အပိုင်း ၃၈၁
Vol. 26 Ch. 381
“ငါ အဲ့နေရာကြီးကနေ နောက်ဆုံးတော့ လွတ်လာပြီ!” ချင်ယွဲ့က ခေါင်းမော့လိုက်သည်။ သူ့ဘေးနားက မှော်ဆေးပင် အပြုံလိုက်ကို မြင်တော့ သူ့နှလုံးသားက ပျော်မြူးသွားသည်။
“ကောင်းပြီ။ သွားကြရအောင်။”မော့ယန်က ရှေ့က လမ်းကိုစိုက်ကြည့်နေခဲ့ကာ သူ့မျက်ဝန်းများက တောက်ပသွားသည်။
“အင်း!” မော့ချူးနှင့် ချင်ယွဲ့က တပြိုင်တည်း ခေါင်းညိတ်လိုက်သည်။
သူတို့မှော်ဒေသ၏ အပြင်ပိုင်းသို့ ရောက်လာသည့်အခါ၊ ဤနေရာရှိ ပြိုင်ဆိုင်မှုသည် အကြိတ်အနယ် ဖြစ်နေပြီပင်။
မှော်သားရဲများနှင့် မှော်ဆေးပင်များ၏ အရေအတွက်က အရမ်းကို လျော့ကျသွားသည်။ 'နောက်တစ်ဆင့်အတွက် သူတို့လုံလောက်တဲ့ စွမ်းအင်တွေ ရဖို့ဆိုရင် လုယက်ခိုးယူဖို့ကလွဲလို့ နည်းလမ်း မရှိတော့ဘူး!'
မူလက သဟာဇာတဖြစ်နေသော အသင်းများသည် အရင်းအမြစ် မလုံလောက်မှုကြောင့် လာမည့်နေ့၌ အပျက်အယွင်း ဖြစ်သွားနိုင်သည်။ မနက်ဖြန်မျက်လုံးဖွင့်လိုက်သည့်အခါ ရင်းနှီးကျွမ်းဝင်သော မိတ်ဆွေများက ရန်သူများဖြစ်လာနိုင်သည်။
ဟုတ်ပါ၏။ ဒါက မော့ချူးတို့ သုံးယောက်နှင့် မသက်ဆိုင်ပါ။
အခြားသူများက သွေးအလိမ့်လိမ့်နှင့် တိုက်ခိုက်နေကြစဉ်တွင် မော့ချူးတို့က ပျော်တပြုံးပြုံးနှင့် အသားကင် ဝါးနေသည်။ တစ်ခါတစ်ရံ တစ်ပါးသူများ တိုက်ခိုက်တာကိုတောင် ဖျော်ဖြေရေးအဖြစ် ထိုင်ကြည့်ကြသေးသည်!
“လာလာ၊ ခန့်မှန်းကြည့်။ ဘယ်သူနိုင်မယ် ထင်လဲ?” သူတို့ရှေ့တွင် လူနှစ်ယောက်က အပြင်းအထန်တိုက်ခိုက်နေသည်။ သူတို့၏ မျက်နှာများက နီရဲနေပြီး၊ဓါးသွားများက တစ်ဦးနှင့်တစ်ဦး ချိန်ရွယ်ထားသည်။ အဆုံးမှာတော့ အဲ့တာက စွမ်းအင်အရည် တစ်ပုလင်းအတွက် တိုက်ပွဲတဲ့လေ!?
ချင်ယွဲ့က ဗိုက်ကို တင်းကားအောင် စားပြီးတာကြောင့် ကျန်နှစ်ယောက်ကို စလိုက်သည်။ “ငါက ခပ်ဝဝနဲ့တစ်ယောက်ကို လောင်းမယ်!”
သူ၏ ခွန်အားကို ကြည့်ရသလောက် အားမနည်းလောက်ပါ။
“ နင်အဲ့လောက်တောင် အားယားနေလား?” မော့ချူးက ချင်ယွဲ့ကို လှမ်းကြည့်လိုက်သည်။
ချင်ယွဲ့က ခေါင်းညိတ်လိုက်သည်။ 'ဟုတ်တယ်။ ငါ အားယားနေတာ! ငါ့မှာ လုပ်စရာသုံးခုပဲရှိတယ်။ အနားယူဖို့၊စားဖို့နဲ့ အမဲလိုက်ဖို့!'
'နောက်ထပ်ဘာမှ လုပ်စရာ မရှိဘူးလေ။ ဒီတော့ အပျော်ရှာရတော့တာပေါ့!'
