အပိုင်း ၃၄၅
Vol. 23 Ch. 345
"ဘယ်သူပြောလဲ?" အကြီးအကဲချောင်းဟာ လိမ်တာတောင်မှ အမူအရာ မပြောင်းလဲပါချေ။ “အဲဒီတုန်းက ဖြစ်နိုင်ချေရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေအကြောင်းကို စုန့်မိသားစုဆီ ရှင်းရှင်းလင်းလင်း ပြောပြခဲ့ပါတယ်။ မင်းဘာလို့ မသိရခဲဆိုတာတော့ ငါလဲမသိဘူး။ ဒါက....မင်းတို့မိသားစုထဲက ပြဿနာကြောင့်များလား?"
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?! စုန့်ချင်းစုန့် မျက်ခုံးတွေ ပိုလို့ပင် တွန့်ချိုးလာသည်။ အဲဒီတုန်းက စုန့်မိသားစုထဲရှိ သူ့အဆင့်အတန်းနဲ့ဆို ဒီလိုအရေးကြီးတဲ့ကိစ္စကို ဖုံးကွယ်ထားဖို့ဆိုတာ မဖြစ်နိုင်ဘူးမလား?
“စုန့်မိသားစုအကြီးအကဲက သက်သေပြရင်ရော?"
ဖွီ! ဒီလူက တကယ်အရေထူတာဘဲ! မော့ချူး သူ့ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်သည်။ စုန့်မိသားစုက အခုချိန်မှာ ချောင်းမိသားစုရဲ့ လက်ပါးစေဖြစ်ကြောင်း ဘယ်သူက မသိလို့လဲ? ဟိုတုန်းက အဲဒီလိုမျိုးရှိခဲ့ရင်တောင်၊ စုန့်မိသားစုက အခုချိန်မှာဝန်ခံလာပါ့မလား? အဆုံးတွင်၊ သူတို့သည် အကြီးအကဲချောင်း၏ စကားကို လိုက်နာဆဲပင်ဖြစ်သည်။
"မဟုတ်တာတွေ လာပြောနေတာပဲ!" စုန့်ချင်းစုန့်မှာ ဒေါသတော်တော်ထွက်လာကာ တုန်ရီနေ၏။
“စိတ်အေးအေးထား" မော့ချူး သူ့လက်မောင်းကို ပုတ်လိုက်သည်။ သူမရဲ့အကြည့်တွေဟာ အကြီးအကဲချောင်းဆီ ရုတ်တရက်ရောက်သွားကာ အသံနက်နက်ဖြင့်မေးလိုက်သည်။ " ရှင်က ဘေးထွက်ဆိုးကျိုးတွေကို စုန့်မိသားစုဆီ ပြောခဲ့တယ်ဆိုရင် ဒီဘေးထွက်ဆိုးကျိုးကိုဖြစ်စေနိုင်တဲ့ နိယာမကို ရှင်သိထားမှာပေါ့၊ ဟုတ်တယ်မလား? ဘာလို့အဲ့ဒီအကြောင်းကျမပြောတာလဲ?"
မော့ချူး လုံးဝမယုံပေ!
ဒီဆေးဖက်ဝင်ဆေးပြားဟာ မျိုးဗီဇပြိုကျတဲ့ရောဂါကို ဖြစ်စေနိုင်ကြောင်း သူတို့ မသိဘူးဆိုရင် ဘယ်လို့ဒီလိုနိယာမမျိုးကို သူတို့ချမှတ်နိုင်မှာလဲ?
စောစောလေးကတင် ဟန်ဆောင်နေဆဲဖြစ်တဲ့ အကြီးအကဲချောင်းဟာ ရုတ်တရက် စကားမပြောနိုင်ဖြစ်လာတော့သည်။ မော့ချူးရဲ့နှုတ်ခမ်းထောင့်ကတွန့်ကွေးသွားသည်။ သူမက ဒေါသထွက်သည့်အမူအရာဖြင့် ဆက်ပြောလာသည်။ “ဒီကဏ္ဍမှာ ကျွန်မလဲဗဟုသုတရှိတယ်!"
