← Chapters

ယောက်ဖမျက်နှာ

Vol. 16 Ch. 212

ယောက်ဖမျက်နှာ

Vol. 16 Ch. 212

အခန်း (၂၁၂) ယောက်ဖမျက်နှာ

နဝမတောင်ထွတ်အစွန်းတွင် မော့ကျန်းသုန့် ထိုင်နေခဲ့သည်။

ခွန်လွန်တောင်အပြင်ဘက်တွင် တိုက်ခိုက်သံများထွက်ပေါ်နေသည်ကို သူ ကြားနေရသည်။

တိုက်ပွဲတွင် ကျိုးကျုန်းထျန်းနှင့်ပင် ကောင်းကောင်းယှဉ်ပြိုင်တိုက်ခိုက်နိုင်သည့် နတ်မိစ္ဆာအင်မော်တယ်များ ပါဝင်နေသည်။

ဤသည်ကိုကြည့်လျှင် ယခုတစ်ကြိမ် နတ်မိစ္ဆာများ ပြဿနာရှာသည်က သေးငယ်ခြင်းမရှိကြောင်း သိနိုင်သည်။

သို့သော် သူ အပြင်သွားပြီး တိုက်ပွဲကိုရင်ဆိုင်မည် မဟုတ်ပေ။

သူ့တာဝန်က နဝမတောင်ထွတ်ရှိ ငရဲတံခါးကို စောင့်ကြည့်ရန်ဖြစ်ပြီး ထိုအထဲမှ ထွက်လာရန်ကြိုးစားသည့် သက်ရှိမှန်သမျှကို ဖိနှိပ်ထားရန် ဖြစ်သည်။

ငရဲတံခါးအတွင်းမှ တန်ခိုးစွမ်းအားမြင့်မားသူတစ်ယောက် ထွက်ပေါ်လာပါက ခွန်လွန်တောင်အနေဖြင့် ဆုံးရှုံးမှုများစွာဖြင့် ရင်ဆိုင်ရပေလိမ့်မည်။

ဤသည်က နဝမတာင်ထွတ်၏ တာဝန်ဖြစ်ပြီး နဝမတောင်ထွတ် တောင်သခင်၏ တာဝန်လည်း ဖြစ်သည်။

မော့ကျန်းသုန့် ငရဲတံခါးရှိရာသို့ အာရုံခံကြည့်လိုက်သည်။ ထိုအခါ ငရဲတံခါးမှ ပေါက်ကွဲထွက်နေသည့် မရဏအငွေ့အသက်များ ငြိမ်သက်သွားသည်ကို ခံစားလိုက်ရသည်။

ဤသည်က မရဏအငွေ့အသက်များ ပေါက်ကွဲထွက်ပြီးတိုင်း ဖြစ်လေ့ဖြစ်ထရှိသည့် အခြေအနေဟု ဆိုနိုင်သော်လည်း အရင်ကနှင့်မတူ တစ်မူထူးခြားနေပေသည်။

ချက်ချင်းပင် မော့ကျန်းသုန့် နေရာမှ ပျောက်ကွယ်သွား၏။ ထို့နောက် မရဏဂူအတွင်းရှိ ငရဲတံခါးအနားတွင် ပြန်ပေါ်လာသည်။

မော့ကျန်းသုန့်က ငရဲတံခါးအတွင်းသို့ ငုံ့ကြည့်လိုက်ပြီးနောက် လက်တစ်ဖက်ဖြင့် ငရဲတံခါးကို အသာတို့ထိလိုက်သည်။ သူ၏ တန်ခိုးစွမ်းအားများက ငရဲတံခါးအတွင်းသို့ စီးဆင်းဝင်ရောက်သွားပြီး မည်သည့်အကြောင်းအရာများ ဖြစ်ပျက်နေသည်ကို အဖြေရှာလိုက်သည်။

