← Chapters

နဂါးတွေကပြဿနာကိုလှည့်ပတ်ရှာ

Vol. 16 Ch. 213

နဂါးတွေကပြဿနာကိုလှည့်ပတ်ရှာ

Vol. 16 Ch. 213

အခန်း (၂၁၃) နဂါးတွေကပြဿနာကိုလှည့်ပတ်ရှာ

အစပိုုင်းတွင် ကျင်းထင်က ဧရာမဝံပုလွေကြီးနှင့် တိုက်ခိုက်နေခြင်း ဖြစ်သည်။

သူက ရုပ်ခန္ဓာကျင့်ကြံသူတစ်ယောက်ဖြစ်ရာ ဧရာမဝံပုလွေကြီးကို ထိပ်တိုက်ရင်ဆိုင်နိုင်စွမ်းရှိသည်။ ကျင့်ကြံခြင်းအဆင့်တူညီသည့် ဝံပုလွေတစ်ကောင်က သူ့ကို ဒုက္ခပေးနိုင်မည် မဟုတ်ပေ။

အချိန်သာရလျှင် ထိုဧရာမဝံပုလွေကြီးကို သူ အေးအေးဆေးဆေး သတ်ဖြတ်ပစ်နိုင်၏။

သို့သော် သူတိုက်ခိုက်နေဆဲမှာပင် နောက်ထပ်ဧရာမဝံပုလွေကြီးတစ်ကောင်ဖြင့် တိုက်ခိုက်နေသည့် ကျန်းလန်ကို အမှတ်မထင်တွေ့လိုက်ရသည်။ သို့တည်းမဟုတ် ၊ ကျန်းလန်ကို တွေ့ရှိသွားသည့် ဝံပုလွေကြီးက မာန်ဖီဟိန်းဟောက်လိုက်သောကြောင့် သတိပြုမိသွားခြင်းလည်း ဖြစ်နိုင်သည်။

မူလဝိညာဉ်အဆင့် အောင်မြင်ထားသည့် မိုးကောင်းကင်ဝံပုလွေကြီးတစ်ကောင်က မူလဝိညာဉ် ၊ နောက်ဆုံးအဆင့်ရှိသည့် ကျန်းလန်ကို တိုက်ခိုက်နေခြင်း ဖြစ်လေရာ စွမ်းအားမညီမျှသည့် တိုက်ပွဲတစ်ခု ဖြစ်၏။

နဝမမတောင်ထွတ်မှ ဂိုဏ်းတူညီလေးက အခြားသူများနှင့် ရင်းရင်းနှီးနှီးဆက်ဆံလေ့မရှိပေ။

ကျန်းလန်က ဂိုဏ်းတူမောင်နှမများအပေါ် လေးလေးစားစား ဆက်ဆံတတ်သော်လည်း စကားနည်းပြီး အပြုံးအရယ်ကင်းမဲ့သည်။

သို့သော် ကျင်းထင်ကတော့ ကျန်းလန်လန်နှင့် အကြိမ်ရေအနည်းငယ် တွေ့ဆုံဖူးပြီး ခဏတာမျှ နှုတ်ဆက်စကားပြောဆိုဖူးကြသည်။

ထို့ကြောင့် သူနှင့်ကျန်းလန်က အခြားသူများထက် ရင်းနှီးမှုရှိသည်ဟု ဆိုနိုင်သည်။ သို့ဖြစ်ရာ ယခု ကျန်းလန်သေမည်ကို သူ ဒီအတိုင်း ကြည့်မနေနိုင်ပေ။

"ဘုန်း…"

သူနှင့်တိုက်ခိုက်နေသည့် ဧရာမဝံပုလွေကြီးထံ လက်သီးတစ်ချက်ပစ်လွှတ်ပြီးနောက် ကျင်းထင်က ကျန်းလန်ကို ကူညီရန် အပြေးသွားလိုက်သည်။