အကြီးအကဲချောင်းမှာ တစ်ခဏလောက် ကြောင်အသွားပြီး စကားလုံးတွေကို ဖျစ်ညစ်ပြောလာသည်။ “ဒါက ငါတို့ ချောင်းမိသားစုရဲ့ ဆေးဖက်ဝင်ဆေးတွေရဲ့လျှို့ဝှက်ချက်ပဲ။ ပေါက်ကြားလို့မရဘူး!" သို့သော် လှောင်ပြောင်မှုလှိုင်းလုံးကြီးက သူ့ကို စောင့်ကြိုနေ၏။
"ပေါက်ကြားလို့မရတာလား ဒါမှမဟုတ် ပေါက်ကြားလို့မရတဲ့ အရာရှိနေလို့လား?" မော့ချူး မျက်ခုံးပင့်ကာ ထိုင်ခုံဆီ ပြန်သွားလိုက်သည်။ "ကျွန်မတို့အားလုံး ဒီအချက်ကို ရှင်းရှင်းလင်းလင်း သိကြပြီလို့ထင်ပါတယ်!"
“ကောင်းပြီ!” တရားသူကြီးချမ်က စားပွဲကို ခေါက်လိုက်သည်။ သူ့အမူအရာက အနည်းငယ် လေးနက်နေ၏။ “နှစ်ဘက်စလုံးမှာ သက်သေအသစ်တွေနဲ့ ချေပစရာတွေ ရှိပါသေးလား?"
နှစ်ဘက်လုံး တိတ်ဆိတ်နေတာကိုမြင်တော့ သူက ခေါင်းညိတ်ကာ ဆက်ပြောလာသည်။ “ကောင်းပြီ၊ ဂျူရီလူကြီးတွေ ဆွေးနွေးရမယ့်အချိန်ပါ။ အားလုံးပဲ အေးအေးဆေးဆေး ခေတ္တစောင့်ဆိုင်းပေးကြပါ”
ဆွေးနွေးသည့်အချိန်ဟာ ၁၅ မိနစ်ထက်မပိုသော်လည်း အကြီးအကဲချောင်းအတွက်တော့ ရှားရှားပါးပါးကို ညှဉ်းပန်းမှုကြီးဖြစ်သည်။ အထူးသဖြင့် မော့ချူး၏ အေးအေးဆေးဆေး အသွင်အပြင်ကို မြင်လိုက်ရတဲ့အခါ သူ့မျက်ခုံးတွေ တင်းတင်းကျပ်ကျပ် တွန့်ချိုးသွားပြီး သူ့ရင်ထဲ လူသတ်လိုတဲ့ရည်ရွယ်ချက်တစ်ခု ပေါ်ထွက်လာသည်။
နောက်ဆုံးတော့ အချိန်ကျလာသည်။
တရားသူကြီးနှင့် ဂျူရီအဖွဲ့ဝင်တွေ တစ်ယောက်ပြီးတစ်ယောက် ပြန်လှည့်လာကြသည်။
“ကဲ၊ ဂျူရီလူကြီးမင်းတို့ ဆုံးဖြတ်ချက်ချပေးကြပါ။ ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်းနဲ့ စုန့်ချင်းစုန့်တို့ဟာ ချောင်းမိသားစုရဲ့ ဆေးဖက်ဝင်ဆေးတွေကို ဆိုးဆိုးရွားရွား စွပ်စွဲပြောဆိုကြတယ်လို့ ယုံကြည်ကြသူတွေ လက်မြှောက်ကြပါ"
အားလုံးတစ်ပြိုင်တည်း ကြည့်လာကြသည်။
ဂျူရီအဖွဲ့ဝင်ဆယ်ယောက်မှာ နှစ်ယောက်ကသာ လက်ထောင်ပြလာသည်။ ထိုကဲ့သို့ပင် လူတိုင်း၏ ပြင်းထန်သည့် အကြည့်များအောက်တွင် သူတို့နှစ်ဦးမနေနိုင်ဘဲ စိတ်လှုပ်ရှားမိသွားသည်။ သို့သော်လည်း သူတို့ဟာ မျက်နှာပြင်ပေါ်တွင် တည်ငြိမ်ဟန်ဆောင်နေကြဆဲပင်။
"ဒီဂျူရီလူကြီးနှစ်ယောက်က ဘယ်သူလဲ? ငါ့တို့ရဲ့ ကံကောင်းတဲ့ကြယ်လေးနဲ့ စုန့်ချင်းစုန့်တို့မှာ တကယ် အပြစ်ရှိတယ်လို့ သူတို့ထင်နေတာလား? ဒီလိုလူတွေက ဘယ်လိုလုပ် ဂျူရီလူကြီးဖြစ်လာတာလဲ?"
