← Chapters

အပိုင်း ၃၇၇

Vol. 26 Ch. 377

အပိုင်း ၃၇၇

Vol. 26 Ch. 377

မော့ချူး၏ ခန္ဓာကိုယ်က ထူးခြားမှန်းသိသော်လည်း နျဉ်ယွိယွမ်၏ သဘောထားကတော့ အရင်နှင့် အတူတူသာ။ သူက သူမကို အရင်ကထက်တောင် ပိုပြီး ချစ်ခင်မြတ်နိုးလာသလိုပင်။ သူ့မျက်ဝန်းအိမ်အတွင်း မော့ချူး၏ ပုံရိပ်ထင်ဟပ်နေသည့် ကာလပတ်လုံး အစဉ်အေးစက်သည့် မျက်ဝန်းတို့သည် ကြည်လင်ချိုမြလာသည်။

သောက်ကျိုးနည်း! ဒါက အရင်ကအေးစက်တဲ့ ဗိုလ်ချုပ်ကြီးတဲ့လား!? သစ္စာရှိတဲ့ အိမ်မွေးခွေးလေးနဲ့တောင် တူနေသလားလို့!

ဤရာစုနှစ်၏ ဖြစ်ရပ်ဆန်းသည် ဘေးရှိလူများကို အံ့အားတသင့် လျှာကိုက်မိစေခဲ့သည်။

“ရက်စက်လွန်းတယ်!” ဘေးရှိ ချမ်ဝါသည် ဝမ်းပန်းတနည်း အမူအရာဖြင့် မိမိရင်ဘက်ကို ဆုပ်ကိုင်ထားသည်။

“ငါတို့လို စင်ဂယ်ခွေးလေးတွေ ရှေ့မှာ သူတို့က အချစ်တွေကို ရှိုးထုတ်နေတာ။ ငါတို့ရဲ့ ခံစားချက်တွေကိုရော ငဲ့ကြည့်စာနာပါဦးလားကွာ!”

“အမှန်ပဲ!”

“ငါတို့ကလည်း အပြစ်ကင်းစင်တဲ့ လူပျိုလူလွတ်လေးတွေပါ....”

“ပါးစပ်ပိတ်!” ဘာကို အပြစ်ကင်းတဲ့ လူပျိုလူလွတ်လဲ? သူတို့က သံမဏိလူသားတွေ။

“အမ်...”

တစ်ဖက်တွင်ရှိနေသော မော့ယန်သည် သူတို့၏ ကလေးဆန်သော စကားဝိုင်းတွင် မပါဝင်ခဲ့ချေ။သူက မော့ချူး၏ ရှေ့တွင် ခြေရာလက်ရာမကျန် ထွက်ပေါ်လာခဲ့ကာ နျဉ်ယွိယွမ်ကို အေးတိအေးစက် စိုက်ကြည့်လိုက်သည်။

“ဒါနဲ့ မင်းအခုတလော အလုပ်ရှုပ်နေတာ မဟုတ်ဘူးလား? ”'ငါ့ညီမကို မြှူဆွယ်ဖို့ ဘယ်က အချိန်ရလာတာလဲ?'

“ကျွန်တော် အားနေတာ။” နျဉ်ယွိယွမ်က တအေးတဆေးဖြေ၏။

ဘာကိုအားနေတာလဲ? ဒီလေးက ဒါမျိုးပြောရဲသေးတယ်ပေါ့လေ!? နဉ်ယွိယွမ်၏ မျက်နှာသေကြောင့် ကွမ်ရှန်းက ကြိတ်၍ ရယ်လိုက်မိသည်။

စကြာ၀ဠာ သိုင်းပြိုင်ပွဲသည် မကြာမီအတွင်း တရားဝင် စလိမ့်မည်။ လူတိုင်းက အချိန်တိုင်းကို အမိအရဖမ်းဆုပ်၍ ပြင်ဆင်နေကြသည်။ နျဉ်ယွိယွမ်လို အဓိကပုဂ္ဂိုလ်ဆိုပါက ပြောစရာမလိုတော့ပေ။

