အခန်း (၁၅၉၄-၁၅၉၆)
Vol. 107 Ch. 1594-1596
အခန်း(၁၅၉၄)
ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေတွင် ကျန်းချန်သည် ဆွဲဆောင်မှုရှိသော အမျိုးသမီး ပေးထားသော အချက်အလက်များအရ တောင်ဘက်အရပ် ဆီသို့ ဦးတည်၍ သွားခဲ့သည်။
နေ့တစ်ဝက် မကြာမီမှာပင် ကျန်းချန်သည် တောင်တန်းတစ်ခုဆီသို့ ဝင်ရောက်လာခဲ့သည်။
ထိုတောင်တန်းထဲတွင် အန္တရာယ်များသည် နေရာတိုင်းတွင် ရှိနေပြီး မွန်းစတား အမျိုးမျိုးသည်လည်း မကြာခဏ ထွက်ပေါ်တတ်သည်။
ကျန်းချန်က ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်နှင့် နှိုင်းယှဥ်နိုင်သော သားရဲအချို့၏ အားကောင်းသော အရှိန်အဝါကိုပင် ခံစားမိခဲ့သည်။
သူ၏ ခွန်အားက ယခုအခါတွင် အလွန်တရာ တိုးတက်လာသော်လည်း သတိကြီးစွာထားကာ ရှေ့သို့ ခရီးဆက်ခဲ့သည်။
အကယ်၍ သူသာ ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့် သားရဲကို အမှန်တကယ် လှုံ့ဆော်မိလျှင် လက်ရှိ ခွန်အားဖြင့်ပင် ရင်ဆိုင်ရန် ခက်ခဲမည်ကို စိုးရိမ်မိ၏။
နာရီဝက်ခန့်အကြာတွင် ပေ၁၀၀ အကွာ၌ ကြီးမားသောတောင်ကြားတစ်ခုကို မြင်လိုက်ရသည်။
ထိုတောင်ကြား၏ အပြင်ဘက်တွင် နယ်မြေ၄ခုမှ လူငယ်ပါရမီရှင် တစ်ဒါဇင်ခန့်သည် တောင်ကြားဝင်ပေါက်တွင် ရပ်နေခဲ့ကြပြီး တစ်စုံတစ်ရာကို စောင့်ဆိုင်းနေပုံရ၏။
ကျန်းချန်က ထိုလူငယ်ပါရမီရှင်များကို အနည်းငယ် အကဲခတ်လိုက်သည်။
၎င်းတို့၏ အဝတ်အစားများမှ တစ်ဆင့် ကျန်းချန်သည် ထိုလူငယ်များက မတူညီသော အင်အားစု နှစ်စုမှ ဖြစ်ကြောင်း အကြမ်းဖျင်းခန့်မှန်းမိခဲ့သည်။
ထိုအထဲမှ ၆ဦးသည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။
၎င်းတို့ကို ဦးဆောင်လာသော လူငယ်သည် ထျန်းလဲ့ဂိုဏ်းမှ ခန္ဓာကိုယ် သန်မာထွားကျိုင်းသော အမျိုးသားထက် ခွန်အားမနိမ့်ပေ။
ဆိုရလျှင် ထိုလူငယ်သည် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့် ဖြစ်၏။
အခြား၄ဦးကမူ အပြာရောင် ဝတ်စုံများကို ဝတ်ဆင်ထားပြီး ဝတ်စုံပေါ်တွင် ထူးဆန်းသော သင်္ကေတများကို ချည်ဖြင့်ထိုးထား၏။
ထို၄ဦး၏ ခေါင်းဆောင်မှာ အလွန်တရာ ခံ့ညားချောမောသော လူငယ်တစ်ဦး ဖြစ်သည်။
ထိုလူငယ်၏ အရှိန်အဝါက အလွန်တရာပင် နက်ရှိုင်းပြီး အနက်ရောင်ဝတ်စုံဝတ် လူငယ်များထက် သိသိသာသာပင် ပို၍ အားကောင်းနေခဲ့သည်။
သူ၏ ခန့်မှန်းချက်မမှားလျှင် ဤလူငယ်များသည် ကြယ်သင်္ကေတနယ်မြေမှ လာခဲ့ခြင်း ဖြစ်ပုံရသည်။
အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်၄ဦးသည် ကြယ်သင်္ကေတနယ်မြေရှိ နယ်မြေနတ်ဘုရားအဆင့်အင်အားစု၏ အဖွဲ့ဝင်များ ဖြစ်ပုံရသည်။
အခြားသော အနက်ရောင်ဝတ်စုံဝတ် လူငယ်၆ဦး သည်လည်း ကြယ်သင်္ကေတနယ်မြေရှိ အခြားသော နယ်မြေနတ်ဘုရားအင်အားစုမှ ဖြစ်နိုင်ခြေ များ၏။
ဆွဲဆောင်မှုရှိသော အမျိုးသမီး၏ ရှင်းပြချက်အရ နယ်မြေ၄ခုသည် မဟာနဂါးနယ်မြေကနေ ကွဲထွက်သွားခဲ့သော နယ်မြေများ ဖြစ်သည်။
သို့သော်လည်း ၎င်းတို့၏ အင်အားသည် ရှေးဟောင်းနဂါးကုန်းမြေထက် များစွာ သာလွန်နေခဲ့သည်။
ဆိုရလျှင် ထိုနယ်မြေတစ်ခုစီတွင် နယ်မြေနတ်ဘုရားအဆင့်ကျင့်ကြံသူ တစ်ဦးထက်မက ရှိ၏။
နယ်မြေ၄ခုရှိ နယ်မြေနတ်ဘုရားအဆင့် အင်အားစုအားလုံးသည် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေ ထဲသို့ ဝင်ရောက်ရန် ခွဲတမ်းအချို့ကို ရရှိကြသည်။
သို့သော်လည်း အင်အားအပေါ် မူတည်၍ ခွဲတမ်း အရေအတွက်များသည် တစ်ဂိုဏ်းနှင့် တစ်ဂိုဏ်း မတူညီကြပေ။
"ဝုန်း.."
