← Chapters

အပိုင်း ၃၂၂

Vol. 22 Ch. 322

အပိုင်း ၃၂၂

Vol. 22 Ch. 322

သူပြောသည့်အတိုင်း မော့ယန် ကျောလင်ကို ခပ်ပြင်းပြင်းတွန်းထုတ်လိုက်ကာ သူ့ခြေလှမ်းတွေက ဇွဲကောင်းစွာဖြင့် ခိုင်မာနေသည်။

သူတို့နှစ်ယောက်ကြားက စကားသံဟာအကျယ်ကြီးမဟုတ်ပေမယ့် အရှေ့မှာရပ်နေတဲ့ နျဉ်ယွိယွမ်ကတော့ ပြတ်ပြတ်သားသား ကြားနေရသည်။ သူ့ရဲ့ အရပ်မြင့်မြင့်သန်မာတဲ့ ခန္ဓာကိုယ်ဟာ တစ်ခုခုကြောင့် ရုတ်တရက် လှုပ်ရှားသွားသည်။ မှော်ဒေသအား နက်ရှိုင်းသည့် မျက်လုံးများဖြင့် လှည့်ကြည့်လိုက်ရင်း သူ့မျက်လုံးတွေထဲ နာကျင်မှုအရိပ်အယောင်တွေ ပေါ်လာသည်။

"မာရှယ်! မာရှယ်!" ဘေးနားရှိ တပ်ခေါင်းဆောင်က သူ့ကို အကြိမ်အနည်းငယ်လောက် လှမ်းအော်ခေါ်လာမှ နျဉ်ယွိယွမ် သတိပြန်ဝင်လာသည်။ သူ့ဘေးတွင် မြေပြင်ပေါ်၌ လဲနေသည့်အလောင်းတွေနဲ့ ဒဏ်ရာရထားသူတွေကိုမြင်တော့ သူ့စိတ်ထဲက စိုးရိမ်စိတ်ကို ထိန်းချုပ်ထားဖို့ကလွဲလို့ ရွေးချယ်စရာ မရှိတော့ပေ။ သူအေးစက်စက်မက်ေမှာနှင့် လှည့်ကြည့်လာကာ ဒီကိစ္စကို အေးအေးဆေးဆေး ကျွမ်းကျင်စွာဖြင့် ကိုင်တွယ်လိုက်သည်။

မှန်သည်၊ သူဟာ မော့ချူးကိုလိုက်နေတဲ့သူ ဖြစ်တာကလွဲပြီး အဖွဲ့ချုပ်တစ်ခုလုံးရဲ့ မာရှယ်တစ်ဦးလည်း ဖြစ်သည်။ သူ့ပခုံးပေါ်တွင်ထမ်းထားရသည့် တာဝန်ဟာ သူ့ကိုနည်းနည်းလေးမှ တုံ့ဆိုင်းပြီး နောက်ဆုတ်ခွင့်မပေးပါချေ။

“ကျဆုံးသွားတဲ့သူတွေကို ကျုံးဝမ်ဆီ အပ်ထား။ သူကိုင်တွယ်လိမ့်မယ်" နျဉ်ယွိယွမ် ခေါင်းကိုမော့လိုက်ကာ သူ့ရင်ထဲက နာကျင်မှုတွေကို ဖုံးကွယ်လိုက်သည်။ "ဒါ့ပြင် တခြားမြို့စောင့်တပ်တွေလည်း မကြာခင်ရောက်လာလိမ့်မယ်။ သူတို့ရဲ့ တပ်သားဖြန့်ဖြူးမှုကို ချိန်ညှိဖို့အာရုံစိုက်ထား"

"ဟုတ်ကဲ့ပါ နားလည်ပါပြီ" နျဉ်ယွိယွမ်ဆီက အမိန့်ကိုလက်ခံရရှိပြီးနောက် တပ်ခေါင်းဆောင်ဟာ သူရဲ့နောက်ခံကျောရိုးကို တွေ့လိုက်ရသလိုမျိုး ကြည့်လိုက်သည်။ သူ့ကို အလေးပြုလိုက်ပြီးနောက် တစ်ဖက်သို့လှည့်လိုက်သည့်အခါ သူ့အမူအရာ ကပြောင်းသွားတော့သည်။

