အပိုင်း ၃၂၁
Vol. 22 Ch. 321
အနောက်မှာရှိတဲ့ ကျောလင်၊ ကျုံးဝမ်နဲ့ မော့ယန်တို့လည်း မအားလပ်နေပါချေ။ သူတို့လက်ထဲ၌ အထူးစွမ်းရည်တွေဟာ တစ်မျိုးပြီးတစ်မျိုး ထွက်ပေါ်လာကာ သူတို့ရှေ့မှသားရဲတွေကို မျက်တောင်မခတ်တမ်း သတ်ပစ်နေကြသည်။
တပ်ဟာ ပထမကာကွယ်ရေးလိုင်းဖြစ်ကာ အထူးစွမ်းရည်အသုံးပြုသူတွေကတော့ ဒုတိယ ကာကွယ်ရေးလိုင်းဖြစ်သည်။ ဤကဲ့သို့အားကောင်းသည့် ကာကွယ်မှုဟာ ပိုက်ကွန်မှ လွတ်မြောက်လာသည့် မှော်သားရဲတွေ ခရိုင် ၃ ရှိ လူနေထိုင်ရာနေရာသို့ ဝင်ရောက်ခြင်းမှ တားဆီးရန်ဖြစ်သည်။
တိုက်ပွဲက ဆက်လက်ဖြစ်နေ၏။
နှစ်ဖက်စလုံး သွေးသံတရဲရဲအကြည့်တွေဖြင့် တိုက်ခိုက်နေကြသည်။
လူသားတွေရဲ့ သွေးနံ့ကိုရတော့ မှော်သားရဲတွေဟာ ပိုလို့တောင် ပြင်းထန်လာကြသည်။ သူတို့သည် အားလုံးကိုမျိုချကာ အရိုး၊ အသွေးနှင့် အသားတို့ကို စားပစ်လိုစိတ်ပြင်းစွာဖြင့် ကြည့်လာကြသည်။
ထိုအချိန်တွင် နျဉ်ယွိယွမ်နှင့် တခြားသူတွေဟာလည်း သွေးနီရဲသည့်မျက်လုံးတွေဖြင့် တိုက်ခိုက်နေကြသည်။ သူတို့ လက်ထဲရှိ စွမ်းရည်တွေနှင့် ထုတ်လွှတ်ပစ်နေကြသည်။ သွေးတွေဟာ ပန်းထွက်လာကြသည်။
ဒီသားရဲလှိုင်းကို ရင်ဆိုင်နေသည့်အတွက် သူတို့ နောက်ဆုတ်လို့မရပါချေ။ သူတို့အနေဖြင့် ထိပ်တိုက်ရင်ဆိုင်ကာ တိုက်ခိုက်ရုံဘဲရှိတော့သည်။
သူတို့၏အနောက်တွင် လူသန်းပေါင်းများစွာ နေထိုင်သည့် ခရိုင် ၃ ၏ လူနေထိုင်ရာနေရာဖြစ်သည်။ မှော်သားရဲများသာ ဤအကာအကွယ်ကို ဖြတ်ကျော်လိုက်သည်နှင့် နောက်ဆက်တွဲဆိုးကျိုးတွေဟာ တွေးကြည့်လို့မရအောင်ပင် ဖြစ်လာလိမ့်မည်။
“အားး” ဝမ်းနည်းစရာကောင်းသည့်အော်သံတွေ သူတို့နားထဲ ထွက်ပေါ်လာကာ သွေးတွေဟာမြေပြင်တစ်ခုလုံးပြန့်ကျဲနေတော့သည်။
မရေမတွက်နိုင်သည့် မှော်သားရဲများသည် လူသားတွေဆီ ဝိုင်းအုံလာကြကာ လောဘကြီးစွာဖြင့် သူတို့ကို စိုက်ကြည့်နေကြသည်။ သူတို့ပါးစပ်တွေကို ခပ်ကျယ်ကျယ်ဟကာ မွှေးကြိုင်လှသည့် ခန္ဓာကိုယ်တွေကို ကိုက်စားရန် အဆင်သင့်ဖြစ်နေသည်။ သို့ပေမယ့် သူတို့ထဲကတစ်ယောက်ကို ခုန်အုပ်ဖို့လုပ်လိုက်တဲ့အချိန် ချက်ချင်း တခြားလူသားတစ်ယောက်ဆီကနေ အရိုက်ခံလိုက်ရသည်။
မှော်သားရဲတစ်ကောင် လဲကျသွားကာ နောက်လှိုင်းတစ်ခု ထပ်တက်လာပြန်သည်။ အဆုံးမရှိသလိုမျိုး၊ နောက်ထပ် ထပ်သတ်ရုံသာကျန်တော့သည်။ ဘယ်သူမှ နောက်ပြန်မလှည့်ကြသလို ဘယ်သူမှလည်း နောက်ပြန်မဆုတ်ကြပေ။ သူတို့ရဲ့ လက်ရှိအခြေအနေဟာ လွတ်လမ်းမရှိပေ။
"ခဏနေကြအုံး!" အော်ဟစ်သတ်ဖြတ်နေသည့်ကြားထဲတွင် နျဉ်ယွိယွမ်၏ အသံနက်နက်က လူတိုင်းနားထဲသို့ ဝင်ရောက်လာသည်။ "ဒီသားရဲလှိုင်းတွေက သိပ်မကြာတော့ဘူး!"
