အခန်း (၁၆၀၀-၁၆၀၂)
Vol. 107 Ch. 1600-1602
အခန်း(၁၆၀၀)
"ဟင်းဟင်း သေခါနီးမှ တိုက်ပွဲဝင် စိတ်ဓာတ်တွေ တက်ကြွနေပါလား"
အစိမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးက အေးစက်စက် လှောင်ပြောင်လိုက်သည်။
"စိတ်မပူနဲ့.. ရှင်တို့ထဲက ဘယ်သူမှ အသက်ရှင်ခွင့်ပေးမှာမဟုတ်ဘူး"
သို့ရာတွင် အစိမ်းရောင်ဝတ်စုံဝတ် အမျိုးသမီး၏ စကားသံအဆုံးသတ်သည်နှင့် တစ်ပြိုင်နက် အေးစက်စက် အသံတစ်သံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"အသက်ဆယ်ရှိုက်စာ အချိန်အတွင်း ငါ့ရှေ့ကနေ ချက်ချင်းထွက်သွားကြစမ်း.. မဟုတ်ရင် မင်းတို့ရဲ့အသက်ကို ထားခဲ့ရလိမ့်မယ်"
ကျန်းချန်၏ ကြိမ်းဝါးသံကို ကြားလျှင် အစိမ်းရောင်ဝတ်အမျိုးသမီးသည် အံ့အားသင့်သွားခဲ့ပြီး ကျန်းချန်ကို အရူးတစ်ယောက်အား ကြည့်သကဲ့သို့ ကြည့်လိုက်သည်။
"ကောင်လေး မင်းဘာစကားပြောလိုက်တာလဲ.. ထပ်ပြောစမ်း"
"မင်းတို့တွေ ငါဆီးသီး ခူးနေတာကို အနှောင့်အယှက် လာမပေးနဲ့.. မသေချင်ရင် ချက်ချင်းထွက်သွားကြစမ်း"
"ဟားဟား တကယ်ကို ရယ်စရာပဲ.. အလယ်အလတ် ပကတိနတ်ဘုရား အထွတ်အထိပ်အဆင့်က ပုရွက်ဆိတ်လေးကများ ငါတို့ရှေ့မှာ လေလုံးထွားရဲတယ်.. မင်းဘယ်နေရာကနေ သတ္တိတွေ ရလာသလဲဆိုတာ ငါအရမ်း သိချင်မိတယ်"
အစိမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးက ကမ္ဘာပေါ်တွင် အရယ်ရဆုံး ဟာသတစ်ခုကို ကြားလိုက်ရသလိုမျိုး ကျန်းချန်ကို အထင်အမြင်သေးစွာ လှောင်ပြောင်လိုက်သည်။
ဤကောင်လေးသည် သူ့ကိုယ်သူ စစ်နတ်ဘုရားတစ်ပါးဟု အထင်ရောက်နေပါသလော။
အစိမ်းရောင်ဝတ်စုံဝတ် အမျိုးသမီး၏ လှောင်ပြောင်သောစကားကို ကြားသော်လည်း ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် အေးစက်စက် ပြောလိုက်သည်။
"မင်းတို့မှာ အသက်ငါးရှိုက်စာ အချိန်ပဲ ကျန်တော့တယ်"
"ကောင်လေး မင်းကများ ငါ့ကို ခြိမ်းခြောက်ရဲတယ်.. ကဲ ဒီသုံးယောက်လုံးကို ဇီဝိန်ချွေလိုက်ကြစို့"
အစိမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးက မထီမဲ့မြင် ပြောလိုက်ပြီး သူမ နံဘေးမှ အမျိုးသားနှစ်ဦးကို ကျန်းချန်တို့အား သတ်ဖြတ်ရန် ချက်ချင်းပင် အမိန့်ပေးလိုက်သည်။
အစိမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးက သူမ၏ အားအကိုးရဆုံးလက်နက် ဖြစ်သော အပြာရောင် တောက်ပနေသည့် ကြာပွတ်ကို ဝှေ့ယမ်းကာ ယန်ကွမ် အမည်ရှိ နဂါးအစောင့်အရှောက်ကို တိုက်ခိုက်လိုက်သည်။
ယန်ကွမ်သည် အစိမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးနှင့် ခွန်အားချင်း အတူတူနီးပါး ရှိသော်လည်း ယခင်က တိုက်ပွဲတွင် အပြင်းအထန် ထိခိုက်ထားသောကြောင့် အစိမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးနှင့် ရင်ဆိုင်ရာတွင် အောက်စည်း၌သာရှိနေခဲ့သည်။
မှိုင်တွေနေသော အမူအရာရှိသည့် ဓားသမားလူငယ် တစ်ဦးကမူ ဒဏ်ရာရရှိထားသော လျှိုထျန်းရှင်းကို တိုက်ခိုက်လိုက်သည်။
"ကောင်လေး သေဖို့သာ ပြင်ထားလိုက်တော့"
ကြွက်သားအပြိုင်းပြိုင်းဖြင့် သန်မာထွားကျိုင်းသောအမျိုးသားတစ်ဦးကမူ ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး သူ၏လက်ထဲမှ သံမဏိတူဖြင့် ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။
ကျန်းချန်က လုံးဝ ထိတ်လန့်မနေခဲ့ပေ။
သူက ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို ထုတ်ဖော်လိုက်ပြီး သူ၏လက်သီးတွင် စွမ်းအားများကို စုစည်းကာ ကြွက်သားအပြိုင်းပြိုင်း ထနေသော ခန္ဓာကိုယ်ထွားကျိုင်းသည့် အမျိုးသားကို ထိုးချလိုက်သည်။
"ဝုန်း.."