ကျန်းချန်က ကြယ်သင်္ကေတနယ်မြေမှ ပါရမီရှင်များကို တိတ်တဆိတ် အကဲခတ်နေစဥ်မှာပင် လျှို့ဝှက်ဆန်းကြယ်သောတောင်ကြားကနေ စိမ်းပြာရောင် မိုးကြိုးမုန်တိုင်းတစ်ခုသည် ရုတ်တရက် ပျံ့နှံ့လာခဲ့သည်။
သိပ်မကြာခင်မှာပင် ပုံရိပ်၂ခုသည် တောင်ကြားထဲကနေ လွင့်စင်လာခဲ့သည်။
သူတို့၏ နှုတ်ခမ်းထောင့်တွင်လည်း သွေးများ စွန်းပေနေ၍ ထိခိုက်ဒဏ်ရာ ရရှိထားသည်မှာ ထင်ရှား၏။
ထိုနှစ်ဦးစလုံးသည် အဆင့်မြင့် ပကတိနတ်ဘုရား အထွတ်အထိပ်အဆင့် ကျင့်ကြံသူများ ဖြစ်ကြပြီး နင်ယန်နှင့်ဆွဲဆောင်မှုရှိသော အမျိုးသမီးထက် များစွာ အားကောင်းသည်။
ထိုနှစ်ဦး၏ ခွန်အားဖြင့်ပင် လျှို့ဝှက်ဆန်းကြယ်သောတောင်ကြားမှ ခွန်အားကြောင့် နောက်သို့ ဆုတ်ခဲ့ရသည်။
ဤသည်ကို ကြည့်လျှင် ထိုတောင်ကြားက မည်မျှပင် အန္တရာယ်ရှိသည်ကို ခန့်မှန်းနိုင်ပေသည်။
သူတို့၏ရှေ့ရှိ တောင်ကြားက အလွန်တရာပင် အန္တရာယ်များသော်လည်း နယ်မြေ၄ခုမှ ပါရမီရှင်များသည် မထွက်သွားကြဘဲ အထဲသို့ ဝင်ရောက်ရန် ကြိုးစားနေကြဆဲ ဖြစ်သည်။
တောင်ကြားထဲတွင် သူတို့အတွက် ကြီးမားသော အခွင့်အလမ်းတစ်ခု ရှိနေသည်မှာ သေချာနေ၏။
"အစ်ကိုကုန်းချီ.. ဒီတောင်ကြားရဲ့ မုန်တိုင်းက တကယ်ကိုအားကောင်းလွန်းတယ်.. ကျွန်တော်တို့ ဝင်ရောက်ဖို့ မဖြစ်နိုင်ဘူးထင်တယ်"
အနက်ရောင်ဝတ်စုံဝတ် လူငယ်များကို ခေါင်းဆောင်လာသော လူငယ်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
ထိုစကားကိုကြားလျှင် ကုန်းချီဟု ခေါ်သော အပြာရောင်ဝတ်စုံဝတ် လူငယ်၏ မျက်ဝန်းတွင် ထက်ရှသော အလင်းများ ဖျတ်ခနဲ လင်းလက်သွားခဲ့သည်။
"ဒီတောင်ကြားထဲမှာ မုန်တိုင်းကို ကျပန်းထုတ်လွှတ်စေတဲ့ အစီအရင် တစ်ခုရှိတယ်.. အားမလျှော့ပါနဲ့.. သိပ်မကြာခင်မှာ ငါတို့တွေ မုန်တိုင်း အစီအရင်ရဲ့ အားနည်းချက်ကို ရှာတွေ့နိုင်မှာပါ"
"ဟုတ်ကဲ့ အစ်ကိုကုန်းချီ"
အနက်ရောင်ဝတ်စုံဝတ် လူငယ်က ခေါင်းညိတ်လိုက်သည်။
သူတို့နှစ်ဦးက တောင်ကြားရှိ မုန်တိုင်းကို ဆက်လက် စူးစမ်းရန် ပြင်ဆင်နေသည့် အချိန်မှာပင် အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ရုတ်တရက် တစ်စုံတစ်ရာကို ခံစားမိခဲ့ပြီး အမူအရာ ပြောင်းလဲသွားခဲ့သည်။
သူက နောက်သို့ ရုတ်တရက် လှည့်လိုက်ပြီး သစ်တောထဲရှိ နေရာ တစ်နေရာကို စူးစိုက်ကြည့်ကာ အေးစက်စက် ကြုံးဝါးလိုက်သည်။
သူ၏ အသံက သစ်တောထဲတွင် ပဲ့တင်ထပ်သွားခဲ့၏။
"ဘယ်သူလဲ ထွက်လာခဲ့စမ်း"
အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ အော်ဟစ်သံသည် ကုန်းချီကိုပင် အနည်းငယ် အံ့အားသင့်သွားစေခဲ့သည်။
သူက အသိစိတ်အာရုံကို ထုတ်ဖော်ကာ ပတ်ဝန်းကျင်ကို အာရုံခံခဲ့သော်လည်း မည်သည့်အရာကိုမှ မခံစားမိခဲ့၍ လေးနက်သောအသံဖြင့် ပြောလိုက်သည်။
"ဝူထုံ.. ဒီမှာ တစ်ယောက်ယောက် ရှိနေတယ်ဆိုတာ သေချာရဲ့လား"
"အစ်ကိုကုန်း.. ကျွန်တော်တို့ နတ်ဆိုးဝိညာဥ်ဂိုဏ်းက ဝိညာဥ်လမ်းစဥ်မှာ အားကောင်းတယ်ဆိုတာ အစ်ကိုကုန်း သိမှာပါ.. ကျွန်တော့်ရဲ့ အသိစိတ်အာရုံက သာမန်လူတွေထက် ပိုပြီးတော့ အားကောင်းတယ်.. အသိစိတ်အာရုံ တစ်ခုတည်းကိုပဲ ပြောမယ်ဆိုရင် ကြယ်သင်္ကေတနယ်မြေမှာ ကျွန်တော်နှင့်ယှဥ်နိုင်တဲ့သူ အနည်းငယ်ပဲရှိတယ်"
အနက်ရောင်ဝတ်စုံဝတ် လူငယ်က ယုံကြည်မှုအပြည့်ဖြင့် ပြုံးကာ ပြောလိုက်သည်။
ထို့နောက် သူက သစ်တော ဆီသို့ လှမ်းကြည့်ကာ အေးစက်စက် ရေရွတ်လိုက်သည်။
"မင်းထွက်လာမှာမလား ဒါမှမဟုတ် ငါကိုယ်တိုင် မင်းကို လာခေါ်ထုတ်ရမလား"
"ဒီလူရဲ့ အသိစိတ်အာရုံက တကယ်ကို အစွမ်းထက်တာပဲ"
သူ၏ တည်ရှိမှုအား အနက်ရောင်ဝတ်စုံဝတ် လူငယ်က ခံစားမိသည်ကို မြင်လျှင် ကျန်းချန်သည် အနည်းငယ် မအံ့သြဘဲ မနေနိုင်တော့ပေ။
အဆင့်မြင့် ပကတိနတ်ဘုရား အထွတ်အထိပ် အဆင့်၏ အသိစိတ်အာရုံသည် ပေရာချီအကွာအဝေးကို လွှမ်းခြုံနိုင်သော်လည်း သူ၏ အရှိန်အဝါကို လျှို့ဝှက်ထားသဖြင့် သာမန်လူများသည် သူ့ကို သတိထားမိရန် မဖြစ်နိုင်ပေ။
ဤအနက်ရောင်ဝတ်စုံဝတ်လူငယ်၏ အသိစိတ်အာရုံသည် အပြာရောင်ဝတ်စုံဝတ် လူငယ်ထက် များစွာပို၍ ကြောက်မက်ဖွယ်ရာ ကောင်းပုံရ၏။
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်သည်။
ယခု သူ့ကို အနက်ရောင်ဝတ်စုံဝတ် လူငယ်က ရှာဖွေတွေ့ရှိသွားပြီဖြစ်ရာ သူ့အနေဖြင့် ပုန်းကွယ်နေရန် မလိုအပ်တော့ပေ။
သူက သစ်တောထဲကနေ ထွက်လာခဲ့ပြီး တောင်ကြား ရှေ့သို့ ရောက်ရှိလာခဲ့သည်။
"မင်းဘယ်သူလဲ.. ဘာလို့ တိတ်တဆိတ် ပုန်းအောင်းနေရတာလဲ"