ဒါကိုကြားတော့ အားလုံးက မနေနိုင်ဘဲ အံ့ဩသွားမိသည်။ အချိန်အတော်ကြာ တိုက်ပွဲဝင်ခဲ့ပြီးတဲ့နောက် နျဉ်ယွိယွမ်ရဲ့ ပင်ပန်းနွမ်းနယ်နေတဲ့ မျက်နှာဟာ ချက်ချင်းပင် အားအင်တက်ကြွလာသည်။
မှန်သည်၊ သားရဲလှိုင်းတွေဟာ တစ်ချက်တည်းနှင့် တိုက်ခိုက်တာ မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေနှင့်၊ လှိုင်းလုံးငယ်တွေဖြင့် တိုက်ခိုက်ကြတာဖြစ်သည်။
ဒါဟာ အစပဲ ရှိသေးသည်။ ဒါကြောင့် တိုက်ခိုက်မှုဖွဲ့စည်းပုံဟာ သိပ်ကြီးကြီးမားမားမဟုတ်သလို သိပ်ကြာလောက်မည်မဟုတ်ပေ။ နောက်ဆုံးတွင်၊ မှော်သားရဲ အရေအတွက် တိုးလာကာ တိုက်ခိုက်မှုစွမ်းအားဟာလည်း ပိုမိုအားကောင်းလာမည်ဖြစ်သည်။ သို့သော် ထိုအချိန်အတွက် သူတို့ အပြည့်အဝပြင်ဆင်ထားသည်။ တပ်အင်အားတွေကို ချထားသည့်အတွက် သူတို့အနေဖြင့် ယခုလောက် ကူကယ်ရာမဲ့ဖြစ်နေမှာ မဟုတ်ပေ။
နျဉ်ယွိယွမ် မျှော်လင့်ထားသလိုပင် မိနစ် ၂၀ အကြာ မှော်သားရဲတွေဟာ တဖြည်းဖြည်း ဆုတ်ခွာလာကြပြီး သူတို့အပေါ် ဖိအားတွေဟာလည်း လျော့ကျသွားတော့သည်။ “ဒဏ်ရာရသူတွေရဲ့ အခြေအနေကိုကြည့်ပြီး အခြေအနေကို အတိအကျတွက်ချက်ပေး”
နျဉ်ယွိယွမ်၏ ရာထူးဟာအမြင့်ဆုံးဖြစ်ကာ လက်ရှိလူများ၏ အင်အားမှာလည်း အပြင်းထန်ဆုံးဖြစ်သည်။ အဆင့်မြင့်မှော်သားရဲ အနည်းငယ်ကို သူကိုင်တွယ်ခဲ့ကာ ယခုအခိုက်အတန့်တွင် သူ့ ခန္ဓာကိုယ်၌ သွေးတွေ စွန်းထင်းနေသည်။
"ဟုတ်ကဲ့ ချက်ချင်းတွက်လိုက်ပါမယ်!" တပ်ခေါင်းဆောင်က ခေါင်းညိတ်ပြလိုက်ကာ နျဉ်ယွိယွမ်အား လေးစားမှုအပြည့်ဖြင့် ကြည့်လာသည်။ သွေးရေချိုးပြီးတဲ့နောက် မာရှယ်ဟာ ပို၍ပင် ခံ့ညားလာသည်။ အသက်တစ်ချက်ရှူလိုက်ရုံ၊ တစ်ချက်ကြည့်လိုက်ရုံနှင့် လူတွေသူ့ကို ပေါ့ပေါ့တန်တန်မ ကြည့်ရဲလောက်အောင် ဖြစ်သွားစေသည်။
