← Chapters

အခန်း (၁၆၀၃-၁၆၀၅)

Vol. 107 Ch. 1603-1605

အခန်း (၁၆၀၃-၁၆၀၅)

Vol. 107 Ch. 1603-1605

အခန်း(၁၆၀၃)

တောင်ကြားထဲတွင် အသက်စွမ်းအင်များ ပြည့်နှက်နေခဲ့ပြီး သိပ်သည်းသော ကမ္ဘာ့စွမ်းအင်များသည်လည်း လေထဲတွင် မြူခိုးများလို လွင့်မျောနေသဖြင့် နတ်ဘုံအလားပင် ထင်မှတ်ရ၏။

သို့သော် တောင်ကြားထဲတွင် ပုံမှန် မဟုတ်သည့် လျှို့ဝှက်နက်နဲသော စွမ်းအားတစ်မျိုး လွှမ်းခြုံနေခဲ့၏။

ထိုစွမ်းအား၏ အောက်တွင် ကျန်းချန်ကဲ့သို့ ကျင့်ကြံသူပင်လျှင် ခန္ဓာကိုယ်ကို နတ်စွမ်းအားဖြင့် မဖုံးအုပ်ထားလျှင် ခန္ဓာကိုယ်ထဲမှ အသက်စွမ်းအင်များသည် ထိုလျှို့ဝှက်ဆန်းကြယ်သော စွမ်းအား၏ လွှမ်းမိုးမှုအောက်၌ လျင်မြန်စွာ ပျောက်ကွယ်သွားနိုင်ပေသည်။

"ဒါက အသက်စွမ်းအင်ပဲ.. အရှင်ဝူရှန့်က အသက်လမ်းစဥ်မှာ အတော်လေးမြင့်မားတဲ့အဆင့်ကို ရောက်ရှိခဲ့တယ်လို့ ကြားတယ်"

နက်နဲ ဆန်းကြယ်သော စွမ်းအားကို ခံစားမိလျှင် ကျန်းချန်သည် အံ့သြတုန်လှုပ်သွားခဲ့သည်။

အသက်လမ်းစဥ်သည် လမ်းစဥ် ၃၀၀၀ထဲတွင် တခြားသော လမ်းစဥ်များထက် ပို၍ နက်နဲဆန်းကြယ်သော လမ်းစဥ်များထဲမှ တစ်ခု ဖြစ်သည်။

အသက်လမ်းစဥ်ကို အဆုံးအစွန်အထိ ကျင့်ကြံမည်ဆိုလျှင် လောကထဲမှ သက်ရှိတိုင်းကို တစ်ချက် တွေးလိုက်ရုံဖြင့်ပင် အသက်ရှင်လာအောင် လုပ်ဆောင်နိုင်သလို သွေးစွန်းအောင်လည်း လုပ်ဆောင်နိုင်မည် ဖြစ်သည်။

ထို့ကြောင့် အရှင်ဝူရှန့် နေထိုင်ခဲ့သည့် ဤကဲ့သို့သော နေရာတွင် ပို၍ သတိထားရလိမ့်မည်ဟု သူတွေးမိခဲ့သည်။

သူတို့နှစ်ယောက်က ရှေ့သို့ ဆက်လက် လျှောက်လာပြီးနောက်တွင် မကျေမနပ် ရေရွတ်သံတစ်သံသည် သူတို့၏ နားထဲသို့ ရုတ်တရက် ဝင်ရောက်လာခဲ့သည်။

"လုနန် ဒီအစီအရင်ကို ဖြိုခွဲဖို့ ဘယ်လောက်ကြာဦးမှာလဲ"

တခြားအသံတစ်သံက ချက်ချင်းပင် ပြန်ဖြေလိုက်သည်။

"အစ်ကိုယောင် မကြာတော့ပါဘူး.. အများဆုံး နာရီဝက်လောက်ဆို အစီအရင်ကို ဖျက်ဆီးနိုင်ပါပြီ"

"ညီနောင်ကျန်းချန်.. ရှေးဟောင်းလိုဏ်ဂူက အရှေ့မှာပဲ"

ရှေ့ကနေ ထွက်ပေါ်လာသည့် စကားသံကို ကြားလိုက်ရလျှင် လျှိုထျန်းရှင်းသည် ကျန်းချန်ကို ခပ်တိုးတိုးပြောလိုက်သည်။

"လိုဏ်ဂူရဲ့အပြင်ဘက်မှာ အင်အားကြီးတဲ့ အစီအရင်တစ်ခု ရှိတယ်.. ကြည့်ရတာ ယောင်ဟုန်ရှန်တို့က အဲအစီအရင်ကို မဖြိုခွင်းရသေးဘူး ထင်တယ်"

"ဒါဆို ငါတို့သွားကြည့်ရအောင်"

ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး အသံလာရာဆီသို့ လျှောက်လာခဲ့သည်။

တောင်ကြားကို သိပ်သည်းသော စွမ်းအင်မြူများဖြင့် ဖုံးလွှမ်းထားသောကြောင့် သူတို့၏ အမြင်အာရုံသည် မီတာ၁၀၀လောက် အထိသာ မြင်ရပြီး အာရုံခံနိုင်စွမ်းကို ကန့်သတ်ခံထားရသည်။

ထို့ကြောင့် ကျန်းချန်သည် သူ၏ရှေ့မှ အခြေအနေကို အသေအချာ မမြင်နိုင်ခဲ့ပေ။

သူတို့က ရှေ့ဆက် လျှောက်လာပြီးနောက်တွင် ပုံရိပ်၂ခုသည် သူတို့၏ မြင်ကွင်းထဲကို ဝင်ရောက်လာခဲ့သည်။

ထိုပုံရိပ်၂ခုထဲတွင် တစ်ခုမှာ ချောမောသော အသွင်အပြင် ရှိသည့် လူငယ်လေးတစ်ယောက် ဖြစ်ပြီး ထိုလူငယ်၏ မျက်နှာထက်တွင် စိတ်မရှည်သော အမူအရာများ ထင်ဟပ်နေခဲ့၏။

