အပိုင်း ၃၉၈
Vol. 27 Ch. 398
“လာ၊ ရေနွေးလေး နည်းနည်းသောက်လိုက်” မော့ချူး၏ ရှက်ရွံ့မှုနှင့် နှိုင်းယှဉ်လျှင် နျဥ်ယွိယွမ်က တည့်တိုး ပွင့်ပွင့်လင်းလင်းရှိသည်။ သူသည် သူမကို ကုတင်ပေါ်သို့ ချက်ချင်းချီတင်လိုက်ပြီးနောက် လက်ထဲတွင် ရေနွေးခွက်တစ်ခွက်ကို ကိုင်ကာ သူမ၏နှုတ်ခမ်းသို့ တေ့ပေးလိုက်သည်။ ဝန်ဆောင်မှုမှာ အလွန်ပင် စဥ်းစားတွေးတောပေးတတ်သော ဝန်ဆောင်မှုသည်။
ပါးစပ်ဖွင့်ကာ တစ်ငုံမျှ သောက်လိုက်သောအခါ မော့ချူးသည် နျဥ်ယွိယွမ်၏ မျက်လုံးများ တောက်ပလာသည်ကို ရှင်းရှင်းလင်းလင်း ခံစားမိသည်။
သူမ အိပ်ပျော်နေသော ထိုနေ့တစ်ဝက်တွင် နျဥ်ယွိယွမ်သည် StarNet ပေါ်ရှိ “ဓမ္မတာ” နှင့်ပတ်သက်သော အချက်အလက်များအားလုံးကို ဖတ်ရှုပြီးစီးခဲ့သည်ကို သူမ မသိခဲ့ပေ။ ထို့အပြင် သူသည် ဒါတွေကို သူ၏စိတ်ထဲ၌ ခိုင်မာစွာ မှတ်မိထားပြီး ဤဓမ္မတာသုံးပစ္စည်းကို တစ်စုံတစ်ယောက်အား လုပ်ခိုင်းရန်ပင် အချိန်ယူခဲ့သည်။
“ရှင်… အံ့သြမသွားဘူးလား” ရေတစ်ဝက်ခွက်ကုန်သွားပြီးနောက် မော့ချူး ဆူဆူညံညံ ပြောလိုက်သည်။ နှစ်ရာပေါင်းများစွာ ပေါ်မလာခဲ့သော သူမ၏ဓမ္မတာသည် သူမထံ ရောက်ရှိလာခဲ့သည်။ တခြားမည်သူမဆို အံ့ဩနေဆဲ ဖြစ်လိမ့်မည်။ နှိုင်းယှဉ်ကြည့်လျှင် နျဥ်ယွိယွမ်၏ လက်ခံနိုင်စွမ်းသည် အများကြီး ပိုမိုအားကောင်းသည်။
ဒီအသံကြားတော့ နျဥ်ယွိယွမ် သူ့လုပ်လက်စကို ရပ်လိုက်ပြီး ခွက်ကို ဘေးစားပွဲပေါ် တင်လိုက်သည်။
သူ၏အကြည့်သည် မော့ချူး၏မျက်လုံးများနှင့် ဆုံမိပြီး သူ၏လေသံမှာ ခိုင်မာ၍ ညင်သာသည်။ “ရှောင်ချူး၊ မင်းရဲ့ခန္ဓာကိုယ်က သာမန်လူတွေနဲ့ မတူဘူးဆိုတာ ကိုယ်သိတယ်။ ဒါပေမဲ့ ဒါက ကိုယ့်အတွက် အရေးကြီးတဲ့ကိစ္စ မဟုတ်ဘူး”
ကွမ်ရှန့်၏ သတိပေးချက်ကြောင့် နျဥ်ယွိယွမ် ခဏမျှ တအံ့တဩ ဖြစ်သွားပြီးနောက် လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့သည်။ မော့ချူး၏ အခြေအနေသည် နှစ်တစ်ရာလျှင် တစ်ကြိမ်သာ ဖြစ်တတ်သော မျိုးရိုးလိုက်ခြင်းမျိုး ဖြစ်နိုင်သည်။ ဒါက ရှားပါးသော်လည်း မကြားဖူးသော ကိစ္စမဟုတ်ပေ။
မော့ချူး ခေါင်းအနည်းငယ် မော့လိုက်ပြီး သူတို့၏ အကြည့်များ ဆုံမိကြသည်။
နျဥ်ယွိယွမ်၏မျက်လုံးများသည် အရင်ကဲ့သို့ပင် နက်ရှိုင်းနေဆဲဖြစ်သော်လည်း ယခုအခါ ယုံကြည်မှုများဖြင့် ပြည့်နေသည်။
ရုတ်တရက်ပင်! မော့ချူးသည် သူမ၏နှလုံးသား၏ အားနည်းဆုံးအစိတ်အပိုင်းကို ထိမှန်သွားသည်ဟု ခံစားရသည်။
သူမ လက်ဆန့်တန်းလိုက်ပြီး တစ်စက္ကန့်မျှ တုံ့ဆိုင်းနေသည်။ နောက်ဆုံးတွင် မော့ချူးသည် နျဥ်ယွိယွမ်၏ ပိန်ပါးသော ခါးကို ဖက်လိုက်သည်။ “အဲ… ကျေးဇူးတင်ပါတယ်!”