ခဏအကြာတွင်တော့ မော့ကျန်းသုန့်က သူ၏တန်ခိုးစွမ်းအားများကို ပြတ်လည်ရုတ်သိမ်းလိုက်၏။

ထို့နောက် သူ့ခန္ဓာကိုယ်က မြူခိုးများပမာပြောင်းလဲသွားပြီး နေရာမှ ပျောက်ကွယ်သွားတော့သည်။ မကြာမီ တောင်ခါးပန်းတစ်ခုထက်တွင် မော့ကျန်းသုန့် ပြန်ပေါ်လာသည်။

ထိုတောင်ခါးပန်းထက်သို့ မော့ကျန်းသုန့် ဆင်းသက်လိုက်သည်နှင့် ကြီးမားပြင်းထန်သည့် တန်ခိုးစွမ်းအားလှိုင်းလုံးကြီးတစ်ခုကလည်း သူနှင့်အတူ လိုက်ပါလာပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို ဖိနှိပ်ထားလေသည်။

သူက ပျက်စီးနေသည့် ရေတွင်းကြီးရှေ့တွင် ရပ်တန့်လိုက်ပြီး အေးစက်သည့်မျက်ဝန်းများဖြင့် ရေတွင်းကြီးကို ကြည့်လိုက်သည်။

ငရဲတံခါးကို တူးစွရဲသူ တကယ်ပဲ ရှိသလား။ ဒီလိုအလုပ်မျိုး လုပ်ရဲသလား။

ဟုတ်ပေ၏။ ရေတွင်းကြီးမှာ နဝမတောင်ထွတ်မှ ငရဲတံခါးအထိ တူးဖော်ထားသည့် လိုဏ်ခေါင်းလမ်းကြောင်း တစ်ခု ဖြစ်၏။

ငရဲတံခါးနှင့် ချိတ်ဆက်တူးဖော်ထားသောကြောင့် မရဏသားရဲများအနေဖြင့် ငရဲတံခါးကို ဖြတ်သန်းထွက်ပေါ်လာခြင်း မရှိသည့်တိုင် လိုဏ်ခေါင်းလမ်းကြောင်းကို ဖြတ်သန်းပြီး ဤရေတွင်းကြီးမှတစ်ဆင့် ထွက်လာနိုင်ကြပေလိမ့်မည်။

နတ်မိစ္ဆာများက ဤသို့သောအကြံအစည်ကို အမှန်တကယ်ပင် တွေးတောဝံ့ခဲ့ကြပေသည်။

သို့သော်…

"ငရဲတံခါးလမ်းကြောင်းကတော့ ပျက်စီးသွားပြီ… ပွင့်မနေတော့ဘူး…"

မော့ကျန်းသုန့် ရေရွတ်လိုက်၏။

ထို့နာက် သူ ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်လိုက်ရာ သွေးပင်လယ်လွှမ်းနေသည်ကို တွေ့မြင်လိုက်ရပြီး အခြားမည်သည့်သဲလွန်စမှ တွေ့မြင်ရခြင်း မရှိပေ။

နတ်မိစ္ဆာများ၏လုပ်ရပ်ကို ဝင်ရောက်စွက်ဖက်သူက အတော်လေး ထူးခြားသူ ဖြစ်သည်။

မော့ကျန်းသုန့်က ရှေးဟောင်းရေတွင်းကြီး၏ အပျက်အစီးများကို သိမ်းဆည်းလိုက်သည်။ သဲလွန်စဆို၍ ဤအရာများသာ ကျန်ရှိတော့သည် မဟုတ်ပါလား။

သို့ရာတွင်…

သူက မလှမ်းမကမ်းတွင် မလှုပ်မယှက် မတ်တတ်ရပ်နေသည့် လုန်မန်ကို လှမ်းကြည့်လိုက်သည်။

မော့ကျန်းသုန့် ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် မျက်စိတ်တစ်မှိတ်အတွင်း လုန်မန်ရှေ့သို့ ရောက်ရှိလာသည်။

ထိုခဏမှာပင် လောကတစ်ခုလုံးက သူ့ကို ဖိနှိပ်ထားသည့်အလား ကြီးမားသည့် ဖိအားကြီးတစ်ခုကို လုန်မန် ခံစားလိုက်ရသည်။