ပေါက်ကွဲသံတစ်သံသည် လေထုထဲတွင် ပဲ့တင်ထပ်သွားခဲ့၏။
ခန္ဓာကိုယ်သန်မာထွားကျိုင်းသည့် အမျိုးသားသည် သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရပြီး ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် ပေရာချီ အကွာအဝေးသို့ နောက်ပြန် လွင့်စင်သွားခဲ့သည်။
နတ်ဘုရင်အဆင့် နည်းစနစ်ဖြစ်သည့် ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း လျှို့ဝှက်နည်းစနစ်၏ ကောင်းချီးဖြင့် ကျန်းချန်၏ ခန္ဓာကိုယ်တွင် စုစည်းထားသော နတ်စွမ်းအားများသည် အဆင့်မြင့် ပကတိနတ်ဘုရား အထွတ်အထိပ်အဆင့် ကျင့်ကြံသူများထက် မနိမ့်ကျပေ။
သူက နတ်စွမ်းအား တစ်မျိုးတည်းဖြင့်ပင် သူ၏ ရှေ့မှ ခန္ဓာကိုယ် သန်မာထွားကျိုင်းသည့် အမျိုးသားကို အလွယ်တကူ အသာစီးရနေခဲ့ပြီ ဖြစ်၏။
"မင်း ဘယ်သူလဲ"
ခန္ဓာကိုယ် သန်မာထွားကျိုင်းသော အမျိုးသား၏မျက်နှာက ဖြူဖျော့နေခဲ့သည်။
ကျန်းချန်ကို ကြည့်နေသော သူ၏အကြည့်တွင် ထိတ်လန့်သော အမူအရာများ မကြုံစဖူး ဖြစ်ပေါ်နေခဲ့၏။
သူအစောပိုင်းက ထင်ထားသည်မှာ အလယ်အလတ် ပကတိနတ်ဘုရား တစ်ပါးကို သတ်ဖြတ်ရန်မှာ အလွန်တရာ လွယ်ကူလိမ့်မည် ဟူ၍ ဖြစ်သည်။
သို့သော်လည်း သူ၏ရှေ့မှ အလယ်အလတ် ပကတိနတ်ဘုရားသည် သူ့ကို တိုက်ကွက် တစ်ကွက်တည်းဖြင့်ပင် အပြင်းအထန် ဒဏ်ရာရရှိစေခဲ့မည်ဟု မည်ကဲ့သို့ ကြိုသိနိုင်ပါအံ့နည်း။
"ဒါ.. ဒါက တကယ်ပဲ အလယ်အလတ် ပကတိနတ်ဘုရားတစ်ပါးမှ ဟုတ်ရဲ့လား"
ထိုအချိန်မှာပင် ကျန်းချန်သည် ကျူးရှန်း စည်းတံဆိပ်ကို ထုတ်ဖော်လိုက်ပြီး ခန္ဓာကိုယ် သန်မာထွားကျိုင်းသော အမျိုးသားကို တိုက်ခိုက်လိုက်သည်။
ကျူးရှန်းစည်းတံဆိပ်၏ အရှိန်အဝါ ဖိအားကို ခံစားမိလျှင် ခန္ဓာကိုယ် သန်မာထွားကျိုင်းသော အမျိုးသား၏ မျက်နှာ အမူအရာသည် ပြင်းထန်စွာ ပြောင်းလဲသွားခဲ့သည်။
သူက ချက်ချင်းဆိုသလို နတ်စွမ်းအားနှင့် ဥပဒေသစွမ်းအားများကို ပေါင်းစပ်ကာ ပကတိနတ်ဘုရား ကမ္ဘာငယ်လေးကို ထုတ်ဖော်၍ ကျန်းချန်၏ ကျူးရှန်းစည်းတံဆိပ်ကို ရင်ဆိုင်လိုက်၏။
"ဝုန်း.."
ကြောက်မက်ဖွယ်ရာ ပေါက်ကွဲသံသည် ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားခဲ့၏။
ခန္ဓာကိုယ်သန်မာထွားကျိုင်းသော အမျိုးသား၏ ပကတိနတ်ဘုရား ကမ္ဘာငယ်လေးသည် ကျူးရှန်းစည်းတံဆိပ် လက်ချက်ဖြင့် ကြေမွပျက်စီးသွားခဲ့သည်။
"ဝေါ့"
ခန္ဓာကိုယ်သန်မာထွားကျိုင်းသော အမျိုးသား၏ ပါးစပ်ကနေ သွေးများသည် ရေပန်းကဲ့သို့ ပန်းထွက်လာခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း လေထဲကနေ မြေပြင်ပေါ်သို့ ရိုက်ချခံရကာ မြေပြင်ပေါ်တွင် ကြီးမားသော တွင်းပေါက်ကြီး တစ်ခုကိုပင် ဖြစ်ပေါ်စေခဲ့သည်။
"အစ်မကွမ်.. ကျွန်တော့်ကို ကယ်ပါဦး"
ခန္ဓာကိုယ်သန်မာထွားကျိုင်းသော အမျိုးသားက သွေးအလိမ်းလိမ်းဖြင့် ဧရာမ တွင်းနက်ကြီးကနေ ထလာပြီး ထိတ်လန့်တကြား အော်ဟစ် အကူအညီတောင်းလိုက်သည်။
သူ၏ရှေ့မှ ကောင်လေး၏ တိုက်ခိုက်ရေးစွမ်းအင်သည် အမှန်တကယ်ကိုပင် ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့ပြီး သူ့အနေဖြင့် သေခြင်းတရား၏ အရိပ်အငွေ့ကိုပင် ခံစားနေရပြီဖြစ်သည်။
အစိမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးက ယန်ကွမ်ကို သတ်ဖြတ်ရန်အတွက် အပြင်းအထန် တိုက်ခိုက်နေစဥ်မှာပင် အထိတ်တလန့် အော်ဟစ် အကူအညီတောင်းသံကို ရုတ်တရက် ကြားလိုက်ရသည်။
မူလက သူမသည် ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်အောက်တွင် သူမတို့ သုံးယောက်ကို မည်သူမှ မယှဥ်နိုင်ဟု ထင်ထားခဲ့သည်။
သို့သော် ယခုအခြေအနေသည် သူမ၏ မှန်းဆချက်ကို လုံးဝ ကျော်လွန်နေခဲ့၏။
အလယ်အလတ် ပကတိနတ်ဘုရားအဆင့်သာ ရှိသော လူငယ်လေး၏ တိုက်ခိုက်ရေးစွမ်းရည်သည် အလွန်တရာပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းနေခဲ့သည်။
ခန္ဓာကိုယ် သန်မာထွားကျိုင်းသော ကျင့်ကြံသူသည် အဆင့်မြင့် ပကတိနတ်ဘုရား အထွတ်အထိပ်အဆင့်တွင် ရှိသော်လည်း ပြန်လည် တိုက်ခိုက်နိုင်စွမ်းပင် မရှိခဲ့ပေ။
ရှင်းလင်းစွာဆိုရလျှင် ၎င်းသည် တိုက်ကွက်နှစ်ကွက်တည်းဖြင့်ပင် ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့ပြီ ဖြစ်၏။
အစိမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးသည် ခန္ဓာကိုယ်သန်မာထွားကျိုင်းသော အမျိုးသား၏ ဆိုးရွားလှသော အခြေအနေကို မြင်လျှင် မျက်နှာအမူအရာ ရုတ်တရက်ပြောင်းလဲသွားခဲ့သည်။
သူမက ကျန်းချန်၏ လက်ထဲကနေ ကယ်ဆယ်ရန် ပြင်ဆင်နေစဥ်မှာပင် ကျန်းချန်သည် လူသားဧကရာဇ် စည်းတံဆိပ်၏ တတိယစည်းတံဆိပ်ဖြစ်သော ကောင်းကင်ဖွင့်လှစ် စည်းတံဆိပ်ကို ထုတ်ဖော်ကာ ခန္ဓာကိုယ် သန်မာထွားကျိုင်းသော အမျိုးသားအား သက်ရောက်စေခဲ့၏။