ထိုလူငယ်၏ အရှိန်အဝါက အလွန်တရာပင် ကြောက်မက်ဖွယ်ကောင်းပြီး သူသတ်ဖြတ်ခဲ့သည့် ကြယ်သင်္ကေတနယ်မြေမှ ခြေလှမ်းတစ်ဝက် ပကတိနတ်ဘုရားနှစ်ပါးထက် လုံးဝမနိမ့်ပေ။

ထိုလူငယ်က လျှိုထျန်းရှင်း ပြောခဲ့သည် ယောင်ဟုန်ရှန် ဖြစ်သည်မှာ ထင်ရှား၏။

ယောင်ဟုန်ရှန်၏ နံဘေးတွင်မူ လူငယ်တစ်ဦးသည် တင်ပျဥ်ခွေ၍ ထိုင်နေခဲ့သည်။

ထိုလူငယ်၏ ခန္ဓာကိုယ်တွင် ချွေးများ စိုရွှဲနေခဲ့၏။

ထိုလူငယ်က လျှို့ဝှက်ဆန်းကြယ်သော လက်ဟန်များကို ထုတ်ဖော်ကာ သူ၏ရှေ့မှ အစိမ်း‌ရောင်ဖျော့ဖျော့ အစီအရင်ကို ဖြေရှင်းနေခဲ့သည်။

လူငယ်၏ အဆက်မပြတ် အားထုတ်မှုအောက်တွင် အစီအရင်သည် ပြိုပျက်တော့မည့် လက္ခဏာများ ဖြစ်ပေါ်လာခဲ့သည်။

"ညီနောင်ကျန်းချန် ရှေးဟောင်းလိုဏ်ဂူရဲ့ အစီအရင်က ပြိုကွဲတော့မယ်ထင်တယ်.. ငါတို့အခု ဘာဆက်လုပ်ကြမလဲ"

ထိုမြင်ကွင်းကိုမြင်လျှင် လျှိုထျန်းရှင်းသည် သူ့နံဘေးရှိ ကျန်းချန်ကို လှည့်ကြည့်ကာ မေးလိုက်သည်။

ကျန်းချန်က ညင်သာစွာ ပြုံး၍ ပြန်ဖြေလိုက်၏။

"အစီအရင်ကို သူတို့နှစ်ယောက် ဖြိုဖျက်ပြီး အထဲဝင်တဲ့အထိ အရင်စောင့်လိုက်မယ်.. ပြီးမှပဲ ငါတို့တွေ သူတို့နောက်ကနေ လိုက်ဝင်သွားကြတာပေါ့"

အရှင်ဝူရှန့်သည် ရှေးခေတ်ကာလတွင် မဟာနဂါးနယ်မြေမှ အစွမ်းအထက်ဆုံး နယ်မြေနတ်ဘုရားတစ်ပါး ဖြစ်ပြီး အသက်လမ်းစဥ်ကို အတော်လေး မြင့်မားသော အဆင့်အထိ ခရီးပေါက်ထားသူ ဖြစ်သည်။

ထို့ကြောင့် သူတို့ရှေ့မှ ရှေးဟောင်းလိုဏ်ဂူသည် လုံးဝ ရိုးရှင်းမည် မဟုတ်ပေ။

ယခု ယောင်ဟုန်ရှန်တို့က သူတို့ရှေ့ကနေ လမ်းရှင်းပေးနေသည် ဖြစ်ရာ သူ့အနေဖြင့် အဘယ်ကြောင့် အလျင်စလို လုပ်ဆောင်ရပါမည်နည်း။

ကျန်းချန်တို့ နှစ်ယောက် စောင့်ဆိုင်းနေသော အချိန်မှာပင် နာရီဝက် ဟူသော အချိန်ကာလသည် အလျင်အမြန်ပင် ကုန်ဆုံးသွားခဲ့သည်။

အဆုံးသတ်တွင် အစိမ်းရောင်ဖျော့ဖျော့ အစီအရင်တွင် ကြီးမားသော အပေါက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

"နောက်ဆုံးတော့ အစီအရင်ကို ဖြိုခွင်းနိုင်ခဲ့ပြီ.. ငါတို့ဝင်ကြစို့"

ယောင်ဟုန်ရှန်က အစီအရင် အတားအဆီးတွင် ဖြစ်ပေါ်နေသည့် အပေါက်ကိုကြည့်ကာ မျက်ဝန်များ တောက်ပသွားခဲ့သည်။

ယောင်ဟုန်ရှန်တို့ နှစ်ယောက် အစီအရင်ထဲသို့ ဝင်ရောက်သွားပြီးနောက်တွင် ကျန်းချန်နှင့် လျှိုထျန်းရှင်း တို့သည်လည်း နောက်ကနေ တိတ်တဆိတ် လိုက်ဝင်သွားခဲ့ကြသည်။

ယန်ကွမ်ကမူ ကျန်းချန်တို့ နှစ်ယောက်နောက်သို့ လိုက်မသွားခဲ့ပေ။

အစီအရင်တွင် ဖြစ်ပေါ်နေသော အပေါက်ကို ကြည့်ကာ သူ၏ မျက်ဝန်းများက အနည်းငယ် တောက်ပလာခဲ့သည်။

ဤအစီအရင်၏ အတွင်းတွင် မည်သည့်အရာများ ရှိနေမှန်း သူမသိပေ။

အကယ်၍ ရှေးဟောင်းလိုဏ်ဂူ၏ နေရာလွတ်က ကျယ်ကျယ်ဝန်းဝန်း မရှိခဲ့လျှင် အစီအရင်ထဲသို့ လိုက်ဝင်သွားသည်နှင့် ယောင်ဟုန်ရှန်တို့က သတိထားမိ သွားလိမ့်မည် ဖြစ်၏။

ယောင်ဟုန်ရှန်၏ လက်ဝါးရိုက်ချက်ဖြင့် ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည့် အခြေအနေကို ပြန်လည်စဥ်းစားမိလျှင် ယန်ကွမ်သည် ကြောက်ရွံ့သွားခဲ့ပြီး အထဲသို့ လိုက်မဝင်တော့ရန် ဆုံးဖြတ်လိုက်သည်။

