အပိုင်း ၃၁၉
Vol. 22 Ch. 319
"မြန်မြန်လုပ်!" နျဉ်ယွိယွမ် ခရီးသည်ထိုင်ခုံတွင် ထိုင်နေ၏။ သူ့ပတ်ဝန်းကျင်ရှိ လေအေးတွေဟာ ကားမောင်းနေတဲ့ ကျောလင်ကို ချွေးအေးအေးတွေ ထွက်လာစေသည်။
"ဒါက...အရမ်းမြန်နေပါပြီ!" ကျောလင် သူ့ရဲ့ ဘော့စ်ကိုကြည့်ကု အသံတိုးတိုးနဲ့ ရှင်းပြလိုက်သည်။ တစ်ချိန်တည်းမှာပဲ သူ့အနောက်တွင် မော့ယန်က မတ်မတ်ထိုင်နေသည်။ သူ အနည်းငယ် စိုးရိမ်မိသွားသည်။ ဒီတစ်ယောက်တောင် အခုထိ ပါးစပ်မဟရသေးဘူး။ ဘာလို့အရင်ဦးအောင် ပြောလိုက်တာလဲ!
နျဉ်ယွိယွမ် မော့ချူးအိမ်သို့ အပြေးအလွှား ရောက်လာတဲ့အချိန် သွားဖို့ပြင်နေသည့်သူတို့နှင့် ဆုံသည်။ ဒီလိုနှင့် သူတို့လည်း မောင်းနှင်ခြင်းယာဉ်တွင် အတူလိုက်ပါလာကြသည်။
“အရမ်းနှေးတယ်" နျဉ်ယွိယွမ်ရဲ့ အကြည့်ဟာ မောင်းနှင်ခြင်းယာဉ် တစ်ခုလုံးကိုလွှမ်းသွားသည်။ သူ မျက်မှောင်ကြုတ်ကာ အမိန့်ပေးလိုက်သည်။ "အမြင့်ဆုံး အမြန်နှုန်းနဲ့မောင်း!"
ပုံမှန်အားဖြင့်၊ မောင်းနှင်ခြင်းယာဉ်တွင် အမြင့်ဆုံးအမြန်နှုန်းရှိသော်လည်း ၎င်းဟာစက်ပစ္စည်းကို ပျက်စီးစေတတ်သည်။ အများအားဖြင့်၊ အမြင့်ဆုံးမြန်နှုန်းကို သုံးကြိမ်ထက်ပိုသုံးမိပါက မောင်းနှင်ခြင်းယာဉ်ဟာ တိုက်ရိုက်ပျက်စီးသွားမည်ဖြစ်သည်။ သို့သော် ကျောလင် အထူးတလည်ပြုပြင်ထားသည့် မောင်းနှင်ခြင်းယာဉ်၏ စွမ်းဆောင်ရည်မှာ တခြားဟာတွေထက် များစွာသာလွန်ကောင်းမွန်သည်။ ထုံးစံအတိုင်း၊ သူ့အနေဖြင့် ဒီပြဿနာကို စိတ်ပူနေစရာမလိုပေ။
"တောက်လောက်ပြီ၊ ပါးစပ်ပိတ်ထားပါတော့!" ဒါကိုကြားတော့ မော့ယန် နျဉ်ယွိယွမ်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။ ဖြစ်စဉ်တစ်ခုလုံးကို သိရပြီးတဲ့နောက်မှာ သူ့အနေဖြင့် နျဉ်ယွိယွမ်ကို ဒေါမထွက်ဖို့ဆိုတာခက်ခဲသည်။ သူပြောတာကိုကြားတော့ ဒေါသတွေကသူ့ခေါင်းထိကို ချက်ချင်းရောက်လာတော့သည်။
သေပြီ! ကျောလင် မျက်တောင်ခတ်လိုက်သည်။ ဒီတစ်ယောက် အရမ်းတိတ်ဆိတ်နေတယ်လို့ သူညည်းညူခဲ့ပေမယ့် အခုတော့တော်တော်လေး မယဉ်ကျေးသလိုပြောလာပြီ။ အတိတ်တုန်းကသာဆိုရင်၊ နျဉ်ယွိယွမ်ကို ဘယ်သူကများ မယဉ်မကျေးလုပ်ရဲမှာလဲ? ကိုင်ပေါက်ခံလိုက်တာကြာပေါ့၊ အခုကျတော့?....