သူ၏မျက်လုံးများ ရုတ်တရက် လင်းလက်လာသည်! နျဥ်ယွိယွမ်၏ ကိုယ်ခန္ဓာ ခဏမျှ တောင့်တင်းသွားသော်လည်း လျင်မြန်စွာ ပျော့ပျောင်းသွားပြီး မော့ချူးကို ပြန်ဖက်လိုက်သည်။ သူ၏မျက်နှာတစ်ခုလုံးသည် နူးညံ့မှုများဖြင့် ပြည့်နေသည်။
သူတို့ တိတ်ဆိတ်စွာ တစ်ယောက်ကိုတစ်ယောက် ဖက်ထားကြသည်။ တိတ်ဆိတ်နေသော အခန်းသည် ရုတ်တရက် နွေးထွေးမှုများဖြင့် ပြည့်နှက်သွားသကဲ့သို့ ဖြစ်နေသည်။
ဒေါက် ဒေါက်…
တံခါးခေါက်သံ ရုတ်တရက် ထွက်ပေါ်လာပြီး အခန်း၏ နွေးထွေးမှုကို ရုတ်တရက် ဖြတ်တောက်လိုက်သည်။ ချင်ယွဲ့၏ လှုပ်ရှားနေသော အသံသည် လှောင်ပြောင်သရော်သည့် အငွေ့အသက်နှင့်အတူ ရုတ်တရက် ပေါ်ထွက်လာသည်။ “အဲ… မင်းတို့ပြီးပြီလား? ငါတို့ သွားသင့်ပြီလား?”
ဝှစ်!
နျဥ်ယွိယွမ်သည် တံခါးအပြင်ဘက်ရှိ ချင်ယွဲ့ကို ချက်ချင်း စူးစူးဝါးဝါး ကြည့်လိုက်သည်။ အကြည့်ဖြင့် သတ်နိုင်လျှင် ချင်ယွဲ့သည် ယခုဆိုလျှင် လုံးဝ ဗလာကျင်းနေပြီဖြစ်သည်။ မော့ချူးနှင့် နီးစပ်ရန် သူ့အတွက် မလွယ်ကူဘဲ ချိုမြိန်သော ရင်ခွင်ကို ကြာရှည်မခံစားရသေးခင်မှာပင် ချင်ယွဲ့ ပေါ်လာသည်။ 'ဒီ ကံဆိုးကောင်လေးကတော့။ အချိန်ကို တကယ် ရွေးချယ်တတ်တယ်!'
