အပိုင်း ၃၅၉
Vol. 24 Ch. 359
"မင်း ငါ့ဆီက မခိုးဘူးဆိုရင်၊ မင်းရဲ့လက်ကို ဘာလို့ငါ့အိတ်ကပ်ထဲ ထည့်ထားတာလဲ?" တစ်ခြားလူတစ်ယောက်က မျက်လုံးတွေနီရဲကာ အော်ဟစ်လာသည်။
ဤလေ့ကျင့်ရေးတွင် ပါဝင်ရန် ၎င်းတို့အား ရွေးချယ်ခြင်းခံထားရသည်ကြောင့်၊ ၎င်းတို့ထဲမှ အချို့သည် ဤလေ့ကျင့်မှုကို အောင်မြင်ပါက နောက်ဆုံး၌ တစ်ရာစုတွင်တစ်ကြိမ်သာကျင်းပသည့် ကြယ်စင်စုကြားတိုက်ပွဲတွင် ပါဝင်ခွင့်ရသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဒါဟာ အဖွဲ့ချုပ်တွင် သူတို့နာမည်ရနိုင်ဖို့အတွက် အခွင့်အလမ်းကောင်းတစ်ခုဖြစ်သည်။ ဒီအခွင့်အရေးကို ဘယ်သူက လက်လွှတ်ချင်မှာလဲ?
သို့ပေမယ့် ယခုအချိန်တွင် အရေးကြီးဆုံးဟာ ဒီတစ်လလုံးအသက်ရှင်နေဖို့ဖြစ်သည်။ စွမ်းအင်အရည်အတွက်ကတော့.....ထုံးစံအတိုင်း၊ ပိုများလေ ပိုကောင်းလေပင်။ တချို့လူတွေ လိမ်လည်လှည့်ဖျားတာဟာလည်း မလွှဲမရှောင်သာဖြစ်လာတော့သည်။
"ဟ၊ အပြစ်လိုက်ရှာနေတာ ရပ်လိုက်စမ်း!" ထိုလူသည် သူ့အိတ်ကပ်ကို တင်းတင်းကြပ်ကြပ်ဖုံးကာ မထီမဲ့မြင်ပြုသလို နှာမှုတ်လိုက်သည်။ “ဒီစွမ်းအင်အရည်ကိုလိုချင်ရင် မှော်အပင်တွေနဲ့ မှော်သားရဲတွေကို ကိုယ်တိုင်လိုက်ရှာရုံပဲ! နင့်မှာ အရည်အချင်းမရှိရင်လဲ တော်ရုံတန်ရုံနည်းလမ်းတချို့ စဉ်းစားလိုက်ပေါ့။ ဒီလိုမျိုး ရလာနိုင်တယ်လို့ တွေးဖို့လေ!”
"ငါ မင်းကိုပြောတယ်လေ၊ ငါမခိုးဘူးလို့!" ထိုလူက ဒေါသတကြီး အော်လိုက်သော်လည်း သူ့မျက်လုံးတွေထဲ လိပ်ပြာမလုံသည့် အရိပ်အယောင်တွေ ဖြတ်ပြေးသွားသည်။ "မင်း မဟုတ်တာတွေ ထပ်ပြီးပြောနေတာဘဲ! ယုံချင်ယုံမယုံချင်နေ ငါ မင်းကိုသတ်လိုက်လို့ရတယ်!”
"လာလေ! ငါကရော ကြောက်နေမယ် ထင်နေလား?"
သူတို့နှစ်ယောက်ကြားမှ ငြင်းခုံမှုတွေဟာ ပိုပိုပြင်းထန်လာတာကိုမြင်တော့ သူတို့နားကလူတွေလဲ မမြင်ချင်ယောင် မဆောင်နိုင်တော့ပေ။ သူတို့က တစ်ယောက်ကို အမြန်တားလိုက်သည်။ “ကောင်းပြီ၊ ပြဿနာရှာနေတာရပ်လိုက်တော့။ သွားအိပ်ကြတော့။ မင်းတို့တွေ ဒီနေ့မပင်ပန်းသေးဘူးလို့ ထင်နေသေးတာလား?"