သူ့ရှေ့မှပုဂ္ဂိုလ်သည် လက်တစ်ဖက်ပင် မမြှောက်ဘဲ သူ့ကို သတ်ပစ်နိုင်သူ ဖြစ်၏။

ထို့ကြောင့် သူ ခွန်လွန်တောင်သို့မလာခင်က နဂါးမျိုးနွယ်အကြီးအကဲများက သတိပေးစကားဆိုခဲ့ကြသည်။

"ခွန်လွန်တောင်မှ အခြာသူများကို သွားပြီး ရန်စနိုင်သော်လည်း တောင်သခင် (၉)ပါးကိုတော့ သွားပြီး ရန်မစသင့်" ဟူ၍။

သူ ခွန်လွန်တောင်သို့ မလာခင်က ထို တောင်သခင် (၉)ပါးကို မှတ်မိနေစေရန် ပန်းချီကားများကိုကြည့်ပြီး အတော်လေး အချိန်ယူခဲ့ရသေးသည်။

အစကတော့ ခွန်လွန်တောင်သို့ လာရောက်သည့်တိုင် တောင်သခင်များနှင့် တိုက်ရိုက်ပတ်သက်စရာမရှိဟု သူ တွေးထင်ခဲ့သည်။

သို့သော် ယနေ့လိုအခြေအနေမျိုးတွင် နဝမတောင်ထွတ်မှ တောင်သခင်နှင့် တွေ့ဆုံရလိမ့်မည်ဟု မည်သူကထင်မှတ်ပါမည်နည်း။

နတ်မိစ္ဆာများ တစ်စုံတစ်ခု လှုပ်ရှားသည်ကို ရိပ်မိသည်နှင့် ထိုတောင်သခင်က ချက်ချင်းရောက်လာခဲ့သည်ပင်။

မော့ကျန်းသုန့်က…

"မင်းက လုန်ယွိနဲ့ ဘာတော်လဲ…"

အသံက ပုံမှန်မဟုတ်စွာပင် တည်ငြိမ်လွန်းလှ၏။

ထိုစကားသံက လုန်မန်၏ နားထဲတွင်တော့ မိုးခြိမ်းသံပမာ ကျယ်လောင်လွန်းလှသည်။

ယခုအချိန် ကျေနပ်လောက်သည့်အဖြေကို မပေးနိုင်ပါက တောင်သခင်က သူ့အပေါ် မည်သို့ဆက်ဆံမည်လဲ မသိနိုင်ပေ။

"သူ… သူက ကျွန်တော်အစ်မပါ…"

လုန်မန် ချက်ချင်း ပြန်ဖြေလိုက်သည်။

နဝမတောင်ထွတ်တွင် ယောက်ဖ ရှိနေသည်ဖြစ်ရာ ယောက်ဖမျက်နှာဖြင့် နဝမတောင်ထွတ်မှ တောင်သခင်က သူ့ကို အနည်းငယ် မျက်နှာသာပေးနိုင်ကောင်း၏။

မျှော်လင့်ထားသည့်အတိုင်းပင် သူ မည်သူဖြစ်ကြောင်း ပြောလိုက်သည်နှင့် မော့ကျန်းသုန့်က လုန်မန်ကို ဖိနှိပ်ထားသည့် တန်ခိုးစွမ်းအားများကို ချက်ချင်း ပြန်လည်ရုတ်သိမ်းလိုက်သည်။

သို့ပေသိ သူက လုန်မန်ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်၏။

လုန်မန်က အင်မော်တယ်အဖြစ်မွေးဖွားလာသူဖြစ်ရာ အလွန်အထင်ကြီးစရာ ကောင်းပါပေသည်။

သူသာ သာမန်နဂါးမျိုးနွယ်ဆိုလျှင် သေချာပေါက် စစ်ဆေးမေးမြန်းခံရမည် ဖြစ်သည်။ ယခုတော့ လုန်ယွိ၏ မောင်ဖြစ်နေသောကြောင့် အခြေအနေများက အနည်းငယ် အဆင်ပြေသွားရသည်။

