အပိုင်း ၃၃၄
Vol. 23 Ch. 334
အရင်တုန်းက သူတို့ယူခဲ့တဲ့ အိမ်ရာဟာ အတော်ကျယ်ကာ အခန်းနည်းနည်းပါးပါးရှိသည်။ မော့ချူးက ၎င်းတို့ထဲမှတစ်ခန်းကို ဝိုင်းဝိုင်းနှင့် မြေခွေးပျံလေးတို့အတွက် အိပ်ခန်းလုပ်ရန် ဆုံးဖြတ်ခဲ့သည်။ ဘေးတစ်ဖက်တစ်ချက်စီတွင် ကုတင်တစ်လုံးစီရှိကာ ဒီအသေးလေးနှစ်ယောက် အတူနေရန်အတွက် သင့်တော်သည်။
စုန့်ချင်းစုန့်သည် ဝိုင်းဝိုင်းအား ကုတင်ပေါ် ချလိုက်ပြီးနောက် လှည့်ပတ်ကြည့်လိုက်ရာ အခြားကုတင်ပေါ်တွင် မှော်သားရဲတစ်ကောင် ရှိနေသည်ကို တွေ့လိုက်ရတော့ သူအံ့ဩသွားသည်။ ၎င်း၏ နှင်းလိုဖြူဖွေးနေသည့်ဗိုက်လေးပေါ်နေကာ သူ့ရဲ့အမွှေးဖွာဖွာပုံလေးက အရမ်းချစ်စရာကောင်းလှသည်!
သူ့idolရဲ့မျက်လုံးတွေထဲတွင် နူးညံ့သိမ်မွေ့သည့်အကြည့်ကို မြင်လိုက်ရတဲ့အခါ မော့ယန်က ခပ်တိုတိုးရှင်းပြလာသည်။ “ဒါက မြေခွေးပျံလေးလေ။ အရင်က ခင်ဗျားဆီ ဆေးဖက်ဝင်ဟင်းလျာတွေ ပို့ပေးခဲ့တဲ့ကောင်လေး"
ဒါကိုကြားတော့ စုန့်ချင်းစုန့်ရဲ့ မျက်လုံးတွေက ပိုလို့တောင် နူးညံ့လာသည်။
မော့ယန်မှာ နတ်ဘုရားစုန့်၏ နူးညံ့သိမ်မွေ့တဲ့ အကြည့်ကို ပထမဆုံးအကြိမ် မြင်ဖူးတာဖြစ်သည်။ သူ့ရဲ့ချောမောလှသည့် ဘေးတိုက်ပုံစံဟာ ကျက်သရေရှိမှုအနည်းငယ် ပေါ်လွင်ကာ သူ၏ စိတ်နေစိတ်ထားမှာလည်း နွေဦးဝါးပင်တွေလိုပင်။ မတတ်နိုင်ဘဲ သူ့ရင်တွေခုန်ပေါက်လာတော့သည်!
“ကောင်းပြီ၊ သွားကြရအောင်" အသေးလေးနှစ်ယောက်ကို ခဏလောက်ကြည့်ပြီးနောက်၊ စုန့်ချင်းစုန့်က တွန့်ဆုတ်ဆုတ်ဖြင့် ပြန်လှည့်ကာ မော့ယန်ကိုခေါ်လိုက်ပြီး တံခါးကိုအသာပိတ်လိုက်လိုက်သည်။
“အမ်… အိုး… ကောင်းပြီ" မော့ယန်က ခဏရပ်ကာအသက်ပြင်းပြင်းရှူလိုက်ပြီး နတ်ဘုရားစုန့်နောက်ကို လိုက်သွားလိုက်သည်။
"ဘယ်လိုလဲ?" သူတို့နှစ်ယောက် ဘေးချင်းကပ်ရပ် လျှောက်လာနေတာကိုမြင်တော့ မော့ချူးက မျက်ခုံးတွေကွေးသွားတဲ့အထိ ပြုံးပြလာသည်။ သူတို့နှစ်ယောက်စလုံးဟာ တူညီစွာချောမောကြသော်လည်း သူမရဲ့အစ်ကိုဟာ ပို၍အေးစက်ပြီးသီးသန့်ဆန်လွန်းကာ နတ်ဘုရားစုန့်ကတော့ ပိုပြီးနူးညံ့သည်။ သူတို့ နှစ်ယောက်ကို အတူတူကြည့်ရတာ ကောင်းကင်ကြီးကွဲလုမတတ် အရမ်းကြည့်ကောင်းသည်!