ကျုံးဝမ်မှာ သူ့နားရှိလူနာတွေကိုကြည့်ပေးရင်းဖြင့် အလုပ်များနေသည်။ သူတို့ဟာ မှော်ဒေသနှင့် နီးနေသည်ကြောင့် ကုသရေးကိရိယာများ၏ သက်ရောက်မှုမှာ ရပ်တန့်နေသည်။ ဒဏ်ရာပိုပြင်းသည့် လူနာများကို အနီးနားရှိ ကုသရေးကိရိယာရှိသည့်နေရာသို့ ပို့ရုံကလွဲ၍ ကျန်ဒဏ်ရာရတပ်သားတွေကိုတော့ အခြေခံအကျဆုံး ကုသမှုနည်းလမ်းကိုသာ အသုံးပြုနိုင်သည်။ ဆက်တိုက်လုပ်ကိုင်ပြီးတဲ့နောက် သူတကယ်ပင်ပန်းနေပြီဖြစ်သည်။

"ကျုံးဝမ်" နျဉ်ယွိယွမ် သူ့ဆီလှမ်းလာပြီးနောက် သူ့နားထဲသို့ စကားအနည်းငယ် တိီးတိုးပြောလိုက်သည်။

“ဟမ်…” ဒါကိုကြားတော့ ကျုံးဝမ်မျက်နှာပေါ်တွင် မနေနိုင်ဘဲ အံ့သြတုံ့ဆိုင်းမှုတချို့ဖြတ်ပြေးသွားသည်။ ခဏလောက်စဉ်းစားလိုက်ပြီးမှ သူမေးလိုက်သည်။ “ဘော့စ်၊ ကျွန်တော်တို့တကယ်လုပ်မှာလား?"

“အင်း” နျဉ်ယွိယွမ် သူ့အနောက်ကို ကြည့်ကာ ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ၊ ကျွန်တော်နားလည်ပြီ” သူ့အထက်လူကြီး၏ မျက်နှာပေါ်ရှိ ခိုင်မာနေမှုကို မြင်လိုက်ရသဖြင့် ကျုံးဝမ်မှာ အဆုံးတော့ ခေါင်းညိတ်သဘောတူလိုက်ရုံသာရှိတော့သည်။

တစ်ဖက်တွင်ကျောလင်က မော့ယန်ကို ဖျောင်းဖျကာတားနေသည်။ ဒီလို ညင်ညင်သာသာလူဟာ ဤမျှလောက် ခေါင်းမာလိမ့်မည်ဟု သူမထင်ခဲ့ပေ။ ဒါ့အပြင်၊ သူဟာ သူစိတ်ပိုင်းဖြတ်ပြီးသည်နှင့်၊ သာမာန်လူတွေထက် စိတ်ပြောင်းဖို့ ပိုခက်သည်ပင်။ ဒီအဟုန်မျိုးနဲ့.... မသိရင် သူရူးသွားတော့မလိုပင်။

ဒီလိုနဲ့ဘဲ နှစ်ယောက်ရန်ဖြစ်ကြတော့မည်။

"မင်းတို့၊ ဘာဖြစ်နေကြတာလဲ?" မျက်နှာပေါ်က အညစ်အကြေးတွေကို သုတ်လိုက်ရင်း ကျုံးဝမ် သူတို့နှစ်ယောက်ဆီ ခြေလှမ်းကျဲကျဲနှင့် လျှောက်လာသည်။

“ဘာရှိရအုံးမှာလဲ” ကျောလင်က မော့ယန်ကို ထွက်သွားခွင့်မပြုဘဲ တင်းတင်းကြပ်ကြပ် ဆွဲထားသည်။ “ ဒုတိယသားရဲလှိုင်းက ခုနကမှပြီးသွားတာ။ မှော်ဒေသထဲမှာ ဘာတွေဖြစ်နေမလဲဆိုတာ ဘယ်သူသိမှာလဲ? ဒီကောင်က တကယ်ခုန်ဝင်ဖို့ စိတ်ကူးနေတာ!”