နှစ်ယောက်သား ဒီအတိုင်းဆက်ငြင်းခုံနေပါက အိပ်ဖို့အချိန်တောင် ရှိတော့မှာမဟုတ်ပေ။ နောက်နေ့ကျလျှင် အခြေအနေ ပိုဆိုးလာလိမ့်မည်ပင်။
သူတို့နှစ်ယောက်ဟာ ကြက်တိုက်နေသလိုမျိုး တစ်ခဏလောက် တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေကြသေးသည်။ ဘေးကိုဆွဲခေါ်သွားလိုက်မှသာ ငြိမ်သက်သွားကြသည်။
"ဟမ့်! ပထမဆုံးနေ့ပဲရှိသေးတာ၊ သူတို့အချင်းချင်း ရန်ဖြစ်နေကြပြီလား?" ကလေးမျက်နှာနှင့် စစ်သားသည် စခရင်ကိုကြည့်ကာ နှာမှုတ်လိုက်ပြီး ခေါင်းယမ်းသက်ပြင်းချကာ မှတ်ချက်ပေးလိုက်သည်။ "ဒီနှစ်ရဲ့အရည်အသွေးတွေက အရင်ကထက်ပိုဆိုးတာပဲ!"
ထိုသို့သောလူများကို ကြယ်စင်စုကြားတိုက်ပွဲတွင် တိုက်ရိုက်ပါဝင်ခွင့်သာ ပေးလိုက်ပါက အဖွဲ့ချုပ်အတွက် အရှက်ရစရာဖြစ်လာလိမ့်မည်ပင်။
“အဲ့ဒီလို မပြောနဲ့” ကွမ်ရှန့်က ကြားဖြတ်ပြောလိုက်သည်။ သူ့ခေါင်းကို တခြားစခရင်ဘက်ဆီ မြှောက်ပြလိုက်သည်။ "ဒီသုံးယောက်ကတော့ တော်တော် တော်မယ်လို့ ငါထင်တယ်"
ချက်ယွဲ့၏ သစ္စာရှိမှု၊ မော့ယန်၏ တည်ငြိမ်နေမှုနှင့် မော့ချူး၏ ဉာဏ်ထက်မှုဟာ သူတို့အနည်းစုဆီကနေ အသိအမှတ်ပြုခံရသည်။ အထူးသဖြင့် မော့ချူး၏ ညဘက်တွင် ကင်းစောင့်ပေးမည့် တင်းတင်းကျပ်ကျပ်တောင်းဆိုမှုပင်။
အဖွဲ့ချုပ်မှ အမျိုးသမီးများအပေါ် အထူးတလည်ဆက်ဆံပေးမှုကြောင့် အမျိုးသမီး အများအပြားသည် ဤအပြုအမူမျိုးကို အလေးမထားဘဲ စတင်ကျင့်သားရလာသည်ကို သိလာသည်။ သူတို့သည် ယောက်ျားသားများ၏ စဉ်းစားတွေးခေါ်ပုံနှင့် အလေးထားမှုအပေါ် အသားကျလာကြသည်။ မော့ချူးလို အမျိုးသမီးတစ်ယောက်ဟာ တကယ့်ကို ရှားပါးတဲ့ဖြစ်တည်မှုတစ်ခုပင်။
"မှန်တယ်" ကလေးမျက်နှာနှင့် စစ်သားဟာ လေးနက်သည့်အကြည့်ဖြင့် ခေါင်းညိတ်ပြလာသည်။ “နောက်ဆုံးတော့ မာရှယ်နျဉ် မော့ချူးကို ဘာလို့ရွေးချယ်ခဲ့တာလဲဆိုတာ ငါနားလည်လာပြီ။ ကြည့်လေ၊ သူ့ရဲ့ အကျင့်စရိုက်က သာမန်မိန်းကလေးတစ်ယောက်နဲ့ အရမ်းကွာခြားတယ်။ သူက ထက်မြက်တယ်၊ ပြတ်သားပြီးတော့ တည့်တိုးဆန်တယ်... သူ့မှာ အရည်အချင်းတွေ အများကြီးရှိတယ်”
“လုံလောက်ပြီ” လေးနက်သည့်ပုံစံနှင့် စစ်သားက သူ့ကိုစိုက်ကြည့်လိုက်ပြီး သူ့စကားတွေထဲတွင် ပြုံးရိပ်သန်းနေသည်။ " မာရှယ်နျဉ် ဒီမှာမရှိဘူး၊ ဒါကြောင့် မင်းဒီလောက်ထိ ပြင်းပြင်းထန်ထန် လျက်နေစရာမလိုဘူး"
"ဘယ်သူက လျက်နေလို့လဲ?" ကလေးမျက်နှာနှင့် တပ်သားက သူ့ကိုစိုက်ကြည့်လိုက်သည်။ "ငါအမှန်အတိုင်းပြောနေတာ!"
" လုံလောက်ပြီ” ကွမ်ရှန့် ခေါင်းခါလိုက်ကာ အကြောင်းအရာကို ပြောင်းလိုက်သည်။ "မင်းတို့ ဘယ်တော့ဝင်ဖို့ စီစဉ်ထားလဲ?"