ဤအချိန်တွင် ခန္ဓာကိုယ် သန်မာထွားကျိုင်းသော အမျိုးသား၏ မျက်နှာထက်တွင် စိတ်ပျက်အားငယ်မှုနှင့် ထိတ်လန့်သော အမူအရာများ တစ်ပြိုင်နက်တည်း ဖြစ်ပေါ်လာခဲ့သည်။
သူက သူ၏ဦးခေါင်းအထက်မှ ကောင်းကင်ဖွင့်လှစ်စည်းတံဆိပ်ကို ခုခံရန် သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ ခွန်အားကို အကန့်အသတ်အထိ အလျင်အမြန်ပင် လှုံ့ဆော်လိုက်၏။
သို့သော်လည်း ဒဏ်ရာအပြင်းအထန် ရရှိထားသည့် ခန္ဓာကိုယ်သန်မာထွားကျိုင်းသော အမျိုးသားသည် ကျန်းချန်၏ ကောင်းကင်ဖွင့်လှစ်စည်းတံဆိပ် စွမ်းအားကို မည်ကဲ့သို့ ခံနိုင်ရည် ရှိပါအံ့နည်း။
မျက်တောင်တစ်ခတ်အတွင်းမှာ ခန္ဓာကိုယ်သန်မာထွားကျိုင်းသော အမျိုးသား၏ အကာအကွယ် စွမ်းအားများကို ကောင်းကင် ဖွင့်လှစ်စည်းတံဆိပ်က ဖျက်ဆီးပစ်လိုက်သည်။
နောက်ထပ် တစ်ခဏမှာပင် ခန္ဓာကိုယ် သန်မာထွားကျိုင်းသောအမျိုးသားသည် ကောင်းကင်ဖွင့်လှစ်စည်းတံဆိပ်အောက်တွင် လုံးဝ ပြာမှုန်အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
ထိုမြင်ကွင်းကိုမြင်လျှင် ပတ်ဝန်းကျင်တွင် တိုက်ခိုက်နေကြသော ကျင့်ကြံသူ လေးယောက်သည် ရုတ်တရက် မှင်တက်သွားခဲ့ကြသည်။
"ကျန်းချန်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က ဒီလောက်တောင်အားကောင်းတယ်လား"
ယန်ကွမ်က အံ့သြ တုန်လှုပ်သွားခဲ့ပြီး မျက်လုံးထဲတွင် ဝမ်းသာသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
မည်သို့ပင် ဖြစ်စေကာမူ ကျန်းချန်သည် အဆင့်မြင့် ပကတိနတ်ဘုရားအဆင့် အထွတ်အထိပ်ကိုပင် သတ်ပစ်နိုင်လောက်သည်အထိ ခွန်အားရှိသောကြောင့် သူတို့အနေဖြင့် သူတို့ရှေ့မှ သုံးယောက်ကို အနိုင်ယူရန် မျှော်လင့်ချက်ရှိလာခဲ့ပြီ မဟုတ်ပါလား။
"ဒီကောင်က တကယ့်ကို သာမန်အသိနဲ့ ဖော်ပြလို့မရတဲ့ နတ်ဆိုးတစ်ကောင်ပဲ"
သူ၏ရှေ့မှ အခြေအနေကိုကြည့်ကာ လျှိုထျန်းရှင်း၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့သည်။
ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းရည်က အလွန်တရာအားကောင်းမှန်း သိထားသော်လည်း ဤမျှအထိ ကြောက်မက်ဖွယ်ရာ ကောင်းလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
သိထားရမည့်အချက်မှာ ခန္ဓာကိုယ် သာမန်ထွားကျိုင်းသော အမျိုးသားသည် သူကဲ့သို့ပင် အဆင့်မြင့် ပကတိနတ်ဘုရားအဆင့် အထွတ်အထိပ်အဆင့်ကို ရောက်ရှိနေသည့် ပါရမီရှင်တစ်ဦး ဖြစ်သည်။
သို့သော်လည်း ထိုကဲ့သို့သော ကျင့်ကြံသူကိုပင် ကျန်းချန်သည် အလွယ်တကူပင် သတ်ဖြတ်ပစ်နိုင်ခဲ့သည်။
ဤအခြေအနေအတိုင်းဆိုလျှင် ကျန်းချန်ကို ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်ကို ရောက်ရှိနေသည့် နတ်ဆိုးဆန်သော ပါရမီရှင်များမှ လွဲလျှင် မည်သူကမှ အလွယ်တကူ အနိုင်ယူနိုင်လိမ့်မည် မဟုတ်တော့ပေ။
"ကောင်းတယ် သိပ်ကောင်းတယ်.. နင်က ငါတို့ ပိုင်ယွင်ဂိုဏ်းက လူကိုတောင် သတ်ရဲမှတော့ သေဖို့သာပြင်ထားလိုက်တော့"
အစိမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးက အလွန်တရာ ဒေါသထွက်နေခဲ့ပြီး ပြင်းထန်စွာ ကြိမ်းဝါးလိုက်သည်။
ထို့နောက်တွင် သူမက လက်ထဲမှ ကြာပွတ်ကို ဝှေ့ယမ်းလိုက်ရာ အစိမ်းရောင်အလင်းများ ထွက်ပေါ်လာခဲ့ပြီး ထိုအလင်းသည် လေထုထဲမှာပင် မြစိမ်းရောင် တောက်ပနေသော မြွေတစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်ဆီသို့ ဦးတည်လာခဲ့သည်။
အခန်း(၁၆၀၀)ပြီး၏။
အခန်း(၁၆၀၁)
"အေးခဲစမ်း"
ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် သူ၏လက်ကို ဆန့်ထုတ်ကာ ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။
ချက်ချင်းဆိုသလိုပင် ကျန်းချန်ဆီသို့ ဝင်ရောက်လာသော အစိမ်းရောင်မြွေသည် လေထုထဲတွင် အေးခဲသွားခဲ့သည်။
ထိုခဏတွင် အစိမ်းရောင်မြွေ၏ ပတ်ဝန်းကျင်ရှိ အချိန်နှင့် နေရာလွတ်သည်ပင် ရပ်တန့်သွားခဲ့၏။
ထို့အတူ အစိမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးသည်လည်း ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ရှား၍ မရတော့ဘဲ ထိန်းချုပ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားခဲ့သည်။
အဆုံးသတ်တွင် သူမ၏ မျက်ဝန်း၌ ထိတ်လန့်သောအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
သူမက ခန္ဓာကိုယ်တစ်ခုလုံး၏ စွမ်းအားကို အစွမ်းကုန်ထုတ်သုံးကာ နေရာလွတ် ချုပ်နှောင်မှုမှ ရုန်းထွက်ရန် ပြင်လိုက်စဉ်တွင် သူမအား တိုက်ခိုက်လာသည်ကို ရုတ်တရက် ခံစားလိုက်ရ၏။