“ငါတို့လည်း သွားကြမယ်။ သူတို့ကို ကြာကြာမစောင့်ခိုင်းနဲ့တော့” ဒီအသံကြားတော့ မော့ချူး ရုတ်တရက် နိုးလာသလိုပဲ။ သူမ နျဥ်ယွိယွမ်ရဲ့ ခါးကို ချက်ချင်း လွှတ်လိုက်ပြီး စိတ်မကောင်းစွာ သက်ပြင်းချလိုက်တယ်။ သူမ နျဥ်ယွိယွမ်ရဲ့ အဝတ်အစားကို မြင်တော့ သူမ နားရွက်တွေ ရဲလာတယ်။ “ဪ ဟုတ်သား၊ အင်္ကျီလဲသင့်တယ်”
ပြောရရင် သူ၏ကိုယ်ပေါ်က အမှတ်အသားတွေက သိသာလွန်းပြီး ဖုံးလို့မရဘူးလေ…
“ကောင်းပြီ” နျဥ်ယွိယွမ် ကုတင်ပေါ်က ဆင်းလာပြီး ခြေဗလာနဲ့ ကြမ်းပြင်ပေါ် ရပ်လိုက်သည်။ သူ့မျက်ခုံးတွေ ရုတ်တရက် ပင့်တက်သွားပြီး သူ့နှုတ်ခမ်းထောင့်က အပြုံးမှာ ဆိုးသွမ်းတဲ့ ဆွဲဆောင်မှုလေးတွေ ပါလာ၏။ ပြီးတော့ မော့ချူး မမျှော်လင့်တဲ့ အခြေအနေမှာ သူက သူ့အင်္ကျီကို ရုတ်တရက် ချွတ်လိုက်သည်။ သူ့ရဲ့ ကြွက်သားတွေနဲ့ ခန္ဓာကိုယ်ပုံစံတွေက မော့ချူးရဲ့ မျက်လုံးထဲ ချက်ချင်းရောက်လာ၏။
ယခင်က မော့ချူးသည် သူတို့နှစ်ဦးကြားရှိ အဝတ်အစားလွှာကြောင့် အံ့အားသင့်ခဲ့ရသည်။ ယခု သူ၏အင်္ကျီကို ချွတ်လိုက်သောအခါ ကြီးမားသော သက်ရောက်မှုကို ဖြစ်စေခဲ့သည်။ ထိုချောမွေ့သော ကောက်ကြောင်းများ နှင့် ဖုထစ်နေသော ကြွက်သားများသည် အသေးစိတ် ထုဆစ်ထားသကဲ့သို့ ဖြစ်သော်လည်း သဘာဝကျသည်ဟုလည်း ခံစားရသည်။
ခဏတာမျှ မော့ချူးသည် တွေဝေသွားသည်။
နျဥ်ယွိယွမ်၏ မျက်နှာပေါ်မှ အပြုံးသည် ပိုမိုနက်ရှိုင်းလာပြီး သူ၏လက်များက သူ၏ဘောင်းဘီပေါ်သို့ ရောက်ရှိလာသည်။ မော့ချူး၏ အကြည့်လည်း ပြောင်းရွှေ့သွားသည်။ သူ၏အားကောင်းသော ခြေထောက်များနှင့် တောင့်တင်းသော တင်ပါးများ… ဘွန်း! မော့ချူး၏ မျက်နှာလေး နီရဲသွားပြီး သူမ မျက်နှာကို ရုတ်တရက် လွှဲပစ်လိုက်သည်။
'အရှက်မရှိတဲ့လူ! ရိုင်းစိုင်းတဲ့လူ!'
“ဘာလဲ? မကြိုက်ဘူးလား?” နျဥ်ယွိယွမ်၏ ကလူကျီစယ်သော အသံ ထွက်ပေါ်လာရာ မော့ချူး၏ မျက်နှာလေးကို ပို၍ပင် နီရဲသွားစေသည်။
မိနစ်အနည်းငယ်ကြာပြီးနောက် မော့ချူး ညင်သာစွာ ချောင်းဆိုးလိုက်သည်။ “အမ်… လဲပြီးပြီလား?”
