← Chapters

မိုးကောင်းကင်ပြိုလဲမှာကို ရပ်တန့်နိုင်မယ်ထင်နေသလား

Vol. 16 Ch. 211

မိုးကောင်းကင်ပြိုလဲမှာကို ရပ်တန့်နိုင်မယ်ထင်နေသလား

Vol. 16 Ch. 211

အခန်း (၂၁၁) မိုးကောင်းကင်ပြိုလဲမှာကို ရပ်တန့်နိုင်မယ်ထင်နေသလား

ဝူလျဲ့သေဆုံးသွားလေပြီ။

ကျန်းလန်က ရှေးဟောင်းရေတွင်းပျက်ကြီးရှိရာသို့ လှမ်းကြည့်လိုက်သည်။

ဝူမူက ရေတွင်းကြီးကို အကောင်းဆုံးအနေအထားဖြစ်အောင် ထိန်းချုပ်ထားသည်။ သူက ကျန်းလန်ကို တိုက်ခိုက်ရန် ရည်ရွယ်ချက်ရှိပုံမပေါ်ပေ။

ဝူမူက ကျန်းလန်ကိုကြည့်လိုက်ရင်း...

"မင်းပြောတဲ့စကားတွေက အံ့သြစရာပဲနော်...."

ထို့နောက် သူက ပြုံးလိုက်ရင်း...

"အစက ကျုပ် အခြေအနေတွေကို အတိအကျ ခန့်မှန်းနိုင်တယ်လို့ ထင်ခဲ့မိတယ်… ၊ ဒါပေမဲ့ ကံဆိုးတာက ကျုပ်ခန့်မှန်းတာနဲ့ တကယ်ဖြစ်လာတာက အတော်လေး ကွဲပြားနေတယ်… ၊ မင်း ပြောကြည့်စမ်း… မင်း အခု ကျုပ်ကို သတ်နိုင်မယ် ထင်သလား…"

ကျန်းလန် မည်သည့်စကားမှ မပြောပေ။

သူက ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်သည်နှင့် ရှေးဟောင်းရေတွင်းကို ကာကွယ်ပေးထားသည့် အရံအတားရှိရာသို့ ရောက်ရှိသွားသည်။

ထို့နောက် လက်သီးကိုမြှောက်ကာ အရံအတားပွင့်ထွက်သွားအောင် ထိုးနှက်ပစ်လိုက်၏။

"ဘုန်း..."

လက်သီးတစ်ချက်တည်းဖြင့် အရံအတားတွင် အက်ကြောင်းများထင်သွားသည်။

ထိုစဉ်မှာပင် ဝူမူက ကိုယ်ခွဲတစ်ခု ခွဲထုတ်လိုက်သည်။

သူက ကျန်းလန်ကို ပြုံးပြီးကြည့်လိုက်ရင်း…

"မင်း ကျုပ်ကိုသတ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး.... ၊ လောကမှာ ကျုပ်ကိုသတ်နိုင်တာ ကျုပ်ကိုယ်တိုင်ပဲ ရှိတယ်... ၊ ကျုပ်အသက်ကို ဒီရေတွင်းထဲမှာ စတေးခံလိုက်ရင် ကိစ္စအားလုံးပြီးပြည့်စုံသွားလိမ့်မယ်... ၊ ဒါဆို မင်း ဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲ ကြည့်တာပေါ့…"

သူ့စကားသံတွင် ရယ်သံစွက်လျှက် ရှိသည်။

ထို့နောက် သူက ရုတ်တရက်ပင် တဟားဟားဖြင့် ရယ်မောတော့၏။ ရယ်သံကတဖြည်းဖြည်းကျယ်လောင်လာပြီး ပုံမှန်မဟုတ်တော့ဘဲ အရူးတစ်ယောက်ပမာ ဖြစ်လာသည်။

ထို့နောက် သူက ရှေးဟောင်းရေတွင်းကြီးကို ထိန်းချုပ်ထားခြင်းကို ရပ်တန့်လိုက်၏။

သူ၏ အသွေးအသားများက ရေတွင်းထဲသို့ စီးဆင်းသွားသည့်အလား ဖြည်းဖြည်းချင်း ပေါင်းစပ်နေသည့် မြင်ကွင်းကို ကျန်းလန် တွေ့မြင်လိုက်ရသည်။

"ဘုန်း..."