ဝူထုံဟု ခေါ်သော အနက်ရောင်ဝတ်စုံဝတ် လူငယ်က ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်၍ မေးလိုက်သည်။
သူ၏မျက်ဝန်းများက အေးစက်စက် အလင်းများဖြင့် လင်းလက်နေခဲ့၏။
ကျန်းချန်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။
"ဘာမှမလုပ်ပါဘူး.. ကျွန်တော်က တောင်ကြားထဲကို သွားမလို့ပါ"
ကျန်းချန်၏ စကားကိုကြားလျှင် ဝူထုံ၏ မျက်လုံးများက အနည်းငယ် အေးစက်သွားခဲ့သည်။
"စိတ်မကောင်းပါဘူး.. ဒီတောင်ကြားက မင်းနဲ့ မပတ်သက်ဘူး.. မင်းအနေနဲ့ ဒီနေရာကို လက်ရှောင်လိုက်တာ အကောင်းဆုံး ဖြစ်လိမ့်မယ်"
သူ၏ရှေ့မှ ကောင်လေးက အလယ်အလတ် ပကတိနတ်ဘုရား အဆင့်သာ ရှိသော်လည်း ဝူထုံသည် သူ၏ ထက်မြက်သော အသိစိတ်အာရုံမှ တစ်ဆင့် ကျန်းချန်ထံမှ အန္တရာယ်ရှိသော အရှိန်အဝါကို ခံစားမိခဲ့သည်။
ထိုအကြောင်းကြောင့် ဝူထုံက ကျန်းချန်ကို တိုက်ရိုက် ရန်မရှာခဲ့ပေ။
"ဒီတောင်ကြားက မင်းရဲ့အပိုင် မဟုတ်ဘဲ မင်းက ငါ့ကို လက်ရှောင်ခိုင်းတယ်.. မင်းကိုမင်း ဘယ်သူလို့ ထင်နေတာလဲ"
ကျန်းချန်က မဲ့ပြုံးပြုံးလိုက်ပြီး အေးစက်စက် ရေရွတ်လိုက်သည်။
"တကယ်လို့ ငါက ဒီနေ့ တောင်ကြားထဲကို မဖြစ်မနေ သွားမယ်ဆိုရင်ရော.. "
တောင်ကြားကနေ ထူးခြားပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေသောကြောင့် သူ၏ ရှေ့ရှိ လျှို့ဝှက်ဆန်းကြယ်သော တောင်ကြားသည် အလွန်တရာ ထူးခြားပြီး သာမန်နေရာ တစ်ခု ဘယ်လိုမှ မဖြစ်နိုင်ပေ။
ထိုကဲ့သို့သော နေရာက သူ၏ အရှေ့တွင် ရှိနေပြီ ဖြစ်ရာ သူ့အနေဖြင့် အဘယ်ကြောင့် မစူးစမ်းဘဲ နေရပါမည်နည်း။
"ဝူထုံ.. မင်းသူ့ကို ဘာလို့ အပိုစကားတွေ ပြောနေတာလဲ.. သူက အလယ်အလတ် ပကတိနတ်ဘုရား တစ်ပါးထက် ဘာမှမပိုဘူး.. သူ့ကို သတ်ပစ်လိုက်"
ထိုအခိုက်အတန့်တွင် ကုန်းချီ၏ အနည်းငယ် စိတ်မရှည်သောလေသံက ထွက်ပေါ်လာခဲ့သည်။
"ကောင်လေး.. မင်းက ကိုယ့်သေလမ်း ကိုယ်ရှာနေတယ်ဆိုမှတော့ ငါမင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်"
ကုန်းချီ၏ စကားကိုကြားလျှင် ဝူထုံက တုံ့ဆိုင်းမနေတော့ပေ။
သူက သူ၏ လက်ကို ဝှေ့ယမ်းလိုက်ပြီး သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ကြုံးဝါးလိုက်သည်။
"ဒီကောင့်ကို သတ်ကြ"
ဝူထုံ၏ စကားသံဆုံးသည်နှင့် ဝူထုံ၏ နံဘေးရှိ အဆင့်မြင့် ပကတိနတ်ဘုရား တစ်ပါးသည် ချက်ချင်းဆိုသလိုပင် ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။
"မေဘေး သေဖို့သာ ပြင်ထားလိုက်တော့"
အနက်ရောင်ဝတ်စုံဝတ် လူငယ်က ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်လိုက်ပြီး သူ၏ လက်ဖဝါးများကို ဝှေ့ယမ်းလိုက်သည်။
ထို့နောက်တွင် ဧရာမ အနက်ရောင် လက်ဝါးတစ်ခုသည် ကြောက်မက်ဖွယ်ကောင်းသော ဝိညာဥ်စွမ်းအားကို သယ်ဆောင်ကာ ကျန်းချန်ဆီသို့ သက်ရောက်လာခဲ့သည်။
အခန်း(၁၅၉၄)ပြီး၏။
အခန်း(၁၅၉၅)
"ဝိညာဥ်လမ်းစဥ်ဥပဒေသပါလား"
အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ လက်ဝါးရိုက်ချက်ကို ကြည့်ရင်း ကျန်းချန်၏ မျက်ဝန်းတွင် အံ့သြသော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
အနက်ရောင်ဝတ်စုံဝတ် လူငယ် ထုတ်ဖော်ထားသော လက်ဝါးတွင် ကိုယ်ခံပညာဥပဒေသ၏ စွမ်းအားများ ပါဝင်ရုံသာမက ထိုဥပဒေသစွမ်းအားသည် ဝိညာဥ်အပေါ်ကို တိုက်ရိုက် သက်ရောက်မှု ရှိပုံရ၏။
ထိုကဲ့သို့ ကိုယ်ခံပညာ ဥပဒေသသည် မယုံကြည်နိုင်လောက်အောင် ရှားပါးသော ဝိညာဥ်လမ်းစဥ် ဥပဒေသ ဖြစ်သည်မှာ သံသယဖြစ်စရာ မလိုပေ။
ကိုယ်ခံပညာဥပဒေသ လမ်းစဥ် ၃၀၀၀ ရှိပြီး ကမ္ဘာပေါ်ရှိ အရာအားလုံးသည် လမ်းစဥ်များ ဖြစ်နိုင်သည်။
ထို့ကြောင့် ဝိညာဥ်လမ်းစဥ်သည် ကိုယ်ခံပညာဥပဒေသ ၃၀၀၀ထဲမှ လမ်းစဥ်တစ်ခု ဖြစ်၏။
ဝိညာဥ်လမ်းစဥ်သည် အချိန်ဥပဒေသနှင့် နေရာလွတ် ဥပဒေသများထက် ပို၍ ကျင့်ကြံရန်ခက်ခဲပြီး အချိန်ကုန်လွန်မှုလည်း အလွန်များပြားသည်။
ယင်းအတွက်ကြောင့် ယေဘုယျအားဖြင့် ဝိညာဥ်လမ်းစဥ်ကို ကျင့်ကြံသူအနည်းငယ်မျှသာ ရှိ၏။
"ဝူထုံ ဆိုတဲ့လူက ငါ့ရဲ့တည်ရှိမှုကို ရှာဖွေတွေ့ရှိနေတာ အံ့သြစရာမဟုတ်တော့ဘူး.. သူ ကျင့်ကြံထားတဲ့ ဥပဒေသက ဝိညာဥ်လမ်းစဥ် ဥပဒေသ ဖြစ်နိုင်ခြေ အရမ်းများတယ်"
ကျန်းချန်က စိတ်နှလုံးထဲကနေ တအံ့တသြ ရေရွတ်လိုက်သည်။
ဤအနက်ရောင်ဝတ်စုံဝတ် လူငယ် အသုံးပြုသော အင်အားသည် ဝိညာဥ်လမ်းစဥ်ကို အထူးပြုသည့် စွမ်းအား ဖြစ်နေနိုင်၏။
ထိုအတွေးမျိုး ဝင်ရောက်လာသည်နှင့် ကျန်းချန်သည် လုံးဝ မပေါ့ဆဝံ့တော့ပေ။
