အပိုင်း ၃၈၂
Vol. 26 Ch. 382
ဒုန်း! ကျယ်လောင်တဲ့ အသံတစ်ချက် ထွက်ပေါ်လာသည်။ မူလက ရန်လိုနေတဲ့ လူအုပ်သည် ချက်ချင်း ချိုင့်ထဲသို့ ပြုတ်ကျသွားသည်။ ဆွဲငင်အား ကွာခြားမှုကြောင့် သူတို့ ခေတ္တမျှ အံ့အားသင့်သွားကြသည်။
'သောက်ကျိုးနည်း! ဘာတွေ ဖြစ်နေတာလဲ။' ဖုန်မှုန့်တွေက သူတို့ မျက်နှာတွေကို ဖုံးလွှမ်းသွားသည်။ သူတို့မျက်နှာသုတ်တွေဖို့ အချိန်မရခင်မှာပဲ သေးငယ်ပြီး အဆိပ်အတောက်ရှိတဲ့ အပ်လေးတွေက အရပ်မျက်နှာအနှံ့ကနေ ပစ်ခတ်လာသည်။ သူတို့ ဘာကိုမှ ဂရုစိုက်ဖို့ အချိန်မရှိတော့ပေ။ အားလုံး အလျင်အမြန် ကိုယ်စီ ခုခံကာကွယ်ကြပြီး သူတို့ လက်ထဲက အထူးစွမ်းရည်တွေဟာ ပန်းပွင့်လေးတွေလို ဝေဆာလာကာ အဆိပ်အပ်တွေကို ကာကွယ်ဖို့ ကြိုးစားနေကြသည်!
သို့သော် ချိုင့်ဝှမ်း၏ အရွယ်အစားမှာ အလွန်သေးငယ်သည်။ သူတို့အပြင် လူပေါင်း ၁၄၊ ၁၅ ယောက်ခန့် ရှိသည်။ အတူတူ ရပ်နေလျှင် မကျပ်တည်းဖို့ မဖြစ်နိုင်ပေ။ ပျံနှံနေသော အဆိပ်အပ်များကို တစ်ယောက် ရှောင်ရှားနိုင်ခဲ့သည် ဆိုပါကလည်း အခြားသူများလည်း ချောချောမွေ့မွေ့ ရှောင်ရှားနိုင်လိမ့်မည်ဟု မဆိုလိုပေ။ မိနစ်အနည်းငယ်အတွင်း လူ ၃၊ ၄ ယောက်ခန့် အဆိပ်အပ်များ ထိမှန်ခဲ့ပြီးချေပြီ။
“ဟဲဟဲ!”
အောက်က လူတွေရဲ့ မချိတင်ကဲ အသွင်အပြင်ကို ကြည့်ပြီး ချင်ယွဲ့က မကြာခဏ ရယ်မောနေမိသည်။ သူ့လေသံမှာ လှောင်ပြောင်မှုတွေ ပြည့်နှက်နေသည်။ ထိုသူများက သူတို့ကို ဝိုင်းတိုက်ချင်ခဲ့တာ မဟုတ်လား။ အခုတော့ ဘယ်လို ခံစားရလဲ သူတို့ သိပြီလား။ သူတို့နဲ့ ထိုက်တန်သည်။
မော့ယန်နှင့် မော့ချူးတို့သည် တိတ်တဆိတ် ဘေးတွင် ရပ်နေကြသည်။ သူတို့၏ ကိုယ်ခန္ဓာများသည် တောင့်တင်း ဖြောင့်မတ်နေသည်။ စကားတစ်ခွန်းမျှ မပြောသော်လည်း သူတို့၏ ချထားသော အကြည့်များနှင့် သဘာဝကျသော အငွေ့အသက်တို့သည် လူတိုင်းကို မကျေနပ်စေရန် လုံလောက်သည်! ဒါက တကယ်ကို မယုံနိုင်စရာပင်။ နောက်ဆုံးတော့ မော့ချူးနဲ့ အခြားသူတွေက မှော်နယ်မြေထဲက ထောင်ချောက်တွေ၏ တည်နေရာအားလုံးကို ရှာဖွေနိုင်လိမ့်မယ်လို့ ဘယ်သူထင်မည်နည်း။ ဒါတင်မကသေး၊ သူတို့က ထောင်ချောက်တွေကိုပါ အသုံးချခဲ့ကြသည်။ ရလဒ်အနေနှင့် သူတို့ဟာ အောင်မြင်စွာ ထောင်ချောက်ဆင်ခံခဲ့ရသည်!