သိပ်မကြာခင်မှာပဲ တွက်ချက်မှုရလဒ်တွေထွက်လာသည်။
ဒီတိုက်ပွဲ၏ ပြင်းထန်မှုဟာ အရင်ကထက် အများကြီး ပိုပြင်းထန်ခဲ့ပေမယ့် နျဉ်ယွိယွမ်ရဲ့ တိကျသည့် စီမံမှုတွေကြောင့် အသေအပျောက်နှုန်းဟာ အရင်ကထက် ထက်ဝက်လောက် လျော့ကျသွားခဲ့သည်။
ဒီအရေအတွက်ကို ကြားတဲ့အခါ နျဉ်ယွိယွမ်ရဲ့ တွန့်ချိုးနေတဲ့ မျက်ခုံးတွေဟာ ပိုလို့တောင် တွန့်ချိုးလာသည်။ ရေရှည်ကိုကြည့်လျှင် ဒါဟာအစပဲရှိသေးကာ အသေအပျောက် အရေအတွက်က တော်တော်များနေပြီဖြစ်သည်။
"ဘယ်လိုနေလဲ? အဆင်ပြေရဲ့လား?" မော့ယန်ရဲ့ပခုံးကို ပုတ်လိုက်ရင်း ကျောလင်ရဲ့မျက်လုံးထဲတွင် မနေနိုင်ဘဲ အံ့ဩမှုတွေ ထွက်ပေါ်လာသည်။
မော့ယန်၏ ယခင် ခရိုင် ၉ ရှိ သူ၏တိုက်ခိုက်ရေးစွမ်းရည်နှင့် ယှဉ်ပါက ယခုတွင်များစွာတိုးတက်လာသည်။ ဒါ့အပြင်၊ သူ၏ဒြပ်စင်စွမ်းရည်ဟာ လျှပ်စီးဒြပ်စင်ဖြစ်သည်ကြောင့် အလွန်အစွမ်းထက်သည်။ ခုနလေးကတင် သူဧရိယာတစ်ခုလုံးကိုဖြတ်ကျော်ခဲ့သည်။
"အဆင်ပြေပါတယ်" မော့ယန် ခေါင်းခါလိုက်ကာ သူ့မျက်လုံးတွေ မည်းမှောင်လာသည်။
သားရဲလှိုင်း၏ အစွမ်းကို ခုနကပင် သူကိုယ်တိုင်တွေ့မြင်ခဲ့ရပြီဖြစ်သည်။ ဝိုင်းဝိုင်း ချူးလေး၏ အနားတွင်ရှိနေသော်လည်း သူမရဲ့အခြေအနေဟာ မသေချာသေးပေ။ သူမရဲ့အခြေအနေ ဘယ်လိုရှိလဲဆိုတာကို မသိရသေးပေ… ခဏလောက် စဉ်းစားပြီးနောက် မော့ယန် ခေါင်းကိုမော့ကာ စိတ်ပိုင်းဖြတ်ထားသည့်အကြည့်တွေနှင့်အတူ မှော်ဒေသထဲသို့ ဝင်သွားတော့သည်။
"ဟေး မင်းဘာလုပ်တာလဲ?" အတွင်းဆုံးအပိုင်းထဲမှ စစ်သားတစ်ယောက်က သူ့လမ်းကို ရုတ်တရက် ပိတ်ဆို့လိုက်သည်။သူ့မျက်လုံးများထဲတွင် အံ့ဩ နေသည့်အကြည့်ဖြင့် ပြင်းပြင်းထန်ထန် အော်လိုက်သည်။ “ အထဲမှာ သားရဲလှိုင်းရှိနေတာ။ မင်းဘာလို့ ပြေးဝင်တာလဲ? သေချင်နေတာလား?"
