ကောင်းကင်အဆင့်မြင့် ခန္ဓာကိုယ်
Vol. 6 Ch. 76
ဒေါင် ဒေါင် ဒေါင်!
ခေါင်းလောင်းသံမှာ ကောင်းကင်ယံအထိလွင့်ပျံ၍ အဆက်မပြတ် ထွက်လာ၏။
တပည့်များလည်း အလန့်တကြားဖြင့် အကြီးအကဲများကို မျှော်နေသည်။
မကြာမီ အလင်းတန်းများ တစ်ခုပြီးတစ်ခု ကျရောက်လာသည်။
အကြီးအကဲများလည်း ခန်းမထဲသို့ တစ်ယောက်ပြီး တစ်ယောက် ဝင်လာ၏။
မူယုံးယွဲ့လည်း စုန်းချောင်ဖုန်အခြေအနေကိုကြည့်ရန်ကိုယ်တိုင် ရောက်လာသည်။
စုန်းချောင်ဖုန် ဆေးအချို့သောက်ပြီးနောက် အနည်းငယ် သက်သာကာ စကားစပြောနိုင်လေ၏။
“ခေါင်းဆောင် ကျွန်တော် မိုးကြိုးကျောက်နယ်မြေမှာ မိုးကြိုးမီးတောက်ဂိုဏ်းက လူတွေနဲ့ တွေ့ခဲ့ပါတယ်”
“သူတို့လည်း လက်လွှဲဖို့ သဘောတူထားတယ်ဆိုပေမဲ့ အသုံးပြုပိုင်ခွင့်ကိုတော့ လက်နက်ကြီးဂိုဏ်းကို ပေးထားပါတယ်တဲ့”
“အဲ့ဒါနဲ့ အပြင်ဂိုဏ်းအကြီးအကဲက လက်နက်ကြီးဂိုဏ်းက တာဝန်ရှိသူနဲ့ သွားတွေ့ဖို့ ပြောပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အတွင်းဂိုဏ်းအကြီးအကဲက သဘောမတူဘူး။ ကျွန်တော်က အဲ့တာကို ငြင်းတဲ့အခါ ဝိုင်းတိုက်ခိုက်ကြတာပဲ”
အကြီးအကဲလီ စားပွဲကိုထု၍ ဒေါသတကြီးဖြင့်
“ယုတ်မာလိုက်ကြတာ။ ဒီမိုးကြိုးကျောက်နယ်မြေက ငါတို့ဟာလေ။ မိုးကြိုးမီးတောက်ဂိုဏ်းတောင် သိတယ်။ ဘာလို့ လက်နက်ကြီးဂိုဏ်းနဲ့ ဆိုင်မှာလဲ”
အခြားအကြီးအကဲများမှလည်း ထောက်ခံ၏။
ဆံဖြူ၊ မုတ်ဆိတ်ဖြူဖြင့် အကြီးအကဲမှ ခပ်မာမာဖြင့်
“ဒါဆိုလည်း တိုက်ခိုက်ပြီးတော့ နယ်မြေကို ပြန်ယူကြတာပေါ့”
ဒေါသထွက်နေသည့် အကြီးအကဲတစ်ဦးမှ
“မိုးကြိုးမီးတောက်ဂိုဏ်းက တရားမျှတရင်တောင် လက်နက်ကြီးဂိုဏ်းကတော့ ထင်ရာလုပ်မှာပဲ”
သက်လတ်ပိုင်း ခပ်ဝဝ အကြီးအကဲမှာ ခေါင်းယမ်းလျက်
“မဖြစ်နိုင်ဘူး။ လက်နက်ကြီးဂိုဏ်းက ကျွန်တော်တို့ထက် မြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတွေ များတယ်။ ကျွန်တော်တိုက်ခိုက်လည်း အလကားပဲ”
မူယုံးယွဲ့ မျက်မှောင်ကြုတ်၍ တစ်ခုခုပြောရန် ပြင်လိုက်စဉ် ချင်းကန်တောင်ဘက်မှ မီးတောက်လေး ရုတ်တရက် တောက်ပလာ၏။
ချက်ချင်းပင် မှောင်မည်းနေသော ကောင်းကင်အား နေ့လယ်ခင်းအလား လင်းထိန်သွားစေသည်။
မကြာမီ ထိုမီးတောက်သည် တဖြည်းဖြည်း နေမင်းကြီးကဲ့သို့ အပေါ်ကိုတက်ကာ ပိုတောက်ပလာသည်။
ထိုမြင်ကွင်းကြောင့် အားလုံး အာရုံပြောင်းသွား၏။
တပည့်များလည်း အလန့်တကြား ထွက်ကြည့်ကြလေသည်။
“ဘာဖြစ်တာလဲ။ ဘဘာဝတရားကြောင့်လား။ ရတနာ မွေးဖွားတာလား”
“မဟုတ်ဘူး။ ကျင့်ကြံမှုကြောင့် ဖြစ်တာမျိုးနဲ့ ပိုတူတယ်”
“အင်အားကြီးတစ်ယောက်ယောက် အဆင့်တက်သွားတာလား”
“အမလေး…အဲ့ဒါ ငါတို့ဂိုဏ်းအပေါ် သက်ရောက်မှာလား”
တပည့်များ အလွန် ထိတ်လန့်နေကြသည်။
မည်သို့သော အခြေအနေကြောင့် ဤဖြစ်စဉ် ဖြစ်လာရသနည်း။
ဝှစ် ဝှစ် ဝှစ်!
