သူသေသွားလျှင် အစားထိုးလို့ရသည်
Vol. 37 Ch. 715
ရှဲ့ချောင်ရဲ့ စကားများကြောင့် ယန်ရူကျောင်း ကြက်သီးထသွားရသည်မှာ သူမရဲ့ နောက်ကျောဘက်မှာ အေးစက်သည့် အလင်းတန်းတစ်ခုရှိနေသည့်အလား။ သူမ ငြိမ်ငြိမ်ထိုင်မနေနိုင်ခဲ့ချေ။
“ဘုရင်က ဘုရင်၊ လက်အောက်ငယ်သားက လက်အောက်ငယ်သား၊ လက်အောက်ငယ်သားမှာ ကူညီပေးဖို့ တာဝန်ရှိတယ်ဆိုပေမဲ့ အဲဒီ ကူညီမှုက ရန်မူတဲ့အခြေနေကို ရောက်သွားရင် ဘုရင်အတွက် မလိုလားတဲ့ အရာတွေဖြစ်လာလိမ့်မယ်။ ဘုရင်ဆုံးဖြတ်လိုက်တဲ့အရာက လူတွေအတွက် အနှောင့်အယှက်ဖြစ်စေပြီး လောကကြီးကို ထိခိုက်စေမယ်ဆိုရင်တော့ ဒီလို သစ္စာစောင့်သိမှုမျိုးကို သမိုင်းမှာ မော်ကွန်းတင်ကျန်ရစ်စေမှာ။ဒါပေမဲ့ အိမ်ရှေ့စံမင်းသားက ပြဿနာဖြစ်စေမယ့်သူတစ်ယောက်ပုံလည်း မပေါ်ပါဘူး”
“ဆရာမမော့ ပြောတာမှန်တယ်။ ဒါပေမဲ့ အဖေက အိမ်ရှေ့စံမင်းသားက နာမကျန်းဖြစ်နေတယ်ဆိုတဲ့ အချက်ကြီးကိုပဲစွဲနေတာ။ကျွန်မလည်း သူ့ကို ဖျောင်းဖျဖို့ ကြိုးစားပါသေးတယ်၊ အသုံးမဝင်ခဲ့ပါဘူး….” ယန်ရူကျောင်းသည်လည်း ကူကယ်ရာ မဲ့နေလေသည်။
“ အိမ်ရှေ့စံမင်းသားတစ်ယောက်အနေနဲ့ နာမကျန်းဖြစ်နေတာမျိုးက တကယ်မသင့်တော်ဘူး” ရှဲ့ချောင် ခေါင်းညိတ်လိုက်၏။
“ဒါပေမဲ့ နန်းတက်ပြီးသွားလို့ အဲဒါက ရုံးတော်က နိုင်ငံရေးပိုင်းအပေါ် သက်ရောက်မှုရှိတာ၊ အသက်ရှည်ရှည် မနေရဘူးဆိုရင်လည်း၊ သူသေသွားရင် တခြားတစ်ယောက်ကို အစားထိုးလိုက်ရုံပဲလေ”
“အိမ်ရှေ့စံမင်းသားက အရမ်းထက်မြက်တဲ့သူ။ သူသာ သားတစ်ယောက်မွေးခဲ့ရင် နောက်မျိုးဆက်က အရမ်းကြီးဆိုးမှာမဟုတ်ဘူး၊ ကလေးမရှိရင်လည်း တခြားမင်းသားတစ်ပါးပါးကို စဉ်းစားပေးလို့ရတာပဲ၊ ဘာများ ပြဿနာရှိနေလို့လဲ”
ရှဲ့ချောင်က တည်ငြိမ်နေတဲ့ မျက်နှာထားဖြင့်သာပြောလိုက်သည်။
ယန်ရူကျောင်းတစ်ယောက် အိုးတိုးအန်းတန်း ပြုံးလိုက်ရ၏။
ဘုရင်တစ်ပါး အစားထိုးမယ်…
ဘယ်လိုလုပ်ပြီး ရိုးရှင်းမှာလဲ?
ဒါပေမဲ့လည်း ဆရာမမော့ ပြောသွားတာက အဓိပ္ပာယ်တော့ ရှိသလိုပဲ။
သင့်တော်လား မတော်လားက သူအခုထိ နန်းတောင်တက်ရသေးတာမဟုတ်ဘူး၊ ဘယ်သူသိနိုင်မှာလဲ?