သူက လက်ဟန်များကို ပြုလုပ်ကာ ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်ကို ထုတ်ဖော်၍ အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ ဧရာမအနက်ရောင်လက်ဝါးနှင့် ရင်ဆိုင်လိုက်သည်။
ယခုအခါတွင် သူ၏ ကျင့်ကြံခြင်းအဆင့်သည် အလယ်အလတ် ပကတိနတ်ဘုရား အထွတ်အထိပ်သို့ ရောက်ရှိသွားပြီ ဖြစ်ပြီး နတ်ဘုရင်အဆင့် နည်းစနစ်ဖြစ်သည့် ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်၏ ကောင်းချီးဖြင့် သူ၏ နတ်စွမ်းအားသည် အဆင့်မြင့်ပကတိနတ်ဘုရား နှောင်းပိုင်းအဆင့် ကျင့်ကြံသူများထက် အားမနည်းပေ။
ထို့အပြင် သူ၏ ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်သည် ဝိညာဥ်လမ်းစဥ် ဥပဒေသစွမ်းအား၏ ရန်ဘက် ဖြစ်နေခဲ့၏။
အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ ဧရာမ အနက်ရောင်လက်ဝါးသည် ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်နှင့် ထိတွေ့မိသည်နှင့် ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။
ထို့နောက်တွင် ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်သည် မိုးကြိုးကဲ့သို့ အရှိန်အဟုန်ဖြင့် အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို တိုက်ရိုက်ပင် ဖိနှိပ်လိုက်၏။
အနက်ရောင်ဝတ်စုံဝတ် လူငယ်က တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်၏ စွမ်းအားကို ရင်ဆိုင်လိုက်ရ၏။
"ဝုန်း.."
အနက်ရောင်ဝတ်စုံဝတ် လူငယ်က ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် ပေ၁၀၀ အကွာရှိ မြေပြင်ပေါ်သို့ ပြင်းထန်စွာပြုတ်ကျသွားခဲ့ပြီး မြေပြင်ပေါ်တွင် ဧရာမတွင်းပေါက်ကြီး တစ်ခုကိုပင် ဖြစ်ပေါ်စေခဲ့သည်။
သူက ထိုတွင်းပေါက်ထဲတွင် တိုက်ရိုက်ပင် မေ့လဲသွားခဲ့၏။
ကျန်းချန်၏ လက်ရှိ တိုက်ခိုက်ရေးစွမ်းရည်သည် သာမန် အဆင့်မြင့် ပကတိနတ်ဘုရားများကို မှုနေစရာ မလိုအပ်တော့ပေ။
ကျန်းချန်က အလယ်အလတ် ပကတိနတ်ဘုရား အဆင့်ဖြစ်ပင် အဆင့်မြင့် ပကတိနတ်ဘုရား နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးအား ဒဏ်ရာရစေခဲ့သည်ကို မြင်လျှင် ဝူထုံသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
ဤကောင်လေးသည် သူခန့်မှန်းထားသည့် အတိုင်းပင် သာမန်အလယ်အလတ် ပကတိနတ်ဘုရား တစ်ပါးလောက် မရိုးရှင်းပေ။
"စိတ်ဝင်စားစရာပဲ"
နံဘေးရှိ ကုန်းချီ၏ မျက်ဝန်းများတွင်လည်း အံ့သြသောအမူအရာများ ဖြစ်ပေါ်နေခဲ့သည်။
သာမန် အဆင့်မြင့် ပကတိနတ်ဘုရားတစ်ဦးက ဤကောင်လေးကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့လျှင် ကုန်းချီသည် ဂရုစိုက်နေမည် မဟုတ်ပေ။
သို့သော်လည်း ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေထဲကို ဝင်ရောက်လာသူများသည် နယ်မြေ၄ခုမှ ပါရမီရှင်များချည်း ဖြစ်ကြသည်။
ထို့အပြင် အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် အဆင့်မြင့် ပကတိနတ်ဘုရား နှောင်းပိုင်းအဆင့်တွင်ရှိပြီး အလွန်တရာဆန်းကြယ်သော ဝိညာဥ်လမ်းစဥ် ဥပဒေသကို ကျင့်ကြံထားသူလည်း ဖြစ်၏။
ဆိုရလျှင် ၎င်းက သာမန် အဆင့်မြင့် ပကတိနတ်ဘုရား အထွတ်အထိပ် ကျင့်ကြံသူများထက်ပင် ပို၍အားကောင်း၏။
သို့ရာတွင် ထိုကောင်လေးသည် တစ်ကွက်တည်းဖြင့် အပြင်းအထန် ဒဏ်ရာရအောင် လုပ်ဆောင်နိုင်ခဲ့သည်။
"ကောင်လေး.. ငါ့ရဲ့ရှေ့မှာ ငါတို့ နတ်ဆိုးဝိညာဥ်ဂိုဏ်းက တပည့်ကို ဒဏ်ရာရအောင် လုပ်ရဲတယ် မင်းက ကိုယ့်သေလမ်း ကိုယ်ရှာနေတာပဲ"
ဝူထုံ၏ မျက်ဝန်းများက အေးစက်နေခဲ့သည်။
သူ၏ ခန္ဓာကိုယ် တစ်ခုလုံးတွင်လည်း သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ပြည့်နှက်နေခဲ့၏။
ဤကောင်လေးက မည်မျှပင် ထူးဆန်းနေပါစေ၊ သူတို့နတ်ဆိုးဝိညာဥ်ဂိုဏ်းမှ တပည့်ကို တပည့်ကို ထိခိုက်ဒဏ်ရာရအောင်လုပ်ဆောင်ပြီး တောင်ကြားထဲသို့ အတင်းအကျပ် ဝင်ရောက်ရဲလျှင် သေလမ်းတစ်ခုသာလျှင် ရင်ဆိုင်ရမည် ဖြစ်၏။
ဝူထုံက ကြုံးဝါးပြီးသည်နှင့် သူ၏ လက်ဖဝါးကို အနည်းငယ်မြှောက်လိုက်သည်။
ထိုအခါ ကြောက်မက်ဖွယ်ကောင်းသော ဝိညာဥ်လမ်းစဥ်ဥပဒေသ စွမ်းအားက ထွက်ပေါ်လာခဲ့ပြီး ပေ၁၀၀၀ ရှည်သော အနက်ရောင်ဝိညာဥ်ဓား အဖြစ်သို့ တိုက်ရိုက်ပင် ပြောင်းလဲသွားခဲ့သည်။
ဝူထုံက ထိုအနက်ရောင်ဝိညာဥ်ဓားဖြင့် ကျန်းချန်ကို ခုတ်ပိုင်းလိုက်၏။
ဤအနက်ရောင်ဝိညာဥ်ဓားတွင် ပါဝင်သည့် ကြောက်မက်ဖွယ်ရာကောင်းသော ဝိညာဥ်ဖိအားသည် သာမန် အဆင့်မြင့် ပကတိနတ်ဘုရား နယ်ပယ်မှ ကျင့်ကြံသူ၏ ဝိညာဥ်ကိုပင် ချက်ချင်းဆိုသလိုပင် ကြေမွသွားစေရန် လုံလောက်သည်။