သူမက အထိတ်တလန့် ဖြစ်သွားခဲ့ပြီး ကျန်းချန်ဆီသို့ ကြည့်လိုက်ရာ ကျန်းချန်က လက်ညှိုးမှ ဓားစွမ်းအားဖြင့် ပစ်ခတ်လိုက်သည်ကို တွေ့လိုက်ရသည်။
ထိုလက်ညှိုးထဲမှ ဓားစွမ်းအားသည် အချိန်နှင့် နေရာလွတ်ကို ထိုးဖောက်ကာ အစိမ်းရောင်ဝတ်စုံဝတ် အမျိုးသမီး၏ နဖူးကို ထိမှန်သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် အစိမ်းရောင်ဝတ်စုံဝတ် အမျိုးသမီး၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ပေါက်ကွဲထွက်သွားခဲ့ပြီး သွေးမှုန်များ အဖြစ်သို့ ပြောင်းလဲကာ ကောင်းကင်နှင့်ကမ္ဘာမြေကြီး ကြားတွင် ပျံ့နှံ့သွားခဲ့သည်။
ဤအချိန်တွင် ပတ်ဝန်းကျင် တစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။
လျှိုထျန်းရှင်းဖြစ်စေ၊ ပိုင်ယွင်နန်းတော်မှ နောက်ဆုံးကျန်ရှိသည့် လူငယ်လေးဖြစ်စေ၊ သူတို့၏ မျက်ဝန်းထဲတွင် ထိတ်လန့်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။
ထိုကောင်လေးသည် အဆင့်မြင့် ပကတိနတ်ဘုရား အထွတ်အထိပ် ကျင့်ကြံသူများကို အလွယ်တကူပင် သတ်ဖြတ်ပစ်လိုက်သည်။
ထိုကောင်လေး၏ တိုက်ခိုက်ရေးစွမ်းရည်သည် မည်မျှပင် ကြောက်မက်ဖွယ်ရာ ကောင်းလိုက်ပါသနည်း။
"ကောင်လေး မင်းစောင့်နေလိုက်.. ငါတို့ ပိုင်ယွင်နန်းတော်က လူကို သတ်ဖြတ်ရဲတဲ့အတွက်.. ငါတို့ ပိုင်ယွင်နန်းတော်က မင်းကို ဘယ်တော့မှအလွှတ်ပေးမှာ မဟုတ်ဘူး"
ပိုင်ယွင်နန်းတော်မှ လူငယ်လေးက မှင်တက်ရာကနေ အသိပြန်ဝင်လာပြီးနောက်တွင် တိုက်ပွဲဝင်လိုစိတ်များ ပျောက်ကွယ်သွားခဲ့သည်။
သူက ဓားကွက်တစ်ကွက်ကို ထုတ်ဖော်၍ လျှိုထျန်းရှင်းကို နောက်ဆုတ်အောင် ပြုလုပ်လိုက်ပြီးနောက်တွင် ဓားအလင်းအဖြစ်သို့ ပြောင်းလဲကာ ကောင်းကင်ပေါ်သို့ ထိုးတက်၍ အလျင်အမြန်ပင် ထွက်ပြေးသွားခဲ့သည်။
"အခုမှ ထွက်ပြေးချင်တာလား.. စိတ်မကောင်းပါဘူး.. မင်းအတွက် အရမ်းနောက်ကျသွားခဲ့ပြီ"
ကျန်းချန်က မထီတရီ ပြုံးကာ ပြောလိုက်ပြီးနောက်တွင် လက်ချောင်းထိပ်မှ ဓားစွမ်းအားဖြင့် ထိုလူငယ်ကို ပစ်ခတ်လိုက်သည်။
ဓားအလင်းက အတားအဆီး အားလုံးကို ထိုးဖောက်သွားခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် လူငယ်၏ ခန္ဓာကိုယ်ကို ပိုင်းဖြတ်သွားခဲ့သည်။
ပိုင်ယွင်ဂိုဏ်းမှ လူငယ်လေးက တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ လေထုထဲတွင် တိုက်ရိုက် ပေါက်ကွဲထွက်သွားခဲ့၏။
ဤမြင်ကွင်းကိုမြင်လျှင် လျှိုထျန်းရှင်းတို့ နှစ်ယောက်စလုံးသည် အံ့သြတုန်လှုပ်သွားခဲ့ပြီး အချိန်အတော်ကြာ မှင်တက်နေခဲ့ကြသည်။
သူတို့ ကျန်းချန်နှင့် ဆုံတွေ့ခဲ့သည်မှာ ၁နာရီ၏ ၄ပုံ၁ပုံပင် မရှိသေးပေ။
သို့သော်လည်း ကျန်းချန်သည် အဆင့်မြင့် ပကတိနတ်ဘုရားအထွတ်အထိပ် အဆင့် သုံးပါးကို သတ်ဖြတ်ခဲ့ပြီ ဖြစ်၏။
ပို၍ ရှင်းလင်းစွာဆိုရလျှင် ကျန်းချန်သည် အဆင့်မြင့် ပကတိနတ်ဘုရားအဆင့်မှ ကျင့်ကြံသူများကို ကြက်သတ်သကဲ့သို့ အေးအေးဆေးဆေးပင် သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
ယင်းကဲ့သို့ ကောင်းကင်ကိုပင် ဆန့်ကျင်နေသော တိုက်ခိုက်ရေးစွမ်းရည်သည် အမှန်တကယ်ကိုပင် ကြောက်မက်ဖွယ်ရာကောင်းလွန်းလှသည် မဟုတ်ပါလား။
"ကျန်းချန် မင်းရဲ့အကူအညီ အတွက် ကျေးဇူးတင်ပါတယ်"
လျှိုထျန်းရှင်းက မှင်တက်ရာကနေ အသိပြန်ဝင်လာပြီးနောက်တွင် ကျန်းချန်ကို ကျေးဇူးတင်စကား ပြောလိုက်သည်။
ယနေ့တွင် ကျန်းချန်နှင့်သာ မဆုံတွေ့ခဲ့လျှင် သူသည် ပိုင်ယွင်နန်းတော်မှ လူများ၏လက်ထဲတွင် အမှန်တကယ် ကျရှုံးသွားနိုင်သည် မဟုတ်ပါလော။
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြန်ဖြေလိုက်သည်။
"ရပါတယ်"
နဂါးအစောင့်အရှောက်တစ်ဦးဖြစ်သည့် ယန်ကွမ်ကမူ မာနနဂါးအဆင့်တပည့်သာ ဖြစ်သည့် ကျန်းချန်ကို ကျေးဇူးတင်စကား မပြောခဲ့ပေ။
သူက ကျန်းချန်တို့နှစ်ဦးကို လျစ်လျူရှုထားလိုက်သည်။
သူ၏အကြည့်က ကျန်းချန်၏ အနောက်ဘက်ရှိ ရှေးဟောင်းသစ်ပင်ပေါ်မှ နှစ်၁၀၀၀၀ ဝိညာဥ်သစ်သီးပေါ်သို့ တိုက်ရိုက်ပင် ကျရောက်နေခဲ့၏။
ဤအချိန်တွင် သူ၏ မျက်ဝန်းများသည် အလွန်တရာ တောက်ပနေခဲ့သည်။
"ဒီနေရာမှာ နှစ် ၁၀၀၀၀ ဝိညာဥ်သစ်သီးတွေ အများအပြား ရှိနေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး.. ဒီဝိညာဥ်သစ်သီးတွေကို အမြန်ဆုံး ခူးဆွတ်ရမယ်"
စကားဆုံးသည်နှင့် ယန်ကွမ်က ရှေးဟောင်းသစ်ပင် ဆီသို့ အလျင်အမြန် ပျံသန်းရန် ပြင်လိုက်သည်။
သို့သော်လည်း ထိုအချိန်မှာပင် ကျန်းချန်၏ ပုံရိပ်သည် ယန်ကွမ်၏ ရှေ့သို့ ရိပ်ခနဲ တစ္ဆေတစ်ကောင်နှယ် ရောက်ရှိလာခဲ့သည်။