မော့ယန်၏ ဒေါသမျက်လုံးတွေကို ကြည့်ရင်း နျဉ်ယွိယွမ်ရဲ့ မျက်လုံးတွေ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ အဆုံးမှာတော့ သူဘာမှ ပြန်မပြောလိုက်ပေ။ တစ်ဖက်ကိုလှည့်ကာ ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်သည်။
လေထုဟာ ချက်ချင်း အေးခဲသွားတော့သည်။ လေတိုက်သံတွေကိုသာ ကြားနေရသည်။
“ဟိုဟာ… အရမ်းတိတ်နေတော့…” ကျောလင်မှာ လေထုနှင့်လိုက်လျောညီထွေ မဖြစ်နိုင်တော့ဘဲ လည်ချောင်းကိုရှင်းလိုက်ကာ အသံနည်းနည်းကျယ်လိုက်သည်။ ကံမကောင်းစွာနဲ့၊ သူ့ကိုဘယ်သူမှ မတုံ့ပြန်ကြပေ။ မောင်းနှင်ခြင်းယာဉ်ထဲတွက် တိတ်ဆိတ်နေ၏။ ကျောလင် သူ့နှုတ်ခမ်းတွေကိုသပ်လိုက်ကာ လေထုက ပိုလို့တောင် အဆင်မပြေဖြစ်လာသည်။ “ဒါဆို၊ ပရိုဂရမ်အချက်အလက်တွေကို နားထောင်ကြရင်ရော?"
ပြောသည့်အတိုင်း ကျောလင် သူ၏မောင်းနှင်ခြင်းယာဉ်တွင် အင်တာနက်ချိတ်ဆက်မှုကို ဖွင့်လိုက်သည်။
ပုံမှန်အမျိုးသမီးအသံက နောက်ဆုံးရသတင်းတွေကို ကြေငြာနေသည်။ "ခရိုင် ၃ ရီနန်မှော်ဒေသမှသတင်းပေးပို့လာပါတယ်...."
"ဟင်းး၊ ဒါက စိတ်ဝင်စားစရာမကောင်းဘူး” ကျောလင်ပြုံးလိုက်သည်။ သူ့လက်ကို အနည်းငယ်လှည့်လိုက်ကာ ထူးဆန်းသည့်လေထုကိုချိန်ညှိရန် ဖျော်ဖြေရေးပြက်လုံးများကို အထူးပြုသည့် အစီအစဉ်သို့ ပြောင်းလိုက်သည်။ “အားလုံးဘဲ၊ စိတ်ဝင်စားဖို့ကောင်းတဲ့ ဖျော်ဖြေမှုတွေကနေ ကြိုဆိုပါတယ်။ အခု...."
“ခဏ!” နျဉ်ယွိယွမ် ရုတ်တရက် ခေါင်းလှည့်လာကာ သူ့အကြည့်တွေကအနည်းငယ် စူးရှလာသည်။ "ပြန်ပြောင်းလိုက်!"