ကျန်းချန်က သူ၏ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ၁၀မိုင်အကွာရှိ ကောင်းကင်နှင့်မြေကြီး၏ အသက်စွမ်းအားများကို ဓားမိုးများ အဖြစ်သို့ ချက်ချင်းဆိုသလို ပြောင်းလဲလိုက်သည်။
ဓားမိုးများသည် ပေ၁၀၀၀ ရှည်လျားသော ဝိညာဥ်ဓားပေါ်သို့ ကြောက်မက်ဖွယ် စွမ်းအားကို သယ်ဆောင်ကာ ကျဆင်းလာခဲ့၏။
၎င်းတို့က အနက်ရောင်ဝိညာဥ်ဓားကို ထိမှန်သွားပြီးနောက်တွင် မျက်စိဖြင့် မြင်နိုင်သော အပေါက်များကို ဓားပေါ်၌ ဖြစ်ပေါ်စေခဲ့သည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် အနက်ရောင် ဝိညာဥ်ဓားတွင် မြင်သာသော အပေါက် အများအပြား ဖြစ်ပေါ်လာခဲ့ပြီး သိပ်မကြာခင်မှာပင် လေထဲ၌ ပေါက်ကွဲထွက်သွားခဲ့သည်။
အနက်ရောင်ဝိညာဥ်ဓား ပေါက်ကွဲသွားပြီနောက်တွင် ဝူထုံ၏ ပုံရိပ်သည်လည်း ခြေလှမ်းများစွာ နောက်သို့ ဆုတ်လိုက်ရ၏။
သူ ခြေတစ်လှမ်း ဆုတ်လိုက်တိုင်းတွင် သူ၏ ခြေဖဝါးသည် မြေကြီးထဲတွင် ၂ပေ ၃ပေခန့် နစ်ဝင်သွားခဲ့သည်။
ထို့အပြင် ပေ၁၀၀ အကွာရှိ မြေပြင် သည်ပင် အဆက်မပြတ် တုန်ခါသွားခဲ့၏။
"ကောင်လေး မင်းက ဘယ်ဆိုးလို့လဲ.. ငါ့ကိုတောင် နောက်ဆုတ်အောင် လုပ်နိုင်တယ်.. မင်းလို အလယ်အလတ် ပကတိနတ်ဘုရားတစ်ပါးကို အနိုင်မယူနိုင်ဘူးလို့ ငါမယုံဘူး"
အလယ်အလတ် ပကတိနတ်ဘုရား တစ်ပါးက သူ့လို ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား တစ်ပါးကို နောက်ဆုတ်အောင် လုပ်နိုင်ခဲ့သည် ဖြစ်ရာ ဝူထုံသည် ဒေါသ အကြီးအကျယ် ထွက်လာခဲ့သည်။
သူ၏ သတ်ဖြတ်လိုသော စိတ်ဆန္ဒများကလည်း ချက်ချင်းဆိုသလို မြင့်တက်လာခဲ့၏။
ထို့နောက်တွင် သူ၏ ခန္ဓာကိုယ်ကနေ ကြောက်မက်ဖွယ်ဝိညာဥ်စွမ်းအားများ ပျံ့နှံ့လာခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်နေသော ဧရာမ အနက်ရောင်မြွေ ရာပေါင်းများစွာ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထိုဧရာမအနက်ရောင် မြွေရာချီသည် ဝူထုံကို ဗဟိုပြု၍ လေထုထဲတွင် ရှိနေခဲ့သည်။
ထို့နောက်တွင် ဧရာမ အနက်ရောင်မြွေများသည် ငရဲဘုံ ကိုးပါးမှ နတ်ဆိုးမြွေများကဲ့သို့ ကြောက်မက်ဖွယ် တွန်သံများဖြင့် တွန်ကျူးလိုက်ကြသည်။
တစ်ချိန်တည်းမှာ ၁၀မိုင်အကွာရှိ နေရာလွတ်သည် ဝိညာဥ်ကိုပင် တုန်လှုပ်စေသည့် ကြောက်မက်ဖွယ်ကောင်းသော အေးစက်စက် အရှိန်အဝါများဖြင့် ပြည့်နှက်သွားခဲ့သည်။
"ကောင်းကင်ဝါးမျို မြွေနည်းစနစ်"
ဤနည်းစနစ်သည် နတ်ဆိုးဝိညာဥ်ဂိုဏ်း၏ အထွတ်အထိပ် နည်းစနစ်ဖြစ်ပြီး နယ်မြေနတ်ဘုရားအဆင့် နည်းစနစ်လည်း ဖြစ်သည်။
ထိုနည်းစနစ်က အလွန်တရာပင် အစွမ်းထက်ပြီး ဝူထုံ၏ အားအကိုးရဆုံး တိုက်ခိုက်ရေး နည်းစနစ်တစ်ခု ဆိုလည်းမမှားပေ။
ဝူထုံသည် ဤနည်းစနစ်ဖြင့် ကြယ်သင်္ကေတနယ်မြေရှိ မရေမတွက်နိုင်သော ပါရမီရှင်များကို သတ်ဖြတ်ရန် အသုံးပြုခဲ့ဖူးသည်။
ထိုနည်းစနစ်ကို အသုံးပြုလျှင် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်ဖြစ်သော ကုန်းချီပင် ဝူထုံကို သတိထား၍ ရင်ဆိုင်ရမည် ဖြစ်၏။
ဝူထုံက သူ၏ တိုက်ကွက်ကို ထိုကောင်လေး မည်ကဲ့သို့ ရင်ဆိုင်မလဲ ဆိုသည်အား အလွန်တရာ သိချင်နေခဲ့သည်။
"ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်"
ကျန်းချန်က ကျယ်လောင်စွာ တွန်ကျူးနေသော အနက်ရောင်မြွေ ရာချီကို အေးစက်စက် မျက်လုံးများဖြင့် စူးစိုက်ကြည့်လိုက်ပြီးနောက်တွင် ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို ထုတ်ဖော်လိုက်သည်။
ကောင်းကင်နှင့်နေမင်းကိုပင် လွှမ်းခြုံထားသည့် ပေထောင်ချီ ရှိသော ရွှေရောင်ပုံရိပ် တစ်ခုသည် လေထုထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ထိုပုံရိပ်မှာ ဟင်းလင်းပြင်ထဲတွင် အိပ်စက်နေသည့် နဂါးတစ်ကောင်၏ပုံရိပ် ဖြစ်သည်။
ထိုအချိန်မှာပင် အိပ်စက်နေသော နဂါးသည် ရုတ်တရက် မျက်လုံးဖွင့်လာခဲ့ပြီး ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။
နဂါး၏ ဟိန်းဟောက်သံနှင့်အတူ အဆုံးမဲ့ နတ်စွမ်းအားများက ထွက်ပေါ်လာခဲ့ပြီး အနက်ရောင်မြွေရာချီကို ဖိနှိပ်လိုက်၏။
ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်က အဆက်မပြတ် တိုးတက်လာမှုနှင့်အတူ ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်သည် သံသယ ဖြစ်စရာ မလိုလောက်အောက်ပင် ပို၍ အားကောင်းလာခဲ့သည်။
ဝူထုံ၏ အနက်ရောင်မြွေများသည် ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်၏ ဖိနှိပ်မှုအောက်တွင် အော်ဟစ်ရန်ပင် အချိန်မရလိုက်ဘဲ လေထဲတွင် ပျက်စီးသွားခဲ့သည်။
"ဝုန်း..ဝုန်း..ဝုန်း.."