“သူတို့ ကောင်းကောင်းအိပ်ပျော်နေကြတယ်" စုန့်ချင်းစုန့်က ပြုံးကာပြန်ဖြေလိုက်သည်။ ရုတ်တရက်၊ သူ စတားနက်မှသတိပေးချက်ကို သတိရသွားကာ မျက်လုံးတွေကို မှေးကျဉ်းလိုက်သည်။ “ဒါနဲ့၊ အရင်က မင်းကိုပြန်ပေးဆွဲဖို့ လူတွေကိုလွှတ်ခဲ့တဲ့သူက…”
"မှန်တယ်၊ အဲ့ဒါ ချောင်းမိသားစုကပဲ!" မော့ယန် အံကြိတ်ကာဆက်ပြောလိုက်သည်။ ဒီကိစ္စကို ပြောလာတဲ့အခါ သူ့မျက်နှာက အေးစက်လာတော့သည်။ "ချောင်းရှန်က မော့ချူးကို ပြန်ပေးဆွဲဖို့ လူတွေကိုလွှတ်ခဲ့တဲ့ တရားခံပဲ။ သူက ချူးလေးကို သတ်ဖို့ ရီနန်မှော်ဒေသဆီ လှည့်စားပြီးခေါ်သွားခဲ့သေးတယ်။ ချူးလေးသာ ဝိုင်းဝိုင်းကို မခေါ်သွားရင် အကျိုးဆက်ကတော့…”
“အဆင်ပြေပါတယ်" မော့ချူး ပြုံးကာခေါင်းခါလိုက်သော်လည်း သူမ၏မျက်လုံးတွေကတော့ အနည်းငယ်အေးစက်နေသည်။ "ဘာပဲဖြစ်ဖြစ် ဒီနောက်ပိုင်း သူတို့ရဲ့နေ့ရက်တွေက ပိုကောင်းလာတော့မှာမဟုတ်ဘူးဆိုတာတော့ သေချာတယ်!"
"ငါနားလည်တယ်" မောင်နှမနှစ်ယောက်၏ စကားတွေကို နားထောင်ကြည့်ရင်း စုန့်ချင်းစုန့်က နားလည်စွာဖြင့် ခေါင်းညိတ်ပြလိုက်ကာ သူ့မျက်လုံးတွေထဲ မနေနိုင်ဘဲ ဒေါသအရိပ်အယောင်တွေပေါ်လာသည်။ “အဲ့ဒီလိုဆိုမှတော့၊ ငါက မီးထဲ လောင်စာထပ်ထည့်လိုက်မယ်!”
ဟမ်?
မော့ချူးနဲ့ မော့ယန်မှာ စုန့်ချင်းစုန့် ဘာကိုဆိုလိုမှန်း နားမလည်တာကြောင့် သူ့ကိုလှည့်ကြည့်လိုက်ကြသည်။ သို့သော်၊ ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း၏ ကြေငြာချက်အပြီးတွင်၊ အင်တာနက်ပေါ်၌ စုန့်ချင်းစုန့်၏ လုပ်ရပ်ဟာ ကြီးကြီးမားမားကို ရုတ်ရုတ်သဲသဲဖြစ်သွားစေကြောင့် သူတို့အမြန်သဘောပေါက်လိုက်ကြသည်။ ရလဒ်မှာ ချောင်းမိသားစု၏ ဆေးဖက်ဝင်ဆေးပြားတွေရဲ့ဂုဏ်သတင်းဟာ အနိမ့်ဆုံးသို့ ကျဆင်းသွားတော့သည်။
"ဘယ်တုန်းက ရိုက်ခဲ့တာလဲ?" မော့ချူးသည် စတားနက်တွင်တင်ထားသည့်ဗီဒီယိုကို စိတ်ဝင်တစားဖြင့် အထပ်ထပ်အခါခါကြည့်နေသည်။
မော့ချူးနှင့် အကြီးအကဲချောင်းတို့ ရီနန်မှော်ဒေသတွင် စကားပြောဆိုခဲ့တုန်းကဖြစ်သည်။ ၎င်းဟာ ဗီဒီယိုအတိုလေးသာဖြစ်ပြီး စုန့်ချင်းစုန့်တွင် ချောင်းမိသားစု၏ ဆေးဖက်ဝင်ဆေးပြား၌ ပြဿနာရှိကြောင်းနှင့် ချောင်းရှန်၏ ရန်လိုမှုအကြောင်း သက်သေအထောက်အထားများစွာရှိနေသည်။
ဘာပဲဖြစ်ဖြစ် ချောင်းမိသားစုဟာ အင်အားကြီးသည်။ အကြီးအကဲချောင်း၏ စကားတစ်ခွန်းဖြင့် ရီနန်မှော်ဒေသတွင် ဖြစ်ပျက်ခဲ့သည်များကို မည်သူမျှ မပြောရဲပေ။ သို့သော်၊ နတ်ဘုရားစုန့်တွင် တကယ်ကြီးဝှက်ဖဲတစ်ခုရှိနေလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားပေ။ အရမ်းကောင်းတယ်။ သူက ချောင်းမိသားစုကို လုံးလုံးလျားလျား နင်းချေပစ်လိုက်တာပဲ!