“စိတ်မပူပါနဲ့” ထိုစကားကိုကြားတော့ ကလေးမျက်နှာနှင့်တပ်သားက ပြုံးကာမေးစေ့ကို ပွတ်လိုက်သည်။ သူ့မျက်လုံးတွေထဲ ဉာဏ်နီဉာဏ်နက်တွေဖြင့် ပြည့်နေ၏။ "သူတို့ကို အနည်းဆုံး နောက်ထပ်နှစ်ရက်လောက်တော့ အနားယူခွင့် ပေးလိုက်ပါအုံးမယ်။ အဲ့ဒါက လုံလောက်သင့်တယ်…”
…
ချောက်ခနဲ သစ်ကိုင်းတစ်ကိုင်း မီးလောင်သွားသည်။
မော့ချူးသည် နောက်ထပ်ထင်းတချို့ကို မီးထဲသို့ ထည့်လိုက်သည်။ မီးသည်တစ်ခဏမျှ မှိန်သွားပြီးနောက် ဆက်လက်တောက်လောင်လာသည်။
ညတစ်ဝက်လောက်ကြာတော့ လေကပိုအေးလာသည်။ ကံကောင်းထောက်မစွာဖြင့်၊ ဒီမီးရှိနေလို့ပင်၊ မဟုတ်ပါက သူတို့အအေးမိသွားလိမ့်မည်ပင်။ မော့ချူး သူမလက်တွေကို ပွတ်သပ်လိုက်သည်။ အချိန်ကျပြီဖြစ်တာကြောင့် သူမလှည့်ကာ တဲထဲသို့ ဝင်သွားလိုက်သည်။
မော့ယန်နှင့် ချင်ယွဲ့တို့သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြသည်။ သူတို့သည် နေ့ခင်းဘက်တွင် အလွန်ပင်ပန်းခဲ့ကြသည်မှာ အမှန်ပင်။ လှဲချလိုက်သည်နှင့် ခပ်မြန်မြန်ဘဲ အိပ်ပျော်သွားကြသည်။
"အစ်ကို ထတော့" မော့ချူးသည် ဆောင့်ကြောင့်ထိုင်ကာ မော့ယန် ပခုံးကိုအသာပုတ်လိုက်သည်။
ခဏကြာတော့ မော့ယန် အိပ်ချင်မူးတူးဖြင့် မျက်လုံးတွေပွင့်လာသည်။ သူ့မျက်နှာကို လက်ဖြင့်ပွတ်လိုက်ပြီး ဂရုတစိုက် မတ်တပ်ရပ်လိုက်သည်။ "ကောင်းပြီ အစ်ကို အပြင်မှာသွားစောင့်လိုက်မယ်။ ဒီမှာ ခဏလောက် ကောင်းကောင်းအိပ်လိုက်"
မော့ယန်ရဲ့လက်ဟာ အခြားဘက်သို့ ညွှန်ပြနေသည်။
မော့ချူး လှမ်းကြည့်လိုက်တော့ သူမရင်ထဲ မနေနိုင်ဘဲနွေးထွေးမှုကို ခံစားလိုက်ရသည်။
ရိုးရိုးတဲလေးကို နှစ်ပိုင်းခွဲထားသည်။ တစ်ပိုင်းကတော့ စောစောက သူအိပ်ခဲ့တဲ့နေရာပင်။ သူတို့ နှစ်ယောက်သည် သူတို့၏ကိုယ်ကိုသုံးကာ လေကိုကိုကာထားပေးကြသည်။ အောက်တွင် အကိုင်းအခက်တွေ၊ သစ်ရွက်အနည်းငယ်သာ ဖြန့်ကျဲထားပြီး တစ်ဖက်တွင်တော့ ပိုနွေးသည်။ အကိုင်းအခက်များနှင့် အရွက်များအပြင် အပေါ်၌ အင်္ကျီအထူတစ်ထည်လည်းရှိ၏။ မြင်ရသည်မှာ နွေးထွေး၍ သက်သောင့်သက်သာရှိလှသည်။
"ကောင်းပြီ အိပ်တော့။ အစ်ကို အပြင်ထွက်တော့မယ်" မော့ယန် မော့ချူးရဲ့ခေါင်းကို အသာပွတ်ကာ အပြင်သို့ထွက်သွားလိုက်သည်။
မော့ချူးမှာ ကောင်းကောင်းမွန်မွန်ဖြင့် လျင်လျင်မြန်မြန်အိပ်ပျော်သွားတော့သည်။