“ကောင်းပြီလေ။ ဒါဆို ငါနောက်တစ်ယောက်ကို လောင်းမယ်” မော့ယန်ကလည်း ဝင်ပါလာသည်။ “ဒါနဲ့ဒီလိုလောင်းရတာက ဆုကြေးရှိမှပေါ့? ဒီလိုလုပ်ရအောင်။ ရှုံးတဲ့လူက နောက်တစ်ခါ အသားကင်တစ်ဝက်ကို နိုင်တဲ့လူဆီ ပေးရမယ်!”
တစ်ဝက်တောင်? ချင်ယွဲ့က တုံ့ဆိုင်းသွားသည်။ အဆုံးမှာတော့ သူ လက်ခံလိုက်သည်။ “သဘောတူတယ်!”
လူနှစ်ယောက်က စွာကျယ်စွာကျယ် ပြောနေတာကြောင့် တိုက်ခိုက်နေတဲ့ လူနှစ်ဦးမှာ လဲကျမတက်ဖြစ်သွားရသည်။ 'ကျေးဇူးပြုပြီး! ကျုပ်တို့က အသက်နဲ့လောင်းကြေး ထပ်နေရတာပါ။ ခင်ဗျားတို့ အလေးအနက် ထားပေးလို့ ရမလား!?'
အဆုံးအထိ ထိုလူနှစ်ယောက်သည် အနိုင်အရှုံးမပေါ်သေးပါ။ သို့သော်လည်း မော့ချူးတို့၏ သက်တောင့်သက်သာ အမူအရာက လူတိုင်းကို ဆွဲဆောင်နိုင်ခဲ့သည်။
ရိုးသားစွာ ပြောရပါလျှင် မော့ချူး၊ မော့ယန်နှင့် ချင်ယွဲ့တို့သည် ထိပ်တန်း သိုင်းပညာရှင်များဖြစ်သည်။ထို့ကြောင့် လူတိုင်းက သူတို့ကို ရှောင်ကြသည်။
ဒါပေမယ့် ဒီလူသုံးယောက်က လူမှုရေး မသိကြပေ။ လူတိုင်းက စွမ်းအင်အရည် တစ်ပုလင်း၊နှစ်ပုလင်းရဖို့ တိုက်ခိုက်နေကြတာ! သူတို့ကတော့ အသားကင် စားနေကြသည်။ ပြီးတော့ အနံ့ကလည်း ဆွဲဆောင်လွန်းတယ်! ဒီအခြေအနေတွေကြောင့် သူတို့က မော့ချူးတို့ကို လှမ်းကြည့်လိုက်သည်။ 'အရင်ဆုံး ဒီစိတ်ရှုပ်စရာ သုံးကောင်ကို ရှင်းပစ်ရမယ်!'
“အိုင်းယား!” ချင်ယွဲ့က မတ်တပ်ထရပ်လာသည်။
“မင်းတို့ဘာလုပ်မလို့လဲ? အဖွဲ့လိုက် တိုက်ခိုက်မလို့လား?”
“မင်းက ပြောရဲသေးတယ်ပေါ့လေ!” မော့ယန်က ဝင်ဟောက်လိုက်သည်။
“မင်းလို သောက်ကလေးကြောင့် မဟုတ်ရင် သူတို့က ငါတို့ကို ကြည့်နေမှာလားကွ?”
“ဟမ့် မင်းက ငါ့ကို အပြစ်တင်နေတာလား!?” ချင်ယွဲ့က မော့ယန်ကို မျက်စောင်းထိုးကြည့်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် ဒီလူတွေက ငါတို့ကို သွားခွင့်ပြုမှာ မဟုတ်ဘူး။ ပြိုင်ပွဲဝင် ပိုနည်းလေလေ၊ အနိုင်ရနိုင်ခြေ ပိုများလေလေ မဟုတ်လား?”
“ဟုတ်တယ်” မော့ချူးက ထောက်ခံသည်။ “ဒီလိုဆိုမှတော့ အချိန် မဖြုန်းရအောင်။”
'အကြာကြီး အနားယူပြီးပြီဆိုတော့ လှုပ်ရှားရမယ့် အချိန်ပဲ!'
“ကောင်းပြီ...” ချင်ယွဲ့၏ မျက်ဝန်းများက တောက်ပလာသည်။
သို့သော်လည်း သူ၏ စကားမဆုံးသေးခင်တွင် တစ်ဖက်လူများက ဝင်ရောက်နှောင့်ယှက် ပြောဆိုလာသည်။
“မင်းတို့ပြောလို့ ပြီးပြီလား?”