“အင်း” နျဥ်ယွိယွမ် ပြန်ဖြေသည်။
“ဒါဆို မြန်မြန်သွားရအောင်” မော့ချူး ခြေလှမ်းကျဲကြီးအချို့ဖြင့် ရှေ့သို့တိုးသွားသည်။ သူမ တစ်သက်တာလုံး ဒီလောက်ရှက်ဖူးတာ မရှိဘူးလို့ ခံစားနေရသည်။ ခြေလှမ်းအချို့ လှမ်းပြီးနောက် နောက်ကနေ လှုပ်ရှားမှုမရှိတာကို သတိထားမိလိုက်သည်။ သူမ အနည်းငယ် မျက်နှာလွှဲပြီး လှည့်ကြည့်မိလိုက်သည်။ ထိုအခါ သူမ မျက်နှာလေးက လျင်မြန်စွာ နီရဲလာသည်။ သူမ၏အသံပင် အနည်းငယ် တုန်ယင်နေသည်။ “ဘာလုပ်နေတာလဲ…”
သူမ၏ မျက်စိရှေ့တွင် နျဥ်ယွိယွမ်သည် အဝတ်အစားအသစ်တစ်စုံကို လဲပြီးဖြစ်သည်။ သို့သော် သူသည် ယခင်က သွေးစွန်းနေသော အဝတ်အစားများနှင့် ကုတင်ခင်းများကို အိတ်ထဲသို့ သေချာစွာ ထည့်နေသည်။ ကြည့်ရသည်မှာ… သူသည် ၎င်းတို့ကို စုဆောင်းတော့မည်လား။
“သိမ်းနေတာလေ!” နျဥ်ယွိယွမ်က မျက်နှာတည်တည်နဲ့ ပြောလိုက်ပေမယ့် သူ့လက်တွေကတော့ လုံးဝမနှေးပေ။ အဝတ်အစားတွေတင်မကဘဲ မော့ချူး ရေချိုးခန်းထဲမှာ အရင်ကလဲထားတဲ့ အဝတ်အစားတွေကိုပါ သိမ်းဆည်းလိုက်သည်။
အွန်း… မော့ချူး သူ့ စိတ်အခြေအနေရဲ့ အကန့်အသတ်ကို ထပ်ပြီး ပြောင်းလိုက်ပြန်ပြီလို့ ခံစားလိုက်ရသည်။
ဖျတ်ခနဲ တံခါးဖွင့်လိုက်သည်။
ခေါင်းမော့ကြည့်လိုက်သောအခါ မော့ချူးသည် ချင်ယွဲ့၏ လှောင်ပြောင်မှုများ ပြည့်နှက်နေသော မျက်လုံးများနှင့် ဆုံမိသည်။ သူသည် သူမအား မျက်စိတစ်ဖက်မှိတ်ပြပြီး “ကြည့်စမ်း၊ မင်းရဲ့မျက်နှာလေး အစောနက ဖြူဖျော့နေတာ၊ အခုတော့ အများကြီး ပိုကောင်းလာပြီ!”
သူမ၏မျက်နှာလေးက နီရဲပြီး နူးညံ့နေသည်။ သူမ အဆင်ပြေကြောင်း သိသာသည်။
တကယ်တော့ မော့ချူး ရုတ်တရက် ပွဲကနေ ထွက်သွားတော့ သူတို့တော်တော် စိတ်ပူနေခဲ့ကြတာပင်။ ဒါပေမယ့် ကျုံးဝမ်ရဲ့ ပေါ့ပါးတဲ့ပုံစံကို မြင်တော့ စိတ်အေးသွားကြသည်။ ဘာပဲဖြစ်ဖြစ် မော့ချူး တစ်ခုခုဖြစ်ရင် တော်ဝင်ဆရာဝန် ကျုံးဝမ်က ဘယ်လိုလုပ် ပေါ့ပေါ့ပါးပါး နေနိုင်မလဲ။
ဒီစကားကြားတော့ မော့ချူး ချင်ယွဲ့ကို မကြည့်ဘဲမနေနိုင်ဘူး။ 'ဘာသိလို့လဲ? ငါကြည့်မကောင်းတာ မဟုတ်ဘူး၊ မျက်နှာရဲတာပဲ ရှိတာ!'
“ကောင်းပြီ၊ သွားကြစို့” နျဥ်ယွိယွမ် နောက်ကွယ်မှ ထွက်လာပြီး မော့ချူး ပခုံးကို တစ်ဝက်လောက် ဖက်ကာ ညင်သာစွာ ပြောလိုက်သည်။
“အားယိုး! ဒီချိုမြိန်မှုက ကျွန်တော့်လို အထီးကျန်လူကိုတောင် မနာလိုဖြစ်စေတယ်!” ချင်ယွဲ့က နျဥ်ယွိယွမ်နဲ့ ရင်းနှီးလာတာနဲ့အမျှ စနောက်တတ်တဲ့သူမျိုးပင်။ အစတုန်းက နျဥ်ယွိယွမ်နဲ့ ပထမဆုံးတွေ့တော့ သူ့ရဲ့ပုံရိပ်ကို ထိန်းနိုင်ခဲ့၏။ သို့ပေမယ့် နျဥ်ယွိယွမ်နဲ့ ရင်းနှီးလာပြီးနောက် သူ့ရဲ့ရယ်စရာကောင်းတဲ့ စရိုက်က ချက်ချင်း ပေါ်လာတော့သည်။
“ဟွန်း!” မော့ယန်နှာခေါင်းရှုံ့လိုက်ပြီး နျဥ်ယွိယွမ်ကို သတိပေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။ မင်း ကိုယ့်ကိုယ်ကို ထိန်းနိုင်ရင် ပိုကောင်းမယ်!