သို့သော် သူ လက်သီးနှင့်ထိုးလိုက်သည့် ဧရာမဝံပုလွေကြီးက ကျင်းထင်ရှိရာ ထပ်မံခုန်ဝင်လာပြီး လမ်းတစ်ဝက်တွင် ပိတ်ဆို့ထားလိုက်လေရာ ကျန်းလန်ရှိရာသို့ သွားရောက်ကူညီနိုင်ခြင်း မရှိတော့ပေ။

ဂိုဏ်းတူညီလေး တောင့်ခံနိုင်ပါစေဟုသာ ကျင်းထင် မျှော်လင့်လိုက်မိ၏။

ထိုအချိန်မှာပင်…

ကျန်းလန်က သူ့ရှေ့မှဝံပုလွေကြီးနှင့် စတင်တိုက်ခိုက်နေသည်ကို တွေ့လိုက်ရသည်။ သူက ဓားကိုဝှေ့ရမ်းကာ ဧရာမဝံပုလွေကြီးကို ရင်ဆိုင်နေ၏။

သူ၏ဓားက အဆုတ်အတက် ဟန်ချက်ညီစွာ လှုပ်ရှားနေပြီး ဓားထဲတွင် ဓားဝိညာဉ်အငွေ့အသက်များ ပါရှိနေသည်။ ကြည့်ရသည်မှာ ကျန်းလန်က ထိုဓားသိုင်းကို အကြိမ်တစ်ထောင်မက လေ့ကျင့်ထားခဲ့ပုံပင်။

အချိန်ခဏကြာသွားပြီးနောက် ကျန်းလန်က တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်သည်။

ကျင်းထင် သူ့မျက်လုံးများကို မယုံကြည်နိုင် ဖြစ်သွားရသည်။

အဘယ်ကြောင့်ဆိုသော် ကျန်းလန်က ဓားကိုကိုင်ကာ လှည့်ထွက်သွားသောကြောင့် ဖြစ်သည်။ တစ်ဖက်တွင်တော့ ဧရာမဝံပုလွေကြီးမှာ မြေပြင်ထက်သို့ ဘုန်းခနဲ လဲကျသွားပြီ ဖြစ်သည်။

မူလဝိညာဉ်အဆင့် အောင်မြင်ထားသည့် ဝံပုလွေကြီးကား မူလဝိညာဉ် ၊ နောက်ဆုံးအဆင့် လူသားတစ်ယောက်၏လက်ချက်ဖြင့် အချိန်ခဏအတွင်း အသက်ပျောက်သွားပေပြီ။

ဒါက…

"ဂိုဏ်းတူညီလေးက တကယ်ရော မူလဝိညာဉ် ၊ နောက်ဆုံးအဆင့် ဟုတ်ရဲ့လား…"

ကျင်းထင် အံ့အားသင့်စွာတွေးလိုက်သည်။

သို့သော် ကျန်းလန်အသုံးပြုသည့် တန်ခိုးစွမ်းအားက မူလဝိညာဉ် ၊ နောက်ဆုံးအဆင့် တန်ခိုးစွမ်းအားသာဖြစ်ကြောင်း ကျင်းထင် မျက်ဝါးထင်ထင် တွေ့မြင်ခဲ့သည်ပင်။

ကျန်းလန်၏ ဓားသိုင်း ၊ ခြေလှမ်းသိုင်းနှင့် ဟန်ချက်ညီညီ တိုက်ခိုက်နိုင်ခြင်းများက အလွန်ပင် ထူးခြားထက်မြက်လွန်းလှ၏။

"ဇွဲရှိသူကို ကောင်းကင်ဘုံက ဆုချမည်… "