ပြီးခဲ့သည့်နာရီဝက်က ကျောလင်က သူ့ဆီဖုန်းခေါ်၍ ငြီးငြူလာခဲ့သည်။ ထိုသူ၏ မျက်ဝန်းရှိ အညိုအမဲကွင်းကိုကြည့်၍ ဘယ်လောက် အလုပ်ရှုပ်နေကြောင်း သိသာသည်။ ဟုတ်ပါပေသည်။ အဆုံးသတ်တွင် ကျောလင်က မျက်ရည်စက်လက်ဖြင့် နျဉ်ယွိယွမ် အမြန်ပြင်ဆင်ဖို့ မျှော်လင့်တမ်းတနေသေးသည်။

ဒါပေမယ့်လည်း.....

နျဉ်ယွိယွမ်၏ ပျော်ရွှင်နေသော မျက်နှာကိုကြည့်လျက် ကွမ်ရှန်းသည် အကြင်နာမဲ့စွာ ထေ့ပြုံးပြုံးလိုက်သည်။ 'ငါအရင်က အလုပ်ရှုပ်နေတုန်းက ဘယ်သူက မင်းတို့ကောင်တွေကို လာလှောင်ခိုင်းလို့လဲ? အခုတော့ကံကြမ္မာက တစ်ပတ်လည်လာပြီကွ!'

“မင်း ဆေးလိမ်းပြီးပြီလား?” နျဉ်ယွိယွမ်က မေးလိုက်သည်။

“အဟမ်း” ဒါက ‌သာမန်မေးခွန်းမျှသာ ဖြစ်သော်လည်း မော့ချူးသည် နျဉ်ယွိယွမ်က ထိုင်ချ၍ သူမ၏ခါးကို နမ်းလိုက်သည့်မြင်ကွင်းကို ပြန်ပြောင်းတွေးမိသွားသည်။ သူမ၏ မျက်နှာလေးက နီရဲလာပြီးလျှင် မဝံ့မရဲဆို၏။

“ကျွန်မ... လိမ်း..လိမ်းပြီးပါပြီ။”

“ကောင်းတယ်။” နျဉ်ယွိယွမ်၏ နှုတ်ခမ်းပါးပေါ်တွင် ကျေနပ်ပြုံးထင်ဟပ်၏။ ဒါက မော့ချူးဆေးလိမ်းခဲ့လို့လား၊ လက်ရှိ သူမ၏ အထိမခံသော ရှက်တက်တက် ပုံစံလေးကြောင့်လားကိုတော့ မည်သူက သိမည်နည်း?

“တော်သင့်ပြီ။” မော့ယန်က လူနှစ်ယောက်ကြား ဝင်လာ၍ နျဉ်ယွိယွမ်ကို အေးစက်စက်ကြည့်လာသည်။ သူလည်ပြန် လှည့်ကြည့်ခိုက် ချစ်ညီမလေး၏ နီစွေးစွေး ပါးပြင်ကို မြင်သောအခါဝယ် ရင်မှာဝမ်းနည်းသွားရသည်။ 'တောက်! ရုပ်ဆိုးကောင်က ငါ့ညီမရဲ့ နှလုံးသားကို ခိုးသွားပြီ!'

“အမ်...” နျဉ်ယွိယွမ် မျက်လုံးတစ်ဝိုက်ရှိ မှိန်ဖျော့ဖျော့ အမဲကွင်းကိုမြင်တော့ မော့ချူးက မျက်မှောင်ကြုတ်သွားသည်။

“ရှင် တစ်ခုခုလုပ်စရာရှိရင် ပြန်ပြီး လုပ်လေ”