ဒုတိယလက်သီးတစ်ချက်ထိုးနှက်လိုက်သည်နှင့် ရေတွင်းကြီးကို ကာကွယ်ထားသည့်အရံအတားက တစ်စစီကွဲပျက်သွားသည်။

တစ်ဖက်လူက ရှေးဟောင်းရေတွင်းကြီးအတွင်းသို့ သူ့အသွေးအသားများဖြင့် ပေါင်းစပ်ကာ ယာဇ်ပူဇော်နေခြင်း ဖြစ်သည်။

ထိုခဏမှာပင် ရေတွင်းကြီးအတွင်းမှ မရဏအငွေ့အသက်များက ငရဲတံခါးမှ ထွက်ပေါ်လာသကဲ့သို့ ထူထပ်စွာ ထွက်ပေါ်လာသည်။

ကျန်းလန်က သူ့အနားချဉ်းကပ်လာသည့်တိုင် ဝူမူက ထွက်ပြေးလွတ်မြောက်ရန် တွေးထားခြင်း မရှိပေ။

ရှေးဟောင်းရေတွင်းနှင့်ပတ်သက်သည့်ကိစ္စကို သူက အတော်လေး အလေးအနက်ထားဟန် ရှိသည်။

ကျန်းလန် အနားသို့ ရောက်လာသည်နှင့် ဝူမ၏ ကိုယ်ခွဲက စတင်တိုက်ခိုက်လိုက်သည်။ ကျန်းလန်ကလည်း တစ်ချက်ပင် မတုံ့ဆိုင်းဘဲ အန္တရယ်ကိုးသွယ်စွမ်းအားကို အသုံးပြုကာ လက်သီးဖြင့် ထိုးချလိုက်သည်။

"ဘုန်း..."

တုနှိုင်းမရလောက်အောင် ပြင်းထန်လှသည့် စွမ်းအားကြီးတစ်ခုက ဝူမ၏ ကိုယ်ခွဲခန္ဓာတစ်ဝက်ကို တစ်စစီဖြိုခွင်းပစ်လိုက်သည်။

ပြင်းထန်လှသည့်စွမ်းအားကြီးကြောင့် ဝူမူ၏ ကိုယ်ခွဲ မြေပြင်ထက် လွင့်ထွက်သွားသည်။ ကျန်းလန်က နောက်မှလိုက်သွားပြီး ကိုယ်ခွဲခန္ဓာကို ကန်ထုတ်လိုက်သည်။

"ဘုန်း..."

ဝူမူ၏ကိုယ်ခွဲ သွေးမှုံများအဖြစ် ပြောင်းလဲသွားပြီးနောက် ကျန်းလန်က ဝူမူရှေ့သို့ ရောက်လာသည်။

သူ ရန်သူကို ချက်ချင်း သတ်ဖြတ်ပစ်ချင်နေပြီ ဖြစ်သည်။

"ဘုန်း…"

အနားသို့ ချဉ်းကပ်လာသည့် ကျန်းလန်ကို ဝူမူက မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်၏။ သူမည်မျှပင် စဉ်းစားပါစေ ဤသူကို နားလည်နိုင်စွမ်း ပျောက်ဆုံးသွားစမြဲပင်။

ကျန်းလန်က အစစ်အမှန်အင်မော်တယ်တစ်ပါး ဖြစ်သည်ကို သူ ရှင်းရှင်းလင်းလင်း သိသည်။

"ဘန်း…"

လက်သီးတစ်ချက်ကျရောက်သွားပြီး ရေတွင်းကြီးနှင့် တဖြည်းဖြည်းပေါင်းစပ်နေသည့် ဝူမူ၏ ခန္ဓာကိုယ် စတင်ကြေမွသွားသည်။

မသေခင် မေးခွန်းများဖြင့် ပြည့်နက်နေသည့် မျက်ဝန်းများဖြင့် ကျန်းလန်ကို ကြည့်လိုက်၏။

"အစစ်အမှန်အင်မော်တယ် ကနဦးအဆင့် ကျင့်ကြံသူတစ်ယောက်က ဒီလောက်စွမ်းအားကြီးတယ်ဆိုတာ မဖြစ်နိုင်ဘူး…"