မော့ယန်၏ အကြည့်ကို မြင်သောအခါ နျဥ်ယွိယွမ်သည် ရှေ့သို့ နှစ်လှမ်းတိုး၍ လေသံနှိမ့်ကာ “မင်းကို ပြောစရာတစ်ခုရှိတယ်”
မော့ယန် မျက်ခုံးပင့်လိုက်ပြီး သူတို့နှစ်ဦးထောင့်တစ်နေရာသို့ လျှောက်သွားသည်။
မော့ချူး သူတို့ ဘာတွေပြောနေလဲ မသိပေမယ့် စကားပြောပြီးနောက် မော့ယန်ရဲ့ သူမအပေါ်ဆက်ဆံပုံက ပိုပြီးသတိကြီးလာသည်။ သူတို့နှစ်ယောက်က သူမကို ကွဲလွယ်တဲ့ ဖန်ပုလင်းတစ်လုံးလိုမျိုး သဘောထားပြီး သူမကို မျက်ခြည်မပြတ် စောင့်ကြည့်နေခဲ့ကြသည်။
ထိုအခြေအနေသည် နောက်တစ်နေ့ ဂလက်ဆီယမ်တိုက်ပွဲအထိ ဆက်လက်တည်ရှိနေခဲ့သည်။
သည်ဂလက်ဆီယမ်တိုက်ပွဲကို အပိုင်းနှစ်ပိုင်းခွဲထားသည်။ တစ်ခုမှာ အသင်းလိုက်ပြိုင်ပွဲဖြစ်သည်။ အသင်းနှစ်သင်းကို ကျပန်းရွေးချယ်ပြီး တစ်သင်းနှင့်တစ်သင်း ယှဉ်ပြိုင်စေမည်။ အနိုင်ရရှိသူသည် ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး ရှုံးနိမ့်သူသည် ထွက်ခွာရမည်ဖြစ်သည်။ အသင်းနှစ်သင်းကို ကျပန်းရွေးချယ်ပြီး တစ်သင်းနှင့်တစ်သင်း ယှဉ်ပြိုင်စေမည်… အသင်းဆယ်သင်းသာ ကျန်ရှိသည်အထိ။
တွဲဖက်မျက်နှာပြင်ရှေ့တွင် ရပ်နေစဉ် မော့ချူး မျက်မှောင်ကြုတ်မိသည်။ သူမ၏ ဓမ္မတာသည် မနေ့က ရုတ်တရက်လာခဲ့ပြီး ယနေ့ပြိုင်ပွဲကို လုံးဝမေ့သွားခဲ့သည်။ သို့သော် ဒီဓမ္မတာသည် မှားယွင်းသောအချိန်တွင် လာခဲ့ချေပြီ။
“ရပါတယ်” မော့ချူး၏ မျက်လုံးများတွင် စိုးရိမ်ပူပန်မှုကို မြင်နိုင်သကဲ့သို့ နျဥ်ယွိယွမ်သည် လက်ဆန့်တန်း၍ သူမ၏ခေါင်းကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ “နောက်ကျ ကိုယ်တို့အလှည့်ရောက်တဲ့အခါ မင်းဘေးနားမှာ ရပ်နေရုံပဲ။ ကျန်တာ ကိုယ်တို့တာဝန်ယူမယ်”
“ဟုတ်တယ်!” ချင်ယွဲ့နဲ့ စုန့်ချင်စုန့်တို့က မော့ချူး ဘာဖြစ်ခဲ့တယ်ဆိုတာ မသိကြပေမယ့် နျဥ်ယွိယွမ်နဲ့ မော့ယန်တို့ရဲ့ သူမအပေါ်ထားတဲ့ သဘောထား အပြောင်းအလဲလေးကိုတော့ သဲသဲကွဲကွဲ ခံစားမိပြီး သူမကို ပိုပြီး ဂရုစိုက်လာကြသည်။ “ငါတို့လို ယောက်ျားလေးတွေရှိရင် ရပါပြီ။ မင်းဘေးနားမှာ ကောင်းကောင်းနားနေဖို့ပဲ လိုတယ်”
“မလိုပါဘူး!” မော့ချူး ပြုံးပြီး ခေါင်းခါလိုက်သည်။ “ကံကောင်းပြီး လွတ်နေတဲ့ အတွဲကို ရွေးမိတာလည်း ဖြစ်နိုင်တာပဲ!”