နျဉ်ယွိယွမ်က ဘာမှ မပြောပေမယ့် ညနက်သန်းခေါင် ဗီဒီယိုကြည့် အလုပ်လုပ်နေသည်ကို သူမ သတိထားမိသည်။ ဒါ့အပြင် ထိုသူက ယခင်ကထက် ပိုပိန်လာသည်။ သို့ပေသိ သူ၏ ဓါးကဲ့သို့ ခက်မြသော အရောင်အဝါကတော့ အံ့ဖွယ်ရှိဆဲသာ။

ဤသည်ကိုကြားတော့ နျဉ်ယွိယွမ် ကြောင်အသွားခဲ့သည်။

တစ်ဖက်ရှိ မော့ယန်၏ နှုတ်ခမ်းများကတော့ မြောက်တက်သွားသည်။ 'မြင်လိုက်ကြလား!? ငါ့ညီမလေးက မင်းကို ဂရုမစိုက်ဘူးကွ။' သို့သော် ပြန်တွေးလေလေ မော့ယန်၏ အပြုံးက မှိန်လေလေ။ ဒီကောင်မလေးက ဆန်ကုန်မြေလေးကို ဂရုစိုက်လို့များလား? မော့ယန်၏ အမူအရာသည် ချဉ်စုတ်စုတ်ဖြစ်လာသည်။

“ပြီးတော့ ရက်ပိုင်းအတွင်းမှာ ကျွန်မ ခန္ဓာကိုယ်က ပြန်ကောင်းလာတော့မှာ။” မော့ချူးက မျက်လုံးပင့်ကြည့်သည်။ သူမ၏ အသံက ရှင်းလင်းပြတ်သားသည်။

“ဒါက ကျွန်မတို့ လေ့ကျင့်ရေး ပြန်ဆင်းရမယ့် အချိန်ရောက်ပြီ။”

“ဘာကြီး!” ယင်းစကားကြောင့် ပြပွဲကို စောင့်ကြည့်နေသော ချမ်ဝါတို့တတွေသည် စိတ်ထိန်း မထားနိုင်တော့ပါ။

သူတို့ မော့ချူး၏ ဟင်းပွဲကို မြည်းစမ်းပြီးကတည်းက ကျန်အစားအစာများသည် အမှိုက်များဖြစ်သွားသည်။ အခု မော့ချူးက လေ့ကျင့်ရေး ပြန်ဆင်းမယ်ဆိုတော့ သူတို့လည်း ဝက်စာတွေ ပြန်မျိုရတော့မှာပေါ့?

“မော့ချူး... နေပါဦး။ဘငါတို့ အလျင်လိုလို့ မရဘူလေ။” ချမ်ဝါက အမှန်တရားမြတ်နိုးမှုလေသံဖြင့် ပြောနေသော်လည်း သူ့မျက်ဝန်းများကတော့ သစ္စာဖောက်နေသည်။

“အခု အရေးကြီးတာက ကောင်းကောင်း အနားယူဖို့လေ။ လေ့ကျင့်ရေးက နောက်မှပြန်ဆင်းလည်း အချိန်မီပါသေးတယ်”

“မစိုးရိမ်ပါနဲ့။ ကျွန်မ ခန္ဓာကိုယ်က ပြန်ကောင်းလုနီးပါး ဖြစ်နေပါပြီ။” မော့ချူးက အေးစက်စက်ကြည့်၍ ပြောသည်။ 'ဟမ့်။ ရှင်က ကျွန်မကို အခမဲ့ ထမင်းချက် ဖြစ်စေချင်တာ မသိဘူး မထင်နဲ့! '

“ကွမ်ရှန်း၊ မင်းက ဒီနယ်ပယ်မှာ ကျွမ်းတယ်။ ချူးလေးကို မင်းသွားစစ်ဆေးကြည့်တာ ပိုကောင်းလိမ့်မယ်။” မော့ချူး၏ ဆုံးဖြတ်ချက်ပြတ်သားသော ပုံစံကိုမြင်တော့ ချမ်ဝါက သူ့ဘေးရှိလူ၏ ခါးကို လက်တို့လိုက်သည်။ သူဟာ စိတ်ဖိစီးလွန်းတာကြောင့် မျက်မှောင်ကြီးကြုတ်လျက် ရှိသည်။ 'ဒါမင်းရဲ့ အပိုင်းပဲ ငါ့ကောင်။ မင်း ထိန်းထားနိုင်ရမယ်။'

