အပိုင်း ၃၉၁
Vol. 27 Ch. 391
“အဲ့လူနှစ်ယောက်ကတော့ ဉာဏ်ပညာတိမ်တိုက် ဂလက်ဆီက မြို့စား လန်ဟန်နဲ့ မင်းသမီး လန်လျန်ပဲ။” ကောင်းကင်ယံ၌ ထင်ရှားစွာ ပေါ်လွင်နေသော အဖြူရောင် အမှတ်အသားများကို ကြည့်ရှုရင်း နျဥ်ယွိယွမ်၏ မျက်လုံးများက မှေးမှိန်သွားသည်။ သူက တိုးညှင်းသော အသံဖြင့် ဆက်ပြောခဲ့သည်။ “ဒီ ဂလက်ဆီစစ်ပွဲမှာ ငါတို့ရဲ့ အင်အားအကြီးဆုံး ရန်သူတွေထဲက တစ်ယောက်လို့ သတ်မှတ်လို့ရတယ်”
“ကျစ်!” ချင်ယွဲ့က စိတ်ပျက်လက်ပျက် နှာခေါင်းရှုံ့လိုက်သည်။ “သူတို့ပုံစံက ဘာမှ မထူးပါဘူးနော်!”
တစ်ယောက်က မာနကြီးသလို နောက်တစ်ယောက်ကလည်း မာနကြီးသည်။ သူတို့ ဘယ်လောက်များ အင်အားကြီးနိုင်မှာလဲ။
“ဒါ မင်းရဲ့ ပြိုင်ဘက်ကို လျှော့တွက်တဲ့ ပုံစံလား?” နျဥ်ယွိယွမ်က ချင်ယွဲကို အေးစက်စွာ တစ်ချက်ကြည့်ပြီး ထပ်လောင်း ပြောကြားလိုက်သည်။ “လန်ဟန်က ရှားပါးတဲ့ အမှောင်ဓာတ်ကို ပိုင်ဆိုင်ထားတာ.. လန်လျန်ရဲ့ စွမ်းအားက… မင်းထက် မနိမ့်လောက်ဘူး”
ဟင်? ခုနက ကောင်မလေးက အဲဒီလောက် အင်အားကြီးတာလား။
ထိုစကားကို ကြားလိုက်သည်နှင့် ချင်ယွဲ့တစ်ယောက် သူမကို ဂရုတစိုက် ကြည့်ရှု့လိုက်ပြီး သူ၏ မျက်လုံးများတွင် စိုးရိမ်မှုနှင့် သတိထားမှုများ ပြည့်နှက်သွားလေသည်။
“တခြား ဂလက်ဆီက ပါဝင်သူတွေအတွက် အသေးစိတ် အချက်အလက်တွေကို ငါ အားလုံး ပြင်ဆင်ပြီးပြီ” နျဥ်ယွိယွမ်က မော့ချူးဘက်သို့ လှည့်ကြည့်လိုက်ပြီး သူ၏ အကြည့်များတွင် နွေးထွေးမှု အနည်းငယ် သန်းနေသည်။ “အဲဒီ အချက်အလက်တွေကို မင်းတို့ရဲ့ ကိုယ်ပိုင် ခလုတ်ခုံတွေဆီလည်း ပို့ပေးထားတယ်။ အချိန်ရရင် သေချာကြည့်လိုက်ကြဦး”
ဒါက အိမ်ရှင်ဖြစ်ရခြင်းရဲ့ အကျိုးကျေးဇူးပင်။ အနည်းဆုံးတော့ သတင်းအချက်အလက် စုဆောင်းရတာ ပိုပြီး လွယ်ကူ၏။
“ဟုတ်လား? ဒါဆို မြန်မြန် ကြည့်ရတော့မယ်!” ဆိုရိုးစကားအတိုင်း မိမိကိုယ်ကို သိ၍ ရန်သူကို သိလျှင် ရာပေါင်းများစွာသော တိုက်ပွဲများတွင် ဘယ်တော့မှ မရှုံးနိမ့်နိုင်ပေ။ ထိုစကားကို ကြားသည်နှင့် ချင်ယွဲ့က ချက်ချင်း စိတ်လှုပ်ရှားသွားပြီး သူ၏ ခလုတ်ခုံကို ဖွင့်ကာ ဂရုတစိုက် ကြည့်ရှု့တော့သည်။
“အော် ဟုတ်သားပဲ” နျဥ်ယွိယွမ်က မော့ယန်၏ မောင်းနှင်စက်ကို တစ်ချက်ကြည့်လိုက်သည်။ “မင်း ဒါကို နောက်ထပ် မောင်းနှင်နိုင်မှာ မဟုတ်လောက်ဘူး။ ဒီနေ့ မင်းကို ပြန်ပို့ပေးမယ်”
သူမ စကားဆုံးသည်နှင့် နျဥ်ယွိယွမ်သည် ခလုတ်ခုံမှ မောင်းနှင်စက်တစ်ခုကို ထုတ်ယူလိုက်ပြီး မော့ယန်အား ငြင်းဆန်ရန် အခွင့်အရေး မပေးဘဲ လမ်းကြောင်းနှင့် ဦးတည်ရာကို သေသပ်စွာ သတ်မှတ်လိုက်သည်။
“ဟုတ်သား၊ ဒါက မာရှယ်နဥ်နဲ့ တစ်စီးတည်း မောင်းနှင်စက် စီးရတာ ပထမဆုံးပဲ!” ချင်ယွဲ့က ခေါင်းညိတ်ကာ သဘောတူလိုက်သည်။ သူသည် မော့ချူးဘေးမှ လျှောက်သွားပြီး မောင်းနှင်စက်ဆီသို့ ဦးတည်လိုက်သည်။ သူမကို မျက်စိတစ်မှိတ်ပြုံးပြကာ ပခုံးချင်းဖွဖွတိုက်ခဲ့ရန်လည်း မမေ့ခဲ့ပေ။ “ဒါအားလုံး မင်းကျေးဇူးကြောင့်ပဲ!”