မော့ကျန်းသုန့်မှာလည်း တပည့်ဖြစ်သူက နဂါးမင်းသမီးနှင့် လက်ဆက်ရမည့်သူ ဖြစ်လေရာ ကျန်းလန်ကို သူ့အကြောင့် အခက်မတွေ့စေချင်မိပေ။

ကျန်းလန်ကို ကျောက်စိမ်းရေကန်နတ်ဘုရားမနှင့် မည်သို့အဆင်ပြေအောင်နေရမည်ကို သင်ကြားမပေးနိုင်ခြင်းကပင် ဆရာ့တာဝန် မကျေပွန်သလို ခံစားခဲ့ရသည်။

ယခု လုန်ယွိ၏ မောင်လေးကို သူက ပစ်မှတ်ထားလိုက်လျှင် ကျန်းလန်နှင့် လုန်ယွိနှင့် ကျန်းလန်ကြားတွင် ကြီးမားသည့်အက်ကြောင်း ဖြစ်ပေါ်သွားနိုင်သည်။

မော့ကျန်းသုန့်က…

"မင်းက ဒီမှာ ဘာလုပ်နေတာလဲ… ၊ ဘာတွေရောမြင်ခဲ့သေးလဲ…"

အသက်ရှင်ကျန်ရစ်ခဲ့သူဆို၍ နဂါးမင်းသားတစ်ယောက်သာ ရှိလေရာ တစ်စုံတစ်ခုကိုတော့ တွေ့မြင်မည်မှာ အမှန်ပင်။ သို့ပေသိ ဤနဂါးလေးကတော့ ရေတွင်းကို ဖျက်စီးသူ ဟုန်ဟန်မတူပေ။ ဖြစ်နိုင်ခြေအလွန်နည်း၏။

ထို့ပြင် ရန်သူများကို သွေးမှုံဖြစ်သည်အထိ ထိုးနှက်သတ်ဖြတ်ပစ်တတ်သည့် လူထူးလူဆန်းအကြောင်းကိုလည်း မော့ကျန်းသုန့် ကြားဖူးထားသည်။

ထိုသူက ခွန်လွန်တာင်တွင် ပုန်းအောင်းနေသည့် တန်ခိုးစွမ်းအားရှင်တစ်ယောက်ဖြစ်ရမည်ဟု ယူဆမိသည်။

သူ့ကို ဖိနှိပ်ထားသည့် တန်ခိုးစွမ်းအားများ ပျောက်ကွယ်သွားတော့မှ လုန်မန် စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်၏။

"တောင်သခင်…"

လုန်မန်က လေးလေးစားစားဖြင့် ခေါ်လိုက်သည်။

ပြီးမှ အခြေအနေများကို ရှင်းပြလိုက်၏။

"ကျွန်တော်က ဒီနေရာကို မတော်တဆ ပြုတ်ကျလာပြီး နတ်မိစ္ဆာတွေနဲ့ တိုက်ခိုက်ခဲ့တာပါ… ၊ တိုက်ခိုက်ရင်း ဒုက္ခရောက်ခါနီးအချိန်မှာ လူတစ်ယောက် ရောက်လာပြီး နတ်မိစ္ဆာတွေကို သတ်ပစ်လိုက်တယ်… ၊ နောက်ဆုးတော့ သူက အစစ်အမှန်အင်မော်တယ် (၂)ပါးနဲ့လည်း တိုက်ခိုက်ခဲ့သေးတယ်… ၊ ဒါပေမဲ့ သတ်လိုက်လားဆိုတာတော့ သေချာမသိဘူး ၊ ကျွန်တော် ဒီကိုရောက်လာတော့ ဒီနေရာမှာ ဘယ်သူမှ ရှိမနေတော့ဘူး…"