[သေစမ်း! မြင်လား? ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်းက မစဉ်းစားဘဲ မပြောတတ်ဘူးလို့ ငါပြောတယ်လေ။ ဒီမှာသက်သေအထောက်အထားတွေ ပေါ်လာပြီမဟုတ်လား? ဒါက ချောင်းမိသားစု မျက်နှာကို ဖြတ်ရိုက်လိုက်တာပဲ!]
[ဘုရား၊ ငါ့ နတ်ဘုရားစုန့်ရဲ့ရောဂါက ချောင်းမိသားစုရဲ့ ဆေးဖက်ဝင် ဆေးတွေကြောင့်ဆိုတာကို တွေးမိတဲ့အခါ၊ သူတို့ရဲ့အသားကိုစားပြီး သွေးတွေကိုသောက်ဖို့ ငါမစောင့်နိုင်တော့ဘူး။ ဒီလို အညစ်အကြေးတွေနဲ့ သူတို့ကတကယ်မိုက်မဲလွန်းတယ်! ရွှတ် ရွှတ်၊ ငါ့ရဲ့ နတ်ဘုရားစုန့်အစား ရင်နာတယ်!]
[ချောင်းမိသားစုရဲ့ဆေးတွေကို လုံးဝမသုံးစွဲသင့်ဘူး]
[ငါသဘောတူတယ်!]
[ငါလဲ ဘယ်လိုလုပ် သဘောမတူဘဲနေရမှာလဲ? တကယ်လို့ တစ်ခုခုမှားသွားပြီး ငါသာ မျိုးရိုးဗီဇပြိုကျတဲ့ရောဂါကို ခံစားခဲ့ရရင်၊ ပြီးတော့ ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်းကလဲ အဲ့ဒီလိုအခြေအနေရှိတဲ့ လူနာတွေကို ကုပေးမှာမဟုတ်ကြောင်းလဲ ပြောခဲ့တယ်။ ဒီလိုအခြေအနေမျိုးမှာ ချောင်းမိသားစုရဲ့ဆေးတွေကို ဘယ်သူကစွန့်စားပြီးဝယ်ရဲမှာလဲ?]
[ကျွတ်စ်! ချဲ့ကားနေတာလား? ငါ ချောင်းမိသားစုရဲ့ဆေးတွေကိုသုံးခဲ့တာ ဆယ်နှစ်ကျော်ပြီ။ ကြီးကြီးမားမား ဘာပြဿနာမှမရှိခဲ့ဘူး!] ရံဖန်ရံခါ ချောင်းမိသားစုအတွက် မှားယွင်းသည်ဟု ခံစားမိသည့် မှတ်ချက်အချို့ ပေါ်လာတတ်သော်လည်း၊ လူတိုင်းဆီမှ လျှင်မြန်စွာဝေဖန်ခံရကာ အသံမထွက်ရဲတော့ပေ။
[ဟားဟား ဒါဆို ဆက်သောက်ပေါ့။ သေမှာမကြောက်ရင်သောက်ပေါ့။ ဘယ်သူမှ နင့်ကို အတင်းမဝယ်ခိုင်းဘူး ဟုတ်တယ်မလား?]
[အမ်း၊ မင်းဆီက အဆက်အသွယ် အချက်အလက်ကို ရနိုင်မလား? ငါ့မှာ ချောင်းမိသားစုက သက်စောင့်ဆေးတွေနဲ့ ဆေးလုံးတွေ ဒါဇင်လောက်ရှိနေတယ်။ ၃၀% လျှော့စျေးနဲ့ ရောင်းပေးမယ်လေ၊ ဘယ်လိုလဲ?]