ချက်ချင်းဆိုသလိုပင် ပြင်းထန်သော ပေါက်ကွဲသံများသည် လေထဲတွင် ပဲ့တင်ထပ်သွားခဲ့၏။
တစ်ခဏအတွင်း ရွှေရောင်ပုံရိပ်၏ ဖိနှိပ်မှုအောက်တွင် အနက်ရောင်မြွေရာချီသည် လုံးဝ ပျက်စီးသွားခဲ့သည်။
ရွှေရောင်ပုံရိပ်၏ စွမ်းအားက အနက်ရောင်မြွေ ရာချီကို ကြေမွသွားစေခဲ့ပြီးနောက်တွင် ဝူထုံ၏ ခန္ဓာကိုယ်ပေါ်မှ အတားအဆီးကို ထိုးဖောက်ကာ ဝူထုံ၏ ခန္ဓာကိုယ်ကို သက်ရောက်သွားခဲ့သည်။
အခန်း(၁၅၉၅)ပြီး၏။
အခန်း(၁၅၉၆)
"ဝုန်း.."
ထိုအခိုက်အတန့်တွင် ကောင်းကင်ယံကိုပင် တုန်လှုပ်စေသော ပေါက်ကွဲသံသည် ထွက်ပေါ်လာခဲ့သည်။
တောက်ပသော ရွှေရောင်အလင်းသည် ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ပြီး ကောင်းကင်ယံရှိ နေမင်းကိုပင် မှေးမှိန်သွားစေခဲ့သည်။
"အစ်ကိုဝူရဲ့ ကောင်းကင်ဝါးမျို မြွေနည်းစနစ်ကို ဒီကောင်လေးက ဖျက်ဆီးလိုက်တယ်လား"
သူတို့ရှေ့မှ မြင်ကွင်းကို ကြည့်ရင်း နတ်ဆိုးဝိညာဥ်ဂိုဏ်းမှ တပည့်များ၏ မျက်ဝန်းများတွင် မယုံကြည်နိုင်လောက်အောင် အံ့သြတုန်လှုပ်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ကောင်းကင်ဝါးမျို မြွေနည်းစနစ်သည် နတ်ဆိုးဝိညာဥ်ဂိုဏ်း၏ အစွမ်းအထက်ဆုံး နတ်မြေနတ်ဘုရားအဆင့် နည်းစနစ်တစ်ခု ဖြစ်ပြီး ကျင့်ကြံဖို့လည်း အလွန်တရာခက်ခဲ၏။
နတ်ဆိုးဝိညာဥ်ဂိုဏ်းတွင် ပကတိနတ်ဘုရားနယ်ပယ်အဆင့်ဖြင့် ထိုနည်းစနစ်ကို ကျင့်ကြံနိုင်သော ပါရမီရှင် နှစ်ဦးသာရှိသည်။
ဆိုရလျှင် သူတို့ရှေ့ရှိ စီနီယာအစ်ကို ဝူထုံသည် ထိုနှစ်ဦးထဲမှ တစ်ဦးဖြစ်သည်။
စီနီယာအစ်ကို ဝူထုံ၏ ကောင်းကင်ဝါးမျို မြွေနည်းစနစ်ဖြင့် ရင်ဆိုင်ရသောအခါတွင် သူတို့ရှေ့ရှိ ကောင်လေးသည် လုံးဝအသာစီးရနေလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ပေ။
သူတို့ကို ပို၍ အံ့အားသင့်စေသောအရာမှာ ထိုကောင်လေး၏ ကျင့်ကြံခြင်းအဆင့်သည် အလယ်အလတ် ပကတိနတ်ဘုရားအဆင့်တွင်သာ ရှိနေခြင်းပင်။
အလယ်အလတ် ပကတိနတ်ဘုရားအဆင့် ကျင့်ကြံသူသည် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူ၏ အားအကောင်းဆုံး နယ်မြေနတ်ဘုရားအဆင့် နည်းစနစ်ကို အမှန်တကယ်ပင် ချေဖျက်နိုင်ပါသလော။
"ဒါ.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. ဒီကောင်လေးက ဝူထုံရဲ့နည်းစနစ်ကို သိုင်းစွမ်းအားပုံရိပ်နဲ့ ဖိနှိပ်နိုင်ခဲ့တာပဲ"
ရွှေရောင်အလင်းများဖြင့် လွှမ်းခြုံနေသော မြင်ကွင်းကို ကြည့်ရင်း ကုန်းချီသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
နတ်ဆိုးဝိညာဥ်ဂိုဏ်းသည် ကြယ်သင်္ကေတ နယ်မြေ၏ ဒုတိယ အင်အားအကြီးဆုံး နယ်မြေနတ်ဘုရားအဆင့် အင်အားစု ဖြစ်သည်။
ထို့ကြောင့် ကုန်းချီသည် နတ်ဆိုးဝိညာဥ်ဂိုဏ်း အကြောင်းကို ကောင်းစွာ သိရှိထားခဲ့၏။
နတ်ဆိုးဝိညာဥ်ဂိုဏ်း၏ နယ်မြေနတ်ဘုရား အဆင့် နည်းစနစ် ဖြစ်သည့် ကောင်းကင်ဝါးမျို မြွေနည်းစနစ်သည် ကြယ်သင်္ကေတနယ်မြေ တစ်ခုလုံးမှာပင် အလွန်တရာ နာမည်ကြီးပြီး ကြယ်သင်္ကေတဂိုဏ်း၏ အစွမ်းအထက်ဆုံး နယ်မြေနတ်ဘုရား နည်းစနစ်ဖြစ်သော အင်မော်တယ်ကြယ် နည်းစနစ်ဖြင့် နှိုင်းယှဥ်လျှင်ပင် အနည်းငယ်မျှ မနိမ့်ကျပေ။
သူကိုယ်တိုင်ပင်လျှင် ထိုကောင်လေးကဲ့သို့ သိုင်းစွမ်းအားဖြင့် ဝူထုံကို အနိုင်ယူနိုင်မည် မဟုတ်ချေ။
သူ၏ရှေ့မှ ကောင်လေးသည် အလယ်အလတ် ပကတိနတ်ဘုရားအဆင့်သာ ရှိသော်လည်း ဝူထုံကို ဖိနှိပ်ရန်အတွက် သိုင်းစွမ်းအားပုံရိပ်ကို အသုံးပြုခဲ့သည်။
ထိုအခိုက်တွင် ကုန်းချီ၏ မျက်ဝန်းများသည် တဖျပ်ဖျပ် လက်သွားခဲ့၏။
ဤကောင်လေးသည် ကျင့်ကြံခြင်းအဆင့် နိမ့်ကျသော်လည်း သိုင်းစွမ်းအားပုံရိပ်ကို မှီခိုကာ ဝူထုံ၏ ကောင်းကင်ဝါးမျို မြွေနည်းစနစ်ကို အနိုင်ယူခဲ့၏။