အကြီးအကဲများလည်း ထူးခြားမှုကို ခံစားမိကာ ခန်းမထဲမှ ပြေးထွက်လာကြသည်။
ထို့နောက် ကောင်းကင်ယံမှ နေမင်းကြီးအား မှင်တက်စွာ ကြည့်နေ၏။
မူယုံးယွဲ့မှ
“သွားရအောင်။ မြန်မြန် သွားစစ်ရမယ်”
“အကြီးအကဲစုန်းကတော့ ဒီမှာပဲ နားနေပါဦး”
“ဟုတ်ကဲ့”
အကြီးအကဲများ အခြေအနေကို စုံစမ်းရန် အလင်းတန်းများအဖြစ် လျင်မြန်စွာ ထွက်သွားကြသည်။
ချင်းကန်တောင်မှာ ချင်းရွှမ်ဂိုဏ်းတစ်ခုတည်းဖြင့် ပတ်သက်နေသည် မဟုတ်ပါ။
အနောက်ဘက်တွင် လင်းရှီဂိုဏ်း၊ အရှေ့ဘက်တွင် လက်နက်ကြီးဂိုဏ်း၊ မြောက်ဘက်တွင် ဖေးရှောင်ဂိုဏ်းတို့ရှိပြီး ထိုဂိုဏ်းများလည်း ဖြစ်စဉ်ကိုတွေ့ကာ ပြေးလာကြသည်။
ထိုအချိန်တွင် ရှန်မိုမှာ တောထဲကိုဖြတ်၍ ဝတ်ရုံအသစ် လဲနေ၏။
ဝတ်လာသောအဟောင်းမှာ ခန္ဓာကိုယ်တိုးတက်ရင်း လောင်ကျွမ်းသွားလေပြီ။
ရှန်မို လှည့်ကြည့်လိုက်သောအခါ ကောင်းကင်တွင် နေမင်းကြီး လင်းနေသည်အား တွေ့ရ၏။
သူ ပြုံးနေမိသည်။
သူ ထိုက်ရိဆေးသောက်ပြီးသည်နှင့် ထူးခြားမှုကို သတိထားမိပြီး ဂိုဏ်းအပြင်ထွက်လာ၍ တော်သေးသည်။ မဟုတ်လျှင် သူ ခန္ဓာကိုယ်အဆင့်တက်သော သတင်းမှာ ချက်ချင်း ပျံ့နှံ့သွားပေမည်။
“ဒီလို ကောင်းကင်အဆင့်မြင့်ခန္ဓာကိုယ်ဆိုတာ တကယ် ရှားတာပဲ”
ရှန်မိုတွေးနေမိသည်။
သို့သော် သတင်းပျံ့သွားပါက အားလုံး၏ ပစ်မှတ်အဖြစ် တိုက်ခိုက်ခံရနိုင်သည်။
“ဂိုဏ်းကိုပြန်သွားပြီး မသိချင်ယောင်ဆောင်နေရမယ်”
ရှန်မို အမြန်ဆုံး ပြန်ပြေးကာ ဂိတ်ပေါက်ရောက်သောအခါ ထိတ်လန့်သော အမူအရာဖြင့် ဝင်ရော၏။
ကျောက်ရူ သူ့ကိုတွေ့သွားပြီး
“စီနီယာ ချင်းကန်တောင်က ပြန်လာတာမလား။ နေမင်းကြီးကို တွေ့လား။ ဘာတွေဖြစ်ခဲ့တာလဲရော သိလား”
ရှန်မို ခေါင်းယမ်းကာ
“ငါက သားကောင်လိုက်ဖမ်းနေတုန်း ရုတ်တရက် ကြုံတာလေ။ အပူချိန်အရမ်းမြင့်လာလို့ ဆက်မပြေးနိုင်ဘဲ ပြန်လာတာ။ မဟုတ်ရင် အရှင်လတ်လတ် အကင်ခံနေရပြီ”
သူ့ဝတ်ရုံကိုမ၍ ပြလိုက်သည်။
“ဒီမှာကြည့်ဦး။ အပူလောင်ထားတာတွေ”
သူ မီးတောက်ပြာဖြင့် တမင်လုပ်ထားသော ဒဏ်ရာများ ဖြစ်၏။
ကျောက်ရူ သူ့ကိုငေးကြည့်၍