ဘယ်လိုပဲဖြစ်ဖြစ် လူတစ်ယောက်ရဲ့ စွမ်းအင်ဟာ အကန့်အသတ်ရှိသည်။ ဒါပေမဲ့ ဒီထောင်ချောက်က ရပ်တန့်သွားမှာ မဟုတ်ချေ။ အချိန်တွေ တဖြည်းဖြည်း ကုန်လွန်လာတာနဲ့အမျှ ချိုင့်ထဲက လူတွေ မခံနိုင်တော့ချေ။ သူတို့ ခန္ဓာကိုယ်ထဲက အထူးစွမ်းရည်တွေဟာ ကုန်လုနီးပါး ဖြစ်နေပြီပင်။ ဒါပေမဲ့ နွားမွှေးလောက် ပါးလွှာတဲ့ ဒီအပ်လေးက သူတို့ကို သနားညှာတာမှု ကင်းစွာ ပစ်ခတ်နေတုန်းပင်။
ဒီအဆိပ်အပ်ထဲမှာ ဘယ်လို အဆိပ်တွေ ပါဝင်နေလဲ သူတို့ မသိပေ။ သူတို့ မြင်နိုင်တာက သူတို့ရဲ့ အဖော်တွေ တစ်ယောက်ပြီး တစ်ယောက် အဆိပ်အပ်တွေ ထိမှန်နေတာပင်။ ဝှစ်ခနဲ အသံနဲ့အတူ သူတို့ မြေပြင်ပေါ် လဲကျသွားပြီး သတိလစ်သွားကြသည်။
ကြောက်ရွံ့မှုသည် လူတိုင်းရှေ့တွင် တဖြည်းဖြည်း ပျံ့နှံ့လာသည်။
“မော့.. မော့ချူး!” တချို့လူတွေ ဖိအားကို မခံနိုင်တော့ဘဲ မော့ချူးဆီ အသနားခံလာကြသည်။ သူတို့ မျက်နှာတွေမှာ ကြောက်ရွံ့မှုနှင့် တောင်းပန်မှုတွေ အပြည့်ပင်၊ “ဒီတစ်ခါပဲ ငါ့ကို ချမ်းသာပေးပါ။ နောက်ကို မင်းတို့ကို ဒုက္ခမပေးရဲတော့ပါဘူး!”
'အဓိပ္ပါယ်မရှိတာ!' မော့ချူးနဲ့ အခြားသူတွေ ပြခဲ့တဲ့ လှည့်ကွက်က ဒီကလူအများစုကို ကြောက်လန့်သွားစေဖို့ လုံလောက်သည်။
“ဟုတ်တယ်၊ ကူညီပါဦး!”
“ငါတို့ မှားသွားတယ်၊ ငါတို့ မှားသွားပါတယ်၊ ဟုတ်ပြီလား?”
တစ်ယောက်ယောက် စကားစပြောလိုက်တာနဲ့ ရေကာတာကျိုးသွားတဲ့ လှိုင်းလုံးကြီးလိုပင်။ ကျန်တဲ့သူတွေလည်း တစ်ယောက်ပြီး တစ်ယောက် ပြောဆိုလာကြသည်။
လူတိုင်း မျှော်လင့်တကြီး စိုက်ကြည့်ခြင်းကို ခံနေရသည့် မော့ချူး၏ နှုတ်ခမ်းမှာ အနည်းငယ် ပြုံးရယ်လိုက်သည်။ ဒီလူတွေက သူမက မိန်းမသားမို့ စိတ်ထားနူးညံ့ပြီး လွှတ်ပေးလိမ့်မယ်လို့ ထင်နေကြတာလား။
“ဟီးဟီး!” ရယ်သံနှင့်အတူ မော့ချူးက တိုးတိုးလေးသာ မေးလိုက်သည်။ “ခုနက နင်တို့ ငါတို့ကို ဝိုင်းတိုက်တုန်းက ဘာလို့ လွှတ်ပေးဖို့ မစဉ်းစားခဲ့တာလဲ?”
'အခုတော့ သူမဆီကနေ တောင်းပန်ဖို့ မျက်နှာရှိနေကြသေးသည်တဲ့လား၊ ဟွန့်! သူတို့ဟာ အပြစ်ကင်းစင်တယ်လို့ ပြောရမလား၊ ဒါမှမဟုတ် တုံးတယ်လို့ ပြောရမလား သူမ မသိတော့ဘူး!'