သူ့စကားဆုံးသည်နှင့် ရရှိလိုက်သည်က နောက်ထပ်လက်သီးတစ်ချက် ဖြစ်သည်။

ကျန်းလန်၏ အေးစက်သည့်အသံက တစ်ပြိုင်တည်းလိုလို ထွက်ပေါ်လာသည်။

"အခု ကိုယ်တွေ့ကြုံရပြီပဲ မဟုတ်လား…"

ဝူမူ တစ်ခဏမျှ ကြက်သေသေနေပြီး သူ့ခန္ဓာကိုယ်က သွေးမှုံများအဖြစ် ပြောင်းလဲသွားသည်။

ပတ်ဝန်းကျင်တွင် သက်ရှိဆို၍ တစ်ယောက်မှ မရှိတော့ပေ။ နတ်မိစ္ဆာများအားလုံးကို ကျန်းလန် သတ်ဖြတ်ပစ်လိုက်ပြီ ဖြစ်သည်။

အလင်းရောင်မှိန်မှိန်တောက်ပနေသည့် ရှေးဟောင်းရေတွင်းကြီးသာလျှင် တိတ်ဆိတ်စွာဖြင့် ရှိနေလေသည်။

ထိုစဉ်…

ရေတွင်းကြီးအတွင်းမှ ထူးဆန်းသည့် အငွေ့အသက်တစ်ခု ထွက်ပေါ်လာ၏။

"ဒုတ်…"

"ဒုတ်…"

ကျန်းလန် ရှေ့သို့ ခြေတစ်လှမ်းချင်း လှမ်းသွားလိုက်သည်။

ရေတွင်းကြီးအနားရောက်သည်နှင့် အတွင်းသို့ ငုံ့ကြည့်လိုက်၏။

ရေတွင်းဝက မဲမှောင်နေပြီး စိမ့်ထွက်နေသည့် မရဏအငွေ့အသက်များက အနက်ရောင်မြူခိုးများအလား ဖြစ်သည်။ အဆုံးမရှိသည့် မရဏလောကကို တွေ့မြင်ရသည့်အလား ကျန်းလန် ခံစားလိုက်ရသည်။

"ဗွက်…"

ရုတ်တရက် အမှောင်ထုထဲမှ နီရဲတောက်ပနေသည့် မျက်လုံးကြီးတစ်လုံး ထွက်ပေါ်လာသည်။

မျက်လုံးကြီးကိုကြည့်ပြီး ကျန်းလန် အံ့အားသင့်သွားသည်။ နံရံထက်တွင် မျက်လုံးကြီးတစ်လုံးကို တွေ့မြင်လိုက်ရသည့်အလား ဖြစ်သည်။

ကျန်းလန် ထိုမျက်လုံးကြီးကို စိုက်ကြည့်နေ၏။

သူက တစ်ဖက်လူကို တွေ့မြင်ပြီဖြစ်ရာ တစ်ဖက်လူသည်လည်း သူ့ကို တွေ့မြင်မည်ပဲ ဖြစ်သည်။

သို့သော် မည်သူကမှ စကားစတင်ပြောဆိုခြင်း မရှိကြပေ။

ရှေးဟောင်းရေတွင်းကြီးမှ မရဏအငွေ့အသက်များ ပိုမိုများပြားစွာ ထွက်ပေါ်လာပြီး နီရဲတောက်ပသည့် မျက်ဝန်းကြီးက အပြင်သို့ထွက်လာရန် ကြိုးစားနေဟန် ရှိသည်။

ငရဲတံခါးမှ လမ်းကြောင်းပွင့်သွားပြီဖြစ်ပြီး တစ်ဖက်လူက အပြင်သို့ထွက်လာချင်နေသည်ကို ကျန်းလန် ရိပ်မိလိုက်သည်။

"မရဏသားရဲတွေလား…"

ငရဲတံခါးမှ မရဏသားရဲများ ထွက်လာသည်ကို ယခင်က ကျန်းလန် တစ်ခါမှ မတွေ့မြင်ဖူးခဲ့ပေ။

သို့သော် ယခု ရင်ဆိုင်နေရသည့် သတ္တဝါကိုတော့ ဤဘက်ခြမ်းသို့ သူ လာခွင့်ပြုမည် မဟုတ်ပေ။

ကျန်းလန်က ရှေးဟောင်းရေတွင်းပျက်အဝသို့ လက်တစ်ဖက်တင်လိုက်ပြီး ထိုသတ္တဝါ ထွက်မလာစေရန် ဖြည်းဖြည်းချင်း ဖိချလိုက်သည်။