"ထားလိုက်ပါတော့.. ငါဒီမှာရှိနေသရွေ့ ဟိုနှစ်ကောင် ယောင်ဟုန်ရှန် လက်ထဲမှာ မသေခဲ့ရင်တောင် ထွက်ပြေးနိုင်မှာ မဟုတ်ဘူး.. ကျွမ်းရှန့်ယန် မကြာခင် ရောက်လာတော့မှာဆိုတော့ ကျွန်းရှန့်ယန် ရောက်လာတဲ့အထိ စောင့်နေလိုက်တာ ပိုကောင်းမယ် ထင်တယ်"

ယန်ကွမ်က သူ့ဘာသာသူ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်ပြီးနောက်တွင် တင်ပျဥ်ခွေ၍ ထိုင်ကာ တိတ်တဆိတ်စောင့်ဆိုင်းနေလိုက်သည်။

အစီအရင်၏ အပေါက်ကို ဖြတ်သန်းလာပြီးနောက်တွင် ကျန်းချန်သည် အချိန်နှင့် နေရာလွတ်ကို ဖြတ်ကျော်ကာ ထူးဆန်းသည့် ကမ္ဘာလောက တစ်ခုဆီသို့ ရောက်ရှိလာခဲ့သည်။

ဤကမ္ဘာလောကသည် ကျန်းချန်အတွက် ရှေးဟောင်းနဂါးမျိုးနွယ်စု၏ ခေါင်းဆေင် အရှင်ကုလုံ ဖန်တီးပေးသော ဒသမမြောက်တောင်ထွတ်နှင့် အတူတူလောက်နီးပါး ရှိသည်။

ထို့ကြောင့် ဤနေရာသည် နယ်မြေနတ်ဘုရား ဖြစ်သည့် အရှင်ဝူရှန့် ဖန်တီးထားသော ကမ္ဘာလောက ဖြစ်သည်မှာ ထင်ရှား၏။

ကျန်းချန်က ဒသမမြောက် တောင်ထွတ်တွင် ရှိစဥ်က ကဲ့သို့ပင် ဤကမ္ဘာလောက၏ ဥပဒေသများကို နားလည်အောင် ကြိုးစားကြည့်ခဲ့သော်လည်း လုံးဝ နားမလည်နိုင်ခဲ့ပေ။

ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး လျှိုထျန်းရှင်းနှင့်အတူ စတင်ရှာဖွေခဲ့သည်။

ဤနေရာရှိ နေရာလွတ်သည် မကျယ်ဝန်းဘဲ အချင်းမိုင်ထောင်ချီလောက်သာ ရှိ၏။

မကြာခင်မှာပင် ကျန်းချန်တို့ နှစ်ယောက်သည် အလွန်ရှေးကျသည့် အဆောက်အဦး တစ်ခုကို တွေ့ရှိခဲ့သည်။

ထိုအဆောက်အဦးက ကြေးဝါရောင် ဖြစ်ပြီး ရှေးဟောင်းအရှိန်အဝါများသည် အဆောက်အဦး ပတ်ပတ်လည်တွင် ပြည့်နှက်နေခဲ့သည်။

"ညီနောင်ကျန်းချန် ဒီနေရာက အရှင်ဝူရှန့် နေထိုင်ခဲ့တဲ့ နေရာပဲဖြစ်ရမယ် ယောင်ဟုန်ရှန်တို့ နှစ်ယောက်က အထဲကို ဝင်ရောက်သွားလောက်ပြီ ထင်တယ်"

လျှိုထျန်းရှင်းက သူ၏‌ရှေ့မှ အဆောက်အဦးကို ကြည့်ကာ ကျန်းချန်ကို တီးတိုးပြောလိုက်သည်။

"ငါတို့လည်း အထဲကိုဝင်ကြစို့"

ကျန်းချန်၏ မျက်ဝန်းများက တောက်ပလာခဲ့ပြီး အဆောက်အဦး ဆီသို့ တန်းတန်းမတ်မတ်ပင် လျှောက်သွားခဲ့သည်။

ဤသည်က အလွန်ကြီးမားကျယ်ပြန့်သော အဆောက်အဦး ဖြစ်၍ အထဲကို ဝင်ရောက်သွားသောအခါ သူတို့သည် ပုရွက်ဆိတ်များကဲ့သို့ပင် သေးငယ်နေခဲ့သည်။

သို့ရာတွင် အဆောက်အဦး၏ အတွင်းပိုင်းခန်းမသည် အလွန်တရာ ကျယ်ပြောသော်လည်း အထဲတွင်မူ ဘာမှမရှိသလောက် ရိုးရှင်းသည်။

အထဲကိုရောက်သည်နှင့် ကျန်းချန်တို့သည် ယောင်ဟုန်ရှန်ကို တွေ့လိုက်ရသည်။

ထိုအချိန်တွင် ယောင်ဟုန်ရှန်တို့ နှစ်ယောက်၏ အကြည့်သည် ခန်းမ၏ အလယ်ဗဟိုတွင်ရှိသည့် စင်တစ်ခုအပေါ်သို့ ရောက်ရှိနေခဲ့၍ ကျန်းချန်တို့ ခန်းမထဲ ဝင်လာသည်ကိုပင် သတိမထားမိခဲ့ပေ။

ကျန်းချန်က ယောင်ဟုန်ရှန်တို့ နှစ်ယောက် ကြည့်နေသည့် စင်ပေါ်မှ အရာများကို မြင်လျှင် အံ့အားသင့်သွားခဲ့သည်။

စင်ပေါ်တွင် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အင်မတန်ထူးခြားသည့် ပုံရိပ်တစ်ခုသည် လက်အုပ်ချီကာ ထိုင်နေခဲ့၏။

ဤသည်မှာ လုံးဝ ဗလာဖြစ်နေသော ခန်းမထဲတွင် အလွန်ထူးခြားသော နေရာတစ်ခု ဖြစ်သည်။

ထိုအဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ပုံရိပ်သည် နှစ်ပေါင်းမည်မျှ ကြာမြင့်ကတည်းက သေဆုံးသွားသည်ကို မသိရသော်လည်း ထိုင်နေသည့် ပုံသဏ္ဌာန်ကမူ လုံးဝ ပုံမပျက်သွားခဲ့ပေ။

ထိုအဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ပုံရိပ်ကို ကြည့်ပြီး ကျန်းချန်၏ မျက်ဝန်းထဲတွင် အံ့သြထိတ်လန့်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့၏။

သူ၏ အရှေ့မှ အဖြူရောင်ဝတ်စုံဝတ် ပုံရိပ်သည် ရှေးခေတ်ကာလက နာမည် ကျော်ကြားသော နယ်မြေနတ်ဘုရားအရှင်ဝူရှန့် ဖြစ်နေပါသလော။

အခန်း(၁၆၀၃)

အခန်း(၁၆၀၄)

ရှေးခေတ်ကာလက မဟာနဂါးနယ်မြေတွင် အစွမ်းထက်ကျင့်ကြံသူတစ်ဦး ဖြစ်သော အရှင်ဝူရှန့်သည် လွန်ခဲ့သောနှစ်သန်းပေါင်း ရာချီကတည်းကပင် ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။

နယ်မြေနတ်ဘုရား တစ်ပါး၏ သက်တမ်းသည် ရှည်လျားသော်လည်း နှစ်ပေါင်း ဆယ်သန်းထက် မပိုပေ။

နတ်ဘုရင်အဆင့် ကျင့်ကြံသူပင်လျှင် ရှေးခတ်ကာလကနေ ယနေ့အချိန်အထိ အသက်ရှင်နိုင်ရန်မှာ မဖြစ်နိုင်ပေ။

"နယ်မြေနတ်ဘုရားတစ်ပါးရဲ့ ရုပ်ကြွင်းက ရှေးခေတ်ကာလကနေ ဒီနေ့အချိန်အထိ မပျက်စီးဘဲ ရှိနေလိမ့်မယ်လို့ တကယ်မထင်မိဘူး"

ကျန်းချန်က မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်သည်။

"ညီနောင်ကျန်းချန် ငါရှေးဟောင်းကျမ်းစာအုပ်တွေထဲမှာ နယ်မြေနတ်ဘုရားနဲ့ ပတ်သက်တဲ့ မှတ်တမ်းတချို့ကို ဖတ်ဖူးတယ်.. အဲဒီကျမ်းထဲမှာ နယ်မြေနတ်ဘုရားတစ်ပါးက သက်တမ်းကုန်ဆုံးချိန်ကို ရောက်ပြီး ပုံမှန်အတိုင်း သေဆုံးခဲ့မယ်ဆိုရင် သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ နယ်မြေနတ်ဘုရား သလင်းကျောက် ဖြစ်တည်လာတယ်လို့ ဆိုထားတယ်"

"နယ်မြေနတ်ဘုရားသလင်းကျောက် ဟုတ်လား"

ကျန်းချန်က အံ့အားသင့်သော အကြည့်ဖြင့် လျှိုထျန်းရှင်းကို ကြည့်လိုက်သည်။

ကျန်းချန်၏ ကျင့်ကြံခြင်းလမ်းစဥ်သို့ လျှောက်လှမ်းခဲ့သော အချိန်ကာလသည် အလွန်တရာပင် တိုတောင်းပြီး နတ်ဘုရားနယ်မြေသို့ ဝင်ရောက်ရန်ပင် နှစ်အနည်းငယ်သာ ကြာမြင့်ခဲ့သည်။

ခွန်အားအရ သူသည် လျှိုထျန်းရှင်းထက် များစွာသာလွန်သော်လည်း အတွေ့အကြုံ ဗဟုသုတတွင် နှစ်ထောင်ပေါင်းများစွာ ကျင့်ကြံခဲ့သော လျှိုထျန်းရှင်းကို နှိုင်းယှဥ်၍ မရပေ။

ကျန်းချန်က နယ်မြေနတ်ဘုရား သလင်းကျောက်နှင့်ပတ်သက်၍ မသိသည်ကိုမြင်လျှင် လျှိုထျန်းရှင်းသည် ကျန်းချန်အား အလျင်အမြန်ပင် ရှင်းပြလိုက်သည်။

နယ်မြေနတ်ဘုရား သလင်းကျောက် ဆိုသည်မှာ နယ်မြေနတ်ဘုရားတစ်ပါး သေဆုံးပြီးနောက်တွင် ခန္ဓာကိုယ်တွင် အလိုအလျောက် ဖြစ်တည်လာသည့် အနှိုင်းမဲ့မှော်စွမ်းအားများ ပါဝင်သော အဆီအနှစ်တစ်မျိုး ဖြစ်သည်။

နယ်မြေနတ်ဘုရား သလင်းကျောက်တွင် နယ်မြေနတ်ဘုရားတစ်ပါး၏ ဘဝတစ်လျှောက် လေ့လာဆည်းပူးခဲ့သော အဆီအနှစ်များ ပေါင်းစပ်ပါဝင်နေ၍ ကိုယ်ခံပညာဥပဒေသကို နားလည်မှုနှင့် ကျင့်ကြံခြင်းအဆင့်ကို များစွာ တိုးတက်စေရုံသာမက သေဆုံးသူကိုပင် ပြန်လည် အသက်သွင်းနိုင်သော အကျိုးသက်ရောက်မှုပင် ရှိသည်။

ထို့ကြောင့် နယ်မြေနတ်ဘုရား သေဆုံးပြီးနောက်တွင် နယ်မြေနတ်ဘုရား သလင်းကျောက်ကို အနှိုင်းမဲ့ ပါရမီရှင်များသည် ရယူရန် ကြိုးစားကြလေ့ ရှိသည်။

နယ်မြေနတ်ဘုရား သလင်းကျောက်ကို ရရှိသော ပါရမီရှင်များသည် သာမန် ပါရမီရှင်များထက် ပို၍ မြန်ဆန်စွာ လေ့ကျင့်န်ုင်မည် ဖြစ်သည်။

လျှိုထျန်းရှင်း၏ ရှင်းပြချက်ကို နားထောင်ပြီးနောက်တွင် ကျန်းချန်၏ မျက်ဝန်းများသည် အနည်းငယ် လင်းလက်လာခဲ့သည်။

"ဒီနယ်မြေနတ်ဘုရား သလင်းကျောက်က ကမ္ဘာ့စွမ်းအားကို ပြန်လည် ပြုပြင်ပေးနိုင်လား"