"ကျန်းချန် မင်းဒါဘာသဘောလဲ"
ယန်ကွမ်၏ မျက်နှာက အနည်းငယ် သုန်မှုန်သွားခဲ့သည်။
ကျန်းချန်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။
"ဒီနှစ်၁၀၀၀၀ သွေးဆီးသီးကို ငါအရင်ဆုံး ရှာတွေ့ခဲ့တာပဲ ဘယ်သူမှ ငါ့ဆီက လုယူဖို့မစဥ်းစားနဲ့"
"ကျန်းချန် မင်းသိပ်လွန်မလာနဲ့"
ယန်ကွမ်၏ မျက်နှာထက်တွင် ဒေါသထွက်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
"ဒီရှေးဟောင်းသစ်ပင်မှာ နှစ်၁၀၀၀၀ ဝိညာဥ်သစ်သီးတွေ အများကြီးရှိတာပဲ.. မင်းတစ်ယောက်တည်းပဲ အားလုံးကို အပိုင်သိမ်းမလို့လား"
"ယန်ကွမ်.. ဒီနှစ်၁၀၀၀၀ သွေးဆီးသီးက ကျန်းချန် အရင်ဆုံးတွေ့တာဖြစ်တဲ့အတွက် ကျန်းချန်ရဲ့အပိုင်ပဲ.. သူက ငါတို့ရဲ့အသက်ကို ကယ်တင်ခဲ့ပေမဲ့ မင်းက ကျေးဇူးတင်စကား မပြောတဲ့အပြင် သူ့ရဲ့ ပစ္စည်းကိုပါ လုယက်ဖို့ ကြိုးစားနေသေးတယ်.. မင်းကိုယ်မင်း လွန်လွန်းတယ်လို့ မထင်ဘူးလား"
လျှိုထျန်းရှင်းက မနေနိုင်တော့ဘဲ ပြောဆိုလိုက်သည်။
"ဒီရှေးဟောင်းသစ်ပင်ပေါ်မှာ နှစ်၁၀၀၀၀ ဝိညာဥ်သစ်သီးတွေ အများကြီးရှိတာပဲ.. ငါနည်းနည်းပါးပါးယူတော့ ဘာဖြစ်သွားမှာမို့လဲ"
ယန်ကွမ်က နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။
"ဒါ့အပြင် မင်းနဲ့ငါသာ ကျန်တဲ့နှစ်ယောက်ကို ထိန်းထားပြီး သူ့ကို တစ်ယောက်ချင်းစီ လိုက်လံချေမှုန်းဖို့ အခွင့်အရေးမဖန်တီးပေးခဲ့ဘူး ဆိုရင် သူတစ်ယောက်တည်းနဲ့ နှစ်၁၀၀၀၀ဝိညာဥ်သစ်သီးကို ဘယ်လိုမှ ထိန်းထားနိုင်မှာ မဟုတ်ဘူး"
"အဆင့်မြင့် ပကတိနတ်ဘုရား အထွတ်အထိပ်အဆင့် သုံးပါးလောက်က ငါ့အတွက် ပုရွက်ဆိတ်သုံးကောင်ထက် မပိုဘူး.. သူတို့ကို ငါ့ရဲ့လက်ချောင်းနဲ့တင် အသာအယာ သတ်ဖြတ်နိုင်တယ်.. ဘာအတွက်နဲ့ ထိန်းထားပေးဖို့ လိုအပ်မှာလဲ"
ကျန်းချန်က ယန်ကွမ်ကို အေးစက်စက် စိုက်ကြည့်ကာ သတ်ဖြတ်လိုသော စိတ်ဆန္ဒဖြင့် ပြောလိုက်သည်။
"မင်း ငါ့ရဲ့နှစ်၁၀၀၀၀သွေးဆီးသီးကို ထိရဲရင် မင်းကိုသတ်ဖြတ်ဖို့ ငါဝန်လေးနေမှာ မဟုတ်ဘူး"
ယန်ကွမ်က ရှေးဟောင်းနဂါးမျိုးနွယ်စုမှ နဂါးအစောင့်အရှောက် တစ်ဦး ဖြစ်သော်လည်း သူ၏ ပစ္စည်းကို အပိုင်စီးလိုလျှင်မူ ယဥ်ကျေးနေမည် မဟုတ်ပေ။
"မင်း မင်း လုပ်ရဲလား"
ယန်ကွမ်က အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်သွားခဲ့သည်။
ကျန်းချန်၏ ခွန်အားသည် အလွန်ပင် ကြောက်မက်ဖွယ်ရာကောင်းပြီး သူ၏ အထွတ်အထိပ် အချိန်မှာပင် ကျန်းချန်၏ ပြိုင်ဘက် ဖြစ်လာနိုင်မည် မဟုတ်ပေ။
ယခုလို ဒဏ်ရာအပြင်းအထန် ရရှိထားသော အချိန်ဆိုလျှင် ပြောနေစရာပင် မလိုတော့ချေ။
ဆိုရလျှင် ကျန်းချန်သာ သူ့ကို အမှန်တကယ် သတ်ဖြတ်ချင်ပါက သူ့အနေဖြင့် ခုခံနိုင်စွမ်း ရှိမည် မဟုတ်ပေ။
"မင်းမယုံရင် စမ်းကြည့်လို့ရတယ်"
ထိုစကားကို ပြောပြီးနောက်တွင် ကျန်းချန်သည် ရှေးဟောင်းသစ်ပင်ဆီသို့ ပျံသန်းသွားခဲ့ပြီး နှစ်၁၀၀၀၀ သွေးဆီးသီးများကို ခူးဆွတ်လိုက်သည်။
"ညီနောင်ကျန်းချန်.. ငါမင်းကို နှစ်၁၀၀၀၀ သွေးဆီးသီး ဝိုင်းခူးပေးမယ်"
လျှိုထျန်းရှင်းက မျက်နှာဖြူဖျော့နေသော ယန်ကွမ်းကို လျစ်လျူရှုလိုက်ပြီး ကျန်းချန်နှင့်အတူ နှစ်၁၀၀၀၀ သွေးဆီးသီးကို ခူးဆွတ်လိုက်သည်။
လျှိုထျန်းရှင်း၏ အကူအညီကြောင့် ရှေးဟောင်းသစ်ပင်မှ နှစ်၁၀၀၀၀ သွေးဆီးသီးများကို အလျင်အမြန်ပင် ခူးဆွတ်နိုင်ခဲ့သည်။
လျှိုထျန်းရှင်းက တစ်လုံးမှ ချန်မထားဘဲ သူ ခူးဆွတ်ထားသော နှစ်၁၀၀၀၀ သွေးဆီးသီးများကို ကျန်းချန်ထံ တိုက်ရိုက်ပင် လွှဲပြောင်းပေးလိုက်သည်။
အဆုံးသတ်တွင် ကျန်းချန်သည် နှစ်၁၀၀၀၀ သွေးဆီးသီး ၁၀၀၀ကို လျှိုထျန်းရှင်း ဆီသို့ ပေးလိုက်ပြီး ပြုံးရွှင်စွာ ပြောလိုက်သည်။
"ကျေးဇူးပဲ ဒီနှစ်၁၀၀၀၀ သွေးဆီးသီး ၁၀၀၀ကို မင်းယူလိုက်တော့"
သူ့အမြင်တွင် လျှိုထျန်းရှင်းသည် လူကောင်းတစ်ယောက် ဖြစ်သည်။
ယခုအခါ သူက ရှေးဟောင်းသစ်ပင်ကနေ နှစ်၁၀၀၀၀ သွေးဆီးသီး ၁၀၀၀၀ ကျော်ကို ရရှိခဲ့သည်ဖြစ်ရာ လျှိုထျန်းရှင်းကို သစ်သီး၁၀၀၀ ခွဲဝေပေးလိုက်သည်က ပြဿနာမရှိပေ။
"ညီနောင်ကျန်းချန် ကျေးဇူးတင်ပါတယ်"
လျှိုထျန်းရှင်းက ခဏမျှ မှင်တက်သွားပြီးနောက်တွင် ကျေးဇူးတင်သော အမူအရာဖြင့် ပြောလိုက်သည်။
ဤနှစ်၁၀၀၀၀ သွေးဆီးသီး ၁၀၀၀သည် ပကတိနတ်ဘုရားဆေးလုံး ၁၀၀၀၏ တန်ဖိုးနှင့် ညီမျှသည်။
ယင်းက ကြီးမားသော ပိုင်ဆိုင်မှုတစ်ခုဟု ဆိုလည်းမမှားပေ။
စင်စစ် ဤနှစ်၁၀၀၀၀ သွေးဆီးသီးများသည် ကျန်းချန်နှင့်သာ သက်ဆိုင်ခြင်းဖြစ်ပြီး ကျန်းချန်က သူ့ကို တစ်လုံးမှ မပေးလျှင်ပင် လျှိုထျန်းရှင်းသည် အနည်းငယ်မျှ မကျေမနပ်ဖြစ်မည် မဟုတ်ချေ။