ပဉ္စမတောင်ထွတ်တွင် ရေးသားထားသည့် စာသားများကို ကျင်းထင် သတိရလိုက်သည်။

နဝမတောင်ထွတ်မှ ဂိုဏ်းတူညီလေးက ထိုသို့သောသူမျိုး ဖြစ်ပေလိမ့်မည်။

ကျင်းထင်က ကျန်းလန်နံဘေးသို့ အလျှင်အမြန် ပြေးသွားလိုက်ပြီး…

"ဂိုဏ်းတူညီလေး စွမ်းအားတွေအများကြီး အသုံးပြုလိုက်ရတယ် မဟုတ်လား… ၊ တောအုပ်ထဲကတိုက်ပွဲကို ကြီးကြပ်စောင့်ကြည့်နေတဲ့ အကြီးအကဲတစ်ယောက်ရှိတယ်… ၊ ညီလေး ဒဏ်ရာတွေဘာတွေရသွားရင် အမြန်သက်သာသွားအောင် အဲဒီအကြီးအကဲဆီမှာ ဆေးကုလို့ရတယ်…"

ကျန်းလန်သည်ကား ကောလာဟလများနှင့် လုံးဝခြားနားလေသည်။

နဝမတောင်ထွတ်မှာ ဂိုဏ်းတူညီလေးက ရင်းမြစ်ပစ္စည်းများအပေါ်မှီခိုပြီး ကျင့်ကြံခြင်းအဆင့်တက်လာသူဖြစ်သောကြောင့် အဆင့်တူတပည့်များကြားတွင် အားအနည်းဆုံးဖြစ်သည်ဟု ကောလာဟလများက ဆိုကြသည်။

သို့ပေသိ ယနေ့ တိုက်ပွဲအခြေအနေအရ ကျန်းလန်၏ အစွမ်းအစ မသေးလှကြောင်း သိခွင့်ရသည်။ ထို့ပြင် သူက ကိုယ့်ထက်အဆင့်မြင့်သည့် ကျင့်ကြံသူကိုပင် အနိုင်ယူတိုက်ခိုက်နိုင်စွမ်း ရှိနေသည်။

ကျင်းထင်၏ စကားသံကြားတော့မှ ကျန်းလန် သတိဝင်လာ၏။ သူက မူလဝိညာဉ် ၊ နောက်ဆုံးအဆင့် တန်ခိုးစွမ်းအားကို အသုံးပြုကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အများသိရှိထားသည့် ကျန်းလန်၏ကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုလျှင် ကိုယ့်ထက်အဆင့်မြင့်သည့် ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်လိုက်ခြင်းက စွမ်းအားများစွာ ကုန်ခမ်းသွားနိုင်ပေ၏။

မိမိထက် ကျင့်ကြံခြင်းအဆင့်မြင့်မားသူနှင့် တိုက်ခိုက်သည့်အခါ လျှို့ဝှက်ကျင့်စဉ်များ ၊ မှော်ဝင်ပစ္စည်းများ အသုံးပြုတိုက်ခိုက်လျှင်ပင် ဒဏ်ရာရနိုင်ခြေ များပြားသည် မဟုတ်ပါလား။

"သတိပေးတာ ကျေးဇူးတင်ပါတယ်… ဂိုဏ်းတူအစ်ကို…"

ကျန်းလန်က ကျင်းထင်ကို ဦးညွှတ်နှုတ်ဆက်ရင်း ကျေးဇူးတင်စကားပြောလိုက်၏။

ထို့နောက် ကျင်းထင်က သူ့ထံခုန်ဝင်လာသည့် ဧရာမဝံပုလွေကြီးနှင့် ဆက်လက်တိုက်ခိုက်နေသည်။ သူသေကိုယ်သေ တိုက်ပွဲများဖြင့် တိုက်ပွဲအတွေ့အကြုံရှာဖွေရန်က ရှားပါးအခွင့်အရေး ဖြစ်၏။

ထို့ကြောင့် ကျင်းထင်က အခွင့်အရေးကို အပြည့်အ၀ အသုံးချနေခဲ့သည်။

ကျန်းလန်ကတော့ သူ့ပုံစံကို အနည်းငယ် အားနည်းဖျော့တော့သွားဟန်ဆောင်လိုက်သည်။ သူ့ပုံစံက ချက်ချင်းပင် နောက်ထပ်ရန်သူတစ်ယောက်ဖြင့် တိုက်ခိုက်နိုင်စွမ်း မရှိတော့သည့်အလား ပြောင်းလဲသွား၏။