သူ စကားဆုံးသည်နှင့် ချင်ယွဲ့သည် ခေါင်းမော့လိုက်ပြီး မော့ယန်၏ အနည်းငယ် အေးစက်သော အကြည့်နှင့် ဆုံမိသွားသည်။ သူ၏ နှလုံးသား တုန်လှုပ်သွားလေသည်။ အိုင်ယား! ဒီညီမရူးအစ်ကိုကို ငါ ဘယ်လို မေ့သွားရတာလဲ? မျက်လှည့် ပြသနေသကဲ့သို့ ချင်ယွဲ့သည် သူ၏ မျက်နှာပေါ်မှ အပြုံးကို ချက်ချင်း ဖျောက်လိုက်ပြီး မောင်းနှင်စက် ထိန်းချုပ်ရာဆီသို့ လျှောက်သွားလိုက်သည်။ သူ၏ ခြေလှမ်းများသည် နောက်မှ တစ်စုံတစ်ယောက် လိုက်နေသကဲ့သို့ အလွန် မြန်ဆန်လှသည်။
ထို့ကြောင့် လူအများ၏ မျက်စိအောက်တွင် မော့ချူးနှင့် အခြားသူများသည် နောက်တစ်ကြိမ် ထွက်ခွာသွားကြလေသည်။
သူတို့သည် လမ်းတစ်လျှောက် ဘာမှ မပြောကြပေ။ သူတို့ အနည်းငယ်သည် တစ်ချိန်တည်းတွင် ခလုတ်ခုံအတွင်းရှိ အချက်အလက်များကို ကြည့်ရှု့နေကြသော်လည်း ကြည့်ရှု့လေလေ မျက်မှောင်များ ပို၍ ကုတ်သွားလေလေ ဖြစ်သည်။
“ဖာ့ခ်!” ချင်ယွဲ့က ပထမဆုံး စကားစပြောလာသည်။ သူ၏ မျက်လုံးများ ပြူးကျယ်လာပြီး မယုံနိုင်ဟန်ဖြင့် အော်ဟစ်လိုက်သည်။ “ဒီနှစ် ဂလက်ဆီစစ်ပွဲမှာ ပါဝင်တဲ့သူတွေက အရမ်း အင်အားကြီးတာပဲ!”