သူမနိုးလာသည့်အခါ ကောင်းကင်သည် အနည်းငယ်ရောင်နီသန်းနေ၏။ အရှေ့ဘက်တွင် နေထွက်နေကာ ရောင်နီသန်းနေ၏
"နိုးပြီလား?" ချင်ယွဲ့တစ်ယောက် အားအင်တက်ကြွကည ခြေလှမ်းကျဲတွေနှင့် လျှောက်လာသည်။
“အင်း” မော့ချူး ပြုံးကာခေါင်းညိတ်ပြလိုက်သည်။ သူမ သူတို့၏စွမ်းအင်အရည်ပုလင်းထဲသို့ ရေအနည်းငယ် ထည့်ပေးလိုက်သည်။ "ရှင်တို့တွေ အရင်ဆေးကြောလိုက်ကြအုံး"
"ဟင်း၊ မလိုဘူး၊ မဖြုန်းတီးနဲ့…” ချင်ယွဲ့ သူ့လက်ကို အသာဝှေ့ယမ်းလိုက်သည်။ မော့ချူး၏ အနည်းငယ် မည်းမှောင်နေသည့်အကြည့်ကို မြင်လိုက်ရသည့်အခါ သူ့ဆက်ပြောမယ့်စကားတွေကို ပြန်မျိုချလိုက်မိသည်။
"စိတ်မပူနဲ့၊ ဒီရေနည်းနည်းလောက်တော့ ကျွန်မပေးနိုင်ပါတယ်" မော့ချူးက မျက်ခုံးပင့်လိုက်သည်။
"ဟင်းး၊ ကောင်းပြီ" ချင်ယွဲ့လည်း ခေါင်းညိတ်ပြလိုက်ကာ တခြားဘာမှမပြောရဲတော့ပေ။ သူ့စိတ်ထဲတွင်တော့ ဒီကောင်မလေးဟာ တကယ်ခြားနားသည်ဟုတွေးကာ သက်ပြင်းသာချလိုက်တော့သည်။ အရင်တုန်းက သူတို့အဖွဲ့ထဲက အမျိုးသားတွေဆို မစ်ရှင်တစ်ခုသွားရတဲ့အခါ ဆယ်ရက်ကျော်လောက် ရေမဆေးကြောဘဲနေတာက ပုံမှန်ပင်။
ကံမကောင်းစွာနဲ့ပဲ၊ သူတို့ဆေးကြောနေတဲ့ လုပ်ရပ်ဟာ ချောင်းဟုန်မိန်နှင့် အဖွဲ့ကိုဦးဆောင်နေသည့် တခြားသူတွေရဲ့ မျက်လုံးထဲကို ရောက်သွားတော့သည်။
'ဟမ့်' သူတို့ ချက်ချင်းဒေါသဖြစ်သွားကြသည်! မနေ့တုန်းက သူတို့တွေ ဘယ်လိုတောင်တောင်းဆိုခဲ့ရသလဲ။ မော့ချူးက သူတို့ကို ရေပေးချင်စိတ်မရှိတာပဲ။ အခုကျ သူတို့တွေမှာ ဆေးကြောသုံးလို့တောင်ရတဲ့ ရေပမာဏရှိနေတာ။
ဖုန်မှုန့်တွေလွှမ်းနေသည့် သူ့မျက်နှာကိုသုတ်ရင်း ချောင်းဟုန်မိန်ရဲ့ မျက်လုံးထဲမှ ဒေါသတွေဟာ ပိုလို့တောင်ပြင်းထန်လာသည်။
"ဘာ? ဒီရေက အရမ်းအဖိုးတန်တယ်လို့ မနေ့ကပဲ သူပြောတာမဟုတ်ဘူးလား?" ချောင်းဟုန်မိန်က အသံကို တမင်တကာမြှင့်လိုက်သည်။ "အခုကျ ဘာလို့ဆေးကြောဖို့ သုံးနေကြတာလဲ?"
'ကိုယ့်ကိစ္စကိုပဲ လုပ်စမ်းပါ!' မော့ချူး မျက်လုံးလှိမ့်လိုက်ကာ သူမမျက်နှာကို ရေဖြင့်သေချာသစ်လိုက်သည်။ ချက်ခြင်းပင် သူမ ပိုပြီးတော့လန်းဆန်းလာသည်။
မော့ချူးကို ဒီလိုမြင်လိုက်ရတော့ ချောင်းဟုန်မိန်မှာ ပိုလို့တောင် ဒေါသဖြစ်လာသည်။ သူမ၏ ရင်ဘက်ကြီးကြီးတွေဟာ ကြိမ်ဖန်များစွာ ပြင်းပြင်းထန်ထန်လှုပ်ရှားသွားကာ သူမဘေးမှလူတွေကို သွားရည်တမြားမြားကျလာစေသည်။