အပိုင်း ၃၇၈
Vol. 26 Ch. 378
ထိုမြင်ကွင်းကြောင့် မော့ချူးနှင့်မော့ယန်သည် အရင်က အံ့ဩခဲ့ကြသော်လည်း ယခု၌တော့ တည်ငြိမ်သွားသည်။ ဒီလိုပွဲမျိုးကို နေ့တိုင်းတွေ့နေရရင် ဘယ်သူမဆို ရိုးအီသွားမှာ။ သူတို့က ဒါကိုတောင် လက်ရည်စမ်းပွဲလို့ ခေါ်လိုက်ကြသေးသည်။
မော့ချူးက ရယ်မော၍သာ နေလိုက်သည်။ သူတို့က ကြယ်တွေလတွေ မြင်တဲ့အထိ တိုက်ခိုက်နေတာ။ ဒါကို လက်ရည်စမ်းပွဲလို့ ခေါ်နေသေးတာလား။
ဒါနဲ့... နေစမ်းပါဦး။
သူမက မျက်တောင် ပုတ်ခတ် ပုတ်ခတ် လုပ်လိုက်သည်။ဒီလှုပ်ရှားမှု သိုင်းပညာက ရင်းနှီးနေသလိုပဲ။
၎င်းလူဆိုးကောင် ချမ်ဝါသည် ရှိုးထုတ်နေဆဲပင်။ သူ၏ လှုပ်ရှားမှုသိုင်းကွက်များက လျှပ်စီးတမျှ မြန်ဆန် ကျက်သရေရှိ၍ ရင်သပ်ရှုမောဖွယ်ဖြစ်သည်။
“အပြာရောင် ပုတီးစေ့?” မော့ချူး၏ ရုတ်တရက်စကားကြောင့် ချမ်ဝါတစ်ယောက် လေပေါ်က ပြုတ်ကျမတက် ဖြစ်သွားရသည်။
သူသည် ဖျောက်ခနဲမြည်အောင် လည်ပြန်လှည့်လိုက်ကာ ကို့ရို့ကားရားအပြုံးဖြင့် မေးလိုက်သည်။ “မော့ချူး မင်းဘာပြော..ပြောလိုက်တာလဲ”
မော့ချူးက ၆၀% သေချာလျှင် သူက ၈၀% သေချာသည်! ဟုတ်တယ်။ချင်ယွဲ့ကိုဖမ်းပြီး မကောင်းတဲ့ရည်ရွယ်ချက်နဲ့ တစ်ယောက်ယောက်အတွက် ပစ္စည်းလဲပေးချင်ခဲ့တဲ့လူက ချမ်ဝါပဲ!
တခြားသူများက မူမမှန်သော လေထုကြောင့် တစ်ယောက်ပြီးတစ်ယောက် ရှောင်ဖယ်သွားကြသည်။ ချမ်ဝါ တစ်ယောက်တည်းကသာ တိုက်ခိုက်ရင်းကျန်ခဲ့ကာ မော့ချူးကို သနားစဖွယ်ကြည့်နေသည်။
“ဒါဆို မင်းပေါ့?” မော့ယန်ကလည်း သတိဝင်လာကာ ချမ်ဝါ၏ ရှေ့သို့ ပြေးဝင်လာသည်။ သူက မျက်ခုံးပင့်လိုက်သည်။
ဟုတ်တယ်။ အဲ့ဒါက ငါပါ လို့ အော်ဟစ် ပြောချင်ခဲ့သော်လည်း မော့ချူးချက်သည့် နတ်သုဒ္ဓါများ အကြောင်းတွေးမိသည့်အခါ ချမ်ဝါ၏ ဒေါသများက ပျောက်ကွယ်သွားရသည်။ သူက ခေါင်းငုံ့၍ မဝံ့မရဲသာ ဆိုသည်။
“အဲ့..အဲ့ဒါက...လေ့ကျင့်ရေး တာဝန်လေးပါ”
'ငါလည်း အပြစ်ကင်းပါတယ်။ ဟုတ်ပြီလား!?'