ပါဝင်သူများစာရင်း၏ ပထမ စာမျက်နှာ အနည်းငယ်ကို ဖတ်ကြည့်ရုံဖြင့် သူသည် နာမည်ကြီးသူ အများအပြားကို တွေ့မြင်ခဲ့သည်။ သူ အောက်သို့ ဆက်ကြည့်လေလေ သူ၏ နှလုံးခုန်နှုန်း မြန်လာလေလေ ဖြစ်သည်။
မော့ယန်လည်း မျက်မှောင်ကြုတ်လိုက်သည်။
“မကြာသေးခင်က ဂြိုဟ် A113 မှာ ရှားပါးတဲ့ သတ္တုရိုင်းတွေ အများအပြား တွေ့ရှိခဲ့တယ်” နျဥ်ယွိယွမ်က ယာဉ်မောင်းထိုင်ခုံတွင် ထိုင်ရင်း တိုးညှင်းစွာ ပြောလိုက်သည်။ နောက်ကြည့်မှန်မှတစ်ဆင့် သူသည် မော့ချူး၏ သေးငယ်သော ပုံရိပ်ကို မြင်လိုက်သည်။ သူတို့ နောက်ဆုံး တွေ့ဆုံခဲ့သည်မှာ တစ်လခန့် ကြာမြင့်ခဲ့ပြီဖြစ်ပြီး ထိုကောင်မလေးသည် ပို၍ လှပလာပုံရသည်။ သူမ အောက်သို့ ငုံ့ကြည့်နေစဉ် သူမ၏ ရှည်လျားသော အနက်ရောင် မျက်တောင်များသည် ဖြည်းညင်းစွာ လှုပ်ခတ်နေပြီး ထိုအောက်တွင် သူမ၏ ဖောင်းကြွပြီး နီရဲသော နှုတ်ခမ်းများ ရှိနေသည်…
နျဥ်ယွိယွမ်၏ စကားများသည် သူတို့၏ စိတ်ရှုပ်ထွေးမှုကို ဖြေရှင်းပေးလိုက်သည်။
ကြယ်တာရာစစ်ပွဲအပြီးတွင် အရင်းအမြစ်များ ဖြန့်ဝေသည့်အခါတိုင်း လက်ရှိ ‘ဂလက်ဆီစစ်ပွဲ’ ၏ အဆင့်အလိုက် အထက်မှ အောက်သို့ ခွဲဝေပေးလေ့ရှိသည်။ ရှားပါးသော သတ္တုရိုင်းများသည် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ အတွင်း ရှားရှားပါးပါး တွေ့မြင်ရသော တန်ဖိုးကြီး အရင်းအမြစ်များဖြစ်သောကြောင့် သဘာဝအားဖြင့် အခြား ဂလက်ဆီများသည် သူတို့ကို ဆုံးရှုံးရန် မတတ်နိုင်ပေ။ စေလွှတ်လိုက်သော လူများသည် နာမည်ကြီးသူများသာ ဖြစ်သည်။
သေချာပေါက် ဂလက်ဆီစစ်ပွဲသက်တမ်းက နှစ် ၁၀၀ အတွင်း ဖြစ်ပြီး လူအများအပြားလည်း ထိုစစ်ပွဲကြောင့် သေဆုံးခဲ့ကြသည်။
“ဒါဆို ငါတို့အပြင် ဘယ်သူတွေ ပါသေးလဲ?” ဂလက်ဆီစစ်ပွဲတစ်ခုအတွက် အကန့်အသတ်က လူငါးယောက်ဖြစ်ပြီး သူတို့က နောက်ထပ် အဖွဲ့ဝင် နှစ်ယောက်နဲ့ မတွေ့ရသေးဘူးလေ။
“ခန့်မှန်းကြည့်ပါလား?” နျဥ်ယွိယွမ်၏ နှုတ်ခမ်းထောင့်စွန်းလေး အနည်းငယ် ကွေးတက်သွားသည်။ “ပြောပြရရင် သူတို့နှစ်ယောက်စလုံးက မင်းတို့ သိတဲ့လူတွေပဲ!”
“ဟင်?” မော့ချူးက ခေါင်းမော့လိုက်ပြီး လှည့်ကြည့်လာသော နျဥ်ယွိယွမ်နှင့် တိုက်ဆိုင်သွားသည်။ သူမ၏ စိတ်ထဲတွင် ရုတ်တရက် အလင်းရောင် တစ်ချက်လက်သွားသည်။ “ဒါဆို… ရှင်လည်း အဲဒီထဲက တစ်ယောက် ဖြစ်နိုင်မလား?”