မော့ချူးရဲ့ ရိုးရှင်းတဲ့ စကားတစ်ခွန်းကြောင့် လူတိုင်း လည်ချောင်းထဲ တစ်ခုခု ဆို့နေသလို ခံစားလိုက်ရပြီး ချက်ချင်း ပြောစရာ စကားလုံးပျောက်သွားကြသည်။
အဆိပ်အပ်တွေ ဆက်ပစ်နေတာကြောင့် လူတွေ ပိုများလာပြီး လဲကျကုန်သည်။ ကျယ်ပြောသည့် နေရာလွတ်က ကျန်တဲ့လူတွေကို ပိုပြီး လျင်မြန်စွာ ရွေ့လျားနိုင်စေပေမယ့် တစ်ချိန်တည်းမှာပဲ အဆိပ်အပ်တွေ ပစ်ခတ်ခံရတဲ့ ဧရိယာဟာ မသိမသာ တော်တော်လေး ကျယ်လာခဲ့သည်။ နောက်ဆုံးတော့ အဆိပ်အပ်တွေ ထိမှန်ထားတဲ့ လူသားပစ်မှတ်တွေဟာ သူတို့ရဲ့ နောက်ဆုံး အထူးစွမ်းရည် အနည်းငယ်ကို ညှစ်ထုတ်ခံရပြီး မြေပြင်ပေါ် လဲနေကြပြီပင်။ သူတို့ရဲ့ အကြည့်တွေဟာ တစ်ဖန် ပြပွဲကို ဘေးကနေ ကြည့်နေတဲ့ လူသုံးယောက်ဆီကို ရောက်သွားပြန်သည်!
သို့သော် ယခုအချိန်တွင် သူတို့၏ မျက်လုံးများသည် အစောပိုင်းက တောင်းပန်မှုနှင့် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေခြင်း မဟုတ်တော့ပေ။ ယင်းအစား အမုန်းတရားနှင့် ရက်စက်ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်နေသည်! အကယ်၍ သူတို့ ဒုက္ခရောက်နေခြင်း မဟုတ်ပါက မော့ချူးကို ချက်ချင်း ပြေးတက်လာပြီး ရိုက်နှက်မည်ဟု သူ မသံသယရှိပေ!
“ဘာဖြစ်နေတာလဲ? အရင်က လူသတ်သမားနေရာကနေ…” ကျန်လူအနည်းငယ်ရဲ့ မုန်းတီးသည့် အကြည့်တွေကို ခံနေရသော ချင်ယွဲ့က မျက်ခုံးပင့်လိုက်သည်။ သူက တစ်ဝက်လောက် ထိုင်ချပြီး ပြောလိုက်သည်။ “အခုတော့ မင်းတို့အလိုလို ဒုက္ခသည်နေရာကို ရောက်သွားကြတာလား?”
ချင်ယွဲ့ရဲ့ စကားတွေက သူတို့ကို တကယ် လှောင်ပြောင်နေတာပဲ!
အသေအချာပင်။ အရင်က ဒီလူတွေအားလုံးက သူတို့ကို သတ်ချင်နေကြတာ။ အခု သူတို့ ပြန်လည် တိုက်ခိုက်ခံနေရတော့ နစ်နာသူ ဒုက္ခသည်လေးတွေ ပုံစံမျိုး လုပ်ပြနေကြသည်။ တကယ်ကို ရယ်စရာကောင်းလိုက်တာ!
“မင်း ဘာတွေ လျှောက်ပြောနေတာလဲ! မင်းကိုယ်မင်း ပြန်ကြည့်ဦး။ မင်းတို့ သုံးယောက်ထဲက ဘယ်သူ ဒဏ်ရာရထားလဲ?” ဒါကို ကြားတော့ ချိုင့်ထဲက လူတစ်ယောက် ရုတ်တရက် ခေါင်းမော့လာပြီး ချင်ယွဲ့ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။ သူ့လေစွမ်းအင် အထူးစွမ်းရည်ကို တစ်ဖန် အသုံးပြုပြီး သူ့ခန္ဓာကိုယ်ကို ထိတော့မယ့် အဆိပ်အပ်တွေကို ဘေးကို လွှင့်ပစ်လိုက်သည်။ “အခု ငါတို့ကို ပြန်ကြည့်ဦး! ငါတို့က အထိနာဆုံးပဲ!”
ဒီလူက ဘယ်လောက် ယုံကြည်ချက်အပြည့်နဲ့ ပြောနေလဲဆိုတာ ကြည့်ပြီး မော့ချူး မရယ်ဘဲ မနေနိုင်တော့ချေ!