ထိုကဲ့သို့သော အခြေအနေတွင် ဖြစ်နိုင်ခြေသည် တစ်ခုတည်းသာ ရှိသည်။
ယင်းမှာ ထိုကောင်လေး၏ လျှို့ဝှက်နည်းစနစ်သည် ဝူထုံ အသုံးပြုခဲ့သော နယ်မြေနတ်ဘုရားအဆင့် နည်းစနစ်၏ အဆင့်အတန်းထက် ကျော်လွန်နေခြင်းပင်။
ဝူထုံ၏ ကောင်းကင်ဝါးမျို မြွေနည်းစနစ်သည် ထိပ်တန်း နယ်မြေနတ်ဘုရားအဆင့် နည်းစနစ်တစ်ခုအဖြစ် သတ်မှတ်နိုင်၏။
သို့ဆိုလျှင် ထိုကောင်လေး၏ လျှို့ဝှက်နည်းစနစ်သည် ဒဏ္ဍာရီလာ နတ်ဘုရင်အဆင့် နည်းစနစ် ဖြစ်နိုင်ခြေ အလွန်များသည် မဟုတ်ပါလား။
ထိုသို့တွေးမိလျှင် ကုန်းချီ၏ မျက်ဝန်းတွင် လောဘအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
နတ်ဘုရင်အဆင့်သည် ကောင်းကင်နတ်ဘုရား အဆင့်ကို ကျော်လွန်နေသောအဆင့် ဖြစ်ပြီး နတ်ဘုရားနယ်မြေရှိ သတ္တဝါအားလုံး၏ အထွတ်အထိပ်အဆင့်အတန်းလည်း ဖြစ်သည်။
ဆိုရလျှင် နတ်ဘုရင်နှင့် ပတ်သက်သည့် မည်သည့်အရာမဆို မရေမတွက်နိုင်သော ကိုယ်ခံပညာရှင်များ၏ စိတ်ကူးအိပ်မက်ထဲမှ ရတနာများပင် ဖြစ်၏။
ထို့ကြောင့် နတ်ဘုရင်အဆင့် နည်းစနစ်များသည် ကမ္ဘာပေါ်ရှိ နည်းစနစ်ထောင်ပေါင်း များစွာကို ဖိနှိပ်နိုင်သည့် အထွတ်အထိပ် နည်းစနစ်များ ဖြစ်ကြသည်။
မဟာနဂါးနယ်မြေနှင့် မဟာနဂါးနန်းတော် ပျောက်ဆုံးသွားပြီးနောက်တွင် နတ်ဘုရင်အဆင့် နည်းစနစ်များသည် နယ်မြေလေးခုတွင် ဒဏ္ဍာရီသဖွယ် ဖြစ်လာခဲ့သည်။
သူ၏ရှေ့ရှိ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ဒဏ္ဍာရီလာ နတ်ဘုရင်အဆင့် နည်းစနစ်ကို တတ်မြောက်ထားလိမ့်မည်ဟု ကုန်းချီ မမျှော်လင့်ခဲ့ပေ။
"ဒီကောင့် ကိုယ်ပေါ်က နတ်ဘုရင်အဆင့် နည်းစနစ်ကို ရယူရမယ်"
ကုန်းချီ၏ မျက်ဝန်းများက တောက်ပလာခဲ့သည်။
နတ်ဘုရင်အဆင့် လျှို့ဝှက်နည်းစနစ်သည် ကြီးမားသောအခွင့်အလမ်းတစ်ခု ဖြစ်သည်။
လူတိုင်း၏ ထိတ်လန့် တုန်လှုပ်မှုများကြားမှာပင် ပတ်ဝန်းကျင်ကို လွှမ်းခြုံထားသော တောက်ပသော ရွှေရောင်အလင်းသည် အဆုံးသတ်တွင် ပြန့်ကျဲသွားခဲ့ပြီး မြင်ကွင်းတစ်ခုကို တဖြည်းဖြည်း ဖော်ပြပေးခဲ့သည်။
သူတို့၏ အမြင်အာရုံတွင် ဦးစွာ ပေါ်ထွက်လာသည်မှာ ဝင့်ကြွားစွာ ရပ်နေသော အနက်ရောင်ဝတ်စုံဝတ် လူငယ်လေး တစ်ဦး ဖြစ်သည်။
ထိုလူငယ်နှင့် မလှမ်းမကမ်းတွင်မူ ဧရာမ တွင်းနက်ကြီး တစ်ခုဖြစ်ပေါ်နေခဲ့ပြီး ထိုတွင်းနက်ထဲတွင် အနက်ရောင်ပုံရိပ် တစ်ခုသည် သွေးအလိမ်းလိမ်းဖြင့် လဲလျောင်းနေခဲ့သည်။
ထိုသူမှာ တခြားသူမဟုတ်ဘဲ ဝူထုံပင် ဖြစ်သည်။
"လခွမ်း.. ထိုက်စု အထွတ်အထိပ်နည်းစနစ်က နတ်ဘုရင်အဆင့်နည်းစနစ်လို့မပြောရဘူး တကယ်ကိုကြောက်ဖို့ကောင်းတာပဲ"
ဝူထုံ၏ ဆိုးရွားသော အခြေအနေကိုကြည့်ရင်း ကျန်းချန်သည်ပင် အံ့အားသင့်သွားခဲ့သည်။
သူ၏ ခွန်အားတိုးတက်လာမှုနှင့်အတူ ထိုက်စုအထွတ်အထိပ် နည်းစနစ်သည်လည်း နတ်ဘုရင်အဆင့်နည်းစနစ်၏ ကြောက်မက်ဖွယ် စွမ်းအားကို ပြသလာခဲ့ပြီ မဟုတ်ပါလား။
သူသာ အဆင့်မြင့် ပကတိနတ်ဘုရား အဆင့်တွင် ရှိနေခဲ့လျှင် ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်းနည်းစနစ်ဖြင့် သူ၏ ရှေ့မှ ဝူထုံကို တစ်ချက်တည်းဖြင့် သတ်ဖြတ်ရန်ပင် ယုံကြည်မှု ရှိလာခဲ့သည်။
ဝူထုံက ဖြူဖျော့နေသော မျက်နှာနှင့် တွင်းနက်ထဲကနေ ထွက်လာခဲ့သည်။
ဆန့်ကျင်ဘက်မှ ကျန်းချန်ကို ကြည့်ကာ သူ၏ မျက်ဝန်းတွင် ထိတ်လန့်သော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့၏။
"နတ်ဘုရင်အဆင့် လျှို့ဝှက်နည်းစနစ်ပါလား.. မင်း မင်းက တကယ်ပဲ နတ်ဘုရင်အဆင့် နည်းစနစ်ကို တတ်မြောက်ထားတယ်လား"
အလယ်အလတ် ပကတိနတ်ဘုရားအဆင့်ဖြင့် သူ၏ ကောင်းကင်ဝါးမျို မြွေနည်းစနစ်ကို ဖိနှိပ်နိုင်ရန်မှာ နတ်ဘုရင်အဆင့် နည်းစနစ်သာလျှင် လုပ်ဆောင်နိုင်လိမ့်မည်ဟု သူခန့်မှန်းမိခဲ့သည်။