"အမှန်ပဲ၊ သူတို့မှာ အခြေခံဆုံးဖြတ်နိုင်မှုတောင် မရှိဘူး။ နောက်ကျရင် သူတို့ရဲ့အထောက်အထားတွေကို အင်တာနက်မှာ တင်ရမယ်!"
"ဟုတ်တယ်။ အနာဂတ်ကျရင် သူတို့ဘဝတွေတော့ အရမ်းသနားစရာ ကောင်းလာတော့မယ်ဆိုတာ ငါ ခန့်မှန်းမိနေပြီ၊ ဟားဟား?"
အသံက ခပ်တိုးတိုး မဟုတ်တာကြောင့် ဂျူရီသူကြီးနှစ်ယောက်လည်း သဘာဝအတိုင်း ပြတ်ပြတ်သားသားကြားလိုက်ရသည်။ သူတို့ နှုတ်ခမ်းတွေ မနေနိုင်ဘဲ တုန်တုန်ယင်ယင်ဖြစ်လာသည်။ ' ကြားကြရဲ့လား? ဒါက ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်မှုတစ်ခုပဲ!'
၈ နဲ့ ၂ ဆိုတဲ့ရလဒ်ကအရမ်းရှင်းလင်းနေ၏။
“ကောင်းပြီ၊ စီရင်ချက်ချပါမယ်။ အထောက်အထားမခိုင်လုံတာကြောင့် အမှုကို အသေအချာ ဆုံးဖြတ်ချက်ချလို့မရပါဘူး။ ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်းနဲ့ စုန့်ချင်းစုန့်တို့ဟာ အပြစ်ကင်းပါတယ်” ပြောပြီးနောက် တရားသူကြီးက နောက်ဆုံးရလဒ်ကိုကြေညာရန် နှစ်ကြိမ်ထုလိုက်သည်။
"ယေး!" ထိုသို့ပြောပြီးသည်နှင့် အောက်ဘက်ကနေ အားပေးသံတွေ ချက်ချင်းထွက်ပေါ်လာတော့သည်။
ချောင်းမိသားစုဝင်တွေရဲ့အမူအရာကတော့ လုံးဝကိုဆိုးရွားနေသည်။
“အကြီးအကဲ၊ ဒီတရားစွဲဆိုမှုက…” ချောင်းမိသားစု၏ ပဉ္စမမြောက်ညီဖြစ်သူရဲ့ မျက်နှာပေါ်တွင် မတတ်နိုင်ဘဲ စိုးရိမ်မှု အနည်းငယ်ပေါ်လာသည်။ "အခု ကျွန်တော်တို့ ဘာလုပ်သင့်လဲ?"