သူ့လက်မှ ပြင်းထန်သည့် တန်ခိုးစွမ်းအားများ ထွက်ပေါ်လာပြီး ရှေးဟောင်းရေတွင်းကြီးတစ်ခုလုံးကို ဖိနှိပ်ထားသည်။ စွမ်းအားများက ပတ်ဝန်းကျင်တစ်ခုလုံးသို့ပင် ပျံ့နှံ့လျှက် ရှိသည်။

ဟုတ်ပေ၏။ ကျန်းလန်က အန္တရယ်ကိုးသွယ်စွမ်းအားကို အသုံးပြုကာ ရှေးဟောင်းရေတွင်းကြီးကို ဖျက်စီးရန် ကြိုးစားနေခြင်း ဖြစ်သည်။

နွားရိုင်းကိုးကောင်စွမ်းအား အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလာပြီး အန္တရယ်ကိုးသွယ်စွမ်းအားက ကောင်းကင်ယံတစ်ခုလုံးတွင် ပြည့်နက်သွားသည်။

ကြီးမားလွန်းသည့် ဘေးအန္တရယ်ကြီးတစ်ခု ရေတွင်းအနားသို့ ချဉ်းကပ်လာပြီး ပြင်းထန်လှသည့် အဖျက်စွမ်းအားများက ရေတွင်းနံရံများကို ပျက်စီးသွားစေသည်။

ထိုစဉ်မှာပင် ရှေးဟောင်းရေတွင်းကြီးအတွင်းမှ မရဏအငွေ့အသက်များ စိမ့်ထွက်လာပြီး ရေတွင်းကြီးကို ထိခိုက်မှုမရှိစေရန် အလျှင်အမြန် ကာကွယ်ပေးလိုက်သည်။

အထဲမှ သတ္တဝါက ရေတွင်းကြီးကို ကာကွယ်လိုဟန် ရှိသည်။

သို့သော် အထဲမှလူက တန်ခိုးစွမ်းအားအနည်းငယ်ကိုသာ အသုံးပြုနိုင်သောကြောင့် ကျန်းလန်၏ အန္တရယ်ကိုးသွယ်စွမ်းအားကို ရပ်တန့်နိုင်ခြင်း မရှိပေ။

ကျန်းလန်၏လက်က ရေတွင်းဝကို ဖိချလိုက်သည်နှင့် ရှေးဟောင်းရေတွင်းကြီး တဖြည်းဖြည်း တုန်လှုပ်လာသည်။

အစပိုင်းတွင် ကျန်းလန်က ရေတွင်းကြီးကို လက်သီးဖြင့် ထိုးခွင်းဖျက်စီးပစ်ရန် စဉ်းစားမိသော်လည်း ယခုကဲ့သို့ ဖြည်းဖြည်းချင်း ဖျက်စီးပစ်သည်က ပိုမိုသင့်တော်ကြောင်း သိခဲ့ရသည်။

အစစ်အမှန်အင်မော်တယ်အဆင့်ထက် မြင့်မားသည့် ကျင့်ကြံခြင်းမရှိဘဲ လက်သီးတစ်ချက်ထဲဖြင့် အနှီရေတွင်းကြီးကို ထိုးခွင်းနိုင်မည် မဟုတ်ပေ။

ထိုသို့ ထိုးခွင်းပစ်လိုလျှင် ကျန်းလန် တန်ခိုးစွမ်းအားပိုမိုမြင့်မားလာအောင် ကျင့်ကြံရဦးမည် ဖြစ်၏။

ထို့ကြောင့် လက်ရှိတွင်တော့ ကိုယ့်ဒုက္ခကိုယ်မရှာဘဲ ဖြည်းဖြည်းချင်းသာ အချိန်ယူပြီး ဖျက်စီးပစ်ရပေတော့မည်။

……………

မရဏအငွေ့အသက်များ တဖြည်းဖြည်းပျောက်ကွယ်သွားပြီး ရှေးဟောင်းရေတွင်းကြီးမှာလည်း အက်ကွဲကြောင်းများ ထင်လာသည်။

ရှေးဟောင်းရေတွင်းကို သိမ်းပိုက်ထားသည့် သွေးနီရောင်မျက်လုံးကြီးက မျက်တောင်တစ်ချက်ခတ်လိုက်၏။