“ချင်ယွဲ့ ဘယ်မှာလဲ?” မော့ချူးက သိလိုရာကို တန်းမေးသည်။ 'သူတို့ရဲ့ သိုင်းပညာက ထိုလူတွေထက် နိမ့်ကျနေခဲ့တာလေ။ ဘယ်လိုလုပ် အဲ့လူတွေကို အပြစ်တင်လို့ ရပါ့မလဲ?'
“အန်း...ကောင်းပြီ...”ချမ်ဝါက ခေါင်းကုတ်လိုက်သည်။ မော့ယန်၏ စူးရဲရဲအကြည့်ကိုမြင်တော့ တိတ်တဆိတ် စောဒက တက်လိုက်မိသည်။ ' ဒါက လေ့ကျင့်ရေး တာဝန်လေကွာ။ ငါတို့လည်း စည်းမျဉ်းအတိုင်း လုပ်ရတာပေါ့! မော့ချူးချက်တဲ့ အသားကင်နဲ့ ပွဲတော်တည်ပြီးပြီးချင်း ချင်ယွဲ့ကို ပြန်လွှတ်ပေးလို့ မရဘူးလေ။ ဟုတ်တယ်မလား? ဒါက အခြားလူတွေအတွက် မတရားဘူး....'
သို့သော်လည်း သေချာပြန်တွေးကြည့်ပါက သူတို့သည် တရားမျှတမှုကို လုံးဝဂရုစိုက်ပုံ မကျပါ။ နားလည်မှု လွဲခဲ့ရုံသာ။
“ဒီမှာ...” မော့ချူးက သူမအဝတ်အစားထဲမှ တစ်ခုခုကို ထုတ်ယူ၍ လက်ဖြန့်ပြလိုက်သည်။ တောက်ပသော အပြာရောင် ပုတီးစေ့လေးသည် လက်ဖဝါးပေါ် လှဲလျောင်းလျက် ရှိ၏။
“အာ?” ချမ်ဝါက တအံ့တဩရေရွတ်လိုက်သည်။
“မင်းက ဒါလေးကို အရယူခဲ့သေးတာလား?”
ချမ်ဝါတင်မက ဘေးတွင်ရှိနေသော မော့ယန်ကပါ အံ့အားသင့်သွားသည်။ ထိုအချိန်က မော့ချူးသည် သွေးအိုင်ထဲ လဲနေခဲ့သည်။ ပုတီးစေ့လေးကို အရယူခဲ့လိမ့်မည်ဟု ဘယ်သူကမှ ထင်မထားခဲ့ပါ။
“မင်းတို့တွေက အဲ့ဒီ ပင့်ကူ မှော်ဆေးပင်ကိုပဲ ယူသွားတာ မဟုတ်....”ချမ်ဝါက တံတွေးမျိုချလိုက်သည်။ သူ့မျက်ဝန်းများက ပြူးကျယ်နေသည်။ “ဒီအရာကိုတောင် ရအောင်ယူနိုင်ခဲ့တယ်ပေါ့လေ”
လေ့ကျင့်ရေးအတွင်း ပါဝင်ခဲ့သူများအားလုံးကို စေ့စေ့စပ်စပ် စစ်ဆေးခဲ့သည်။ အထူးသဖြင့် မော့ချူးတို့အဖွဲ့ကိုဖြစ်၏။ သူတို့က ပစ်မှတ်ကို အလေးပေးစစ်ဆေးခဲ့ကြသည်။ အင်တာနက်ပေါ်တွင် တွေ့ရသော ‘ကံကောင်းစေသည့်ကြယ်ပွင့်’ အကြောင်းကိုတော့ သူတို့အားလုံး အလေးအနက် မထင်ခဲ့ကြပါ။