[ငါက ၅၀% လျှော့ဈေးပေးမယ်၊ အကောင်းဆုံးကွာလတီတွေနော်!]
ရလဒ်အနေဖြင့် မျက်လုံးနှင့်မြင်နိုင်သလောက် စတားနက်တစ်ခုလုံးတွင် ချောင်းမိသားစု၏ သက်စောင့်ဆေးနှင့် ဆေးလုံးတွေကို သုံးစွဲမှုမှ တားမြစ်ခြင်းနှင့် ပတ်သက်သည့် မှတ်ချက်တွေဖြင့် ပြည့်နှက်သွားသည်။ ပုံစံတွေက မတူပေမယ့် အကြောင်းအရာကတော့ အတူတူပင်။
မျှော်လင့်ထားသည့်အတိုင်း၊ ချောင်းမိသားစုတွင် လုံးဝပရမ်းပတာဖြစ်နေပြီဖြစ်သည်။
"ဆိုးလိုက်တာ!" စာရင်းအင်းဌာနမှ ဝန်ထမ်းမှာ မျက်ရည်ကျလာသည်။ ဒါတွေအားလုံးက ပိုက်ဆံတွေပဲ! “ဒီနေ့ညနေလေးနာရီအထိ၊ ကျွန်တော်တို့ ချောင်းမိသားစုရဲ့ တရားဝင်ဆိုင်တွေမှာ ဆေးလုံးတစ်လုံးမှကို မရောင်းရသေးဘူး။ ဆန့်ကျင်ဘက်အနေနဲ့ ဆေးပြား ၅၆၀,၀၀၀ ကို ပြန်ပေးလာကြတယ်။ ကြိုတင်မှာထားတာတွေ အများကြီးလဲ..."
"ပါးစပ်ပိတ်ထား!" အကြီးအကဲချောင်း၏ မျက်လုံးတွေမည်းမှောင်သွားသည်။ စုန့်ချင်းစုန့်က ဒီလိုလုပ်လိမ့်မယ်လို့ သူဘယ်တုန်းကမှ မတွေးခဲ့မိပေ။
မိနစ်အနည်းငယ်လောက်သာကြာသည့် ဗီဒီယိုထဲတွင် ၎င်းတို့၏ ချောင်းမိသားစုမှ ဆေးတွေတွင် ပြဿနာရှိကြောင်း အတည်ပြုနိုင်လုနီးပါးဖြစ်ခဲ့သည်! ဒါက သူတို့ရဲ့ ဂုဏ်သိက္ခာတွေကို အပိုင်းပိုင်း ခွဲပစ်လိုက်တာပဲ!
နှစ်ရာချီအောင် တည်ဆောက်ခဲ့ရသည့် ဂုဏ်သတင်းဟာ နေ့တစ်ဝက်အတွင်းမှာပင် မကြုံစဖူးသည့် ထိုးနှက်ချက်တွေဖြင့်ကြုံတွေ့ခဲ့ရသည်။ သူတို့ကိုယ်တိုင် မျက်စိနဲ့မမြင်ခဲ့ပါက ယုံမိမှာမဟုတ်ပေ။
"အင်တာနက်ပေါ်က မှတ်ချက်တွေနဲ့ ဗီဒီယိုတွေကို အမြန်ဖုံးလိုက်!" စုန့်ချင်းစုန့်၏ ကြိုတင်ကာကွယ်ထားမှုကြောင့် အကြီးအကဲချောင်းမှာ အကောင်းဆုံးကြိုးစားပြင်ဆင်ရုံသာ တတ်နိုင်တော့သည်။ ဒါတောင်မှ ကြီးမားသည့်ဆုံးရှုံးမှုကြီးကို ဖြစ်ပေါ်လာစေကာ သူ့တစ်ကိုယ်လုံးတုန်ရီနေအောင် ဒေါသတွေထွက်နေသည်။
“ဒီ.... ထိန်းချုပ်ထားတဲ့နည်းပညာကို ကျွန်တော်တို့ လုံးဝဖိနှိပ်လို့မရဘူး” ချောင်းမိသားစု၏ အင်တာနက်ကျွမ်းကျင်သူတွေဟာ ခလုတ်ခုံကိုနှိပ်ကာ အစွမ်းကုန် တိုက်ခိုက်နေကြသော်လည်း သူတို့ရဲ့ မျက်နှာပေါ်တွင် မနေနိုင်ဘဲခါးသီးသည့် အမူအရာတွေကို ထုတ်ဖော်ပြသလာကြသည်။