လုန်မန် လိမ်ပြောသည်မဟုတ်ပေ။

သူပြောသမျှက အမှန်တရား ဖြစ်သည်။ သို့သော် ထိုတန်ခိုးစွမ်းအားရှင်က အနောက်ဘက်တောင်တန်းများတွင် သွေးနီရောင်နဂါးကို အစိတ်စိတ်အမွှာမွှာဖြိုခွင်းပစ်သူဆိုသည့်အချက်ကိုတော့ မပြောဘဲ ချန်လှပ်ထားခဲ့သည်။

အရာအားလုံးကိုတော့ ပြော၍ မဖြစ်ပေ။

မတော် သူ့စကားကြောင့် ထိုလူထူးလူဆန်း ပြဿနာဖြစ်သွားလျှင်ဖြင့် သူ့ကို အလွတ်ပေးမည် မထင်ပေ။

အတိုချုပ်ပြောရလျှင် သူ့မှာ နဝမတောင်ထွတ်၏ တောင်သခင်ကိုရော ထိုအမည်မသိ လူထူးလူဆန်းကိုပါ ကြောက်နေရသည်ပင်။

သူက နဂါးမျိုးနွယ်မှ အဋ္ဌမမင်းသား ဖြစ်၏။

သို့သော် ယခုတော့ ပျက်သုန်းတစ်စပြင်လောကကြီးတွင် ဘာမှမဟုတ်သူတစ်ယောက်ပမာ ခံစားနေရသည်။

မော့ကျန်းသုန့်က…

"မင်း အဲဒီလူမျက်နှာကို သေသေချာချာ မြင်ရလား…"

လုန်မန် ချက်ချင်းပင် ခေါင်းခါရမ်းပြလိုက်သည်။

"မမြင်ရဘူး…"

တကယ်လည်း ထိုသူ၏မျက်နှာကို တွေ့မြင်ခဲ့ရခြင်း မရှိပေ။

မော့ကျန်းသုန့်က လုန်မန်ကို တစ်ချက်ကြည့်လိုက်ပြီး လက်တစ်ဖက်ဝှေ့ရမ်းလိုက်ရာ သူတို့ (၂)ယောက်လုံး နေရာမှာပင် ပျောက်ကွယ်သွားလေတော့၏။

………………

ရေတွင်းပျက်ကြီးအနားမှ ထွက်ခွာသွားပြီးနောက် ကျန်းလန် တောင်ခါးပန်းဆီသို့ လည်ပြတ်လှည့်ကြည့်လိုက်သည်။

တောင်ခါးပန်းဆီတွင် မယုံကြည်နိုင်စရာကောင်းသည့် ဖိအားကြီးတစ်ခု ထွက်ပေါ်လာသည်ကို ကျန်းလန် ခံစားလိုက်မိသည်။

"ဆရာ ရောက်လာတာ ဖြစ်ရမယ်…"

ကျန်းလန် ခန့်မှန်းလိုက်သည်။

ပတ်ဝန်းကျင်တစ်ခုလုံး တန်ခိုးစွမ်းအားများ ရုတ်တရက်မြင့်တက်လာခြင်းက စွမ်းအားမြင့်မားသူတစ်ယောက် ရှောက်ရှိလာသည်မှာ သေချာသည်။

ဆရာဖြစ်သူက ငရဲတံခါးကို စောင့်ကြည့်နေသူ ဖြစ်၏။

ရေတွင်းပျက်ကြီးကို ငရဲတံခါးနှင့် ချိတ်ဆက်မိအောင် တူးဖော်ပြီး ငရဲတံခါး ယာယီလမ်းကြောင်းကို ဖွင့်လှစ်ရန်ကြိုးစားခြင်းကို ဆရာဖြစ်သူ သေချာပေါက် သတိပြုမိပေလိမ့်မည်။

"ကြည့်ရတာ ရှေ့လျှောက် ငရဲတံခါးနဲ့ပတ်သက်တဲ့ကိစ္စတွေကို ငါ သတိထားရလိမ့်မယ်…"