ယန်ရူကျောင်းသည် သူမအဖေအား ထပ်ပြီး ပြောပြဖို့ ပြင်ဆင်လိုက်၏။ ထပ်ပြီး စိတ်အနှောင့်အယှက်ဖြစ်နေရမှာမျိုး အဖြစ်မခံနိုင်တော့။ အနည်းဆုံးတော့ မုန့်မိသားစုရဲ့ မကြာမကြာ သွေးထိုးသည့်စကားတွေကို နားယောင်မှာ မဟုတ်တော့ပေ။
သိပ်ပြီးမကြာလိုက်၊ သူတို့ ယန်အိမ်တော်ကို ရောက်လာခဲ့ကြသည်။
ရှဲ့ချောင်သည် မြင်းလှည်းပေါ်ကနေဆင်းကာ ဝါးခြင်းတောင်းလေးကို လွယ်လျက် အထဲကိုဝင်သွားခဲ့၏။
ယန်မိသားစု၌ ကြီးကြီးမားမား ပြဿနာမရှိလောက်ဘူးဟုထင်၍ သာ့ရှုန်းကို ခေါ်မလာခဲ့။ သူမကိုယ်တိုင် ဖြေရှင်းနိုင်လောက်သည်။
သို့သော် သူမ ယန်အိမ်တော်ထဲကို ဝင်လိုက်သည်နှင့် မျက်မှောင်ကြုတ်သွားခဲ့ကာ နေရာတစ်ခု လက်ညှိုးထိုးပြလျက် “အဲဒါ သခင်မလေးရဲ့အမေ နေတဲ့ ခြံဝန်းလား”
“ဟုတ်တယ်၊ အဲဒါ ပင်မခြံဝန်းရှိတဲ့ဘက်ပါ”
သူမ အံ့ဩသွားတာမျိုးမဖြစ်ခဲ့။ ဘယ်မိသားစုမဆို ပင်မခြံဝန်းသည် အကောင်းဆုံးနေရာတွင်သာ
ရှိတတ်ရာ သာမန်လူတစ်ယောက်တောင် ပြောနိုင်သည့် အရာဖြစ်၏။
ရှဲ့ချောင် ရောက်လာသည်နှင့် အိမ်ကနေ ထွက်သွားသော နန်းတွင်း စီစစ်ရေးမှူးယန်သည်လည်း သူ့ကိုယ်သူအားတင်းပြီး ပြန်လာကြည့်ခဲ့ရသည်။
အမှန်အတိုင်းပြောရလျှင် သူ စုန်းမမော့အား တစ်ခါမှ မမြင်ဖူးခဲ့။
ထို့ကြောင့် သူခိုးကြောင်ခိုးဝှက်နှင့် ပုန်းနေကာ ခေါင်းဆန့်ပြီး ချောင်းကြည့်နေသည်။
“ငါ့ကို ပင်မခြံဝန်းဆီ တန်းပြီး ခေါ်သွားပေးပါ၊ ဒီ အညတရဆရာက ပင်မခြံဝန်းရဲ့ တည်နေရာကို ကြည့်လိုက်တော့ မကောင်းတဲ့ဓာတ်ကို ခပ်ရေးရေး ခံစားမိလိုက်တယ်။ မသန့်ရှင်းတဲ့ဟာ
တစ်ခုခု ဖြစ်ပုံပဲ။ ပြောရရင် မင်းအမေရဲ့ ကျန်းမာရေးက ဒီမကောင်းတဲ့စွမ်းအင်နဲ့ ဆက်စပ်နေတာဖြစ်လောက်တယ်”
ပုန်းလျှိုးကွယ်လျှိုးနေနေသည့် နန်းတွင်းစီစစ်ရေးမှုးယန်၏ နှုတ်ခမ်းတို့ တွန့်သွားခဲ့သည်။
ကြည့်ပါလား၊ အဲ့လိုစကားကြားလိုက်ရရုံနဲ့တင် လူလိမ်တစ်ယောက်ဆိုတာ အသိသာကြီး..
ဒီကမ္ဘာပေါ်က လူတိုင်း မျက်လုံး၊မျက်ခုံးရှိတာခြင်း အတူတူပဲ။ မကောင်းတဲ့စွမ်းအင်ရှိလား မရှိလားကို တစ်ချက်လောက်ကြည့်ရုံနဲ့ ဘယ်လိုလုပ်ပြီး ပြောနိုင်မှာလဲ။
နောက်ပြီး… သူလည်း ပင်မခြံဝန်းထဲမှာ နေ့တိုင်းနေနေတာ၊ ဘာ ထူးဆန်းပြီး မကောင်းတဲ့အနံ့မျိုး
တစ်ခါမှ မရမိပါဘူး!
သူမလို ကလိမ်ကကျစ်ကျနေတဲ့သူက တကယ်ကြီး ရောက်ချလာတယ်ပေါ့!
ပိုက်ဆံတောင်းမှာလား? ငွေတုံးတစ်တုံး မပြောနဲ့ တစ်ပြားတစ်ချပ်မှ မပေးနိုင်ဘူး!
သခင်ကြီးယန်သည် သရော်လိုက်ပေမဲ့ ဆရာမမော့ ဘာလုပ်မလဲဆိုတာ သိချင်နေသည်။
တွေးကြည့်လိုက်ပြီးနောက် အဝတ်အစားတစ်စုံ ယူလာခဲ့လိုက်၏။ ထို့နောက် အိမ်တော်ထိန်းတစ်ယောက်ပုံစံ အဝတ်အစားလဲလိုက်ကာ ပင်မခြံဝန်းဆီသို့ အိမ်တော်ထိန်းနောက်ကနေ လိုက်သွားခဲ့သည်။
ယန်ရူကျောင်း သူမ အဖေကိုမြင်၍ စကားပြောမလို့ လုပ်လိုက်ပေမဲ့ သခင်ကြီးယန်က သူမကို စိုက်ကြည့်လိုက်၏။
သူမ စိတ်ဆိုးဆိုးနှင့် ခြေဆောင့်လိုက်သည်။
ရှဲ့ချောင် ထိုအရာအား သတိမပြုမိခဲ့။ ပင်မခြံဝန်းကိုသာ ပတ်ကြည့်နေခဲ့သည်။
နံရံဘေးနားက ငှက်ပျောရွက်များမှာ လေထဲ၌ တရှဲရှဲ မြည်နေကြ၏။
မကောင်းဆိုးဝါးဝိဉာဉ်တစ်ကောင် ဖြတ်သွားခဲ့သည်။
ရှဲ့ချောင်; “သခင်မလေးရဲ့ အမေ နေမကောင်းမဖြစ်ခင် ဒီခြံဝန်းထဲမှာ တစ်ယောက်ယောက်သေဖူးလား၊ မတော်တဆမှုဖြစ်ပြီး သေသွားတာမျိုး?"
••••