"ဘာကို?" ကျောလင် တစ်ခဏလောက် ကြောင်အသွားကာ မတုံ့ပြန်နိုင်လိုက်ပေ။
“စောစောက ချန်နယ်ကို ပြန်ပြောင်းလိုက်” နျဉ်ယွိယွမ် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ကာ ပြင်းပြင်းထန်ထန် အော်လိုက်သည်။
“အိုး” သူ့ ဘော့စ်ရဲ့မျက်လုံးထဲတွင် လေးနက်နေသည့်အကြည့်ကို မြင်လိုက်ရတော့ ကျောလင် ခေါင်းညိတ်ကာ အမြန်ပြန်ပြောင်းလိုက်သည်။
ကြည်လင်ပြတ်သားသည့် အမျိုးသမီးအသံက နောက်တစ်ကြိမ်ထပ်ထွက်လာသည်။ “အရေးကြီးသတင်းပါ၊ ထပ်ပြီးတင်ပြပါမယ်။ ခရိုင် ၃ ရီနန်မှော်ဒေသမှာ သားရဲလှိုင်းတစ်ခုဖြစ်ပွားနေကြောင်း သတင်းရရှိထားပါတယ်။ သားရဲလှိုင်း ပမာဏကို လောလောဆယ်မှာ မသိရသေးပါဘူး။ ဒါပေမဲ့၊ သတင်းကြားလိုက်တဲ့ အထူးစွမ်းရည်အသုံးပြုသူတိုင်း အဲ့ဒီမှော်ဒေသကို အချိန်မီသွားပြီး မှော်သားရဲတွေ မဖျက်စီးအောင်တားဆီးဖို့ ခွန်အားတစ်စိတ်တစ်ပိုင်းလောက် ပံ့ပိုးပေးသင့်ပါတယ်! အရေးကြီးသတင်းပါ၊ ထပ်ပြီးတင်ပြပါမယ်...."
"ချူးလေး ရှိနေတဲ့နေရာက ရီနန်မှော်ဒေသမှာပဲ" သတင်းအကြောင်းအရာကို ရှင်းရှင်းလင်းလင်းကြားလိုက်ရတဲ့အခါ မော့ယန်မျက်နှာက ချက်ချင်းဖျော့တော့သွားတော့သည်။
သူ ခရိုင် ၁၂ တွင်ရှိစဉ်၊ သေးငယ်သည့် သားရဲလှိုင်းကို တွေ့ကြုံခဲ့ဖူးသည်။ တားဆီးလို့မရနိုင်သည့် ဒီရေကဲ့သို့ မှော်သားရဲများသည် လှိုင်းလုံးကြီးများသဖွယ် တဟုန်ထိုး လာနေကြသည် သူကိုယ်တိုင်တွေ့မြင်ခဲ့ရသည်။ သူတို့ကို တားဖို့ လူအင်အားကို အားကိုးလျှင်တောင် တော်တော်ခက်လိမ့်မည်။
သားရဲလှိုင်းသည် တစ်ရက်သာ ကြာမြင့်သော်လည်း အသားနှစ်အဖြစ် နင်းခြေခံခဲ့ရသည့် အဖွဲ့ချုပ်နိုင်ငံသား အများအပြား ရှိခဲ့သည်။ ပြောစရာမလိုလောက်အောင်ပင် အဆောက်အဦမျိုးစုံနှင့် အိမ်များ ပျက်ဆီးသွားသည်မှာ မှတ်တောင်မမှတ်မိနိုင်ပါချေ။ သူတို့၏ ပုံမှန်ငြိမ်းချမ်းတဲ့ ဘဝတွေကို ပြန်မရနိုင်ခင် ပြန်လည်တည်ဆောက်ရေးအတွက် တစ်နှစ်နီးပါးလောက် အချိန်ယူခဲ့ရသည်။
ချူးလေးတော့ အထဲမှာပဲ ရှိနေမှာဘဲ!