သို့ပေသိ မော့ချူးကိုင်ထားသော ပုတီးစေ့လေးကို ကြည့်လျက် ချမ်ဝါ၏ မူလကတည်ငြိမ်သော စိတ်အစဉ်သည် ယိမ်းခါသွားခဲ့သည်။ ဒီအရာလေးကိုရဖို့ ဘယ်လောက်တောင် ခက်ခဲလဲဆိုတာကို သူတို့က အားလုံးထက် ပိုသိသည်။ အဆင့်၈ နှင့်အထက်ရှိသော မှော်ဆေးပင်များက တွေ့ရဖို့ မလွယ်ပါ။ ဒါ့အပြင် ဤကဲ့သို့ သေးငယ်သည့် အမြုတေ ပုတီးစေ့မျိုး ရနိုင်ခြေသည် ၁% သာရှိ၏။
မော့ချူးကတော့ တစ်ခေါက်တည်းနှင့် ရသွားသည်လော။ဒါက ပုံပြင်ဆန်လွန်းမနေဘူးလား? တွေးနေရင်းမှ ချမ်ဝါ၏ အမူအရာက ပြောင်းလဲလာသည်။ သူက မော့ချူးကိုတောင် ပြေးဖက်လိုက်ချင်သည်။
ကံကောင်းစွာဖြင့် ဘေးတွင်ရှိနေသော မော့ယန်က သူ့ကို အချိန်မီ တားလိုက်နိုင်သည်။ 'ဟက်၊ ဒီကောင့်ရဲ့ သတ္တိက နျဉ်ယွိယွမ်ထက်တောင် ကောင်းနေပါရော့လား?'
“ရှင် ဘာလုပ်မလို့လဲ?” မော့ချူးက ပိုလို့တောင် ထိတ်လန့်သွားသည်။ ' ဒီလူက ဘာလို့ ရုတ်တရက်ကြီး ပြေးလာတာလဲ။'
“ဘာမှ မဟုတ်ပါဘူး” ချမ်ဝါက မျက်နှာတည်ဖြင့်ဆို၏။
“ငါလည်း ကံကောင်းအောင် မင်းကို ခနလောက် ဖက်မလို့”
'ဒါက ဘယ်လို အတွေးအခေါ်မျိုးလဲ?'
မော့ချူက နဖူးကို လက်ဖြင့်ပွတ်လိုက်မိသည်။ သူမက အနားရှိ စစ်သားအနည်းငယ်ကို ဝေ့ကြည့်လိုက်သည်။'ဒါက ရှင်တို့ အသင်းသားရွေးချယ်တဲ့ ပုံတဲ့လား?'
မော့ယန်နှင့် မော့ချူးတို့၏ အကြည့်ကြောင့် မျက်နှာသေဖြင့် စစ်သားများသည် ရပ်ကြည့်မနေနိုင်တော့ပါ။ တစ်ယောက်က လှမ်းပြောသည်။
“ချမ်ဝါ!”
ကလေးမျက်နှာနှင့် စစ်သားလေး ချမ်ဝါက လည်ပြန်လှည့်ကြည့်၍ ထူးလိုက်သည်။
“ရှိပါတယ်!”
“ဒီနေ့ လေ့ကျင့်ရေး စာတမ်းတွေ။ သုံးကြိမ်ကူးလိုက်!”
ကလေးမျက်နှာရှင် ချမ်ဝါတစ်ယောက် ဆွံ့အသွားသည်။ “ဘာကြီး!? ခေါင်းဆောင် လာနောက်နေတာလား!?”
'သုံးခေါက်!? ဒါကြီးကို သုံးခေါက်ကူးရေးရရင် အိပ်ရာထဲ ဘုန်းဘုန်းလဲလိမ့်မယ်။ '
“မင်းဘယ်လိုထင်လဲ?” မျက်နှာတည်ဖြင့် စစ်သားက အံ့ကြိတ်လိုက်သည်။ သူ၏ အကြည့်က အေးစက်နေသည်။ တခြားလူများဆိုပါက အဆင်ပြေသေးသည်။ အခုတော့ မော့ချူးနဲ့ မော့ယန်တို့လို လူတွေက သူတို့ကို အထင်သေးသွားပြီ။ 'သောက်ကောင်လေး၊ မင်းက စစ်တပ်ရဲ့ အရည်အသွေးကို နိမ့်ကျစေခဲ့တာတောင် အသိတရား မရသေးဘူးလား!?'