"နည်းပညာပိုင်းဆိုင်ရာ ထိန်းချုပ်တယ်ဆိုတာ ဘာလဲ?" အဲဒါကိုကြားတော့ အကြီးအကဲချောင်းက မျက်မှောင်ကြုတ်ကာ ရှေ့တိုးကြည့်လာတော့ သူ့ရဲ့အရောင်အဝါက သူ့ဘေးနားရှိ ဝန်ထမ်းတွေကို တုန်လှုပ်လာစေသည်။
“ဒီလိုပါ....ဗီဒီယိုနဲ့ ဆက်စပ်နေတဲ့ မှတ်ချက်တွေကို ဟက်ခ်ဖို့လုပ်နေချိန် တခြားသူတပ်ထားတဲ့ အကာအကွယ်နံရံက ပိတ်နေလို့ပါ။ ကျွန်တော်တို့ရဲ့ လက်ရှိနည်းပညာနဲ့ဆိုရင် ဒါကို ချိုးဖျက်နိုင်မယ့် နည်းလမ်းမရှိဘူး" သူ့ကိုယ်သူ အရည်အချင်းမရှိတာကို ဝန်ခံရင်း ထိုလူမှာ မတတ်နိုင်ဘဲ အရှက်ရမိသည်။ သို့သော်၊ အကြီးအကဲချောင်း၏ ဒေါသထွက်နေသည့် အမူအရာကိုမြင်တဲ့အခါ၊ သူ့ရင်ထဲ ရုတ်တရက် တုန်လှုပ်သွားပြီး သူ့မျက်နှာပေါ်က အမူအရာကို အမြန်ထိန်းလိုက်သည်။
"ဒီလိုမှတ်ချက်တွေအများကြီးနဲ့ကို သူက အကာအကွယ်တံတိုင်းတစ်ခုပြီးတစ်ခု ဘယ်လိုဆောက်နိုင်တာလဲ?" အကြီးအကဲချောင်းမှာ ဒေါသတကြီးဖြင့် စားပွဲကိုခပ်ပြင်းပြင်းရိုက်လိုက်သည်။ ယခင်က သူသည်၎င်းတို့အား ဖက်ဒရယ်ဒင်္ဂါးပြား အမြောက်အမြား ကျွေးမွေးခဲ့သော်လည်း ယခုအခါ သူတို့လုပ်ရသည့်အခါကျတော့ အမှိုက်သဖွယ် ဖြစ်နေသည်။
"အဲ့ဒီလိုမဟုတ်ပါဘူး" ခေါင်းဆောင်က သူ့တံတွေးကို မျိုချလိုက်ကာ ပြောလိုက်သည်။ “ဒီလိုပရိုဂရမ်မျိုးက အကာအကွယ် နံရံတစ်ခုရေးဖို့ဆို ပမာဏအများကြီးကော်ပီကူးထည့်ရုံပဲ။ ဒါပေမယ့် ဒီလို ကာထားတဲ့တံတိုင်းမျိုးကိုတော့ တစ်ခါမှ မတွေ့ဖူးပါဘူး။ ဒီလူက ဉာဏ်ကြီးရှင်ပဲဖြစ်ရ…”
အကြီးအကဲ၏ ဒေါသအကြည့်အောက်တွင် ကျန်စကားလုံးတွေဟာ အလိုအလျောက် ပျောက်ကွယ်သွားတော့သည်။
"အဲ့ဒါတွေကို ငါဂရုမစိုက်ဘူး" အကြီးအကဲချောင်းက စူးစိုက်ကြည့်ကာ သူ့အသံကပြင်းထန်လာသည်။ "ဒီပြဿနာကို တစ်နာရီအတွင်း မဖြေရှင်းနိုင်ရင် မင်းတို့အားလုံး ထွက်သွားကြ!"
စားပွဲအောက်ခြေတွင် ထိုင်နေကြတဲ့ လူတွေရဲ့ အမူအရာက ပြောင်းလဲသွားတော့သည်။ သူတို့စိတ်ထဲမှာ ခါးသီးသလို ခံစားလိုက်ရသည်။ ဒီပြဿနာကိုသာ သူတို့ဖြေရှင်းနိုင်ရင် ဘာလို့ ဒီလိုမျက်နှာထားဖြစ်နေမှာလဲ?