၂၁ ရာစုမှာလည်း ကိုယ့်ရဲ့ အားသာချက်တွေကို လက်နက်အဖြစ် အမြဲသုံးပြီး ဒုက္ခသည်လို အပြစ်မဲ့တဲ့ မျက်နှာပေးနဲ့ နေတတ်တဲ့ လူတစ်စု ရှိခဲ့သည်။ သူတို့က အမှားလုပ်ခဲ့တာ ထင်ရှားပေမယ့် နောက်ဆုံးမှာ လူထုရဲ့ ထင်မြင်ချက်က တစ်ဖက်ကို ရောက်သွားခဲ့သည်!
သမိုင်းဟာ တကယ်ကို အံ့သြစရာကောင်းလောက်အောင် ဆင်တူနေခဲ့သည်။ ဖြစ်နိုင်ချေက ဒါဟာ လူသားတွေရဲ့ ကိုယ့်ကိုယ်ကိုယ် ညှဉ်းပန်းလိုတဲ့ စိတ်ရဲ့ အရင်းခံပင်။
မော့ချူး မျက်တောင်ခတ်လိုက်ပြီး ရုတ်တရက် သူမ ဒဿနတွေ ဖွဲ့တာ တော်တော်လေး အရည်အချင်းရှိတယ်လို့ ခံစားလိုက်ရသည်။
“ဘာဖြစ်လို့လဲ?” မော့ချူးရဲ့ ရယ်သံကို ကြားတော့ မော့ယန်က စိုးရိမ်တကြီးနဲ့ ခေါင်းလှည့်ပြီး မေးလိုက်သည်။
“ဘာမှ မဟုတ်ပါဘူး” မော့ချူးက ခေါင်းခါယမ်းပြီး တိုးတိုးလေး ပြောလိုက်သည်။ “သူတို့အားလုံး အရမ်း ရယ်စရာကောင်းတယ်လို့ ထင်မိလို့!”
သူတို့နှစ်ယောက်ရဲ့ စကားပြောဆိုမှုကို ဘယ်သူမှ မကြားအောင် ဖုံးကွယ်ထားခြင်းမရှိတာကြောင့် ချိုင့်ထဲက လူတွေက ကြားသွားကြသည်။ သူတို့ရဲ့ လက်တွေ ရုတ်တရက် တုန်ယင်သွားပြီး မျက်လုံးထဲက အမုန်းတရားတွေ ပိုနက်ရှိုင်းလာသည်!
“ဟုတ်တယ်” ချင်ယွဲ့က မေးကို ပွတ်သပ်ပြီး ထပ်ပြောလိုက်သည်။ “ငါလည်း အဲလိုပဲ ထင်တယ်”
သူတို့ သုံးယောက် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး သူတို့ရဲ့ မျက်လုံးတွေမှာ နားလည်မှုတွေ ပြည့်နှက်နေသည်။
“အိုး—” ဆယ်မိနစ်မပြည့်ခင်မှာပဲ ချိုင့်ထဲက နောက်ဆုံးလူလည်း မခံနိုင်တော့ပေ။ အဆိပ်အပ်နဲ့ အထိုးခံလိုက်ရပြီး ဒုန်းခနဲ မြေပြင်ပေါ် လဲကျသွားသည်။
“ကျွတ် ကျွတ်” မော့ယန်က မျက်လုံးကို ပင့်ပြီး အေးစက်တဲ့ လေသံနဲ့ ပြောလိုက်သည်။ “မင်းတို့ မိနစ် ၄၀ ပဲ ခံနိုင်တာလား။ နည်းနည်း အားနည်းလွန်းနေပြီ မဟုတ်ဘူးလား?!”
ကံကောင်းထောက်မစွာ ဒီလူတွေ မလှုပ်ရှားနိုင်တော့ချေ။ မဟုတ်ရင် မော့ယန်ရဲ့ စကားတွေကို ကြားတဲ့အခါ သူတို့ တော်တော်လေး ဒေါသထွက်ကြလိမ့်မည်!
“ဒါပေမယ့်…”
မော့ချူးက ထောင်ချောက်ကို ပိတ်ပြီးပြီဖြစ်သည်။ ချင်ယွဲ့နဲ့ အခြားသူတွေက ပိုနီးကပ်လာပြီး ချိုင့်ထဲက လူဆယ့်နှစ်ယောက်လောက်ကို ကြည့်လိုက်ကြသည်။ သူတို့ စိတ်အနှောင့်အယှက်ဖြစ်စွာ မျက်မှောင်ကြုတ်လိုက်ကြသည်။ “ငါတို့ သူတို့ကို ဒီမှာပဲ ထားခဲ့ရမှာလား၊ ဒါမှမဟုတ်…”