ကျန်းချန်က လျှိုထျန်းရှင်းကို လေးနက်စွာ မေးလိုက်သည်။

"ဖြစ်နိုင်ပါတယ်"

လျှိုထျန်းရှင်းက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။

"နယ်မြေနတ်ဘုရားအဆင့်အောက်က ကျင့်ကြံသူတွေက နယ်မြေနတ်ဘုရား သလင်းကျောက်ကို ရရှိသရွေ့ ဘယ်လိုဝေဒနာကို ခံစားနေရပါစေ. ပြန်လည်နလန်ထူနိုင်ကြတယ်. ဒါ့အပြင် သူတို့ကို နောက်တစ်ဆင့်ဆီ တက်လှမ်းနိုင်မဲ့ အခွင့်အရေးကိုတောင် ရရှိစေလိမ့်မယ်"

"ဒါဆိုရင်တော့ နယ်မြေနတ်ဘုရား သလင်းကျောက်ကို မရရအောင် ယူရတော့မှာပဲ"

ကျန်းချန်၏မျက်ဝန်းများက တလက်လက် တောက်ပသွားခဲ့သည်။

ကျန်းချန် စဥ်းစားခန်းဝင်နေစဥ်မှာပင် လျှိုထျန်းရှင်း၏ တအံ့တသြ ရေရွတ်သံသည် သူ၏ နားထဲသို့ ဝင်ရောက်လာခဲ့သည်။

"ညီနောင်ကျန်းချန်.. ဟိုကို ကြည့်လိုက်စမ်းပါဦး. အရှင်ဝူရှန့်ရဲ့ ခန္ဓာကိုယ်ရှေ့မှာ ရတနာသုံးမျိုး ရှိနေတယ်"

ကျန်းချန်က ခဏမျှ အံ့အားသင့်သွားခဲ့ပြီး ဝူရှန့်၏ ခန္ဓာကိုယ်ရှေ့သို့ လှမ်းကြည့်လိုက်သည်။

ထိုအခါ အရှင်ဝူရှန့်၏ ခန္ဓာကိုယ်ရှေ့တွင် ပစ္စည်းသုံးမျိုးကို သပ်သပ်ရပ်ရပ် စီထားသည်အား တွေ့လိုက်ရသည်။

ဘယ်ဘက်ခြမ်းတွင် အနီရောင်သေတ္တာတစ်လုံး ရှိပြီး ထိုသေတ္တာထဲကနေ ကြွယ်ဝသော ဆေးရနံ့များ ထွက်ပေါ်နေသဖြင့် အဆင့်မြင့် နတ်ဆေးဝါးတစ်ခု ဖြစ်သည်မှာ ထင်ရှား၏။

အလယ်တွင်မှာ ရှေးကျသော အရှိန်အဝါများ ထွက်ပေါ်နေသည့် ဆန်းကြယ်သော ကျမ်းစာလိပ်တစ်ခု ရှိနေခဲ့သည်။

ထိုကျမ်းစာလိပ်သည် ကိုယ်ခံပညာနည်းစနစ် ဖြစ်ပုံရပြီး အနည်းဆုံး နယ်မြေနတ်ဘုရားအဆင့်တွင် ရှိလောက်သည်ဟု ခန့်မှန်းရ၏။

ညာဘက်တွင်မူ အသက်စွမ်းအင်များဖြင့် ပြည့်နှက်နေသော သစ်ကိုင်းတစ်ကိုင်း ရှိနေခဲ့သည်။

ကျန်းချန်က ထိုလျှို့ဝှက်ဆန်းကြယ်သော သစ်ကိုင်းကိုမြင်လျှင် စိတ်နှလုံးထဲတွင် တုန်လှုပ်သွားခဲ့သည်။

နှစ်သန်းပေါင်းရာချီရှိ ခဲ့သော ဤသစ်ကိုင်းတွင် ဤမျှအားကောင်းသော အသက်စွမ်းအား ရှိနေသည်မှာ မယုံကြည်နိုင်စရာပင် ကောင်းလှ၏။

ဤပစ္စည်းသုံးမျိုး စလုံးသည် အရှင်ဝူရှန့် ချန်ထားရစ်ခဲ့သော အနှိုင်းမဲ့ရတနာများ ဖြစ်ကြပြီး တစ်ခုချင်းစီသည် တန်ဖိုးမဖြတ်နိုင်သည်မှာ ထင်ရှား၏။

ရတနာက သူ၏ရှေ့တွင် ရှိနေသော်လည်း ကျန်းချန်သည် ချက်ချင်းမယူခဲ့ပေ။

ထိုရတနာသုံးမျိုးကို ရယူရန်မှာ မလွယ်ကူကြောင်း သူ၏ ပင်ကိုသိစိတ်ကနေ ခံစားမိခဲ့သည်။

"ဟားဟား မထင်မှတ်ဘဲ ဒီနေရာက နယ်မြေနတ်ဘုရား တစ်ပါး သေဆုံးသွားခဲ့တဲ့နေရာ ဖြစ်နေတာပဲ.. ဒဏ္ဍာရီလာ နယ်မြေနတ်ဘုရား သလင်းကျောက်နဲ့ နယ်မြေနတ်ဘုရားရဲ့အမွေအနှစ်တွေ.. ဒီအရာအားလုံးက ငါ့အပိုင်ပဲ"

ထိုအချိန်တွင် ကျန်းချန်တို့နှင့် မလှမ်းမကမ်းတွင် ရပ်နေသော ယောင်ဟုန်ရှန်သည် သူ၏ရှေ့မှ မြင်ကွင်းကို ကြည့်ရင်း မှင်တက်နေရာကနေ နောက်ဆုံး၌ အသိပြန်ဝင်လာခဲ့သည်။

သူက ကျေနပ်စွာ ပြုံးလိုက်ပြီး ခြေထောက်ကို မြေပြင်ပေါ်သို့ တစ်ချက် ဆောင့်နင်းလိုက်ကာ မြားတစ်စင်းနှယ် ပျံသန်းလာခဲ့ပြီး စင်အရှေ့သို့ ရောက်လာခဲ့သည်။