'သူတို့လေပေါတာကို နားထောင်ဖို့ ငါတို့ ဒီရောက်နေတာ မဟုတ်ဘူး!'
“တိုက်ကြ” ဒေါသတကြီး ကြုံးဝါးသံ ထွက်ပေါ်လာသည်။
လူပေါင်းဆယ်ကျော်ခန့်သည် မော့ချူးတို့ထံ ပြေးဝင်လာကြသည်။ လူအုပ်ကြီးက ကြောက်စရာကောင်းနေ၏။
ထိုလူများကလည်း စစ်တက္ကသိုလ်၏ လက်ရွေးစင်များဖြစ်သည်။ အနည်းဆုံးတော့ သူတို့၏ သိုင်းကွက်များက ဆိုးရွားမနေပါ။ အစာရေဆာ ပြတ်လပ်မှုကြောင့် သူတို့က အားနည်းနေကြသော်လည်း မော့ချူးတို့က ၄ယောက် ၁ယောက်ခန့် ယှဉ်ချရသည့်အခါ သူတို့က အရေးသာနေကြသည်။
“ဟား’ မင်းတို့မောက်မာရဲသေးလားဆိုတာ ကြည့်ကြတာပေါ့!”မှော်ဒေသထဲတွင် နေထိုင်ကြစဉ် လူတိုင်း၏ အတွင်းစိတ်များသည် ပွင့်ထွက်လာကြသည်။ ဤအခိုက် သက်တောင့်သက်သာရှိနေသော မော့ချူးတို့ကို မြင်တော့ သူတို့နှလုံးသားက ချဉ်စုတ်လာသည်။ မင်းတို့တွေ အရင်က အရမ်းကို အဆင့်မြင့်တယ်ပေါ့လေ။ အခုတော့ ဒုက္ခရောက်ပြီကွ!
“ဒါ...ဒါက ... မလွန်လွန်းဘူးလား?” မော့ချူးတို့ ဝိုင်းရံခံရပြီး ဒဏ်ရာရလုနီးပါးဖြစ်လာသည့်အခါ ချမ်ဝါက စိတ်ဖိစီးလာသည်။
“ငါတို့ သူတို့ကို သွားမတားသင့်ဘူးလား?”
“ချမ်ဝါ! ဒါက တိုက်ပွဲတစ်ခုကွ!” မျက်နှာတည်ဖြင့်စစ်သားက သူ့ကို စူးစူးရဲရဲကြည့်သည်။
“သွေးထွက်တာ၊ မတော်တဆဖြစ်တာ၊ လုပ်ကြံခံရတာ၊ ဝိုင်းအတိုက်ခံရတာ ဒါတွေအားလုံးက သာမန်ပဲ။ ငါတို့အဲ့ဒါတွေကို ဂရုမစိုက်ဘူးဆိုတာ မင်း နားလည်ရမယ်”
အနာခံမှ အသာစံရမည်။ လူမှုဝန်းကျင်နှင့် လိုက်လျောစွာ နေနိုင်မှ အောင်မြင်မည်။ သန်မာသူမှသာ ဝံ့ကြွားနိုင်မည်!
“ဒါပေမယ့်....သူတို့....” ခေါင်းဆောင်၏ အကြည့်စူးစူးကိုမြင်တော့ ချမ်ဝါက အသက်ပြင်းပြင်းရှုလိုက်ရသည်။
“ကျွန်တော် နားလည်ပါပြီ။”
“သိပ်လည်း စိုးရိမ်မနေနဲ့” ကွမ်ရှန့်က အလင်းဖန်သားပြင်ကို တောက်လျောက်စိုက်ကြည့်နေခဲ့သည်။ မော့ချူးတို့က သူ ကြိုးစားပြုလုပ်ထားသည့် အစီအရင်ကို ဖျက်စီးခဲ့တာကြောင့် သူ ဒေါသထွက်နေသော်လည်း မော့ချူး၏ နည်းလမ်းများက ထိရောက်တာကိုတော့ ဝန်ခံရပါမည်။
“ဒီကောင်လေးတွေ အလွယ်တကူ မကျရှူံးဘူးလို့ ငါခံစားနေရတယ်”
သူတို့နဲ့ ရက်အနည်းငယ် ဆက်ဆံပြီးနောက် ထိုကောင်လေးတစ်စု၏ သဘောထားကို နားလည်လာသည်။ တစ်ယောက်က ဂရုမစိုက်၊ ပျာယာခတ်ပုံပေါ်သည်။ တစ်ယောက်က ချောမောခန့်ညားသည်။ တစ်ယောက်က လူကောင်သေး၍ ချစ်စရာကောင်းသည်။ သို့သော် သူတို့ ဒေါသထွက်လာသည့်အခါ သားရဲများကဲ့သို့ အန္တရာယ်ကြီး၏။
“ဒါဘယ်လို ဖြစ်နိုင်မှာလဲ!?” ချမ်ဝါက မျက်မှောင်ကြုတ်လိုက်သည်။
“ဒီလူတွေက အားမနည်းဘူး။ အရေးကြီးဆုံးက အရေအတွက် များနေတာ မော့ချူးတို့က သုံးယောက်ထဲ.....”