သားရဲလှိုင်းတိုက်ခိုက်မှုအပြီးတွင် ကျုံးဝမ်နှင့် ကျောလင်တို့ဟာ ဒဏ်ရာရလူနာတွေကို ကုသရန် အတူတကွ စတင်လုပ်ဆောင်ကြတော့သည်။ တစ်ခဏလောက်၊ သူတို့တွေ မော့ယန်ကို မကြည့်လိုက်မိပေ။ ဒါကိုကြားတော့ သူ့ရဲ့လုပ်ရပ်ကို သူတို့သတိပြုမိကာ ကမန်းကတန်းပြေးလာပြီး သူ့ပုခုံးကို လှမ်းဆွဲလိုက်ကြသည်။ "မော့ယန်၊ မင်း....မင်းဘာလုပ်နေတာလဲ?"
"ဘာလုပ်နိုင်ရအုံးမှာလဲ?" မော့ယန် နှုတ်ခမ်းကိုတင်းတင်းစိကာ တောင်လောင်နေသည့်အကြည့်တွေဖြင့် မှော်ဒေသကို စိုက်ကြည့်လိုက်သည်။ "ကျွန်တော်အထဲကိုသွားချင်တယ်!"
ချူးလေးအထဲမှာ ရှိနေတုန်းပင်။ သူမ အန္တရာယ်မရှိဘူးဆိုတာကိုမြင်မှ သူစိတ်အေးနိုင်မည်။
"မင်းရူးနေလား?!" ကျောလင် နာကျင်နေသည့်မျက်လုံးတွေဖြင့် စိုက်ကြည့်လိုက်သည်။ “မြေပေါ်က သွေးတွေကို မမြင်ဘူးလား? မော့ချူးက အထဲမှာ။ အဲ့ဒါက အရမ်း…”
ထိုသို့သော ကြီးမားသည့် သဘာဝနှင့်လူလုပ် ကပ်ဘေးကြီးနှင့် ရင်ဆိုင်ရချိန်တွင် လူတစ်ဦး၏ အသက်နှင့်သေဆုံးမှုဟာ သဲတစ်ပွင့်လောက်တောင် အရေးမပါတော့သည့်ပုံပင်။ လေတိုက်လိုက်သည့်အခါ ဘာအရိပ်အယောက်မှ မကျန်တော့သလိုပင်။
ချူးလေး အသက်ရှင်နေဦးမည်ဟု သူ မျှော်လင့်မိသည်… ဖြစ်နိုင်ချေကတော့ နှမြောဖို့ကောင်းစွာ သေးငယ်လွန်းလှသည်။ ယခု အရေးကြီးဆုံးအရာမှာ အသက်ရှင်နေသေးသည့်လူတွေဖြစ်သည်။ မော့ယန်သာ ယခု ဇွတ်တိုးဝင်ပါက သူသေချာပေါက် သေသွားလိမ့်မည်ပင်!
"ဒါ့ပြင် ချူးလေးက လွတ်ပြီး ဒီဘေးအန္တရာယ်ကို အောင်အောင်မြင်မြင်နဲ့ ရှောင်နိုင်ခဲ့တယ်ဆိုပါစို့ မင်းသာဇွတ်ဝင်သွားရင် လွဲသွားကြမှာ မဟုတ်ဘူးလား?" ကျောလင်၏ စကားကြောင့် မော့ယန် အနည်းငယ် ထိတ်လန့်သွားသည်။
ခဏလောက်စဉ်းစားပြီးနောက် မော့ယန် ခေါင်းခါလိုက်ကာ ပင်ပန်းသည့်လေသံနှင့် ပြောလာသည်။ “အချိန်ကွာခြားချက်က အရမ်းတိုတယ်။ ချူးလေး ဒဏ်ရာရထားရင် သူလွတ်မြောက်နိုင်ဖို့ အခွင့်အလမ်းက အရမ်းနည်းတယ်…”
သူ့မျက်နှာကို ပွတ်လိုက်ပြီးနောက် မော့ယန်ခေါင်းမော့ကာ မှော်ဒေသကိုပြတ်ပြတ်သားသား စိုက်ကြည့်လိုက်သည်။ "ချူးလေး အထဲမှာရှိနေသရွေ့ ကျွန်တော် သူ့ကို သေချာပေါက်သွားရှာမယ်! သူ့ကို တစ်ယောက်ထဲ မထားထားနိုင်ဘူး!