ယခုအခါ ကျန်းချန်က နှစ်၁၀၀၀၀ သွေးဆီးသီးများကို သူ့အတွက် ခွဲဝေပေးခဲ့သည်။
ဤတစ်ချက်တည်းနှင့်တင် ကျန်းချန်၏ စရိုက်ကို သူ့အနေဖြင့် မြင်နိုင်နေပြီ ဖြစ်၏။
ထို့ကြောင့် လျှိုထျန်းရှင်းသည် ကျန်းချန်နှင့်အတူ ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေတွင် လှည့်လည်သွားလာရန် ဆုံးဖြတ်လိုက်သည်။
ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းရည်က အလွန်တရာပင် ကြောက်မက်ဖွယ်ရာ ကောင်းပြီး နဂါးအစောင့်အရှောက် ၇ယောက်ပင် ယှဥ်နိုင်လိမ့်မည် မဟုတ်ဟု သူထင်ခဲ့သည်။
ထို့အပြင် ကျန်းချန်၏ စရိုက်သည် ယန်ကွမ်း ကဲ့သို့ ယုတ်မာကောက်ကျစ်ခြင်းမရှိပေ။
ဆိုရလျှင် ကျန်းချန်သည် ယုံကြည်မှုနှင့် ထိုက်တန်သောသူ ဖြစ်သည်။
ယန်ကွမ်နှင့်သာ ဆက်လက် လက်တွဲနေမည် ဆိုလျှင် ယန်ကွမ်သည် သူ့ကိုပင် အချိန်မရွေး ရောင်းစားသွားနိုင်သည် မဟုတ်ပါလော။
အခန်း(၁၆၀၁)ပြီး၏။
အခန်း(၁၆၀၂)
ကျန်းချန်က နှစ်၁၀၀၀၀သွေးဆီးသီးကို လျှိုထျန်းရှင်းအား ခွဲဝေပေးလိုက်ပြီး သူ့ကို လျစ်လျူရှုထားသည်ကို မြင်လျှင် ယန်ကွမ်၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်း တစ်ခု ယှက်သန်းသွားခဲ့သည်။
သို့သော်လည်း ကျန်းချန်နှင့် ထိပ်တိုက် ရင်ဆိုင်ရမည့်အချိန် မဟုတ်သေးမှန်း သိထားသောကြောင့် ယန်ကွမ်းသည် သူ၏ စိတ်နှလုံးထဲမှ ဒေါသကို ဖိနှိပ်ထားလိုက်၏။
ကျန်းချန်၏ တိုက်ခိုက်ရေးက အလွန်တရာပင် အားကောင်း၍ သူသာ ကျန်းချန်၏ ရန်သူ ဖြစ်လာခဲ့လျှင် သူ့အတွက်သာ ပို၍ ထိခိုက်စေမည် ဖြစ်သည်။
ပြောနေစရာ မလိုလောက်အောင်ပင် ယခုအခါတွင် သူသည် ဒဏ်ရာပြင်းထန်စွာ ရရှိထားပြီး တိုက်ခိုက်နိုင်စွမ်း အနည်းငယ်သာ ကျန်ရှိတော့သည်။
ထို့ကြောင့် သူ၏ ဘေးကင်းရေးအတွက် ကျန်းချန်နှင့်အတူ ယာယီလိုက်သွားရန် လိုအပ်၏။
ထိုသို့မဟုတ်လျှင် သူ၏ လက်ရှိအခြေအနေဖြင့် အန္တရာယ်အလွန်တရာ များပြားလှသော ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေထဲတွင် အသက်ရှင်ရန် မဖြစ်နိုင်ပေ။
"ကျန်းချန် မင်းစောင့်နေလိုက်.. ကျွမ်းရှန့်ယန် ရောက်လာတာနဲ့ ကြီးလေးတဲ့ အဖိုးအခတစ်ခုကို မင်းပေးဆပ်စေရမယ်"
ယန်ကွမ်က အပေါ်ယံတွင် အေးအေးဆေးဆေး ဖြစ်နေသော်လည်း စိတ်နှလုံးထဲတွင်မူ ဒေါသတကြီး ကြုံးဝါးလိုက်သည်။
ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေထဲသို့ မဝင်ရောက်မီ နဂါးအစောင့်အရှောက် ၇ဦးထဲတွင် တတိယနေရာ၌ ရှိသော ကျွမ်းရှန့်ယန်သည် ကျန်းချန်ကို ခြေရာခံရန် သူ့ကိုတိတ်တဆိတ် အမိန့်ပေးခဲ့သည်။
ယခုအခါတွင် သူက ကျွမ်းရှန့်ယန်နှင့် ဆက်သွယ်ထားပြီးပြီဖြစ်သောကြောင့် သူ ယခုလုပ်ရမည့်အရာမှာ ကျန်းချန်နှင့်အတူ လိုက်ပါပြီး ကျွမ်းရှန့်ယန် ရောက်ရှိလာသော အချိန်ကိုစောင့်ဆိုင်းရုံသာ ဖြစ်၏။
ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့် ဖြစ်သည့် ကျွမ်းရှန့်ယန် အနေဖြင့် ကျန်းချန်ကို ကိုင်တွယ်ရန်မှာ အလွယ်လေးပင် မဟုတ်ပါလား။
"ညီနောင်ကျန်းချန်.. မင်းနောက်ထပ် ဘယ်ကိုသွားဖို့ စီစဥ်ထားလဲ.. ငါမင်းနဲ့အတူ လိုက်လာလို့ရလား"
လျှိုထျန်းရှင်းက နှစ်၁၀၀၀၀ သွေးဆီးသီးကို သိမ်းဆည်းလိုက်ပြီးနောက်တွင် ကျန်းချန်ကို ပြုံးရွှင်စွာ မေးလိုက်သည်။
"ရပါတယ်.. ဒါနဲ့ မင်းတို့ ဘာတွေဖြစ်ခဲ့တာလဲဆိုတာ ငါ့ကို ပြောပြပါဦး"
ကျန်းချန်က ခေါင်းညိတ်၍ ပြောလိုက်သည်။
လျှိုထျန်းရှင်းတို၏ ခွန်အားသာ အကောင်းဆုံးအခြေအနေတွင် ရှိနေလျှင် သူအစောပိုင်းက သတ်ဖြတ်ခဲ့သော အဆင့်မြင့်ပကတိနတ်ဘုရား အထွတ်အထိပ် ကျင့်ကြံသူသုံးဦးသည် လျှိုထျန်းရှင်း တို့ကို အလွယ်တကူ အနိုင်ယူနိုင်မည် မဟုတ်ပေ။
ထိုအတွက်ကြောင့် လျှိုထျန်းရှင်းတို့ကို အနိုင်ယူနိုင်စွမ်းရှိသည့် တခြားတစ်ယောက် ရှိနေသည်မှာ ထင်ရှားနေ၏။
"ငါဒဏ်ရာရခဲ့တာက ပိုင်ယွင်ဂိုဏ်းက ယောင်ဟုန်ရှန် ဆိုတဲ့ ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့် ကျင့်ကြံသူကြောင့်ပါ"
လျှိုထျန်းရှင်းက ပြုံးလိုက်ပြီး သူကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်ကို အကြမ်းဖျင်း ရှင်းပြလိုက်သည်။
လျှိုထျန်းရှင်းနှင့် ယန်ကွမ် တို့သည် ကံအလွန်ကောင်းခဲ့ပြီး ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေသို့ ဝင်ရောက်ခါစမှာပင် အားကောင်းသော ကျင့်ကြံသူ တစ်ဦး၏ လိုဏ်ဂူကို ရှာဖွေတွေ့ရှိခဲ့ကြသည်။
သူတို့နှစ်ယောက်က ထိုရှေးဟောင်းလိုဏ်ဂူကို လေ့လာရန် ဆုံးဖြတ်ခဲ့ကြသော်လည်း ယောင်ဟုန်ရှန်နှင့် ပိုင်ယွင်ဂိုဏ်းမှ တပည့်အချို့က ထိုရှေးဟောင်းလိုဏ်ဂူရှိရာသို့ မမျှော်လင့်ဘဲ ရောက်လာခဲ့ကြ၏။