“တော်လိုက်တာ!” ထိုစကားကို ကြားသည်နှင့် နျဥ်ယွိယွမ်၏ မျက်လုံးများ ပို၍ တောက်ပလာလေသည်။
အခြား ဂလက်ဆီများနှင့် နှိုင်းယှဉ်ပါက အဖွဲ့ချုပ်၏ အကြီးမားဆုံး အားနည်းချက်မှာ ဤအချက်ပင် ဖြစ်သည်။ နာမည်ရပြီးသား ကျွမ်းကျင်သူ အများစုမှာ အသက် ၁၀၀ ကျော်နေပြီဖြစ်ပြီး ကျန်ရှိသော မျိုးဆက်သစ်များမှာ အတွေ့အကြုံ နည်းပါးသေးသည်။ သူတို့အတွက် အခက်အခဲတွေ့နိုင်သော အချိန်ကာလနှင့် တိုက်ဆိုင်နေခြင်း ဖြစ်သည်။
ထိုအချိန်တွင် အခြား ဂလက်ဆီမှ ပါဝင်သူများအကြောင်းကို သူတို့ သိရှိခဲ့သောအခါ အထက်လူကြီးများသည် အနည်းငယ် တုန်လှုပ်ချောက်ချားခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေ မော့ချူးနှင့် အခြားသူများသည် အသက်ငယ်လွန်းပြီး မသိသေးသောသူများ ဖြစ်သောကြောင့် တစ်စုံတစ်ခု မှားယွင်းသွားပါက အဖွဲ့ချုပ်အတွက် အကြီးအကျယ် ဆုံးရှုံးမှု ဖြစ်လိမ့်မည်… နောက်ဆုံးတွင် နျဥ်ယွိယွမ်သည် မော့ချူးနှင့် အခြားသူများ၏ နေရာများကို သေချာအောင်လုပ်ဖို့ သူတို့ကို ထောက်ခံအားပေးခဲ့သည်။
“ဒါဆို နောက်တစ်ယောက်က ဘယ်သူလဲ?” ချင်ယွဲကလည်း စိတ်ဝင်တစား ဝင်ရောက် မေးမြန်းလိုက်သည်။
“ဖြစ်နိုင်တာက… အားလုံးကိုနိုင်တဲ့ စုန့်မျိုးရိုးလား?” ဒီတစ်ခါ အဖြေမှန်ကို ခန့်မှန်းနိုင်သူက မော့ယန် ဖြစ်သည်။
“မှန်တယ်” နျဥ်ယွိယွမ်က ခေါင်းညိတ်လိုက်သည်။ “ အထူးလေ့ကျင့်မှု နှစ်လ သုံးလအကြာမှာ သူအားအင်တွေကို ပြန်ရရှိလာပြီ”
“အရမ်းကောင်းတာပဲ!” ထိုစကားကို ကြားသည်နှင့် ချင်ယွဲသည် စိတ်လှုပ်ရှားစွာ လက်သီးလက်မောင်းတန်းလိုက်သည်။ 'အခုတော့ သူတို့အားလုံး သိကျွမ်းသူတွေ ဖြစ်ကုန်ပြီလေ! တခြားအရာတွေ ထားဦး၊ အပေးအယူ နားလည်မှုက အနည်းဆုံး အမှတ်ပြည့်ပဲ!'
သုံးနာရီအကြာတွင် မောင်းနှင်စက်က ရပ်သွားခဲ့သည်။
နှစ်လကျော်ကြာပြီးနောက် သူတို့ နောက်ဆုံးတော့ ပြန်ရောက်လာကြပြီ!
မော့ချူး၏ မျက်လုံးများတွင် ပျော်ရွှင်မှုကို မြင်သောအခါ နျဥ်ယွိယွမ်သည် အနည်းငယ် ပြုံးလိုက်သည်။
“ကဲ မြန်မြန် အနားယူလိုက်ကြတော့!”
“ဒါဆို… ရှင်ကော ဘယ်လိုလဲ?” မော့ချူးက ခေါင်းစောင်းကာ တိုးညှင်းစွာ မေးလိုက်သည်။
ဒါက မော့ချူးဖက်က သူ့ကို ဖော်ရွေပြတာ ပထမဆုံး အကြိမ်ပင်။ နျဥ်ယွိယွမ်ရဲ့ မျက်လုံးတွေ တောက်ပသွားပြီး သူ့ရဲ့ လေသံက မယုံနိုင်လောက်အောင် နူးညံ့သွားသည်။ “ကိုယ် အဲဒီမှာ လုပ်စရာတွေ နည်းနည်း ကျန်သေးသည်။ မင်းတို့ ဝင်သွားတာ မြင်မှ ကိုယ် ပြန်မယ်”
တကယ်တော့ နျဥ်ယွိယွမ်အတွက် မော့ချူးနဲ့ အခြားသူတွေကို လာခေါ်ဖို့ အချိန်ရှာရတာ အင်မတန် ခက်ခဲလှသည်။
“အိုကေ” မော့ချူးက သူ့ကို အနည်းငယ် ပြုံးပြလိုက်သည်။ သူမသည် မာရှ်မယ်တုံးလေးလို ချစ်စရာကောင်းနေသည်။ “မနက်ဖြန်မှ တွေ့မယ်နော်”
“အိုကေ” နျဥ်ယွိယွမ်က ခေါင်းညိတ်ပြီး မော့ချူး၏ ခေါင်းကို ပွတ်သပ်ရန် လက်ကို ဆန့်လိုက်သည်။ သူတို့ကို မမြင်နိုင်တော့သည့်အခါ သူလှည့်လိုက်ပြီး မောင်းနှင်စက်ပေါ်တွင် ထိုင်ကာ ထွက်ခွာသွားသည်။