သို့ပေသိ ကွမ်ရှန်းက ချမ်ဝါ၏ ဆိုလိုရင်းကိုနားမလည်ပေ။ နားလည်ရင်လည်း သောက်ဖက်လုပ်မှာ မဟုတ်ပါ။ မော့ချူးကို အသေအချာ စစ်ဆေးပြီးနောက်-

“မစိုးရိမ်နဲ့တော့။ မင်းရဲ့ ခန္ဓာကိုယ်က ပြန်ကောင်းလာပြီ။ နည်းနည်း အားနည်းနေတာက လွဲလို့ ပြဿနာ မရှိတော့ဘူး။”

စကားကြောင့် ဘေးရှိ မော့ယန်နှင့် နျဉ်ယွိယွမ်တို့က သက်ပြင်းချလိုက်မိသည်။ သူတို့၏ အမူအရာများက ထပ်တူညီနေ၊တပြိုင်တည်း ဖြစ်နေကြောင်း သတိထားမိသည့်အခိုက် နှာမှုတ်လျက် တစ်ဖက်သို့ မျက်နှာ လှည့်သွားကြသည်။

“နှစ်ရက်လောက် ထပ်နားလိုက်ဦး။” နျဉ်ယွိယွမ်က လေးနက်သော အသံဖြင့်ပြောသည်။သူက မော့ချူးကို အရင်းခံ စိုးရိမ်စိတ်ဖြင့် ကြည့်လျက်ပြောလိုက်သည်။

“ မင်း ထိခိုက်မှုတွေ ဖြစ်ခဲ့ပြီးပြီ။ ၂ ရက်လောက် ထပ်နားတာက မမှားပါဘူး။”

ဒါ့အပြင် လတ်တလော သူလည်း အလုပ်ရှုပ်နေသည်။၂ ရက်လောက်သာ မပြန်ခင် အတူရှိနေပေးနိုင်လိမ့်မည်။

ဤတစ်ကြိမ်တွင် မော့ယန်ကလည်း နျဉ်ယွိယွမ်နှင့် အတွေးတူသည်။ သူက လေးပင်စွာ ခေါင်းညိမ့်လျက် ပြောသည်။

“မှန်တယ်။၂ရက်ပြီးမှ လေ့ကျင့်ရေးပြန်လုပ်။”

လူနှစ်ဦး၏ ငြင်းဆန်မရ အမူအရာကြောင့် မော့ချူးက အသာအယာ သက်ပြင်းချသည်။ သူမက ခေါင်းညိတ် သဘောတူသည်။ ကောင်းပြီလေ။ နှစ်ရက်ပြီးမှ ပြန်သွားတာပေါ့။

ချမ်ဝါ၏ မျက်ဝန်းများက တလက်လက်‌တောက်ပသွားသည်။ သူ နောက်ဆုံးတော့ အရသာရှိတဲ့ အစားအစာတွေကို ၂ရက် ထပ်စားရတော့မည်။ သို့သော်လည်း ကွမ်ရှန်းကို ကြည့်မိလိုက်သည့်အခါ အံ့ကြိတ်လိုက်မိသည်။

ရုတ်တရက်ဆိုသလို ချမ်ဝါက ကွမ်ရှန်းနှင့် နောင်ချိန် ပလေးချင်လာသည်။ ကွမ်ရှန်းက အလံဖြူထောင်ပြီး ချက်ချင်းအရှုံးပေးလာမှာ မဟုတ်ဘူးလေ။ ဒီလိုနဲ့ ကြီးကျယ်တဲ့ တိုက်ပွဲတစ်ခု ဖြစ်လာတော့သည်။

All Chapters