ရန်သူများ အင်အားကြီးမားသည်က အရေးမကြီးပေ။ အဓိကအချက်မှာ သူပြုလုပ်ခဲ့သည့် တိုက်ခိုက်မှုများကို ဆရာဖြစ်သူ အာရုံစိုက်လာမည်ကို စိတ်ပူမိခြင်း ဖြစ်၏။

ထိုသို့ဖြစ်လာလျှင် အခြေအနေကို မည်သို့ကိုင်တွယ်ရမှန်း ကျန်းလန် မသိပေ။ ထို့နောက် အာရုံမစိုက်တော့ဘဲ ကျန်းလန် အလျှင်အမြန် ထွက်ခွာသွားတော့သည်။

သူ တိုက်ပွဲသို့ သွားရမည် ဖြစ်သည်။

တိုက်ပွဲဖြစ်ပွားရာက ရေခဲပုဇဉ်းရင်ကွဲတောအုပ်ထဲတွင် ဖြစ်၏။

လမ်တစ်လျှောက်တွင် ဧရာမဝံပုလွေအုပ်စု အနည်းငယ်နှင့် မျက်လုံးအနီရောင်ရှိသည့် သစ်သားမျောက်ဝံသားရဲကြီးများအုပ်စုကို အများအပြား တွေ့ခဲ့ရသည်။

"မိုးကောင်းကင်ဝံပုလွေ မျိုးနွယ်တွေပဲ…"

ကျန်းလန်ရေရွတ်လိုက်သည်။

လွန်ခဲ့သည့် နှစ်ပေါင်းများစွာက သူ ဤတောအုပ်ထဲမှာပင် မိုးကောင်းကင်ဝံပုလွေတစ်ကောင်ကို သတ်ဖြတ်ခဲ့ဖူးသည်။ မမျှော်လင့်စွာပင် ယခုလည်း မိုးကောင်းကင်ဝံပုလွေများ တိုက်ခိုက်ခြင်းကို ခံရပြန်သည်။

သစ်သားမျောက်ဝံသားရဲကြီးများကတော့ အရင်ကလည်း ကျန်းလန် တစ်ကောင်တွေ့ဖူးသည်။ သူတို့က ရေခဲပုဇဉ်းရင်ကွဲတောအုပ်ထဲတွင် နေထိုင်ကြသူများ ဖြစ်၏။

"သူတို့စွမ်းအားတွေက တစ်ကောင်နဲ့တစ်ကောင် မတူကြဘူး ၊ ရွှေပြဒါးအမြုတေအဆင့်နဲ့ မူလဝိညာဉ်အဆင့်တွေများပေမယ့် မရှိမှုအာကာသအဆင့်တော့ အတော်လေးရှားတယ်…"

တွေးတောရင်း ကျန်းလန် ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်လိုက်ရာ မည်သည့်အင်မော်တယ်ကိုမှ အနီးအပါးတွင် မတွေ့ရပေ။

တောစပ်တွင်တော့ တိုက်ပွဲငယ်များသာ ဖြစ်ပွားနေဟန် ရှိသည်။

အဓိကတိုက်ပွဲကတော့ ကောင်းကင်ထက်တွင်တောက်ပနေသည့် အလင်းတန်း (၂)ခု ဖြစ်၏။ ထိုအလင်းတန်း (၂)ခု ဘာဖြစ်နေသည်ကိုတော့ ကျန်းလန် မသိရှိပေ။

တောအုပ်အတွင်း ဝင်ရောက်လိုက်သည်နှင့် ကျန်းလန်က သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို ဖယ်ရှားလိုက်သည်။ ချက်ချင်းပင် ဧရာမဝံပုလွေကြီးတစ်ကောင်က သူ့ကို အာရုံစိုက်မိသွားပြီး ပစ်မှတ်ထား စတင်တိုက်ခိုက်လာသည်။

"ဝေါင်း…"