“စီနီယာ သွားနားတော့လေ”
ရှန်မို ခေါင်းငြိမ့်ပြ၍ အဆောင်သို့ ပြန်လေသည်။
…
ချင်းကန်တောင်ပေါ်၌။
မြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူများစွာ ရောက်ရှိနေကြ၏။
အဖွဲ့မှာတော့ ဂိုဏ်းများအလိုက် (၄) ဖွဲ့ ကွဲနေသည်။
ထိုထဲတွင် ဖေးရှောင်ဂိုဏ်းသာ ပထမအဆင့်ဖြစ်ပြီး ကျန် (၃) ဂိုဏ်းမှာ ဒုတိယအဆင့်ဂိုဏ်းများ ဖြစ်သည်။
လက်နက်ကြီး ဂိုဏ်းခေါင်းဆောင်မှ မျက်ခုံးပင့်လျက်
“ဒီလိုအရှိန်အဝါက ခြေတည်ဝိညာဉ်အဆင့်တစိယောက် လာကျင့်ကြံတာ ဖြစ်ရမယ်”
လင်းရှီဂိုဏ်းခေါင်းဆောင် ခေါင်းငြိမ့်ပြ၍
“ဖြစ်နိုင်တယ်။ သာမာန်လူတော့ မဟုတ်ဘူး”
“ဒါပေမဲ့ ကောင်းကင် မီးခန္ဓာကိုယ်နဲ့ဆိုရင်လည်း ဖြစ်နိုင်တာပဲ။ အဆင့်က မြုတေဖွဲ့စည်းခြင်းလောက်ပေါ့”
ဖေးရှောင်ဂိုဏ်းခေါင်းဆောင် လက်ခံ၏။
“ဒါလည်း ဖြစ်နိုင်ပါတယ်”
ထို့နောက် မူယုံးယွဲ့ကိုကြည့်ကာ
“ခေါင်းဆောင်မူယုံးယွဲ့ဆီမှာ ကောင်းကင်ခန္ဓာကိုယ် ပိုင်ရှင်တပည့် ရှန်မိုဆိုပြီး ရှိတယ်ဆို။ သူ အဆင့်တက်သွားတာများလား”
အခြားသူများအားလုံး မူယုံးယွဲ့အား အာရုံစိုက်လာသည်။
မူယုံးယွဲ့ တည်ငြိမ်စွာဖြင့်
“မသိဘူးလေ။ နောက်ပြီး ကျွန်မတို့ဂိုဏ်းတပည့် ကျင့်ကြံမှုက ဖေးရှောင်ဂိုဏ်းခေါင်းဆောင်နဲ့ မဆိုင်ပါဘူး”
သူ ရယ်မောမိကာ
“ဟုတ်တာပေါ့။ ဒီအတိုင်း မေးကြည့်တာပါ”
“သွားရအောင်။ ကျင့်ကြံရဦးမယ်”
လက်နက်ကြီးဂိုဏ်းနှင့် လင်းရှီဂိုဏ်းမှ ပြန်ရန် ပြင်လိုက်ကြသည်။
မူယုံးယွဲ့ အေးစက်စွာဖြင့်
“နေဦး။ ခေါင်းဆောင်ဝူ ကျွန်မတို့ဆီက အကြီးအကဲစုန်းကို ထိခိုက်အောင် လုပ်လိုက်တာ ဘာသဘောလဲ”
ဝူကန်ဖေး ပြုံးလျက်
“ကျွန်တော်တို့နယ်မြေကို ကျူးကျော်လို့လေ။ ဘာဖြစ်လဲ”
“အဲ့နယ်မြေက မိုးကြိုးမီးတောက်ဂိုဏ်း ကျွန်မတို့ကို ပေးပြီးပြီ”
“ကျွန်တော်ကတော့ လွှတ်မပေးနိုင်ဘူး”
ထို့နောက် ချက်ချင်း ပြန်သွားလေသည်။
မူယုံးယွဲ့လည်း ဒေါသထွက်လျက် ချင်းရွှမ်သို့ ပြန်လာရ၏။
သူ အပြန်တွင် ရှန်မို့ခြံရှေ့ ရောက်သေးသည်။
ရှန်မိုမှာ ခြံထဲတွင် ဓားသိုင်းကျင့်လျက် ရှိလေ၏။