ထို့နောက်တွင် သူက ရတနာသုံးမျိုးကို လှမ်းယူရန် သူ၏ လက်ကို ဆန့်ထုတ်လိုက်သည်။

သို့သော်လည်း သူ၏လက်က စင်ပေါ်မှ ရတနာနှင့် သုံးပေအကွာအဝေးသို့ အရောက်မှာပင် သူ၏ကျောဘက်ကနေ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

"မင်းမသေချင်ဘူးဆိုရင် ရပ်လိုက်တာ ကောင်းမယ်"

ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် ယောင်ဟုန်ရှန်၏ အမူအရာသည် အပြင်းအထန်ပင် ပြောင်းလဲသွားခဲ့သည်။

သူ၏ အကြည့်က စင်ပေါ်မှ ရုပ်ကြွင်းနှင့် ရတနာများပေါ်တွင်သာ ရှိနေသောကြောင့် ခန်းမထဲတွင် အခြားသူများ ရှိနေသည်ကို သတိမပြုမိခဲ့ပေ။

သူက ရုတ်တရက် နောက်လှည့်၍ ကြည့်လိုက်ရာ သူ၏အကြည့်သည် ကျန်းချန်ပေါ်သို့ ချက်ချင်းဆိုသလို ကျရောက်သွားခဲ့သည်။

အထူးသဖြင့် လျှိုထျန်းရှင်းကိုမြင်လျှင် သူ၏မျက်နှာအမူအရာသည် ရုတ်တရက် အပြင်းအထန် ပြောင်းလဲသွားခဲ့သည်။

"လတ်စသတ်တော့ မင်းဖြစ်နေတာကိုး"

သူ၏ရှေ့မှ ကောင်လေးသည် အခြားသူ မဟုတ်ဘဲ မကြာသေးမီကပင် သူ၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့သူ တစ်ဦး ဖြစ်သည်။

မူလက သူသည် အဆင့်မြင့် ပကတိနတ်ဘုရားသုံးပါးကို ရှေးဟောင်းလျှို့ဝှက်လိုဏ်ဂူနှင့် ပတ်သက်၍ သတင်းမပေါက်ကြားစေရန်အတွက် ထိုလူငယ်ကို လိုက်လံ ရှင်းလင်းစေခဲ့သည်။

ယခုအခါ အဆင့်မြင့် ပကတိနတ်ဘုရား သုံးပါးက ပြန်လည်မရောက်ရှိလာဘဲ ထိုကောင်လေးကသာ အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသော လူငယ်နှင့်အတူ လျှို့ဝှက်လိုဏ်ဂူ ရှိရာသို့ ရောက်ရှိလာခဲ့သည်။

"အံသြသွားတာလား ယောင်ဟုန်ရှန်း.. ငါမင်းရှေ့ကို ပြန်ရောက်လာမယ်လို့ မင်းဘယ်တုန်းကမှ မတွေးမိဘူး မဟုတ်လား"

လျှိုထျန်းရှင်းက အေးစက်စက်ပြုံးကာ ပြောလိုက်သည်။

"မင်းမှာ.ငါ့ဆီကို ပြန်လာရဲလောက်တဲ့သတ္တိ ရှိလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး.. ငါ့လူသုံးယောက်ကို မင်းတို့တွေ ဘာလုပ်လိုက်လဲ"

ယောင်ဟုန်ရှန်က လျှိုထျန်းရှင်းကို စူးစိုက်၍ ကြည့်ကာ မေးလိုက်သည်။

သူ၏ခန္ဓာကိုယ်တွင် လူသတ်ငွေ့များ ထွက်ပေါ်နေခဲ့သည်။

"မင်းက ငါ့ကိုရှင်းလင်းဖို့အတွက် ပကတိနတ်ဘုရားသုံးပါးကို စေလွှတ်ခဲ့တယ် ဒါပေမဲ့ ငါကအခု မင်းရှေ့မှာ ကောင်းကောင်းမွန်မွန်ရပ်နေခဲ့ပြီဆိုတော့ သူတို့ သုံးယောက်ဘာဖြစ်သွားပြီလို့ မင်းထင်လဲ"

လျှိုထျန်းရှင်းက မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။

"မင်းက ငါ့လူတွေကို သတ်ပြီး င့ါရှေ့မှာ မာန်တက်ရဲတယ်ပေါ့လေ.. ကောင်းပြီ.. ခဏနေကျရင် သေတာထက်ဆိုးတဲ့ ဝေဒနာကို ခံစားခွင့်ပေးမယ်"

အခန်း(၁၆၀၄)ပြီး၏။

အခန်း(၁၆၀၅)

"ငါမင်းကို သတိပေးပြီးပြီနော် ကျန်တာကတော့ မင်းရဲ့ကံတရားပဲ"

ကျန်းချန်က ထပ်မံ၍ သတိပေးလိုက်သည်။

ကျန်းချန်က ယောင်ဟုန်ရှန်ကို တားဆီးနေခြင်းမှာ ကူညီချင်၍ မဟုတ်ဘဲ ထိုရတနာပစ္စည်း သုံးမျိုးကို အားကောင်းသော အစီအရင်တစ်ခုက ကာကွယ်ထားကြောင်း သိနေသောကြောင့်ဖြစ်သည်။

ထိုအစီအရင်ကို လှုံ့ဆော်မိလျှင် သူတို့ပါ အသက်အန္တရာယ်ရှိနိုင်သောကြောင့် တားဆီးခဲ့ခြင်း ဆိုလည်းမမှားပေ။

"မင်းက ဒီလောက်တောင် သေချင်နေမှတော့ ငါမင်းဆန္ဒကိုဖြည့်ဆည်းပေးမယ်"

ယောင်ဟုန်ရှန်၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းများ တောက်ပလာခဲ့သည်။

သူက ကြောက်မက်ဖွယ် အရှိန်အဝါကို ထုတ်ဖော်ကာ ကျန်းချန်ကို ဖိအားပေးလိုက်သည်။

ကျန်းချန်ကလည်း သူ၏ အရှိန်အဝါကို ထုတ်ဖော်ကာ ထိပ်တိုက်ရင်ဆိုင်လိုက်၏။

"ဝုန်း.."