ထို့နောက် မရဏအငွေ့အသက်များ ထပ်မံပေါက်ကွဲထွက်လာသော်လည်း အထဲမှသတ္တဝါက အပြင်သို့ အတင်းအဓ္ဓမ ဖြတ်ကျော်ထွက်လာခြင်း မရှိပေ။

အသံတစ်သံသာ ထွက်ပေါ်လာခဲ့သည်။

"လူသား… ကောင်းကင်ဘုံမှာ ပြဿနာတက်နေပြီဆိုတာ မင်းသိသလား…"

ကျန်းလန်က…

"မသိဘူး…"

တစ်ဖက်လူက သူ့ကို စည်းရုံဖို့ ကြိုးစားနေပြီ ဖြစ်သည်။

သူကလည်း ရေတွင်းကြီးကို ဖျက်စီးပစ်ရန် အချိန်လိုအပ်လေရာ ပြောသမျှစကားများကို အချိန်ဆွဲသည့်အနေဖြင့် နားထောင်ပေးရန်သာ ရှိသည်။

"ဝုန်း…"

မရဏအငွေ့အသက်များ ရုတ်တရက် မြင့်တက်လာသည်။

ထိုမရဏအငွေ့အသက်များက ကျန်းလန်၏ အန္တရယ်ကိုးသွယ်တန်ခိုးစွမ်းအားကို တိုက်ခိုက်လိုက်သောကြောင့် ကျန်းလန် မျက်မှောင်ကြုတ်လိုက်မိ၏။

ငရဲတံခါးလမ်းကြောင်းက ပွင့်သွားခဲ့ပြီ ဖြစ်သည်။

ရေတွင်းကို လုံးဝဖျက်စီးပစ်ရန် အချိန်ရော စွမ်းအားများစွာပါ ကျန်းလန် ပေးဆပ်ရပေတော့မည်။

"လူသား… ကျုပ်ကို အဲဒီဘက်လာခွင့်ပေးပါ… ၊ အဲဒီဘက်ကနောက်ကျိနေတဲ့ရေတွေထဲ ကျုပ်ကို မွှေနှောက်ခွင့်ပေးပါ… ၊ ဒီလိုဆိုရင် ပြဿနာအရှုတ်အထွေးတွေကြားထဲမှာပဲ ကံကောင်းမှုကြိုးစလေးတစ်ခု သင် ရရှိမှာပါ…"

အနီရောင်မျက်လုံးကြီးထံမှ စကားသံနှင့်အတူ မရဏအငွေ့အသက်များက ပိုမိုများပြားလာသည်။

ယခုအချိန်ထိ ကျန်းလန် စကားတစ်ခွန်းမှ မဆိုသေးပေ။

သူက အန္တရယ်ကိုးသွယ်စွမ်းအားကို လှည့်ပတ်လိုက်ပြီး ထပ်မံအရှိန်မြှင့်တင်လိုက်သည်။ ရေတွင်းကြီးတစ်ခုလုံးကို ဖျက်စီးပစ်ရန် အနည်းငယ် အချိန်ယူရဦးမည် ဖြစ်၏။

ငရဲတံခါးလမ်းကြောင်း ပျောက်ကွယ်လုဆဲဆဲတွင် နီရဲတောက်ပသည့် မျက်လုံးကြီးက စကားထပ်ပြောလိုက်သည်။

"လူသား… မိုးနဲ့မြေ ပြိုကျပျက်စီးတော့မယ်… ၊ ဒီလောကတစ်ခုလုံးမှာ ဘယ်သူမှ နားလည်နိုင်စွမ်းမရှိတဲ့ ဒုက္ခဘေးဆိုးကြီး ကျရောက်လိမ့်မယ်… ၊ အခွင့်ကောင်းကို ဆုပ်ကိုင်မထားရင် ဘယ်သူမှ အသက်ရှင်နိုင်မှာ မဟုတ်ဘူး ၊ ကျုပ်ကို လာခွင့်ပြုပါ… ၊ မင်း အသက်ရှင်သန်ခွင့်ရအောင် ကျုပ် ကူညီပေးနိုင်တယ်…"

ကျန်းလန်က တစ်ဖက်လူ၏စကားကို နားသာထောင်နေပြီး လက်ခံရန် ရည်ရွယ်ချက် မရှိပေ။

သူက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းရှိသူဖြစ်သည့်တိုင် တစ်ဖက်လူ၏ သွေးဆောင်ခြင်းကို လက်ခံလိုက်မိပါက မည်သို့ရှိမည်နည်း။