သို့ဆိုလျှင် သူက လျှို့ဝှက်ကျင့်စဉ် သို့မဟုတ် မှော်ဝင်ပစ္စည်းတစ်ခုခုကို အသုံးပြုပြီး ဝံပုလွေကြီးကို သတ်ဖြတ်ခဲ့သည်ဟု ကောလာဟလများပြောကြလျှင် ကျိုးကြောင်းဆီလျော်သွားပေလိမ့်မည်။

မဟုတ်ပါဘဲ တိုက်ပွဲတိုင်းအောင်မြင်နေပါက မကြာမီ အခြားသူများ အာရုံစိုက်ခံရသည့် ဗဟိုချက် ဖြစ်လာတော့မည်ပင်။

လူအများစုက သူ့ကို အထင်သေးကြသည်။ ထိုအချက်က ရန်သူများကို သတ်ဖြတ်ရာတွင် လွယ်ကူစေသည်။

သူ့ကိုအထင်သေးသောကြောင့်ပင် နတ်မိစ္ဆာများနှင့် နတ်လူသားမျိုးနွယ်များက မြန်မြန်ဆန်ဆန် မလှုပ်ရှားကြခြင်း ဖြစ်၏။ ထို့ကြောင့် သူလည်း အချိန်အလုံအလောက် ရရှိနေခြင်း ဖြစ်သည်။

ခဏမျှ အနားယူပြီးနောက် တိုက်ပွဲဆက်လက်ဆင်နွှဲရန် ကျန်းလန် ဆုံးဖြတ်လိုက်သည်။

သူက တိုက်ပွဲဖြစ်ပွားရာ ရေခဲပုဇဉ်းရင်ကွဲတောအုပ်အတွင်းသို့ ရောက်ရှိနေပြီ ဖြစ်ပြီး ညဘက်တိုက်ပွဲက သိပ်ပြီး အချိန်ကြာရှည်မည် မထင်ပေ။ ထို့ကြောင့် အချိန်ကြာမြင့်စွာ အနားယူ၍ မဖြစ်ပေ။

ဆရာဖြစ်သူလက်ခံနိုင်သည့် တိုက်ပွဲရလဒ်မျိုးကိုလည်း သူ ပြသနိုင်ရမည် ဖြစ်၏။ သူက ဆရာဖြစ်သူကို စိတ်ကျေနပ်စေချင်သည်။

ကျန်းလန် ပြင်ပလောကတွင် အတွေ့အကြုံရှာဖွေမှု နည်းပါးလေရာ ခွန်လွန်တောင်အနီးတစ်ဝိုက်တွင်တော့ သေသေချာချာ အတွေ့အကြုံရှာဖွေသင့်၏။

အမှန်တော့ သူက ခွန်လွန်တောင်၏ မရေမတွက်နိုင်အောင်များပြားသော တပည့်များထဲမှ သာမန်တပည့်တစ်ယောက်သာ ဖြစ်သည်။

ထူးခြားသည့် အောင်မြင်မှုများစွာ မရရှိခဲ့ဘူးသော်လည်း သူ့တွင် ကိုယ်ပိုင်ဟန်ရှိသည်။

ပြင်ပလောကတွင် တိုက်ပွဲအတွေ့အကြုံ ရှာဖွေသူတစ်ယောက်မဟုတ်သဖြင့် ဤသို့သောတိုက်ပွဲများမှ အတွေ့အကြုံများစွာ ရယူနိုင်သည်။

ဥပမာဆိုရသော် ဤပျက်သုဉ်းတစ်စပြင်လောကကြီးက အမြဲတမ်း အန္တရယ်နှင့်ပြည့်နေသည်ဆိုသည့် အတွေးမျိုးက အတွေ့အကြုံမှ ရရှိခဲ့ခြင်း ဖြစ်သည်။