စကားမဆုံးသေးခင်တွင် တွေ့မြင်ရသည့် မြင်ကွင်းကြောင့် ချမ်ဝါ ကြောင်အသွားသည်။ သူက မျက်လုံးကို ပွတ်လိုက်မိသည်။
“ဘုရားရေ!”
'ငါဘာမြင်လိုက်ရတာလဲ!?'
'အခြေအနေက ရုတ်တရက်ကြီး ဘာလို့ပြောင်းသွားရတာလဲ!?'
“မင်းအမြင်မမှားပါဘူး...” ခေါင်းဆောင်က ပြုံးလိုက်သည်။
“ငါတို့ကိုက ဒီကောင်စုတ်လေးတွေကို အထင်သေးခဲ့မိတာ။”
ဟုတ်ပေသည်။ ထိုသုံးယောက်က အန္တရာယ်များသည်။
ဖန်သားပြင်ပေါ်တွင် မော့ချူးတို့ကို တိုက်ခိုက်လာကြသောသူများအားလုံး တွင်းကြီးတစ်ခုထဲ မှောက်ရက်လဲနေကြသည်။ ဒါတင်မကသေးဘဲ ထောင်ချီသော အဆိပ်အပ်များကိုလည်း ထိုသူများထံ ဆက်တိုက်ပစ်နေသေးသည်။ သူတို့က မော့ချူးတို့ကို တိုက်ခိုက်ဖို့ဝေးစွ၊ အသက်ကိုတောင် ဖက်နဲ့ ထုပ်နေရသည်!
မော့ချူးတို့ကတော့ လူအုပ်အလယ်တွင် တောက်ပစွာ ပြုံးလျက်ရှိသည်။ 'ဟမ့် သူတို့က ငါတို့ကို တိုက်ချင်တယ်ပေါ့လေ! နှစ်ခါပြန်တွေးလိုက်စမ်း!'
အနီးအနားတွင် ထောင်ချောက်တစ်ခုရှိသည်။ မော့ချူးတို့က ဒီနေရာကို အသေအချာ စူးစမ်းခဲ့ကြသည်။ ပြဿနာရှိလာပါက ထိုသူများကို ထောင်ချောက်ရှိသည့်နေရာကို မြှားခေါ်လိုက်ရုံသာ။
ဤသို့ဖြင့် အခြေအနေက ပြောင်းပြန်လည်သွားလိမ့်မည်။ 'သူတို့က ပြိုင်ဘက်ကင်းတဲ့ နေရာကို ရွေးချယ်ခဲ့တာ! အပြင်လောကကို အကျိုးသာအောင် အသုံးချနိုင်တာ ငါလေးက တော်လိုက်တာနော်?'
“ကောင်းပြီ။” ကွမ်ရှန့်က ထရပ်လျက် ပြုံးလိုက်သည်။
“တိုက်ပွဲက ဒီလိုဖြစ်နေပြီဆိုမှတော့ ဆက်ကြည့်စရာ မလိုတော့ဘူး သွားပြီး ရလဒ်ကို ကြေညာရအောင်။”
“ဟုတ်တယ်!” ဒါကိုကြားတော့ ချမ်ဝါသည် သဘောတူစွာ လက်ထောင်ပြလျက် အနောက်က လိုက်ပါသွားသည်။ 'ကောင်းလိုက်တာ။ မော့ချူးပြန်လာရင် သေရည်က အဆင်သင့်ဖြစ်နေလောက်ပြီ။ သူဆက်ပြီး ကြာကြာ တောင့်မထားနိုင်တော့ဘူး။'