ဒေါသတကြီး မာန်ဖီသံကြီး ထွက်ပေါ်လာပြီး ဧရာမဝံပုလွေကြီးက ရှေ့သို့တိုးဝင်လာသည်။ မူလဝိညာဉ်အဆင့် အောင်မြင်ထားသည့် ဝံပုလွေကြီး ဖြစ်၏။

နဂါးဘာသာစကားကို အချိန်အတန်ကြာသင်ယူခဲ့ဖူးသောကြောင့်လားမသိ ဝံပုလွေစကားကိုပါ ကျန်းလန် နားလည်နေ၏။

ထိုဝံပုလွေကြီး၏ မာန်ဖီသံအဓိပ္ပါယ်မှာ…

"အမြန်လာကြ… ဒီမှာ အနိုင်ကျင့်လို့ကောင်းတဲ့လူတစ်ယောက်တွေ့ပြီ…"

"……………"

ဧရာမဝံပုလွေကြီးက ဉာဏ်ကောင်းပါးနပ်လွန်း၏။

လွန်ခဲ့သည့်နှစ်များက သူ သတ်ဖြတ်ပစ်ခဲ့သည့် ဧရာမဝံပုလွေကြီးသည်လည်း အတော်လေး ဉာဏ်ကောင်းလွန်းသည်။

ကျန်းလန်၏လက်ထဲတွင် ဓားတစ်လက် ဆုပ်ကိုင်ထားပြီး ဓားကိုဝှေ့ယမ်းလိုက်သည်နှင့် ဓားသွားမှ အလင်းရောင်ခပ်မှိန်မှိန်တစ်ခု ထွက်ပေါ်လာသည်။

ကျန်းလန်က ခြေလှမ်းသိုင်းကွက် (၇)ကွက် ထုတ်ဖော်လိုက်ရာ ဓားဝိညာဉ်များက မိုးရေစက်များအလား လွင့်စင်ကျလာသည်။

မိုးရေစက်တိုင်းတွင် ဓားဝိညာဉ်များပါရှိနေပြီး ထိုမိုးရေစက်များက ကျန်းလန်၏ ဓားချက်များလည်း ဖြစ်သည်။

ဝံပုလွေကြီး သူ့ထံသို့ ပြေးဝင်လာသည်နှင့် ကျန်းလန်၏ ဓားက လှုပ်ရှားသွားသည်။ မရေမတွက်နိုင်သည့် ဓားဝိညာဉ်မိုးရေစက်များကြား ဝံပုလွေကြီးမှာ နစ်မြုလျှက် ရှိတော့၏။

"ဝေါင်း…"

ဝံပုလွေကြုံးဝါးသံကြီးက ပတ်ဝန်းကျင်တစ်ခုလုံးကို လှုပ်ခါသွားစေသည်။

ထိုသတ္တဝါကြီးက ဓားဝိညာဉ်မိုးရေစက်များကို တစ်စစီဖြိုခွင်းပစ်လိုဟန် ရှိသည်။

"ဘုန်း…"

စွမ်းအားများ ရောထွေးပေါင်းစပ်သွားကြ၏။

မရေမတွက်နိုင်သည့် ဓားဝိညာဉ်မိုးရေစက်များ ကွဲကြေပျက်စီးသွားသော်လည်း အဆုံးမရှိသည့် ဓားဝိညာဉ်မိုးရေစက်များက လှိုင်းလုံးကြီးများပမာ အရှိန်အဟုန်ဖြင့် လိမ့်ဆင်းလာသည်။

ဧရာမဝံပုလွေကြီးမှာ တစ်ချက်သာ ကြုံးဝါးလိုက်နိုင်ပြီး ကျန်းလန်၏ ဓားဝိညာဉ်က ထိုသတ္တဝါကြီးထံ အရှိန်ပြင်းစွာ ဝင်ရောက်သွားသည်။