ပျက်သုန်းတစ်စပြင်လောကကြီက နတ်ဘုရားများ ၊ နတ်ဆိုးများနှင့် ပြည့်နက်နေသည်။

အနည်းငယ် သတိမထားမိသည်နှင့် အခြားသူများအတွက်အစာဖြစ်ရပေလိမ့်မည်။ ထို့ကြောင့် ကျန်းလန်အနေဖြင့် တန်ခိုးစွမ်းအား ပိုမိုမြင့်မားလာရန်က အရေးအကြီးဆုံးပင် ဖြစ်သည်။

"ဘုန်း…"

ကျယ်လောင်သည့်အသံကြီးတစ်သံ ကောင်းကင်ထက်မှ ထွက်ပေါ်လာသည်။

အလင်းတန်း (၂)ခု အနက် တစ်ခုက စတင်မှေးမှိန်သွား၏။

"တိုက်ပွဲ အဆုံးသတ်တော့မှာပဲ"

ကျန်းလန်တွေးလိုက်မိသည်။

ကောင်းကင်ယံထက်မှ တိုက်ပွဲအဆုံးသတ်သွားသည်နှင့် မြေပြင်ထက်မှတိုက်ပွဲသည်လည်း အဆုံးသတ်မည် ဖြစ်သည်။ တိုက်ပွဲက သူမျှော်လင့်ထားသည်ထက်ပင် တိုတောင်းနေခဲ့သည်။

……………

ခွန်လွန်တောင် အဓိကခန်းမဆောင်။

နဂါးမျိုးနွယ်များဘက်မှ လူ (၂)ယောက်နှင့် ခွန်လွန်တောင်မှ တောင်သခင် (၂)ပါး ထိုင်နေကြသည်။

နဂါးမျိုးနွယ်များအတွက် ပြင်ဆင်ခင်းကျင်းပေးထားသည့် ထိုင်ခုံထက်တွင် သက်လတ်ပိုင်းလူရွယ်တစ်ယောက်နှင့် မိန်းမပျိုတစ်ယောက် ထိုင်နေ၏။

လူရွယ်၏အမည်က လုန်လီ ဖြစ်ပြီး မိန်းမပျို၏အမည်က လုန်စီးစီး ဖြစ်သည်။

ခွန်လွန်တောင်မှ တာဝန်ရှိသူများထိုင်ရမည့် ဘက်ခြမ်းတွင်တော့ ဒုတိယတောင်ထွတ်၏ တောင်သခင် လျိုကျင်းနှင့် ပဉ္စမတောင်ထွတ်၏ တောင်သခင်မ မြောင်ယွဲ့တို့ ထိုင်နေကြသည်။

လုန်လီက လျိုကျင်းကိုကြည့်ပြီး ပြုံးရယ်လိုက်ရင်း…

"အိမ်း… ကျုပ်တို့ လာတဲ့အချိန်ကျမှပဲ ခွန်လွန်တောင်မှာ တိုက်ပွဲဖြစ်ရတယ်နော် ၊ တိုက်တိုက်ဆိုင်ဆိုင်ပေပဲကိုး"

ခဏနားပြီးမှ လုန်လီက ဆက်ပြော၏။

"အစကတော့ လူငယ်မျိုးဆက်ကျင့်ကြံသူတွေ လက်ရည်ယှဉ်ဖို့ သဘောတူထားကြတာ ၊ အခုတော့ ခွန်လွန်တောင်ဘက်က လူငယ်မျိုးဆက်တွေခမျာ တိုက်ခိုက်ဖို့တောင် အင်အားရှိပါတော့မလားပဲ"