"ဒီဟာကြောင့်နဲ့ စိတ်အနှောင့်အယှက် မဖြစ်ကြနဲ့" အကြီးအကဲချောင်းက သူ့လက်ကိုဝှေ့ယမ်းကာ မော့ချူးကို အနည်းငယ် စူးစိုက်ကြည့်လိုက်သည်။ သူ့လေသံထဲ လူသတ်ချင်စိတ်တွေ အပြည့်ပင်။
"ဒီကောင်မလေးကို လုံးဝမလွှတ်ထားနိုင်ဘူး!" ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်းဟာ မော့ချူးဖြစ်နေသည်ကြောင့် ဤကိစ္စကိုကိုင်တွယ်ဖို့ ပိုလွယ်ကူသွားလိမ့်မည်ပင်။
ဒါကိုကြားတော့ ချောင်းမိသားစုရဲ့ ပဉ္စမမြောက်ညီဖြစ်သူဟာ မတတ်နိုင်ဘဲ အမူအရာပြောင်းလဲသွားတော့သည်။ သူခေါင်းကိုအနည်းငယ်ငုံ့ကာ ခပ်တိုးတိုပြန်ဖြေလိုက်သည်။ "သိပါပြီ"
တစ်ဖက်တွင်မူ မော့ချူးတို့မှာ စိတ်အားထက်သန်နေသည့် ပရိသတ်များဆီမှ လွတ်မြောက်လာချိန်ဖြစ်ကာ သက်ပြင်တွေသာ ချနိုင်တော့သည်။
“ဟင်း၊ ဒါကိုတိုက်ပွဲအသေးစားလို့ ယူဆလို့ရတယ်” စုန့်ချင်းစုန့်က ခေါင်းယမ်းကာ ရယ်မောလိုက်သည်။ "မင်း ဒါကို မြန်မြန်အသားကျမှရမယ်"
“အာ” မော့ချူးရဲ့ မျက်လုံးတွေ ပြူးကျယ်သွားတော့သည်။ 'ဒါကို အသေးအမွှားလို့ ယူဆတာလား? မော့ယန်သာ သူမကိုဘေးကနေ မကာကွယ်ထားပေးရင် သူမခံနိုင်မှာမဟုတ်ဘူး!'
အခုလေးတင် မော့ချူးရဲ့ အဆင်မပြေဖြစ်နေတဲ့အကြည့်ကို တွေးလိုက်မိတဲ့အခါ စုန့်ချင်းစုန့်နဲ့ မော့ယန်တို့ မျက်လုံးတွေထဲ အပြုံးတွေ တစ်ချိန်တည်းတွင် ပြည့်နှက်သွားသည်။
“ဒါက ဘာရယ်စရာရှိလို့လဲ?” မော့ချူး သူတို့နှစ်ယောက်ကိုစိုက်ကြည့်လိုက်သည်။ သူမအကြည့်က အနောက်ကိုအနည်းငယ် ရောက်သွားကာ မတတ်နိုင်ဘဲ မျက်ခုံးအသာပင့်လိုက်မိသည်။ သူ့အကြည့်တွေက ချက်ချင်း အေးစက်သွားတော့သည်။ "ချောင်းမိသားစုတော့..... အကြာကြီး မအောင့်ထားနိုင်လောက်တော့ဘူး"
မျှော်လင့်ထားသည့်အတိုင်း မော့ချူးထိုစကားတွေကို ပြောပြီးမကြာမီမှာဘဲ၊ ဒါဇင်ကျော်သည့် အနက်ရောင်ဝတ်ကျွမ်းကျင်သူတွေဟာ သူတို့ဘေးမှနေ ထွက်ပေါ်လာသည်။ သူတို့တွေက သားကောင်ကို ချောင်းနေသည့်ကျားတွေလို စိုက်ကြည့်နေကြသည်။ သူတို့ရဲ့မျက်လုံးထဲတွင် သတ်ဖြတ်လို့သည့် ရည်ရွယ်ချက်ကို ဖုံးကွယ်ထားခြင်းမရှိပေ။