ဒါကိုကြားတော့ ကျုံးဝမ် မထိန်းနိုင်ဘဲ မျက်မှောင်ကြုတ်လိုက်မိသည်။ သူ မော့ယန်ကို ကူတားပေးရန် ရှေ့နှစ်လှမ်းတိုးလာသည်။ သို့ပေမယ့် သူအနားကပ်လာစဉ် လက်ဖြင့်အရိုက်ခံလိုက်ရသည်။

"မင်းအခုဝင်သွားတော့ရော ဘာလုပ်နိုင်လို့လဲ?" ကျုံးဝမ် မျက်မှောင်ကြုတ်ကာ အသံတိုးတိုးနဲ့ အကြံပေးလိုက်သည်။ "မော့ချူးက အဲ့ဒီမှာ ရှိလားမရှိဘူးလားဆိုတာ မသေချာဘူးလေ။ မင်းသာ ဝင်သွားရင် မော့ချူးကိုမတွေ့ခင်မှာဘဲ မင်းအရင်ထိသွားလိမ့်မယ်လို့ ငါထင်တယ်"

“တော်ပြီ” ကျောလင် သူ့အား ခေါင်းယမ်းပြလိုက်ကာ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။ "အခုလေးတင် ငါအများကြီးပြောပြီးပြီ။ ဒီကောင်က ငါတို့ကို လုံးဝလျစ်လျူရှုထားတာ။ သူ ဘာမှ မကြားသလိုပဲ!"

သူ့ရဲ့ လက်ရှိအနေအထားက မော့ယန်နဲ့မတူကာ သူ့ချစ်ဆုံးညီမသာ သားရဲလှိုင်းထဲတွင် ပိတ်မိနေပါက သူလည်းအပြေးအလွှား ဝင်သွားလိမ့်မှာပင်။ သို့သော်၊ ဘေးကလူ၊ မော့ယန်၏ သူငယ်ချင်းတစ်ယောက်အနေဖြင့် သူ့ကိုတားရန် အစွမ်းကုန်လုပ်ဆောင်ရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။

"ဟူးး-" ကျုံးဝမ် ကျောလင်ရဲ့စကားကိုကြားပြီးနောက် သူ့ကို ဆက်မစည်းရုံးတော့ပေ။ မော့ယန်၏ မျက်လုံးထဲတွက် စိတ်ပိုင်းဖြတ်ထားမှုနှင့် ရူးသွပ်နေမှုကို မြင်လိုက်ရသည့်အခါ သူ မတတ်နိုင်ဘဲ အသက်ပြင်းပြင်းရှူလိုက်ပြီး မော့ယန်နောက်ကို ပတ်သွားလိုက်သည်။ သူ ဂရုမစိုက်မိတဲ့အချိန် ဆေးထိုးအပ်တစ်ချောင်းကို မော့ယန်ရဲ့လက်မောင်းထဲထိုးလိုက်သည်။

"မင်းဘာလုပ်တာလဲ?" ကျောလင်မှာ ဒီမြင်ကွင်းကြောင့် ထိတ်လန့်သွားပြီး ခေါင်းကိုအမြန်လှည့်ကာ မေးလိုက်သည်။

ဤဆေး၏ အာနိသင်သည် အလွန်ပြင်းသည်။ အာနိသင်ပြရန်မှာ အချိန်အနည်းငယ်သာကြာသည်။ စောစောကတင် ပြင်းပြင်းထန်ထန် ခုခံနေသည့် မော့ယန်မှာ ယခုတွင်တော့ ခန္ဓာကိုယ်တစ်ခုလုံး ပျော့ခွေလာကာ ခြေလက်တွေ အားနည်းလာသည်။ ကျောလင်သာ သူ့ကို မထိန်းထားပါက မြေပြင်ပေါ် လဲကျသွားလိမ့်မည်ပင်။

"ခင်ဗျား... ဘာလုပ်တာလဲ!" မော့ယန် ကျောလင်ကို ဒေါသအပြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

"တောင်းပန်ပါတယ်ကွာ" ကျုံးဝမ် သက်ပြင်းချကာ မော့ယန်အား ကူထိန်းရင်း တစ်ဖက်သို့သွားလိုက်သည်။ “စိတ်မပူနဲ့၊ ဒီဆေးအာနိသင်က သိပ်မကြာဘူး၊ အများဆုံး မိနစ် ၂၀ လောက်ပဲ။ မင်းကို စစ်တက္ကသိုလ်ဆီ ပြန်ပို့ဖို့ တစ်ယောက်ယောက် လွှတ်လိုက်မယ်။ အဲ့ဒီကို ရောက်တဲ့အခါကျရင် မင်းကိုယ်ပေါ်က ဆေးအာနိသင်တွေက အနည်းနဲ့အများတော့ ပြေသွားလိမ့်မယ်"