"ကျုပ်တို့ နဂါးမျိုးနွယ်တွေက အားနည်းသူကို အနိုင်မကျင့်တတ်ဘူး ၊ ဒီတော့ကာ လုန်ယွိနဲ့ ပတ်သက်တဲ့ကိစ္စကိုပဲ တိုက်ရိုက်ပြောဆိုဆွေးနွေးကြရအောင်လား ၊ ပြီးတော့ ခွန်လွန်တောင်က ဒီနေ့ တိုက်ပွဲငယ်လေးနဲ့ ရင်ဆိုင်ရပေမယ့် မနက်ဖန် တိုက်ပွဲကြီးနဲ့ ရင်မဆိုင်ရဘူးလို့ ဘယ်သူသိနိုင်မလဲ ၊ အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ"

လုန်လီ၏ စကားအဆုံးသတ်သွားသည့်တိုင် လျိုကျင်းကတော့ တည်ငြိမ်သည့်မျက်နှာထားဖြင့် တိတ်ဆိတ်နေဆဲပင်။

မြောင်ယွဲ့ကတော့ လုန်လီကိုကြည့်ကာ ပြုံးလိုက်၏။

"ဒါပေါ့ ဒါပေါ့… ၊ ရှင်တို့ နဂါးမျိုးနွယ်တွေက နှစ်ပေါင်းတစ်ရာကျော်လောက် တိုက်ပွဲကြီးတစ်ခု ဆင်နွှဲခဲ့တာပဲလေ… ၊ ရှင်တို့လည်း အခုလောက်ဆို အတော်လေး အားအင်ချည့်နဲ့နေကြရောပေါ့ ၊ ဆိုတော့ ရှင်တို့အနေနဲ့လည်း အခုချိန် ရှင်တို့ကို တစ်ယောက်ယောက်က လာတိုက်ခိုက်မယ်ဆိုရင် သေချာပေါက် ရှုံးနိမ့်မှာပဲလေ ၊ ဒီတော့ သတိထားနေသင့်တယ် မထင်ဘူးလား…"

သူမစကား အဆုံးသတ်သွားသည်နှင့် လုန်လီက မြောင်ယွဲ့ကို အေးစက်စွာဖြင့် ကြည့်လိုက်သည်။

ထိုစဉ်မှာပင် လုန်စီးစီးက မြောင်ယွဲ့ကို ကြည့်လိုက်ရင်း ခပ်ပေါ့ပေါ့လေသံဖြင့်…

"ကျွန်မတို့ နဂါးမျိုးနွယ်တွေရဲ့ အင်အားနဲ့ အထောက်အပံ့တွေ ဘယ်လောက်ခိုင်မာလဲဆိုတာ ရှင်တို့ မသိနိုင်ပါဘူး ၊ နောက်ထပ် နှစ်ပေါင်း (၁၀၀)လောက် တိုက်ပွဲတစ်ခုထပ်နွှဲရလည်း ကျွန်မတို့က ဘာမှဖြစ်မသွားဘူး…"

မြောင်ယွဲ့က ရယ်မောလိုက်ရင်း…

"ဒါဖြင့် လွန်ခဲ့တဲ့နှစ်တွေက နှစ်ဦးနှစ်ဘက် ချစ်ကြည်ရေးမင်္ဂလာပွဲအတွက် ကျွန်မတို့ပေးအပ်ခဲ့တဲ့ အထောက်အပံ့အကူအညီတွေကလည်း နဂါးမျိုးနွယ်ရဲ့ အင်အားတွေ ဖြစ်ခဲ့မှာပေါ့နော…"

လွန်ခဲ့သည့် နှစ်များအတွင်း ခွန်လွန်တောင်ကသာ ချစ်ကြည်ရေးမင်္ဂလာပွဲနှင့်ပတ်သက်ပြီး နဂါးမျိုးနွယ်များကို အကူအညီများ မပေးခဲ့လျှင် နဂါးမျိုးနွယ်များအနေဖြင့် နတ်မိစ္ဆာများကို မဟာမိတ်မရှိဘဲ တစ်ကိုယ်တည်း ရင်ဆိုင်ရပေမည်။