သေချာပေါက် ဖျက်စီးခံရမည်ပင် ဖြစ်၏။

"ခရက်…"

ထိုအချိန်မှာပင် ရှေးဟောင်းရေတွင်းကြီး အက်ကြောင်းအပြည့်ဖြစ်သွားပြီး တဖြည်းဖြည်း ပြိုကျလာသည်။

မရဏအငွေ့အသက်များသည်လည်း လွင့်ပြယ်သွားပြီ ဖြစ်၏။

"လက်ရှိခေတ်မှာ လူသားတစ်ယောက်ရဲ့ ခွန်အားက ဘာမှ မဟုတ်ပါဘူးကွာ… ၊ ဟားဟား… လူသား… လူသား… ၊ မင်းက မင်းရဲ့အစွမ်းလောက်နဲ့ မိုးကောင်းကင်ပြိုလဲမှာကို ရပ်တန့်နိုင်မယ်ထင်နေသလား… ၊ မင်း တစ်နေ့မှာ သေချာပေါက် ကျုပ်ကို လာရှာရမှာပဲ… ၊ အဲဒီအချိန်ကို ကျုပ်စောင့်နေမယ်…"

"ဘန်း…"

ကျန်းလန် စွမ်းအားကုန်သုံးပြီး ရှေးဟောင်းရေတွင်းကြီးအတွင်းသို့ လက်သီးဖြင့် ထိုးချလိုက်သည်။

"ဟဲ… ဟဲ… ဟဲ…"

ငရဲတံခါးလမ်းကြောင်းအတွင်းမှ ကြောက်မက်ဖွယ်ရာ ရယ်သံကြီး ထွက်ပေါ်လာသည်။

သို့သော် ကျန်းလန် အရေးမစိုက်ပေ။ တစ်ဖက်လူ၏ပြောစကား မှားသည်လား မှန်သည်လား သူ မသိချင်ပေ။

မိုးနှင့်မြေပြိုကျပျက်စီးမည်ဆိုသည်ကတော့…

ပျက်သုန်းတစ်စပြင်လောကကြီးတစ်ခုလုံးကို သက်ရောက်မည့်ကိစ္စပင်ဖြစ်လေရာ သူ့လို ခွန်လွန်တောင်မှ တပည့်ငယ်လေးက ဘာများတတ်နိုုင်ပါမည်နည်း။

သူလုပ်ရမည်မှာ တန်ခိုးစွမ်းအား မြင့်မားသည်ထက်မြင့်မားအောင်ကျင့်ကြံရင်း လိုက်လျောညီထွေ နေထိုင်နိုင်အောင် ကြိုးစားရန်သာ ဖြစ်၏။

တကယ်တမ်း ဒုက္ခကြုံသည့်အချိန်တွင် ယခုမျက်လုံးနီသတ္တဝါကို သွားရှာရန်ဆိုသည်ကတော့ မရဏသတ္တဝါများ၏ ယုံကြည်မှုလွန်ကဲသည့် စကားသာ ဖြစ်သည်။

ရှေးဟောင်းရေတွင်းပျက်ကြီးက မည်သည့်ပြဿနာမှ မရှိတော့ကြောင်း အတည်ပြုပြီးနောက် ကျန်းလန် ထွက်ခွာသွားရန် ဟန်ပြင်လိုက်သည်။

ခွန်လွန်တောင်တပည့်များက ရန်သူများနှင့် တိုက်ပွဲဖြစ်နေလေရာ ထိုနေရာသို့ သူသွားရောက်ရပေမည်။

အတွေ့အကြုံရစေရန်အတွက် တိုက်ပွဲဖြစ်လျှင် ဝင်ရောက်တိုက်ခိုက်ရမည်ဟု ဆရာဖြစ်သူက မှာကြားထားသည် မဟုတ်ပါလား။

ထို့ပြင် ခွန်လွန်တောင်မှ တပည့်တစ်ယောက်အနေဖြင့် တိုက်ပွဲတွင်ပါဝင်ရမည်မှာ သူ၏တာဝန်ပင် ဖြစ်သည်။ မဟုတ်ပါက ဆရာဖြစ်သူကို ရှင်းပြနိုင်မည် မဟုတ်တော့ပေ။