"ကျွန်တော့်ကိုလွှတ်!" အကယ်၍ အကြည့်နှင့် သတ်နိုင်မည်ဆိုလျှင် ကျုံးဝမ်ရဲ့ကိုယ်မှာ ယခုအချိန်၌ အပေါက်တွေ ပေါက်နေပေလိမ့်မည်။

“မရဘူး!” ပြောလာတဲ့သူက ကျုံးဝမ်မဟုတ်ဘဲ လာနေသည့် နျဉ်ယွိယွမ်ဖြစ်သည်။

ကျုံးဝမ် ခေါင်းညိတ်ပြလိုက်တာကို မြင်တော့ မော့ယန် ချက်ချင်း တုံ့ပြန်လာတော့သည်။ "ခင်ဗျား သူ့ကို ဒီလိုလုပ်ခိုင်းတာလား?"

နျဉ်ယွိယွမ်က မငြင်းဘဲ ခေါင်းအသာညိတ်ပြလိုက်သည်။ “ဟုတ်တယ်၊ ငါပဲ”

"ခင်ဗျား ဘာတွေတွေးနေတာလဲ?!" မော့ယန် သူ့ကို ဒေါသတကြီးစိုက်ကြည့်ကာ နာကျင်ရသည့်စကားတွေ ပြောလာသည်။ "ခင်ဗျားရဲ့အခြေအနေကြောင့် ချူးလေးကို သွားရှာလို့မရဘူး။ အဲ့ဒါတောင် ကျွန်တော့်ကို လာတားနေတာလား?"

ထိုစကားများကို သူပြောပြီးသည်နှင့် မော့ယန်မှာ တစ်ခုခုမှားနေပြီမှန်း သိလိုက်သည်။

နျဉ်ယွိယွမ်သည် အရှေ့တန်းတပ်တွင်ရှိကာ သွေးများစိုရွှဲနေသည့် မြင်ကွင်းကို သူ ရှင်းရှင်းလင်းလင်း မြင်ခဲ့ရသည်။ အဲ့ဒီအချိန်က သူ့မျက်နှာပေါ်ရှိ လွန်ဆွဲနေမှုတွေနှင့် သောကရောက်နေမှုဟာ အတုအယောင်မဟုတ်ပါချေ။ ခုနက သူပြောခဲ့တဲ့စကားတွေဟာ နည်းနည်းတော့ လွန်သည်.....

မော့ယန် ခေါင်းကိုအသာငုံ့လိုက်ကာ ‌ငိုသံခပ်တိုးတိုးထွက်လာပြီး ဘာမှမပြော‌လာ‌တော့ပေ။

လေထုဟာ ချက်ချင်း တိတ်ဆိတ်သွားတော့သည်။ ဒဏ်ရာရသူများ၏ အဆက်မပြတ်အော်သံတွေနှင့် နှာခေါင်းအထိ ဝင်လာသည့် သွေးနံ့တွေသာရှိတော့သည်။

အချိန်အတော်ကြာပြီးနောက် နောက်ဆုံးတွင် နျဉ်ယွိယွမ် ဆောင့်ကြောင့်ထိုင်လိုက်သည်။ သူ မော့ယန်ကို စူးစိုက်ကြည့်လိုက်သည်။ သူ့လေသံက အရမ်းကိုခိုင်မာနေသည်။ "မင်းက ချူးလေးရဲ့အစ်ကို။ ဘယ်လိုအခြေအနေမှာပဲရှိရှိ ငါ မင်းကိုကာကွယ်ရမယ်!"

ချူးလေးကိုတော့ သူဘယ်တော့မှ လက်မလွှတ်ပါချေ! ချူးလေးသာ တစ်ခုခုဖြစ်ခဲ့လျှင်... သူအသက်ရှင်နေလည်း အချည်းအနှီးပင်!

“ခင်ဗျား…” မော့ယန် ခေါင်းမော့လာတော့ နျဉ်ယွိယွမ်ရဲ့ မျက်နာပေါ်ရှိ စိတ်ဆုံးဖြတ်ထားမှုကို တွေ့လိုက်ရသည်။ သူ မတတ်နိုင်ဘဲ အံ့ဩသွားမိသည်။

All Chapters