုန်းချပြီးနောက် နျဉ်ယွိယွမ် မော့ချူးကို ချက်ခြင်းဖုန်းဆက်လိုက်သော်လည်း မကိုင်ပေ ... သူ့ရင်ထဲ တင်းကျပ်လာသည်။ သူ့အပေါ်ဝတ်ကိုဆွဲယူကာ အပြင်ကိုပြေးထွက်သွားတော့သည်။
အသက်ဝဝတောင် မရှုနိုင်ဘဲ ကျောလင်နဲ့ကျုံးဝမ်တို့ မော့ချူးတို့အိမ်တံခါးကို ခေါက်လိုက်သည်။
တံခါးဖွင့်ပေးသူမှာ မော့ယန်ဖြစ်နေသည်။ နှစ်ယောက်သားရဲ့ သနားစရာကောင်းတဲ့ အနေအထားကို မြင်တော့ သူ အံ့ဩသွားကာ စူးစမ်းသလို မေးလိုက်သည်။ “ခင်ဗျားတို့ ဘယ်လိုဖြစ်တာလဲ?”
“စကားပြောဖို့ အချိန်မရှိဘူး” ကျောလင် သူ့လက်ကို ပြင်းပြင်းထန်ထန် ဝှေ့ယမ်းလိုက်ကာ မော့ယန်ကို မျှော်လင့်တကြီးကြည့်လိုက်သည်။ "ချူးလေးဘယ်မှာလဲ? အိမ်မှာရှိနေလား?"
“မရှိဘူး” သို့ပေမယ့် သူတို့နှစ်ယောက်ကို စိတ်ပျက်သွားစေတာကတော့ မော့ယန်တစ်ယောက် ခေါင်းခါကာ အပြင်ဘက်ကို ညွှန်ပြလိုက်သည်။ "ချူးလေး အခုလေးတင် အပြင်ခဏထွက်သွားတာ။ ဘာဖြစ်လို့ သူ့ကိုလာရှာတာလဲ?"
"သူ ဘယ်သွားတာလဲ?" မော့ယန်ကို မရှင်းပြနိုင်ခင် ကျုံးဝမ်ရဲ့လေသံမှာ စိုးရိမ်စိတ်တွေဖြင့် ပြည့်နှက်နေသည်။
"ထင်တာတော့... တစ်ယောက်ယောက်က ခေါ်တာထင်တယ်" သူတို့၏ ထူးဆန်းသည့် အပြုအမူကြောင့် တစ်စုံတစ်ခုမှားယွင်းနေကြောင်း မော့ယန်သိလိုက်ကာ သူမျက်မှောင်ကြုတ်လိုက်မိသည်။ သူ စိုးရိမ်တကြီးမေးလိုက်သည်။ “ဘာဖြစ်လို့လဲ? တစ်ခုခုဖြစ်လို့လား?"
"သွားပြီ!" ကျောလင် လက်သီးတွေကို ဆုပ်လိုက်သည်။ သူတို့ ခြေတစ်လှမ်းနောက်ကျသွားသည်!