ကျန်းလန် ထွက်ခွာရန် ဟန်ပြင်လိုက်စဉ်မှာပင် သူ့အနားသို့ တစ်စုံတစ်ယောက် ချဉ်းကပ်လာသည်ကို သိလိုက်ရသည်။

လှည့်ကြည့်လိုက်သည့်အခါ ဒဏ်ရာရထားသည့် နဂါးမင်းသားကို တွေ့လိုက်ရ၏။

ထိုလူငယ်က အဘယ့်ကြောင့် သူ့နောက် လိုက်လာပါသနည်း။ ကျန်းလန်က လုန်မန်ကို တစ်ချက်လှမ်းကြည့်ပြီးနောက် အရေးမစိုက်တော့ဘဲ နေရာတွင်ပင် ပျောက်ကွယ်သွားသည်။

ကျန်းလန်၏ အကြည့်တစ်ချက်ကပင် လုန်မန်ကို ကြောက်ရွံ့သွားစေပြီး လှုပ်ပင်မလှုပ်ရဲတော့ပေ။

သို့သော် စောစောကပင် သူ ရယ်သံတစ်သံ ကြားခဲ့ရသည်။ ထိုရယ်သံက သူ့စိတ်ထဲတွင် ထူးခြားသည့်ခံစားချက်ကို ဖြစ်ပေါ်လာစေပြီး ကိုယ်တွင်းမိစ္ဆာပင် ပေါက်ဖွားလာတော့မည့်အလား ထင်မှတ်ရသည်။

လူထူးလူဆန်း ထွက်ခွာသွားသည့်အချိန်မှာပင် ရယ်သံသည်လည်း ပျောက်ကွယ်သွားခဲ့သည်။

လုန်မန် ခပ်ဖြည်းဖြည်းလမ်းလျှောက်လာခဲ့သည်။ ထိုလူထူးလူဆန်းက သူ့ကို ပြန်လာရှာလျှင် သူ့ဘက်က ထွက်ပြေးရန် ရည်ရွယ်ချက်မရှိကြောင်း သက်သေပြနိုင်ရန် ဖြစ်၏။

သူက ဒဏ်ရာများကိုလည်း ကုသခြင်း မရှိသေးပေ။ အကယ်၍ ခွန်လွန်တောင်မှလူများရောက်လာပါက ဒဏ်ရာများကို သက်သေပြပြီး ရှင်းပြနိုင်ရန် ဖြစ်သည်။

"ဟူး… ငါ အသက်ရှင်အောင်တော့ နေရမှာပဲ…"

အတွေးနှင့်အတူ လုန်မန် နေရာမှ ထွက်ခွာသွားရန် ဆုံးဖြတ်လိုက်သည်။

သို့သော် သူ ထွက်ခွာရန် ဟန်ပြင်လိုက်စဉ်မှာပင် ကောင်းကင်ထက်မှ မမြင်ရသည့် တန်ခိုးစွမ်းအားတစ်ခု ဆင်းသက်လာသည်ကို ရုတ်တရက် ခံစားလိုက်ရ၏။

တန်ခိုးစွမ်းအားများက ကြီးမားသည့် လှိုင်းလုံးကြီးတစ်လုံး ပြိုကျလာသည့်အလား ဖြစ်လေရာ လုန်မန်မှာ လမ်းပင်ဆက်မလျှောက်နိုင်တော့ပေ။

သူ ထိတ်လန့်တုန်လှုပ်သွားသည်။

ဘယ်က ဆရာကြီးတစ်ပါး ရောက်လာပြန်ပြီလဲ။

လေပြင်းတစ်ချက် ဖြတ်သန်းတိုက်ခတ်သွားပြီး စောစောက လူထူးလူဆန်းရပ်နေခဲ့သည့် ရေတွင်းကြီးရှေ့တွင် လူရွယ်တစ်ယောက် မတ်တတ်ရပ်နေသည်ကို တွေ့လိုက်ရသည်။

ထိုသူက စိမ်းပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာထားကတည်ငြိမ်ကာ မျက်ဝန်းအကြည့်တို့က နက်ရှိုင်းသည်။

သူ ရပ်နေသည့်နေရာတွင် ပတ်ဝန်းကျင်တစ်ခုလုံး အေးခဲသွားမတတ်ခံစားရလေ၏။

"နဝမတောင်ထွတ်ရဲ့ တောင်သခင်…"

All Chapters