ခေါင်းဆောင်၏ အရုပ်ဆိုးဆိုး အမူအရာကြောင့် ချမ်ဝါ ပါးစပ်ပိတ်သွားသည်။ သူ၏ လူကဲခတ်နိုင်စွမ်းက မဆိုးပါ။ သို့ဖြစ်ရာ ခါးသီးသော အမူအရာဖြင့် အောင့်သက်သက် ထွက်သွားခဲ့ရတော့သည်။
ချမ်ဝါ ထွက်သွားပြီးနောက် မော့ချူးသည် အရှေ့တက်လာ၍ အမြုတေ ပုတီးစေ့လေးကို ပြလိုက်သည်။ သူမက နက်ရှိုင်းသော အသံဖြင့်ပြောလိုက်၏။ “ကျွန်မတို့ဒါကို ရှာတွေ့ပြီဆိုတော့ ရှင်တို့ ချင်ယွဲ့ကို လွှတ်မပေးသင့်ဘူးလား?”
ခေါင်းဆောင်က တုံ့ဆိုင်းဆိုင်းဖြစ်သွား၏။ သူ၏ အကြည့်က မရေမရာဖြစ်နေသည်။ ' စည်းမျဉ်းအရဆို ချင်ယွဲ့က ထုတ်ပယ်ခံလိုက်ရပြီ။ ဒါက...စည်းမျဉ်းကို ဆန့်ကျင် မနေဘူးလား?'
မော့ချူး ခေါင်းမာလာသည့်အခါ လူနည်းစုကသာ သူမကို တားဆီးနိုင်ပါသည်။ အတော်လေး ကြာသည်အထိ မော့ချူးက အမြုတေ ပုတီးစေ့ကို ဆက်လက်ကိုင်ဆောင်ထားခဲ့သည်။ သူမက သက်ပြင်းချလျက် ပြောသည်။
“ စစ်သားတွေဖြစ်ပြီး ရှင်တို့က ကတိမတည်ချင်ကြဘူးလား?”
ဒါကိုကြားတော့ မျက်နှာတည်ဖြင့် စစ်သားခေါင်းဆောင်၏ ခန္ဓာကိုယ်က တုန်ခါသွားသည်။ နဉ်ယွိယွမ်၏ သတိပေးသည့်အကြည့်ကို ခံလိုက်ရတော့ သူက -
“ကောင်းပြီ။ မင်းတို့ လေ့ကျင့်ရေး ပြန်စရင် ချင်ယွဲ့ကို ပြန်ထည့်ပေးမယ်”
“ကောင်းပြီ!” ဒါကိုကြားတော့ မော့ချူးက ပြုံးလိုက်သည်။ သူမက တလက်လက်တောက်နေသော အမြုတေကို ခေါင်းဆောင်လက်ထဲ ထိုးထည့်လိုက်သည်။
“ဒါဆို အပေးအယူ ဖြစ်ပြီနော်”
မော့ချူးမျက်နှာပေါ်ရှိ အပြုံးလှလှကို တွေ့လိုက်ရတော့ နျဉ်ယွိယွမ်သည် ငေးကြည့်မိသွား၏။
ချင်ယွဲ့ အထုတ်မခံရတော့ဘူးဆိုတာ သေချာသွားတော့ မော့ချူး၏ စိတ်အခြေအနေက ပိုကောင်းလာသည်။
စိတ်အဆင်ပြေသွားသည့်အတွက် စပျစ်သီးများဆီ အတွေးရောက်သွားသည်။