လုန်ယွိနှင့် ကျန်းလန် စေ့စပ်လိုက်သည့်အတွက် နဂါးမျိုးနွယ်များက ခွန်လွန်တောင်မှ အကူအညီများစွာ ရယူနိုင်ခဲ့သည်။

နောက်ပိုင်းနဂါးမျိုးနွယ်များက အသာစီးရလာကာ နတ်မိစ္ဆာများကို အနိုင်ယူနိုင်ခဲ့၏။

"ရှင်…"

လုန်စီးစီး ပြောစရာစကားပျောက်ရှသွားသည်။

မြောင်ယွဲ့က လုန်လီနှင့် လုန်စီးစီးကို တည်ငြိမ်စွာဖြင့် ကြည့်လိုက်သည်။ လျိုကျင်းကတော့ တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။

သူတို့က အလေးအနက်ထားရမည့်ကိစ္စများကို ပြောရမည့်အစား ယခုတော့ အဓိပ္ပါယ်မရှိသည့် စကားများဖြင့် အချိန်ကုန်နေရသည်။

လုန်လီက အေးစက်စွာဖြင့်…

"ဘာပဲဖြစ်ဖြစ် အခု တိုက်ပွဲကြောင့် မင်းတို့ဂိုဏ်းကတပည့်တွေ ပင်ပန်းကုန်ကြပြီပဲလေ…"

"ဟုတ်လို့လား…"

မေးခွန်းထုတ်သံနှင့်အတူ ခွန်လွန်တောင် အဓိကခန်းမဆောင်ကြီးအတွင်းသို့ အလင်းတန်း (၂)ခု ကျရောက်လာသည်။

ထိုအလင်းတန်း (၂)ခုသည်ကား မော့ကျန်းသုန့်နှင့် အဋ္ဌမမင်းသား လုန်မန်ပင် ဖြစ်၏။

လုန်မန်က သူ့ခါးကို အသာဖိနှိပ်ထားပြီး အားနည်းဖျော့တော့ပုံပေါက်နေသည်။ သူ့ခန္ဓာကိုယ်တွင်လည်း ခြောက်ကပ်နေသည့် သွေးစများ စွန်းထင်းနေ၏။

အဋ္ဌမမင်းသားကို ထိုပုံစံဖြင့် တွေ့မြင်လိုက်ရသည့်အခါ လုန်လီရော လုန်စီးစီးပါ အံ့သြမှင်တက်သွားကြသည်။ ထို့နောက် သူတို့ချက်ချင်း ဒေါထွက်သွားကြသည်။

"ဘုန်း…"

ပြင်းထန်သည့် တန်ခိုးစွမ်းအားတစ်ခုက မော့ကျန်းသုန့်ရှိရာသို့ ဝင်ရောက်လာသည်။

"အဋ္ဌမမင်းသား ဒီလိုဖြစ်ရတဲ့ကိစ္စနဲ့ပတ်သက်ပြီး မင်း တောင်သခင်မော့ ကျုပ်တို့နဂါးမျိုးနွယ်တွေကို ဖြေရှင်းချက်ပေးပါ"

"ဘုန်း…"

ထိုအချိန် အလွန်ပြင်းထန်သည့် စွမ်းအားလှိုင်းတစ်ခု ထွက်ပေါ်လာပြီး လုန်လီနှင့် လုန်စီးစီးကို ဖိနှိပ်ထားလိုက်သည်။

"ကျုပ်တို့ ခွန်လွန်တောင်အဓိကခန်းမဆောင်မှာ ဘယ်သူက ဒီလိုစော်ကားရဲရတာလဲ…"