နျဉ်ယွိယွမ် မျက်ခုံးတင်းတင်းကြုံ့ကာ သူ့ခလုတ်ခုံကို မသိစိတ်ကနေ ကြည့်လိုက်မိသည်။
မြင်လိုက်ရတော့ သူမနေနိုင်ဘဲ ထိတ်လန့်သွားမိသည်။
တစ်ဒါဇင်မက ပေးပို့လာသည့် ဗီဒီယိုမက်ဆေ့ဂျ်များထဲတွင် တစ်ဝက်ဟာ အကြီးအကဲနျဉ်မှ ပေးပို့လာတာဖြစ်သည်။ အောက်တွင် စာတိုပေါင်းများစွာ ရှိနေသေးသည်။
ခလုတ်ခုံကို သူအသံတိတ်မုဒ်အဖြစ် ပြောင်းထားကြောင်း အခုမှသဘောပေါက်သွားမိသည်။ ထို့အပြင် သူသည် မော့ချူး အခြေအနေကိုသာ စိုးရိမ်နေတာကြောင့် ခလုတ်ခုံရှိ အပြောင်းအလဲတွေကို သတိမထားမိခဲ့ပေ။
နျဉ်ယွိယွမ် မက်ဆေ့ချ်တွေကို အပေါ်ယံကြည့်လိုက်သည်။ အများစုမှာ ရီနန်မှော်ဒေသသို့ သွားရန် တိုက်တွန်းထားတာပင်။ အကြီးအကဲနျဉ်အား သူစာမပြန်ခင် အရေးကြီးသည့်ဟာတွေကို အရင်ပြန်ဖြေလိုက်သည်။
"မင်းဘယ်မှာလဲ ကလေး? ဗီဒီယိုကို မမြင်ဘူးလား?" လူအိုကြီးမှာ ဒေါသတကြီး ဖြစ်နေ၏။ "ငါ့ခလုတ်ခုံက ပေါက်ကွဲတော့မယ်။ မင်းက တစ်ခွန်းတောင်..."
"ကျွန်တော် ရီနန်မှော်ဒေသကို သွားနေတာ" နျဉ်ယွိယွမ် အကြီးအကဲနျဉ်ကို ဖြတ်ပြောလိုက်ကာ မောင်းနှင်ခြင်းယာဉ်ကိုလှမ်းကကြည့်လိုက်သည်။ "ဆယ်မိနစ်အတွင်း ရောက်မယ်"
ဆယ်မိနစ်လား?
ထိုစကားကိုကြားတော့ အကြီးအကဲနျဉ်ရဲ့ ဒေါသဟာ အနည်းငယ် ပြေလျော့သွားတော့သည်။ “ဒါဆိုရင် မင်းသွားပြီး ဖြေရှင်းလိုက်။ ငါလဲ ခဏနေရင်ရောက်မယ်"
နျဉ်ယွိယွမ် ခေါင်းညိတ်လိုက်သည်။ "အင်း၊ ကျွန်တော်သိပြီ"
တစ်ဖက်တွင် ဗီဒီယိုကောကို ချပြီးနောက် အကြီးအကဲနျဉ်က ခေါင်းမော့လာကာ မေးလိုက်သည်။ “ငါတို့တွေ မှော်ဒေသကို ရောက်ဖို့ ဘယ်လောက်ကြာအုံးမလဲ?"
“အစီရင်ခံပါတယ်! ၂၅ မိနစ်လောက်ကြာပါမယ်" ရှေ့ခရီးသည်ထိုင်ခုံတွင် ထိုင်နေသည့် လက်ထောက်က လေးလေးစားစား ပြန်ပြောလိုက်သည်။
"၂၅ မိနစ်? ဒါက မူမမှန်ဘူး!" အကြီးအကဲနျဉ် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် သတင်းရပြီးနောက် ချက်ချင်းထွက်လာခဲ့တာဖြစ်သည်။ နျဉ်ယွိယွမ်နဲ့ တခြားသူတွေထက် ဘယ်လိုလုပ် နှေးနိုင်မှာတဲ့လဲ? ဒီကလေးမှာ အနာဂတ်ကိုမြင်နိုင်စွမ်း ရှိနေလို့လား?
"ဘာဖြစ်လို့လဲခင်ဗျ?" အကြီးအကဲနျဉ်၏ ရေရွတ်သံကိုကြားတဲ့အခါ လက်ထောက်က အမြန်ခေါင်းလှည့်လာသည်။
“ဘာမှမဟုတ်ဘူး” အကြီးအကဲနျဉ် လက်ယမ်းလိုက်ကာ သူ့စိတ်ထဲမှသံသယတွေကို ဖယ်ထားလိုက်သည်။ သူက ရှေ့တည့်တည့်ကို စိုက်ကြည့်လိုက်သည်။ “အရှိန်မြှင့်လိုက်။ မှော်ဒေသ အခြေအနေ ဘယ်လိုရှိလဲဆိုတာ ငါသိချင်တယ်!”