ထို့နောက်တွင် သူတို့နှစ်ယောက်သည် ယောင်ဟုန်ရှန်၏ လက်ချက်ဖြင့် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြသည်။
ယောင်ဟုန်ရှန်သာ ရှေးဟောင်းလိုဏ်ဂူကို စူးစမ်းရန် စိတ်အားမထက်သန်ခဲ့လျှင် သူတို့နှစ်ယောက်အနေဖြင့် ထွက်ပြေးဖို့အခွင့်အရေးပင် ရရှိမည် မဟုတ်ပေ။
သို့သော် ယောင်ဟုန်ရှန်သည် သူတို့နောက်သို့ ကိုယ်တိုင် မလိုက်လာခဲ့သော်လည်း သတင်းပေါက်ကြားမှုကို ကာကွယ်ရန်အတွက် အဆင့်မြင့် ပကတိနတ်ဘုရားသုံးပါးကို သူတို့နောက်သို့ လိုက်လံသတ်ဖြတ်စေခဲ့သည်။
ကျန်းချန်နှင့်သာ ဆုံတွေ့ခဲ့ခြင်း မရှိလျှင် လျှိုထျန်းရှင်းသည် အဆင့်မြင့် ပကတိနတ်ဘုရား သုံးပါး၏ လိုက်လံဖမ်းဆီးခြင်းကနေ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
ကျန်းချန်က အနည်းငယ် စဥ်းစားလိုက်ပြီးမှ လျှိုထျန်းရှင်းကို ပြောလိုက်သည်။
"မင်းရဲ့ဒဏ်ရာကို အရင်ပျောက်အောင် ကုသလိုက်ပါ.. ပြီးမှပဲ ငါတို့တွေ မင်းပြောတဲ့ ရှေးဟောင်းလိုဏ်ဂူကို သွားကြတာပေါ့"
ကျန်းချန်က ထျန်းလဲ့ဂိုဏ်းမှ ဆွဲဆောင်မှုရှိသော အမျိုးသမီးထံကနေ ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေနှင့် ပတ်သက်သည့် အချက်အလက်များစွာကို ရရှိခဲ့သည်။
ထို့ကြောင့် လျှိုထျန်းရှင်းတို့ ရှာဖွေတွေ့ရှိခဲ့သောရှေးဟောင်းလိုဏ်ဂူသည် သက်မဲ့တောင်ကြားတွင် နေထိုင်သော ဝူရှန်၏ လိုဏ်ဂူဖြစ်မှန်း သူခန့်မှန်းမိခဲ့သည်။
ကျန်းချန်အနေဖြင့် အထွတ်အထိပ် နယ်မြေနတ်ဘုရား တစ်ပါးနေထိုင်ခဲ့သည့် လှိုဏ်ဂူကို မြင်တွေ့ချင်သည်မှာ သဘာဝပင် မဟုတ်ပါလော။
"ဘာ.. မင်းက ရှေးဟောင်းလိုဏ်ဂူကို သွားမလို့.. ဟုတ်လား"
ကျန်းချန်က ရှေးဟောင်းလိုဏ်ဂူ ဆီသို့ သွားရန် စိတ်အားထက်သန်နေသည်ကို မြင်လျှင် ယန်ကွမ်၏ မျက်နှာ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
"ကျန်းချန် မင်းရူးနေပြီလား.. အဲဒီရှေးဟောင်းလိုဏ်ဂူကို တခြားနယ်မြေက ပါရမီရှင်တွေ သိမ်းပိုက်ထားလိုက်ပြီကွ"
ဆိုရလျှင် ယောင်ဟုန်ရှန်သည် ရှေးဟောင်းနဂါး မျိုးနွယ်စု၏ အစောင့်အရှောက် ၇ဦးထဲမှ အားအကောင်းဆုံး သုံးယောက်ထက်ပင် လုံးဝ မနိမ့်ကျပေ။
သူတို့ကို အတွင်းဒဏ်ရာ ရအောင် လုပ်ဆောင်ခဲ့သည့် ယောင်ဟုန်ရှန်၏ စွမ်းရည်ကို စဥ်းစားမိလျှင် ယန်ကွမ်သည် အလွန်တရာပင် ထိတ်လန့်နေခဲ့သည်။
သူတို့အနေဖြင့် ထိုရှေးဟောင်းလိုဏ်ဂူ ဆီသို့ ပြန်သွားမည်ဆိုလျှင် သေမင်းခံတွင်းဝသို့ ခုန်ချလိုက်သည်နှင့် ဘာမှမခြားပေ။
"ငါက မင်းကို အတင်းအကျပ် ငါ့နောက်ကို လိုက်ခိုင်းနေလို့လား"
ကျန်းချန်က ယန်ကွမ်ကို မထီမဲ့မြင်ကြည့်ကာ ပြောလိုက်သည်။
"မင်း မသွားချင်ဘူးဆိုရင် မင်းကို ဘယ်သူမှ အတင်းအကျပ်ခေါ်နေမှာ မဟုတ်ဘူး"
လျှိုထျန်းရှင်းကမူ ယန်ကွမ်ကို လျစ်လျူရှုထားလိုက်ပြီး အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ကာ ပြောလိုက်သည်။
"ကောင်းပြီ.. ငါ့ရဲ့ဒဏ်ရာကို ကုသဖို့ တစ်ရက်အချိန်ပေးပါ.. ပြီးရင် ငါတို့တွေ ရှေးဟောင်းလိုဏ်ဂူဆီ သွားကြတာပေါ့"
ထိုရှေးဟောင်းလိုဏ်ဂူတွင် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့် ကျင့်ကြံသူ ရှိနှင့်နေသည်ကို သိသော်လည်း ကျန်းချန်သည် သူ၏ တိုက်ခိုက်ရေးစွမ်းရည် အပေါ် ယုံကြည်မှုရှိသောကြောင့် သွားရောက်ရန် ဝန်လေးမနေခဲ့ပေ။
ဆိုရလျှင် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေသည် အစကတည်းကပင် အန္တရာယ်များဖြင့် ပြည့်နှက်နေသော နယ်မြေဖြစ်သည်။
အန္တရာယ်လေး အနည်းငယ် ကြုံတွေ့ရုံမျှဖြင့် နောက်ပြန်ဆုတ်မည်ဆိုလျှင် ကြီးမားသော အခွင့်အလမ်းကို မည်ကဲ့သို့ ရနိုင်ပါတော့မည်နည်း။
ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး ရှေးဟောင်းသစ်ပင် ပေါ်သို့ တက်ကာ စတင် ကျင့်ကြံလိုက်သည်။
မှန်ပါသည်။ ကျန်းချန်၏ ကျင့်ကြံပုံမှာ သာမန် ကျင့်ကြံပုံမျိုး မဟုတ်ဘဲ ယခုလေးတင် ရရှိထားသော နှစ်၁၀၀၀၀ သွေးဆီးသီးများကို အရူးအမူး စားသုံးခြင်းပင် ဖြစ်၏။
နှစ်၁၀၀၀၀ သွေးဆီးသီးကို ရူးသွပ်စွာ စားသုံးသော လုပ်ရပ်သည် ကမ္ဘာကိုပင် တုန်လှုပ်စေလောက်သော လုပ်ရပ်ဖြစ်ရာ ကျန်းချန်သည် လျှိုထျန်းရှင်းတို့ သတိမထားမိစေရန် လုပ်ဆောင်ခဲ့သည်။
"ဒင်.. သင်က နှစ်၁၀၀၀၀ သွေးဆီးသီးကို စားသုံးပြီး နတ်စွမ်းအား အတွေ့အကြုံရမှတ် ၅၀၀၀၀၀ကို အဆ ၁၀၀ ရရှိပါတယ်"
"ဒင်.. သင်က နှစ်၁၀၀၀၀ သွေးဆီးသီးကို စားသုံးပြီး နတ်စွမ်းအား အတွေ့အကြုံရမှတ် ၅၀၀၀၀၀ကို အဆ ၁၀၀ ရရှိပါတယ်"
".............."