"နယ်မြေလေးခုမှာ မင်းလို နတ်ဘုရင်အဆင့် နည်းစနစ်ကို ရရှိထားသူတစ်ယောက် ရှိနေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး"
ထိုအခိုက်အတန့်တွင် အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ကုန်းချီသည် ရှေ့သို့ တက်လာ၍ ပြောလိုက်သည်။
သူက ဆန့်ကျင်ဘက်မှ ကျန်းချန်ကို ကြည့်ကာ ခပ်ယဲ့ယဲ့ပြုံး၍ မေးလိုက်သည်။
"မင်းဘယ်နယ်မြေက လာသလဲဆိုတာ သိပါရစေ"
"ငါ့ဘာသာ ဘယ်နယ်မြေကလာလာ မင်းနဲ့ဘာမှမဆိုင်ဘူး"
ကျန်းချန်က ဘာကိုမှ အရေးမစိုက်သော အမူအရာအဖြင့် ပြောလိုက်သည်။
"ငါအခု တောင်ကြားထဲဝင်တော့မယ်.. မင်းတို့ ငါ့ကို တားချင်သေးလား"
"မင်းအနေနဲ့ တောင်ကြားထဲ ဝင်ဖို့က မဖြစ်နိုင်တာတော့ မဟုတ်ဘူး"
ကုန်းချီက ပြုံး၍ ပြောလိုက်သည်။
"မင်း ငါတို့နှစ်ယောက်ကို နတ်ဘုရင်အဆင့် လျှို့ဝှက်နည်းစနစ်ပေးသရွေ့ တောင်ကြားထဲကို လွတ်လွတ်လပ်လပ်ဝင်ရောက်နိုင်တယ်"
"အကယ်၍ ငါက သဘောမတူရင်ရော"
ကုန်းချီက သူ၏ ထိုက်စုအထွတ်အထိပ် နည်းစနစ်ကို လောဘတက်နေသည်အား မြင်လျှင် ကျန်းချန်၏ မျက်ဝန်းတွင် အေးစက်သော အလင်းတန်းများ ဖျတ်ခနဲ လက်သွားခဲ့သည်။
"ဒါက မင်းအပေါ်မှာပဲ မူတည်တယ်.. မင်းသဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ.. ငါကုန်းချီက မင်းဆီမှာရှိနေတဲ့ နတ်ဘုရင်အဆင့် နည်းစနစ်ကို မရရအောင်ယူမှာပဲ"
ကုန်းချီက ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်၍ ခြိမ်းခြောက်လိုက်သည်။
"လတ်စသတ်တော့ မင်းကငါ့ရဲ့ လျှို့ဝှက်နည်းစနစ်ကို မျက်စောင်းထိုးနေတာကိုး.. အစောပိုင်းက မင်းကို လျစ်လျူရှုလိုက်ဖို့ ငါဆုံးဖြတ်ထားတယ်.. ဒါပေမဲ့ မင်းက ဒီလောက်တောင် သေချင်နေမှတော့ ငါ့ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့တော့"
ကျန်းချန်က အေးစက်စက် ကြုံးဝါးလိုက်သည်။
ထို့နောက်တွင် ကောင်းကင်နှင့် မြေကြီးကိုပင် ဖိနှိပ်နိုင်သော ဓားစွမ်းအင်သည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ထိုဓားစွမ်းအင်သည် ကျန်းချန်၏ ပတ်ပတ်လည်ရှိ နေရာလွတ်များကို အဆက်မပြတ် ပြိုကျသွားစေလောက်သည်အထိ အလွန်တရာ အစွမ်းထက်၏။
မိုင်ပေါင်း ထောင်ချီအကွာအဝေးကပင် ထိုဓားစွမ်းအင်၏ ကြောက်မက်ဖွယ် အရှိန်အဝါကို ခံစားနိုင်မည် ဖြစ်၏။
"ဓားလမ်းစဥ်ဥပဒေသရဲ့ မူလစွမ်းအားပါလား"
ကုန်းချီက ကျန်းချန်၏ ဓားစွမ်းအင်ကိုကြည့်ကာ ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့ပြီး ပါးစပ်ကနေလည်း မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။
ကုန်းချီ၏ နံဘေးရှိ ဝူထုံနှင့် အခြားသူများဆိုလျှင် သူတို့၏ မျက်လုံးကိုပင် မယုံကြည်နိုင် ဖြစ်နေခဲ့ကြ၏။
သိထားရမည့်အချက်မှာ ဤကမ္ဘာရှိ နတ်ဆိုးဆန်သောပါရမီရှင်များသည် အဆင့်မြင့် ပကတိနတ်ဘုရား နယ်ပယ်အဆင့်ကိုရောက်မှသာ ကိုယ်ခံပညာဥပဒေသ၏ မူလစွမ်းအားကို နားလည်ခဲ့ကြသည်။
ထိုကဲ့သို့ နားလည်နိုင်သော သူသည်ပင် ပါရမီရှင်များထဲမှ အထူးချွန်ဆုံး ပါရမီရှင်ဟုပင် ဆို၍ရနေပြီ ဖြစ်သည်။
သူတို့ ကြယ်သင်္ကေတနယ်မြေမှ လူငယ်မျိုးဆက်ကို လွှမ်းမိုးထားသော နံပါတ်(၁)ပါရမီရှင်ပင်လျှင် ကိုယ်ခံပညာဥပဒေသ၏ မူလစွမ်းအားကို အဆင့်မြင့် ပကတိနတ်ဘုရား နယ်ပယ်အဆင့်ရောက်မှသာ နားလည်နိုင်ခဲ့သည်။
ထိုကောင်လေးကမူ အလယ်အလတ် ပကတိနတ်ဘုရား အထွတ်အထိပ်အဆင့်ဖြင့်ပင် ဓားလမ်းစဥ် ဥပဒေသ၏ မူလစွမ်းအားကို နားလည်ကာ ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့် ကျင့်ကြံသူ ဖြစ်လာခဲ့၏။
"ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
အခန်း(၁၅၉၆)ပြီး၏။