"ဘာလဲ? ငါတို့ အခုမှထွက်လာတာကို ချောင်းမိသားစုက ငါတို့အပေါ်ရက်စက်ဖို့ ပြင်ဆင်ထားလို့ တာလား?" ထြိတစ်ဒါဇင်ကျော်လောက်လူတွေကို စိုက်ကြည့်ရင်း မော့ချူးရဲ့နှုတ်ခမ်းထောင့်က နားမလည်နိုင်တဲ့အပြုံးတစ်ခုအဖြစ် ပေါ်ထွက်လာတော့သည်။ သို့သော် သူမမျက်နှာပေါ်တွင် အံ့သြနေမှု အနည်းငယ်မျှပင် မရှိပါချေ။
ခေါင်းဆောင်ဟာ မော့ချူးရဲ့အမူအရာကို မြင်တော့ မနေနိုင်ဘဲ မျက်မှောင်ကြုတ်လိုက်မိသည်။
သို့သော် သူတို့ဘက်က သုံးယောက်သာ ရှိသည်ကို မြင်တဲ့အခါ ပြန်တည်ငြိမ်သွားသည်။ သူက ဘာစကားမှကိုမပြောဘဲ "သူတို့ကိုသတ်ပစ်!" ဆိုပြီးသာ ချက်ချင်းအော်ပြောလိုက်သည်။
ထို့နောက် ကျွမ်းကျင်သူ ဆယ်ယောက်ကျော်ဟာ သူတို့ကိုဝိုင်းကာ ကပ်လာကြသည်။ ထို့အပြင် ၎င်းတို့ရဲ့ပစ်မှတ်အားလုံးဟာ မော့ချူးကိုသာ ဖြစ်သည်။ သူမကို စိုက်ကြည့်နေသည့် မျက်လုံးတွေဟာ ပို၍ပင် ရက်စက်ကြမ်းကြုတ်လာသည်။
မျှော်လင့်ထားတဲ့အတိုင်း သူမဟာ သူတို့ရဲ့ပစ်မှတ်ဖြစ်သည်။ သူတို့ဟာ ဘာအမှားအယွင်းမှ မရှိစေရန် ကျွမ်းကျင်သူ ဆယ်ယောက်ကို တစ်ကြိမ်တည်းမှာဘဲ စေလွှတ်လာခဲ့သည်။
တွေးမိတော့ မော့ချူးနှုတ်ခမ်းပေါ်က အပြုံးက ပိုကြီးလာသည်။
သို့သော်၊ သူတို့ရဲ့ဒြပ်စင်စွမ်းရည်တွေကို မထုတ်လွှတ်ရသေးခင်မှာဘဲ သူတို့ရဲ့ခန္ဓာကိုယ်တွေဂာ ရုတ်တရက် တောင့်တင်းလာတာက သနားစရာပင်။ ကျယ်လောင်လှတဲ့အသံဖြင့် နေရာတိုင်းတွင် သွေးတွေပြန့်ကျဲသွားကာ စုစုပေါင်း လူ ၁၃ ယောက်ဟာ ခါးကနေ နှစ်ပိုင်းပြတ်သွားကြတော့သည်။
ထွက်ပြေးလွတ်မြောက်သွားသူ နှစ်ဦးရှိသေး၏။ ဒီအခြေအနေကို မြင်လိုက်ရတော့ သူတို့မျက်နှာတွေ မနေနိုင်ဘဲအေးခဲသွားကြတော့သည်။
ဘာ... ဘာဖြစ်သွားတာလဲ? ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? သူတို့တွေ ရှင်းရှင်းလင်းလင်း စစ်ဆေးထားကြတာကို။ မော့ချူးအနားမှာ ဘာအစောင့်မှမရှိဘူးလေ။ ဒီလို ပြင်းထန်တဲ့ တိုက်ခိုက်မှုက ဘယ်ကရောက်လာတာလဲ?
လှည့်ကြည့်လိုက်တော့ သူတို့ရဲ့သူငယ်အိမ်တွေက ရုတ်တရက် ပြူးကျယ်လာသည်။ မယုံကြည်နိုင်စွာနဲ့ သူတို့ ခေါင်းယမ်းလိုက်ကြသည်။
မဖြစ်နိုင်ဘူး! ဒီလူတွေက ဒီကိုဘယ်လိုလုပ်ပြီး ရောက်လာတာလဲ?