တစ်ချိန်လုံးငြိမ်သက်နေသည့်လျိုကျင်းက စကားဝင်ပြောလိုက်ခြင်း ဖြစ်၏။

အဋ္ဌမမင်းသားမှာတော့ ကြားထဲတွင် တုန်တုန်ယင်ယင် ဖြစ်လျှက် ရှိသည်။

သူ ယခုအချိန်မှစပြီး လူကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားတော့မည်။ အဲလေ… မဟုတ်ဘူး ၊ နဂါးကောင်းတစ်ကောင်ဖြစ်အောင် ကြိုးစားတော့မည်။ ပြဿနာများကို ဝေးဝေးရှောင်တော့မည်။

မြောင်ယွဲ့က…

"ရှင်တို့နဂါးတွေအားလုံးက ရှင့်လိုပဲ ငတုံးတွေလား ၊ ဒါမှမဟုတ် ဒီလိုပဲ ပြဿနာကို လှည့်ပတ်ရှာတတ်ကြတာလား"

အဋ္ဌမမင်းသားက နဂါးမျိုးနွယ်၏ ဥပစာဖြစ်လေရာ ယခုကဲ့သို့ ဒဏ်ရာများစွာ ရရှိထားခြင်းကို သူတို့ မည်သို့ တည်ငြိမ်နေနိုင်ပါမည်နည်း။

နဂါးမင်းသား ဤသို့နှယ် နှိပ်စက်ခံထားရသည်ကို သူတို့က ခွန်လွန်တောင်ကို ဖြေရှင်းချက်မတောင်းဘဲ ငြိမ်ခံနေသင့်ပါသလား။

သို့ရာတွင် သူတို့က ခွန်လွန်တောင်ပိုင်နက်ထဲ ရောက်ရှိနေသည်ဖြစ်ရာ အခြေအနေက တစ်ပန်းရှုံးနေ၏။

ထို့ပြင် တောင်သခင် (၃)ပါး၏ ကျင့်ကြံခြင်းအဆင့်က မည်သို့ရှိသည်ကို မခန့်မှန်းနိုင်သောကြောင့် တကယ်တမ်းတိုက်ခိုက်ကြမည်ဆိုလျှင် ရလဒ်သည်လည်း မသေချာပေ။

လုန်လီက သူ၏တန်ခိုးစွမ်းအားများကို ရုတ်သိမ်းလိုက်ပြီး အနည်းငယ် သုံမှုံသည့်လေသံဖြင့်…

"မင်း ကျေနပ်လောက်တဲ့ ဖြေရှင်းချက်တော့ ကျုပ်ကိုပေးရမယ်…"

"ဖြေရှင်းချက်… ဟုတ်လား…"

မော့ကျန်းသုန့် လုန်လီကို ကြည့်လိုက်သည်။ သူ့အသံက အေးစက်နေ၏။

"နတ်မိစ္ဆာတွေက ခွန်လွန်တောင်ကို တိုက်ခိုက်ဖို့ ကြိုးစားနေကြတာ ၊ သူ့ကို နတ်မိစ္ဆာတွေနဲ့အတူ တွေ့ခဲ့ရတာလေ ၊ ဆိုတော့… ရှင်းပြရမယ့်သူက ကျုပ်လား ခင်ဗျားတို့လား"

ထိုစကားကိုကြားသည့်အခါ လုန်လီမှာ ချက်ချင်းပင် အံ့သြမှင်တက်သွားရသည်။

"မဖြစ်နိုင်တာ ၊ ကျုပ်တို့က နတ်မိစ္ဆာတွေနဲ့ ဘာကိစ္စ ပူးပေါင်းရမှာလဲ"

ထိုစကားကို ပြောပြီးသည်နှင့် သူက လုန်မန်ကိုလှမ်းကြည့်လိုက်သည်။ ဤကလေး မည်သို့ဖြေရှင်းချက်ပေးမည်ကို သူ စောင့်နေလိုက်၏။

လုန်မန်သာ နတ်မိစ္ဆာများနှင့်ပူးပေါင်းပြီး ခွန်လွန်တောင်ကို တိုက်ခိုက်သည်ဆိုပါက အကျိုးဆက်ကတော့ မှန်းဆကြည့်၍ပင် မရနိုင်ပေ။

All Chapters