ကျန်းချန်က နှစ်၁၀၀၀၀ သွေးဆီးသီးကို ဆက်တိုက်ဆိုသလို စားသုံးခဲ့ပြီး အချိန်သည်လည်း တဖြည်းဖြည်း ကုန်ဆုံးလာခဲ့သည်။
ဤသို့ဖြင့်ပင် တစ်ရက်ဟူသော အချိန်ကာလသည် မျက်တောင်တစ်ခတ် အတွင်း ကုန်ဆုံးသွားခဲ့၏။
ကျန်းချန်က နှစ်၁၀၀၀၀ သွေးဆီးသီး ၂၀၀၀၊ ၃၀၀၀ခန့်ကို စားသုံးပြီးနောက်တွင် လျှိုထျန်းရှင်း၏ ဒဏ်ရာသည်လည်း ၇၀ ရာခိုင်နှုန်းခန့် ပြန်လည် ကောင်းမွန်လာခဲ့၏။
"ညီနောင်ကျန်းချန်.. ငါတို့သွားကြစို့"
လျှိုထျန်းရှင်းက သူ၏ ကျင့်ကြံမှုကို အဆုံးသတ်လိုက်ပြီး ရှေးဟောင်းသစ်ပင်ပေါ်မှ ကျန်းချန်ကို အော်ခေါ်လိုက်သည်။
ကျန်းချန်က ရှေးဟောင်းသစ်ပင်ပေါ်ကနေ ဆင်းသက်လာခဲ့ပြီး လျှိုထျန်းရှင်းနှင့် အတူ ရှေးဟောင်းလိုဏ်ဂူ ရှိရာဆီသို့ ဦးတည်၍ သွားရောက်ခဲ့သည်။
ဤမြင်ကွင်းကိုမြင်လျှင် ယန်ကွမ်၏ မျက်နှာထက်တွင် စိတ်ပျက်လက်ပျက် အမူအရာများ ဖြစ်ပေါ်လာခဲ့၏။
သူက ရှေးဟောင်းနဂါးကုန်းမြေ၏ ခြေလှမ်းတစ်ဝက်ကောင်းကင်နတ်ဘုရား သုံးပါးထဲမှတစ်ပါး ဖြစ်သော ကျွမ်းရှန့်ယန်ကို ဆက်သွယ်ခဲ့ရာ ယခုအခါတွင် ကျွမ်းရှန့်ယန်သည် လမ်းတစ်ဝက်တွင် ရောက်နေခဲ့ပြီ ဖြစ်သည်။
ဤအချိန်တွင် သူက ကျန်နေရစ်ပြီး ကျန်းချန် အပေါ် ခြေရာခံမှုကို ဆုံးရှုံးသွားခဲ့လျှင် ကျွမ်းရှန့်ယန်ကို မည်ကဲ့သို့ ရှင်းပြနိုင်တော့မည်နည်း။
အဆုံးသတ်တွင် ယန်ကွမ်သည် သူ၏ သွားများကိုအံတင်းတင်း ကြိတ်ကာ ကျန်းချန်တို့၏ နောက်သို့ လိုက်သွားရုံသာ တတ်နိုင်ခဲ့သည်။
ကျန်းချန်တို့ နှစ်ယောက်က သူတို့နောက်ကနေ လိုက်လာသော ယန်ကွမ်ကို လျစ်လျူရှုထားလိုက်ပြီး ရှေးဟောင်းလိုဏ်ဂူ ရှိရာသို့ တန်းတန်းမတ်မတ်ပင် သွားရောက်ခဲ့ကြသည်။
မိုင်ထောင်ချီ အကွာအဝေးသည် သူတို့အတွက် သိပ်မဝေးလှပေ။
တစ်ခဏအတွင်းမှာပင် ကျန်းချန်တို့သည် တောင်ကြားတစ်ခုဆီသို့ ရောက်ရှိလာခဲ့ကြသည်။
ထိုတောင်ကြား၏ အရှေ့တွင် ဝူရှန့် ဟူသော စာလုံးကို ရေးထိုးထားသည့် ရှေးဟောင်းကျောက်တိုင်တစ်တိုင် ရှိ၏။
ထိုကျောက်တိုင်တွင် ရေးထားသော လက်ရေးသည် အလွန်ပင် ခမ်းနားထည်ဝါပြီး ကိုယ်ခံပညာ ဥပဒေသများ၏ အရှိန်အဝါပင် ပါဝင်နေခဲ့သည်။
ဤကဲ့သို့ စာလုံးမျိုးကို သာမန်လူများ ရေးထွင်းနိုင်မည်မဟုတ်ပေ။
"ဒီနေရာက အရှင်ဝူရှန့် နေထိုင်ခဲ့တဲ့ နေရာပဲ ဖြစ်ရမယ်"
ကျန်းချန်က တောင်ကြားရှေ့မှ ရှေးဟောင်းကျောက်တိုင်ကိုကြည့်ကာ လျှိုထျန်းရှင်း ရှာဖွေတွေ့ရှိခဲ့သော ရှေးဟောင်းလိုဏ်ဂူသည် အရှင်ဝူရှန့် နေထိုင်ခဲ့သော နေရာ ဖြစ်သည်ဟု အတည်ပြုနိုင်ခဲ့သည်။
အခန်း(၁၆၀၂)ပြီး၏။