ကြောက်မက်ဖွယ်ကောင်းသော လေလှိုင်းတစ်ခုသည် ခန်းမထဲတွင် ထွက်ပေါ်လာခဲ့ပြီး ယောင်ဟုန်ရှန်သည် နောက်သို့ခြေသုံးလှမ်းခန့် ဆုတ်လိုက်ရသည်။

ကျန်းချန်ကမူ ခြေနှစ်လှမ်းခန့်သာ ဆုတ်လိုက်ရ၏။

ထိုမြင်ကွင်းကိုမြင်လျှင် ယောင်ဟုန်ရှန်သည် ကျန်းချန်၏ ခွန်အားကို အံ့အားသင့်သွားခဲ့သည်။

"ကောင်လေး မင်းကဘယ်ဆိုးလို့လဲ"

ကျန်းချန်၏ စွမ်းရည်ကို သိလိုက်ရသောအခါတွင် ယောင်ဟုန်ရှန်သည် သူ၏လူသုံးယောက်က မည်ကဲ့သို့သော ကံကြမ္မာနှင့် ကြုံတွေ့ခဲ့ရသည်ကို အဆုံးသတ်တွင် နားလည်သွားခဲ့သည်။

ကျန်းချန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ ယောင်ဟုန်ရှန်ကို မဲ့ပြုံးပြုံးကာ ကြည့်လိုက်သည်။

"ငါ့ရဲ့ စွမ်းရည် အစစ်အမှန်ကို မင်းဘယ်လိုမှ နားလည်မှာမဟုတ်ဘူး.. ဒါပေမဲ့ မင်းရဲ့စွမ်းရည်ကတော့ ငါ့ရဲ့ မျက်လုံးထဲမှာ ဘာမှမဟုတ်ဘူး.. ဒီခန်းမထဲကနေ မင်းဘာသာမင်း ထွက်သွားမလား ဒါမှမဟုတ် ငါ့ လက်ထဲမှာ အသေခံမလား.. မင်းကြိုက်ရာတစ်ခုကို ရွေးချယ်လိုက်"

"ဟားဟား ကောင်လေး မင်းက အတော် လေလုံးထွားတာပဲ"

ယောင်ဟုန်ရှန်က အထင်အမြင်သေးစွာ လှောင်ရယ်လိုက်သည်။

"အလယ်အလတ် ပကတိနတ်ဘုရားအဆင့်နဲ့ ငါ့ရဲ့လူသုံးယောက်ကို သတ်နိုင်တာက မဆိုးပါဘူး.. ဒါပေမဲ့ ငါ့လို ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရားနယ်ပယ်အဆင့် ရှေ့မှာ ကြွားလုံးထုတ်ချင်ရင်တော့ မင်းက အရည်အချင်း မပြည့်မီသေးဘူး"

"ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်က ဘာမို့လို့လဲ.. သိပ်ပြီး အံ့သြစရာကောင်းနေလို့လား"

ကျန်းချန်က မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။

"သိပ်မကြာခင်ကပဲ ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား နှစ်ပါးကို ငါသတ်ဖြတ်ခဲ့တယ်.. မင်းက တတိယမြောက်ဖြစ်လာနိုင်တယ်"

ကျန်းချန်၏ စကားကိုကြားလိုက်ရလျှင် ကမ္ဘာပေါ်တွင် အရယ်ရဆုံး ဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ ယောင်ဟုန်ရှန် ခံစားလိုက်ရသည်။

"ဟမ့်.. မင်းက လျှာစွမ်း သိပ်ထက်နေပါလား.. ဘယ်သူက ဘယ်သူ့ကို သတ်နိုင်မလဲဆိုတာ မင်းမကြာခင် သိရလိမ့်မယ်"

ယောင်ဟုန်ရှန်က အေးစက်စက် ကြုံးဝါးလိုက်သည်။

ထို့နောက်တွင် သူ၏ လက်ထဲ၌ အေးစက်သော အရှိန်အဝါများကို ထုတ်လွှတ်နေသည့် အနက်ရောင် ဓားရှည်တစ်လက်ထွက်ပေါ်လာခဲ့သည်။

"ကောင်လေး မင်းကို ငါ ဘယ်လိုသတ်မလဲဆိုတာ သေချာကြည့်ထား"

ယောင်ဟုန်ရှန်က အေးစက်စက် ကြုံးဝါးလိုက်ပြီး သူ၏နတ်စွမ်းအားများကို လှုံ့ဆော်လိုက်သည်။

ချက်ချင်းဆိုသလိုပင် သူ၏လက်ထဲရှိ အနက်ရောင်ဓားရှည်သည် အလင်းရောင်များ တောက်ပလာခဲ့ပြီး ရေခဲဓားအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ယောင်ဟုန်ရှန်က ရေခဲဓားကို ဝှေ့ယမ်းလိုက်ရာ အလွန်အေးစက်သော စွမ်းအားကြောင့် ခန်းမတစ်ခုလုံးရှိ လေထုပင် အေးခဲသွားခဲ့သည်။

ကျန်းချန်က ဥပဒေသ၆မျိုး စွမ်းအားကို ထုတ်ဖော်လိုက်ပြီး မီးဥပဒေသကို အထူးပြုကာ ၆‌ရောင်ခြယ် မီးတောက်တစ်ခုကို ဖန်တီး၍ ရေခဲဓား၏ စွမ်းအားနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်၏။

"ဝုန်း.."

ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာပြီးနောက်တွင် ၆‌ရောင်ခြယ်မီးတောက်သည် ရေခဲဓား၏ စွမ်းအားကို လျင်မြန်စွာပင် အရည်ပျော်သွားစေခဲ့ပြီး အဆုံးသတ်တွင် ရေခဲဓားသည် ရေစက်များ အဖြစ်သို့ ပြောင်းလဲကာ လေထဲတွင် ပျောက်ကွယ်သွားခဲ့သည်။

သူ၏ ရေခဲဓားစွမ်းအားကို ကျန်းချန်၏ ၆‌ရောင်ခြယ်မီးတောက်က ချက်ချင်းဆိုသလို အရည်ပျော်သွားစေသည်အားမြင်လျှင် ယောင်ဟုန်ရှန်၏ မျက်နှာ အမူအရာသည် ပြောင်းလဲသွားခဲ့သည်။

သူက အနက်ရောင်ဓားရှည်ကို ဝှေ့ယမ်းလိုက်ပြီး ၆ရောင်ခြယ်မီးတောက်ကို ပိတ်ဆို့ရန်အတွက် ရေခဲဓားကွန်ရက်ကို အလျင်အမြန် စုဖွဲ့လိုက်သည်။

၆ရောင်ခြယ်မီးတောက်က ရေခဲဓား ကွန်ရက်ပေါ်သို့ ကျရောက်လာသောအခါတွင် ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး ယောင်ဟုန်ရှန်၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ကာ နောက်သို့ ခြေသုံးလှမ်းခန့် ဆုတ်လိုက်ရ၏။

"တတိယအဆင့်ကို ရောက်နေတဲ့ ဥပဒေသ၆မျိုးပါလား.. ဒီကောင်လေးက ဥပဒေသ၆မျိုးကို တစ်ပြိုင်နက် ကျင့်ကြံထားတဲ့သူပဲ"

ယောင်ဟုန်ရှန်က အတော်လေး အံ့သြထိတ်လန့်သွားခဲ့သည်။

"မိုးကြိုးဥပဒေသ"

ကျန်းချန်က အေးစက်စက် ကြုံးဝါးလိုက်သည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်ယံတစ်ခုလုံးတွင် မိုးကြိုးစွမ်းအင်များ ပြည့်နှက်သွားခဲ့ပြီး ၆ရောင်ခြယ် မိုးကြိုးတူတစ်လက်အဖြစ်သို့ စုစည်းသွားကာ ‌ယောင်ဟုန်ရှန်ကို ခုတ်ချလိုက်၏။

သူ့ထံသို့ ကျရောက်လာသော မိုးကြိုးတူကို ကြည့်ရင်း ယောင်ဟုန်ရှန်၏ မျက်ဝန်းများသည် ပြူးကျယ်သွားခဲ့သည်။

ကျန်းချန်က အလယ်အလတ် ပကတိနတ်ဘုရားအဆင့်သာ ဖြစ်သော်လည်း ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်နှင့်ပင် ယှဥ်နိုင်သော တိုက်ခိုက်ရေးစွမ်းရည် ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

"လခွမ်း ဒီကောင်က နယ်မြေ၄ခုက လူမဟုတ်တာ အသေအချာပဲ.. ဒီကောင်က မဟာနဂါးနန်းတော်ရဲ့မျိုးဆက်များ ဖြစ်နေမလား"

ထိုသို့ တွေးမိသည်နှင့် ယောင်ဟုန်ရှန်သည် အတော်လေး ထိတ်လန့်သွားခဲ့သည်။

သို့ရာတွင် သူ၏မျက်ဝန်းထဲတွင် လျင်မြန်စွာ ချဲ့ထွင်လာသော မိုးကြိုးတူကို ကြည့်ကာ စဥ်းစားနေရန် အချိန်မရှိတော့ပေ။

သူက ရေခဲလမ်းစဥ် ဥပဒေသ၏ မူလစွမ်းအားကို အနက်ရောင်ဓားရှည်ထဲတွင် ထည့်သွင်းကာ သူ့ထံသို့ သက်ရောက်လာသော မိုးကြိုးတူကို ရင်ဆိုင်လိုက်သည်။

အနက်ရောင်ဓားရှည်မှ ကြောက်မက်ဖွယ်ကောင်းသော အအေးစွမ်းအင်သည် ခန်းမတစ်ခုလုံးကို ချက်ချင်းဆိုသလို ပြည့်နှက်သွားခဲ့သည်။

၆‌ရောင်ခြယ်တောက်ပနေသော မိုးကြိုးတူပင် ချက်ချင်းဆိုသလို အေးခဲသွားခဲ့၏။

"ပျက်စီးစမ်း"

ယောင်ဟုန်ရှန်က လေထုကို အေးခဲစေလိုက်ပြီးနောက်တွင် ချက်ချင်းဆိုသလို သူ၏လက်ကို ဆန့်ထုတ်ကာ နတ်စွမ်းအားကို ထုတ်ဖော်၍ မိုးကြိုးတူကို ပစ်ခတ်လိုက်ရာ မိုးကြိုးတူသည် လေထဲမှာပင် ပေါက်ကွဲသွားခဲ့သည်။

"ကောင်လေး မင်းက ဥပဒေသ၆မျိုးကို လေ့လာထားတဲ့အတွက် တိုက်ခိုက်ရေးစွမ်းရည် ထူးခြားတယ်.. အကယ်၍ မင်းသာ အဆင့်မြင့် ပကတိနတ်ဘုရားတစ်ပါး ဆိုရင် ငါမင်းကို ဘယ်လိုမှ ယှဥ်နိုင်မှာမဟုတ်ဘူး.. ကံမကောင်းစွာနဲ့ပဲ မင်းက အလယ်အလတ် ပကတိနတ်ဘုရားအဆင့်မှာပဲ ရှိနေသေးတယ်.. ဘာပဲဖြစ်ဖြစ် မင်းကို သတ်ဖြတ်ဖို့ ငါ့ရဲ့ကိုယ်ခံပညာဥပဒေသ မူလစွမ်းအားကို အသုံးပြုလာအောင် တွန်းအားပေးနိုင်ခဲ့တဲ့အတွက် မင်းဂုဏ်ယူလိုက်လို့ရပြီ"

စကားဆုံးသည်နှင့် ယောင်ဟုန်ရှန်သည် သူ၏ ခန္ဓာကိုယ်မှ နတ်စွမ်းအားနှင့် ရေခဲလမ်းစဥ် ဥပဒေသ မူလစွမ်းအားကို အစွမ်းကုန် လှုံ့ဆော်ကာ အနက်ရောင်ဓားရှည်ထဲသို့ ထည့်သွင်းလိုက်သည်။

နောက်ထပ်တစ်ခဏတွင် ကြောက်မက်ဖွယ် အေးစက်နေသော ဓားအလင်း တစ်ခုသည် ကျန်းချန်ဆီသို့ သက်ရောက်လာခဲ့၏။

အခန်း(၁၆၀၅)ပြီး၏။

All Chapters