ပြိုင်ပွဲတွင် စုစုပေါင်း အသင်း ၃၁ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ရာ အသင်းတစ်သင်းသည် အရည်အချင်းပြည့်မီပြီး နောက်တစ်ဆင့် တိုက်ပွဲသို့ အလိုအလျောက် ဝင်ရောက်သွားမည်ဖြစ်သည်။
“မင်းဆန္ဒပဲ!” လန်လျန်သည် မော့ချူးတို့ဘေးတွင် ရပ်နေသဖြင့် သူတို့ပြောသည်ကို သဘာဝအတိုင်း ကြားလိုက်ရပြီး သူမ၏မျက်လုံးများတွင် မထီမဲ့မြင်ပြုသည့် အရိပ်အယောင်တစ်ခု လင်းလက်သွားသည်။ ဒါက အယောက် ၃၀ တွင် အခွင့်အရေး ၁ ခုဖြစ်ပြီး ဘယ်လိုလုပ် လွယ်ကူစွာ အနိုင်ရနိုင်မည်နည်း။
“ဘာလဲ? မင်းက ကိုယ်တိုင်မစွမ်းဆောင်နိုင်မှာကို စိုးရိမ်လို့ စိတ်ကူးထားတာ…” လန်လျန် စကားမဆုံးခင်မှာပင် လှည့်ပတ်နေပြီဖြစ်သော ဖန်သားပြင်သည် ရုတ်တရက် ရပ်တန့်သွားသည်။
အံအားသင့်စွာပင် မော့ချူး၏အသင်းသည် လွတ်နေသည့်အတွဲရှိသော တစ်ခုတည်းသောအသင်းဖြစ်သည်။ မည်သို့… မည်သို့ဖြစ်နိုင်မည်နည်း။ လန်လျန်၏မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားသည်။
ဒီအခြေအနေကို မြင်တော့ ချင်ယွဲ့ရဲ့ မျက်လုံးတွေက ပျော်ရွှင်မှုနဲ့ တောက်ပနေသည်။ သူတို့က ဒုတိယအဆင့်ကို တန်းဝင်ရုံမကဘဲ တစ်ပွဲပါ ခုန်ကျော်နိုင်ခဲ့သည်။ ဒီလိုဆိုရင် သူတို့ရဲ့ ခွန်အားကို ထိန်းသိမ်းထားနိုင်သည်။ ဒီလိုအခြေအနေကို ဘယ်သူက မကြိုက်ဘဲနေမလဲ။
“မင်းတို့… မင်းတို့ လိမ်တာလား” လန်လျန်က မယုံကြည်နိုင်စွာ အော်လိုက်သည်။ ဒီလို ထူးဆန်းတဲ့ကိစ္စ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မော့ချူး ပါးစပ်ဖွင့်လိုက်တာနဲ့ ဒီအလှည့်ရဲ့နေရာလွတ်က သူတို့ဆီကျလာသည်။ လိမ်တာမဟုတ်ဘူးလို့ ပြောရင် သူမ သေအောင်ရိုက်ခံရရင်တောင် မယုံပေ။
ဘေးနားတွင် ရပ်နေသော အစိုးရအရာရှိသည် မျက်မှောင်ကြုတ်ကာ စိတ်လှုပ်ရှားစွာဖြင့် “ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုအားလုံးက ပွင့်လင်းပြီး တရားမျှတပါတယ်။ သံသယရှိရင် နောက်မှ ပြန်ကြည့်လို့ရပါတယ်!”
“ကျွတ်ကျွတ်” အောက်ရှိ အဖွဲ့ချုပ်နိုင်ငံသားများ ပြုံးလိုက်မိသည်။
“ကျွန်မတို့ မော့ချူးရဲ့ ‘ကံကောင်းခြင်းကြယ်’ ဘွဲ့နာမက အခြေအမြစ်မရှိ ပေါ်လာတာ မဟုတ်ဘူး။ သူတို့က ဒါတောင်မသိဘဲနဲ့ လိမ်တာလို့ ပြောရဲသေးတယ်”
“ဟုတ်ပါ့။ သူ့ဘာသာ ကံမကောင်းတာကို သူများတွေကို အပြစ်တင်နေတာ!”
စကားလုံးများ လှိုင်းလုံးများပမာ လန်လျန်ဆီသို့ ရိုက်ခတ်လာရာ သူမ၏မျက်နှာက ဖြူဖျော့သွားသည်။