ဝံပုလွေကြီးက ကြောက်ရွံ့ခြင်း မရှိပေ။

ထိုဓားဝိညာဉ်မိုးရေစက်များက သူ့ကို နာကျင်စေနိုင်မည်မဟုတ်ဟု ယူဆထားဟန် ရှိသည်။

သို့သော် ဓားဝိညာဉ်မိုးရေစက်များအတွင်းမှ ဓားရှည်တစ်လက်ထွက်ပေါ်လာပြီး သူ့နဖူးထက်ဆီ ဦးတည်ဝင်ရောက်လာသည်။

ဧရာမဝံပုလွေကြီး တုန်လှုပ်သွား၏။

နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ ထက်ရှသည့် လက်သည်းများကို ဝှေ့ရယမ်းကာ ဓားရှည်ကို ခုခံကာကွယ်လိုက်သည်။

"ဘန်း…"

ဓားက ဝံပုလွေကြီးကို ထိုးမိလုဆဲဆဲမှာပင် နောက်ပြန်ဆုတ်သွားပြီး ဝံပုလွေကြီး၏ ဝမ်းဗိုက်အောက်တွင် ပြန်ပေါ်လာသည်။

ဝံပုလွေကြီးကလည်း ကျန်းလန်၏ လည်ပင်းကိုကိုင်ဖြတ်ရန် ကြိုးစားလိုက်သည်။

"ဂါး…"

ဧရာမဝံပုလွေကြီး မာန်ဖီလိုက်ပြီး တန်ပြန်တိုက်ခိုက်မှုကို အရှိန်မြှင့်တင်လိုက်သည်။

ကျန်းလန်၏ပုံရိပ်က ဝံပုလွေကြီး၏ ပတ်ပတ်လည်တွင် ရိပ်ခနဲ ရိပ်ခနဲ ပေါ်လာပြီး ဓားရောင်များကလည်း ဖျတ်ခနဲ ဖျတ်ခနဲ လင်းလက်လျှက် ရှိသည်။

မကြာမီ ဧရာမဝံပုလွေကြီး၏ ရှေ့တွင် ကျန်းလန် ပေါ်လာ၏။

သူက ဝံပုလွေကြီးကို သေသေချာချာကြည့်ပြီးနောက် တစ်စုံတစ်ခုကို အတည်ပြုလိုက်သည်။ ထို့နောက် ဓားကိုင်ကိုင်လျှက် လှည့်ထွက်သွားတော့သည်။

သူ့နောက်မှ ဧရာမဝံပုလွေကြီးက ကျန်းလန်ထွက်ခွာသွားသည်ကို စိုက်ကြည့်နေ၏။ သူ ကျန်းလန်ကို အပိုင်းပိုင်းစုတ်ဖြဲပစ်ချင်နေသော်လည်း မဖြစ်နိုင်တော့ကြောင်း နားလည်ထားသည်။

အဘယ်ကြောင့်ဆိုသော်…

သူ သေဆုံးသွားပြီ ဖြစ်သောကြောင့်ပင်။

ထိုခဏမှာပင် ဝံပုလွေကြီး၏ ခန္ဓာကိုယ်ထက်တွင် မရေမတွက်နိုင်သည့် ဓားဒဏ်ရာများ ထွက်ပေါ်လာပြီး သူ့မျက်ဝန်းများတွင်တော့ မကျေနပ်ချက်များနှင့် ပြည့်နက်နေသည်။

ထို့နောက် ကြီးမားသည့်ခန္ဓာကိုယ်ကြီးမှာ မြေပြင်ထက်သို့ ဝုန်းကနဲ လဲပြိုကျသွားတော့၏။

"ဘုန်း…"

ကျန်းလန် ထွက်ခွာသွားပြီ ဖြစ်ပြီး ဧရာမဝံပုလွေကြီး မြေပြင်ထက် လဲကျသွားသည်။

ဝံပုလွေကြီး၏ မျက်ခုံး (၂)ခုကြားတွင် သေစေလောက်အောင် နက်ရှိုင်းသည့် ဓားဒဏ်ရာကြီးတစ်ခု ရှိနေသည်ကို တွေ့မြင်ရမည် ဖြစ်လေတော့၏။

All Chapters